← Chapters

ရိုက်ကူးရေးအား ညွှန်ကြားခြင်း

Vol. 10 Ch. 138

ရိုက်ကူးရေးအား ညွှန်ကြားခြင်း

Vol. 10 Ch. 138

ပြိုင်ပွဲ၏ ရလဒ်ကို ကြေငြာလိုက်သည့်အခိုက်မှာပင် ရဲ့လင်းချန် ချက်ချင်း ထွက်လာခဲ့သည်။

သူ့အတွက် ယင်းက ဟန်ရေးပြရန် မထိုက်တန်ပေ။ ထို့အပြင် သူ၏ လုပ်ဆောင်မှုက ပီကင်းတက္ကသိုလ်နှင့် ဟွာချင် တက္ကသိုလ်အတွက်သာ ဖြစ်သည်။ ရေပန်းစားမှု အမှတ် ရရှိခြင်းက အကန့်အသတ်နှင့်သာ ဖြစ်သည်။ သို့ရာတွင် ဘာမှမရသည်ထက်စာလျင် နည်းနည်းပါးပါးရသည်က တော်ပါသေး၏။

ဘာမှလုပ်စရာ မရှိသဖြင့် ရဲ့လင်းချန်က ဟမ်တန်း စတူဒီယိုသို့ လည်ပတ်ရန် စဉ်းစားလိုက်ပြီး ဟော်ရန်ကျား ရိုက်ကူးရေး အခြေအနေကို စစ်ဆေးရန် ကြံစည်လိုက်သည်။

ထိုအခိုက်တွင် ဘတ်စကက်ဘော ပြိုင်ပွဲမှ အုတ်အော်သောင်းနင်း ဖြစ်ခြင်းက မငြိမ်သက်သေးပေ။ လူအတော်များများကြားတွင် ၎င်းက ရေပန်းအစားဆုံး ခေါင်းစဉ် ဖြစ်နေဆဲပင်။ တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်၏ နာမည်က လူများစွာ၏ စိတ်ထဲ၌ စွဲထင်သွားလေသည်။

ရှုဝမ်ချင်၏ အတွေးထဲတွင် ထိုလူငယ်လေး၏ ပုံရိပ်က မရည်ရွယ်ပါဘဲ တရွေ့ရွေ့ နေရာယူလာကာ သူမ အနည်းငယ် အံ့ဩသွားရသည်။ ဘတ်စကက်ဘော၌ သူ ထိုမျှ တော်နေလိမ့်မည်ဟု သူမ လုံးဝ ထင်မထားမိပါ။

သူမ အားကစားကို လုံးဝ စိတ်မဝင်စားသော်လည်း သူ၏ စွမ်းဆောင်ရည်ကြောင့် သူမလည်း အံ့ဩခဲ့ရသည်။

သူမ မှတ်စုစာအုပ်ထဲ၌ သူ တစ်ခုခု ရေးခဲ့သည်ကို သူမ သတိရသွားသည်။

ထိုအခါတွင်မှ ရှုဝမ်ချင် စာအုပ်ကို ပြန်ကြည့်လိုက်ပြီး သူမ ယခင်က အဖြေရှာနေသော ပုစ္ဆာကို စိုက်ကြည့် လိုက်မိသည်။

ပုစ္ဆာသည် အလွန် ရှုပ်ထွေးပြီး တက္ကသိုလ် သင်ရိုးမာတိကာဘောင်မှ ကျော်လွန်ကာ တံခွန်စိုက် ပြိုင်ပွဲမေးခွန်း အဆင့်သို့ပင်‌ ရောက်နေလေသည်။ သင်္ချာအထူးပြုဖြင့် ဘွဲ့ရပြီးသော ကျောင်းသားများပင် ယင်းပုစ္ဆာကို ဖြေရှင်းရန် အခက်တွေ့ရသည်။ သူမ၏ ဝါသနာက သင်္ချာဖြစ်သောကြောင့် ဤသို့သော ပုစ္ဆာများကို သူမ အတော်လေး စိတ်ဝင်စားသလို သူမ၏ နောင်ပြိုင်မည့် သင်္ချာပြိုင်ပွဲအတွက် အခြေခံဟုလည်း သတ်မှတ် ထားသည်။

ရဲ့လင်းချန်က ထိုပုစ္ဆာကို ဖြေရှင်းနိုင်လိမ့်မည်ဟု သူမ လုံးဝ ထင်မထားပါ။ သို့သော် သူမ၏ ယဉ်ကျေး၍ ဆိတ်ဆိတ်နေတတ်သော အကျင့်ကြောင့် ရဲ့လင်းချန် စာအုပ်ထဲ ချရေးသည်ကို မတားဆီးမိဘဲ သူ ရေးပြီးသည် အထိ စောင့်ခဲ့သည်။

ဖုန်းနံပါတ် သို့မဟုတ် Wechat ID သာ ဖြစ်နိုင်ချေ များသည်ဟု သူမ ထင်ခဲ့လိုက်သည်။ ဤသို့သော အဖြစ်များက တော်တော်များခဲ့ဖူးသည်။ ယင်းမှာ အမျိုးသားများ လုပ်လေ့ရှိသော အမူအကျင့်ပင်။

သူမ အတွေးထဲ နစ်မျောလျက်ဖြင့် မရည်ရွယ်ဘဲ ထိုစာမျက်နှာကို လှန်ကြည့်လိုက်မိသည်။

*လှလိုက်တဲ့လက်ရေး*

ကလောင်ဝင့်ချက်က မြဲမြံပြီး လက်ရေးလက်သားက စီးဆင်းနေသော ရေသဖွယ် ချောမွေ့လှသည်။ ဖတ်လိုက်သည့် လူတိုင်းအား ကြည်လင်အေးငြိမ်းမှုတစ်မျိုး ပေးစွမ်းပုံရသည်။ ရှုဝမ်ချင်သည် သူမ လက်ရေး လက်သားအပေါ် အမြဲ ယုံကြည်မှု ရှိခဲ့သည်။ သို့သော် ယခုအချိန်တွင်မူ သူမအတွေးထဲ၌ အပြစ်ရှိစိတ်နှင့် သိမ်ငယ်စိတ်တို့ စိုးမိုးလာသည်။

အစပိုင်း၌ အံ့ဩနေပြီးနောက် သူမ ရဲ့လင်းချန် ရေးထားသည့် အကြောင်းအရာကို သတိထားမိသွားလေသည်။

၎င်းက သူမ ထင်ထားခဲ့သလို မဟုတ်ဘဲ ပုံသေနည်းများနှင့် တစ်ဆင့်ချင်းစီကို ရှင်းပြထားသည့် အကြောင်းအရာ များကိုသာ တွေ့လိုက်ရသည်။

သူမ၏ ထက်မြက်သော သင်္ချာအသိပညာက သူမကို ချက်ချင်း အံ့ဩသွားစေသည်။

*ဒီပုံသေနည်းကို ဒီနားမှာ သုံးလို့ရတာလား*

*ပြီးတော့ ဒီနား တွေးခေါ်ပုံနဲ့ နည်းလမ်းတွေ ပြောင်းလိုက်တော့ နားလည်ဖို့ အတော်လေး လွယ်သွားတာပဲ*

နောက်ဆုံးအဆင့်က ပါရမီရှင်တစ်ယောက်၏ ဖြေရှင်းပုံမျိုး ဖြစ်နေသဖြင့် သူမစိတ်ထဲ၌ လှိုင်းထန်သွားရသည်။

*ပါရမီရှင်၊ သူက တကယ့် ပါရမီရှင်ပဲ*

ရဲ့လင်းချန်က များများစားစား မရေးထားချေ။ သူသည် ပုံသေနည်းများနှင့် အရေးကြီးသော ဆက်စပ်နည်းတို့ဖြင့် ပုစ္ဆာဖြေရှင်းနည်းတို့ကိုသာ ရေးခဲ့သည်။ သို့သော် ၎င်းက လိုရင်းသို့ တန်းရောက်သဖြင့် သူမအတွက် ဤပုစ္ဆာကို ရှင်းရှင်းလင်းလင်း ဖြေရှင်းနိုင်သွားသည်။ တစ်ခါက ရှုပ်ထွေးခဲ့သော ပုစ္ဆာက တစ်ခဏအတွင်း ဘာမှ မဟုတ်တော့ချေ။

*ငါ အချိန်အတော်ကြာအောင် စိတ်ရှုပ်ခဲ့တဲ့ ပုစ္ဆာက ဒီလို ရှင်းလို့ရတာလား*

ရှုဝမ်ချင်၏ အမူအရာက အိပ်မက်မက်နေသည်ဟု ခံစားနေရသော မျက်နှာထားမျိုး ဖြစ်နေပြီး မျက်လုံးများက အရောင်လက်လာသည်။ ထို့နောက်တွင်မူ သူမမျက်နှာတွင် ပြတ်သားသော အမူအရာ ပေါ်လာသည်။

*ဒီလိုလူမျိုးက သင်္ချာပညာလောကထဲ မဝင်ရင် နှမြောစရာပဲ*

ရဲ့လင်းချန်သည် အခြားသူများ၏ စိတ်ထဲ၌ ဘာဖြစ်နေသလဲ လုံးဝ မသိသလို အရေးစိုက်ခြင်းလည်း မရှိပေ။ သူ ဟန်တမ်း စတူဒီယိုသို့ ရောက်သောအခါ ဟော်ရန်ကျား ရုပ်ရှင်၏ ရိုက်ကူးရေးဘက်သို့သာ ဦးတည် လာလိုက်သည်။

အဝေးမှနေ၍ပင် သူ အော်ဟစ်သံများကို ကြားနေရသည်။ ကင်မရာသမားများ၊ စတန့်သမားများနှင့် အခြား သရုပ်ဆောင်များအားလုံး အသင့်ပြင်နေကြသည်။ လီထိုက်က ရိုက်ကူးရေးကို စီမံခန့်ခွဲနေ၏။

ရဲ့လင်းချန် ရောက်လာသည်ကိုမြင်သော် လီထိုက် အနည်းငယ် အံ့ဩသွားပြီး သူ့ထံ ခပ်သွက်သွက် လျှောက်လာသည်။

ထို့နောက် သူက အပြုံးနှင့် ပြောလိုက်သည်။

“ညီလေးရဲ့၊ မင်း လာမယ်ဆိုရင် ငါ့ကို ကြိုပြောတာ မဟုတ်ဘူး”

“ဒီအတိုင်း စိတ်ကူးပေါက်လာလို့ပါ၊ ကျွန်တော် ဒီအတိုင်း လာကြည့်တာပါ”

ရဲ့လင်းချန် အေးအေးလူလူ ပြောလိုက်ပြီး ရိုက်ကွင်းကို လှည့်ပတ်ကြည့်လေသည်။

လီကျင့်သည် သူ့အပိုင်းကို အခြားတစ်ယောက်နှင့်အတူ လေ့ကျင့်နေပြီး ရဲ့လင်းချန်ကို သတိထားမိသွားသည်။ သူ ရဲ့လင်းချန်အနားသို့ ခပ်မြန်မြန် လျှောက်လာပြီး စိတ်ရင်းအတိုင်း ပြောလိုက်သည်။

“သခင်လေးရဲ့, ခင်ဗျားရဲ့ ထောက်ခံပေးမှုနဲ့ ယုံကြည်မှုအတွက် ကျွန်တော် ကျေးဇူး အများကြီး တင်ပါတယ်”

“အရမ်း ယဉ်ကျေးဖို့ မလိုပါဘူးဗျာ၊ အခု ခင်ဗျားက ကျွန်တော့်ရုပ်ရှင်ရဲ့ အဖွဲ့သား တစ်ယောက် ဖြစ်နေပြီပဲကို၊ နောက်ဆို ကျွန်တော်တို့က ညီအစ်ကိုတွေ ဖြစ်လာမှာပဲလေ”

ရဲ့လင်းချန်က အစ်ကိုကြီးတစ်ယောက်သဖွယ် ပြောဆိုလာသည်။ ထိုသို့ပြောနေစဉ်မှာပင် သူသည် စင်နားသို့ ရောက်သွားသည်။

“ခင်ဗျား ခုနက လုပ်တဲ့အကွက်ကို ပြန်လုပ်ပြပါဦး”

လီကျင့်နှင့် ကျန်လူများအားလုံး လေးနက်သော အမူအရာများ ဖြစ်သွားကြသည်။ ရဲ့လင်းချန်က သူတို့ကို စစ်ဆေးရန် ရောက်လာခြင်း ဖြစ်ကြောင်း သိသွားလေသည်။ သူတို့ နည်းနည်းလေးမှ နမော်နမဲ့ မလုပ်ရဲသလို အချို့ဆိုလျင် အသင့်အနေအထားများ ဖြစ်သွားကြသည်။

အစောက ရိုက်ကွင်းသည် ရုပ်ရှင်၏ အစပိုင်းဖြစ်ပြီး ဟော်ရန်ကျားက သူ့တပည့်များကို သင်ကြားပြသနေသည့် အခန်း ဖြစ်သည်။

တစ်ကြိမ်မျှ လှည့်ပတ်ကြည့်ရှုပြီးနောက် ရဲ့လင်းချန်က မျက်မှောင်ကြုတ်ကာ စိတ်ပျက်စွာ ခေါင်းခါယမ်းသည်။

“ခင်ဗျားတို့ အရှိန်အဝါတွေ ကင်းမဲ့နေတယ်”

“သခင်လေးရဲ့ ကျွန်တော် သရုပ်ဆောင်တာ တစ်ခုခု မှားနေတာများ ရှိပါသလား”

လီကျင့် စိုးရိမ်တကြီး‌ မေးလိုက်သည်။

“ခင်ဗျား ပြဿနာ မဟုတ်ပါဘူး”

ရဲ့လင်းချန် တစ်ခဏမျှ တွေး၍ ပြောလိုက်သည်။

“ရိုက်ကွင်း အပြင်အဆင်ပါ၊ ဒီအခန်းက ဇာတ်ညွှန်းကိုဖတ်ပြီး မျက်နှာအမူအရာအချို့ လုပ်ရုံပဲ မဖြစ်သင့်ဘူး၊ အရှိန်အဟုန်တွေ မာန်တွေလိုတယ်”

“ဒီလိုနေရာမှာ ဟော်ရန်ကျားက ငယ်ရွယ်မှုနဲ့ မာန်မာနတွေ ရှိနေသင့်တယ်၊ သူ့တပည့်တွေကို စကားလေး နည်းနည်းပြောပြီး သင်ပြနေတာလောက်နဲ့ ဘယ်ဖြစ်သင့်မလဲ၊ ခင်ဗျား သန်မာကြံ့ခိုင်ပုံ ပေါ်နေပင်မယ့် အရှိန်အဝါ ထုတ်ဖော်နေတာမျိုး မရှိဘူး၊ ဒါက အက်ရှင်ရုပ်ရှင်ဆိုတော့ ဇာတ်ကောင်တိုင်းက အမူအရာအလို သဟဇာတ ဖြစ်နေသင့်တယ်”

သူ လှည့်ပတ်ကြည့်၍ လက်ညှိုးထိုးပြလိုက်သည်။

“အဲ့လေ့ကျင့်ရေး ရုပ်တုကို ဒီနား သယ်လာပေးပါ”

အရုပ်ကို ချက်ချင်း သယ်လာနေပြီး လီထိုက်က ဘေးမှနေ၍ ကြည့်နေသည်။

“အစ်ကိုလီ ခင်ဗျားရဲ့ သရုပ်ဆောင် စွမ်းရည်က တော်ပါတယ်၊ ဒါပေမဲ့ ဇာတ်ကောင်အပေါ် နားလည်ပုံကတော့ နည်းနည်း လိုနေတယ်၊ ဟော်ရန်ကျားရဲ့ ကိုယ်ရည်ကိုယ်သွေးက ဖြတ်သန်းခဲ့ရတဲ့ ဘဝတစ်လျှောက်မှာ မတူညီဘူး၊ ကျွန်တော် ဟော်ရန်ကျားနေရာကနေ ခင်ဗျားတို့ကို သရုပ်ပြမယ်”

ထိုသို့ပြောပြီး သူ အသက်ပြင်းပြင်းရှူကာ မျက်လုံးမှိတ်လိုက်သည်။ သူ နေရာ၌ အချိန်တစ်ခုမျှအထိ ရပ်နေပြီးနောက် ဆတ်ခနဲ မျက်လုံး ပြန်ဖွင့်လိုက်သည်။

သူ့အကြည့်က ကျားတစ်ကောင်၏ အကြည့်သဖွယ် စူးရဲတောက်ပနေပြီး သူ့ခန္ဓာကိုယ်မှ အေးစက်၍ ကြောက်စရာ ကောင်းသော အရှိန်အဝါတစ်ခု ပျံ့လွင့်လာသည်။

လီထိုက်နှင့် ကျန်လူများအားလုံး ကြောက်လန့်သွားကြသည်။ သူတို့ ရဲ့လင်းချန်ကို မျက်လုံးချင်းဆုံအောင် မကြည့်ရဲကြချေ။ သူ ဘာတစ်ခွန်းမှ ပြောစရာပင် မလိုဘဲ သူ့ထံမှ ဒေါသနှင့် အရှိန်အဝါတစ်ခု ပျံ့လွင့်နေသည်ကို သူတို့ ခံစားမိနေကြသည်။

“ကွန်ဖူးဆိုတာ ဘာလဲ”

သူသည် အရှေ့မှ တပည့်များကို ကြည့်၍ မေးလိုက်သည်။ မည်သူမှ ပြန်မဖြေရဲချေ။

သူက တပည့်တစ်ယောက်ကို ကြည့်ကာ အမိန့်ပေးလိုက်သည်။

“ဒါကို တားစမ်း”

ထိုတပည့်က ချက်ချင်း လက်မြှောက်သည်။ ရဲ့လင်းချန် လက်သီးဖြင့် ထိုးလိုက်သဖြင့် ထိုတပည့် ကြမ်းပြင်ပေါ် လဲကျသွားလေ၏။

ထို့နောက် သူက နောက်တပည့်တစ်ယောက်နား လျှောက်သွားသည်။

“ထပ်တားစမ်း”

“ဘုန်း”

လက်သီးချက်နှင့်အတူ ထိုတပည့် လွင့်ထွက်သွားသည်။ ထို့နောက်တွင်မူ သူသည် လွှားခနဲ ခုန်၍ ကန်လိုက်သဖြင့် တပည့်နှစ်ယောက် မြေကြီးပေါ် လဲကျသွားပြန်သည်။

“ကွန်ဖူးဆိုတာ မင်းတို့ အချိန်နဲ့အမျှ အရောင်တင်ဖို့ လိုအပ်တဲ့အရာပဲ”

ပြောပြီးသည်နှင့် သူက လေ့ကျင့်ရေးအရုပ်ထံ လျှောက်သွားပြီး လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

“ဝုန်း”

လက်သီးချက်ကြောင့် အရုပ်၌ အပေါက်တစ်ပေါက် ဖြစ်သွားလေသည်။

“ဒါ ဆယ့်နှစ်နှစ်လုံးလုံး လေ့ကျင့်ခဲ့တဲ့ ကွန်ဖူးပဲ၊ မင်းတို့ တားနိုင်လား”

“ကဒ်”

လူတိုင်း ယဲ့ဖန်ကို မယုံနိုင်ဟန်ဖြင့်ကြည့်နေကာ အလွန် လေးစားလာကြသည်။

ဇာတ်ကွက်အတိုလေးသာ ဖြစ်သော်လည်း ရဲ့လင်းချန်က ဟော်ရန်ကျား၏ မာန်မာနကို အပြည့်အဝ ထုတ်ဖော်နိုင်ကာ လှုပ်ရှားမှုနှင့်လည်း သဟဇာတ ဖြစ်နေပြီး ကြည့်နေသူတိုင်း၏ ရင်ထဲကို ကွန်ဖူး၏ အနှစ်သာရ ရောက်ရှိအောင် ပေးစွမ်းနိုင်သည်။ ၎င်းက စကားပြောရုံမျှထက်ပင် ပို၍ အားမာန်ပါနေ၏။

“သခင်လေးရဲ့က ငါတို့ရဲ့ ရင်းနှီးမြှုပ်နှံသူ ပြီးတော့ သိုင်းပညာ သင်ကြားပေးတဲ့ ဆရာပဲ၊ နောက်ပိုင်း မင်းတို့ အက်ရှင် ဇာတ်ကွက်နဲ့ ပတ်သက်ရင် သူ့ဆီကနေ အကူအညီ တောင်းလို့ရတယ်”

လီထိုက်က အားလုံးကို မိတ်ဆက်ပေးလိုက်သည်။

“သခင်လေးရဲ့၊ ခင်ဗျားရဲ့ သရုပ်ဆောင်စွမ်းရည်က ကျုပ်ထက် အများကြီး သာတယ်၊ ကျုပ် …”

ကျန်လူများနှင့်ယှဉ်လျင် လီကျင့်သည် အံ့ဩစိတ်ထက် အထင်ကြီးစိတ်ကိုသာ ပို၍ ခံစားမိသည်။

ကြည့်ရှုသူများက ဘာကို အလိုအပ်ဆုံး ဖြစ်မလဲ၊ ယင်းမှာ ရုပ်ရှင်ထဲ၌ နစ်မြုပ်မျောပါသွားခြင်းပင်။ ၎င်းက သရုပ်ဆောင် စွမ်းရည်အပေါ်မှာ အပြည့်အဝ အခြေခံ၏။

ထိုအခိုက်တွင် လီကျင့်သည် ရဲ့လင်းချန်က သူ့အစား ဟော်ရန်ကျားဇာတ်ကောင်ကို ပို၍ သရုပ်ဆောင်သင့်ကြောင်း တွေးမိသွားသည်။ သူကိုယ်တိုင်လည်း အရင်ခေတ်သို့ ရောက်သွားသလို ခံစားရသည်။ လှုပ်ရှားမှုတိုင်း၊ စကားလုံးတိုင်းနှင့် လေသံအပြင် အကြည့်တို့ကပါ ဇာတ်ကောင်ကို အပြည့်အဝ ဖော်ထုတ် နိုင်သည်။

“သရုပ်ဆောင်တယ်ဆိုတာ ကိုယ်တိုင်က ဇာတ်ကောင် ဖြစ်သွားတာမျိုးပါပဲ၊ ဇာတ်ညွှန်းကို ပိုဖတ်ပြီး ခင်ဗျားကိုယ်ခင်ဗျား ဟော်ရန်ကျားလို့ မြင်ကြည့်ပါ”

ရဲ့လင်းချန်က လီကျင့်၏ ပခုံးကိုပုတ်ကာ ရယ်လေသည်။

“ခင်ဗျား လုပ်နိုင်ပါတယ်”

All Chapters