အခန်း (၁၁၁-၁၁၂)
Vol. 12 Ch. 111-112
111
လေဆိပ်ကဲ့သို့ လူအလွန်များသော နေရာမျိုးတွင် မည်သူမျှ သူတို့ကို သတိထားမိလိမ့်မည် မဟုတ်ပေ။ လူတိုင်းမှာ ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေကြရာ အခြားသူများကို အကဲခတ်နေရန် မည်သူ့တွင်မှ အချိန်မရှိကြချေ။
"ဒီလူတွေက တော်တော်လေး သံသယဖြစ်စရာ ကောင်းတယ်နော် ချင်ရန်"
ချောင်ကျန့်ကျွင်းက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဒါတင်မကဘူး၊ သူတို့ရဲ့ ရုပ်ရည်ကို ကြည့်ရတာ အရှေ့တောင်အာရှဘက်က လူတွေနဲ့ မတူနေဘူးလား"
"အင်း၊ သွားကြည့်ရအောင်"
ချင်ယန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျွန်တော်တို့ကို သတိမထားမိစေနဲ့ဦး၊ တကယ်လို့ သူတို့က ရာဇဝတ်ကောင်တွေသာ မှန်ရင် လက်နက်တွေ ပါလာနိုင်တယ် စီနီယာချောင်"
ထိုစကားကြောင့် ချောင်ကျန့်ကျွင်းသည် သူ၏ ခါးကြားမှ လက်နက်ကို မသိမသာ စမ်းလိုက်မိသည်။
သူလည်း လက်နက် ယူလာခဲ့သည် မဟုတ်လား။
သို့သော် ဤမျှလောက်ထိ လူကျပ်သောနေရာတွင် သေနတ်ပစ်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။ အကယ်၍ မှားယွင်းပြီး သာမန်လူတစ်ယောက်ကို ထိမှန်သွားပါက သူ့ဘဝမှာလည်း နိဂုံးချုပ်သွားပေလိမ့်မည်။
ချင်ရန်နှင့် ချောင်ကျန့်ကျွင်းတို့သည် ထို ၆ ဦးရှိရာသို့ တဖြည်းဖြည်းချင်း တိုးကပ်သွားကြသည်။
ထိုအချိန်တွင် လေဆိပ်ထွက်ပေါက်၌ ပါရှားအရာရှိကြီးများ ထွက်လာသဖြင့် လူအုပ်ကြီးမှာ ပို၍ပင် စုဝေးလာကြသည်။
၎င်းအခြေအနေကို စောင့်ကြည့်နေကြသော ထိုလူ ၆ ဦးမှာ တစ်စုံတစ်ခုကို ဆွဲထုတ်တော့မည့်အလား လက်များသည် ရင်ဘတ်ဆီသို့ တဖြည်းဖြည်း တိုးကပ်သွားကြသည်။
လေဆိပ်အဝင်ဝတွင် ခေါင်းပေါင်းများ ပေါင်းထားသည့် ပါးရှားအရာရှိ ၁၂ ဦးခန့်သည် လေဆိပ်အတွင်းမှ ထွက်လာကြပြီး ရဲအရာရှိ ၃၀၀ ကျော်၏ ခြံရံမှုဖြင့် သတ်မှတ်ထားသည့် လမ်းအတိုင်း လျှောက်လာကြသည်။
ထိုလမ်းပေါ်တွင် သူတို့၏ လုံခြုံရေးမှာ အပြည့်အဝ စိတ်ချရပြီး ဤမြင်ကွင်းကို မြင်သောအခါ လူအများက စပ်စုသော မျက်လုံးများဖြင့် ရပ်ကြည့်နေကြသည်။
သူတို့ လုံးဝ မသိလိုက်သည်မှာ လူအုပ်ထဲရှိ အသင့်ပြင်နေသော ထိုလူ ၆ ဦးမှာ လူသတ်ပွဲကြီး ဆင်နွှဲရန် လက်များကို အင်္ကျီရင်ဘတ်အတွင်း သို့ ထည့်ထားပြီးပြီ ဖြစ်သည်။
"အချိန်ရောက်ပြီ၊ စကြရအောင် ညီအစ်ကိုတို့"
ထို ၆ ဦးထဲမှ တစ်ဦးသည် မျက်နှာသေဖြင့် ပြောလိုက်သည်။
"အလုပ်ပြီးတာနဲ့ ရဲတွေကို တုန့်ပြန်ဖို့ အခွင့်အရေး မပေးနဲ့၊ ကိုယ့်ပါးစပ်ထဲကိုယ် သေနတ်ထည့်ပြီး တန်းပစ်လိုက်ကြ၊ နောက်ဆံတင်းစရာ မလိုဘူး၊ ငါတို့သေရင် အဖွဲ့အစည်းက ငါတို့မိသားစုတွေကို သေသေချာချာ စောင့်ရှောက်ပေးလိမ့်မယ် ဘာမှ စိတ်မပူကြနဲ့"
"သေနတ်ထုတ် အသင့်ပြင်"
ထိုလူက အသံကို နှိမ့်ပြီး ပြောလိုက်သည်။
လူအများ၏ အာရုံမှာ လေဆိပ်အဝင်ဝရှိ ရဲအရာရှိ ၃၀၀ ကျော် ခြံရံထားသော နေရာသို့ ရောက်နေသဖြင့် ယခုအချိန်မှာ သူတို့လုပ်ငန်းစဉ်အတွက် အကောင်းဆုံး အခွင့်အရေးတစ်ခုပင် ဖြစ်သည်။
ဤကဲ့သို့ လူအုပ်ကြီးအတွင်း ပစ်မှတ်ကို ထိမှန်နိုင်ခြေမှာ ၁၀၀ ရာခိုင်နှုန်းအပြည့်ပင် ရှိသည်။
ထိုလူ ၆ ဦးသည် အနည်းဆုံး လူအယောက် ၅၀ ၏ အသက်ကို အလွယ်တကူ နုတ်ယူနိုင်မည် ဖြစ်သည်။ သူတို့မှာ သတ်ဖြတ်ရန် အသင့်ဖြစ်နေ၏။
ထိုလူ ၆ ဦးစလုံးမှာ သေနတ်များကို ဆွဲထုတ်ရန် ပြင်လိုက်စဉ်မှာပင် သူတို့အနောက်မှ အရိပ်နှစ်ခုသည် တစ္ဆေများကဲ့သို့ ရုတ်တရက် ပေါ်လာခဲ့သည်။
ချင်ရန်နှင့် ချောင်ကျန့်ကျွင်းတို့သည် ထိုလူ ၆ ဦး၏ လှုပ်ရှားမှုကို မြင်လိုက်ရသည့်အခါ မျက်လုံးများ ပြူးသွားကြသည်။
ထိုသူများ ဘာလုပ်တော့မည်ကို သူတို့နှစ်ဦးစလုံး ကောင်းကောင်း ရိပ်မိလိုက်ပြီ ဖြစ်သည်။
"လှုပ်ရှားတော့၊ သူတို့ကို လက်နက်တွေ ထုတ်ခွင့် မပေးနဲ့"
ချင်ရန်က လေသံနှိမ့်ပြီး အော်ပြောလိုက်သည်။
အကယ်၍ ထိုလူ ၆ ဦးစလုံး သူတို့၏ လက်နက်များကို ထုတ်နိုင်သွားပါက ချင်ရန်မှာ မည်မျှပင် တိုက်ခိုက်ရေး စွမ်းရည်ရှိပါစေ ကျည်ဆန်များကို ရှောင်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် တစ်ခုတည်းသော နည်းလမ်းမှာ ဤအခိုက်အတန့်ကို အရယူပြီး သူတို့အား နှိမ်နင်းရန်သာ ဖြစ်သည်။
"လုပ်ကြစို့"
ချောင်ကျန့်ကျွင်း၏ မျက်နှာမှာလည်း နီမြန်းလို့နေသည်။
ယခုအချိန်မှာ သူ့ဘဝ၌ အန္တရာယ်အရှိဆုံး အချိန်ဖြစ်ကြောင်း သူ သိနေသည်။ ချင်ရန်နှင့် ချောင်ကျန့်ကျွင်းတို့ နှစ်ဦးစလုံး ထိုလူ ၆ ဦးဆီသို့ လွှားကနဲ ပြေးဝင်သွားကြသည်။
*ဗုန်း*
ချင်ရန် အရင်ဆုံး စတင်လှုပ်ရှားလိုက်ပြီး လူတစ်ယောက်၏ ခါးကို အားပါပါဖြင့် ကန်ပစ်လိုက်သည်။
အကန်ခံရသည့်သူမှာ အကြောများ ပြတ်တောက်သွားသကဲ့သို့ ခါးကျိုးမတတ် အလွန်အမင်း နာကျင်မှုကြောင့် မျက်နှာ ပျက်သွားတော့သည်။ ချင်ရန်မှာ ယခုအချိန်တွင် ညှာတာမှု လုံးဝမရှိဘဲ အစွမ်းကုန် ထုတ်သုံးနေခြင်း ဖြစ်သည်။
*ဂျောက်*
ထိုအချိန်မှာပင် ချင်ရန်၏ ကန်ချက်ကြောင့် ခါးကျိုးသွားသော လူ၏ ရင်ဘတ်ထဲမှ အနက်ရောင် ပစ္စတိုသေနတ်တစ်လက်မှာ ကြမ်းပြင်ပေါ်သို့ အသံမြည်လျက် ကျသွားတော့သည်။
ချင်ရန်၏ မျက်လုံးများ ပြူးသွားသည်။ ၎င်းမှာ သေနတ်အစစ် ဖြစ်နေပြီး သူ့ခန့်မှန်းချက်မှာ လုံးဝ မမှားယွင်းခဲ့ချေ။
"မင်းတို့က ဘယ်သူလဲ"
ကျန်ရှိသော ၅ ဦးမှာလည်း ကြောင်အသွားကြသည်။
ဘာလို့ လူတစ်ယောက်က သူတို့အနားကို ရုတ်တရက် ရောက်လာရသနည်း။
ထို့ပြင် သူတို့၏ အဖော်တစ်ဦးမှာ ခါးကို အကန်ခံရပြီး ချက်ချင်းပင် မြေပြင်ပေါ်သို့ လဲကျသွားကာ မလှုပ်နိုင်တော့ချေ။ ထိုလူနှင့်အတူ ပါလာသော ပစ္စတိုသေနတ်မှာလည်း မြေပြင်ပေါ်သို့ ကျသွားသော်လည်း မည်သူမျှ ကောက်ယူနိုင်ခြင်း မရှိသေးချေ။
"မကောင်းတော့ဘူး၊ ငါတို့ကို ရိပ်မိသွားပြီ"
ကျန် ၅ ဦး၏ စိတ်ထဲတွင် အတွေးများ တရစပ် ဝင်လာပြီး သူတို့မျက်နှာထားများမှာ ချက်ချင်း ပြောင်းလဲသွားကြသည်။
သူတို့ ဘာဖြစ်နေသည်ကို သိလိုက်ချိန်မှာပင် ချောင်ကျန့်ကျွင်း ရောက်လာပြီး သူတို့ထဲမှ လူတစ်ယောက်ကို အတင်းလုံးထွေး ဖမ်းဆွဲလိုက်သည်။
ထို့နောက် သေနတ်ထုတ်ရန် အခွင့်အရေး မရစေရန် ထိုလူကို မြေပြင်ပေါ်သို့ လှဲချကာ ဖိထားလိုက်သည်။
ချင်ရန်မှာမူ ကျန် ၄ ဦးကို ရင်ဆိုင်ရင်း လက်သီးများ၊ ခြေကန်ချက်များကို တရစပ် ထုတ်သုံးတော့သည်။
*ဗုန်း ဗုန်း ဗုန်း ဗုန်း*
ဤတစ်ကြိမ်တွင် ချင်ရန်မှာ သူ့န်အားနှင့် အရှိန်အကုန်လုံးကို အသုံးပြုထားခြင်း ဖြစ်သည်။
အကယ်၍ တစ်ယောက်ယောက်သာ သတိဝင်လာပြီး သေနတ်ကို တစ်ချက်မျှ ပစ်လိုက်မည်ဆိုလျှင် ဘေးပတ်ဝန်းကျင်ရှိ ပြည်သူများမှာ အလွန်အန္တရာယ်ကြီးလှသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျန်ရှိသူ ၄ ဦးမှာ ချင်ရန်၏ တိုက်ခိုက်မှုကြောင့် ကြမ်းပြင်ပေါ်သို့ လဲကျ ရှုံးနိမ့်သွားတော့သည်။
ချင်ရန်က ညှာတာခြင်း အလျှင်းမရှိဘဲ ခွန်အားအပြည့် သုံးထားခြင်း ဖြစ်သည်။
ထိုလူ ၄ ဦးမှာ ရှေ့ပြေး အသေခံအဖွဲ့ဝင်များ ဖြစ်ကြသော်လည်း သူတို့၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ သာမန်လူနှင့် မခြားနားလှချေ။ ချင်ရန်အတွက် သူတို့ကို နှိမ်နင်းရသည်မှာ အလွန်လွယ်ကူနေ၏။
*ဒိုင်း*
ထိုစဉ် သေနတ်သံ တစ်ချက် ထွက်ပေါ်လာခဲ့သည်။
ချင်ရန်၏ မျက်နှာ အမူအရာ ပျက်သွားပြီး ချောင်ကျန့်ကျွင်းရှိရာသို့ အမြန်ကြည့်လိုက်ရာ၊ ချောင်ကျန့်ကျွင်း၏ ခြေထောက်တွင် သွေးများ စိုရွဲနေသည်ကို တွေ့လိုက်ရသည်။
သူ ဖိထားသော တရားခံက သေနတ်မောင်းကို ဆွဲလိုက်သဖြင့် ချောင်ကျန့်ကျွင်း၏ ပေါင်ကို ကျည်ဆန် ထိမှန်သွားခြင်း ဖြစ်သည်။
သို့သော် သေနတ်အပစ်ခံရသော်လည်း ချောင်ကျန့်ကျွင်းမှာ အံကြိတ်ခံကာ တရားခံကို ထပ်မံ ပစ်ခွင့်မရစေရန် သူ့ကိုယ်ဖြင့် အတင်းဖိထားဆဲ ဖြစ်သည်။
ချင်ရန် ချက်ချင်း ပြေးသွားပြီး တရားခံ၏ လက်ကို အားဖြင့် နင်းချလိုက်သည်။
"အား"
နာကျင်စွာ အော်ဟစ်သံနှင့်အတူ ချင်ယန် သေနတ်ကို လုယူလိုက်သည်။
ယခုမူ လေဆိပ်တွင် ပြဿနာရှာရန် စီစဉ်နေသော တရားခံ ၆ ဦးစလုံးကို နှိမ်နင်းပြီး ဖြစ်သည်။
"စီနီယာချောင် ဘယ်လိုနေသေးလဲ"
ချင်ရန်က ချောင်ကျန့်ကျွင်း၏ ဒဏ်ရာအခြေအနေကို စစ်ဆေးပြီးမှ စိတ်အနည်းငယ် အေးသွားတော့သည်။
ထိုအချိန်တွင် သေနတ်သံကို ကြားရပြီးနောက် လူအများက အော်ဟစ်ကာ နောက်သို့ ဆုတ်ပြေးကြသဖြင့် ဘေးပတ်ဝန်းကျင်ရှိ လူများမှာလည်း အခြေအနေအမှန်ကို သတိထားမိသွားကြသည်။
"ဘာတွေ ဖြစ်နေတာလဲ"
"ဟိုမှာကြည့်လေ၊ ကြမ်းပြင်ပေါ်က အနက်ရောင် အရာကြီးက ဘာလဲ၊ အဲဒါ သေနတ်ကြီး မဟုတ်လား"
"ဟုတ်တယ် သေနတ်သမားတွေလား"
မရေမတွက်နိုင်သော လူများမှာ အော်ဟစ်လိုက်ကြသဖြင့် လေဆိပ်မှာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
အခြားတစ်ဖက်တွင်မူ လေဆိပ်အဝင်ဝတွင် ပါရှားအရာရှိကြီးများကို ကာကွယ်နေသော ရဲအရာရှိများမှာ ချင်ရန်တို့ရှိရာဘက်မှ ဆူညံသံများကို သတိပြုမိသွားကြသည်။
ညွှန်ကြားရေးမှူး ဆုန့်ဝေနှင့် စခန်းမှူး လီကျန်းယီတို့သည် ပါရှားအရာရှိကြီးများနှင့်အတူ ရှိနေစဉ် ထိုအခြေအနေကို မြင်လိုက်ရသဖြင့် မျက်နှာများ ပျက်သွားကြသည်။
သူတို့နှစ်ဦးသည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် စခန်းမှူး လီကျန်းယီက တိုးတိုးလေး ပြောလိုက်သည်။
"မြန်မြန် ဟိုဘက်ကို လူလွှတ်ပြီး အမြန်စစ်ခိုင်းလိုက်၊ အဲဒီအဖွဲ့အစည်းက လူတွေ လာပြီး ပြဿနာရှာနေတာလား မသိဘူး၊ မြန်မြန်လုပ်"
စခန်းမှူး လီကျန်းယီ စိုးရိမ်ထိတ်လန့်လာခဲ့သည်။ သူ့ရှေ့သို့ ကြည့်လိုက်ရာ ပါရှားအရာရှိကြီးများနှင့် သူတို့၏ ဘေးတွင်ပါလာသော ဝန်ကြီးအဆင့် အရာရှိကြီးများမှာလည်း ထိုကိစ္စကို ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရသည်။
ထိုဝန်ကြီးမှာ မျက်မှောင်ကြုတ်လျက် ပါရှားအရာရှိကြီးများကို တစ်စုံတစ်ခု ရှင်းပြနေပုံရသည်။
ဤကိစ္စကို ချက်ချင်း အဖြေရှာရမည် ဖြစ်သည်။ မဟုတ်ပါက သူတို့နိုင်ငံသည် သိက္ခာကျစရာ ဖြစ်လာမည်ဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။
112
စခန်းမှူး လီကျန်းယီနှင့် ညွှန်ကြားရေးမှူး ဆုန့်ဝေတို့သည် အခင်းဖြစ်ပွားရာနေရာသို့ အပြေးအလွှား ရောက်ရှိလာကြသည်။ သူတို့သည် ချင်ရန်တို့ရှိရာဘက်သို့ ရဲဝန်ထမ်းအချို့ကို အမြန်လွှတ်၍ အခြေအနေကို စစ်ဆေးခိုင်းလိုက်၏။
လူအုပ်ထဲမှ ရုတ်ရုတ်သဲသဲ ဖြစ်နေသံများမှာ ဘေးပတ်ဝန်းကျင်ရှိ လူများ၏ စပ်စုမှုကို နှိုးဆွပေးလိုက်သလို ဖြစ်နေသည်။
ဝိုင်းဝန်းကြည့်ရှုနေကြသူများကြားသို့ ရဲအရာရှိ ၅၀ ခန့်မှာလည်း ပဋိပက္ခဖြစ်ပွားရာ နေရာသို့ အချိန်မီ ရောက်ရှိလာကြပြီး နေရာအနှံ့ကို ဝိုင်းရံပိတ်ဆို့ထားလိုက်ကြသည်။
ခေါင်းဆောင်များဖြစ်ကြသော လီကျန်းယီနှင့် ဆုန့်ဝေတို့ ရောက်ရှိသွားသည့်အခါ မြေပြင်ပေါ်တွင် လူ ၇ ဦး လဲကျနေသည်ကို တွေ့လိုက်ရသည်။
ထိုသူများထဲတွင် ဆုန့်ဝေနှင့် အလွန်ရင်းနှီးလှသော ချောင်ကျန့်ကျွင်းလည်း ပါဝင်နေသည်။
"ချောင်ကျန့်ကျွင်း ဘာဖြစ်တာလဲ၊ ဘယ်လိုလုပ်ပြီး ဒဏ်ရာရသွားတာလဲ"
စခန်းမှူး လီကျန်းယီသည် မြေပြင်တွင် မလှုပ်မယှက် လဲနေသော လူ ၆ ဦးကို တွေ့လိုက်ရသလို လက်ထဲတွင် ပစ္စတိုသေနတ် ၆ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော ချင်ရန်ကိုလည်း သတိထားမိသွားသည်။
"ဘာတွေ ဖြစ်ကုန်တာလဲ"
လီကျန်းယီ အော်မေးလိုက်သည့်အခါ ချင်ရန်က တည်ငြိမ်လေးနက်သော လေသံဖြင့် ပြန်ဖြေလေသည်။
"စခန်းမှူးလီ၊ ညွှန်ကြားရေးမှူးဆုန့် ကျွန်တော့်လက်ထဲက ဒီသေနတ်တွေက ဒီရာဇဝတ်ကောင်တွေဆီကနေ လုယူထားတာပါ၊ သူတို့က လူအုပ်ထဲမှာ သေနတ်ထုတ်ပြီး ပြည်သူတွေကို သတ်ဖြတ်ဖို့ ပြင်နေကြတာ၊ ဒါကို ကျွန်တော်နဲ့ စီနီယာချောင်တို့ အချိန်မီ တားဆီးနိုင်ခဲ့ပေမဲ့ စီနီယာချောင်ကတော့ သေနတ်မှန်ပြီး ဒဏ်ရာရသွားပါတယ်"
ချင်ရန်၏ စကားအနည်းငယ်ကပင် အခြေအနေအားလုံးကို ရှင်းပြပြီးသား ဖြစ်သွားသည်။
စခန်းမှူး လီကျန်းယီမှာ အသက်ရှူပင် မှားသွားတော့၏။
လူ ၆ ယောက်၊ သေနတ် ၆ လက်။
အကယ်၍ သူတို့သာ သေနတ်ပစ်ခွင့် ရသွားခဲ့လျှင် မည်မျှအထိ ကြီးမားသော ဖြစ်ရပ်ဆိုးကြီး ဖြစ်သွားမည်နည်း။
အပြစ်မဲ့သော ပြည်သူ မည်မျှအထိ သေဆုံးသွားမည်ကို သူ ဆက်၍ပင် မတွေးရဲတော့ချေ။
ချင်ရန်နှင့် ချောင်ကျန့်ကျွင်းတို့သာ အချိန်မီ ဝင်မတားခဲ့ပါက အကျိုးဆက်မှာ မှန်းဆ၍ပင် မရနိုင်ပေ။
ယနေ့ ဤနေရာတွင် လုံခြုံရေးယူနေသော ရဲအရာရှိတိုင်းမှာလည်း အလုပ်ပြုတ်ရုံတင်မကဘဲ ပြင်းထန်သော အရေးယူမှုများ ခံရနိုင်ခြေ ရှိသည်။
"မြန်မြန်၊ ဒီလူတွေကို လက်ထိပ်ခတ်လိုက်ကြ ပြီးတော့ ချောင်ကျန့်ကျွင်းကို ဆေးရုံ အမြန်ဆုံး ပို့လိုက်"
ညွှန်ကြားရေးမှူး ဆုန့်ဝေက တခြားရဲတပ်ဖွဲ့ဝင်များကို ချက်ချင်း အမိန့်ပေးလိုက်သည်။
*ဂျောက် ဂျောက်*
ရဲအရာရှိ ဒါဇင်နှင့်ချီ၍ ပြေးဝင်လာကာ ချင်ရန်၏ ရိုက်နှက်မှုကြောင့် သတိလစ်နေကြသော ထို ၆ ဦးစလုံးကို လက်ထိပ်ခတ်လိုက်ကြသည်။
ရဲအရာရှိအချို့ကလည်း ချောင်ကျန့်ကျွင်းကို လေဆိပ်ဆေးခန်းဆီသို့ အမြန် သယ်ဆောင်သွားကြသည်။
"တော်သေးတာပေါ့ အားလုံး ဘေးကင်းသွားလို့ တော်သေးတာပေါ့"
စခန်းမှူး လီကျန်းယီ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
"တကယ်လို့ အဲဒီ ၆ ယောက်သာ သူတို့ရဲ့ သေနတ်တွေကို ဆွဲထုတ်ပြီး မောင်းဖြုတ်လိုက်ရင်တော့"
လီကျန်းယီမှာ ထိုအဖြစ်အပျက်ကို တွေးကြည့်ရုံနှင့်ပင် ကြောက်လန့်တုန်လှုပ်နေမိသည်။
ပါရှားအရာရှိကြီးများနှင့် ပြည်နယ်အဆင့် ခေါင်းဆောင်များ ဤနေရာတွင် ရှိနေသည်ကို သတိပြုမိသွားပြီး သူတို့ရှေ့မှောက်တွင် ဤကဲ့သို့သော အဖြစ်ဆိုးကြီး ဖြစ်ပွားသွားပါက လုံခြုံရေးတာဝန်ယူထားရသော လီကျန်းယီနှင့် ဆုန့်ဝေတို့မှာ သေချာပေါက် အပြစ်တင်ခံရပေလိမ့်မည်။
လီကျန့်ယီ အသက်ပြင်းပြင်း ရှူလိုက်ပြီး လက်ဝေ့ယမ်းကာ လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။
"ဒီ ၆ ယောက်ကို သေသေချာချာ စောင့်ကြည့်ထားကြ၊ သူတို့ကို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားဖို့ လုံးဝ အခွင့်အရေး မပေးမိစေနဲ့။ ကြားလား"
လွန်ခဲ့သော ရက်ပိုင်းက ရန်ကျီဟူ သေဆုံးသွားစဉ်ကပင် ဌာနချုပ်၏ အပြစ်တင်ခြင်းကို ခံခဲ့ရသေးသည်။
ရန်ကျီဟူမှာ ဆက်သွယ်ရေးသမားမျှသာ ဖြစ်ပြီး ယခု ဤ ၆ ဦးမှာမူ ထိုအဖွဲ့အစည်း၏ အဖွဲ့ဝင်အစစ်အမှန်များ ဖြစ်ပုံရကာ ပို၍ပင် အရေးကြီးနေသည်။
အခြားတစ်ဖက်တွင်မူ ဝိုင်းကြည့်သူ အရေအတွက်မှာ ပို၍ များပြားလာခဲ့သည်။
လူဆိုသည်မှာ စပ်စုချင်ကြသည့်စိတ် ရှိသည်မှာ သဘာဝပင် ဖြစ်ပြီး အခြေအနေတွေ အားလုံး ငြိမ်းချမ်းသွားသည်ကို မြင်လိုက်ရသောအခါမှ လူအများက အနားသို့ တိုး၍ ကြည့်လာကြသည်။
"ဒီ ၆ ယောက်ကို ခေါ်သွားကြ၊ လူမြင်ကွင်းမှာ အကြာကြီး မထားနဲ့"
လေဆိပ် ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ဆုန့်ဝေက အမိန့်ပေးလိုက်သည်။
လီကျန်းယီကလည်း အထက်သို့ အစီရင်ခံရန် ချက်ချင်း ပြင်ဆင်တော့သည်။
လေဆိပ်အဝင်ဝတွင် ရဲအရာရှိ ၂၀၀ နီးပါးမှာ ပြည်နယ်ခေါင်းဆောင်များနှင့် ပါရှားအရာရှိကြီးများကို မမျှော်လင့်ထားသော အန္တရာယ်များ ထပ်မံ၍ မကျရောက်စေရန် ဝန်းရံကာကွယ်ထားကြသည်။
လီကျန်းယီနှင့် ဆုန့်ဝေတို့မှာ အခြားသော ရာဇဝတ်ကောင်များ ချောင်းမြောင်းနေမည်ကို စိုးရိမ်သဖြင့် ပြည်နယ်ခေါင်းဆောင်များနှင့် ပါရှားအရာရှိကြီးများကို လေဆိပ်မှ အမြန်ဆုံး ထွက်ခွာစေရန် ဆုံးဖြတ်လိုက်ကြသည်။
အရေးကြီးပုဂ္ဂိုလ်များ လေဆိပ်မှ ထွက်ခွာသွားပြီးနောက် လီကျန်းယီနှင့် ဆုန့်ဝေတို့သည် လေယာဉ်ခရီးစဉ် အားလုံးကို ခေတ္တရွှေ့ဆိုင်းရန်နှင့် ခရီးသည်အားလုံးကို အသေးစိတ် စစ်ဆေးရန် ချက်ချင်း အမိန့်ပေးလိုက်ကြသည်။
ယင်းမတိုင်မီက စခန်းမှူး လီကျန်းယီသည် အသံချဲ့စက်မှတစ်ဆင့် လူအုပ်ထဲတွင် လက်နက်ကိုင် ဆောင်ထားသူကို တွေ့ရှိခဲ့သဖြင့် ထိတ်လန့်စရာ ဖြစ်ခဲ့ရကြောင်းနှင့် အစိုးရမှ အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီ ဖြစ်ကြောင်းကို လူထုအား အသိပေး ပြောကြားခဲ့သည်။
လေဆိပ်ရှိ လုပ်ကြံမှုဖြစ်စဉ်မှာ အချိန်အကြာကြီး မကြာလိုက်သော်လည်း ရှာဖွေစစ်ဆေးမှုမှာ တစ်ညလုံး ကြာမြင့်ခဲ့သည်။
ထိုအတောအတွင်း ချင်ရန်မှာလည်း အနားမနေနိုင်ဘဲ လေဆိပ်နှင့် ပတ်ဝန်းကျင် နေရာအနှံ့သို့ သွားရောက်ကာ သူ၏ ရာဇဝတ်ကောင်ရှာဖွေရေး အာရုံခံစနစ်ကို အသုံးပြု၍ ထိုအဖွဲ့အစည်း၏ အဖွဲ့ဝင်များကို လိုက်လံရှာဖွေနေခဲ့သည်။
နောက်ဆုံးတွင် မည်သူ့ကိုမျှ မတွေ့ရှိခဲ့တော့ချေ။
ဤတစ်ကြိမ်တွင် အဖွဲ့အစည်းက ထိုလူ ၆ ဦးကိုသာ စေလွှတ်ခဲ့ပုံရသည်။
ညနေစောင်းချိန်တွင် အကြီးစား လုံခြုံရေးစစ်ဆေးမှုများမှာ ပြီးဆုံးသွားခဲ့ပြီး ခေါင်းဆောင် လီကျန်းယီနှင့် ဆုန့်ဝေတို့မှာ ချွေးများဖြင့် ရွှဲနစ်နေကြတော့သည်။
အထူးသဖြင့် ဆုန့်ဝေမှာ ပြီးခဲ့သည့် ဆေးရုံရှိ ဗုံးဖောက်ခွဲသည့်ကိစ္စတွင်လည်း တစ်ကြိမ် အပြစ်ပေးခံထားရသူ ဖြစ်သည်။
ယခုတစ်ကြိမ် လုပ်ကြံမှုလည်း ထပ်မံ ဖြစ်ပွားခဲ့ပြန်သည်။
လေဆိပ်တွင် အန္တရာယ်ပေးမည့်သူများ မရှိတော့ကြောင်း အတည်ပြုပြီးမှသာ ဆုန့်ဝေမှာ အနည်းငယ် စိတ်သက်သာရာ ရသွားတော့သည်။
ချင်ရန်သည် တစ်နေ့လုံး လေဆိပ်ကို စစ်ဆေးပြီးနောက် သံသယဖြစ်ဖွယ်လူများ မတွေ့ရှိတော့သဖြင့် ညနေပိုင်းတွင် အနီးနားရှိ ချောင်ကျန့်ကျွင်း တက်နေသော ဆေးရုံသို့ သွားရောက်ခဲ့သည်။
ချောင်ကျန့်ကျွင်းမှာ ဤစစ်ဆင်ရေးအတွင်း သေနတ်မှန်ခဲ့သဖြင့် သူ့အခြေအနေကို မသိရသေးသောကြောင့် ချင်ရန်သည် သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ညနက်ပိုင်းတွင် ချင်ရန်သည် ချောင်ကျန့်ကျွင်း ရှိရာ ဆေးရုံသို့ ရောက်ရှိလာချိန်၌ ပါလီမြစ်ရဲစခန်းမှ စခန်းမှူးဝမ်ရှောင်ရီ၊ ချန်ဟောက်၊ ဒုစခန်းမှူးကောင်းချောင် နှင့် ချောင်ကျန့်ကျွင်း၏ တပည့်ဖြစ်သူ ယန်ရှု တို့အားလုံး လူနာခန်း၌ ရှိနေကြသည်။
"ချင်ရန် မင်း ဘာလို့ ရောက်လာတာလဲ၊ မင်း ဒီနေ့ အကြီးအကျယ် စွမ်းဆောင်ခဲ့တာပဲ၊ အခု နားသင့်နေပြီလေ"
ချင်ရန်က ကုတင်ပေါ်ရှိ ချောင်ကျန့်ကျွင်းကို ကြည့်လိုက်ရာ မျက်နှာမှာ ဖြူဖျော့နေသော်လည်း သူသည် သတိရနေသည်ကို တွေ့ရသဖြင့် စိတ်သက်သာရာ ရသွားသည်။
"စီနီယာချောင်ကို လာကြည့်တာပါ၊ သူ အဆင်ပြေတယ်ဆိုတော့ ဝမ်းသာပါတယ်"
ချင်ရန်က ခေါင်းငြိမ့်ပြလိုက်သည်။
ထိုအခါ ချောင်ကျန့်ကျွင်းက အံကြိတ်ရင်း အခဲမကျေနိုင်ဘဲ ပြောလေ၏။
"ဒီနေ့ အဲဒီကောင်တွေရဲ့ တုံ့ပြန်မှုက အရမ်းမြန်ပြီး မောင်းဖြုတ်လိုက်နိုင်တာ နှမြောစရာပဲ၊တကယ်လို့ ငါသာ ငယ်ငယ်တုန်းကလို အားရှိသေးရင် သူ့ကို သေနတ်ပစ်ခွင့်တောင် ရမှာမဟုတ်ဘူး"
"ကျန့်ကျွင်း မင်းလည်း အသက်ကြီးလာပြီဆိုတာ လက်ခံရမှာပဲ"
ဝမ်ရှောင်ရီက လေးနက်သော လေသံဖြင့် သက်ပြင်းချကာ ပြောသည်။
သူတို့သည် အခင်းဖြစ်ပွားရာတွင် မရှိခဲ့သော်လည်း နောက်ပိုင်းတွင် အကြောင်းစုံကို သိခဲ့ရသည်။
ချင်ရန်နှင့် ချောင်ကျန့်ကျွင်းတို့သည် လူအုပ်ထဲတွင် ပုန်းနေသော ရာဇဝတ်ကောင် ၆ ဦးကို ရှာတွေ့ခဲ့ပြီး သူတို့ သေနတ်မပစ်နိုင်ခင်မှာပင် နှိမ်နင်းနိုင်ခဲ့ကြခြင်း ဖြစ်သည်။
ထို့ပြင် ချောင်ကျန့်ကျွင်းထံမှ သိရသည်မှာ သူက တစ်ယောက်တည်းကိုသာ နှိမ်နင်းနိုင်ခဲ့ပြီး ကျန် ၅ ယောက်စလုံးကို ချင်ရန်က နှိမ်နင်းခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ ချင်ရန်၏ သူမတူ ထူးကဲသော စွမ်းရည်ကို ထင်ရှားစေခဲ့သည်။
"ချင်ရန် မင်း ငါ့အတွက် စိုးရိမ်မနေပါနဲ့"
ချောင်ကျန့်ကျွင်းက လူနာကုတင်ပေါ်တွင် အားယူကာ ထိုင်လိုက်ရင်း မေးလေသည်။
"ချင်ရန် ဒီနေ့ တခြားလူတွေ ထပ်တွေ့သေးလား"
သူ သေနတ်မှန်ပြီး သတိလစ်သွားပြီးနောက် အခင်းဖြစ်ပွားရာ နေရာမှ သယ်ထုတ်လာခဲ့သဖြင့် နောက်ပိုင်းအခြေအနေများကို မသိခဲ့ခြင်း ဖြစ်သည်။
စခန်းမှူးဝမ်၊ ချန်ဟောက်နှင့် ယန်ရှုတို့လည်း ချောင်ကျန့်ကျွင်းကို လာစောင့်နေကြသဖြင့် အခြေအနေကို မသိရှိကြသေးချေ။
"သံသယဖြစ်စရာလူတော့ ထပ်မတွေ့တော့ပါဘူး၊ ဒီနေ့ လေဆိပ်ဖြစ်စဉ်က အဲဒီ ၆ ယောက်နဲ့ပဲ ပြီးသွားပုံရပါတယ်"
ချင်ရန်က လေးနက်စွာ ပြောလိုက်သည်။
"ဒါဆိုရင်တော့ တော်သေးတာပေါ့"
ထိုစကားကို ကြားလိုက်ရမှ ချောင်ကျန့်ကျွင်း၊ စခန်းမှူးဝမ်နှင့် တခြားသူများမှာ စိတ်သက်သာရာ ရသွားကြတော့သည်။
သူတို့ အကြောက်ဆုံးမှာ တစ်ခုခု ထပ်ဖြစ်မည်ကို ဖြစ်သည်။
ပြဿနာသာ ထပ်ဖြစ်လာလျှင် အကျိုးဆက်က အလွန်ကြီးမားသွားပေလိမ့်မည်။