အခန်း (၈၇၇-၈၇၈)
Vol. 86 Ch. 877-878
အခန်း (၈၇၇) ကျိန်စာသင့် ကလေးငယ်
"အရာအားလုံးက ပုံမှန်ဖြစ်လွန်းနေတယ်။ အဲဒီမိန်းကလေးကို ငါ အသက်လုပြီး အပေါ်ထပ်ကို ပွေ့ချီသွားတာတောင် ဘယ်သူမှ လာမကြည့်ကြဘူး" ကျီရှန်က ထောက်ပြလိုက်၏။
"မင်းပြောမှပဲ ဒါက တကယ်ကို သံသယဖြစ်စရာ ကောင်းနေတာပဲ" ဟလုံချန်းက ကျီရှန်၏ စကားကို ထောက်ခံရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ ၎င်းမှာ အမှန်တကယ်ပင် ထူးဆန်းနေပေသည်။
"အဲဒီမိန်းကလေးကိုတော့ ငါ ကိုယ်တိုင် စစ်ဆေးပြီးပြီ။ သူ့မှာ ဘာမှ သံသယဖြစ်စရာ မရှိဘူး။ ဒါကြောင့် သူ့အတွက်တော့ ငါတို့ စိုးရိမ်စရာ မလိုပါဘူး။ ထူးဆန်းနေတာက လူတွေက ဘာလို့ ဘာတုံ့ပြန်မှုမှ မရှိကြတာလဲ ဆိုတာပဲ" သူက ဆက်ပြောသည်။ "ဒါကိုတော့ သူတို့ဆီကပဲ အဖြေတောင်းရမှာပေါ့"
သူသည် လှေကားမှ အောက်ထပ်သို့ စတင်ဆင်းသက်ခဲ့၏။ မင်လန်ကလည်း သူ့နောက်မှ လိုက်ပါလာခဲ့သည်။
ကျီရှန်သည် စိမ်းလန်းသော ဆံပင်ရှိသည့် မိန်းကလေး အေးချမ်းစွာ အိပ်ပျော်နေသော အခန်းဘက်သို့ ခေတ္တမျှ လှည့်ကြည့်ကာ တွန့်ဆုတ်နေမိသေး၏။
သူသည် သက်ပြင်းတစ်ချက်ကို အဝ ချလိုက်ပြီးနောက် ခေါင်းယမ်းကာ လုံချန်းနောက်သို့ လိုက်သွားခဲ့တော့သည်။
"အာ... အောက်ထပ် ရောက်လာကြပြီကိုး။ ကောင်းပါတယ်။ အခုပဲ ထွက်ကြတော့မလို့လား။ နှင်းမုန်တိုင်းလည်း ပြီးသွားပြီဆိုတော့လေ" လုံချန်းနှင့် သူ၏ သူငယ်ချင်းကို မြင်လိုက်ရသောအခါ တည်းခိုခန်း ပိုင်ရှင်က ပြုံး၍ နှုတ်ဆက်လိုက်၏။
"ဟုတ်ကဲ့... ကျွန်တော်တို့ အခန်းအပ်တော့မယ်" လုံချန်းက ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။ သူသည် ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ ပွင့်နေသော အိမ်ရှေ့တံခါးမကြီးကို မြင်လိုက်ရ၏။ တံခါး၏ သော့မှာ ပျက်စီးနေသည်ကို သူ တွေ့လိုက်ရပေသည်။
"ဪ... ကျွန်တော့် သူငယ်ချင်းက ခင်ဗျားရဲ့ တံခါးကို ဖျက်ဆီးလိုက်မိတယ်လို့ ကြားတယ်" သူက ပိုင်ရှင်ကို ပြန်ကြည့်ကာ ဆိုလိုက်၏။
"အဲဒါ ဘာမှ မဟုတ်ပါဘူး။ သော့လေး ပျက်သွားတာပဲလေ။ မင်းပေးထားတဲ့ ရတနာနဲ့တင် အကုန်လုံး ကာမိပါတယ်။ ဒါကို စိတ်ထဲ မထားပါနဲ့" ပိုင်ရှင်က ပြုံး၍ ပြန်ဖြေသည်။ သူ၏ အပြုံးမှာ တစ်စုံတစ်ခုကို ဖုံးကွယ်ထားသကဲ့သို့ သံသယဖြစ်ဖွယ် ရှိနေသည်ဟု လုံချန်း ခံစားလိုက်ရ၏။
"ကျွန်တော့် သူငယ်ချင်းက မိန်းကလေးတစ်ယောက်ကိုလည်း ပွေ့ချီလာသေးတယ်။ အဲဒီမိန်းကလေးက ဘယ်သူလဲဆိုတာ ခင်ဗျား ပြောပြနိုင်မလား" သူက တည်းခိုခန်း ပိုင်ရှင်ကို မေးလိုက်သည်။
"အဲဒီမိန်းကလေးလား။ သူ ဒီကို ရောက်လာကတည်းက သေနေပြီလို့ ငါ ထင်နေတာ။ သူ့အတွက်တော့ စိတ်မပူပါနဲ့။ သူ့ရဲ့ သေဆုံးမှုကြောင့် မင်းတို့အတွက် ဘာပြဿနာမှ ရှိလာမှာ မဟုတ်ပါဘူး။ တကယ်တမ်းတော့ လူတွေက အဲဒီမိန်းကလေး သေသွားတာကို မြင်ရင်တောင် ဝမ်းသာနေကြဦးမှာ" ထိုလူကြီးက ကုလားထိုင်ပေါ်တွင် ထိုင်ရင်း ပြန်ဖြေလိုက်၏။
"ဟင်... သူ့ကို ဘယ်သူမှ ဂရုမစိုက်ကြဘူး ဟုတ်လား။ ခင်ဗျား ဘာကို ဆိုလိုတာလဲ" လုံချန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ဪ... မင်းတို့ မသိတာလည်း မဆန်းပါဘူးလေ။ အမှန်ကတော့ ဒီမြို့မှာ ရှိတဲ့လူတွေက အဲဒီမိန်းကလေးနားကို မကပ်ချင်ကြဘူး။ သူက ကျိန်စာသင့်နေတဲ့ မိန်းကလေးပဲလေ" လူကြီးက ရှင်းပြသည်။
"သူက ကျိန်စာသင့်နေတယ် ဟုတ်လား" ကျီရှန်က အံ့သြတကြီးဖြင့် ဝင်ပြောလိုက်၏။
"ဟုတ်ပါတယ်။ သူ့အတွက် စိတ်မပူပါနဲ့။ အခုပဲ ထွက်သွားကြပါတော့။ အဲဒီ စုန်းမအကြောင်း သိပြီး မင်းတို့ရဲ့ စိတ်ကို အပျက်မခံပါနဲ့" ထိုသို့ ဆိုကာ လူကြီးက ရယ်မောလိုက်၏။
"ကျွန်တော် မေးတာကိုပဲ ဖြေစမ်း၊ အကုန်လုံးကို အသေးစိတ် ပြောပြ" ကျီရှန်သည် ထိုလူကြီး၏ စိတ်နေစိတ်ထားနှင့် သူ့ကြောင့် သေလုမျောပါး ဖြစ်ခဲ့ရသော မိန်းကလေးအပေါ် ပြောဆိုပုံကို ကြားရသောအခါ ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။
"မင်းက..." လူကြီးမှာ ထိုသို့ အငေါက်ခံလိုက်ရသဖြင့် မှင်တက်သွား၏။
"ကျွန်တော်သာ ခင်ဗျား နေရာမှာဆိုရင် သူ့စကားကို နားထောင်လိုက်မှာပဲ။ ခင်ဗျား မသေချင်ဘူး မဟုတ်လား" လုံချန်းက ပြုံးလိုက်ရင်း စားပွဲတွင် ဝင်ထိုင်လိုက်၏။
လူကြီးမှာ မိမိထက် ငယ်ရွယ်သူများက ဤကဲ့သို့ ဆက်ဆံသဖြင့် အစော်ကားခံရသည်ဟု ခံစားနေရသော်လည်း သူ ဘာမှ မလုပ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဤလူများမှာ မြို့ထဲရှိ လူများထက် များစွာ ပို၍ အစွမ်းထက်လိမ့်မည်ဟု သူ ခံစားနေရသောကြောင့်ပင်။ လူငယ်လေးများ ဖြစ်သော်လည်း သူတို့၏ စွမ်းအားမှာ မသေးလှချေ။
"ငါ အကုန်ပြောပြပါ့မယ်။ အဲဒီမိန်းကလေး နာမည်က ဖရေးလို့ ခေါ်တယ်။ သူ့အနားကို ကပ်တဲ့သူတိုင်း သေတတ်လို့ သူ့ကို ကျိန်စာသင့် ကလေးငယ်လို့ သိကြတာ" လူကြီးက ပြန်ဖြေလိုက်၏။
"သူ့အနား ကပ်တဲ့သူတိုင်း သေတယ် ဟုတ်လား" လုံချန်းက သူ၏ မေးစေ့ကို လက်ဖြင့် ပွတ်သပ်ရင်း စိတ်ဝင်တစား ရေရွတ်လိုက်သည်။
"ဘာတွေ လျှောက်ပြောနေတာလဲ! ကျိန်စာဆိုတာ ရှိမှ မရှိတာ" ကျီရှန်က ပြန်လည် ငြင်းခုံလိုက်၏။
"ငါတို့လည်း အစကတော့ အဲဒီလိုပဲ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ အဲဒီမိန်းကလေးက ငါတို့ ထင်တာမှားကြောင်း သက်သေပြခဲ့တယ်။ သူသာ ကျိန်စာမသင့်ခဲ့ရင် ရွှေဇွန်းကိုက်ပြီး မွေးလာရမယ့်သူပါ။ သူ့အဖေက ဒီမြို့လေးရဲ့ မြို့စားမင်းလေ။ သူ လိုချင်တာ အကုန်ရှိခဲ့တာ။ မြို့သူမြို့သားတွေ အားလုံးကလည်း သူ့ကို ချစ်ကြ၊ လေးစားကြတယ်" လူကြီးက စတင် ရှင်းပြလေတော့သည်။
"သူ့ရဲ့ ပထမဆုံး ကလေးကို ရခါနီးမှာပဲ ကလေးက လူ့လောကထဲ ရောက်လာသလို သူ့ဇနီးကလည်း သေမင်းဆီကို ထွက်သွားခဲ့ရတယ်။ သူ့ဇနီးက ကလေးမွေးရင်းနဲ့ သေသွားခဲ့တာ" သူက ဆိုလိုက်ရာ လုံချန်းနှင့် ကျီရှန်တို့မှာ မှင်တက်သွားကြ၏။
"ဒါတစ်ခုတည်းနဲ့တော့ သူ့ကို ကျိန်စာသင့်ကလေးလို့ သက်သေမပြနိုင်သေးပါဘူး။ ဒါပေမဲ့ မြို့စားမင်းဟာ အဲဒီညမှာပဲ နှလုံးရပ်ပြီး သေဆုံးသွားခဲ့ပြန်တယ်" သူက ဆက်ပြောသည်။
"အမေက ကလေးမွေးရင်း သေတယ်၊ အဖေက အဲဒီညမှာပဲ နှလုံးရပ်ပြီး သေတယ် ဟုတ်လား။ ဒါက တကယ့်ကို ဆိုးရွားတဲ့ ကိစ္စပဲ။ ဒါပေမဲ့ အဲဒီလောက်ကြီးတော့ မထူးဆန်းပါဘူး။ အမျိုးသမီးတွေဟာ ကလေးမွေးရင်း သေဆုံးတတ်ကြတာပဲလေ။ ဒါက စိတ်မကောင်းစရာ အမှန်တရားတစ်ခုပဲ။ ဒါအတွက် ကလေးကို အပြစ်တင်လို့ မရပါဘူး" လုံချန်းက အခြေအနေကို သုံးသပ်ကာ ပြန်ပြောလိုက်၏။
"အဖေ့အတွက်ကတော့ ဇနီးသည် သေဆုံးသွားတဲ့အတွက်ကြောင့် ထိတ်လန့်တုန်လှုပ်ပြီး ဝမ်းနည်းမှုတွေနဲ့ နှလုံးရပ်သွားတာ ရှင်းနေတာပဲ။ ကျိန်စာဆိုတာ ကျွန်တော် မမြင်ဘူး။ ခင်ဗျားတို့ အားလုံးက ကျိန်စာကို ယုံနေကြတဲ့ လူအုပ်စုကြီးလိုပဲဗျာ" သူက ခပ်ပြုံးပြုံးဖြင့် ဆက်ပြောသည်။
"ဟုတ်တယ်" ကျီရှန်ကလည်း ထောက်ခံလိုက်၏။
လူကြီး၏ မျက်နှာတွင် စိတ်ပျက်စရာ အပြုံးတစ်ခု ပေါ်လာပြီးနောက် သူက ပြန်ဖြေသည်။ "ဟင်း... လူတွေကလည်း မင်းတို့ တွေးသလိုပဲ တွေးခဲ့ကြတာပေါ့။ ဒါပေမဲ့ အဲဒီနောက်မှာတော့ မြို့စားမင်း အသစ်တစ်ယောက်ကို ရွေးချယ်ခဲ့ပြီး အဲဒီမိန်းကလေးကို မွေးစားခဲ့တယ်။ အဲဒီမှာပဲ ကျိန်စာက ဆက်ဖြစ်လာပြန်ရော"
"အဲဒီလူလည်း ထူးထူးဆန်းဆန်း သေဆုံးသွားခဲ့တယ်။ သူဟာ မိန်းကလေးကို မွေးစားပြီး ရက်ပိုင်း အကြာမှာပဲ ရုတ်တရက် ရူးသွပ်သွားပြီး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးသွားခဲ့တယ်လို့ ပြောကြတယ်"
"သူလည်း သေသွားပြန်ပြီ ဟုတ်လား" လုံချန်းက အံ့သြတကြီး ရေရွတ်လိုက်မိ၏။ သူသည် ကျိန်စာသင့်သူများကို မယုံကြည်သော်လည်း ထိုလူကြီး၏ စကားများမှာ အခြေအမြစ် မရှိဟု ပြောရန် ခက်ခဲနေပေသည်။ အဖေနှင့် အမေ သေဆုံးမှုကို ရှင်းပြနိုင်သော်လည်း တတိယမြောက်လူက ရူးသွားပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသည် ဆိုသည်မှာမူ...။
'သူ့ကို မြို့စားမင်း အသစ်အဖြစ် ရွေးချယ်ခဲ့တာဆိုတော့ အရင်က သူ မရူးခဲ့တာတော့ သေချာတယ်။ ရက်ပိုင်းအတွင်းမှာပဲ အဲဒီလို ဖြစ်သွားတယ်ဆိုတာ တကယ့်ကို သံသယဖြစ်စရာပဲ' သူက တွေးနေမိသည်။
"အဲဒီနောက်မှာ ဘာဆက်ဖြစ်သေးလဲ" ကျီရှန်က မေးလိုက်၏။
"အချို့လူတွေကတော့ အဲဒီမိန်းကလေး ကျိန်စာသင့်နေတယ်ဆိုတာကို အခုထိ မယုံကြသေးဘူး။ အဲဒီလို အမျိုးသမီးတစ်ယောက်က မိန်းကလေးကို စောင့်ရှောက်ဖို့ ဆုံးဖြတ်ခဲ့တယ်..." လူကြီးက တံခါးဘက်သို့ ငေးကြည့်ရင်း ပြောလိုက်သည်။
"နောက်ထပ် အမျိုးသမီးတစ်ယောက်လား။ ရှင် ပြောချင်တာက အဲဒီအမျိုးသမီးလည်း..." မင်လန်က ကြားဖြတ် ပြောလိုက်သော်လည်း စကားစကို ရပ်လိုက်၏။
"ဟုတ်ပါတယ်။ အဲဒီအမျိုးသမီးလည်း သေဆုံးသွားခဲ့ပြန်တယ်။ သူ မိန်းကလေးကို အိမ်ခေါ်လာပြီး တစ်လအကြာမှာပဲ ဖြစ်ခဲ့တာ။ အဲဒီအမျိုးသမီးဟာ တစ်နည်းနည်းနဲ့ လှေကားပေါ်က ချော်ကျပြီး ခေါင်းနဲ့ ဆောင့်မိကာ သေဆုံးသွားခဲ့တယ်" လူကြီးက ပြန်ဖြေလိုက်၏။
သူသည် တည်းခိုခန်း၏ လှေကားများဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများတွင် အတိတ်ကို ပြန်လည် မြင်ယောင်နေသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပေသည်။
"အဲဒီအမျိုးသမီးက ကျွန်တော့်ရဲ့ ဇနီးပါပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီအချိန်ကစပြီး အဲဒီမိန်းကလေး ကျိန်စာသင့်နေတယ်ဆိုတာကို ဘယ်သူမှ သံသယ မရှိတော့ပါဘူး။ အားလုံးက ဒါကို လက်ခံသွားကြတယ်" သူက ဆက်ပြောတော့လေသည်။
အခန်း (၈၇၈) ကံကောင်းခြင်း ဘေးဒုက္ခ
"ဒီလိုကိုး... ဒါကြောင့်လည်း အဲဒီနေ့ကစပြီး ခင်ဗျားတို့အားလုံး သူနဲ့ ဝေးဝေးမှာ နေခဲ့ကြတာပေါ့၊ ဟုတ်လား" လုံချန်းက မေးလိုက်၏။
"ဟုတ်ပါတယ်။ သူ့ကို သူ့အရင်းအနှီး မိခင်ဘက်က အိမ်ကို ပြန်ပို့လိုက်ကြပြီး အဲဒီမှာပဲ တစ်ယောက်တည်း နေစေခဲ့တာ။ သူ မတ်တတ်ရပ်နေတဲ့ နေရာနားကိုတောင် ဘယ်သူမှ မကပ်ချင်ကြတော့ သူဟာ သူစားဖို့သောက်ဖို့အတွက် ဟင်းသီးဟင်းရွက်တွေကို သူ့ဘာသာသူပဲ စိုက်ပျိုးပြီး အသက်ဆက်ခဲ့ရတာပေါ့" လူကြီးက ပြန်ဖြေသည်။
"အဲဒီလိုနဲ့ပဲ အဲဒီကလေးမလေးဟာ ကြီးပြင်းလာခဲ့ရတာပါ။ တစ်ဖက်က ကြည့်ရင်တော့ သူ အခုလို သေသွားတာကိုပဲ ငါ ဝမ်းသာမိပါတယ်။ လူတစ်ယောက် သေတာကို ဝမ်းမသာသင့်ဘူး ဆိုပေမဲ့လည်းပေါ့လေ" ဟသူက တိုးတိုးလေး ရေရွတ်လိုက်၏။
"ခင်ဗျားတို့က သူ့ကို အဲဒီလောက်တောင် မုန်းနေကြတာပဲ၊ ဘာလို့ ကိုယ်တိုင် မသတ်ပစ်ခဲ့ကြတာလဲ။ ဒါမှမဟုတ် မြို့ထဲကနေ အတင်းအကျပ် မနှင်ထုတ်ခဲ့ကြတာလဲ။ ဘာလို့ ဒီမှာ ဆက်နေခွင့် ပေးထားရတာလဲ" လုံချန်းက ဇဝေဇဝါဖြင့် မေးလိုက်ပြန်သည်။
"အဲဒါကတော့ ပြောရမှာလည်း ရှက်ဖို့ကောင်းပါတယ်ကွာ။ အမှန်အတိုင်း ပြောရရင် ငါတို့ အဲဒီကလေးမကို သတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ သူ့ကို သတ်ဖို့ ရည်ရွယ်ချက်နဲ့ အနားကို ချဉ်းကပ်တဲ့သူတိုင်းဟာ သူ့အနားကို မရောက်ခင်မှာတင် ကိုယ်တိုင် သေဆုံးသွားခဲ့ကြတာချည်းပဲ"
"လူတစ်ယောက်ဆိုရင် ရုတ်တရက် နှလုံးရပ်ပြီး သေသွားတယ်။ နောက်တစ်ယောက် ကျတော့လည်း ဘယ်ကမှန်းမသိ ရောက်လာတဲ့ တောရိုင်းသားရဲတစ်ကောင်ရဲ့ ကိုက်သတ်တာကို ခံလိုက်ရတယ်။ အဲဒီလိုပဲ သူ့ကို သတ်ဖို့ ကြိုးစားတဲ့သူတိုင်းဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ သေကုန်ကြတာပါပဲ" သူက ဆက်ပြောသည်။
လုံချန်းသည် တစ်စုံတစ်ခုကို ကောက်ချက်ချလိုက်သကဲ့သို့ ခေါင်းညိတ်လိုက်၏။ 'ဒါက သက်သေပြနေတာပဲ။ ဒီမိန်းကလေးက ထူးခြားတယ်။ သူက ကျင့်ကြံသူ တစ်ယောက် မဟုတ်ပေမဲ့ ကျိန်စာသင့်နေတာလည်း မဟုတ်နိုင်ဘူး။ ငါ ခန့်မှန်းရသလောက်ဆိုရင် ဒီမိန်းကလေးမှာ ကံတရားနဲ့ ပတ်သက်တဲ့ ရှားပါးတဲ့ အထူး ခန္ဓာကိုယ် တစ်ခုခု ရှိနေတာ ဖြစ်ရမယ်' သူက တွေးလိုက်မိသည်။
"ဘာလို့ သူ့ကို သူ့အလိုအလျောက် မြို့ကနေ ထွက်သွားခိုင်းအောင် မလုပ်ခဲ့ကြတာလဲ" မင်လန်ကလည်း သူမ၏ သံသယကို ဝင်ရောက် မေးမြန်းလိုက်၏။ အကယ်၍ သတ်လို့မရလျှင် အနည်းဆုံးတော့ ထွက်သွားခိုင်း၍ ရသည် မဟုတ်လော။
လူကြီး၏ မျက်နှာတွင် ဝမ်းနည်းဖွယ် အပြုံးတစ်ခု ပေါ်လာပြီးနောက် သူက ပြန်ဖြေသည်။ "အဲဒါလည်း လုပ်ခဲ့ပါသေးတယ်။ ငါတို့ သူ့ကို ထွက်သွားခိုင်းခဲ့ဖူးတယ်။ ဒါပေမဲ့ သူ ထွက်သွားတာနဲ့ တစ်ပြိုင်နက် ကငါတို့ မြို့မှာ အဆိုးရွားဆုံး ပြဿနာတွေ ရင်ဆိုင်လာရတော့တာပဲ။ သဘာဝဘေးအန္တရာယ်တွေ တစ်ခုပြီးတစ်ခု ကျရောက်လာလိုက်တာ၊ သူ့ကို ပြန်ခေါ်လာမှပဲ အဲဒါတွေ ရပ်သွားတော့တယ်။ ဒါကြောင့် သူ့ကို သတ်လို့လည်း မရ၊ နှင်ထုတ်လို့လည်း မဖြစ်ခဲ့ဘူး"
"သူဟာ နေရာတိုင်းမှာ ပရမ်းပတာတွေ ဖြစ်အောင် ဖန်တီးဖို့အတွက် မိစ္ဆာနတ်ဘုရားက စေလွှတ်လိုက်တဲ့ လက်နက်တစ်ခုလိုပါပဲ။ ဘယ်သူမှ သူ့ကို ဘာမှ မလုပ်နိုင်ကြဘူး။ ငါတို့ တတ်နိုင်တာဆိုလို့ သူ့ကို မြို့ထဲမှာပဲ ထားပြီး ဝေးဝေးက ရှောင်နေကြတာပဲ ရှိတယ်" ဟသူက ဆက်ပြောသည်။
"ကံကောင်းတာကတော့ အခု မင်းတို့က ငါတို့ရဲ့ နှစ်ရှည်လများ ပြဿနာကို ဖြေရှင်းပေးလိုက်တာပဲ။ အခု သူ သေသွားပြီဆိုတော့ ငါတို့ စိတ်ပူစရာ မလိုတော့ဘူးပေါ့"
"ဒါကြောင့်လည်း ခင်ဗျားတို့ထဲက တစ်ယောက်မှ အပေါ်ကို တက်မကြည့်ခဲ့ကြတာပေါ့၊ ဟုတ်လား။ သူ့ရဲ့ အလောင်းနားမှာ ရှိနေရင်တောင် ကံဆိုးမိုးမှောင်ကျလိမ့်မယ်လို့ ခင်ဗျားတို့ ထင်နေကြတာကိုး။ ခင်ဗျားတို့ကို အပြစ်မတင်ပါဘူးလေ။ ဖြစ်ပျက်ခဲ့တာတွေကို ကြည့်ရင် ဒါက ကျိုးကြောင်းဆီလျော်ပါတယ်။ ဘယ်သူမဆို ဒီလိုပဲ လုပ်ကြမှာပါ" လုံချန်းက ပြုံး၍ ပြန်ပြောလိုက်၏။
သူသည် မတ်တတ်ရပ်လိုက်ပြီး ကျီရှန်၏ အနားသို့ လျှောက်သွားခဲ့သည်။
"ငါတို့ သိချင်တာတွေ သိရပြီဆိုတော့ သွားကြရအောင်" ထိုသို့ ဆိုကာ သူသည် ကျီရှန်၏ ပုခုံးကို ပုတ်လိုက်၏။
သူသည် မင်လန်နှင့်အတူ တည်းခိုခန်း အပြင်ဘက်သို့ ထွက်လာခဲ့သည်။ ကျီရှန်မှာမူ တစ်စုံတစ်ခုကို အလေးအနက် တွေးတောနေသကဲ့သို့ မူလနေရာတွင်ပင် ရပ်မြဲအတိုင်း ရှိနေသေး၏။
စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မှ သူသည် ထွက်ပေါက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့ပြီး တည်းခိုခန်း အပြင်ဘက်သို့ ထွက်လာခဲ့တော့သည်။
'ဒီမိန်းကလေးဟာ သူ့တစ်သက်လုံးကို တစ်ယောက်တည်း ဖြတ်သန်းခဲ့ရတာပဲ။ မြို့ထဲက လူတိုင်းကလည်း သူ့ကို မုန်းကြတယ်။ မြို့ထဲမှာ မျက်နှာသစ် တစ်ယောက်ကို တွေ့လိုက်ရလို့ သူ ဒီလောက်တောင် စိတ်လှုပ်ရှားသွားတာ မဆန်းပါဘူးလေ' သူက ဖြည်းဖြည်းချင်း လျှောက်ရင်း တွေးနေမိ၏။
မကောင်းသော ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်သူတိုင်း သေဆုံးကြသည် ဖြစ်ရာ ကျီရှန်တွင် မကောင်းသော စိတ်မရှိမှန်း သိမှသာ သူမသည် သူ့အနားသို့ ကပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်လည်း သူသည် သူမကို ကယ်တင်ပါ့မလားဟု သူမက စမ်းသပ်ခဲ့ခြင်း ဖြစ်၏။ ယခုမှပင် ကျီရှန်သည် အခြေအနေ အလုံးစုံကို နားလည်သွားတော့သည်။
"မင်း ဘာတွေ တွေးနေသလဲဆိုတာ ငါ သိပါတယ်။ မင်းကို အဲဒီလို မလုပ်ဖို့ ငါ အကြံပေးချင်ပေမဲ့ မင်း တကယ် လုပ်ချင်တယ်ဆိုရင်တော့ ငါ မတားပါဘူး" လုံချန်းက ကျီရှန်၏ တွန့်ဆုတ်နေသော မျက်နှာကို ကြည့်ကာ တိုးတိုးလေး ဆိုလိုက်၏။
"ငါ သူ့အနားမှာ ရှိနေပေးချင်တယ်" ကျီရှန်က ပြန်ဖြေသည်။ သူသည် အောက်သို့ ငုံ့ကြည့်နေ၏။ "သူ့ကို ဒီမှာ တစ်ယောက်တည်း နောက်တစ်ခါ ထားမခဲ့နိုင်တော့ဘူး"
"မင်း အဲဒီလို ပြောမယ်ဆိုတာ ငါ သိပြီးသားပါ။ သူ့ကို ငါတို့နဲ့အတူ ခေါ်သွားလို့ ရတာပဲ" လုံချန်းက ပြန်ပြောလိုက်သည်။
ပုံမှန်ဆိုလျှင် ကံဆိုးမှုများကြောင့် သူတို့အားလုံးကို သေစေနိုင်သည့် အလားအလာရှိသော မိန်းကလေးတစ်ဦးကို ခေါ်သွားရန် သူ သဘောတူမည် မဟုတ်ချေ။ သို့သော် သူ စိတ်ဝင်စားစရာ တစ်ခုကို ကြားလိုက်ရခြင်း ဖြစ်၏။ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို နားထောင်ပြီးနောက် သူမတွင် ရှားပါးသည့် အထူး ခန္ဓာကိုယ် ရှိနေကြောင်း သူ သတိထားမိသွားခြင်းပင် ဖြစ်သည်။
"မဟုတ်ဘူး။ သူက တကယ်ပဲ ကျိန်စာသင့်နေတာဆိုရင် မင်းတို့ကို ထိခိုက်မှာ ငါ အဖြစ်မခံနိုင်ဘူး။ ငါပဲ သူ့အနားမှာ ကျန်ရစ်ခဲ့မယ်။ မင်းတို့ပဲ အရင်သွားကြပါ" ကျီရှန်က ခေါင်းယမ်းရင်း ပြန်ပြောလိုက်၏။
သူသည် ထိုမိန်းကလေး ကျိန်စာသင့်နေသည်ဟု အခုထိ မယုံကြည်သေးသော်လည်း သူ၏ အထင်နှင့် လုံချန်း၏ အသက်ကို အန္တရာယ်ထဲ မပစ်ထည့်လိုခြင်း ဖြစ်ပေသည်။
သူသည် မိမိ လက်လွှတ်လိုက်ရသူနှင့် တူနေရုံမျှဖြင့် ထိုသူစိမ်း မိန်းကလေးအတွက် စိတ်မကောင်းဖြစ်ကာ ကျန်ရစ်ခဲ့ရန် ဆုံးဖြတ်ခြင်းမှာ မိုက်မဲရာ ရောက်နေသော်လည်း ဤအရာကသာ သူ လုပ်ဆောင်သင့်သည့် အမှန်ကန်ဆုံးအရာဟု သူ ခံစားနေရပေသည်။
သူ ချစ်ရသော မိန်းကလေးမှာ သူ၏ မျက်စိရှေ့တွင်ပင် သေဆုံးသွားခဲ့သော်လည်း ထိုမတိုင်မီက သူမ၏ အကြောင်းအားလုံးကို သူ သိရှိခဲ့ဖူး၏။ သူမ၏ မိခင်မှာလည်း ကလေးမွေးရင်း သေဆုံးခဲ့ဖူးသဖြင့် ယခုမိန်းကလေးနှင့် တူညီချက် ရှိနေပေသည်။ ထို့ပြင် သူတို့နှစ်ဦးလုံးမှာ သူ့ကို တူညီသော စကားလုံးများဖြင့် ပြောဆိုခဲ့ကြပြန်သည်။
သူသည် ဤကဲ့သို့သော ဆုံးဖြတ်ချက်မျိုးကို ချလိုက်မိသည်ကို မိမိကိုယ်ကိုယ်ပင် မယုံနိုင်အောင် ဖြစ်နေသော်လည်း ၎င်းမှာ သူ လုပ်သင့်သည့်အရာဟု သူ ခံစားမိနေပေသည်။
"အဲဒီမိန်းကလေးက ကျိန်စာသင့်နေတာ မဟုတ်ပါဘူး။ စိတ်မပူပါနဲ့။ သူ ငါတို့နဲ့ လိုက်လာရင်လည်း ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး" လုံချန်းက ပြုံး၍ ပြန်ဖြေလိုက်၏။
"သူက ကျိန်စာသင့်နေတာ မဟုတ်ဘူး ဟုတ်လား" ကျီရှန်က အံ့သြတကြီး မေးလိုက်သည်။ ထိုမိန်းကလေး ကျိန်စာသင့်မနေပါစေနှင့်ဟု သူ မျှော်လင့်ခဲ့သော်လည်း လုံချန်း၏ စကားက ပို၍ ယုံကြည်စိတ်ချရပေသည်။ အဘယ်ကြောင့်ဆိုသော် လုံချန်းက ပို၍ ဗဟုသုတ ကြွယ်ဝသောကြောင့်ပင်။
"ဟုတ်တယ်။ ငါ ထင်တာ မမှားဘူးဆိုရင် သူ့မှာ အထူး ခန္ဓာကိုယ်တစ်ခု ရှိနေတာ။ ဒီလောကမှာ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ထူးခြားတဲ့ လူအနည်းစု ရှိကြတယ်။ သူတို့တွေကို နတ်ဘုရား သားသမီးလို့တောင် တင်စားကြတာ။ သူကလည်း အဲဒီလိုလူမျိုး ဖြစ်မယ်လို့ ငါ ထင်တယ်။ ငါတို့ ဆိပ်ကမ်းမြို့မှာ တွေ့ခဲ့တဲ့ မုဖန် ဆိုရင်လည်း အဲဒီလိုလူမျိုးပဲလေ" လုံချန်းက ဆိုလိုက်သည်။
"ဒီမိန်းကလေးမှာ ရှိနေနိုင်တာက နတ်ဘုရားမ ကံကောင်းခြင်း ဘေးဒုက္ခလို့ ခေါ်တဲ့ ထူးခြားခန္ဓာကိုယ် ဖြစ်ဖို့ များတယ်။ ဒါက အလွန်ရှားပါးတဲ့ အမျိုးအစားဖြစ်ပြီး ပိုင်ရှင်ကို ကံတရားနဲ့ ကာကွယ်ပေးတဲ့ စွမ်းအင်မျိုးပဲ" ဟသူက ရှင်းပြလိုက်၏။
သူက ဆက်လက်၍ ရှင်းပြလိုက်သည်။ "ငါ ခန့်မှန်းရသလောက်ဆိုရင် အမှန်တရားက မြို့သူမြို့သားတွေ သိထားတာနဲ့ နည်းနည်း ကွဲပြားလိမ့်မယ်။ ငါ့မှာ ယူဆချက်တစ်ခု ရှိတယ်၊ ဒါက မှားလည်း မှားနိုင်တာပေါ့လေ။ ငါ့ရဲ့ ယူဆချက်အရတော့ မိန်းကလေးရဲ့ အဖေနဲ့အမေက သဘာဝအတိုင်း သေဆုံးခဲ့ကြတာပါ။ တစ်ယောက်က ကလေးမွေးရင်း သေတယ်၊ တစ်ယောက်ကတော့ ဝမ်းနည်းလွန်းလို့ သေသွားခဲ့တာ။ အဲဒါက သူ့ရဲ့ ခန္ဓာကိုယ် စွမ်းအင်ကြောင့် မဟုတ်ပါဘူး"
"အဲဒီနောက်ပိုင်း သေတဲ့လူတွေကတော့ သူ့ကို အန္တရာယ်ပြုဖို့ ကြံရွယ်ခဲ့ကြလို့ သေကုန်ကြတာ သေချာတယ်။ လှေကားပေါ်က ချော်ကျသေတဲ့ အမျိုးသမီးဆိုရင်လည်း သူ့အပေါ် မကောင်းကြံစည်ခဲ့လို့ ဖြစ်ရမယ်" သူက ဆိုလိုက်တော့လေသည်။