← Chapters

ဆရာက နတ်ဘုရားနည်းစနစ်တွေကို သိတယ်ပေါ့

Vol. 31 Ch. 310

ဆရာက နတ်ဘုရားနည်းစနစ်တွေကို သိတယ်ပေါ့

Vol. 31 Ch. 310

“ဘာလဲ။ မင်း စီနီယာအစ်ကိုနှစ်ယောက်ကြောင့် တက်ကြွသွားတာလား”

ချူဖုန်း ဖုန်းမူကို ကြည့်လိုက်သည်။

ဖုန်းမူ ခေါင်းညိတ်လိုက်ပါ၏။ “စီနီယာအစ်ကိုနှစ်ယောက်က အရမ်းအစွမ်းထက်ကြတယ်။ ဆရာ ဘာလို့ ကျွန်တော့်ကို ချက်ချင်း လက်မခံဘဲ အရင် စမ်းသပ်ခဲ့လဲဆိုတာကို နောက်ဆုံးတော့ နားလည်သွားပါပြီ”

ချူဖုန်း၏ အမူအရာ လေးနက်သွားသည်။ “မဟုတ်သေးပါဘူး။ အဲဒီတုန်းက ငါ မင်းကို တိုးတက်လာအောင်လို့ စမ်းသပ်ခဲ့တာ။ စကားပုံ ရှိတယ်လေ။ ကောင်းကင်ဘုံက ပါရမီရှင်ယောက်အပေါ် ကြီးမားတဲ့ တာဝန်ကို ပေးအပ်ရတယ်တဲ့။ ငါ မင်းအရည်အချင်းကို သွေးပေးခဲ့တာ”

သူ ခဏ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောသည်။ “ကျင့်ကြံခြင်းမှာ ကိုယ် လျှောက်လှမ်းချင်တဲ့ လမ်းကြောင်းကို ကိုယ့်ဘာသာ ဆုံးဖြတ်ရမှာဆိုပေမဲ့ ငါပြောစရာ တစ်ခုတော့ ရှိတယ်။ အထွတ်အထိပ်ကို ရောက်ချင်ရင် ခိုင်မာတဲ့ တာအိုနှလုံးသားတစ်ခု ရှိရမယ်”

“မင်း စီနီယာအစ်ကိုတွေ အဆင့်ကျော်ပြိုင်ဘက်တွေကို စိန်ခေါ်နိုင်တာ တာအိုနှလုံးသားတွေ ခိုင်မာလို့ပဲ။ သူတို့က အမြဲတမ်း ရှေ့ကို တက်သွားကြတယ်။ ဒါကြောင့်ပဲ ပြိုင်ဘက်ကင်းဓားသမားနဲ့ ပြိုင်ဘက်ကင်းလက်သီးလက်သီးအရှင်ဆိုတဲ့ နာမည်ဂုဏ်ပုဒ်တွေကို ရခဲ့တာပေါ့”

ထိုစကားများသည် ဖုန်းမူ နားထဲတွင် ပဲ့တင်ထပ်သွားပြီး သူ ရုတ်တရက် ရှင်းလင်းသွားသလို ခံစားလိုက်ရ၏။

အချိန်အတော်ကြာပြီးနောက် သူ ပြောလိုက်သည်။ “ဆရာ ဒီတပည့် နားလည်ပါပြီ။ ကျွန်တော် တာအိုနှလုံးသားကို ခိုင်မာအောင် ထားပါ့မယ်”

တစ်ချိန်က ဖုန်းမူသည် အခြားသူများ၏ မျက်လုံးထဲတွင် ပါရမီရှင် တစ်ယောက် ဖြစ်ခဲ့သည်။ သို့သော် မြောင်တောင်သို့ ရောက်လာပြီးနောက် ပါရမီရှင်တစ်ယောက်အဖြစ်မှ သာမန်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုကွာဟချက်က အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်လေးကို အစပိုင်းတွင် လက်မခံနိုင် ဖြစ်စေ၏။

ဖုန်းမူ မျက်လုံးထဲက အသစ်တဖန် ဖြစ်ပေါ်လာသော ပြတ်သားမှုကို မြင်သောအခါ ချူဖုန်း ကျေနပ်စွာ ပြုံးလိုက်ပြီး ဘေးက ကောင်မလေး နှစ်ယောက်ထံသို့ လှည့်ကြည့်လိုက်သည်။

ချန်ကျင်းကျင်းသည် ကျက်သရေရှိသော မိန်းမပျိုလေး တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်။ ချူဖုန်း အနားတွင် နေထိုင်ခဲ့ရသော ငါးနှစ်နီးပါးအချိန်က သူမကို လုံးဝပြောင်းလဲသွားစေခဲ့သည်။

သူမ ညင်သာစွာ မေးလိုက်သည်။ “ဆရာ နောက်နှစ်ဝက် နေရင် ကျွန်မ အသက်ဆယ့်ရှစ်နှစ် ပြည့်တော့မယ်။စောစော ကျင့်ကြံလို့ ရလား”

“မလောနဲ့။ ကျင့်ကြံခြင်းဆိုတာ အမြန်နှုန်းနဲ့ မသက်ဆိုင်ဘူး။ အရင်ဆုံး မင်း စစ်တုရင်ကို ကျွမ်းကျင်အောင်လုပ်”

ထို့နောက် ချူဖုန်း အကြည့်က ပိုင်ကျင်း ထံသို့ ရောက်ရှိသွားသည်။

“ဆရာ ကျွန်မ ပိုပြီး အစွမ်းထက်လာချင်တယ်”

ပိုင်ကျင်းသည် ချူဖုန်း အနောက်သို့ အပျော်သဘော လိုက်ပါခဲ့သော်လည်း ယနေ့ မဟာပဏ္ဍိတရွှေတောင်ပံထံမှ သတင်းက သူမကို တုန်လှုပ်သွားစေသည်။

“ရပါတယ်”

ချူဖုန်း မတုံ့ဆိုင်းဘဲ ပြန်ဖြေသည်။ “မင်း ဘာသင်ယူချင်တာလဲ”

ပိုင်ကျင်း သူမ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။ “ဆရာ ကျွန်မ လေနဲ့ မိုးကို ဆင့်ခေါ်နိုင်ပြီး ယင်နဲ့ ယန်ကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ နည်းစနစ်တွေကို သင်ယူချင်တယ်။ ဆရာ့ ဆီမှာ အဲဒီလိုမျိုး ရှိလား”

ဝှစ်

ချူဖုန်း ခေါက်ယပ်တောင် တစ်ခုကို ထုတ်ယူပြီး ညင်သာစွာ ခတ်လိုက်၏။ “ငါ့မှာ ရှိတယ်။ ဒါပေမဲ့ အဲဒီလို အရာတွေကို နတ်ဘုရားနည်းစနစ်တွေလို့ ခေါ်တယ်”

ပိုင်ကျင်း ဇဝေဇဝါ ဖြစ်သွားပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ “ဆရာက မဟာပဏ္ဍိတတစ်ပါး မဟုတ်ဘူးလား။ ဘယ်လိုလုပ် နတ်ဘုရားနည်းစနစ်တွေကို သိနိုင်မှာလဲ။ အဲဒါတွေက စစ်မှန်နတ်ဘုရားတွေ ဖန်တီးထားတဲ့ နည်းစနစ်တွေ မဟုတ်ဘူးလား”

ချူဖုန်း ပြုံးလိုက်သည်။ “မင်း စာဖတ်ပြီးသွားရင် ပိုသိလာလိမ့်မယ်။ အစောပိုင်းက မင်း စီနီယာအစ်ကိုဖုန်းကို ငါ သင်ပေးထားတဲ့ နည်းစနစ်ကလည်း နတ်ဘုရားနည်းစနစ် တစ်ခုပဲ။ ဒါပေမဲ့ တစ်ခု ပြောပြထားရမယ်။ ငါ မင်းကို သင်ပေးဖို့ ရည်ရွယ်ထားတဲ့ အရာက ညတွင်းချင်း ကျွမ်းကျင်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ အဲဒါကို ကျင့်ကြံဖို့အတွက် ထူးခြားတဲ့ နားလည်နိုင်စွမ်း နဲ့ ကြီးမားတဲ့ ကံကြမ္မာ လိုအပ်လိမ့်မယ်”

ပိုင်ကျင်း လေးနက်စွာ ပြန်ဖြေသည်။ “ဆရာ ကျွန်မ သင်ယူချင်ပါတယ်။ ကျွန်မမှာ နတ်ဘုရား သားရဲ သွေးမျိုးဆက် ရှိတယ်။ ပြီးတော့ ကျွန်မတို့မျိုးနွယ်စုအကြီးအကဲတွေက ကျွန်မ ပါရမီက ပြိုင်ဘက်ကင်းတယ်လို့ ပြောကြတယ်။ မြေခွေး မျိုးနွယ်စုမှာ ဒီခေတ်ကာလရဲ့ နံပါတ်တစ်ပါရမီရှင်လေ။ ဘယ်လို နတ်ဘုရား နည်းစနစ် မျိုးပဲ ဖြစ်နေပါစေ ကျွန်မ ကျွမ်းကျင်အောင် လုပ်နိုင်ပါတယ်”

ချူဖုန်း သူမ ခေါင်းကို ပုတ်ပေးလိုက်သည်။ နှစ်နှစ်ကျော် ကြာသွားသော်လည်း ကောင်မလေး၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်အချိုးအစားက အနည်းငယ်မျှ ပြောင်းလဲမသွားခဲ့ပေ။ သူမသည် သူ စတင် တွေ့ဆုံခဲ့သည့် နေ့ကအတိုင်းပင် ရှိနေသည်။

“ကောင်းပြီလေ။ ရက်အနည်းငယ်လောက် စောင့်ပါ၊ မင်းအတွက် ရေးပေးထားမယ်”

“ဟုတ်ကဲ့ပါ”

ပိုင်ကျင်း လိမ္မာကျိုးနွံစွာ ခေါင်းညိတ်လိုက်၏။ သူမ နှလုံးသားသည် ဆရာ လက်ဆင့်ကမ်းပေးမည့် နည်းစနစ် အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေတော့သည်။

နေ့လယ်စာ စားပြီးနောက် သူတို့ လူစုကွဲသွားကြပြီး ချူဖုန်းနှင့် ပင်းယန်တို့သာ ကျန်ရစ်ခဲ့ကြသည်။

“ယောကျာ်း ကျင်းကျင်းကို နတ်ဘုရားနည်းစနစ်တစ်ခု ဒီလောက်မြန်မြန်သင်ပေးဖို့က သင့်တော်ပါ့မလား”

ပင်းယန် အနည်းငယ် စိုးရိမ်စွာ မေးလိုက်သည်။

“မင်းက အရမ်း စိုးရိမ်လွန်းနေတယ်”

ချူဖုန်း မရှင်းပြမီ ခဏတာ ရပ်တန့်လိုက်သည်။ “သူက ကိုယ့်တပည့် မဖြစ်လာခဲ့ရင်တောင် တစ်နေ့ကျရင် မြေခွေး မျိုးနွယ်စုက မဟာပဏ္ဍိတတစ်ပါး ဖြစ်လာဦးမှာပဲ။ ကိုယ့်ကို ဆရာအဖြစ် တော်ထားတာက သူတော်စင် အဆင့်ဆီ ပိုမြန်မြန် ရောက်သွားရုံပါပဲ”

၎င်းကို ကြားသောအခါ ပင်းယန် ဘာမှ ထပ်မပြောတော့ပေ။ ထက်မြက်သော အမျိုးသမီးတစ်ဦးအနေဖြင့် သူမသည် စကားပြောရမည့်အချ်ိန်နှင့် တိတ်ဆိတ်ရမည့်အချိန်ကို သိထားပါ၏။

ပေါ့ပေါ့ပါးပါး စကားစမြည် ပြောပြီးနောက် ချူဖုန်း သူ့စာကြည့်ခန်းသို့ ဝင်သွားသည်။

သူ မင်သွေးလိုက်ပြီး စာရွက်၏ အပေါ်ဘက်တွင် ကောင်းကင်၏ အသွင်ပြောင်းခြင်းသုံးဆယ့်ခြောက်ခု ဟူသော စကားလုံးများကို ရေးသားလိုက်သည်။

သူ အကြောင်းအရာများကို ဆက်လက် ရေးသားရန် ပြင်လိုက်စဉ် စာရွက်သည် ရုတ်တရက် မီးလောင်ကျွမ်းသွားတော့သည်။

ထိုမြင်ကွင်းက ချူဖုန်းကို အံ့အားသင့်သွားစေသည်။

သူ နောက်ထပ် အကြိမ်အနည်းငယ် ထပ်မံ ကြိုးစားကြည့်သော်လည်း ရလဒ်က ယခင်ကအတိုင်း တူညီနေ၏။

သို့ဖြစ်၍ ချူဖုန်း စာကြည့်ခန်းမှ ထွက်ခွာကာ သောင်းပြောင်းပညာရပ်ဌာန စာကြည့်တိုက်ဆီသို့ ဦးတည်သွားလိုက်သည်။

သူ နတ်ဘုရား အာရုံကို အသုံးပြု၍ စာကြည့်တိုက် တစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း အဖြေ မတွေ့ခဲ့ပေ။

“အင်း သောင်းပြောင်းပညာရပ်ဌာန စုဆောင်းမှုက လုံလောက်ဘူး ထင်တယ်။ ငါ ကျောင်းတော်က ပင်မ စာကြည့်တိုက်ဆီ သွားရမယ်”

သူ တီးတိုးရေရွတ်ရင်း စာကြည့်ခန်းမှ ထွက်လာလိုက်သည်။ အပြင်ရောက်သွားသည့်နှင့် လေချွန်သံ တစ်ချက် ပေးလိုက်၏။ မကြာမီ မဟာပဏ္ဍိတရွှေတောင်ပံသည် သူ့ရှေ့တွင် ပေါ်လာသည်။

“အစ်ကိုကြီး ဘာကိစ္စ ရှိလို့လဲ”

“စာကြည့်တိုက်ဆီ သွားကြရအောင်။ ငါ တစ်ခုခုကို ရှာဖို့ လိုနေတယ်”

ချူဖုန်း ပြောလိုက်သည်။

မဟာပဏ္ဍိတရွှောင်ရောင်တောင်ပံ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ “ဒီကမ္ဘာပေါ်မှာ အစ်ကိုကြီး ဖြေရှင်းလို့ မရတဲ့အရာ ရှိသေးတာလား”

“ သင်ယူခြင်း ဆိုတာ ဘယ်တော့မှ မဆုံးနိုင်ဘူး။ ငါ စာပေဖတ်ရှူမှု အားနည်းသေးတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်”

ချူဖုန်း ပြုံးလျက် ပြန်ဖြေသည်။

မဟာပဏ္ဍိတရွှေတောင်ပံ ထပ်မမေးတော့ပေ။ ယင်းအစား သူ ဧရာမ လင်းယုန်ပုံစံသို့ ပြောင်းလဲလိုက်ပြီး ချူဖုန်းကို စာကြည့်တိုက်ဆီသို့ သယ်ဆောင်သွားသည်။

မျက်စိတစ်မှိတ်အတွင်း လူနှင့် လင်းယုန်သည် အဆောက်အအုံ အပြင်ဘက်သို့ ရောက်ရှိသွားကြ၏။

သူတို့ ဆင်းသက်လိုက်သည်နှင့် အနားက တပည့်များသည် သူတို့ကို ဂါဝရပြုလာကြသည်။

“ဌာနမှူးချူကို ဂါရဝပြုပါတယ်”

“မဟာပဏ္ဍိတရွှေတောင်ပံကို ဂါရဝပြုပါတယ်”

“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”

သူတို့ နှစ်ဦးအထဲသို့ ဝင်သွားရင်း ပြန်လည်နှုတ်ဆက်လိုက်ကြ၏။

စာကြည့်တိုက်၏ ကြီးကြပ်သူသည် ရှေ့သို့ အလျင်အမြန် ထွက်လာသည်။ “အကြီးအကဲတို့ ဘာကိစ္စများရှိလို့ပါလဲ”

ချူဖုန်း လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်သည်။ “ကြီးကြပ်သူဝူ ငါ ဒီကို လာစစ်ဆေးတာ။ နတ်ဘုရား နည်းစနစ်တွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ဘယ်အထပ်မှာ ထားလဲ ဆိုတာ သိချင်တယ်”

ဌာနမှူးကိုးဦးထဲမှ တစ်ဦး ဖြစ်သည့်အပြင် ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့လို ပါရမီရှင်များကို ပြုစုပျိုးထောင်ပေးခဲ့သည့်အတွက် ချူဖုန်းသည် ကျောင်းတော် အတွင်းရှိ မည်သည့် စာအုပ်ကိုမဆို ဖတ်ရှုနိုင်သည်။

သူ့မေးခွန်းကြောင့် ကြီးကြပ်သူဝူ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူ ခဏ စဉ်းစားနေပြီးမှ ပြောလိုက်သည်။ “ဆရာဦးလေးချူ ကျွန်တော်တို့ဆီမှာ အဲဒီလို စာအုပ်မျိုးတွေ မရှိပါဘူး။ ကျောင်းအုပ်ကြီး ကို သွားမေးတာ ပိုကောင်းလိမ့်မယ် ထင်တယ်”

ချူဖုန်း သူ့ကို အတင်း မတောင်းဆိုပေ။ “ကောင်းပြီလေ။ ငါ ကျောင်းအုပ်ကြီးဆီ သွားလည်လိုက်ပါ့မယ်”

ထို့နောက် သူ မဟာပဏ္ဍိတရွှေတောင်ပံကို တစ်ချက် ကြည့်လိုက်၏။ မဟာပဏ္ဍိတရွှေတောင်ပံသည် အခြားသူများ ရှေ့တွင် တိတ်ဆိတ်နေခဲ့သည်။

မကြာမီ သူတို့ ကျောင်းအုပ်ကြီး ခြံဝင်းသို့ ရောက်ရှိသွားကြသည်။ ယနေ့တွင် ကျောင်းအုပ်ကြီးသည် သာမန်အဝတ်အစားကို ဝတ်ဆင်ထား၏။ ထိုစဉ် ချူဖုန်းနှင့် ရွှေတောင်ပံ ရောက်လာသည်ကို မြင်သောအခါ သူ့နှလုံးသားထဲတွင် မကောင်းသော ခံစားချက် တစ်ခု ချက်ချင်း ထွက်ပေါ်လာ၏။

“မင်းတို့ နှစ်ယောက် ဘာပြဿနာ ဖြစ်ပြန်ပြီလဲ”

၎င်းကို ကြားသောအခါ ချူဖုန်း မဟာပဏ္ဍိတရွှေတောင်ပံကို လှည့်ကြည့်လိုက်၏။ သူ့အကြည့်က ငါ့နာမည်ဂုဏ်သတင်းက မင်းကြောင့် ပျက်စီးသွားပြီဟု ပြောနေသည့်အလားပင်။

မဟာပဏ္ဍိတရွှေတောင်ပံ အလျင်အမြန် ရှင်းပြလိုက်သည်။ “မွေးစားအဖေ ကျွန်တော် ဘာမှ မသိဘူး။ အဖေ့ကို လာတွေ့တာ အစ်ကိုကြီးဖုန်းပါ”

ကျောင်းအုပ်ကြီး သူ့ကို စူးရဲစွာ တစ်ချက် ကြည့်လိုက်ပြီးနောက် ချူဖုန်းကို ကြည့်လာ၏။ သူ ဘာမှမပြောသော်လည်း သူ့ဆိုလိုရင်းက ရှင်းလင်းပါသည်။

ချူဖုန်း ပြောလိုက်သည်။ “ကျောင်းအုပ်ကြီး ကျွန်တော် ဒီနေ့ လာတာ မေးခွန်းတစ်ခုနဲ့ ပတ်သက်ပြီး လာဆွေးနွေးတာပါ”

“အိုး”

၎င်းကို ကြားသောအခါ ကျောင်းအုပ်ကြီးသည် စိတ်ဝင်စားစရာ ကောင်းသော အရာတစ်ခုကို ကြားလိုက်ရသည့်အလား ရွှင်မြူးစွာ မေးလိုက်၏။ “ဒါဆို မင်းတောင်မှ ငါ့ကို လာပြီး မေးခွန်းတွေ မေးရတဲ့နေ့ ရှိတာပေါ့လေ။ ပြောစမ်းပါ။ ငါ နားထောင်ကြည့်ရအောင်”

ချူဖုန်း “...”

All Chapters