← Chapters

ငှက်မွှေးဖြူဘုရင် ရောက်ရှိလာခြင်းနှင့် စတင်လာသော တိုက်ပွဲ

Vol. 31 Ch. 308

ငှက်မွှေးဖြူဘုရင် ရောက်ရှိလာခြင်းနှင့် စတင်လာသော တိုက်ပွဲ

Vol. 31 Ch. 308

“ငှက်မွှေးဖြူဘုရင် ရောက်လာပြီ”

“ဝမ်တောက်ကျောင်းတော်ကလို့ အပြောကောင်းနေတဲ့ ဒီကလေးတွေတော့ သွားပြီပဲ”

“…”

အမွှာဘုရင်များမဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများသည် ထိုလူရောက်ရှိလာသည်ကို မြင်သောအခါ ဝမ်းသာအားရ ဖြစ်သွားကြ၏။

အမွှာဘုရင်နှစ်ပါး ပူးပေါင်းလိုက်လျှင် သဲကန္တာရတစ်ခုလုံးတွင် သူတို့ကို ယှဉ်နိုင်သူ မရှိပေ။ တစ်ဖက်လူမှာ ဝမ်တောက်ကျောင်းတော်မှ ပါရမီရှင်တစ်ဦး ဖြစ်နေပါစေ သူတို့ ကြောက်ရွံ့စရာမလိုပေ။

ရှောင်ချန်း လင်းယုန်ငှက်ကို စီးနင်းကာ သူတို့ဆီသို့ ပျံသန်းလာသော ထိုလူကို ကြည့်လိုက်ပြီး မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ဖြတ်ပြေးသွား၏။

“ပိုတောင် ကောင်းသေးတယ်။ ခင်ဗျားတို့ နှစ်ယောက်လုံး ပေါင်းမှ ကျွန်တော့် ဓားကို ထုတ်ရကျိုး နပ်မှာ”

ထိုစကားကို ကြားသောအခါ ငှက်မွှေးဖြူဘုရင်သည် သဲကန္တာရအေးစက်ဓားဘုရင်ကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိသည်။

“ဓားဘုရင် ဒါက ဘာဖြစ်နေတာလဲ။ မင်း လူငယ်လေးတစ်ယောက်ကိုတောင် အပြတ်မရှင်းနိုင်တော့ဘူးလား”

သဲကန္တာရအေးစက်ဓားဘုရင် ဒေါသမထွက်ဘဲ အေးအေးလူလူပင် ပြန်ပြောလိုက်၏။

“ဘာလို့လဲဆိုတော့ ဒီကောင်လေးဆီမှာ အိုအေစစ်ရဲ့ ဝိညာဉ်စွမ်းအင်တွေ ဘာလို့ ပိုသိပ်သည်းလာရသလဲဆိုတဲ့ လျှို့ဝှက်ချက် ရှိနေလို့ပဲ။ မင်း ငါ့ကို ကတိဖျက်တယ်လို့ မစွပ်စွဲအောင် ငါ တစ်ယောက်တည်း အရေးမယူဘဲ စောင့်နေတာ”

အမွှေးဖြူဘုရင်၏ မျက်လုံးများ တောက်ပသွားပြီး ရှောင်ချန်းဘက်သို့ လှည့်လိုက်သည်။

“လူငယ်လေး ဓားဘုရင် ပြောတာ တကယ်ပဲလား”

ရှောင်ချန်းသည် သဲကန္တာရအေးစက်ဓားဘုရင်က ထိုဆင်ခြေမျိုးကို အသုံးပြုလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ပြုံးလိုက်မိသည်။

“ဟုတ်တယ်။ ဒီအိုအေစစ်ရဲ့ ဝိညာဉ်စွမ်းအင်တွေ ဘာကြောင့် ပိုထူထပ်လာရသလဲဆိုတဲ့ အကြောင်းရင်းကို ကျွန်တော် သိတယ်”

ထိုစကားကြောင့် သဲကန္တာရအေးစက်ဓားဘုရင်ပင် မှင်သက်သွားသည်။ အကယ်၍ ဤနေရာတွင် လူအများကြီးသာ ရှိမနေလျှင် သူ ပြောလိုက်ချင်မိလေ၏။

‘ငါ့တူရာ... မင်းကလည်း ငါ့အကွက်ကို တကယ်ကြီး လိုက်ပေးတာပဲလားဟ’

“ဒါဆိုရင်တော့ ဓားဘုရင် ငါတို့ နှစ်ယောက်ပေါင်းပြီး သူ့ကို ဖမ်းကြစို့၊ ပြီးရင် အိုအေစစ်ရဲ့ လျှို့ဝှက်ချက်ကို အတင်းအကျပ် မေးယူကြတာပေါ့”

ငှက်မွှေးဖြူဘုရင်သည် သူ့သိုလှောင်လက်စွပ်ထဲမှ ဓားရှည်တစ်လက်ကို ထုတ်ယူလိုက်ပြီး ဓားဘုရင်ကလည်း သူ့ဓားကြီးကို ဖြည်းညှင်းစွာ ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။

မြေပြင်ပေါ်တွင်လည်း ဝမ်တောက်ကျောင်းတော်မှ တပည့်များသည် လက်နက်ကိုယ်စီ ထုတ်ယူထားကြပြီး အချိန်မရွေး လှုပ်ရှားနိုင်ရန် အသင့်ပြင်ထားကြ၏။

သို့သော် ယခုတစ်ကြိမ်တွင် အမွှာဘုရင်များမဟာမိတ်အဖွဲ့မှ လက်ပါးစေများသည် သင်ခန်းစာရသွားကြပြီ ဖြစ်သည်။

ဘုရင်နှစ်ပါးလုံး ရှိနေသည့်အတွက် သူတို့ကဲ့သို့ ငါးစာလေးများအနေဖြင့် အသက်အသေခံရန် မလိုတော့ပေ။

ကောင်းကင်ယံတွင် တိုက်ခိုက်သူငါးဦးမှာ စတင် ထိပ်တိုက်တွေ့နေကြပြီ ဖြစ်သည်။

“ဗာဂျာရာရွှေခန္ဓာ”

သံမဏိဘုန်းကြီး ဟိန်းဟောက်လိုက်ရာ သူ့ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး နောက်ကျောတွင်လည်း ဗုဒ္ဓရုပ်ပွားတော်ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာ၏။

“ပြင်းထန်တာအိုနတ်ဘုရားလက်သီး”

ချောင်ရို့ချန် လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်သည်။

သူ့လက်သီးအရှိန်အဝါသည် ဓာတ်ကြီးငါးပါး၊ လေ၊ လျှပ်စီး၊ ယင်နှင့် ယန် စွမ်းအားများ ဝန်းရံထားသော ကြီးမားသည့် လက်သီးကြီးတစ်ခုအလားပင်။

လက်သီးဆန္ဒ ရုပ်လုံးပေါ်လာခြင်း။

ဤသည်မှာ ပြီးပြည့်စုံခြင်းအဆင့်ပင်။

သံမဏိဘုန်းကြီးသည် ထိုတိုက်ကွက်ကို မြင်လိုက်ရသောအခါ ရင်ထဲတွင် တုန်လှုပ်သွား၏။ သူ ပါးစပ်မှ ဂါထာမန္တန်များကို တီးတိုးရွတ်ဖတ်လိုက်ရာ သူ့ပတ်ဝန်းကျင်ရှိ ရွှေရောင်ဗုဒ္ဓအလင်းတန်းမှာ ပို၍ တောက်ပလာသည်။

ဘုန်း

လက်သီးချက် ကျရောက်သွားသည့်အခါ သံမဏိဘုန်းကြီးသည် သူ့အတွင်းကလီစာများ ဗြောင်းဆန်သွားသကဲ့သို့ ခံစားလိုက်ရပြီး ဝိညာဉ်ပင် တုန်ခါသွား၏။

သူ့ခန္ဓာကိုယ်ပေါ်မှ ဗုဒ္ဓအလင်းတန်းမှာ အနည်းငယ် မှိန်ဖျော့သွားခဲ့သည်။

ဤသည်ကို မြင်သောအခါ ချောင်ရို့ချန် နောက်ထပ် လက်သီးတစ်ချက်ကို သူ့ဆီသို့ ထပ်မံ ထိုးနှက်လိုက်ပြန်သည်။

သံမဏိဘုန်းကြီးသည် မပေါ့ဆရဲတော့ဘဲ လက်ဝါးနှစ်ဖက်လုံးကို ရှေ့သို့ တွန်းထုတ်လိုက်၏။

ဒိုင်း

နားကွဲမတတ် ပြင်းထန်သော အသံကြီး ထပ်မံ ထွက်ပေါ်လာပြီး သံမဏိဘုန်းကြီး သူ့လက်နှစ်ဖက်စလုံး ပျက်စီးတော့မတတ် ခံစားလိုက်ရ၏။

‘ဒီကလေးက ကောလာဟလတွေထဲကထက် ပိုပြီး ကြောက်စရာကောင်းနေပါလား’

ချောင်ရို့ချန် ရုတ်တရက် လက်သီးများကို ရပ်တန့်ပြီး ပြုံးလိုက်သည်။

“သံမဏိဘုန်းကြီး ခင်ဗျားမှာ အရည်အချင်း တစ်ချို့ ရှိလိမ့်မယ်လို့ မထင်ထားမိဘူး။ ကျုပ် အတည်ထိုးတဲ့ လက်သီးနှစ်ချက်ကို ခံနိုင်ရည်ရှိရှိ မလဲဘဲ ရပ်နေနိုင်တဲ့သူ သိပ်မရှိဘူး။ ဒီနေ့တော့ ဘယ်နှစ်ချက်အထိ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ချင်သေးတယ်”

“ဟမ့်”

သံမဏိဘုန်းကြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ငါတော့ မင်း ဒီအင်အားနဲ့ ဆက်တိုက်ထိုးနိုင်မယ်လို့ မယုံဘူး။ ငါ့ရဲ့ ဗာဂျာရာရွှေခန္ဓာက နေမင်းကြီးရဲ့ အဆီအနှစ်ကို စုပ်ယူနိုင်တယ်။ နေမဝင်သရွေ့ ဗာဂျာရာရွှေခန္ဓာက ဘယ်တော့မှ မကျိုးပျက်ဘူးကွ”

ထိုသို့ပြောပြီးနောက် သူ မျက်လုံးများကို မှိတ်လိုက်ရာ သူ့ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်ဗုဒ္ဓအလင်းတန်းမှာ ပို၍ပင် အားကောင်းလာ၏။ နေရောင်ခြည်သည် သူ့ကို လွှမ်းခြုံထားပြီး သူ့ကိုယ်ပေါ်တွင် ကပ်ညှိနေသော လူသတ်အရှိန်အဝါများကို ဆေးကြောပေးကာ လူ့လောကသို့ ဆင်းသက်လာသော သက်ရှိဗုဒ္ဓတစ်ပါးအလား ဖြစ်သွားစေသည်။

“သန့်စင်ယန်ဧကရာဇ်ခန္ဓာ... စိတ်ဝင်စားဖို့ ကောင်းသားပဲ”

ချောင်ယူချန်း ထိုသို့ပြောရင်း နေရာမှာတင် ထိုက်ချီကစားပြလိုက်ရာ သံမဏိဘုန်းကြီး ဇဝေဇဝါ ဖြစ်သွားရသည်။

သို့သော် သူ မလှုပ်ရှားသေးပေ။ ဘေးတစ်ဖက်တွင် ငှက်မွှေးဖြူဘုရင်နှင့် သဲကန္တာရအေးစက်ဓားဘုရင်တို့သည် နောက်လူငယ်တစ်ယောက်နှင့် စတင် တိုက်ခိုက်နေကြပြီ ဖြစ်၏။

အမွှာဘုရင်နှစ်ပါးသာ ထိုကောင်လေးကို နှိမ်နင်းနိုင်လျှင် သို့မဟုတ် အမွှာဘုရင်များမဟာမိတ်အဖွဲ့မှ အခြား နီဗားနားရှင်သန်ခြင်းအဆင့် ကျွမ်းကျင်သူများ ရောက်လာလျှင် သူ အခြေအနေကို ပြောင်းပြန်လှန်နိုင်ပေမည်။

အခြားတစ်ဖက်တွင်မူ ဓားအလင်းနှင့် ဓားရိပ်များသည် ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းနေသည်။

တိုက်ကွက်ပေါင်းများစွာ အပြန်အလှန် ဖလှယ်ပြီးနောက် သုံးဦးသားမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားပြီး ကိုယ်ဟန်ကို ပြန်လည် ထိန်းလိုက်ကြ၏။

ဓားဘုရင်နှင့် ငှက်မွှေးဖြူဘုရင်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ရှောင်ချန်းဆီသို့ ဓားကြီး၊ ဓားရှည်တို့ဖြင့် အတူတူ တိုက်ခိုက်လိုက်ကြ၏။

“စစ်သည်တစ်သောင်း ဖြိုခွင်းခြင်း”

“သက်တံ့ဖြူ နေမင်းဆီ ထိုးဖောက်ခြင်း”

ချွင်

ရှောင်ချန်း သူ့ဓားကို ခပ်ပေါ့ပေါ့ ဝှေ့ယမ်းလိုက်ပြီး သူတို့၏ ပူးပေါင်းတိုက်ကွက်မှာ အလွယ်တကူပင် ဖျက်ဆီးလိုက်၏။

ဤမြင်ကွင်းသည် ဓားဘုရင်နှင့် ငှက်မွှေးဖြူဘုရင် နှစ်ဦးလုံးကို ခဏတာ မှင်သက်သွားစေသည်။ သူတို့ရှေ့က လူငယ်မှာ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးပေ။ အဘယ်နည်းဖြင့် ပြီးပြည့်စုံခြင်းအဆင့် ဓားဆန္ဒကို နားလည်ထားသလဲ မသိတော့ပေ။

သူတို့နှစ်ဦးက တပြိုင်နက်တည်း မေးလိုက်ကြသည်။

“မင်းက ဘယ်သူလဲ”

“ဝမ်တောက်ကျောင်းတော်က ရှောင်ချန်း”

သူ ပြန်ဖြေရင်း ဓားကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြန်၏။

“ခင်ဗျားတို့မှာ ရှိတဲ့ အင်အားက ဒါအကုန်ပဲဆိုရင်တော့ လက်နက်ချဖို့ ကျွန်တော် အကြံပြုပါရစေ”

“မင်းက ဝမ်တောက်ကျောင်းတော်ရဲ့ သူတော်စင်သားတော်လောင်းလား”

ငှက်မွှေးဖြူဘုရင်၏ မျက်လုံးထဲတွင် အံ့အားသင့်ရိပ်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူ့အကြည့်မှာ ပတ်ဝန်းကျင်ကို ဝေ့ဝဲနေ၏။

ဝမ်တောက်ကျောင်းတော်၏ သူတော်စင်သားတော်လောင်းတိုင်းတွင် အနီးအနား၌ အစောင့်အရှောက်တစ်ဦး ရှိတတ်သည်ကို သူ ကောင်းကောင်း သိထား၏။

ထိုသည်ကို မြင်သောအခါ ရှောင်ချန်း ပြုံးလိုက်သည်။

“ရှာမနေပါနဲ့။ ဆရာဦးလေးရီရှန်းက ခင်ဗျားတို့လို လူမျိုးတွေကို တိုက်ခိုက်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ ကျွန်တော့်ကို အနိုင်တိုက်နိုင်ရင်တော့ လျှို့ဝှက်ချက်ကို ပြောပြပေးမယ်”

“မင်းကိုယ်တိုင် ပြောတာနော်”

ဓားဘုရင်၏ မျက်လုံးထဲတွင် ရက်စက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့၏။

ငှက်သည် အစာကြောင့်သေသည် လူသည် စည်းစိမ်ကြောင့်သေသည်။

ထိုစကားအတိုင်း ကျင့်ကြံသူများသည် ဤကဲ့သို့သော အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။

“သေချာတယ်”

ရှောင်ချန်း ပြောရင်း သူ့ဓားကို ဝှေ့ယမ်းကာ ပွင့်လန်းနေသော ဓားပန်းပွင့်တစ်ခုကို ဖန်တီးလိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားစွမ်းအင်များသည် ကွင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

“သတ်”

ဓားဘုရင်၏ ဓားကြီးသည် အောက်သို့ အဟုန်ပြင်းစွာ ကျဆင်းလာခဲ့၏။

“သဲကန္တာရမှ တစ်ကိုယ်တော် မီးခိုးတန်း”

ငှက်မွှေးဖြူဘုရင်သည်လည်း သူ့အင်အားအပြည့်ဖြင့် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီး ဓားကို ထိုးနှက်လိုက်သည်။

“ကြွေကျ ကြယ်စင်”

“ဓားတစ်သောင်းတို့အပြန်”

ရှောင်ချန်း၏ ဓားသည် ရှေ့သို့ ထိုးဖောက်သွား၏။

ထိုတိုက်ကွက်နှင့်အတူ ဓားချီများသည် မိုးရေစက်များအလား ရွာသွန်းကျလာသည်။

ချွင်...ချွင်...ချွင်

ငှက်မွှေးဖြူဘုရင်နှင့် ဓားဘုရင်တို့ အငိုက်မိသွားကြပြီး ခုခံရုံသာ တတ်နိုင်ကြတော့သည်။

တိုက်ခိုက်မှု ပြီးဆုံးသွားသောအခါ သူတို့ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာသစ် အချို့ ပေါ်လာ၏။

သူ့ဓားချက်သည် သူတို့ကို တစ်ချက်တည်းဖြင့် မနှိမ်နင်းနိုင်သည်ကို မြင်သောအခါ ရှောင်ချန်း တီးတိုး ရေရွတ်လိုက်သည်။

“ဘုရင်အဆင့် ပြိုင်ဘက်တွေက တကယ်ကို ထူးခြားတာပဲ။ ကျွန်တော် အင်အားအပြည့်နဲ့ တိုက်ခိုက်ဖို့ လုံးဝ ထိုက်တန်တယ်”

အစောပိုင်းကဆိုလျှင် ငှက်မွှေးဖြူဘုရင်နှင့် ဓားဘုရင်တို့သည် ဤစကားကို စော်ကားမှုဟု ယူဆမိကြလိမ့်မည်။

သို့သော် ထိုဓားချက်ကို မြင်တွေ့ပြီးနောက်တွင် အထင်အမြင်သေးမှုအားလုံး ပျောက်ကွယ်သွားတော့၏။

သူတို့အရှိန်အဝါများသည် ပြန်လည် မြင့်တက်လာပြီး ခန္ဓာကိုယ်မှလည်း တောက်ပသော ရောင်စဉ်တန်းများ ထွက်ပေါ်လာသည်။

“ဝိညာဉ်ဓားဧကရာဇ်ခန္ဓာ”

“ရေခဲပုံဆောင်ခဲဧကရာဇ်ခန္ဓာ”

ရှောင်ချန်းသည် ထိုမြင်ကွင်းကို မြင်သောအခါ စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးများ တောက်ပသွားပြီး သူ့အရှိန်အဝါသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိသွားကာ နတ်ဘုရားအလင်းတန်းများ သူ့ကို လွှမ်းခြုံသွားလေတော့သည်။

“မြစ်ပြင်ကျယ်နှင့် ဝင်လုဆဲ နေမင်း”

ဓားဘုရင်သည် သူ့ဓားကြီးကို အောက်သို့ ဝှေ့ယမ်းချလိုက်၏။ ဓားသည် ကောင်းကင်ယံမှ တောက်လောင်နေသော နေမင်းကြီးအလား ဆင်းသက်လာပြီး ရှောင်ချန်းကို လုံးဝဝါးမြိုပစ်တော့မည့်ဟန်ဖြင့် အလင်းဓားသွားတစ်ခုအဖြစ် ပြောင်းလဲသွား၏။

“ကြယ်ခုနစ်ပွင့် ဓားပုံစံ”

ငှက်မွှေးဖြူဘုရင်၏ ဓားသည် ရှေ့သို့ ထိုးနှက်လိုက်၏။ ထိုခဏ၌ မည်းမှောင်သော တိမ်တိုက်များသည် နေမင်းကို ဖုံးလွှမ်းသွားခဲ့၏။ ကြယ်ခုနစ်ပွင့်သည် ရုတ်တရက် ပေါ်ပေါက်လာပြီး အစီအစဉ်တစ်ခုအဖြစ် စီတန်းသွားကာ ဓားအလင်းတန်းတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။

“ဓားအားလုံး တစ်သားတည်း”

ရှောင်ချန်း အော်ဟစ်လိုက်ပြီး သူ့နောက်ကျောတွင် မရေမတွက်နိုင်သော ဓားအလင်းတန်းများ ပေါ်ပေါက်လာ၏။ တစ်ခုချင်းစီတွင် မတူညီသော ဓားဆန္ဒများက ကိန်းအောင်းနေလေ၏။

ဓားဆန္ဒတိုင်းသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေတော့၏။ သူ တိုက်ခိုက်လိုက်သောအခါ ထိုဓားများသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတော့သည်။

ထိုခဏ၌ အချိန်ပင် အေးခဲသွားသကဲ့သို့ ခံစားရပြီး မိုးမြေအကြားတွင် ရှောင်ချန်း၏ ဓားတစ်လက်တည်းသာ ကျန်ရှိတော့သည်။

ကလန်

ဓားချက် ထွက်ပေါ်လာပြီး ကမ္ဘာကြီးမှာ တိတ်ဆိတ်သွားသည်။

ဓားကြီး၏ အလင်းနှင့် ဓားရှည်၏ ချီစွမ်းအင်များသည် အစအနမကျန် ပျောက်ကွယ်သွားပြီး ဓားဆန္ဒများကြောင့် ဖြစ်ပေါ်လာသော ထူးခြားဖြစ်စဉ်များသည်လည်း ပျောက်ကွယ်သွားတော့သည်။

All Chapters