အခန်း (၈၇၁-၈၇၂)
Vol. 86 Ch. 871-872
အခန်း (၈၇၁) ဂုဏ်ပြုခြင်း
လုံချန်းသည် ကောင်းကင် အဆင့် ၉ သို့ ရောက်ရှိနေပြီဖြစ်ကာ အသက်နှစ်ဆယ်ပင် မပြည့်သေးချေ။ ကောင်းကင်ဘုံ အဆင့်သို့ ရောက်ရန် အဆင့်ငယ် နှစ်ဆင့်သာ လိုတော့သော်လည်း ကြယ်တာရာ အင်ပါယာသို့ မရောက်မီ ထိုအဆင့်သို့ ရောက်ရှိရန် အချိန်အလုံအလောက် မရှိတော့ဟု သူ ယူဆထားမိသည်။
"ငါတို့ မနက်ဖြန်ကျရင် အင်ပါယာထဲကို ဝင်ကြတော့မယ်။ အဲဒီကျရင်တော့ မင်းက ပြန်သွားရလိမ့်မယ်။ ကျန်တဲ့ ခရီးကိုတော့ ဟိုတစ်ကောင်နဲ့ပဲ ဆက်သွားကြတာပေါ့" လုံချန်းက မြွေဘုရင်ကို ဆိုလိုခြင်းဖြစ်ကာ နေဝါးမျိုလင်းယုန်နှင့် ခရီးဆက်မည့်အကြောင်း ပြောလိုက်၏။
"ဘာလို့ အခုမှ သူဖြစ်သွားရတာလဲ။ ဒီကိုလည်း ရောက်နေပြီပဲ၊ ငါကပဲ မင်းကို အဆုံးအထိ ပို့ပေးလို့ ရတာပဲဥစ္စာ" မြွေဘုရင်က ပြန်မေးသည်။
"ငါတို့က အစွမ်းထက်တဲ့သူတွေ နေထိုင်ရာ ဒေသထဲကို ဝင်တော့မှာလေ။ အခုထိတော့ ငါတို့က လူသူမရှိတဲ့ လမ်းကြောင်းတွေကနေ တိုင်းပြည်တွေကို ရှောင်ပြီး လာခဲ့ကြတာ။ ဒါပေမဲ့ အင်ပါယာက ငါတို့ရဲ့ ပန်းတိုင်ဖြစ်နေတော့ ရှောင်လွှဲလို့ မရတော့ဘူး" လုံချန်းက ညင်သာစွာ ရှင်းပြလိုက်၏။
"အခုထိတော့ ဘယ်သူ မြင်မြင် ငါတို့ ဂရုစိုက်စရာ မလိုခဲ့ဘူး။ ဒါပေမဲ့ အင်ပါယာထဲမှာတော့ အဲဒီလို လုပ်လို့မရဘူး။ မင်းလို ရှားပါးတဲ့ မြွေကြီးတစ်ကောင်က လူတွေရဲ့ အာရုံစိုက်မှုကို အများကြီး ဆွဲဆောင်လိမ့်မယ်။ အင်ပါယာထဲမှာ မင်းမပါဘဲ သွားတာက ပိုကောင်းလိမ့်မယ်။ အနည်းဆုံးတော့ မင်ယုရဲ့ အဖေနဲ့ မတွေ့မချင်းပေါ့" သူက ဆက်ပြောသည်။
"မင်းကတော့ တကယ့်ကို စိတ်အနှောင့်အယှက် ပေးတာပဲ။ ဒါပေမဲ့ မင်းပြောတာလည်း မှန်ပါတယ်။ ဒီဘုရင်ကြီးရဲ့ ဘုန်းအာနုဘော်က တအား တောက်ပလွန်းတော့ လူတိုင်းက ဝိုင်းကြည့်ပြီး ချီးကျူးနေကြမှာ။ ငါလည်း ဒီရက်ပိုင်း အာရုံစိုက်ခံရတာကို သိပ်သဘောမကျဘူး။ သားရဲနယ်မြေထဲမှာပဲ အနားယူတော့မယ်" မြွေဘုရင်က ဆိုသော်လည်း သူ၏ လေသံထဲတွင် စိတ်ပျက်မှု အနည်းငယ် ပါဝင်နေသည်ကို သိသာလှပေသည်။
"စိတ်မကောင်းမဖြစ်ပါနဲ့။ မင်းကို သားရဲနယ်မြေထဲ ပြန်သွားရမယ်လို့ ငါ မပြောပါဘူး" လုံချန်းက ရယ်မောရင်း ဆိုလိုက်၏။
"ဒါဆို ဘာကို ဆိုလိုတာလဲ။ မင်းက ဟိုတစ်ကောင်နဲ့ သွားမယ်ဆို"
"မင်းကို စီးတော်ယာဉ်အဖြစ် မသုံးတော့ဘူးလို့ပဲ ငါပြောတာပါ။ ငါနဲ့အတူ မလိုက်ရဘူးလို့ မပြောပါဘူး။ အရင်လိုပဲ ငါနဲ့အတူ လိုက်လို့ရပါတယ်" လုံချန်းက ပြန်ဖြေလိုက်၏။
"ဒါဆိုရင် ငါက လူတွေ အာရုံစိုက်တာ ခံရမှာ မဟုတ်ဘူးလား"
"မင်းလို အစွမ်းထက်တဲ့သူ တစ်ယောက်အတွက် အဲဒါက ပြဿနာ ဖြစ်နေလို့လား" လုံချန်းက ရယ်မောရင်း ဆိုလိုက်သည်။ "မင်းက ကိုယ်ထည် အရွယ်အစားကို စိတ်ကြိုက် ထိန်းချုပ်နိုင်တာပဲ။ ကြီးအောင် လုပ်လို့ရသလို သေးအောင်လည်း လုပ်လို့ရတာပဲ မဟုတ်လား"
"မင်း ကိုယ်ကို သေးသေးလေး လုပ်ပြီး ငါနဲ့အတူ လိုက်လို့ရပါတယ်။ အဲဒါက မင်းအတွက်လည်း မပင်ပန်းပါဘူး။ ဒါပေမဲ့ မင်း မလိုက်ချင်ဘူးဆိုရင်တော့ ငါ အတင်းအကျပ် မတိုက်တွန်းပါဘူး"
"ဟွန်း... မင်းက ငါ့ရဲ့ လက်ရုံးတစ်ဆူပဲ။ မင်းတစ်ယောက်တည်း လွှတ်ထားလို့ ဘယ်ဖြစ်မလဲ။ မင်းက ဒီလောက်တောင် တောင်းဆိုနေမှတော့ ငါ လိုက်ခဲ့ပေးပါ့မယ်" မြွေဘုရင်က ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောရင်း ဆိုလေသည်။
လုံချန်း၏ ဘေးတွင် ထိုင်နေသော မင်လန်သည် သူတို့၏ စကားပြောခန်းကို ကြည့်ပြီး ရယ်မောနေမိ၏။ သူမအတွက်မူ ထိုမြင်ကွင်းက တကယ်ကို ပျော်စရာ ကောင်းလှပေသည်။
"သူက ချစ်ဖို့ကောင်းသားပဲ" မင်လန်က မြွေဘုရင်ကို ရည်ညွှန်းကာ လုံချန်းကို ပြောလိုက်သည်။ "ကလေးလေး တစ်ယောက်လိုပဲ"
"မင်းကမှ ကလေး။ မင်းရဲ့ တစ်မိသားစုလုံးကမှ ကလေးတွေ" မြွေဘုရင်က မင်လန်၏ စကားကို သူ့အား လှောင်ပြောင်သည်ဟု ထင်ကာ ချက်ချင်းပင် ကန့်ကွက်တော့သည်။
"သူ့ကို အဲဒီလို မပြောပါနဲ့။ ကလေးတွေဆိုတာ သူတို့ကိုယ်သူတို့ ကာကွယ်တဲ့နေရာမှာ တအား ထိလွယ်ရှလွယ်တယ်ဆိုတာ မင်းသိသားပဲ" လုံချန်းက မင်လန်၏ နားနားသို့ ကပ်ကာ ပြုံး၍ တိုးတိုးလေး ပြောလိုက်၏။
"ငါ ကြားတယ်နော်" မြွေဘုရင်က အော်လိုက်သည်။
လုံချန်း၏ မျက်နှာတွင် ခါးသက်သက် အပြုံးတစ်ခု ပေါ်လာကာ ပြန်ဖြေလိုက်သည်။ "ငါ မင်းအကြောင်း ပြောနေတာ မဟုတ်ပါဘူး။ ကျိရှန်အကြောင်း ပြောနေတာ။ သူက ကလေးတစ်ယောက်လိုပဲ။ မင်း မဟုတ်ဘူး"
ကျိရှန်သည် လုံချန်းကို ကြောင်တောင်တောင် ကြည့်နေမိပြီးမှ အားရပါးရ ရယ်မောလိုက်တော့သည်။
"ဟုတ်ပါ့... ဟုတ်ပါ့... သူက ငါ့အကြောင်း ပြောနေတာပါ။ မင်လန်လည်း အရင်က အဲဒီလို ပြောဖူးတယ်။ အဲဒါကြောင့် သူက ပြန်သတိပေးနေတာ ဖြစ်လိမ့်မယ်" ကျိရှန်က လုံချန်းဘက်မှ ကူပြောပေးလိုက်၏။
"ဟင်း... ဟုတ်ပါလိမ့်မယ်။ မင်းက တစ်ခါတလေ ကလေးလို ပြုမူတတ်တာပဲ။ အဲဒီတစ်ချက်ကြောင့်ပဲ ငါက မင်းကို ငါ့ရဲ့ လက်ဝဲရံအဖြစ် မခန့်အပ်သေးတာ။ မင်းကို မင်းရဲ့ ဘုရင်လို့ မခေါ်နိုင်ခင် နောက်ထပ် အများကြီး ကြီးထွားလာဖို့ လိုသေးတယ်" မြွေဘုရင်က သက်ပြင်းချရင်း ကျိရှန်ကို ဆုံးမလေတော့သည်။
ကျိရှန်မှာ ပို၍ပင် အံ့အားသင့်သွားရသော်လည်း မြွေဘုရင်၏ အကျင့်ကို သိထားသဖြင့် ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။
လုံချန်းနှင့် မင်လန်တို့မှာမူ အကြောင်းမဲ့ သက်သက် အဆူခံလိုက်ရသော ကျိရှန်ကို ကြည့်ပြီး ရယ်မောနေကြတော့သည်။
လုံချန်းက ကျိရှန်း၏ ပုခုံးကို ပုတ်ပေးရင်း အရက်တစ်ပုလင်း ပေးလိုက်၏။
"ငါတို့ အတူတူ သောက်ကြရအောင်။ ဒီနေ့ကတော့ ဒီလို လွတ်လွတ်လပ်လပ် ခရီးသွားရမယ့် နောက်ဆုံးနေ့ပဲ။ မနက်ဖြန်ဆိုရင် အင်ပါယာထဲ ရောက်ပြီ။ ဒီနေ့တော့ အနားယူနိုင်သလောက် အနားယူကြတာပေါ့" သူက ပြုံးရွှင်စွာ ဆိုလိုက်သည်။
ကျိရှန်က ပုလင်းကို ယူကာ အဖုံးကို ဖွင့်လိုက်၏။ "ကံကောင်းတာက ရာသီဥတုကလည်း အတော်လေး ကောင်းပါတယ်။ ဒီနေ့ နှင်းမုန်တိုင်းလည်း မရှိဘူး"
လုံချန်းကလည်း အခြားပုလင်း တစ်လုံးကို ထုတ်လိုက်သည်။
သူတို့နှစ်ဦးသည် ပုလင်းချင်း တိုက်လိုက်ကြပြီးနောက် အရက်ကို အရသာရှိရှိ သောက်လိုက်ကြတော့သည်။
"ဒါက တကယ်ကို အံ့သြဖို့ ကောင်းတာပဲ။ မြို့ငယ်လေး တစ်မြို့မှာ ဒီလို အရသာရှိတဲ့ အရက်ရှိလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ" ကျိရှန်က ချီးကျူးလိုက်၏။
"ဟုတ်တယ်... ငါတို့ အဲဒီမြို့မှာ ခဏရပ်ပြီး ပစ္စည်းအချို့ ဝယ်ဖို့ ဆုံးဖြတ်ခဲ့တာ တကယ်ကို ကံကောင်းတာပဲ" လုံချန်းက ပြုံး၍ ပြန်ဖြေသည်။
"ဒါပေမဲ့ မင်းက ရှိသမျှ ပုလင်းတွေ အကုန်ဝယ်ခဲ့တာကိုး။ ပုလင်းပေါင်း တစ်ထောင်ကျော်ကို ငါတို့ တကယ်ပဲ ကုန်အောင် သောက်နိုင်ပါ့မလား" ကျိရှန်က သံသယဖြင့် မေးလိုက်သည်။
"သောက်နိုင်တာပေါ့။ ဘာလို့ မသောက်နိုင်ရမှာလဲ။ ငါတို့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်။ ငါတို့နှစ်ယောက်လုံးက သက်တမ်း တစ်ထောင်ကျော်ရှိတဲ့ ကျင့်ကြံသူတွေလေ။ ပုလင်းတစ်ထောင်ဆိုတာ ငါတို့အတွက် ဘာမှ မဟုတ်ဘူး" လုံချန်းက ဆို၏။
"သူတို့မှာ လက်ကျန်သာ ရှိသေးရင် ငါ အကုန် ဝယ်ခဲ့ဦးမှာ။ ကံဆိုးတာက သူတို့ဆီမှာ ဒါပဲ ရှိတော့တာလေ" သူက သက်ပြင်းချရင်း ဆက်ပြောသည်။
သူတို့နှစ်ဦးသည် ပုလင်းများ ကုန်သွားသောအခါ နောက်ထပ် ပုလင်းများကို ထပ်မံ ဖွင့်လိုက်ကြပြန်သည်။
ဖြူဖွေးသော နှင်းများမှာ မြေပြင်နှင့် လမ်းမများပေါ်တွင် ဖုံးလွှမ်းနေ၏။ မြွေကြီးတစ်ကောင်မှာမူ အေးစက်လှသော လေပြင်းများကို အံတုရင်း ဟာလာဟင်းလင်း ကောင်းကင်ယံထက်တွင် ပျံသန်းနေပေသည်။
လုံချန်းနှင့် ကျိရှန်တို့ သောက်စားမြူးထူးနေကြစဉ် မင်လန်သည် သူမ၏ ဆံပင်ရှည်များ လေထဲတွင် လွင့်မျောနေရင်း ဝေးလံသော အရပ်ဆီသို့ ငေးကြည့်နေမိ၏။
မနက်ဖြန်ဆိုလျှင် သူတို့ အင်ပါယာထဲသို့ ဝင်ရောက်ကြတော့မည်။ ထိုအခါ အရာအားလုံး ပြောင်းလဲသွားမလားဟု သူမ တွေးတောနေမိသည်။ သူတို့သည် အစွမ်းထက်သော ပုဂ္ဂိုလ်များ၏ တိုက်ပွဲအလယ်သို့ ရောက်ရှိကြတော့မည် မဟုတ်လော။
လုံချန်းသည် အစွမ်းထက်သူ ဖြစ်လင့်ကစား ဤနေရာမှာ သူ၏ ဘေးကင်းလုံခြုံမှုအတွက် စိတ်ချရသော နေရာတစ်ခု မဟုတ်ချေ။ သူ၏ စွမ်းရည်အားလုံးနှင့်တိုင် သူ ဒဏ်ရာမရဟု မည်သူမျှ အာမမခံနိုင်ချေ။
လာမည့် လအနည်းငယ်အတွင်းမှာ မည်သည်များ ဖြစ်လာမည်နည်းဟု သူမ စိုးရိမ်ပူပန်နေမိသည်။ ထို့ပြင် အနာဂတ်တွင် ဆိုးရွားသောအရာတစ်ခုက သူတို့ကို စောင့်ကြိုနေသည်ဟူသော ခံစားချက်တစ်ခုကိုလည်း သူမ ရရှိနေပေသည်။ ထိုခံစားချက်က မည်သို့ ဖြစ်ကြောင်းကို သူမ မသိသော်လည်း ၎င်းက သူမ၏ စိတ်အား ညှဉ်းပန်းနှိပ်စက်နေ၏။
ထိုခံစားချက်မှာ သူမထံမှ ပျောက်ကွယ်မသွားချေ။ အင်ပါယာထဲတွင် တစ်ခုခုက သူတို့ကို စောင့်ကြိုနေခြင်းလား သို့မဟုတ် ပိုမိုဝေးကွာသော အနာဂတ်အတွက် ခံစားချက်လားဆိုသည်ကို သူမ မဝေခွဲနိုင်တော့ပေ။
မည်သူမျှ မရှာဖွေနိုင်သော မေ့လျော့နေသည့် နယ်မြေတစ်ခု၌ နန်းတော်တစ်ဆောင် ရှိနေပေသည်။
ထိုနန်းတော်၏ အနက်ရှိုင်းဆုံး အခန်း၏ အလယ်ဗဟိုတွင် ခေါင်းတလားတစ်လုံး ရှိနေ၏။
ခေါင်းတလားမှာ အဖုံးပိတ်မထားချေ။ အထဲတွင် လဲလျောင်းနေသော အရာကို အားလုံး မြင်နိုင်ရန် ဖွင့်လှစ်ထားခြင်း ဖြစ်လေသည်။
အခန်း (၈၇၂) ထျန်းရှန် ရှိရာအရပ်
နတ်ဘုရားများပင် လက်လှမ်းမမီနိုင်သော အမည်မသိ အရပ်ဒေသတစ်ခုရှိ သီးသန့် အခန်းငယ် တစ်ခန်း၏ အလယ်တွင် သွေးရောင်လွှမ်းသော ခေါင်းတလားနီကြီး တစ်လုံး ရှိနေပေသည်။
ဤနေရာသည် မည်သည့်အရပ်ဖြစ်ကြောင်း သော်လည်းကောင်း၊ ဤနေရာ၌ မည်သူနေထိုင်ကြောင်း သော်လည်းကောင်း မည်သူမျှ မသိရှိကြချေ။ ၎င်း၏ တည်ရှိမှုသည် လျှို့ဝှက်ချက်တစ်ခုသာ ဖြစ်၏။
ထိုသွေးရောင်ခေါင်းတလားကြီးပေါ်တွင် ရွှေရောင်အကြောအမျှင်များစွာ ရှိနေပြီး ထိုအကြောအမျှင်များမှာ ခေါင်းတလား တစ်ခုလုံးကို ရစ်ပတ်ထားကြပေသည်။
ခေါင်းတလား၏ အဖုံးမှာမူ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေ၏။ အဖုံးပေါ်၌ နဂါးတံဆိပ်တစ်ခု ခတ်နှိပ်ထားသော်လည်း ထိုနဂါးမှာ ဖီးနစ်ငှက်ကဲ့သို့ အတောင်ပံများ ရှိနေပြီး မီးလျှံများကို အစိုးရသူအလား မီးတောက်များ ဝန်းရံနေပေသည်။
ခေါင်းတလားအတွင်း၌မူ အမျိုးသားတစ်ဦး လဲလျောင်းနေ၏။
ထိုသူသည် အသက်သုံးဆယ်ပင် မပြည့်သေးသည့်ပုံ ပေါက်သော်လည်း သူ၏ မျက်နှာတွင် အရေးအကြောင်းတစ်ကြောင်းမျှ မရှိချေ။ အသားအရေမှာလည်း ချောမွတ်နေ၏။ မုတ်ဆိတ်ကျင်စွယ် မရှိသော်လည်း မီးလျှံကဲ့သို့ နီရဲတောက်ပသော ဆံပင်ရှည်ကြီးများ ရှိပေသည်။
သူ၏ မျက်လုံးများကို မှိတ်ထားသဖြင့် မျက်လုံးအရောင်ကို ခန့်မှန်းရန် ခက်ခဲလှ၏။ သူ၏ မျက်ဝန်းထောင့်တွင်မူ ဟိုးရှေးယခင်ကပင် စီးကျခဲ့ဟန်တူသော သွေးမျက်ရည်စက်များမှာ ခြောက်သွေ့လျက် ကျန်ရစ်နေခဲ့သည်။
ဆံပင်အများစုမှာ ကျောဘက်တွင် ရှိနေသော်လည်း အချို့မှာမူ ပုခုံးပေါ်မှတစ်ဆင့် ရင်ဘတ်ပေါ်သို့ ဝဲကျနေပေသည်။
ထိုသူသည် အေးချမ်းစွာ အိပ်ပျော်နေပုံရ၏။ မည်မျှကြာအောင် အိပ်စက်နေခဲ့သည်ကို မသိရသော်လည်း ခေတ္တခဏမျှတော့ မဟုတ်နိုင်သည်မှာ သေချာလှပေသည်။
ဤခေါင်းတလားနှင့် ထိုအမျိုးသားမှတစ်ပါး ခန့်ညားလှသော ဤနတ်ဘုရားနန်းတော်ကြီးအတွင်း၌ အခြားမည်သူမျှ မရှိချေ။ နန်းတော်အတွင်း၌သာမက အပြင်ဘက်တွင်ပင် လူသူတစ်ဦးတစ်ယောက်မျှ မမြင်ရချေ။
အကယ်၍ လုံချန်းသာ ဤနေရာသို့ ရောက်လာခဲ့ပါက ထိုသူကို အလွယ်တကူ မှတ်မိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အိပ်မက်များထဲတွင် ထိုသူကို အကြိမ်အနည်းငယ် မြင်တွေ့ခဲ့ဖူးသောကြောင့်ပင်။
ထိုသူမှာ လုံချန်း အမြဲတစေ သိချင်နေခဲ့သော အခြားသူမဟုတ်သည့် ထျန်းရှန်ပင် ဖြစ်တော့သည်။ ထျန်းရှန်သည် အသက်ရှူနေဆဲ ဖြစ်သဖြင့် သူ သေဆုံးနေခြင်း မဟုတ်သည်မှာ ထင်ရှားလှ၏။ သို့သော် သူ၏ အသက်ရှူနှုန်းမှာ အလွန်နှေးကွေးလွန်းသဖြင့် အိပ်မေ့ပျော်နေခြင်း သို့မဟုတ် သတိမေ့မြောနေခြင်းနှင့် ပိုတူနေပေသည်။
သူသည် လှုပ်ရှားခြင်း မရှိသော်လည်း သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ရစ်သိုင်း ဝန်းရံနေ၏။ ထိုအရှိန်အဝါ တစ်ခုတည်းနှင့်ပင် ကမ္ဘာဂြိုဟ်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သော်လည်း ထိုစွမ်းအင်များကို ခေါင်းတလားကပင် ထိန်းချုပ်ထားပေးခြင်း ဖြစ်ပေသည်။
ထိုကြောက်မက်ဖွယ် စွမ်းအင်များကို ထိန်းချုပ်ရန် တစ်စုံတစ်ယောက်က သူ့ကို ခေါင်းတလားထဲ ထည့်ထားခဲ့ခြင်းလား သို့မဟုတ် ထျန်းရှန်ကိုယ်တိုင်ကပင် သူ၏ စွမ်းအင်များကြောင့် ပျက်စီးခြင်းများ မဖြစ်စေရန် ခေါင်းတလားထဲတွင် အိပ်စက်ရန် ဆုံးဖြတ်ခဲ့ခြင်းလား ဆိုသည်မှာမူ မသေချာချေ။
လုံချန်းကို စိုးရိမ်ပူပန်စေခဲ့သော ထိုလူသားမှာ ခေါင်းတလားအတွင်း၌ အေးချမ်းစွာ ရှိနေခဲ့ပေသည်။
ကံဆိုးလှသည်မှာ လုံချန်းသည် ဤစိတ်အနှောင့်အယှက်ပေးလှသော ပုဂ္ဂိုလ်ကြီးမှာ မည်သည့် ခုခံမှုမျှ မရှိဘဲ ဤနေရာတွင် ငြိမ်သက်စွာ ရှိနေသည်ကို မသိရှိခဲ့ခြင်းပင်။ အကယ်၍ လုံချန်းသာ ထျန်းရှန် ရှိရာအရပ်ကို သိရှိခဲ့ပြီး ထိုနေရာသို့ ရောက်ရှိနိုင်မည့် နည်းလမ်းသာ ရှိခဲ့မည်ဆိုလျှင် သူသည် စက္ကန့်ပိုင်းမျှပင် နှောင့်နှေးနေမည် မဟုတ်ချေ။ ဤနတ်ဘုရားက ပေးသနားသော အခွင့်အရေးကို အသုံးချ၍ ထျန်းရှန်အား အပြတ်ရှင်းရန် သူ အစွမ်းကုန် ကြိုးစားမည်မှာ ဧကန်ပင် ဖြစ်၏။
သို့သော် ၎င်းမှာ မဖြစ်နိုင်သော ကိစ္စတစ်ခုပင်။ လုံချန်းသည် ဤနေရာကို မသိရုံသာမက သိခဲ့လျှင်ပင် ဤနေရာသို့ ရောက်လာနိုင်လိမ့်မည် မဟုတ်ချေ။ လုံချန်းသာမက နတ်ဘုရားများနှင့် မိစ္ဆာများပင်လျှင် ဤနေရာသို့ ဝင်ရောက်နိုင်စွမ်း မရှိကြချေ။
ထျန်းရှန်၏ အမှန်တကယ် ရှိရာအရပ်ကို မသိရှိရှာသော ရွှင်းသည် သူမ၏ အတုအယောင် မှတ်ဉာဏ်များအတိုင်း သူသည် မှန်ချပ်အတွင်း၌ ပိတ်မိနေသည်ဟု ထင်မှတ်နေဆဲ ဖြစ်၏။ သူမသည် အရိပ်တစ်ခုကို ပြသနေသော ထိုမှန်ချပ်ကို စိုက်ကြည့်နေမိသည်။ မှန်ချပ်သည် ထျန်းရှန်ကို ပိတ်လှောင်ထားသည့် အကျဉ်းထောင်ဖြစ်ပြီး လုံချန်းသည် ထိုထောင်အား ဖွင့်နိုင်မည့် သော့ချက်ဖြစ်သည်ဟု သူမ ယုံကြည်နေရှာသည်။
အရူးလုပ်ခံနေရသူမှာ လုံချန်း တစ်ယောက်တည်း မဟုတ်သည်ကို သူမ မသိရှိချေ။ အမှန်တရားကို မသိရှိသေးသော သူမသည် ဤကိစ္စတွင် အကြီးမားဆုံးသော အရူးကြီး ဖြစ်နေပေသည်။ သူမသည် အမှန်တရားများ ပေါ်ပေါက်လာပြီး နောက်ပိုင်းတွင် အသုံးမဝင်တော့သည့် ပဟေဠိ အစိတ်အပိုင်းလေးတစ်ခုမျှသာ ဖြစ်တော့၏။
အတုအယောင် သွေးမျိုးဆက် ကျောင်းတော်အတွင်း၌ ရွှင်းသည် မှန်ချပ်နှင့် ထိုအရိပ်တုကို ကြည့်ရင်း အလုပ်ရှုပ်နေချိန်တွင် စစ်မှန်သော သွေးမျိုးဆက် ကျောင်းတော်အတွင်း၌မူ လုံထျန်းသည် သူ၏ ကိုယ်ပိုင်ကိစ္စတစ်ခုဖြင့် အလုပ်ရှုပ်နေပေသည်။
သူသည် သူ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ခံခဲ့ရစဉ်က လုံချန်း၏ စိတ်အာရုံနှင့် ဆုံတွေ့ခဲ့ဖူးသော ဟာလာဟင်းလင်း ဖြစ်နေသည့် အမှောင်ထုထဲတွင် လွင့်မျောနေ၏။
သူသည် မျက်လုံးများကို မှိတ်ထားရင်း လေထဲတွင် ဝဲပျံနေပေသည်။
သူသည် စစ်မှန်သော သွေးမျိုးဆက် ကျောင်းတော်အတွင်း၌ ရှိနေလင့်ကစား သူ၏ မျက်လုံးများမှာမူ လုံချန်း၏ သိုင်းဟင်းလင်းပြင် အတွင်းရှိ သူ၏ သိုင်းဝိညာဉ်ထံသို့ ရောက်ရှိနေပုံရ၏။
ယခုတစ်ကြိမ်တွင်မူ သိုင်းဝိညာဉ်မှာ အနည်းငယ် ကွဲပြားနေပေသည်။ ၎င်းမှာ အနည်းငယ် ပို၍ အားနည်းသွားပုံရကာ အရောင်မှာလည်း ပို၍ ဖျော့တော့နေ၏။ ၎င်းကို အစကတည်းက သေသေချာချာ စောင့်ကြည့်နေသူမှတစ်ပါး အခြားသူများ သိနိုင်ရန် ခက်ခဲလှပေသည်။
သို့သော် ထိုဝိညာဉ်မှာ အဘယ်ကြောင့် အားနည်းသွားရသနည်း ဆိုသည်မှာမူ မရှင်းလင်းလှချေ။
အနီရောင် အမြူတေမှာမူ သိုင်းဟင်းလင်းပြင်အတွင်း၌ နေမင်းပမာ လွင့်မျောနေဆဲဖြစ်ကာ ထိုနေရာတစ်ခုလုံးကို လင်းထိန်စေခဲ့၏။ ၎င်းသည် ဝိညာဉ်အား ဖြည်းဖြည်းချင်း ပြန်လည် နာလန်ထူနိုင်စေရန် သူ၏ စွမ်းအင်အချို့ကိုလည်း ဝေမျှပေးနေပေသည်။
ဟင်းလင်းပြင်အတွင်းရှိ နိယာမ မျိုးစေ့ အားလုံးမှာလည်း ပျိုးပင်လေးများအဖြစ် ကြီးထွားလာခဲ့ပြီ ဖြစ်၏။ အမှောင် နိယာမ မျိုးစေ့မှာလည်း အမှောင်ထုအပေါ် သူ၏ နားလည်မှု တိုးတက်လာသည်နှင့်အမျှ ပျိုးပင်လေးအဖြစ် ကြီးထွားလာခဲ့ပြီ ဖြစ်သည်။
ထိုဟင်းလင်းပြင်အတွင်း၌ နှလုံးသားမိစ္ဆာ ရှိနေသော်လည်း ၎င်းမှာလည်း အသွင်ပြောင်းလဲနေ၏။ ၎င်းသည် ယခင်က ရှိခဲ့သော အရွယ်အစား၏ ထက်ဝက်မျှသာ ရှိတော့ပေသည်။
၎င်းမှာ နှလုံးသားမိစ္ဆာ၏ ဒေါသကို ကိုယ်စားပြုသော ထက်ဝက်ကို ဝိညာဉ်လောကရှိ လုံချန်း၏ ကိုယ်ပွားထံသို့ ပေးအပ်လိုက်သောကြောင့် ဖြစ်ပေသည်။
အခြားထက်ဝက်နှင့် ခွဲခွာသွားပြီးနောက်တွင် နှလုံးသားမိစ္ဆာမှာ ပို၍ သေးငယ်ကာ အားနည်းသွားခဲ့တော့လေသည်။
နေရက်သစ်သို့ ရောက်ရှိလာခဲ့ပြန်ပြီ။ ထိုနေ့ရက်သည် နောက်ထပ် နှင်းမုန်တိုင်းတစ်ခုကိုပါ သယ်ဆောင်လာခဲ့၏။
လုံချန်းနှင့် အခြားသူများမှာ နှင်းမုန်တိုင်းကြားတွင် ပျံသန်းခြင်း မပြုလိုသဖြင့် ထပ်မံ၍ ခိုလှုံရာ ရှာဖွေခဲ့ကြပြန်သည်။
နှင်းမုန်တိုင်း စတင်ချိန်တွင် သူတို့သည် အင်ပါယာအတွင်းသို့ ရောက်ရှိရုံသာ ရှိသေး၏။ လောလောဆယ်တွင် သူတို့သည် ရှေးဟောင်းပုံစံပေါက်နေသော မြို့ငယ်လေးတစ်မြို့၏ အထက်တွင် ရောက်ရှိနေကြသည်။ သူတို့သည် ထိုမြို့လေးအတွင်း၌ ခိုလှုံရန် ဆုံးဖြတ်လိုက်ကြ၏။
လုံချန်းတွင် အင်ပါယာ၏ ငွေကြေး မရှိသဖြင့် သူသည် လူသားအဆင့် လက်နက်တစ်လက်ကို ပေး၍ တည်းခိုခန်းတွင် တည်းခိုခွင့် ရယူလိုက်သည်။
၎င်းမှာ အင်ပါယာတစ်ခုဖြစ်ပြီး လူသားအဆင့် လက်နက်မှာ အနိမ့်ဆုံးအဆင့်ဖြစ်သော်လည်း ဤနေရာတွင် ရွှေဒင်္ဂါးအနည်းငယ်ထက် ပို၍ တန်ဖိုးရှိသဖြင့် တည်းခိုခန်းက ဝမ်းသာအားရ လက်ခံခဲ့ပေသည်။
လုံချန်းသည် ရတနာတိုက်ပေါင်းများစွာကို လုယက်ခဲ့သူဖြစ်ရာ လူသားအဆင့် လက်နက်တစ်လက်မှာ သူ့အတွက် မည်သည်မှ မဟုတ်ချေ။ ဝိညာဉ်အဆင့် သို့မဟုတ် ရွှေအဆင့် လက်နက်များကို ပေးရမည်ဆိုလျှင်ပင် သူ တွန့်ဆုတ်နေမည် မဟုတ်ချေ။ သူတို့ သုံးဦးသည် တည်းခိုခအတွက် ငွေပေးချေပြီးနောက် အခန်းတွင်းသို့ လျှောက်လှမ်းခဲ့ကြတော့လေသည်။