← Chapters

ထပ်ခါထပ်ခါ အမှတ်ရခြင်း

Vol. 10 Ch. 136

ထပ်ခါထပ်ခါ အမှတ်ရခြင်း

Vol. 10 Ch. 136

ထိုမေးခွန်းကို လူအုပ်ထဲမှ လူများအားလုံး တွေးမိနေကြသည်။ သူတို့အားလုံး အချင်းချင်း ပြန်ကြည့်ပြီး ထိုနာမည်ပိုင်ရှင်ကို သိချင်စိတ်ဖြင့် လိုက်ရှာလေတော့သည်။

ရဲ့လင်းချန် မထင်မှတ်ဘဲ အံ့ဩသွားရသည်။ သူ နှာခေါင်းကို ပွတ်လိုက်ပြီးမှ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

“ရှောင်ရဲ့ မထွက်နဲ့၊ အဲ့ကျောက်ရီထျန်းက အရမ်း တော်လွန်းတယ်”

“ဟုတ်တယ် မင်း ဘာမှမကြားသလို နေလိုက်၊ တကယ်ဆို မင်းက ငါတို့ တက္ကသိုလ်ရဲ့ ဘက်စကတ်ဘော အသင်းထဲ ပါနေတာမှ မဟုတ်တာ”

“ရှောင်ရဲ့ အခုချိန်က မင်း ကြမ်းပြရမယ့်အချိန် မဟုတ်ဘူး၊ မင်း မယှဉ်နိုင်ရင် ရှက်စရာကြီး ဖြစ်နေလိမ့်မယ်”

သုံးယောက်သား သူ့ကို စိုးရိမ်တကြီး အကြံပေးလာသည်။

“ဘာမှမဖြစ်ပါဘူး”

ရဲ့လင်းချန် အေးအေးလူလူ ပြုံးပြလိုက်သည်။ သူ့၌ သူရဲဘောကြောင်တတ်သည့် အကျင့်မျိုး မရှိပါ။ ကျောက်ရီထျန်းကို တည့်တည့်စိုက်ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်လေသည်။

“ငါပဲ”

ထိုသို့သောအချိန်တွင် အားလုံး၏ အကြည့်က ရဲ့လင်းချန်ထံ စုပုံကျရောက်လာ၏။

“သူလား၊ သူက ဘက်စကတ်ဘောမှာ တော်တဲ့ပုံလည်း မပေါက်ပါဘူး”

“သူက အရပ်မရှည်ဘူး၊ တစ်ရာ့ရှစ်ဆယ် စင်တီမီတာ စွန်းစွန်းလောက်ပဲ ရှိတယ်၊ အရပ်မှာ အားသာနေတာမျိုးလည်း မရှိဘူး”

“ပီကင်းတက္ကသိုလ်က လူတွေက အရှုံးကို လက်မခံနိုင်လို့ ဟန်လုပ်နေတာလား၊ ဒါ သူတို့ တက္ကသိုလ်ရဲ့ အကောင်းဆုံး ကမ်းလှမ်းမှုလား”

ဟွာချင်တက္ကသိုလ် လူအုပ်တွင်း၌ စာအုပ်ဖတ်နေသော ရှုဝမ်ချင် ရုတ်တရက် ခေါင်းမော့လာသည်။ ရဲ့လင်းချန်ကို တွေ့သောအခါ သူမ မျက်မှောင်ကြုတ်သွားပြီး တအံ့တဩ ရေရွတ်လိုက်သည်။

“သူလား”

ကျောင်းအုပ်ရှန့်နှင့် ကျောင်းအုပ်ရှုတို့ကလည်း အသံလာရာဘက်လှည့်၍ ရဲ့လင်းချန်အား စမ်းစစ်သော အကြည့်တို့ဖြင့် ကြည့်လာသည်။

“အဘိုးကြီးရှန့်၊ ဒါ မင်းတက္ကသိုလ်ရဲ့ ဝှက်ဖဲလား”

ကျောင်းအုပ်ရှုက မေးလိုက်သည်။ ကျောင်းအုပ်ရှန့်က ပြန်မဖြေဘဲ မျက်မှောင်ကြုတ်နေ၏။

ဥက္ကဋ္ဌကျန်းက ဘေးမှနေ၍ ဝင်ပြောလာသည်။

“အရပ် တစ်ရာရှစ်ဆယ့်တစ် စင်တီမီတာပဲဆိုတော့ သူ ဘတ်စကတ်ဘောမှာ အားနည်းချက် နည်းနည်းရှိတယ်၊ သူ့ခန္ဓာကိုယ်က မကြံ့ခိုင်ဘူး၊ သူက အားကစားမှာ အထူးတလည် ထူးချွန်နေတာမျိုး မရှိဘူး၊ အမြင်အရဆိုရင်တော့ သူက ဘက်စကတ်ဘောမှာ အဲ့လောက် တော်မှာမဟုတ်ဘူး”

ရဲ့လင်းချန်ကိုမြင်သော် ကျောက်ရီထျန်း၏ မျက်လုံးတွင် အထင်သေးဟန် ဖြတ်ပြေးသွားပြီး ထီမထင်ဟန် ပြုံးလိုက်သည်။

“အိုး ... ပီကင်းတက္ကသိုလ်ကကောင်တွေ၊ ဒါ နောက်နေတာမလား၊ ဒါလား မင်းတို့ရဲ့ အတော်ဆုံးဆိုတာ၊ ငါ့ကို ရယ်ချင်အောင် မလုပ်နဲ့”

ပီကင်းတက္ကသိုလ်မှ ကျောင်းသားများ မျက်နှာနီရဲသွားပြီး ဘာမှမပြောနိုင်ချေ။

“ဟေ့ မင်း ဘတ်စကက်ဘောမှာ တော်တယ်လို့ ငါ ကြားလိုက်သလားလို့၊ စမ်းကြည့်စမ်း၊ မင်းတက္ကသိုလ်က အမှိုက်ကောင်တွေရဲ့ ပါးစပ်ကို ပိတ်ဖို့ ဒါ အကောင်းဆုံး အခွင့်အရေးပဲ”

ကျောက်ရီထျန်းက ခေါင်းကိုမော်၍ ပြောလိုက်သည်။

ရဲ့လင်းချန်က ဆိတ်ဆိတ်နေ၍ ကွင်းထဲသို့ အေးအေးလူလူ ဝင်လာသည်။

“ဘာဖြစ်တာလဲ၊ ငါတို့ တစ်ယောက်ချင်း မပြိုင်ဘူးလား”

ရဲ့လင်းချန်က ကွင်းထဲ ဝင်လာသည်ကို မြင်သောအခါ ကျောက်ရီထျန်းက အနားသို့ လျှောက်လာပြီး ရန်စသော အကြည့်ဖြင့် ကြည့်လေသည်။

“အဲ့လိုလုပ်ဖို့ မလိုဘူး”

ရဲ့လင်းချန် ခေါင်းခါပြလိုက်ပြီးနောက် ပီကင်းတက္ကသိုလ် အသင်းကို လှည့်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။

“ငါ ဟဲယွမ်နဲ့ လူလဲမယ်၊ ပွဲကို ဆက်ကစားကြတာပေါ့”

*ပွဲဆက်ကစားမှာလား*

သူတို့ အံ့ဩသွားပြီး ရဲ့လင်းချန်အား မယုံနိုင်သလို ကြည့်လာကြသည်။

*သူ အနိုင်ယူဖို့ ကြံစည်နေတာလား*

*ဒါမှမဟုတ် သူ ခုခံဖို့ကို လက်လျှော့လိုက်တာလား*

ပြိုင်ပွဲ ပြီးဆုံးရန် မိနစ်နှစ်ဆယ်မျှသာ ကျန်တော့ပြီး အမှတ်ကလည်း တစ်ရာ့သုံးမှတ် ကွာဟနေသောကြောင့် ပွဲကို ဆက်ကစားလည်း ဘာထူးမည်နည်း။

“မင်းကို အနိုင်ယူဖို့ဆို မိနစ်နှစ်ဆယ်နဲ့တင် လုံလောက်တယ်”

ရဲ့လင်းချန်၏ အသံက မကျယ်သော်လည်း လူတိုင်း ကြားရပါသည်။ ထိုအခိုက်တွင် သူတို့အားလုံး သူ့ကို အလန့်တကြား ကြည့်လာ၏။

ပီကင်းတက္ကသိုလ်ဘက်တွင် ...

“လခွမ်း သူ ရူးသွားတာဖြစ်မယ်၊ ဒါ မောက်မာလွန်းနေတာပဲ”

“တကယ်လို့ တစ်ယောက်ချင်းသာ ပြိုင်ခဲ့မယ်ဆိုရင် ငါတို့ လက်စားချေလို့ ရနိုင်လောက်တယ်၊ ပွဲကို ဆက်ကစားတာက ... ဒါ ရှုံးမှာ သေချာတယ်”

“ရဲ့လင်းချန် ဘာတွေတွေးနေတာလဲ၊ ဒါ အရမ်း အဆင်အခြင်မဲ့လွန်းတယ်”

ဟွာချင်တက္ကသိုလ်ဘက်တွင်မူ ...

“ဒီကောင်က မိုက်လှချည်လား၊ ကျောက်ရီထျန်းကို‌ ငကြွားလို့ ငါ ထင်နေတာ၊ ပီကင်းတက္ကသိုလ်က ပိုလေလုံးထွားတဲ့ ငကြွားတစ်ကောင်ကို ကောင်းကောင်းကြီး ဖွက်ထားပြီးမှ ထုတ်ပြမယ်လို့ မထင်ထားမိဘူး”

“ဟုတ်တယ်မလား၊ ဒီကောင်က ရီထျန်းထက် ပိုပြီး ကြွားတတ်တယ်၊ သူ့ကို ရီယွီကျိုးလို့တောင် ခေါ်သင့်တယ်”

“ဒါ ပီကင်းတက္ကသိုလ်က ငါတို့ကို အပျင်းပြေဖို့အတွက် လူပြက် လွှတ်လိုက်တာပဲ ဖြစ်မယ်”

ကျောင်းအာဏာပိုင်များလည်း ထိုနည်းတူ ခံစားမိနေသည်။ သူတို့သည် အချင်းချင်း ပြန်ကြည့်နေကြပြီး ယခုအချိန်၌ ဘယ်လိုပြောရမလဲ မသိ ဖြစ်နေလေသည်။

“ဟဲဟဲဟဲ မင်းဟာသက လုံးဝ မရယ်ရဘူး”

ကျောက်ရီထျန်းက ရဲ့လင်းချန်ကို လှောင်ရယ်လေသည်။

“ငါ ဝမ်းမြောက်ဝမ်းသာ ကူညီပေးရမှာပါ့”

ပြိုင်ပွဲကို ဆက်လက် ကစားကြလေသည်။ ယခုအချိန်၌ ကွင်းထဲမှ လေထုအခြေအနေက မသိမသာ ထူးဆန်းနေသည်။

ယခု ဘောလုံးရသည့်ဘက်က ဟွာချင်တက္ကသိုလ် ဖြစ်၏။

“ငါ့ဆီ ဘောလုံး ပစ်လိုက်၊ ငါ အဲ့ကောင်ကို သင်ခန်းစာပေးမယ်”

ကျောက်ရီထျန်းက ဘောလုံးကိုင်ထားသည့် ကစားသမားကို အမိန့်ပေးလိုက်ပြီး သူ့မျက်လုံးတွင် အေးစက်စက် အရိပ်အယောင် ဖြတ်ပြေးသွားသည်။

ထိုလူက ခေါင်းညိတ်လိုက်ပြီးနောက် ဘောလုံးကို ပင့်၍ ပုတ်လိုက်သည်။ ဘောလုံးသည် အပစ်ခံလိုက်ရသည်နှင့် ကျောက်ရီထျန်းထံ တန်းတန်းမတ်မတ် ဝဲပျံသွား၏။

သို့သော် ဘောလုံးက ကျောက်ရီထျန်း၏ လက်နှင့် ထိလုဆဲဆဲ ဖြစ်နေချိန်တွင်‌ ဘေးဘက်မှနေ၍ လက်တစ်ဖက်က ရုတ်ချည်းဆိုသလို ပေါ်လာသည်။

*လျှပ်တပြတ် ဖြတ်ဝင်တာလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ကျောက်ရီထျန်း၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး ဗြုန်းခနဲ ပေါ်လာသော ရဲ့လင်းချန်အား မယုံနိုင်သလို ကြည့်နေမိသည်။

ကျန်လူများမှာမူ ပို၍ပင် အံ့ဩနေကြပြီး ထိတ်လန့်နေသော အမူအရာများ ပေါ်နေကြသည်။

သူတို့အားလုံး သေချာ မြင်ရပါသည်။ ဘောလုံး ကိုင်ထားသည့်သူက ကျောက်ရီထျန်းနှင့် သိပ်မဝေးချေ။ ပုံမှန်အခြေအနေအရဆိုလျင် ကြားဖြတ်ဝင်လုရန် မဖြစ်နိုင်ပေ။

သို့သော် ၎င်းက သူတို့၏ မျက်စိရှေ့တည့်တည့်၌ ဖြစ်သွားခဲ့လေပြီ။

ထိုအချိန်က ရဲ့လင်းချန်သည် ထိတ်လန့်ဖွယ် အရှိန်ဖြင့် ရှေ့သို့ ပြေးတက်လေခဲ့သည်။ အားလုံး ခပ်ဝါးဝါး ပုံရိပ်တစ်ခုကိုသာ မြင်လိုက်ရပြီးနောက် သူသည် ဘောလုံးအနားပင် ရောက်နေကာ လက်တစ်ဖက်ဖြင့် ယူသွားလေ၏။ မှန်၏၊ လုယူသွားခြင်းပင်။

“မင်း”

ကျောက်ရီထျန်း ရဲ့လင်းချန်ကို စိုက်ကြည့်နေသော်လည်း သူ ဘာမှမပြောနိုင်ခင်မှာပင် ရဲ့လင်းချန်က လွှားခနဲ ခုန်လိုက်ပြီး ဘောလုံးအား ပစ်လိုက်သည်ကို မြင်လိုက်ရသည်။

“လ…လခွမ်း”

“အဲ့ဒါ ဘာကြီးလဲ၊ သူ ပစ်လိုက်တာလား”

“ကွင်းလယ်နေ ပစ်လိုက်တာလား၊ ရူးချင်စရာပဲ”

မရေတွက်နိုင်သောလူများစွာတို့သည် စိတ်ထဲ၌ အော်ဟစ်နေလျက်ဖြင့် ရဲ့လင်းချန်အား မယုံနိုင်သလို ကြည့်နေ ကြသည်။

*ဘောလုံးက သေသေချာချာကို ဝင်သွားတာပဲ*

*ဒါ … ဒါ ကံကောင်းလို့များလား*

ကွင်းတစ်ခုလုံး တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားလေသည်။ ထိုအခိုက်တွင် သူတို့သည် ပွဲကြည့်ပရိသတ်များ၏ နှလုံးခုန်သံကိုပင် ကြားနေရသည်ဟုပင် ထင်မှတ်ရသည်။ အားလုံး၏ အမူအရာက အေးခဲတောင့်တင်းနေကာ နားဝေတိမ်တောင် ဖြစ်နေကြလေသည်။

“အဲ့ပစ်ချက်က … ဝင်သွားတာလား”

ကျောင်းအုပ်ရှန့် မှင်တက်ကာ တုံ့ဆိုင်းစွာ မေးလိုက်သည်။

“ကြည့်…ကြည့်ရတာတော့ ဝင်သွားတဲ့ပုံပဲ”

ကျောင်းအုပ်ရှုသည် အာခြောက်သလို ခံစားလိုက်ရပြီး တံတွေးမျိုချလိုက်သည်။ ရုတ်တရက် သူ အလွန် မကောင်းသော ခံစားချက်မျိုး ရလာလေသည်။

“ဒ…ဒ…ဒါက …”

ဥက္ကဋ္ဌကျန်းသည် ရဲ့လင်းချန်ကို လက်ညှိုးထိုးလျက်ဖြင့် စကားထစ်နေပြီး မျက်လုံးများက ကျွတ်ကျမတတ် ပြူးကျယ်နေသည်။

“မြန်မြန် လုပ်လေ”

ရဲ့လင်းချန်၏ အေးစက်စက်နှင့် ခံစားချက်ကင်းမဲ့သော အသံက လူများစွာကို အတွေးထဲမှ နိုးထလာစေသည်။

ပီကင်းတက္ကသိုလ်ဘက်မှ ကစားသမားများက အလျင်အမြန် ဘောလုံးသွားကောက်ကာ ရဲ့လင်းချန်ထံ တန်း၍ ပစ်ပေးလိုက်သည်။

ကျောက်ရီထျန်းသည် ကြက်ပေါက်ကလေးများကို ကာကွယ်နေသော ကြက်မကြီးသဖွယ် လက်နှစ်ဖက်ကို ဆန့်တန်း၍ ချက်ချင်း ပြေးတက်လာသည်။ သူက ရဲ့လင်းချန်ကို မမှိတ်မသုန်ကြည့်၍ ပြတ်ပြတ်သားသား ပြော၏။

“ဒါက ကံကောင်းသွားရုံသက်သက်ပဲ၊ အခုချိန်ကစပြီး ငါ့ကို ဖြတ်ကျော်နိုင်လိမ့်မယ်လို့ တွေးမနေနဲ့”

“အဲ့လိုလား”

ရဲ့လင်းချန်က မပြောင်းလဲသော မျက်နှာထားဖြင့် ကြည့်နေသည်။ သူသည် ဘောလုံးကိုပင် ပုတ်၍ မသယ်သွားဘဲ ထပ်ခုန်၍ လှမ်းပစ်လိုက်သည်။

အစောပိုင်းက သူ လှမ်းပစ်သကဲ့သို့ တာဝေးပစ်ချက်ပင်။

လူတိုင်း ရင်တဒိန်းဒိန်းခုန်နေပြီး အကြည့်များက ဘောလုံးနှင့်အတူ ရွေ့လျားနေ၏။

ဘောလုံးက ထပ်မံ၍ ဝင်သွားပြန်သည်။

“ထပ် … ထပ်အမှတ်ရသွားပြန်ပြီလား”

အားပေးသံမရှိဘဲ အံ့ဩနေကြသော မျက်နှာများသာ ဖြစ်နေကြသည်။ အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကာ ပြောမပြတတ်လောက်အောင် ထိတ်လန့်နေ၏။

ပထမတစ်ခေါက်က ကံကောင်း၍ဟု ဆိုပါက ဒုတိယတစ်ခေါက်က အဘယ်သို့ ဖြစ်ရသနည်း။

“ဆက်လုပ်ကြလေ”

ရဲ့လင်းချန်၏အသံက အေးစက်မြဲ အေးစက်ဆဲပင်။

“ဝှီး”

ထပ်မံ၍ ဝင်သွားပြန်သည်။ လေးကြိမ်မြောက်တွင်လည်း အမှတ်ရသွားပြန်၏။

…..

သူ ထပ်…. ထပ်၍ အမှတ်ရသွားလေသည်။

ပွဲကြည့်ပရိသတ်များသည် အားလုံးကို မေ့လျော့နေကြလေသည်။ သူတို့၏ အတွေးများ ဗလာဖြစ်နေပြီး ရဲ့လင်းချန် အခါခါပစ်၍ ထပ်ခါထပ်ခါ အမှတ်ရနေသည်ကိုသာ ငေးကြည့်နေမိကြသည်။

ကွင်းတစ်ခုလုံး၌ အခြားသူများ မရှိဟုပင် ထင်မှတ်ရသည်။ ကျောက်ရီထျန်း မည်မျှ ခုခံကာကွယ်ရန် ကြိုးစားသော်ငြားလည်း ရဲ့လင်းချန်က နေရာမှာတင် ရပ်မြဲရပ်နေလေသည်။ တစ်စက်ကလေးမှ ရွေ့ခြင်းမရှိဘဲ အခါခါ အမှတ်ရပြီးရင်း ရနေတော့သည်။

All Chapters