အမွှာဘုရင်များမဟာမိတ်အဖွဲ့ဆိုတာ တစ်ခါမှ မကြားဖူးဘူး
Vol. 31 Ch. 306
မြောင်တောင်ပေါ်တွင်
ချူဖုန်း မကြာသေးမီက တော်တော်လေး စိတ်လက်ပေါ့ပါးနေခဲ့၏။ အတန်ကြာ ငြိမ်သက်နေခဲ့သော စနစ်သည် ယခုအခါတွင် သူ့ထံသို့ အချက်ပေးချက်များ မကြာခဏ ပေးပို့နေလေသည်။
သူ့တပည့်များအားလုံး ဘေးကင်းကြသည်ကို သိရခြင်းက သူ့အတွက် အလွန် ဝမ်းမြောက်စရာပင်။ ရရှိလာသော ဆုလာဘ်များကလည်း ထပ်တူပင် ကျေနပ်စရာကောင်းလှ၏။
တပည့်များ၏ တိုးတက်မှုကြောင့် သူ့အတွက် နှစ်ပေါင်း ရာချီသော ကျင့်စဉ်စွမ်းအားများနှင့်အတူ တာအိုအနှစ်သာရ (၃၀)ကျော်ကို ရရှိခဲ့သည်။
လက်ရှိတွင် သူပိုင်ဆိုင်သော တာအိုအနှစ်သာရ စုစုပေါင်းသည် (၂၀၀) ကျော်လွန်သွားကာ (၂၁၇) ခုအထိ ရှိနေပြီဖြစ်သည်။
“ဒီကောင်လေး ပေ့ရွှမ်ကတော့ ငါ့ကို တကယ့် အံ့အားသင့်စရာအကြီးကြီး ပေးလိုက်တာပဲ”
“သူတို့တွေ ဝမ်တောက်ကျောင်းတော်ကို ပြန်ရောက်တဲ့အခါ ဘယ်လို တုန်လှုပ်စရာတွေ သယ်လာမလဲဆိုတာ မျှော်လင့်နေမိတယ်”
ချင်းချင်းသည် ဂျူနီယာမောင်လေး၊ ညီမလေးများကို ဦးဆောင်ကာ ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ထံသို့ လာရောက် ဂါရဝပြုလိုက်၏။
“စီနီယာအစ်ကိုကြီးနဲ့ ဒုတိယစီနီယာအစ်ကိုကြီးကို ဂါရဝပြုပါတယ်”
ရှောင်ချန်း ပြုံးလိုက်သည်။
“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”
လူတိုင်းသည် ထိုနှစ်ယောက်အနီးသို့ အမြန်စုရုံးလိုက်ကြ၏။ မြောင်တောင်မှလူများအပြင် အခြားသူများလည်း ဆုလာဘ်များရခဲ့သည်။
သူတို့ နန်းတော်ထဲတွင် လေ့ကျင့်စဉ်က ကြုံတွေ့ခဲ့ရသည်များကို စကားစမြည် ပြောဆိုရင်း ဦးလေးစုန့်ရီရှန်း သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်မည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။
သုံးရက်အကြာတွင် နန်းတော်ထက်၌ ထူးခြားဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာပြီး အတွင်းရှိ လူအများအားလုံးသည် ထိုဖြစ်ရပ်မှ ဝိညာဉ်စွမ်းအင်ကို ဆွဲယူကာ ကျင့်ကြံကြလေတော့သည်။
ထိုစွမ်းအားများ ပျောက်ကွယ်သွားပြီးနောက် မဟာပဏ္ဍိတရီရှန်းသည် ဝတ်ရုံနက်ကို ဆင်မြန်းကာ တောက်ပသော အရှိန်အဝါဖြင့် လူစုရှေ့သို့ ထွက်လာခဲ့၏။
ရှောင်ချန်း ပထမဆုံး ဆိုလိုက်သည်။ “ဆရာဦးလေး၊ သူတော်စင်အဖြစ် အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်ဗျာ”
မဟာပဏ္ဍိတရီရှန်း ပြုံးလိုက်၏။
“ချန်းအာ... ငါတို့ကြားမှာ ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။ မင်းသာမရှိရင် ငါ ဒီလိုအခွင့်အရေးမျိုး ရလာမှာ မဟုတ်ဘူး”
ရှောင်ချန်းက မေးမြန်းသည်။
“ကျွန်တော် မေးပါရစေ ဆရာဦးလေး၊ နန်းတော်ထဲက အတွေ့အကြုံတွေကို ပြန်ပြောပြပေးနိုင်မလား”
“ရတာပေါ့။ ငါတို့ အထဲကို နောက်ဆုံးတစ်ခေါက်လောက် လှည့်ပတ်ကြည့်ရင်းနဲ့ ပြောကြတာပေါ့”
မဟာပဏ္ဍိတရီရှန်းသည် သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်နေခဲ့သော်လည်း မမောက်မာပေ။ ဤခရီးတစ်လျှောက် သူ စောင့်ရှောက်သူအဖြစ် လုပ်ရန် ရွေးချယ်မှု မှန်ကန်ခဲ့သည်ကို ကောင်းစွာ သိရှိထား၏။
“ကောင်းပါပြီ”
ရှောင်ချန်း သဘောတူလိုက်သည်။
အဖွဲ့သားများသည် မဟာပဏ္ဍိတရီရှန်း၏ နောက်သို့လိုက်ကာ အထဲသို့ နောက်ဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ခြောက်လတာ အချိန်ကုန်ဆုံးသွားခဲ့၏။ လူတိုင်း ရတနာအချို့ ရပြီးနောက် ထွက်ခွာခဲ့ကြသည်။
ရင်းနှီးနေသော အရိုးဖြူများ စုပုံနေသည့် မြင်ကွင်းက သူတို့ကို တစ်ဖန် ပြန်လည် ဆီးကြိုနေ၏။
သို့သော် ယခုတစ်ကြိမ်တွင် လူအုပ်ကြီးသည် အရိုးစုစစ်တပ်ဆီသို့ စိတ်လှုပ်ရှားစွာ ပြေးဝင်သွားကြပြီး စတင် တိုက်ခိုက်ကြတော့၏။
တစ်ရက်အကြာတွင် သူတို့ အပျက်အစီးမြို့တော်ဟောင်း၏ အစွန်အဖျားသို့ ရောက်ရှိလာကြသည်။
လူတိုင်း ယဲ့ပေ့ရွှမ်ကို လှည့်ကြည့်လိုက်ကြသည်။ ရှောင်ချန်း မေးမြန်းလိုက်၏။
“ညီလေးယဲ့ ငါတို့ ဒီနေရာကနေ ဘယ်လို ထွက်ရမလဲ”
ယဲ့ပေ့ရွှမ် သော့ကို ထုတ်၍ ကောင်းကင်ပေါ်သို့ မြှောက်တင်လိုက်ရာ ၎င်းထံမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လူအုပ်ကို လွှမ်းခြုံသွားသည်။ သူတို့ ထိုသော့နှင့်အတူ မြို့တော်ဟောင်းထဲမှ ပျောက်ကွယ်သွားလေတော့၏။
အမှောင်ထု ပျောက်ကွယ်သွားသောအခါ သူတို့သည် စိမ်းလန်းစိုပြည်သော အိုအေစစ်တစ်ခုထဲသို့ ရောက်နေကြသည်။
ရှောင်ချန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဤနေရာရှိ ဝိညာဉ်စွမ်းအင်သည် ယခင်ကထက် အဆပေါင်းများစွာ ပိုမို ကြွယ်ဝနေသည်ကို သတိပြုမိလိုက်၏။
ချောင်ရို့ချန် မှတ်ချက်ပြုသည်။
“အပျက်အစီးမြို့တော်ဟောင်း ပွင့်သွားတာ ဒီနေရာကို ကောင်းချီးပေးလိမ့်မယ်လို့ မထင်ထားမိဘူး။ နှမြောဖို့ကောင်းလိုက်တာ”
သူ့လေသံထဲမှ နှမြောတသဖြစ်မှုသည် လူသူကင်းမဲ့သော မြို့ဟောင်း ပျက်စီးသွားခြင်းအတွက်လား သို့မဟုတ် အခြားအရာတစ်ခုခုအတွက်လား ဆိုသည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြပေ။
ထိုစဉ်တွင် သူတို့ပတ်ဝန်းကျင်မှ မေးခွန်းထုတ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
“မင်းတို့က ဘယ်သူတွေလဲ။ အမွှာဘုရင်များမဟာမိတ်အဖွဲ့နယ်မြေထဲကို အတင့်ရဲပြီး ကျူးကျော်လာတာလဲ”
ထိုစကားသံ ဆုံးသည်နှင့် လက်နက်ကိုင်ဆောင်ထားသော ကျင့်ကြံသူများသည် ပတ်ဝန်းကျင်မှ ထွက်ပေါ်လာကြသည်။
ချောင်ရို့ချန် ထိုလက်ပါးစေများကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာပင် ပြောလိုက်၏။
“ဒီသခင်လေးက ဒီနေ့ စိတ်အခြေအနေ ကောင်းနေလို့ ဘယ်သူ့ကိုမှ မသတ်ချင်ဘူး။ မင်းတို့ ကိုယ့်အဆင့်ကိုယ် သိတယ်ဆိုရင် အသက်မပျောက်ခင် အခုချက်ချင်း လစ်လိုက်ကြတော့”
“မောက်မာလှချည်လား။ ဘယ်လိုတောင် ပြောရဲတာလဲ ညီအစ်ကိုတို့၊ သူ့ကို သတ်ကြစမ်း”
ခေါင်းဆောင်ဖြစ်သူ၏ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ကျင့်ကြံသူများသည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြသည်။
သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ဟန်ပင်းနှင့် မန်ဒလာတို့ ရှေ့သို့တက်လာပြီး ဝင်ရောက်လာသော ကျင့်ကြံသူများဆီသို့ လက်ဝါးတစ်ချက်စီ ရိုက်ထုတ်လိုက်ကြသည်။
ဘုန်း... ဘုန်း... ဘုန်း...
တိုးဝင်လာသော ကျင့်ကြံသူများသည် တဘုန်းဘုန်းမြည်သံများနှင့်အတူ သွေးမြူတိမ်တိုက်များအဖြစ် ချက်ချင်း ပေါက်ကွဲထွက်သွားကြသည်။
ဤကဲ့သို့သော ဆူညံမှုသည် အိုအေစစ်အတွင်းရှိ အခြားကျင့်ကြံသူများကို သတိပြုမိသွားစေသည်မှာ သဘာဝပင်။ မကြာမီ ကျင့်ကြံသူ ရာပေါင်းများစွာသည် ရှောင်ချန်းနှင့် သူ့အဖွဲ့ကို လုံးဝ ဝိုင်းရံထားလိုက်ကြသည်။
သို့သော်လည်း သောင်းပြောင်းပညာရပ်ဌာနမှ တပည့်များ၏ မျက်နှာတွင် တုန်လှုပ်ခြောက်ခြား မရှိပေ။
“ဘယ်သူက တာဝန်ခံလဲ။ ဒီသခင်လေး ရှေ့ကို ထွက်ခဲ့စမ်း”
ချောင်ရို့ချန် ရှေ့သို့ တစ်လှမ်းတိုးရင်း တာအိုပေါင်းစည်းခြင်းအဆင့်၏ ဖိအားကို ထုတ်ဖော်လိုက်သည်။
ပတ်ဝန်းကျင်ရှိ သဲကန္တာရကျင့်ကြံသူများသည် သူ့ဖိအားအရှိန်အဝါအောက်တွင် မသိစိတ်ဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားကြသည်။ မည်သူမျှ ရမ်းသန်း၍ အနားမကပ်ရဲကြပေ။
ဤမျှ ငယ်ရွယ်သော ကျင့်ကြံသူတစ်ဦး တာအိုပေါင်းစည်းခြင်းအဆင့်သို့ ရောက်နေခြင်းသည် သဲကန္တာရထဲတွင် တစ်ခါမျှ မကြားဖူးသော ကိစ္စဖြစ်၏။
ဤလူမှာ ထူးခြားသော နောက်ခံအသိုင်းအဝိုင်း ရှိရပေမည်။
ချောင်ရို့ချန် သူတို့မျက်နှာပေါ်က ကြောက်ရွံ့မှုကို အလွယ်တကူ မြင်နိုင်သည်။ သူ ကြောင်ကြီး ကို အသာအယာ ပွတ်သပ်ရင်း ပျင်းရိပျင်းတွဲဖြင့် ဆိုလိုက်သည်။
“မင်းတို့ ကြောက်နေတယ်ဆိုရင်လည်း ထွက်သွားကြ။ မဟုတ်ရင်တော့ ခုနက ကံဆိုးမိုးမှောင်ကျသွားတဲ့ ငတုံးတွေလိုပဲ အဆုံးသတ်သွားလိမ့်မယ်”
ထိုစကားကြောင့် သဲကန္တာရကျင့်ကြံသူများ၏ ဒေါသများက တဟုန်းဟုန်း တောက်လောင်သွားကြသည်။ အကြည့်ဖြင့် လူသတ်၍ရမည်ဆိုပါက ချောင်ရို့ချန်မှာ အပိုင်းပိုင်းပြတ်၍ အကြိမ်ပေါင်း ထောင်ချီ အသတ်ခံရပြီး ဖြစ်ပေလိမ့်မည်။
သူတို့ စိတ်မထိန်းနိုင်တော့မည့် ဆဲဆဲတွင်ပင် အဝေးမှ ကျယ်လောင်သော အသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
“မင်းက တော်တော် စကားကြီးစကားကျယ် ပြောတာပဲ။ အမွှာဘုရင်များမဟာမိတ်အဖွဲ့မှာ မင်းကို ပြန်ဖြေမဲ့သူ မရှိဘူးလို့ တကယ်ပဲ ထင်နေတာလား”
ထိုအသံ မဆုံးမီမှာပင် လူတစ်ယောက် ရောက်ရှိလာသည်။
ကြေးနီရောင်အသားအရေနှင့် ခက်ထန်သော မျက်နှာရှိသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ရှောင်ချန်းတို့အဖွဲ့ ရှေ့တွင် ဆင်းသက်လာခဲ့၏။ သူ ဆင်းသက်လိုက်သည်နှင့် တာအိုပေါင်းစည်းခြင်းအဆင့် ဖိအားကို ထုတ်လွှတ်လိုက်သည်။
သူ့ကျင့်စဉ်အဆင့်သည် တာအိုပေါင်းစည်းခြင်းအဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ့ အရှိန်အဝါ ပြန့်လွင့်သွားသောအခါ ချောင်ရို့ချန်နှင့် တန်းတူရှိနေသကဲ့သို့ ခံစားရစေ၏။
သို့သော် ချောင်ရို့ချန်က သူ့ကို အရေးတယူပြုကာ တစ်ချက်ပင် လှည့်မကြည့်ပေ။
“မင်းက ဒီမဟာမိတ်လို့ ခေါ်တဲ့အဖွဲ့ရဲ့ ခေါင်းဆောင်လား”
လူလတ်ပိုင်းအမျိုးသား မျက်မှောင်ကြုတ်သွားပြီး သူ့အမူအရာက တင်းမာသွားလေ၏။
“လူငယ်လေး... မင်းမှာ ပါရမီအချို့ရှိရုံနဲ့ အမွှာဘုရင်များမဟာမိတ်နယ်မြေထဲမှာ ဥပဒေမဲ့ ပြုမူလို့ရမယ်လို့ မထင်လိုက်နဲ့။ အမွှာဘုရင်များမဟာမိတ်အဖွဲ့ကို သဲကန္တာရအေးစက်ဓားဘုရင် နဲ့ ငှက်မွှေးဖြူဘုရင် တို့က တည်ထောင်ထားတာ။ ငါက သူတို့လက်အောက်က (၁၈) ယောက်မြောက် တပ်မှူးပဲ”
“ဒါပဲလား”
ချောင်ရို့ချန်က လုံးဝ စိတ်မဝင်စားသည့် အမူအရာဖြင့် ပြောလိုက်သည်။
“ငါက အမွှာဘုရင်များမဟာမိတ်အဖွဲ့ဆိုတာ တစ်ခုခုများလားလို့။ နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက် ဖွဲ့ထားတဲ့ အဖွဲ့ငယ်လေးပဲကိုး။ ဒါက ဘာမှ မဟုတ်ပါဘူး”
လူလတ်ပိုင်းအမျိုးသား ငေါက်ငမ်းလိုက်သည်။
“မင်း နာမည်ကို ပြောစမ်း ငါ လေပြင်းလက်သီးက နာမည်မရှိတဲ့လူကို မသတ်ဘူး”
“မင်းက ငါ့နာမည်ကို သိဖို့ အဆင့်မမီသေးဘူး။ ဒါပေမဲ့ မင်း ငါ့ရဲ့ လက်သီးတစ်ချက်ကို ခံနိုင်ရည်ရှိမယ်ဆိုရင်တော့ ငါ ပြောပြဖို့ ဝန်မလေးပါဘူး”
ချောင်ရို့ချန် အမှန်တရားတစ်ခုကို ပြောနေသည့်အလား တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
သို့သော် ထိုလေသံနှင့် အမူအရာသည် အမွှာဘုရင်များမဟာမိတ်ကျင့်ကြံသူများအတွက် အကြီးအကျယ် စော်ကားခံရခြင်းဖြစ်၏။
“မောက်မာလိုက်တဲ့ ကောင်စုတ်လေး ငါနဲ့ တိုက်ရဲလား”
ကွမ်ဖုန်းကျွမ် ချောင်ရို့ချန်၏ နှာခေါင်းကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။
ချောင်ရို့ချန်မှာ ခပ်ပေါ့ပေါ့ အမူအရာဖြင့် ပြန်လည် တုံ့ပြန်တော့မည့်အချိန်တွင် ဘေးနားမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာ၏။
“စီနီယာအစ်ကို ဒီလို အရေးမပါတဲ့သူက စီနီယာအစ်ကိုနဲ့ ယှဉ်ဖို့မတန်ပါဘူး။ ဒီတိုက်ပွဲ ကျွန်မကိုပဲ ကိုင်တွယ်ခွင့်ပြုပါလား”
ထိုအသံကို ကြားလိုက်ရသဖြင့် ချောင်ရို့ချန် လှည့်ကြည့်လိုက်ရာ ချင်းချင်း ရှေ့သို့ တက်လာသည်ကို တွေ့လိုက်ရ၏။ သူ မဆိုင်းမတွပင် ခေါင်းငြိမ့်ပြလိုက်သည်။
“ကောင်းပြီ၊ ဒီလူထွားကြီးက မင်းအတွက်ပဲ။ ငါ အားနည်းတဲ့သူကို နှိပ်စက်တယ်လို့ အပြောမခံရတော့ဘူးပေါ့”
“ခွေးသားလေး... မင်း သေချင်နေပြီပဲ”
ကွမ်ဖုန်းကျွမ် အော်ဟစ်လိုက်ရင်း ချောင်ရို့ချန်ဆီသို့ အားပြင်းသော လက်သီးတစ်ချက် ရုတ်တရက် ပစ်လွှတ်လိုက်တော့သည်။