← Chapters

အခန်း (၈၆၉-၈၇၀)

Vol. 86 Ch. 869-870

အခန်း (၈၆၉-၈၇၀)

Vol. 86 Ch. 869-870

​အခန်း (၈၆၉) အကျင့်

နေမင်းသည် ကောင်းကင်ယံထက်တွင် အတော်ပင် မြင့်နေချေပြီ။

​ကျိရှန် နိုးလာခဲ့သည်မှာ သုံးနာရီခန့်ပင် ရှိသွားပြီ ဖြစ်၏။ သူသည် လုံချန်းတစ်ယောက် အဘယ်ကြောင့် အပြင် ထွက်မလာသေးမှန်း တွေးတောနေစဉ်မှာပင် တဲအတွင်းမှ အသံအချို့ကို ကြားလိုက်ရသည်။

​မည်သို့ ဖြစ်နေသည်ကို သူ နားလည်လိုက်သဖြင့် သူတို့နှစ်ဦး လွတ်လွတ်လပ်လပ် ရှိနိုင်စေရန် တဲနှင့် ဝေးရာသို့ ခပ်လှမ်းလှမ်း လျှောက်သွားခဲ့၏။

​အနီးအနားတွင် ရပ်နေသော ရှားကို သူ မြင်လိုက်ရသည်။

​သူသည် သူမအနားသို့ ချဉ်းကပ်သွားပြီး စကားစမြည် ပြောရန် ကြိုးစားလိုက်၏။ သူမသည် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်ကြောင်း သူ သိသော်လည်း သူမနှင့် ဆုံသည့် အခါတိုင်း သူသည် စကားပြောဖြစ်အောင် ပြောပေသည်။

​သူ၏ ခံစားချက်များကို သူမအား အမြဲ ဖွင့်ဟပြောဆိုတတ်၏။ ရှားသည် သာမန်လူတစ်ယောက်ကဲ့သို့ ခံစားချက်နှင့် ပတ်သက်သော ကိစ္စရပ်များကို တုံ့ပြန်နိုင်စွမ်း မရှိသော်လည်း သူကတော့ ပြောပြမြဲပင်။ သူမသည် သူ့ကို နားမလည်နိုင်မှန်း သူ သိနေ၍ ဖြစ်မည်လော သို့မဟုတ် သူမသည် သူပြောသမျှအား မည်သူ့ကိုမှ ပြန်ပြောပြမည် မဟုတ်ဟု သူ ယုံကြည်နေ၍ ဖြစ်မည်လောမူ မသိချေ။

​"နေကောင်းလား ရှား" သူက နှုတ်ဆက်လိုက်၏။

​"နေကောင်းပါတယ်" ရှားက ပြန်ဖြေသည်။

​"စိတ်မရှိပါနဲ့... မနေ့ညက ငါ မင်းကို စကားမပြောဖြစ်ဘူး။ ငါ နည်းနည်း စိတ်ဓာတ်ကျနေလို့ပါ" ကျိရှန်က အဝေးက မိုးကုပ်စက်ဝိုင်းကို ကြည့်ရင်း ဆိုလိုက်၏။

​မည်သည့် တုံ့ပြန်မှုမျှ ပြန်မရသောအခါ သူက ဆက်၍ ရေရွတ်လိုက်သည်။ "မင်း ဘာမှ ပြန်ပြောမှာ မဟုတ်ဘူးဆိုတာ ငါ သိပါတယ်။ အဲဒီအချက်ကိုပဲ ငါ သဘောကျတာ။ ပြောင်းပြန်ပြောရရင် ဒါက ပိုတောင် ကောင်းသေးတယ်။ မင်းက ငါပြောတာတွေကို စိတ်မပျက်သလို ဝမ်းလည်းမနည်းဘူးဆိုတော့ ငါ ဘာမဆို ပွင့်ပွင့်လင်းလင်း ပြောလို့ရတာပေါ့"

​"ငါတို့ နောက်ဆုံး စကားပြောခဲ့ကြတာ တကယ်ကို ကြာခဲ့ပြီပဲ။ တစ်ဘဝစာလောက်တောင် ရှိသွားပြီလား မသိဘူး။ အဲဒီတုန်းက အရင်တိုက်မှာပေါ့။ အဲဒီတုန်းက ဒီတိုက်သစ်ပေါ်က ငါ့ရဲ့ ဘဝနဲ့ အနာဂတ်အတွက် ဘယ်လောက်တောင် မျှော်လင့်ချက်တွေ ထားခဲ့သလဲဆိုတာ ငါ ပြောပြခဲ့တယ် မဟုတ်လား။ အရာအားလုံး အဆင်ပြေချောမွေ့လိမ့်မယ်လို့ ငါ အပိုင်တွက်ခဲ့တာ" သူက သက်ပြင်းချရင်း ဆိုလိုက်၏။

​သူသည် မြက်ခင်းပေါ်တွင် ထိုင်ချလိုက်ရင်း သက်ပြင်းတစ်ချက် ထပ်မံ ချလိုက်မိပြန်သည်။ "အခုမှပဲ ငါ့အတွေးတွေ ဘယ်လောက်တောင် နုနယ်ခဲ့လဲဆိုတာ ငါ သိတော့တယ်။ အဝေးက လှမ်းကြည့်လို့ တောက်ပနေတဲ့ အရာတိုင်းဟာ အနီးကပ်ကြည့်တဲ့အခါ အဲဒီလောက် မကောင်းတတ်ဘူးပဲ"

​"ဒီတိုက်ကြီးဟာ အိပ်မက်တွေရဲ့ တိုက်ကြီးလို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းတော့ အိမ်မက်ဆိုးတွေရဲ့ တိုက်ကြီး ဖြစ်နေခဲ့တယ်။ ငါ အလိုချင်ဆုံး အရာကို သူက ပေးခဲ့တယ်။ အချစ်နဲ့ စစ်မှန်တဲ့ အနာဂတ်ကို ပေးခဲ့ပြီး ငါ့ရဲ့ မျှော်လင့်ချက်တွေ မှန်ကန်နေသယောင် မျက်လှည့်ပြခဲ့တယ်။ အဲဒါတွေ အားလုံးက ငါ့ဆီကနေ အရာအားလုံးကို ပြန်လုယူဖို့အတွက်ပဲ။ ငါ့ကို အစကတည်းက မတည်ဆောက်ပေးခဲ့ဘဲနဲ့ အခုလို ပိုပြီး ဆိုးရွားအောင် ရိုက်ချိုးပစ်ခဲ့တာ" သူက ဆက်ပြောသည်။

​"ဒါတွေက လူသားတွေ သိထားသင့်တဲ့ အမှန်တရားတွေပဲ မဟုတ်လား။ ငါတို့က လူသားတွေလေ၊ လူသားဆိုတာ အမှားနဲ့ မကင်းဘူး။ တိုက်ဟောင်း ဖြစ်ဖြစ်၊ တိုက်သစ် ဖြစ်ဖြစ် အရေးမကြီးပါဘူး။ ပြဿနာက အရာအားလုံးဟာ အတူတူပဲ ဆိုတာပါပဲ။ ဒီတိုက်မှာက သယံဇာတတွေ ပိုများတယ်၊ လူတွေ ပိုပြီး အစွမ်းထက်တယ်၊ ဒါပဲ ကွာခြားတာ။ ကျန်တာကတော့ အတူတူပါပဲ။ တစ်ယောက်ကို တစ်ယောက် နင်းခြေပြီး အပေါ်ရောက်အောင် တက်လှမ်းဖို့ ကြိုးစားနေကြတဲ့ လူစားတဲ့ လူ့အဖွဲ့အစည်း ကြီးပါပဲ" သူသည် တောက်ပနေသော ကောင်းကင်ယံကို မော့ကြည့်လိုက်၏။

​"လောကကြီးက တအားကို တောက်ပနေပါတယ်၊ ဒါပေမဲ့ အဲဒီ အလင်းရောင် အတုအယောင်တွေရဲ့ နောက်ကွယ်မှာ စစ်မှန်တဲ့ အမှောင်ထုကြီးကို ဖုံးကွယ်ထားတာပါပဲ" သူက ဆိုလိုက်သည်။

​ရှားသည် ကျိရှန်ကို သိလိုစိတ်ဖြင့် ကြည့်နေသော်လည်း စကားတော့ ပြန်မပြောချေ။ သူမသည် စိတ်ရှည်လက်ရှည်ပင် နားထောင်ပေးနေ၏။

​"မင်း နိုးပြီလား"

​ကျိရှန် တစ်စုံတစ်ခု ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် နောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

​သူ နောက်သို့ လှည့်ကြည့်လိုက်သောအခါ အဝတ်အစားများ သေသေသပ်သပ် ဝတ်ဆင်ပြီးဖြစ်သော လုံချန်းကို တွေ့လိုက်ရ၏။

​"ငါ နိုးတာ ကြာပါပြီ။ မင်းလည်း နိုးနေတာ ကြာပြီ ထင်တယ်" ကျိရှန်က ခပ်ပြုံးပြုံးဖြင့် ပြန်ဖြေလိုက်သည်။

​"အင်း..." လုံချန်းက ကျိရှန် မည်သည်ကို ဆိုလိုသည်အား နားလည်သဖြင့် ပြန်ထူးလိုက်၏။ "မိနစ်နည်းနည်းလောက် ထပ်စောင့်ဦး။ ငါ လုပ်စရာလေး တစ်ခု ကျန်သေးတယ်။ အဲဒါပြီးမှ ငါတို့ ထွက်ကြတာပေါ့"

​"မပူပါနဲ့... မင်း အေးအေးဆေးဆေး လုပ်ပါ။ ငါ့မှာ စကားပြောဖော် ရှား ရှိပါတယ်" ကျိရှန်က ခေါင်းယမ်းရင်း ဆိုလိုက်သည်။

​လုံချန်းသည် တဲအတွင်းသို့ ပြန်ဝင်လာခဲ့ရာ မင်လန်သည် အဝတ်အစားများ လဲလှယ်ပြီးနေချေပြီ။

​"နင် အဆင်သင့် ဖြစ်ပြီလား" သူက မင်လန်ကို မေးလိုက်၏။

​မင်လန်က ခေါင်းညိတ်ပြရင်း ရှေ့သို့ တိုးလာခဲ့သည်။ သူမသည် လုံချန်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်၏။ ထို့နောက် သူမသည် သူ၏ နှုတ်ခမ်းကို နမ်းရှိုက်လိုက်လေသည်။

​"ငါ အဆင်သင့် ဖြစ်ပါပြီ။ သူ့ကို အပြင်ခေါ်ထုတ်လိုက်လို့ ရပါပြီ" သူမက ဆို၏။

​လုံချန်းက ခေါင်းညိတ်လိုက်သည်။ မင်လန်သည် သူ၏ ရင်ခွင်အတွင်းမှ ပျောက်ကွယ်သွားကာ သူ၏ လက်မောင်ကြားတွင် ဟာလာဟင်းလင်း ဖြစ်ကျန်ရစ်ခဲ့တော့သည်။ သူမကို ကမ္ဘာတုထဲသို့ ပြန်လည် ပို့ဆောင်လိုက်ခြင်း ဖြစ်၏။

​လုံချန်းသည် သူ၏ စိတ်အာရုံကို ကမ္ဘာတုအတွင်းသို့ ထပ်မံ စေလွှတ်လိုက်ပြီး အခြားသူများ မည်သည်များ လုပ်နေကြသည်အား ကြည့်လိုက်သည်။

​လုံရန် နှင့် လုံကျွင်းတို့သည် ကျင့်ကြံခြင်းဖြင့် အလုပ်ရှုပ်နေကြပုံရ၏။

​သူတို့သည် သူတို့၏ အခန်းအတွင်း၌ ရှိနေကြသည်။ စီမာကျိယီကမူ နံရံတစ်ချပ်တွင် ဓားသိုင်းတစ်ကွက်ကို လေ့ကျင့်နေပေသည်။

​ကျိချင်းနှင့် မင်ယု တို့မှာမူ အဖွဲ့လိုက် လေ့ကျင့်ရေး တိုက်ပွဲတစ်ပွဲ ဆင်နွှဲနေကြပုံရ၏။

​ကျိချင်း၏ အဖွဲ့တွင် ရွှယ် ပါဝင်နေပြီး မင်ယု၏ အဖွဲ့တွင်မူ မေ ပါဝင်နေသည်။

​၎င်းမှာ လေ့ကျင့်ရေး တိုက်ပွဲတစ်ပွဲသာ ဖြစ်သော်လည်း သူတို့ နှစ်ဦးစလုံးမှာ အစွမ်းကုန် ကြိုးစား တိုက်ခိုက်နေကြပေသည်။

​"အင်ပါယာတွေနဲ့ စစ်ပွဲမှာ ပါဝင်ရမယ်ဆိုတာကို သူတို့ သိနေကြလို့ အသည်းအသန် ကြိုးစားနေကြတာပဲ" လုံချန်းက ထိုတိုက်ပွဲကို ကြည့်ရင်း ရေရွတ်လိုက်မိ၏။

​မင်ယု မည်မျှ ကြိုးစားနေကြောင်း သူ နားလည်သည်။ သူမသည် မကြာမီမှာပင် စစ်ပွဲဖြစ်ပွားနေနိုင်သော သူမ၏ အင်ပါယာသို့ ရောက်ရှိတော့မည် ဖြစ်ပေရာ သူမသည် မိသားစုကို ကူညီနိုင်ရန်အတွက် အင်အားကြီးချင်နေရှာပေသည်။

​သူမအား ကူညီနိုင်ရန်အတွက် အခြားမိန်းကလေးများ၏ အားထုတ်မှုကိုလည်း သူ နားလည်ပေးနိုင်ပါ၏။

​သို့သော် သူ မသိနိုင်သော အခြားအကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။ ၎င်းမှာ သူတို့သည် မင်ယု၏ နောက်တွင် ကျန်ရစ်မနေလိုကြခြင်းပင် ဖြစ်၏။ သူတို့သည် သူတို့ကို လေ့ကျင့်ပေးရန် အားထုတ်နေသော လုံချန်းအတွက် အသုံးဝင်သူများ ဖြစ်ချင်နေကြသည်။ လုံချန်း၏ အားထုတ်မှုများမှာ အလဟဿ ဖြစ်သွားသည်ဟု သူ စိတ်ပျက်သွားမှာကို သူတို့ မလိုလားကြပေ။

​'သူတို့ရဲ့ စွမ်းရည်တွေက အများကြီး တိုးတက်လာတာပဲ။ ဒီမိန်းကလေးတွေသာ နိယာမ တစ်ခုခုကို နားလည် သဘောပေါက် သွားကြမယ်ဆိုရင် သူတို့ဘာသာ သူတို့ ရန်သူတွေကို ကိုင်တွယ်နိုင်တဲ့ အင်အားစုတစ်ခု ဖြစ်လာမှာ သေချာတယ်။ သူတို့ကို နိယာမတွေ မြန်မြန် နားလည်အောင် ငါ ကူညီပေးနိုင်ရင် ကောင်းမှာပဲ' လုံချန်းက သူတို့၏ အစွမ်းထက်လှသော သိုင်းကွက်များကို ကြည့်ရင်း တွေးတောနေမိသည်။

​သူတို့သည် ယခင်ကထက် ပို၍ အစွမ်းထက်လာသည်ကို သူ မြင်နိုင်ပေသည်။

​သူသည် သူတို့၏ တိုက်ပွဲကို စက္ကန့်အနည်းငယ်မျှ ကြည့်ရှုပြီးနောက် သူ အမှန်တကယ် မြင်တွေ့လိုသော ပုဂ္ဂိုလ်ထံသို့ အာရုံလွှဲလိုက်၏။

​မင်လန်သည် နတ်သမီးမျိုးနွယ်စု၏ စီမံခန့်ခွဲရေး ကိစ္စရပ်များကို ဆောင်ရွက်နေသော သူမ၏ မိခင်ရှိရာ အခန်းတွင်းသို့ ဝင်လာခဲ့သည်။

​"အမေ..." သူမ ဝင်လာသည်နှင့် လှမ်းခေါ်လိုက်၏။

​"ဪ... နင် ပြန်လာပြီပဲ" မင်ရင်သည် သူမ၏ သမီး ပြန်လာသည်ကို မြင်သောအခါ ပြုံးလိုက်မိသည်။

​"ဟုတ်ကဲ့... သမီး ပြန်လာပါပြီ။ ဒါနဲ့ အမေက ဒီမှာ ဘာလုပ်နေတာလဲ။ ပြင်ဆင်လိုက်တော့လေ။ အမေ အပြင်ထွက်ရမယ့် အချိန် ရောက်ပြီ" မင်လန်က ဆို၏။

​"မျိုးနွယ်စု ကိစ္စတွေက..." မင်ရင်က တစ်စုံတစ်ခု ပြောရန် ကြိုးစားသော်လည်း မင်လန်က ကြားဖြတ် ပြောလိုက်သည်။ "မျိုးနွယ်စု ကိစ္စတွေ စိတ်မပူပါနဲ့။ ကျန်တာတွေကို သမီးပဲ ကိုင်တွယ်လိုက်ပါ့မယ်"

​'ငါ့ရဲ့ လိမ္မာတဲ့ ကလေးမလေးပဲ' မင်လန်က အစီအစဉ်များ လုပ်ဆောင်နေသည်ကို ကြည့်ရင်း လုံချန်းက တွေးလိုက်မိသည်။

​သူသည် မင်ရင်ကို အပြင်သို့ ခေါ်ထုတ်လိုက်ရာ သူမသည် အခန်းအတွင်းမှ ပျောက်ကွယ်သွားတော့သည်။

​သူမ၏ မိခင် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း မင်လန်က ပြုံးလိုက်၏။

​"ငါ့ အမေကို ကောင်းကောင်း စောင့်ရှောက်ပေးပါဦး။ အမေ့အတွက် ဒါက ပထမဆုံး အကြိမ်မို့လို့ပါ" သူမက အပေါ်သို့ မော့ကြည့်ရင်း ရေရွတ်လိုက်လေသည်။

အခန်း (၈၇၀) ကြီးထွားလာခြင်း

"ငါ့အမေကို ကောင်းကောင်း စောင့်ရှောက်ပေးပါဦး" မင်လန်က အပေါ်သို့ မော့ကြည့်ရင်း ရေရွတ်လိုက်မိ၏။ လုံချန်း သူမစကားအား ကြားနိုင်မည်လားဆိုသည်ကိုမူ သူမ မဝေခွဲနိုင်ချေ။

​လုံချန်း၏ စိတ်အာရုံမှာ ထိုအခန်းအတွင်း၌ ရှိနေဆဲဖြစ်ရာ သူမ၏ စကားကို ရှင်းလင်းစွာ ကြားလိုက်ရပေသည်။

​'ငါ စောင့်ရှောက်မှာပါ' သူက ပြုံးရင်း စိတ်ထဲမှ ကတိပြုလိုက်၏။

​ထို့နောက် သူသည် ကမ္ဘာတုအတွင်းမှ သူ၏ စိတ်အာရုံကို ပြန်လည် ရုပ်သိမ်းလိုက်တော့သည်။

​သူ မျက်လုံးဖွင့်လိုက်သောအခါ သူ၏ ရှေ့တွင် ရပ်နေသော မင်ရင်ကို တွေ့လိုက်ရ၏။

​"ပြန်လာတာ ကြိုဆိုပါတယ်" လုံချန်းက ဆိုရင်း သူမ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

​"အာ... အဲ... ဟို..." မင်ရင်မှာ အရာအားလုံးက ရုတ်တရက် ဆန်လွန်းလှသဖြင့် စကားလုံး ရှာမရ ဖြစ်နေရှာ၏။ လုံချန်းက သူတို့၏ ပတ်သက်မှုကို လူတိုင်းအား ဖွင့်ဟပြောဆိုပြီး ကတည်းက သူမ၏ သမီးဖြစ်သူ မင်လန်ပြီးလျှင် သူမ အလှည့်ရောက်မည်ကို ကြိုသိထားခဲ့သော်လည်း ယခုကဲ့သို့ တကယ်တမ်း ကြုံလာရသောအခါ အခက်တွေ့နေရခြင်း ဖြစ်ပေသည်။

​သူမသည် အလွန်အမင်း ရှက်ရွံ့နေလင့်ကစား စိတ်ထဲတွင်မူ ပျော်ရွှင်နေမိပေသည်။ ဤနေ့ရက်အတွက် သူမ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း ယခုမူ ထိုပြင်ဆင်မှုများမှာ အလဟဿ ဖြစ်သွားခဲ့ရပြီ။ ပြောမည်ဟု ကြံစည်ထားသမျှ စကားလုံးများမှာ သူမ၏ နှုတ်ဖျားမှ ထွက်မလာတော့ချေ။

​သူမ၏ ကြောင်တောင်တောင် ပုံစံလေးကို မြင်သောအခါ လုံချန်းက ရှေ့သို့ တိုးသွားပြီး သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်၏။

​"ဒါဟာ စိတ်လှုပ်ရှားစရာ ကောင်းနေမယ်ဆိုတာ ငါ သိပါတယ်။ အများကြီး မတွေးပါနဲ့" သူမ၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။

​"နင် ဆန္ဒရှိမယ်ဆိုရင် ငါတို့ အစကနေ ပြန်စကြတာပေါ့။ နင်က ငါ့ရဲ့ ဇနီးဆိုပေမဲ့ အခြေအနေတွေက ရုတ်တရက်ကြီး ဖြစ်ခဲ့တာဆိုတော့ ငါတို့ တစ်ယောက်အကြောင်း တစ်ယောက် သိပ်မသိကြသေးဘူးလေ။ အခုရမယ့် ခုနစ်ရက်တာ အချိန်ကို တစ်ယောက်အကြောင်း တစ်ယောက် လေ့လာရင်း ကုန်ဆုံးကြစို့" သူက ဆက်ပြော၏။

​မင်ရင်က ခေါင်းညိတ်ရှာသည်။

​လုံချန်းက သူမကို ပြန်လွှတ်လိုက်ပြီး ဆိုသည်။ "ငါနဲ့အတူ အပြင်ကို လိုက်ခဲ့ပါ။ ငါ့ရဲ့ သူငယ်ချင်းနဲ့ မိတ်ဆက်ပေးမယ်" သူသည် သူမ၏ လက်ကို ဆွဲ၍ တဲအပြင်သို့ ထွက်လာခဲ့၏။

​"ကျိရှန်..."

​သူက လှမ်းခေါ်လိုက်သဖြင့် ရှား နှင့် စကားပြောနေသော ကျိရှန်က လှည့်ကြည့်လာသည်။

​ကျိရှန်သည် လုံချန်းနှင့်အတူ ယခင်က တစ်ခါမျှ မမြင်ဖူးသော အမျိုးသမီးတစ်ဦး ပါလာသည်ကို မြင်လိုက်ရ၏။

​သူသည် မတ်တတ်ရပ်လိုက်သည်။

​"ဒါက ဘယ်သူလဲကွ။ မနေ့ညက မင်လန်နဲ့ အထဲဝင်သွားတာ မဟုတ်လား။ အခုကျတော့ ဘာလို့ တခြား အမျိုးသမီး တစ်ယောက်နဲ့ ထွက်လာတာလဲ" ကျိရှန်က ခပ်ပြုံးပြုံးဖြင့် လွှတ်ခနဲ မေးလိုက်မိ၏။ "သူတို့က ရုပ်ချင်း ဆင်နေတယ်ဆိုပေမဲ့ ငါ မျက်စိမှားတာတော့ မဟုတ်နိုင်ပါဘူး"

​"ဒါက မင်ရင်... ငါ့ရဲ့ ဇနီးပေါ့" လုံချန်းက မိတ်ဆက်ပေးလိုက်သည်။

​မင်ရင်သည် အလွန်အမင်း ရှက်ရွံ့နေသော်လည်း သူမ၏ မျက်နှာကို အောက်သို့ ငုံ့မထားပေ။ သူမသည် မိမိမျိုးနွယ်စု၏ ဘုရင်မ ဖြစ်ခဲ့ဖူးသူ မဟုတ်လော။ မည်မျှပင် ခက်ခဲသော အခြေအနေမျိုး၌ ဖြစ်စေ ဦးခေါင်းကို မညွှတ်စတမ်း ဟူသော သင်ခန်းစာကို သူမ သင်ယူခဲ့ဖူးပြီးသား ဖြစ်၏။ ရှက်ရွံ့နေလင့်ကစား သူမသည် အောက်သို့ ငုံ့မကြည့်ဘဲ တည်ငြိမ်စွာ ရှိနေခဲ့သည်။

​သူမသည် ယုံကြည်မှုရှိရှိ ပြုံးလိုက်ရင်း ခေါင်းညိတ်ပြ၏။

​"တွေ့ရတာ ဝမ်းသာပါတယ်။ ငါ့ နာမည်က မင်ရင်ပါ" ကျိရှန်းကို နှုတ်ဆက်လိုက်သည်။

​"ငါလည်း တွေ့ရတာ ဝမ်းသာပါတယ်။ ငါက ကျိရှန်ပါ" ကျိရှန်ကလည်း သူ၏ ခေါင်းကို ပွတ်ရင်း ပြန်လည် မိတ်ဆက်လိုက်၏။

​လုံချန်းတွင် ဇနီးသည် မည်မျှပင် လျှို့ဝှက်ထားသနည်းဟု သူ အော်ဟစ်မေးမြန်းချင်စိတ် ပေါက်သွားမိသည်။

​လုံချန်းတွင် ဇနီးသည်များ ထုတ်ရောင်းသည့် ဆိုင်တစ်ဆိုင် ရှိနေသည့်အလားပင်။ မင်ယု၊ ကျိချင်း၊ ရွှယ် နှင့် မေတို့ ရှိနှင့်ပြီးသား ဖြစ်၏။ မင်လန်နှင့်လည်း တွေ့ခဲ့ဖူးပြီ။ ယခုမူ မင်ရင် သည်လော။

​သူသည် လုံချန်းကို ဟစ်အော်မေးလိုသော်လည်း မိမိကိုယ်ကိုယ် ထိန်းချုပ်လိုက်ရ၏။

​"သူက ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းနဲ့ ခရီးဖော်ပေါ့။ ငါတို့ရဲ့ ဒီခရီးစဉ်မှာ အတူတူ လိုက်ပါလာမှာပါ" လုံချန်းက ကျိရှန်အကြောင်းကို ရှင်းပြလိုက်သည်။

​"မင်းတို့ စကားပြောနေကြဦး။ ငါ ရှားကို ပြန်ပို့လိုက်ဦးမယ်" ထိုသို့ ပြောကာ သူသည် ရှား ရှိရာသို့ လျှောက်သွားခဲ့၏။

​ထိုသူနှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် စကားပြောကြလိမ့်မည် မဟုတ်ကြောင်း သူ သိသော်လည်း ထိုသို့ပင် ဆိုခဲ့ခြင်း ဖြစ်ပေသည်။

​"ရှား... ငါ နင့်ကို ပေးထားတဲ့ တာဝန်ကို မှတ်မိတယ် မဟုတ်လား" သူက မေးလိုက်၏။

​ရှားက ခေါင်းညိတ်ပြရင်း သူမကို ပေးထားသော အဆောင်ကို ထုတ်ပြလိုက်သည်။

​"ကောင်းပြီ။ ငါ နင့်ကို ပြန်ပို့လိုက်တာနဲ့ အဲဒီတာဝန်ကို ချက်ချင်း စလုပ်တော့" သူက အတည်ပြုလိုက်၏။ သူသည် ရှား၏ လက်ကို ထိလိုက်ပြီး သူမကို ကမ္ဘာတုထဲသို့ ပြန်လည် ပို့ဆောင်လိုက်တော့သည်။

​ထို့နောက် သူသည် မြွေဘုရင်ကို ခေါ်ထုတ်လိုက်ရာ ထိုမြွေမှာ ထုံးစံအတိုင်း ပေါ်လာသည်နှင့် စကားနာ ထိုးတော့၏။ "ငါ့ကို အဲဒီ ပျင်းစရာကောင်းတဲ့ နေရာကို ပြန်မပို့ပါနဲ့လို့ ပြောထားသားပဲ။ ငါက ဒီမှာပဲ နေချင်တာကို။ မင်းက ငါ စကားပြောလို့တောင် မဆုံးသေးဘူး၊ ပြန်ပို့ပစ်လိုက်တယ်"

​"မင်း ပြန်သွားချင်သေးလား။ တခြားသူတွေကို ငါ ခေါ်ထုတ်လိုက်ရမလား" လုံချန်းက ပြန်ပြောလိုက်၏။ နှင်းခဲလေးနှင့် မုဆိုးကြယ်တို့ကြောင့် မြွေဘုရင်၏ အကျင့်ကို ထိန်းချုပ်နိုင်မည့် နည်းလမ်းအား သူ တွေ့ရှိထားခဲ့သဖြင့် ဝမ်းသာမိပေသည်။

​"ဟွန်း... မင်းက ပိုပိုပြီး စိတ်ပျက်ဖို့ ကောင်းလာတာပဲ။ ငါက မင်းနဲ့ မနေချင်ပါဘူး၊ ဒါပေမဲ့ ဒီအားနည်းတဲ့ ကောင်တွေက မင်းကို ဘေးကင်းအောင် မစောင့်ရှောက်နိုင်ဘူးလေ။ မင်းက ငါ့ရဲ့ လက်ရုံးတစ်ဆူဆိုတော့ ငါကပဲ မင်းကို ကာကွယ်ပေးရမှာပေါ့။ ငါ့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူး" မြွေဘုရင်က ဂုဏ်ယူဝင့်ကြွားစွာ ဆိုလေသည်။

​"အေးပါ... ငါ့ရဲ့ အစောင့်အရှောက်ကြီးရယ်။ ကိုယ်ကို ကြီးအောင် လုပ်လိုက်ပါဦး၊ ငါတို့ ခရီးဆက်ရမယ်" လုံချန်းက ရယ်မောရင်း ဆိုလိုက်၏။

​မြွေဘုရင်၏ အရေပြားမှာ တဖြည်းဖြည်း ဆန့်ထွက်လာပြီး ကြီးမားလာတော့သည်။ မကြာမီမှာပင် မြွေဘုရင်မှာ မူလအရွယ်အစားထက် အဆပေါင်းများစွာ ပို၍ ကြီးမားလာခဲ့၏။

​လုံချန်းသည် မင်ရင်ကို မင်းသမီးလေး တစ်ပါးကဲ့သို့ ပွေ့ချီကာ ဟင်းလင်းပြင်ထဲတွင် လျှောက်လှမ်းလိုက်သည်။

​သူသည် သူမကို မြွေဘုရင်၏ ကျောပေါ်တွင် ချပေးလိုက်၏။ ကျိရှန်လည်း လိုက်ပါလာခဲ့သည်။ အားလုံး အဆင်သင့် ဖြစ်သောအခါ မြွေဘုရင်သည် စတင် ပျံသန်းတော့လေသတည်း။

​နေ့ရက်များ ကုန်ဆုံးသွားပြီး အပတ်များမှသည် လများသို့ ကူးပြောင်းလာကာ ရာသီဥတုလည်း ပြောင်းလဲလာခဲ့ပြီ။ တိုက်ကြီးတစ်တိုက်လုံးမှာ နှင်းများဖြင့် ဖုံးလွှမ်းသွားတော့သည်။ လွန်ခဲ့သော ရက်အနည်းငယ်ကပင် နှင်းများမှာ အဆက်မပြတ် ကျဆင်းနေခဲ့ခြင်း ဖြစ်၏။

​စိမ်းလန်းသော ကွင်းပြင်ကြီးမှာ ဖြူဖွေးသွားခဲ့ပြီ။ လမ်းများမှာလည်း နှင်းများ ဖုံးလွှမ်းနေသဖြင့် လှည်းများဖြင့် ခရီးသွားရန် ပိုမို ခက်ခဲလာခဲ့ပေသည်။

​လုံချန်းအတွက်လည်း ဤရာသီဥတုတွင် ပျံသန်းခရီးနှင်ရခြင်းမှာ မလွယ်ကူလှပေ။ နှင်းမုန်တိုင်းများ ကြုံရသည့် အခါတိုင်း သူသည် ခရီးကို ရပ်နားကာ မင်ရင်နှင့်အတူ ခိုလှုံရာ ရှာရလေ့ ရှိပေသည်။

​ထို့ကြောင့် သူတို့၏ ခရီးစဉ်မှာ ထင်ထားသည်ထက် ပိုမို နှောင့်နှေးလာခဲ့ရ၏။

​ဤသို့ ခေတ္တရပ်နားရခြင်းမှာ လုံချန်းအတွက်မူ သူ၏ ဇနီးနှင့်အတူ သီးသန့် အချိန်ကုန်ဆုံးရန် အခွင့်အရေး ပိုရစေခဲ့သည်။ သူသည် နှင်းများကို ခိုလှုံရင်း မင်ရင်နှင့်အတူ အချိန်ကုန်ဆုံးနိုင်ခဲ့ကာ သူမအား နိယာမများနှင့် ပတ်သက်သော အသိပညာအချို့ကိုလည်း သင်ကြားပေးနိုင်ခဲ့ပေသည်။

​သူမအတွက် သူ ရွေးချယ်ပေးခဲ့သော နိယာမမှာလည်း မင်လန်ကို သင်ကြားပေးခဲ့သည့် ပုံရိပ်ယောင်ပင် ဖြစ်၏။

​ခုနစ်ရက်တာ အချိန် ကုန်ဆုံးသွားသောအခါ သူသည် လူစားလဲလိုက်ပြီး ရွှယ်ကို ခေါ်ထုတ်လိုက်ပြန်သည်။

​ခရီးစဉ်မှာ ဖြည်းဖြည်းချင်း ဆက်လက် ရွေ့လျားနေစဉ် အချိန်များမှာလည်း လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။

​မကြာမီမှာပင် သုံးလတာ အချိန်မှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

​ဤကာလအတွင်း လုံချန်းသည် သူ၏ ဇနီးများကို သတ်မှတ်ထားသော နိယာမများအကြောင်း သိနိုင်သမျှ သိရှိအောင် သင်ကြားပေးနိုင်ခဲ့ပေသည်။ ထို့ပြင် သူသည် ညတိုင်းတွင် သူတို့နှင့်အတူ ယင်ယန်ကျင့်စဉ်ကို ကျင့်ကြံခဲ့သဖြင့် သူတို့အားလုံး၏ ကျင့်ကြံမှုမှာလည်း တိုးတက်လာခဲ့၏။

​သူ၏ ကိုယ်ပိုင် ကျင့်ကြံမှုမှာလည်း ဤကာလအတွင်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပေသည်။

​ယခုအခါ သူသည် ကောင်းကင် အဆင့် ၉ သို့ ရောက်ရှိနေပြီဖြစ်ကာ ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာရန် ခြေလှမ်း နှစ်လှမ်းသာ လိုတော့လေသည်။

All Chapters