← Chapters

တရုတ်နိုင်ငံ ဘတ်စကတ်ဘောအသင်း၏ မျှော်လင့်ချက်

Vol. 10 Ch. 137

တရုတ်နိုင်ငံ ဘတ်စကတ်ဘောအသင်း၏ မျှော်လင့်ချက်

Vol. 10 Ch. 137

*တော်လွန်းတယ်၊ ကြောက်ဖို့ကောင်းလွန်းတယ်*

လူတိုင်း တမေ့တမော ငေးကြည့်နေပြီး သူတို့ မြင်လိုက်ရသည့်အရာကြောင့် ငိုင်တွေနေလေသည်။

ပီကင်းတက္ကသိုလ်မှ ကျောင်းသားများတောင်မှ ဤသို့သော ကိစ္စများ ဖြစ်လာလိမ့်မည်ဟု ထင်မထားမိကြချေ။ မဟုတ်သေး မည်သူမှ ထင်မထားမိဟု ပြောလျင် ပိုမှန်ပေမည်။ သူတို့၏ အိပ်မက်များတွင်တောင်မှ ဤသို့သော အခြေအနေမျိုး သူတို့ရှေ့၌ ဖြစ်ပေါ်လာလိမ့်မည်ဟု ထင်မထားမိပေ။

ဤမြင်ကွင်းက မယုံနိုင်စရာ ကောင်းလှသည်။

“အား …”

ကျောက်ရီထျန်းက ဝေဒနာခံစားနေရသော အမူအရာဖြင့် အားကုန် အော်ဟစ်လာသည်။ သူသည် ရဲ့လင်းချန် လှမ်းပစ်လိုက်သော ဘောလုံးကို စိုက်ကြည့်၍ ဆွေ့ဆွေ့ခုန်နေသည်။

သူ တားနိုင်မှ ဖြစ်မည်။ သူ တားကိုတားနိုင်စွမ်း ရှိရမည်။

သူသည် အော်ဟစ်လျက် လေထဲ၌ ဝဲပျံနေသော ဘောလုံးထံ အပြေးသွားလေသည်။

သို့သော် ဘောလုံးက သူ့လက်ဖျားထိပ်နှင့် အသာလေး ချော်ထွက်သွားပြီး စွပ်ခနဲ ဝင်သွားကာ ထပ်၍ အမှတ်ရ သွားလေသည်။

“ဘုန်း”

ကျောက်ရီထျန်း ကြမ်းပြင်ပေါ် ပစ်လဲကျသွားသည်။ သူ၏ အသက်မဲ့နေသော မျက်လုံးက အရှေ့ကိုသာ စိုက်ကြည့်နေသည်။ သူ လွန်ကဲစွာ ကြိုးပမ်းအားထုတ်ခဲ့မှုကြောင့် ချွေးတလုံးလုံး ဖြစ်နေလေသည်။

၎င်းသည် စွမ်းရည်အရ အနိုင်ရခဲ့ရုံသာမက သူ့စိတ်ဝိညာဉ်ကိုပါ ရိုက်ချိုးသွားခဲ့သည်။

သူ ရှုံးသွားလေပြီ။ အပြတ်အသတ်ကို ရှုံးသွားခဲ့သည်။ ယင်းက လူကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရသည့် ကလေးငယ်လိုပင်။ သူ့၌ ပြန်ခုခံနိုင်မည့် မျှော်လင့်ချက် နည်းနည်းလေးမျှ မရှိပေ။

“ဘုတ် ဘုတ် ဘုတ်”

ရဲ့လင်းချန် ပထမဆုံးအကြိမ် ဘောလုံးကို ပုတ်ကာ သယ်ယူလာသည်။ ဘောလုံးသည် ကြမ်းပြင်နှင့် တဘုတ်ဘုတ် ရိုက်ခတ်နေသလို ပွဲကြည့်ပရိသတ်များ၏ ရင်ထဲတွင်လည်း တဒုန်းဒုန်း ခုန်ပေါက်နေသည်။

သူ၏ နည်းလမ်းများက ရိုးရှင်းပါသည်။ ထူးခြားဆန်းကြယ်သော နည်းလမ်းများ လုံးဝ မပါသော်လည်း အလွန် ပြတ်သားခိုင်မာပြီး သူ၏ လက်တွင်း၌ အရာအားလုံးကို လူတိုင်း ထင်ယောင်ထင်မှားဖြစ်အောင် ပြုစားနိုင်ပေ၏။

“အဝေးကနေ ပစ်လိုက်တဲ့ပစ်ချက်က … အဲ့လောက် အံ့ဩစရာ ကောင်းလို့လား”

သူက နူးညံ့တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သော်လည်း ပွဲကြည့်ပရိသတ်များကို နှလုံးခုန်ရပ်မတတ် ဖြစ်သွားစေသည်။

*မဟုတ်မှလွဲရော …*

တစ်ခဏအကြာတွင် ရဲ့လင်းချန်သည် ဘောလုံးကို ပုတ်ကာပုတ်ကာဖြင့် ရှေ့သို့ တက်သွားသည်။

ဟွာချင်တက္ကသိုလ်မှ ကျောင်းသားများသည် သူ့အား တားဆီးရန် ကြိုးစားပါသော်လည်း ရဲ့လင်းချန်၏ ကျော်ဖြတ်ခြင်းကိုသာ ခံလိုက်ရသည်။ ထို့နောက်တွင် သူ လေထဲသို့ ဆတ်ခနဲ ခုန်လိုက်၏။

အားလုံး၏ အမြင်တွင် ရဲ့လင်းချန် လေထဲသို့ ခုန်တက်သွားပုံက ကျောတွင် အတောင်ပံပေါ်ထွက်လာပြီး ပျံသန်းသွားသည်ဟု ထင်မှတ်မှားသွားကြသည်။

အလွန် လျင်မြန်လှပြီး သူ ခုန်လိုက်သောအမြင့်က ဘတ်စကက်ဘောကွင်းထက်ပင် ကျော်သေးသည်။

ကျောက်ရီထျန်း လှမ်းပစ်ခဲ့ပုံက အဝေးက ပစ်ချက်ဟု ဆိုလျင် ရဲ့လင်းချန်၏ ပစ်ချက်ကို ကြောက်စရာ ကောင်းသော ရိုက်ချက်ဟု ဆိုရပေမည်။

“ဘုန်း”

ကျယ်လောင်သော အသံတစ်သံက အားကစားရုံအတွင်း ပဲ့တင်ထပ်သွားသည်။ ရဲ့လင်းချန်၏ လက်က ကွင်းကို ကိုင်ထားပြီး လေထဲမှ အကြိမ်အနည်းငယ်မျှ ရှေ့နောက် ယိမ်းနေပြီးမှ ကြမ်းပြင်ပေါ် ပြန်ကျလာသည်။

“ဒီကောင် … သူ့ခုန်ချက်တွေက ပျံနေသလိုပဲ၊ သူ လှည့်စားနေတာပဲ ဖြစ်ရမယ်”

“မ...မ…မိုက်လိုက်တာ၊ ငါတို့ ပီကင်းတက္ကသိုလ်မှာ ဘယ်တုန်းက ဒီလောက်တော်တဲ့သူ ရှိနေတာလဲ”

“ရှောင်ရဲ့က … ဒီလောက် တော်တာလား”

ရှောင်ကမ်းတို့ သုံးယောက်လည်း မှင်တက်နေသည်။ သူတို့သည် ပင့်သက်ရှိုက်လိုက်ပြီးမှ ပြုံးလာကြသည်။

“ဆက်ကစားကြလေ”

ဆယ်မိနစ် ကုန်ဆုံးသွားလေသည်။ ထိုအခိုက်တွင် အမှတ်က ၂၀၅ : ၁၅၈ ဖြစ်နေသည်။

လက်ရှိအချိန်အထိ မည်သူမှ ရဲ့လင်းချန်၏ ကစားကွက်ကို တားနိုင်စွမ်း မရှိကြပေ။ ၄၇ မှတ် ကွာဟမှုက ကြီးမားသော်လည်း ရဲ့လင်းချန်၏ လက်ထဲ၌ ဘာမှမဟုတ်တော့ချေ။

သူသည် ရံဖန်ရံခါ သုံးမှတ်တန် နေရာမှာ လှမ်းလှမ်းပစ်သောကြောင့် အမှတ်က ၂၀၅: ၂၀၅ ဖြစ်လာပြီး ဟွာချင်တက္ကသိုလ်ထက် တစ်မှတ် ပိုသာလာသည်။

ထိုအချိန်တွင် ပြိုင်ပွဲက ပွဲပြီးရန် သုံးမိနစ်မျှသာ လိုတော့သည်။ ရဲ့လင်းချန်က ဆက်၍ လှမ်းမပစ်တော့ချေ။ ကွင်းထဲမှ မည်သူမှ မလှုပ်တော့သလို ဘယ်သူမှလည်း အသံမထွက်ပေ။

ကြီးမားသော အားကစားရုံတစ်ခုလုံး သုသာန်အလား တိတ်ဆိတ်နေ၏။

နောက်ဆုံးတွင် ဒိုင်လူကြီးထံမှ ဝီစီသံ ထွက်ပေါ်လာပြီး ပွဲပြီးသွားလေသည်။ ပီကင်းတက္ကသိုလ်က တစ်မှတ် အသာဖြင့် အနိုင်ရသွားသည်။

“ငါတို့ နိုင်သွားပြီ၊ ပီကင်း တက္ကသိုလ် နိုင်သွားပြီကွ၊ အိပ်မက်မက်နေသလိုပဲကွာ”

“ရဲ့လင်းချန်က တအား အံ့ဩဖို့ကောင်းတယ်၊ သူက တကယ်ကို ကြောက်ဖို့ကောင်းတဲ့သူပဲ”

“ကျောက်ရီထျန်း မင်း ဘာလို့ မခုန်တော့တာလဲ၊ ဆက်ပြီးတော့ ကောင်းကင်ကို ထိုးမိတော့မတတ် ခုန်လေကွာ”

“ကြောက်ဖို့ကောင်းတယ်၊ ပီကင်းတက္ကသိုလ်က ဂိမ်းကို ပိုက်ဆံပေးဆော့နေသလိုပဲ၊ ငွေသုံးတဲ့ကောင်တွေ … ဟက်ကာတွေ”

…

“သောက်ချီး … ငါတို့ … ငါတို့ တက္ကသိုလ်က နိုင်သွားတာလား”

ကျောင်းအုပ်ရှန့်၏ မျက်နှာတွင် စိတ်ရှုပ်ထွေးဟန် ပေါ်လာသည်။ ငြင်းမရအောင် ရှုံးနေရာမှ ပြန်ဦးမော့လာခြင်းက အလွန်အမင်း အံ့ဩစရာ ကောင်းလှပေသည်။

ထို့နောက်တွင်မူ သူ့မျက်နှာတွင် စိတ်လှုပ်ရှားဟန် ပေါ်လာလေသည်။ သူသည် ဘေးမှ အံ့ဩနေဆဲဖြစ်သော ကျောင်းအုပ်ရှုကို တစ်ချက်ကြည့်၍ ရယ်လိုက်သည်။

“ရိုးရှင်းပြီး ရက်စက်လွန်းတယ်မလား၊ ငါတို့ပီကင်းတက္ကသိုလ်က ကျောင်းသားကတော့ ထင်တဲ့အတိုင်းပဲ၊ တော်လွန်းတယ်၊ အဘိုးကြီးရှု … မင်း ပြောတဲ့ ဘာနေရာဆိုလား ထပ်ပြောပါဦး၊ ဪ ဟုတ်သား တော်ဝင် ပင်လယ်စာ စားသောက်ဆိုင်မလား၊ အချိန်မဆိုင်းနဲ့တော့ ငါတို့ ဒီနေ့ပဲ သွားကြမယ်၊ ပိုက်ဆံ လောက်လောက်ငင ယူခဲ့ဖို့သာ သတိရ”

*မိုက်တယ်၊ တော်တော်လေး မိုက်တယ်*

အဘိုးကြီးရှုနှင့် နှစ်များစွာ ပြိုင်လာခဲ့သော်လည်း ကျောင်းအုပ်ရှန့်သည် ဤမျှ နေလို့ထိုင်လို့ ကောင်းသလို မခံစားရချေ။ ဘတ်စကက်ဘောပွဲ စသည့်အချိန်မှစ၍ သူ့စိတ်ကို တစ်ချိန်လုံး ထိန်းထားခဲ့ရသည်။ ပြန်လည် ဦးမော့လာခြင်းက ဤသို့ ဖြစ်လိမ့်မည်ဟု သူ ထင်မထားမိပါ။ ဆန်းကြယ်မှုတစ်ခုလိုပါတကား။

ကျောင်းအုပ်ရှု၏ မျက်နှာက နီမြန်းနေပြီး နှုတ်ခမ်းက တွန့်နေကာ အတော်လေး ခံရခက်နေပုံပေါ်သည်။ သို့သော် သူသည် သူ့မုတ်ဆိတ်ကို ပွတ်သက်၍ အလွန် နက်နဲ၍ အမြော်အမြင်ရှိသော အမူအရာမျိုးဖြင့် ပြောလိုက်သည်။

“အဘိုးကြီးရှန့် ငါသာ မင်းနေရာမှာဆိုရင် အဲ့လောက် စိတ်လှုပ်ရှားမနေဘူး”

“ဪ … ဘာလို့လဲ”

ကျောင်းအုပ်ရှန့် ပြန်မေးသည်။

“ဒီလောက် တော်နေတာတောင် ရဲ့လင်းချန် ဘာလို့ လူစာရင်းထဲ မပါတာလဲဆိုတာကို မင်း မသိချင်ဘူးလား”

ကျောင်းအုပ်ရှု၏ စကားက ကျောင်းအုပ်ရှန့်ကို အံ့ဩသွားစေပြီးနောက် ငြိမ်ကျသွားစေ၏။

ရဲ့လင်းချန်၏ ဘတ်စကက်ဘောစွမ်းရည်က ကြောက်ခမန်းလိလိဟု ဆိုရလောက်အောင် ကောင်းမွန်လှသည်။ ထို့အပြင် တက္ကသိုလ်မှ လူတော်တော်များများက သူ့စွမ်းရည်ကို သိထားကြသည်။ ထိုသို့ဆိုလျင် အဘယ်ကြောင့် အသင်း၏ လူစာရင်းထဲ၌ သူ မပါရသနည်း။

ဤသည်က တစ်ခုတည်းကိုသာ မီးမောင်းထိုးပြနေသည်။ တက္ကသိုလ်မှ တစ်စုံတစ်ယောက်က သူ့အား အသင်းထဲ မပါအောင် တမင်သက်သက် တားဆီးထားခြင်းပင်။

“အဘိုးကြီးရှန့် ငါတို့က နိုင်ငံရဲ့ အကောင်းဆုံး တက္ကသိုလ်တွေပဲ၊ ငါတို့ အကြောက်ဆုံးက ဘာလဲ၊ လူရည်ချွန်တွေ နစ်မြုပ်ခံရတာပဲ၊ ဒီကိစ္စက မသင်္ကာစရာပဲ၊ ငါတို့ စားသောက်မယ့်ကိစ္စကို ဘေးချိတ်ထားလိုက်ရအောင်၊ မင်း ဒါကို ချက်ချင်း သွားစစ်ဆေးသင့်တယ်”

ကျောင်းအုပ်ရှုက အကြံပေးလာသည်။

ကျောင်းအုပ်ရှန့်၏မျက်နှာ မည်းမှောင်နေရာမှ ကျောင်းအုပ်ရှုအား ရယ်ချင်ပက်ကျိ မျက်နှာပေးနှင့် ကြည့်လိုက်သည်။

“ဉာဏ်များတဲ့ အဘိုးကြီးရှု မင်း ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား၊ ဒီကိစ်စကို ငါ့ဘာသာ စုံစမ်းဖို့ တွေးမိပြီးသား၊ ဒါပေမဲ့ ဒီနေ့ညစာကိုတော့ သေချာပေါက် မင်း ဒကာခံရမယ်”

ဥက္ကဋ္ဌကျန်းမှာမူ ကျောက်ရုပ်သဖွယ် တောင့်တင်းနေ၏။

ကျောင်းအုပ်နှစ်ယောက်လုံး ဥက္ကဋ္ဌကျန်း၏ မူမမှန်ပုံကို လျင်မြန်စွာ သတိထားမိသွားပြီး စိုးရိမ်တကြီး ကြည့်လာကြသည်။

“ဥက္ကဋ္ဌကျန်း ဘယ်လိုဖြစ်တာလဲ၊ ခင်ဗျား အဆင်ပြေရဲ့လား”

ဥက္ကဋ္ဌကျန်းက သူတို့ကို ပြန်မဖြေနိုင်ပေ။ သို့သော် သူ့မျက်လုံးများက စက္ကန့်မလပ် နီရဲလာပြီး နှုတ်ခမ်းက တဆတ်ဆတ် တုန်ကာ ရုတ်တရက် မျက်ရည်များ စီးကျလာသည်။

တစ်ခဏအတွင်း သူ့မျက်ရည်များက တာကျိုးသကဲ့သို့ စီးကျလာကာ လူမြင်ကွင်း၌ အော်ငိုတော့သည်။ ဤသည်ကြောင့် သူတို့ အနီးအနားမှ လူများစွာထံမှ အကြည့်များက သူတို့ဆီ ရောက်လာလေသည်။

ကျောင်းအုပ်ရှုနှင့် ကျောင်းအုပ်ရှန့်တို့၏ မျက်နှာများ ဖြူရော်သွားပြီး အခြေအနေအား မည်သို့ ကိုင်တွယ် ဖြေရှင်းရမလဲ မသိ ဖြစ်သွားကြသည်။

*သောက်ကျိုးနည်း၊ ဒါက ဘာလဲဟ၊ ရှက်ဖို့ကောင်းလိုက်တာကွာ*

“ရောင်းရင်းကျန်း ခင်ဗျား အခု အသက် ဘယ်နှစ်နှစ် ရှိနေပြီလဲ၊ ဘာလို့ ရုတ်တရက်ကြီး ထငိုနေတာလဲ၊ မငိုနဲ့တော့”

ကျောင်းအုပ်ရှန့်က အလောသုံးဆယ် ပြောလိုက်သည်။

“ကျောင်းသားတွေ ကြည့်နေတယ်လေ”

“ကျောင်းအုပ်ရှန့် ကျုပ် ပျော်လို့ပါ၊ ပျော်လွန်းလို့ပါ”

ဥက္ကဋ္ဌကျန်းက မျက်ရည်များကို သုတ်၍ စိတ်လှုပ်ရှားစွာ ပြောလေသည်။

“အံ့ဩဖို့ကောင်းတယ်၊ ခင်ဗျား တက္ကသိုလ်က ကျောင်းသားက သိပ်ကို အံ့ဩဖို့ ကောင်းလွန်းတယ်ဗျာ၊ ကျုပ် သူ့ဆီကနေ ဘာကို မြင်လိုက်ရလဲ ခင်ဗျား သိလား၊ တရုတ်နိုင်ငံ ဘတ်စကက်ဘောအသင်းရဲ့ မျှော်လင့်ချက်ဗျ”

“ရွှတ် ရွှတ် ရွှတ် … ကျုပ် ထိန်းမထားနိုင်ဘူး၊ ကျုပ်ကို နည်းနည်းလောက် ပေးငိုဦးဗျာ”

ဥက္ကဋ္ဌကျန်းက သူ့ကမ္ဘာထဲ နစ်မျောနေပြီး ထပ်၍ ငိုပြန်သည်။

“ရောင်းရင်းကျန်း ကျုပ် တောင်းပန်ပါတယ်ဗျာ၊ မငိုပါနဲ့တော့ … ခင်ဗျားရဲ့ ဘတ်စကက်ဘော မျှော်လင့်ချက် ဆိုတာကလည်း သွားပြီ”

ကျောင်းအုပ်ရှု အောင့်သက်သက်ဖြင့် ရယ်လိုက်မိသည်။

“သွားပြီဟုတ်လား”

ထင်သည့်အတိုင်းပင် ဥက္ကဋ္ဌကျန်းသည် ချက်ချင်း အငိုရပ်ပြီး သူ့ကြယ်ပွင့်ကို လိုက်ရှာတော့သည်။ သူ အသည်းအသန် လိုက်မေးလေသည်။

“သူ ဘယ်မှာလဲ၊ သူ ဘယ်မှာလဲ”

“သူ အိမ်ပြန်သွားတာ ကြာပြီလေ”

“အိမ်ပြန်သွားပြီလား”

ဥက္ကဋ္ဌကျန်း မျက်ရည်များကို သုတ်လိုက်ပြီး ကျောင်းအုပ်ရှန့်ကို လှည့်ကြည့်၍ စိတ်ရင်းအတိုင်း ပြောလိုက်သည်။

“ကျောင်းအုပ်ရှန့် ခင်ဗျား ကျုပ်ကို ကူညီမှရမယ်၊ အဲ့ကျောင်းသားက သေချာပေါက် ဘတ်စကက်ဘောအသင်းရဲ့ အနာဂတ် မျှော်လင့်ချက် ဖြစ်လာမှာ၊ သူ ကျုပ်တို့ လေ့ကျင့်ရေးစခန်းထဲ ဝင်အောင် ခင်ဗျား ကူပြီး ဖျောင်းဖျ ပေးပါ”

“ခင်ဗျား သူ့ကို ဖျောင်းဖျပေးနိုင်မယ်ဆိုရင် တော်ဝင် ပင်လယ်စာ စားသောက်ဆိုင်မှာ ဟင်းတစ်ပွဲ မပြောနဲ့ ဆယ်ပွဲတောင် ဝယ်ကျွေးမယ်၊ ကူညီပါဦး”

…

All Chapters