အခန်း (၁၁၅-၁၁၆)
Vol. 12 Ch. 115-116
115
ချင်ယန်သည် အသံလာရာဘက်သို့ ချက်ချင်းလှည့်ကြည့်လိုက်ရာ ဘေ့စ်ဘောဦးထုပ်ဆောင်းထားသည့် အမျိုးသားတစ်ဦးက လှပစွာဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးထံမှ လက်ကိုင်အိတ်ကို လုယူနေသည်ကို မြင်လိုက်ရသည်။
ထိုအိတ်မှာ Gucci အိတ်အမျိုးအစားဖြစ်ပြီး တန်ဖိုးအားဖြင့် သောင်းဂဏန်းခန့် ရှိပုံရသည်။
"တောက် ငါတို့ရှေ့မှာတင် ဗြောင်လုနေတာပဲ၊ သေလမ်းရှာနေတာလား"
စောစောက စနောက်နေသည့် ဝါရင့်ရဲအရာရှိမှာ မနေနိုင်တော့ဘဲ ထိုလူဆီသို့ ပြေးသွားရန် ပြင်လိုက်သည်။
သို့သော် သူ့ထက် ပိုမြန်သူမှာ ချင်ယန်ပင် ဖြစ်သည်။
ချင်ယန်သည် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ပြေးထွက်သွားရာ အခြားသူအားလုံးကို ကျော်တက်ပြီး ခဏချင်းမှာပင် သူခိုး၏ဘေးသို့ ရောက်ရှိသွားတော့သည်။
ထိုမြင်ကွင်းကြောင့် ဝါရင့်ရဲအရာရှိကြီးမှာ မျက်လုံးအပြူးသား ဖြစ်သွားပြီး ခြေလှမ်းများပင် ရပ်တန့်သွားရသည်။
လူတစ်ယောက်သည် ဤမျှလောက် မြန်မြန်ပြေးနိုင်သည်ကို သူတစ်ခါမျှ မမြင်ဖူးခဲ့ချေ။
ပရော်ဖက်ရှင်နယ် အပြေးသမားများပင် ချင်ယန်ကို ယှဉ်နိုင်မည်မထင်။
"ဒီကောင်လေး ကိုယ်ကာယကြံ့ခိုင်မှုကတော့ တကယ်ကို အားရစရာပဲ"
ဝါရင့်အရာရှိမှာ အံ့ဩတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်မိသည်။
ချင်ယန်သည် သူခိုး၏ရှေ့သို့ ချက်ချင်းရောက်သွားပြီး တစ်ချက်တည်းဖြင့် ဝှေ့ယမ်းဖမ်းဆီးကာ မြေပြင်ပေါ်သို့ တိုက်ရိုက်ဖိချလိုက်သည်။
သူ့လှုပ်ရှားမှုများမှာ ပြတ်သားသပ်ရပ်လှပြီး ကြည့်ကောင်းလှသည်။
အိတ်အလုခံရသည့် အမျိုးသမီးမှာ ပါးစပ်ကလေးကို လက်ဖြင့်အုပ်ကာ မယုံနိုင်စရာကောင်းသည့် အကြည့်မျိုးဖြင့် ကြည့်နေမိသည်။
‘ဒီရဲသားလေးက တကယ့်ကို ချောတာပဲ၊ လှုပ်ရှားမှုတွေကလည်း သွက်လက်ချက်ချာလိုက်တာ’
ချင်ယန်သည် သူခိုးကို မြေပြင်ပေါ်သို့ ဖိနှိပ်ထားရင်း မေးလိုက်၏။
"မင်း ဘာလုပ်နေတာလဲ၊ လူငယ်အားကစားပြိုင်ပွဲ ကျင်းပနေတဲ့အချိန်မှာတောင် မင်းက ပြဿနာရှာရဲသေးတယ်ပေါ့၊ ပစ္စည်းလုရတာကိုကော တကယ်ပဲ အလုပ်တစ်ခု ထင်နေတာလား"
ဤကဲ့သို့သော အရေးကြီးသည့်အချိန်တွင်ပင် ခိုးယူမှုလုပ်ဝံ့သူ ရှိနေခြင်းအပေါ်တွင် ချင်ယန်သည် စိတ်ပျက်မိသွားသည်။
ထို့နောက် ချင်ယန်၏လက်အောက်မှ ရဲအရာရှိ ၂၀ ကျော် ရောက်ရှိလာကြသည်။
ချင်ယန်က သူခိုးကို လက်ထိပ်ခတ်လိုက်ပြီး တည်ငြိမ်စွာဖြင့် အမိန့်ပေးလိုက်သည်။
"သူ့ကို အနည်းဆုံး နှစ်ပတ်လောက် ချုပ်ထားလိုက်၊ ဒီလို အရေးကြီးတဲ့ ပွဲတော်ရက်မှာ ခိုးရဲတာကတော့ ဥပဒေကို လုံးဝ မလေးစားတာပဲ"
ယခုအချိန်တွင် ချင်ယန်၏ အပြောအဆိုနှင့် အပြုအမူများမှာ အစမ်းခန့်ရဲဝန်ထမ်းလေးနှင့် မတူတော့ဘဲ ရင့်ကျက်တည်ငြိမ်သည့် အရာရှိငယ်တစ်ဦးနှင့် ပိုတူနေတော့သည်။
"အဖွဲ့ခေါင်းဆောင်ကတော့ အံ့ဩဖို့ကောင်းလိုက်တာ၊ တကယ့် အပြေးချန်ပီယံပဲ၊ အကယ်၍ ခင်ဗျားသာ ကျွန်တော်တို့ရဲ့ ကြံ့ခိုင်မှုစစ်ဆေးပွဲမှာ ပါဝင်ရင် အပြေးပြိုင်ပွဲမှာ ပထမ သေချာပေါက် ရမှာပဲ"
အဖွဲ့ဝင်တစ်ဦးက ချီးကျူးလိုက်သည်။
ထိုအချိန်မှာပင် မီတာ ၂၀၀ ခန့်အကွာမှ "သူခိုး သူခိုး" ဟူသော အော်ဟစ်သံတစ်သံသည် ထပ်မံထွက်ပေါ်လာပြန်သည်။
အားကစားပြိုင်ပွဲ ဝန်းကျင်ရှိ လမ်းများပေါ်တွင် ခရီးသွားများစွာမှာ သူတို့ပစ္စည်းများ လုယက်ခံရကြောင်း အော်ဟစ်နေကြသည်။
"ဒါ ထူးဆန်းလွန်းတယ်၊ ဒါက အဖွဲ့လိုက် ရာဇဝတ်မှု ကျူးလွန်တာလား"
ရဲအရာရှိတစ်ဦးက မနေနိုင်ဘဲ ပြောလိုက်သည်။
ဤဖြစ်ရပ်မှာ အလွန်ပင် ထူးဆန်းလွန်းလှသည်။
တစ်စုံတစ်ယောက်မှ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား လုပ်ဆောင်နေသကဲ့သို့ပင် ထင်ရ၏။
ချင်ယန်၏ မျက်နှာအမူအရာ ချက်ချင်းပင် ပြောင်းလဲသွားသည်။
သူခိုးအား ဖမ်းဆီးခေါ်ဆောင် သွားတော့မည့်အချိန်တွင် ချင်ယန်က ရှေ့သို့တိုးကာ ဟန့်တားလိုက်သည်။
"ပြောစမ်း မင်းကို ဘယ်သူ ခိုင်းတာလဲ၊ ဒီနေရာမှာ ရှုပ်ထွေးအောင် ဘယ်သူက စေခိုင်းလိုက်တာလဲ"
ချင်ယန်၏ အသံမှာ မိုးချိန်းသံကဲ့သို့ ပြင်းထန်လှရာ ဖမ်းမိထားသည့် သူခိုးမှာ လန့်ဖျပ်သွားပြီး ထစ်ထစ်အအဖြင့် ပြောလိုက်သည်။
"ကျွန်တော် ကျွန်တော့်ကို ဘယ်သူမှ မခိုင်းပါဘူး၊ ကျွန်တော် ငွေလိုနေလို့ပါ ပြီးတော့ အဲဒီအိတ်က တန်ဖိုးကြီးပုံရတာနဲ့ ကျွန်တော်က"
သို့သော် သူ၏ ပျာပျာသလဲ ဖြစ်နေသော အမူအရာနှင့် ဟိုဟိုဒီဒီ ကြည့်နေသည့် မျက်လုံးများကို ကြည့်ရုံဖြင့် သူသည် လိမ်ညာနေကြောင်း ထင်ရှားလှသည်။
ချင်ယန်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး အားကစားပြိုင်ပွဲ၏ နောက်ဖေးတံခါးဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။
‘ဒီသူခိုးတွေက အုပ်စုလိုက်လာတာ၊ တစ်စုံတစ်ယောက်က သူတို့ကို နောက်ကွယ်ကနေ ကြီးမားတဲ့ အကျိုးအမြတ်တစ်ခုပေးပြီး ညွှန်ကြားနေတာပဲ ဖြစ်ရမယ်’
ယခုကဲ့သို့ ရှုပ်ထွေးအောင် လုပ်နိုင်သည်မှာ အဲဒီအဖွဲ့အစည်းမှလွဲ၍ အခြားမရှိနိုင်ပေ။
ချင်ယန်၏ မျက်လုံးများ အေးစက်သွားသည်။
သူခိုးများ မလာခင်အထိ သူနှင့် သူ့လူ ၂၀ သည် နောက်ဖေးတံခါးကို စောင့်ကြပ်နေခဲ့ကြခြင်းဖြစ်သည်။
သို့သော် ယခုအခါတွင် သူခိုးဖမ်းသည့်ကိစ္စကြောင့် ရဲအရာရှိ အများအပြားမှာ မူလနေရာမှ ရွှေ့ပြောင်းသွားကြပြီး လုံခြုံရေးဟာကွက်များ ဖြစ်ပေါ်သွားခဲ့သည်။
ထိုအဖွဲ့အစည်းမှ အဖွဲ့ဝင်များသည် အားကစားကွင်းအတွင်းသို့ ခိုးဝင်သွားကြပြီဟု ချင်ယန် သံသယဝင်လိုက်သည်။
"အဖွဲ့ခေါင်းဆောင် ဒီသူခိုးတွေကို ပြန်ခေါ်သွားပြီး သေချာစစ်ဆေးကြရအောင်"
ဝါရင့်အရာရှိက အကြံပြုသည်။
ထိုအချိန်တွင် ချင်ယန်က သူခိုးကို တည်ကြည်ပြတ်သားသော အသံဖြင့် တိုက်ရိုက်မေးလိုက်သည်။
"မင်းကို ဘယ်သူ ခိုင်းတာလဲ၊ အခုချက်ချင်းပြောရင် ပြစ်ဒဏ်လျှော့ပေါ့ပေးနိုင်မယ်၊ အကယ်၍ မပြောဘူးဆိုရင်တော့ မင်းတို့ကို နိုင်ငံတော်သစ္စာဖောက်မှု နဲ့ အရေးယူမယ်"
နိုင်ငံတော်သစ္စာဖောက်မှုဆိုသည့် ကြီးမားသော စွပ်စွဲချက်ကြောင့် သူခိုးမှာ ကြောက်လန့်တကြား ဖြစ်သွားကာ မျက်နှာမှာ ပြာသွားပြီး ဒူးထောက်ကာ ဝန်ခံလိုက်သည်။
"ဟုတ် ဟုတ်ကဲ့ပါ၊ တစ်ယောက်ယောက်က ကျွန်တော့်ကို အိတ်တစ်လုံးခိုးပေးရင် ငွေသုံးထောင် ပေးမယ်လို့ ပြောခဲ့လို့ပါ၊ အဲဒီလူက အိတ်ကိုပဲ လိုချင်တာလို့ ကျွန်တော် ထင်ခဲ့တာမို့လို့ ကျွန်တော်တို့ လုပ်တာပါ၊ ကျွန်တော်တို့ နိုင်ငံတော်သစ္စာဖောက် မဟုတ်ပါဘူး"
"တစ်ယောက်ယောက်က ခိုင်းတာလား"
ဝါရင့်အရာရှိမှာ မျက်မှောင်ကြုတ်သွားသည်။
ချင်ယန်၏ မျက်လုံးများ အေးစက်သွားပြီး ပြောလိုက်သည်။
"ဒီသူခိုးတွေကို ခင်ဗျားတို့ပဲ ကိုင်တွယ်လိုက်တော့၊ ကျွန်တော့်မှာ အခု ပိုအရေးကြီးတဲ့ကိစ္စတစ်ခု လုပ်စရာ ရှိတယ်"
ပြောပြောဆိုဆိုနှင့်ပင် ချင်ယန်သည် အားကစားကွင်း၏ နောက်ဖေးတံခါးဆီသို့ အမြန်ပြေးသွားတော့သည်။
‘အဲဒီအဖွဲ့အစည်းကလူတွေ ဒီရှုပ်ထွေးနေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး အထဲကို ဝင်သွားကြပြီလား’
တစ်ချိန်တည်းမှာပင် အားကစားကွင်း၏ နောက်ဖေးတံခါးရှိ ဝင်ပေါက်နံပါတ် (၉) တွင် ဖြစ်သည်။
K2 အဖွဲ့အစည်းမှ ကျားသစ် နှင့် ကျန်ရှိနေသော လုပ်ကြံသတ်ဖြတ်သူ ၆ ဦးတို့မှာ ဝင်ပေါက် (၉) သို့ ရောက်ရှိလာကြသည်။
ထိုဝင်ပေါက်တွင် လုံခြုံရေးဝန်ထမ်းတစ်ဦးသာ ရှိနေသည်။
"အစ်ကိုကြီး မတွေ့ရတာ ကြာပြီနော်"
ကျားသစ်သည် လုံခြုံရေးဝန်ထမ်းကို မြင်လိုက်သည်နှင့် ပြုံးပြကာ နှုတ်ဆက်လိုက်သည်။
"ဟေး ညီလေး၊ မင်း ပျောက်နေတာ နှစ်အတော်ကြာပြီပဲ၊ အခု ဘာလာလုပ်တာလဲ"
ထိုလုံခြုံရေးဝန်ထမ်းမှာ ရိုးသားဖြောင့်မတ်ပုံရသော လူကြီးတစ်ဦးဖြစ်ပြီး သူနှင့်လည်း ရုပ်ချင်းအနည်းငယ် ဆင်တူပြီး ကျားသစ်၏ ဆွေမျိုးတစ်ဦး ဖြစ်ပုံရသည်။
"ဟုတ်ကဲ့၊ ကျွန်တော် ဒီပွဲကြီးပွဲကောင်းကို ကြည့်ချင်လို့ပါ၊ ဒီတစ်ခေါက် လက်မှတ်မရလိုက်ဘူး ဖြစ်နေတာ၊ ဒါကြောင့် အစ်ကိုကြီးပဲ ကူညီပေးပါဦး"
ကျားသစ်က ပြောပြောဆိုဆိုနှင့်ပင် ငွေစက္ကူအထပ်လိုက်ကို လုံခြုံရေးဝန်ထမ်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
လုံခြုံရေးဝန်ထမ်းသည် ငွေစက္ကူကို မြင်လိုက်ရသည့်အခါ မျက်လုံးပြူးသွားသည်။
"ဒီလောက်အများကြီးလား"
သူသည် အသက် ၅၀ ကျော်ရှိပြီဖြစ်သော သာမန်လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်ရာ ဤမျှများပြားသော ငွေကြေးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ရိုးသားသော ထိုလုံခြုံရေးဝန်ထမ်းမှာ လက်ထဲမှ ငွေထုပ်ကြောင့် အခြားအရာများကို ဆက်မတွေးနိုင်တော့ချေ။
သူ့ညီမှာ ဤမျှအထိ အောင်မြင်မှုတွေရပြီး ပြန်လာလိမ့်မည်ဟု မမျှော်လင့်ထားမိသည့်အပြင် သူငယ်ချင်း ၆ ယောက်ကိုပါ ခေါ်လာခဲ့သည်။
"ညီလေး အရင်ဝင်သွားကြ။ ပွဲကြည့်ပြီးမှ ပြန်လာခဲ့ဦး၊ ငါတို့ စကားပြောကြရအောင်"
လုံခြုံရေးဝန်ထမ်းမှာ ဝမ်းသာအားရ ပြောလိုက်သည်။
ကျားသစ်က ပြုံးလိုက်ပြီး လုံခြုံရေးဝန်ထမ်းကို ဖြတ်ကျော်ကာ ဤအထူးလမ်းကြောင်းမှတစ်ဆင့် အားကစားကွင်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
သူတို့သည် လုံခြုံရေးအရာရှိများကို အာရုံပြောင်းစေရန် သူခိုးများကို ငွေပေး၍ ခိုင်းစေခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင်မူ အဆက်အသွယ်များကို အသုံးပြုကာ လက်မှတ်မပါဘဲ ကွင်းအတွင်းသို့ ဝင်နိုင်ခဲ့ပြီဖြစ်သည်။
ကျားသစ်သည် လမ်းတစ်လျှောက် လျှောက်လာရင်း သူ့ရင်ခွင်ထဲရှိ ဘူးခွံလေးတစ်ခုကို စမ်းကြည့်ကာ သူ့မျက်လုံးများမှာ ရူးသွပ်မှုများဖြင့် ပြည့်နှက်လာသည်။
"ဒီအားကစားကွင်းထဲမှာ လူတစ်သောင်းကျော် ရှိတယ်၊ အကယ်၍ ဒီလူတစ်သောင်းလုံး အဆိပ်မိပြီး သေဆုံးသွားရင် တရုတ်ပြည်ရဲ့ အထက်လူကြီးတွေ ဘယ်လိုမျက်နှာထားမျိုး ဖြစ်သွားမလဲဆိုတာ ငါ သိချင်မိပါရဲ့"
ဤသည်ကား K2 ၏ နောက်ဆုံးလက်နက်ဖြစ်သော အဆိပ်ငွေ့ ပင် ဖြစ်သည်။
116
ဤမျှကြီးမားလှသည့် အားကစားကွင်းအတွင်း၌ ဗုံးတစ်လုံး၏ ဖျက်အားမှာ အလွန်သေးငယ်လွန်းလှသည်။
သူတို့သည် တစ်ဦးချင်းစီ ခိုးဝင်လာရခြင်းဖြစ်ရာ အဖျက်စွမ်းအားပြင်းသည့် ဗုံးများစွာကို သယ်ဆောင်လာရန်မှာ မဖြစ်နိုင်ချေ။
ထို့အပြင် လူငယ်အားကစားပြိုင်ပွဲ၏ လုံခြုံရေးစစ်ဆေးရေးမှာ ဖုန်တစ်စပင် မဝင်နိုင်အောင် တင်းကျပ်လွန်းလှရာ ဗုံးတစ်လုံးကို အထဲသို့ ခိုးသွင်းရန်မှာ အလွန်ခက်ခဲလှသည့် အလုပ်တစ်ခု ဖြစ်သည်။
ထို့ကြောင့် အကြိမ်ကြိမ် ဆွေးနွေးတိုင်ပင်ပြီးနောက် K2 အဖွဲ့အစည်းက အဆိပ်ငွေ့ဗုံးများ ကိုင်ဆောင်ထားသည့် အသေခံအဖွဲ့ကို စေလွှတ်၍ အားကစားကွင်းအတွင်း ဖောက်ခွဲရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
တွေးကြည့်ရုံနှင့်ပင် ထိုမြင်ကွင်းမှာ လှပနေခဲ့သည်။
ဤအဆိပ်ငွေ့ဗုံးများကို K2 က မှောင်ခိုလမ်းကြောင်းများမှတစ်ဆင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
လူ ၆ ဦးတွင် အဆိပ်ငွေ့ဗူး ၆ ဗူး ပါရှိပြီး စတုရန်းမီတာ ၁၀၀ ပတ်လည်အတွင်းရှိ လူများကို ချက်ချင်းပင် သေဆုံးစေနိုင်ပြီး အဆိပ်ငွေ့ ပျံ့နှံ့မှုသည် စတုရန်းမီတာ ၁၀၀ ကျော်လွန်သွားပါက လူကို ချက်ချင်းမသေစေသော်လည်း ကိုယ်အင်္ဂါ ချို့ယွင်းသွားစေနိုင်သည်။
ဤသည်မှာ အလွန်ရူးသွပ်လွန်းသော အစီအစဉ်ဖြစ်သော်လည်း သူတို့သည် အသေခံတပ်ဖွဲ့ဝင်များ ဖြစ်ကြသည့်အတွက် အဆုံးအထိ အကောင်အထည်ဖော်ရန် ပြင်ဆင်ထားကြသည်။
ထို့အပြင် မိမိတို့သည် အဆိပ်များကိုလည်း ကိုယ်စီဆောင်ထားကြရာ အစီအစဉ်အောင်မြင်သည်နှင့် တစ်ပြိုင်နက် အဆိပ်သောက်၍ အဆုံးစီရင်ခြင်းဖြင့် အဆိပ်ငွေ့ကြောင့်ဖြစ်လာမည့် ဝေဒနာများကို ရှောင်ရှားနိုင်လိမ့်မည် ဖြစ်သည်။
ကျားသစ်နှင့် သူ့အပေါင်းအပါ ၆ ဦးတို့သည် အားကစားကွင်းအတွင်းသို့ ရောက်ရှိလာချိန်တွင် လူပင်လယ်ကြီးနှင့် အလွန်စည်ကားလှသော မြင်ကွင်းကို တွေ့လိုက်ရသဖြင့် ကျားသစ်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
“ကြည့်ရတာ နိုင်ငံတကာက အဆင့်မြင့်အရာရှိတွေ ရောက်မလာကြသေးဘူးပဲ၊ သူတို့ရောက်လာတာနဲ့ ငါတို့ အစီအစဉ်အတိုင်း စမယ်”
ကျားသစ်က မည်သည့်ခံစားချက်မှ မပါသော အသံဖြင့် ပြောလိုက်သည်။
အားကစားကွင်းအတွင်းရှိ မရေတွက်နိုင်သော လူအုပ်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် ဟစ်ကြွေးနေကြပြီး မည်သူတစ်ဦးတစ်ယောက်မျှ မှောင်ရိပ်ကျနေသော ထောင့်တစ်နေရာတွင် ပုန်းအောင်းနေသည့် ကျားသစ်တို့ ၇ ဦးကို သတိထားမိခြင်း မရှိကြချေ။
တစ်ချိန်တည်းမှာပင် အားကစားကွင်း၏ အပြင်ဘက်၌ ချင်ယန်တို့သည် ထိုနေရာသို့ ရောက်လာသည့်အခါ၌ ဝင်ပေါက်မှာ လူသူကင်းမဲ့နေသည်ကို တွေ့လိုက်ရသည်။
ဤသည်မှာ အထူးလမ်းကြောင်းဖြစ်၍ သာမန်လူများ ဖြတ်သန်းသွားလာခြင်း မရှိပေ။
ချင်ယန်သည် ပတ်ဝန်းကျင်ကို မျက်မှောင်ကြုတ်၍ အကဲခတ်လိုက်သည်။
ထိုစဉ် ချင်ယန်က လုံခြုံရေးဝန်ထမ်းတစ်ဦးကို သတိပြုမိသွား၏။
ထိုသူ၏ မျက်လုံးများတွင် မျက်ရည်များ ဝိုင်းနေပြီး ခုလေးတင် ငိုထားသည့်ပုံ ပေါက်နေသည်။
ချင်ယန်သည် ထိုသူ့ထံ လျှောက်သွားလိုက်သည်။
ရဲအရာရှိတစ်ဦး ရောက်လာသည်ကို မြင်လိုက်ရသောအခါ လုံခြုံရေးဝန်ထမ်းသည် ချက်ချင်း မတ်မတ်ရပ်ကာ အလေးပြုရင်း နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ ဆရာ"
ချင်ယန် လက်ကာပြလိုက်ပြီး ပြောလိုက်ရာ လုံခြုံရေးဝန်ထမ်းက ခေါင်းညိတ်ပြလိုက်သည်။
ချင်ယန်သည် လုံခြုံရေးဝန်ထမ်းကို အကဲခတ်ကြည့်လိုက်သော်လည်း မည်သည့် ထူးခြားမှုကိုမှ မတွေ့ရချေ။
"ခုနက ဒီနားကနေ တစ်စုံတစ်ယောက် ဖြတ်သွားတာ ရှိလား"
ထိုစကားကို ကြားလိုက်ရသည့်အခါတွင် လုံခြုံရေးဝန်ထမ်း၏ မျက်ခုံးများမှာ အလိုအလျောက် လှုပ်ခတ်သွားပြီး သူသည် ချင်ယန်အား ခေါင်းခါပြလိုက်သည်။
"မရှိပါဘူး ဆရာ၊ ဒါက အထူးလမ်းကြောင်းပါ၊ ဝန်ထမ်းတွေပဲ သုံးခွင့်ရှိတာပါ၊ ဘယ်သူမှ မလာပါဘူး တကယ်ပါ"
လုံခြုံရေးဝန်ထမ်းမှာ ငြင်းဆိုလိုက်သည်။
"တကယ်လား၊ ဘယ်သူမှ မလာဘူးပေါ့"
လုံခြုံရေးဝန်ထမ်း၏ အမူအရာမှာ သူ့ကို သစ္စာဖောက်နေပြီ ဖြစ်သည်။
ထိုအခါ ချင်ယန်၏ မျက်လုံးများမှာ အေးစက်သွားသည်။
ဤနေရာမှ တစ်စုံတစ်ယောက် ဝင်သွားခဲ့သည်မှာ ထင်ရှားနေ၏။
ယခုအချိန်တွင် လုံခြုံရေးဝန်ထမ်းကို အပြစ်တင်နေရမည့်အချိန် မဟုတ်ချေ။
ပွဲတော်ထဲသို့ သူ ချက်ချင်းဝင်ရန် လိုအပ်နေပြီ ဖြစ်သည်။
"ကျွန်တော် အထဲမှာ အရေးတကြီး လုပ်စရာရှိတယ်၊ ဒီကနေပဲ ပေးဝင်ပါ"
ချင်ယန်က ပြောပြောဆိုဆို လမ်းကြောင်းကို ဖြတ်ကျော်ဝင်ရောက်ရန် ပြင်လိုက်သော်လည်း လုံခြုံရေးဝန်ထမ်းက တားဆီးလာသည်။
"ဆရာ ဆရာ ဒီကနေ သွားလို့မရဘူးလေ၊ ဝန်ထမ်းတွေပဲ ခွင့်ပြုထားတာပါ"
ချင်ယန်မှာ သူ၏ စကားမဆုံးခင်မှာပင် အထဲသို့ အရှိန်ဖြင့် ပြေးဝင်သွားခဲ့ပြီ ဖြစ်သည်။
လုံခြုံရေးဝန်ထမ်းမှာ ထိုနေရာတွင် ကျန်ရစ်ခဲ့ပြီး နဖူးမှ ချွေးများကို သုတ်ရင်း ကြောက်စိတ်များ ဝင်လာခဲ့၏။
"ဒုက္ခပါပဲ၊ ဒီရဲက ငါ့ညီကို အထဲပေးဝင်လိုက်တာကို မြင်သွားတာလား မသိဘူး ဒါပေမဲ့ ဘာမှတော့ မဖြစ်လောက်ပါဘူး၊ လက်မှတ်မပါဘဲ ခိုးဝင်တာက ကိစ္စအကြီးကြီး မဟုတ်တာ၊ ရဲအထဲဝင်သွားလည်း လူတွေအများကြီးထဲမှာ ငါ့ညီတို့ကို ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး"
ထိုကဲ့သို့ပင် လုံခြုံရေးဝန်ထမ်းက တွေးနေမိသည်။
သူ့ညီ၏ လာရောက်လည်ပတ်မှုမှာ ပွဲကြည့်ရန်သက်သက် မဟုတ်ဘဲ ကမ္ဘာပျက်မည့် ဖြစ်ရပ်ကြီးတစ်ခုကို ဖန်တီးရန် ဖြစ်သည်ကို သူခမျာ မသိရှာချေ။
ထိုအချိန်တွင် လူငယ်အားကစားပြိုင်ပွဲ ကျင်းပရာ ကွင်းအတွင်းတွင် လူပေါင်း ၆၀,၀၀၀ နီးပါး ရှိနေပြီး ၎င်းမှာ အလွန်များပြားသည့် အရေအတွက် ဖြစ်သည်။
ထိုပရိသတ်ထဲတွင် အရပ်ဝတ်လဲထားသည့် ရဲအရာရှိပေါင်း ၁,၀၀၀ ကျော်လည်း ပုန်းကွယ်နေကြသည်။
အပေါ်ယံကြည့်လျှင် ရဲအရာရှိ ၂၀၀ ခန့်သာ ရှိပုံရသော်လည်း လက်တွေ့တွင်မူ အများစုမှာ ပရိသတ်များကြားတွင် ပုန်းကွယ်နေကြခြင်းဖြစ်သည်။
မထင်မှတ်ထားသော အခြေအနေများကို ကာကွယ်ရန် ဤသို့ စီစဉ်ထားခြင်း ဖြစ်သည်။
ထိုအချိန်တွင် ဖိန်လင်ဗဟို ရဲဌာနချုပ်မှ ညွှန်ကြားရေးမှုးချုပ်မှာလည်း ပရိသတ်များအလယ်တွင် ရှိနေပြီး ဖြစ်ပျက်နေသမျှကို အနီးကပ် စောင့်ကြည့်နေသည်။
သို့သော်လည်း ညွှန်ကြားရေးမှုးချုပ်မှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
အခြေအနေမှာ အေးချမ်းနေပုံရသော်လည်း ၎င်းမှာ မုန်တိုင်းမလာမီ တိတ်ဆိတ်မှုမျိုး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
သူ့ဘေးတွင် ဆုန့်ဝေနှင့် စခန်းမှူး လီကျန်းယီတို့အပြင် အခြားသော ဌာနခွဲမှူးများပါ ထိုင်နေကြသည်။
"ဆရာ ဒီနေ့ နည်းနည်း ဖိအားများနေပုံရတယ်နော်"
လီကျန်းယီက ညွှန်ကြားရေးမှူးချုပ်၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
ညွှန်ကြားရေးမှူးချုပ်၏ မျက်နှာမှာ တည်ကြည်လေးနက်နေသည်ကို မည်သူမဆို မြင်နိုင်သည်။
"လေဆိပ်က ဖြစ်စဉ်ပြီးကတည်းက K2 အဖွဲ့ဆီက ဘာသတင်းမှ ထပ်မကြားရတော့ဘူး၊ သူတို့ ဒီရက်ပိုင်းအတွင်းမှာ ဘာမှမလုပ်ဘဲ နေနေတာဟာ ကိစ္စအကြီးကြီးတစ်ခုအတွက် ပြင်ဆင်နေတာပဲ ဖြစ်ရမယ်၊ ဒီနေ့က ဖွင့်ပွဲနေ့လေ သူတို့အတွက် ကိစ္စကြီးကြီးမားမား လုပ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ"
ညွှန်ကြားရေးမှူးချုပ်က လေးနက်စွာ ဆိုသည်။
လီကျန်းယီမှာ ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်သွားသည်။
သူလည်း ထိုအချက်ကို နားလည်ပါသည်။
သို့သော် ညွှန်ကြားရေးမှူးချုပ်၏ အခြေအနေမှာ အလွန်အမင်း တင်းမာနေပုံရသည်။
"ဟင်"
ရုတ်တရက် လီကျန်းယီ၏ ဘေးတွင်ရှိနေသော ဆုန့်ဝေက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
"ဘာဖြစ်လို့လဲ လူအိုကြီးဆုန့်"
လီကျန်းယီက စပ်စုစွာ မေးလိုက်သည်။
“ဟင် ချင်ယန်ပဲ၊ သူက အပြင်မှာ ကင်းလှည့်နေရမှာ မဟုတ်လား၊ ဘယ်လိုလုပ် အထဲရောက်လာတာလဲ”
ဆုန့်ဝေသည် မျက်စိအလွန်စူးရှသူဖြစ်ရာ ချင်ယန် ကွင်းအတွင်းသို့ လမ်းလျှောက်ဝင်လာသည်ကို မြင်လိုက်ခြင်းဖြစ်သည်။
"ဟင်"
လီကျန်းယီလည်း အံ့အားသင့်သွားသည်။
သို့သော် ခဏအကြာတွင် လီကျန်းယီနှင့် ဆုန့်ဝေတို့၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားသည်။
‘သူ ဘာလို့ အထဲဝင်လာတာလဲ၊ K2 အဖွဲ့ဝင်တွေ အထဲမှာ ရှိနေတာကို သူ ရှာတွေ့သွားလို့လား’
ထိုစဉ်မှာပင် ဧရာမအားကစားကွင်းကြီးအတွင်း၌ အခမ်းအနားမှူး၏ အသံမှာ ဟိန်းထွက်လာခဲ့သည်။
"နောက်ထပ် အစီအစဉ်ကတော့ ဒီလူငယ်အားကစားပြိုင်ပွဲအတွက် နိုင်ငံအသီးသီးက အဆင့်မြင့်အရာရှိတွေရဲ့ ဆုတောင်းစကားတွေကို နားဆင်ရမှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ အားကစားကွင်း အလယ်က ဧရာမ စခရင်ကြီးကို ကြည့်ရှုပေးကြပါဦး ခင်ဗျာ"
အခမ်းအနားမှူး၏ မိတ်ဆက်စကား အဆုံးသတ်သွားသည်နှင့် တစ်ပြိုင်နက် ကွင်းအလယ်တွင် ချိတ်ဆွဲထားသော စခရင်ကြီးမှတစ်ဆင့် ကမ္ဘာတစ်ဝန်းမှ ထိပ်သီးပုဂ္ဂိုလ်များ၏ ဆုတောင်းစကားများကို ပြသလိုက်၏။
ကွင်းအတွင်းရှိ ပရိသတ်များထံမှလည်း လက်ခုပ်တီးသံများမှာ ဆူညံလို့သွားခဲ့သည်။
သို့သော် ရုတ်ခြည်းပင် စခရင်ကြီးပေါ်တွင် ပြသနေသော ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ ဆုတောင်းစကားများမှာ ရပ်တန့်သွားပြီး စခရင်ကြီးမှာ မှောင်အတိ ကျရောက်လို့သွားတော့သည်။
အားကစားကွင်းအတွင်းရှိ ပရိသတ်များမှာ ကြောင်အသွားကြပြီး ဇဝေဇဝါများ ဖြစ်ကုန်ကြသည်။
‘ဘာဖြစ်တာလဲ၊ ဘာလို့ ဒီလို အရေးကြီးတဲ့အချိန်မှာ စခရင်ကြီးက ပျက်သွားရတာလဲ’
အားကစားကွင်း၏ တိုက်ရိုက်ထုတ်လွှင့်ရေးအခန်းအတွင်းတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ဗီဒီယို ထုတ်လွှင့်ပြသနေသည့် ဝန်ထမ်းများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဤသည်မှာ အလွန်ပင် အရှက်ရစရာ ကောင်းလှပေသည်။
"ဘာတွေ ဖြစ်နေတာလဲ"
"ဟက်ကာ ဟက်ကာတွေ ဝင်တိုက်နေပြီ"
"ဟက်ကာတစ်ယောက်က ကျွန်တော်တို့ စနစ်ထဲကို ထိုးဖောက်ဝင်ရောက်သွားပြီ၊ သူက တခြားဗီဒီယိုတွေကို ပြသဖို့ လုပ်နေတယ်"
အားကစားပြိုင်ပွဲ ကွပ်ကဲမှုဗဟိုဌာန၏ အဓိကညွှန်ကြားရေးမှူးမှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာကြီးမှာ ပြာနှမ်းနေတော့သည်။
ဤကဲ့သို့အချိန်မျိုးတွင် အဟက်ခံရသည်ဆိုတော့ ဟက်ကာက ဘာတွေ ပြသမည်ကို မည်သူမှ မသိနိုင်ပေ။
တစ်ချိန်တည်းမှာပင် အားကစားကွင်းအတွင်း၌ တည်ငြိမ်အေးစက်သော အသံတစ်ခု ဟိန်းထွက်လာသည်။
“နှုတ်ခွန်းဆက်သပါတယ် တရုတ်ပြည်သူအပေါင်းတို့ ပြီးတော့ ကမ္ဘာတစ်ဝန်းက လူကြီးမင်းတို့”
ထိုအသံမှာ နိုင်ငံခြားသားလေသံ အနည်းငယ် ပါနေသော်လည်း စကားလုံးတိုင်းမှာ ရှင်းလင်းနေဆဲဖြစ်သည်။
"ကျွန်တော်က K2 ရဲ့ သံတမန်အရာရှိပါ၊ အခုလိုအချိန်မှာ အနှောင့်အယှက်ပေးမိတဲ့အတွက် တကယ်ပဲ အနူးအညွတ် တောင်းပန်ပါတယ် ဒါပေမဲ့ ခင်ဗျားတို့ကို ပြောစရာ အရေးကြီးတဲ့ကိစ္စတစ်ခု ရှိလို့ပါ၊ ခင်ဗျားတို့ လူပေါင်း ၆၀,၀၀၀ ရှိနေတဲ့ ဒီခန်းမကြီးထဲမှာ အဆိပ်ငွေ့ဗုံး ၆ ဗူးကို ဝှက်ထားပါတယ်၊ အဲဒီလက်နက်တွေက လူပေါင်းသောင်းနဲ့ချီပြီး သေစေနိုင်တဲ့အထိ အစွမ်းထက်ပါတယ်"
K2 ၏ တာဝန်ခံသည် အချိန်မဆွဲဘဲ တိုက်ရိုက်ပင် ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။
အမှန်စင်စစ် ထိုအဆိပ်ငွေ့ဗုံး ၆ ဗူးမှာ လူသောင်းနှင့်ချီ၍ မသေစေနိုင်သော်လည်း သူ့ရည်ရွယ်ချက်မှာ အားကစားကွင်းအတွင်း ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်စေရန်သာ ဖြစ်တော့သည်။
(EN - ရဲမှူးချုပ် ၊ ရဲချုပ်ကြီးက ညွှန်ကြားရေးမှူးချုပ်နဲ့တူတူပဲမလို့ နောက်ပိုင်းမှာ ညွှန်ကြားရေးမှူးချုပ်ပဲ သုံးသွားမှာပါ)