ဝူဟန်၏ လက်စားချေမှု
Vol. 10 Ch. 139
ထို့နောက်တွင် ရဲ့လင်းချန်က ဟော်ရန်ကျား ရုပ်ရှင်အတွက် ဇာတ်ဝင်ခန်းအချို့ကို ညွှန်ကြားပြီး ပြင်ဆင်မှုအချို့ ပြုလုပ်လေသည်။ အရေးပါသော အက်ရှင်အခန်းအချို့သို့ ရောက်လျင် သူသည် အခန်းတိုင်းမှ လှုပ်ရှားမှုတစ်ခုချင်းစီကို သင်ပြလေသည်။ သူက သူတို့ကို တတ်နိုင်သမျှ လက်တွေ့ကျ၍ စိတ်လှုပ်ရှားအောင် သင်ပြပေးသည်။
သူ၏ အကြံပေးညွှန်ကြားမှုများက ထိရောက်ပြီး ရိုက်ကူးရေးဝန်ထမ်းများအား အကောင်းတကာ့ အကောင်းဆုံးကို ရိုက်ကူးနိုင်စေသည်။ တိုက်ခိုက်ခန်း အတော်များများမှ သူတို့၏ အပြင်အဆင်ကို ပြုပြင် ပြောင်းလဲ ခဲ့သည်။
ထို့ကြောင့် ရုပ်ရှင်တစ်ခုလုံးတွင် အလွန် ပြောင်မြောင်သော အစီအစဉ်များစွာ ပါရှိပြီး ကြည့်ရှုသူများ၏ အာရုံကို ဖမ်းစားနိုင်ရန် လွယ်ကူပေတော့မည်။
“သခင်လေးရဲ့ မင်းက သိပ်ကို အံ့ဩဖို့ ကောင်းလွန်းတယ်၊ မင်းဘာသာမင်း အလွယ်တကူ ဒါရိုက်တာ လုပ်လို့ရပြီလို့ ငါ ထင်တယ်”
လီထိုက် အထင်ကြီးသွားသည်။ ရဲ့လင်းချန်၏ ဘေး၌ နေ၍ လိုက်ကြည့်ခြင်းဖြင့် သူ ကိစ္စအတော်များများကို သင်ယူလိုက်ရသည်။
“ကျွန်တော် အဲ့လောက် အချိန်မရပါဘူးဗျာ”
ရဲ့လင်းချန် လက်ကာပြလိုက်သည်။
“ကျွန်တော် ဟော်ရန်ကျားရုပ်ရှင်ရဲ့ ရိုက်ကူးရေးကို ခင်ဗျားလက်ထဲ အပ်ခဲ့လိုက်ပြီနော် ဒါရိုက်တာလီ”
“စိတ်ချပါ သခင်လေးရဲ့”
ဟော်ရန်ကျား ရုပ်ရှင်ရိုက်ကွင်းကို ရဲ့လင်းချန် ပထမဆုံးအကြိမ် ရောက်လာခြင်း ဖြစ်သော်လည်း လူတိုင်း၏ လေးစားမှုကို လျင်မြန်စွာ ရရှိသွားသည်။ လီကျင့်က စတင်၍ အားလုံးက ရုပ်ရှင်ရိုက်ကူးရေး၌ အားသွန်ခွန်စိုက် အာရုံစိုက်ကြသည်။
ထိုစဉ် ဝန်ထမ်းတစ်ယောက်က သုန်မှုန်နေသော မျက်နှာထားနှင့်အတူ ခပ်သွက်သွက် ပြေးလာသည်။
“ဒါရိုက်တာလီ ကျွန်တော်တို့ ဝေ့ပေါ်မှာ ပြဿနာနည်းနည်း တက်နေတယ်”
“ဘာဖြစ်တာလဲ”
ဒါရိုက်တာလီနှင့် ရဲ့လင်းချန်တို့ ကွန်ပျူတာရှေ့ ၌ ထိုင်လိုက်ကြသည်။ လီကျင့်နှင့် အခြားသူများလည်း အနားသို့ ပြေးလာလေသည်။ ဝေ့ပေါ်မှ အကြောင်းအရာကို မြင်လိုက်သောအခါ မျက်နှာအမူအရာ ပျက်ယွင်းကာ မည်းမှောင်သွားရသည်။
အစောပိုင်းက ဝူဟန်သည် ဝေ့ပေါ်၌ ပို့စ်တစ်ခု တင်ခဲ့သည်။ ရေးထားသည့် အကြောင်းအရာများမှာ ငါက သူရဲကောင်း ရုပ်ရှင်၌ သူ ပါဝင်မည်ဖြစ်ပြီး အတော်လေး အရေးပါသော ဇာတ်ကောင်ကို သရုပ်ဆောင်မည်ဟု ဆိုထားသည်။ ယင်းက ငါက သူရဲကောင်း ရုပ်ရှင်ကို ကြော်ငြာလိုက်ခြင်းနှင့် အတူတူပင်။
ဝေ့ပေါ်၌ တင်ထားသော ထိုပို့စ်က များစွာသော ပရိသတ်များအား အလိုအလျောက် စိတ်လှုပ်ရှားစွာ အားပေး လာစေ၏။
အစတွင် ဘာမှထူးခြားသော ပို့စ်မပါခဲ့ပေ။ ထို့နောက်တွင်မူ ဝူဟန်က အခြားပို့စ်များ ဆက်တင်လေသည်။ ယင်းထဲတွင် သူသည် အစက ဟော်ရန်ကျား၌ ပါဝင်သရုပ်ဆောင်ရန် ရည်ရွယ်ထားခဲ့သည်ဟု ဆိုသည်။ ထုတ်လုပ်သည့်သူ သရုပ်ဆောင်ဝိုင်က ကွန်ဖူးပညာ နည်းနည်းလောက် သိသည်နှင့် သူ့အပေါ် အထင်သေး၍ ဆိုးရွားစွာ ဆက်ဆံခဲ့သည်ဟု ဆိုထားသည်။
ထိုပို့စ်က ရေတစ်စက်စက်ကျရာမှ ရေအိုင်ဖြစ်သွားသကဲ့သို့ တစ်စထက်တစ်စ ကြီးထွားပျံ့နှံ့လာသည်။
ထိုအခိုက်တွင် ဝူဟန်၏ ကျော်ကြားမှုကို သိသိသာသာ မြင်လာရသည်။ သူ၏ အမာခံ ပရိသတ်များက ဒေါသထွက်လာပြီး ခွေးရိုင်းများသဖွယ် အစွယ်တငေါငေါနှင့် ရဲ့လင်းချန်ကို ရန်ရှာတော့သည်။
ဝိုင်၏ ဝေ့ပေါ်အကောင့်က ချက်ချင်း စစ်မြေပြင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ မျက်တောင်တစ်ခတ်အတွင်း ထောင်သောင်းချီသော ဝေဖန်ဆဲဆိုသံများ ပေါ်လာလေသည်။
[ဝိုင် ခွေးကောင်၊ နင်ကများ ငါတို့ ဟန်ဟန်လေးကို ငေါက်ငမ်းရဲတယ်ပေါ့လေ၊ ငရဲကို သွားလိုက်တော့]
[နင့်အကြောင်းကို ငါ မသိအောင် ဖုံးထား၊ မဟုတ်လို့ကတော့ နင့်ကို ဒီအတိုင်း မထားဘူး]
[ဟော်ရန်ကျားတဲ့လား၊ စိတ်ချ ငါ တစ်သက်လုံး မကြည့်ဘူး၊ အမှိုက်ကောင်]
[ဝိုင်၊ ငါတို့ဟန်ဟန်ကို နင် ချက်ချင်း တောင်းပန်ပါ၊ မဟုတ်လို့ကတော့ ငါ ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်မယ်၊ ငါတို့ ဟန်ဟန်အတွက် ငါ သေရဲတယ်]
[ဟန်ဟန်က သိပ်တော်တာ၊ နင် ဘယ်လိုလုပ် သူ့ကို အဲ့လို ဆက်ဆံရဲတာလဲ၊ အဲ့ဒါက ကွန်ဖူးသက်သက်ပဲလေ၊ ငါတို့ ဟန်ဟန်လေးက တစ်ရက်တည်းနဲ့ သင်နိုင်တယ်၊ သူက အတော်ဆုံးပဲ]
…
ယမ်းပုံမီးကျနေသည့် အဖြစ်ကိုကြည့်ပြီး ရဲ့လင်းချန် မည်သည့် ဒေါသစိတ်ကိုမှ မခံစားမိပေ။ ထိုအစား သူ ဝမ်းနည်းမိသည်။
ထို့နောက်တွင်မူ ဒါရိုက်တာ ချန်ဖုန့်ကလည်း တရားဝင် ထုတ်ပြန်ချက်တစ်စောင် တင်လာသည်။
ချန်ဖုန့်က ငါက သူရဲကောင်း ရုပ်ရှင်တွင် ရင်းနှီးမြှုပ်နှံသူအဖြစ် ပါဝင်လိုက်ပြီဖြစ်ကြောင်း ကြေငြာသည်။ တစ်ချိန်တည်းမှာပင် သူက ဟော်ရန်ကျားကို မနှစ်မြို့ဟန် ပြောလာ၏။ အထူးသဖြင့် လီထိုက်က မည်သို့ မောက်မာကြောင်း ပြောလေသည်။ ဟော်ရန်ကျားက အစွမ်းအစရှိသော သရုပ်ဆောင် တစ်ယောက်ကိုတောင်မှ မငှားနိုင်ဘဲ နာမည်ကျနေသော လီကျင့်ကို ဇာတ်လိုက်နေရာတွင် တင်ထားသည်ဟု ပြောဆိုကာ ဘောင်မဝင်သော သာမန် ညံ့ဖျင်းသည့် ရုပ်ရှင်တစ်ခု ဖြစ်အောင် အပုပ်ချလေ၏။
ရှစ်လေ့ကလည်း ဝေ့ပေါ်၌ အလွန် သိတတ်နားလည်သော လေဖြင့် ပို့စ်တင်ပြန်သည်။
[ကြည့်ရှုသူတွေရဲ့ မျက်လုံးက သလင်းကျောက်လို ကြည်လင်ပြတ်သားတယ်၊ အကျင့်မကောင်းတဲ့သူတွေကို ဘယ်သူမှ ရိုက်ကူးရေးအတွက် ကူညီပေးချင်မှာ မဟုတ်ဘူး၊ မှန်သလား မှားသလားဆိုတာကို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တယ်]
ထိုစာသားက သရုပ်ဆောင်ဝိုင်ကို ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိသာလှသည်။ ဝိုင်က ယခု အများပြည်သူ ဝိုင်းဝေဖန်ခံရသည့် ပစ်မှတ် ဖြစ်နေလေ၏။
[ဟော်ရန်ကျားက ဆက်ရိုက်နေဖို့ လိုသေးလို့လား၊ အောင်မြင်ဖို့ ကံမှမပါလာတာ]
[တစ်ယောက် လဲပြိုနေပြီဆို အားလုံးက ဝိုင်းတွန်းတတ်တယ်၊ ကံဆိုးတာပဲ]
[တကယ့် ခေါင်တွေ စုဝေးနေတာပဲ၊ ငါက သူရဲကောင်း ရုံတင်တာကို ငါ စောင့်နေမိပြီ]
[ချန်ဖု့န်က ငါက သူရဲကောင်းမှာ ရင်းနှီးမြှုပ်နှံတာလား၊ ဇာတ်လမ်းက ကောင်းကိုကောင်းမှာပဲ၊ ဟော်ရန်ကျား ကတော့ ဘယ်သူမှ စိတ်မဝင်စားကြဘူး၊ မိုးနဲ့မြေလို ကွာလိုက်တာ]
….
ဝေ့ပေါ်ပေါ်မှ ပြောဆိုမှုက အချိန်နှင့်အမျှ ကြီးထွားလာနေပြီး လီထိုက်နှင့် ရဲ့လင်းချန်တို့ ဆိတ်ဆိတ်သာ နေလိုက်ကြသည်။
“ဒါရိုက်တာလီ၊ ရှစ်လေ့နဲ့ သူ့အဖွဲ့က ဘောင်ကျော်လာပြီ၊ ဒါ တမင် အပုပ်ချနေတာပဲ”
“အဲ့မိန်းမလျာ ဝူဟန်ကို ငါ ကြည့်မရတာကြာပြီ၊ ဘယ်နားကနေမှန်းမသိ နာမည်ကြီးလာတာ၊ သူနဲ့ သူ့နောက်က အရူး အမာခံ ပရိသတ်တွေအားလုံးက စိတ်မမှန်ကြဘူး”
“မလိုတမာစိတ်နဲ့ ပြိုင်ဆိုင်နေတာပဲ၊ အဲ့လောက် နိမ့်ကျရလား”
မျှတမှုမရှိသော လုပ်ရပ်ကြောင့် အားလုံး ဒေါသထွက်ကာ မျက်နှာ နီနေကြသည်။
“သခင်လေးရဲ့၊ ကျွန်တော် တောင်းပန်ပါတယ်၊ ဒါတွေအားလုံးက ကျွန်တော့်ကြောင့် ဖြစ်ရတာပါ”
လီထိုက်က လိပ်ပြာမလုံသော လေသံဖြင့် တောင်းပန်လေသည်။ ချန်ဖုန့်နှင့် ဝူဟန်တို့က သူ့ကို ရန်ငြိုးရှိသူများ မဟုတ်ပါလော။
“ဒါ ခင်ဗျားအမှား မဟုတ်ပါဘူး၊ အဲ့လောက် အတွေးမလွန်ပါနဲ့”
ရဲ့လင်းချန်က ခေါင်းခါယမ်း၍ ပြောလိုက်သည်။
“သခင်လေးရဲ့ ကျွန်တော်တို့ ပြန်တုံ့ပြန်သင့်လား”
အဖွဲ့သားများက ရဲ့လင်းချန်ကို ကြည့်နေကြသည်။
“လက်တုံ့ပြန်မလို့လား၊ သူတို့က ပြင်ဆင်ထားကြတဲ့သူတွေလေ၊ ဒီလိုကိစ္စမျိုးကို ကျွန်တော်တို့ ဘာနဲ့ ပြန်လက်တုံ့ပြန်မှာလဲ”
ရဲ့လင်းချန်က အရေးမစိုက်သော အမူအရာဖြင့် လက်ခါယမ်း၍ ကြေငြာလိုက်သည်။
“အကောင်းဆုံး လက်တုံ့ပြန်နည်းက ကျွန်တော်တို့ကိုယ်တိုင်ပဲ၊ ရုပ်ရှင်အတွက် အားလုံး အားကြိုးမာန်တက် ကြိုးစားပြီး သူတို့ကို အားရပါးရ အရှက်ခွဲလိုက်ပါ၊ နားလည်တယ် မဟုတ်လား”
“ဟုတ်ကဲ့ပါ သခင်လေးရဲ့၊ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပါ့မယ်”
အဖွဲ့သားများအားလုံး ပြိုင်တူ ပြန်ပြောလာ၏။ အထူးသဖြင့် လီကျင့်ပင်။ သူ့မျက်နှာက နီနေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ မျက်လုံးတွင် ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်နေ၏။
“ကျွန်တော်တို့ လုပ်နိုင်တယ်လို့ ယုံကြည်တယ်”
ရဲ့လင်းချန် ရယ်မောလိုက်သည်။
“ဒီကိစ္စကို ဘေးချိတ်ထားလိုက်ရအောင်၊ ခင်ဗျားတို့ မြန်မြန်အသင့်ပြင်ပြီး ရိုက်ကူးရေး စသင့်ပြီ”
အဖွဲ့သားများက တက်ကြွနေသော စိတ်အဟုန်တို့ဖြင့် လူစုခွဲသွားကြသည်။
ရဲ့လင်းချန် ဖုန်းကိုထုတ်၍ သရုပ်ဆောင် ဝိုင်၏ ဝေ့ပေါ်အကောင့်ထဲ ဝင်လိုက်သည်။ သူ ခပ်တိုတို စာသားတစ်ခုကိုသာ တင်လိုက်လေသည်။
[အားလုံး ဖန်သားပြင်ပေါ်မှ အဖြေပေါ်လာလိမ့်မယ်၊ စောင့်ကြည့်နေလိုက်ပါ]
ထိုပို့စ်က ပုတ်ခတ်မှုများစွာနှင့် ချက်ချင်းဆိုသလို ရင်ဆိုင်ရနေလေသည်။ မရေတွက်နိုင်သော မုန်းတီးသူများက မှတ်ချက်များ ဝင်ရေးကြသည်။ ၎င်းတို့တွင် အထင်သေးမှုများ ပြည့်နှက်နေ၏။
အချို့သောသူများက ဝိုင်ကို အားပေးကြသည်။
[ဒါ တမင်သက်သက် ပုတ်ခတ်တာပဲ၊ အရှက်ကိုမရှိဘူး]
[ဝိုင်က လူတွေကို နောက်ကွယ်မှာ မကောင်းပြောတာကို ငါ တစ်ခါမှ မမြင်ဖူးဘူး၊ အဲ့ငတုံးတွေကို ကြည့်ပါဦး၊ အပြုံလိုက် ရောက်လာပြီ]
[ဝူဟန်ရဲ့ အမာခံ ပရိသတ်တွေက တကယ် ကြောက်ဖို့ကောင်းတယ်၊ ဒီကမ္ဘာကြီးက ဘာတွေ ဖြစ်နေတာလဲ၊ ဘာလို့ သူတို့က အဲ့လို အမှိုက်မျိုး ဖြစ်နေရတာလဲ]
သို့သော် ထိုမှတ်ချက်များက လျင်မြန်စွာ ဖုံးလွှမ်းခံလိုက်ရပြီး အချို့ဆိုလျင် အမာခံ ပရိသတ်များ၏ နှုတ်အားဖြင့် ဆဲရေးတိုင်းထွာ ပုတ်ခတ်ခြင်းကို ခံရလေသည်။
ရဲ့လင်းချန် စိတ်ပျက်သွားပြီး ဝေ့ပေါ်ထဲမှ ထွက်လိုက်သည်။ သူ ဟန်တမ်း စတူဒီယို အပြင်ဘက်မှ ဘတ်စ်ကား မှတ်တိုင်သို့ ဦးတည် လျှောက်သွားပြီး ဘတ်စ်ကားစီး၍ အိမ်ပြန်ရန် ဆုံးဖြတ်လိုက်လေသည်။
သို့သော် သူ ဟန်တမ်း စတူဒီယိုထဲမှ ထွက်လိုက်သည်နှင့် မျက်နှာ သုန်မှုန်သွားသည်။ သူ ခေါင်းကိုမော့၍ ခပ်ဝေးဝေးမှ အထပ်မြင့် အဆောက်အဦးကို လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် အထပ်မြင့် အဆောက်အဦး၏ အထပ်တစ်ထပ်က မီးခိုးများ ထွက်နေပြီး ပြတင်းပေါက်မှနေ၍ မီးတောက်များ မကြာခဏ ထွက်နေသည်။ အဆိုပါ မြင်ကွင်းက ကြောက်စရာ ကောင်းလှပေ၏။
သူ့အပြင် အခြားသော လမ်းသွားလမ်းလာများလည်း သတိထားမိသည်။ သူတို့အားလုံး အံ့ဩသွားကြပြီး ထိုနေရာသို့ ပြေးသွားလေသည်။
“လခွမ်း ဘာဖြစ်တာလဲ၊ မီးလောင်နေတာလား”
“အဲ့ဒါ မြို့တော်ရဲ့ မြစိမ်းကန် အိမ်ရာရှိတဲ့ဘက် မဟုတ်လား၊ ကြောက်ဖို့ကောင်းလိုက်တာ”
“အဲ့အိမ်ရာရဲ့ တာဝန်ရှိသူတွေ ဘာလုပ်နေတာလဲ၊ အဲ့နေရာမှာ ဘယ်လိုလုပ် မီးလောင်တာလဲ၊ ဘယ်သူ ရှိနေလဲတောင် ငါတို့ မသိရဘူး”
“သွားရအောင် မြန်မြန် သွားကြည့်ကြမယ်”
…
တောက်လောင်နေသော မီးညွှန့်က ပြင်းထန်လှသည်။ အဆောက်အဦးတွင်းမှ လူများ လှေကားမှ ဆင်းလာသည်ကို အဝေးမှ မြင်နေရသည်။ တော်တော်များများက မျက်နှာကို ရေစွတ်အဝတ်များ ပတ်၍ ကြောက်စရာ ကောင်းသော အဖြစ်မှ ထွက်ပြေးနေကြသည်။
“ဝုန်း”
ထိုပေါက်ကွဲမှုက အပေါ်ထပ်မှ ဂတ်စ်လိုင်း ပေါက်ကွဲသွားခြင်း ဖြစ်နိုင်ပေသည်။ ထိုပေါက်ကွဲမှုအပြီး၌ မီးညွန့်က ပိုပို၍ ကြီးမားလာပြီး ကျန်အထပ်များသို့ စတင်ကူးစက်လာ၏။