အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
117
"ကဲ ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ၊ ကျွန်တော်က K2 အဖွဲ့အစည်းကပါ၊ ဒီဖြစ်စဉ်ကို ဖန်တီးရတဲ့ ရည်ရွယ်ချက်ကတော့ တရုတ်နိုင်ငံအနေနဲ့ တခြားသူတွေရဲ့ ကိစ္စမှာ ဝင်ရောက်စွက်ဖက်နေတာတွေကို ရပ်တန်းကရပ်ဖို့နဲ့ နောက်ဆုတ်လက်လျှော့ပေးဖို့ကို တောင်းဆိုချင်လို့ပဲ ဖြစ်ပါတယ်၊ အခု ကျွန်တော် လိုချင်တာက တရုတ်နိုင်ငံရဲ့ ထိပ်သီးခေါင်းဆောင်တွေဆီက ကတိတစ်ခုပါ"
"သူသာ ကတိတည်မယ်ဆိုရင် ကျွန်တော် ဒီဘေးအန္တရာယ်ကို ရပ်တန့်ပေးပါ့မယ်၊ ခေါင်းဆောင်ပိုင်းအနေနဲ့ စဉ်းစားဖို့ အချိန်အများကြီး မရှိဘူးနော်၊ ကျွန်တော် နှစ်မိနစ်ပဲ အချိန်ပေးမယ်၊ ဒီမှာရှိနေတဲ့ လူကြီးမင်းတို့ ထွက်ပြေးဖို့ ကြိုးစားနေကြပြီဆိုတာ ကျွန်တော် သိပါတယ် ဒါပေမဲ့ အဆိပ်ငွေ့ရဲ့ သတ်ဖြတ်နိုင်စွမ်းကိုတော့ ယုံကြည်လိုက်ပါ၊ နှစ်မိနစ်ဆိုတာ ခင်ဗျားတို့ လွတ်အောင်ပြေးဖို့ မလုံလောက်ပါဘူး"
သူ့လေသံမှာ အလွန်အေးစက်လှသည်။
ထိုစကားများကို ကြားပြီးနောက် အားကစားကွင်းအတွင်းရှိ လူတိုင်းမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြပြီး အကြီးအကျယ် ဖိအားပေးခံလိုက်ရသလို ခံစားလိုက်ရသည်။
"ပြေးကြ ပြေးကြဟေ့"
"ထွက်ပြေးကြတော့"
နောက်တစ်စက္ကန့်တွင် ဆူညံသံများမှာ ဆူနာမီလှိုင်းလုံးကြီးတစ်ခုအလား ဟိန်းထွက်သွားတော့သည်။
တစ်ကွင်းလုံးတွင် ထိတ်လန့်တုန်လှုပ်မှုများ၊ ငိုယိုသံများနှင့် အော်ဟစ်သံများဖြင့် ပြည့်နှက်သွားခဲ့သည်။
ကျောက်ခဲတစ်လုံးက ရေပြင်ကို လှိုင်းထစေသကဲ့သို့ပင် လူတိုင်းမှာ ကြောက်ရွံ့တုန်လှုပ်ကုန်ကြသည်။
‘မယုံတာထက် ကြိုတင်ကာကွယ်တာက ပိုကောင်းတယ်’ ဟူသော မူအတိုင်းပင် တစ်ယောက်က စပြေးသည်နှင့် ကျန်သူများမှာလည်း ထပ်ကြပ်မကွာ လိုက်ပြေးကြတော့သည်။
ကမ္ဘာ့ခေါင်းဆောင်အချို့မှာလည်း လုံခြုံရေးအစောင့်အရှောက်များဖြင့် စတင်ထွက်ခွာသွားကြသည်။
တစ်ချိန်တည်းမှာပင် စခရင်ပေါ်မှ မြင်ကွင်းကို ကြည့်ပြီးနောက် ဖိန်လင်မြို့ ညွှန်ကြားရေးမှုးချုပ်၏ မျက်နှာမှာ ပြာနှမ်းသွားသည်။
သူသည် မတ်တတ်ရပ်လိုက်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်နေသော လူအုပ်ကြီးကို စိုက်ကြည့်နေမိသည်။
"တောက် မအေ* ပဲ"
"ဒီလူတွေ ဘာလို့ ပြေးနေကြတာလဲ၊ အားကစားကွင်းထဲမှာ အဆိပ်ငွေ့ရှိတာ သေချာလို့လား"
ညွှန်ကြားရေးမှုးချုပ်မှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်မတတ် ခံစားနေရသည်။
သို့သော်လည်း တားဆီးရန် နည်းလမ်းမရှိပေ။
လူတိုင်းမှာ အသက်ဘေးအတွက် ကြောက်ရွံ့သွားကြသောကြောင့် သူတို့သည် ဤနေရာမှ ချက်ချင်း ထွက်ပြေးကြမည်မှာ သဘာဝပင်။
တစ်ဖက်တွင်လည်း ဘေး၌ရပ်နေသော လီကျန်းယီနှင့် ဆုန့်ဝေတို့မှာလည်း မျက်နှာများ ဖြူလျော့နေကြသည်။
ထို့နောက် သူတို့နှစ်ဦးမှာ အချက်အလက်များကို ဆက်စပ်ကြည့်လိုက်ရာ ခုနက ချင်ယန် ရုတ်တရက် အထဲဝင်လာခြင်းမှာ ဤကိစ္စကို စုံစမ်းရန်ဖြစ်ကြောင်း ရိပ်မိသွားကြသည်။
‘ချင်ယန်က ဒီအချိန်မှာ အထဲကို ခိုးဝင်လာတဲ့ K2 အဖွဲ့ဝင်တွေကို လိုက်ဖမ်းနေတာလား’
*ဘုန်း*
ညွှန်ကြားရေးမှုးချုပ်မှာ သူ့ထိုင်ခုံပေါ်သို့ အားပျော့စွာ ပြန်ထိုင်ကျသွားသည်။
သူ၏ ပတ်ဝန်းကျင်တွင် လူများမှာ တိုးဝှေ့ကာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြသော်လည်း သူကတော့ ထွက်ပြေးရန် အစီအစဉ်မရှိပေ။
"ငါတို့ အရာအားလုံးကို အစွမ်းကုန် တင်းကျပ်ထားခဲ့တာပဲ၊ ဘယ်လိုလုပ်ပြီး ဟာကွက်တွေ ရှိသွားရတာလဲ"
ညွှန်ကြားရေးမှုးချုပ်မှာ ဒေါသကြောင့် လက်များပင် တုန်ရီလာသည်။
ထိုင်ခုံပေါ်တွင် ပုံကျနေသော ညွှန်ကြားရေးမှူးချုပ်သည် ရုတ်တရက် ပြန်ထလာပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
"အမိန့်ပေးလိုက် ကွင်းထဲမှာရှိတဲ့ အရပ်ဝတ်ရဲတွေ အားလုံးကို ချက်ချင်း အမိန့်ပေးလိုက်၊ လူအုပ်ကြီးကို စနစ်တကျ ထိန်းသိမ်းပြီး ပရိသတ်တွေ အေးအေးဆေးဆေး ထွက်သွားနိုင်အောင် စီစဉ်ခိုင်းလိုက်၊ စနစ်တကျ မထွက်ခွာနိုင်ရင် လူအုပ်ပိပြီး သေတဲ့အမှုတွေ ဖြစ်ကုန်ရင် အပြစ်မဲ့တဲ့လူ ဘယ်နှယောက်တောင် အသက်ဆုံးရှုံးရမလဲ မသိဘူး"
ဆုန့်ဝေနှင့် လီကျန်းယီတို့သည် သူတို့၏ ဝေါ်ကီတော်ကီများကို ချက်ချင်းထုတ်ယူကာ အရပ်ဝတ်ရဲများအားလုံးကို အမိန့်ပေးလိုက်ကြသည်။
ညွှန်ကြားရေးမှုးချုပ်သည် ကွင်းအလယ်ရှိ စခရင်ကြီးပေါ်မှ အချိန်မှတ်နာရီကို စိုက်ကြည့်နေမိသည်။
အချိန်မှာ ဆယ်ဂဏန်းစက္ကန့်အတွင်းသို့ ရောက်ရှိလာပြီ ဖြစ်သည်။
အချိန်နီးကပ်လာသည်နှင့်အမျှ ညွှန်ကြားရေးမှူးချုပ်မှာ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
‘ငါတို့ အခု ဘာလုပ်နိုင်ဦးမှာလဲ’
အခြားတစ်ဖက်တွင်မူ ဆုန့်ဝေနှင့် လီကျန်းယီတို့ အမိန့်ပေးပြီးသွားကြပြီဖြစ်သည်။
ညွှန်ကြားရေးမှူး လီကျန်းယီက လေးနက်စွာဖြင့် ပြောလိုက်သည်။
“ဦးစီးချုပ် ကျွန်တော် အမိန့်ပေးပြီးပါပြီ၊ အခု ရဲအရာရှိပေါင်း တစ်ထောင်ကျော်ဟာ ပရိသတ်တွေ စနစ်တကျ ထွက်ခွာနိုင်အောင် အစွမ်းကုန် ကြိုးစားနေကြပါတယ်”
"ဒီနေ့တော့"
လီကျန်းယီမှာ အရှက်ရလွန်းသဖြင့် စကားလုံးတို့ ပျောက်ရှနေမိသည်။
ယခင်က အေးချမ်းခဲ့သော ဖိန်လင်မြို့တွင် ယခုနှစ်အတွင်း ဘိန်းဖြူမှောင်ခိုမှု၊ ချီလုံဝေအမှုနှင့် ယခု အားကစားပြိုင်ပွဲ တိုက်ခိုက်မှုတို့ ဆက်တိုက်ဖြစ်ပွားလာရာ၊ အရင်က "ရာဇဝတ်မှုကင်းစင်သည်" ဆိုခြင်းမှာ ရာဇဝတ်သားများကို မရှာဖွေနိုင်ခဲ့ခြင်းကြောင့်လားဟု သူ သံသယဝင်လာတော့သည်။
"အချိန်စေ့ပြီ၊ အခုအချိန်အထိ K2 အဖွဲ့အစည်းဟာ တရုတ်ပြည်ရဲ့ အထက်လူကြီးတွေဆီက ဘယ်လိုကတိမျိုးမှ မရရှိသေးပါဘူး၊ တကယ့်ကို ဝမ်းနည်းစရာကောင်းတာပဲ၊ အားကစားကွင်းထဲက ပရိသတ်တွေ ကံကောင်းကြပါစေ၊ နှုတ်ဆက်ခဲ့ပါတယ်"
အေးစက်သော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
စခရင်ကြီးမှာ ပြန်လည်မှောင်အတိ ကျသွားပြန်သည်။
ထိုအချိန်တွင် ကွင်းအတွင်းရှိ ထိတ်လန့်တုန်လှုပ်မှုအဆင့်မှာ အမြင့်ဆုံးသို့ ရောက်သွားခဲ့သည်။
ညွှန်ကြားရေးမှုးချုပ်နှင့် လီကျန်းယီ၊ ဆုန့်ဝေတို့မှာလည်း သူတို့အား ကျိန်ဆဲနေသကဲ့သို့ ခံစားနေကြရသည်။
ဤသည်မှာ သိသာထင်ရှားသော စော်ကားမှုပင် ဖြစ်သည်။
"ကျေးဇူးပြုပြီး အားလုံး စိတ်အေးအေးထားကြပါ"
ညွှန်ကြားရေးမှုးချုပ် မျက်လုံးမှိတ်ထားစဉ်မှာပင် စခရင်ကြီးပေါ်မှ နောက်ထပ် ဟိန်းထွက်လာသော အသံတစ်ခု ပေါ်လာသည်။
ထိုအသံမှာ အလွန်အားမာန်ပါပြီး ကျယ်လောင်လှသည်။
"ဟင်"
ညွှန်ကြားရေးမှုးချုပ်မှာ ချက်ချင်းပင် မျက်လုံးဖွင့်ကာ စခရင်ကြီးကို ကြည့်လိုက်သည်။
လီကျန်းယီနှင့် ဆုန့်ဝေတို့လည်း ကြောင်အသွားကြသည်။
ရုတ်တရက် စခရင်ကြီးပေါ်တွင် လူအချို့ ပေါ်လာသည်။
လူ ၆ ဦးမှာ လက်ထိပ်ခတ်ခံထားရပြီး သူတို့မျက်နှာများမှာ ဖရိုဖရဲဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းနေသည်။
သူတို့၏ နောက်ကွယ်တွင်မူ ယူနီဖောင်းဝတ် ရဲအရာရှိတစ်ဦး ရပ်နေသည်။
ထိုရဲအရာရှိမှာ မတ်စ်တပ်ထားပြီး လင်းယုန်မျက်လုံးကဲ့သို့ စူးရှသော မျက်ဝန်းများကိုသာ မြင်ရသည်။
ထိုအသံကို ကြားလိုက်ရသည့်အခါတွင် ထွက်ပြေးနေကြသော ပရိသတ်များမှာ ခြေလှမ်းများ ရပ်တန့်သွားကြသည်။
"ကျွန်တော် အခု ဒီတိုက်ခိုက်မှုဆိုတာကို ဖန်တီးခဲ့တဲ့ တရားခံတွေကို ဖမ်းဆီးထားပြီးပါပြီ၊ လူကြီးမင်းတို့အားလုံး ထွက်ပြေးစရာ လုံးဝ မလိုတော့ပါဘူး"
ရဲအရာရှိ၏ ဟိန်းထွက်သွားသော အသံကြောင့် ပရိသတ်အများအပြားမှာ ခြေလှမ်းများ ရပ်တန့်သွားကြသည်။
"ကျွန်တော်တို့ တရုတ်နိုင်ငံရဲ့ လုံခြုံရေးကို ခင်ဗျားတို့ ယုံကြည်လို့ရပါတယ်၊ ဥပဒေချိုးဖောက်သူတွေဟာ ဘယ်လိုပြဿနာမှ ထပ်ရှာလို့ရမှာ မဟုတ်ပါဘူး၊ အမှန်အတိုင်း ပြောရရင် ဟို K2 သံတမန်ဆိုသူက ဗီဒီယိုမပြခင်ကတည်းက ကျွန်တော် သူတို့ကို ဖမ်းဆီးထားပြီးသား ဖြစ်ပါတယ် ဒါပေမဲ့ သူတို့ကို ဖမ်းဆီးတဲ့အချိန်မှာ ကျွန်တော်က ပရိသတ်တွေကြားထဲမှာ ရှိနေသေးတာကြောင့် ထုတ်လွှင့်ရေးအခန်းကို အချိန်မီ မရောက်နိုင်ခဲ့တာပါ၊ အခု ကျွန်တော် အသိပေးချင်တာကတော့ အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာအားလုံးကို ကျွန်တော်တို့ ကြိုတင်ဖယ်ရှားပြီးသား ဖြစ်တယ်ဆိုတာပါပဲ၊ သူတို့တွေ မလှုပ်ရှားခင်ကတည်းက ကျွန်တော်တို့ သူတို့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်"
"ကျွန်တော်ဟာ ဖိန်လင်မြို့က သာမန်ရဲအရာရှိတစ်ဦးပါ၊ ဖိန်လင်မြို့ရဲ့ လုံခြုံရေးအခြေအနေဟာ လုံးဝ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်ဆိုတာ ကျွန်တော် အာမခံပါတယ်၊ ခင်ဗျားတို့အနေနဲ့ စိုးရိမ်ထိတ်လန့်စရာ လုံးဝ မလိုပါဘူး၊ လူအုပ်တိုးဝှေ့မှုကြောင့် အန္တရာယ်မဖြစ်အောင် စိတ်အေးအေးထားပြီး ကိုယ့်ထိုင်ခုံမှာကိုယ် ပြန်ထိုင်ပေးကြပါ၊ အခု အရာအားလုံးက ဘေးကင်းသွားပါပြီ"
ထိုအသံမှာ မှော်ဆန်သော စွမ်းအားတစ်ခုကဲ့သို့ပင် ပဲ့တင်ထပ်နေခဲ့သည်။
အမှန်ပင် လူအများအပြားမှာ ခြေလှမ်းများ ရပ်တန့်သွားကြသည်။
"ဟိုအဖွဲ့အစည်းကလူတွေက အဆိပ်ငွေ့တွေ လွှတ်မယ်ပြောတာ အခုထိ ဘာမှမတွေ့ရသေးဘူးနော်"
"ဟုတ်တယ် အဆိပ်ငွေ့က ဘယ်မှာလဲ"
ထိုအချိန်မှာပင် နောက်ထပ် အသံတစ်သံ ထပ်မံပေါ်ထွက်လာပြန်သည်။
"အဆိပ်ငွေ့ဆိုတာ လုံးဝ မရှိပါဘူး၊ အဲဒါက ခင်ဗျားတို့ကို ခြောက်လှန့်ရုံသက်သက်ပါပဲ၊ သူတို့မှာရှိတဲ့ တစ်ခုတည်းသော နည်းလမ်းက ဟက်ကင်းလုပ်တာပဲရှိတာ"
စခရင်ပေါ်မှ ရဲအရာရှိက ထပ်မံ၍ အော်ဟစ်ပြောဆိုလိုက်ပြန်သည်။
ထိုစကားက ပရိသတ်များ၏ စိတ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် ပရိသတ်အများအပြားမှာ ပြန်ထိုင်လိုက်ကြသည်။
မိနစ်အနည်းငယ် ကြာသွားသည့်တိုင် အဆိပ်ငွေ့ကို မမြင်ရခြင်းကလည်း သက်သေပင်။
တရုတ်ပြည်သူများသည် ဘေးကင်းလုံခြုံမှုထဲတွင် အမြဲနေထိုင်ခဲ့ကြသူများဖြစ်ရာ ယခုဖြစ်ရပ်မှာ ဟက်ကာတစ်ယောက် စနစ်ထဲဝင်ပြီး ခြောက်လှန့်သွားသည့် ဟာသတစ်ခုမျှသာဟု အများစုက ယူဆလိုက်ကြတော့သည်။
တစ်ချိန်တည်းမှာပင် ပရိသတ်များအလယ်တွင် ထိုင်နေသော ဖိန်လင်မြို့ ညွှန်ကြားရေးမှုးချုပ်နှင့် သူ့လက်အောက်ငယ်သားများဖြစ်သော လီကျန်းယီ၊ ဆုန့်ဝေတို့မှာ စခရင်ပေါ်မှ ရဲအရာရှိကို မျက်လုံးပြူးကာ စိုက်ကြည့်နေမိကြသည်။
ထိုရဲအရာရှိမှာ Mask တပ်ထားသော်လည်း သူ၏ ထင်ရှားသော လက္ခဏာများနှင့် အသံကို မှတ်မိနိုင်သေးသည်။
‘ဒါ ချင်ယန် မဟုတ်ဘူးလား’
မျက်ခုံး၊ မျက်လုံးနှင့် အသံများမှာ ချင်ယန်နှင့် တစ်ထပ်တည်း ကျနေတော့သည်။
118
"စခရင်ပေါ်ကလူက ချင်ယန် မဟုတ်လား"
ဆုန့်ဝေက ခပ်တိုးတိုး မေးလိုက်သည်။
သူတို့နှစ်ဦးမှာ ရုပ်ရည်ရော၊ အသံနှင့် မျက်လုံးအကြည့်များပါ ထပ်တူကျလွန်းလှသည်။
"သူ ခုနလေးတင် ပရိသတ်တွေကြားမှာ ရှိနေတာပါ၊ အခုတော့ ထိန်းချုပ်ရေးခန်းထဲ ရောက်နေပြီ၊ တော်တော်မြန်ပါ့လား"
လီကျန်းယီမှာ အံ့ဩမှုကို မထိန်းနိုင်တော့ချေ။
ဖိန်လင်မြို့၏ ညွှန်ကြားရေးမှုးချုပ်သည်လည်း သူ့မျက်လုံးကို စခရင်မှမခွာဘဲ ပရိသတ်ထိုင်ခုံများဆီသို့ ဖျတ်ခနဲ တစ်ချက်ကြည့်လိုက်သည်။
ထိုအခါ ပရိသတ်အများအပြားမှာ သူတို့နေရာများသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာကြသည်ကို တွေ့လိုက်ရ၏။
အချို့က ဤဖြစ်ရပ်ကို နောက်ပြောင်မှုတစ်ခုဟု ထင်နေကြပြီး၊ သတ္တိခဲများမှာမူ အဆိပ်ငွေ့ တကယ်ထွက်လာမလားဟုပင် စောင့်ကြည့်နေကြသည်။
အချို့ကမူ ဖိန်လင်ရဲတပ်ဖွဲ့ကို အကြွင်းမဲ့ ယုံကြည်ကြသဖြင့် ရာဇဝတ်သားများ လာရောက်တိုက်ခိုက်ရန် မဖြစ်နိုင်ဟု မှတ်ယူထားကြသည်။
ထိုစဉ်မှာပင် စခရင်ကြီးပေါ်မှ လေးနက်သောအသံကြီး တစ်သံ ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။
"ကျွန်တော် ခင်ဗျားတို့ကို ဆက်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး၊ ပျော်ရွှင်စရာ လူငယ်အားကစားပြိုင်ပွဲလေး ဖြစ်ပါစေ"
နောက်တစ်စက္ကန့်တွင် စခရင်ပေါ်မှ ပုံရိပ်များမှာ လုံးဝ ကွယ်ပျောက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် အားကစားကွင်း၏ ဗဟိုထိန်းချုပ်ရေးအခန်းအတွင်း၌မူ ချင်ယန်သည် သက်ပြင်းအရှည်ကြီး တစ်ချက်ကို ချလိုက်မိသည်။
ကွင်းအတွင်းရှိ အခြေအနေကို သူကြည့်နေရပြီး လူအများအပြား နေရာပြန်ယူနေကြသည်ကို မြင်ရသဖြင့် သူ့မှာ စိတ်အေးသွားရတော့သည်။
အချို့ကတော့ ကြောင်အမ်းအမ်းဖြင့် ရပ်နေဆဲဖြစ်သလို၊ ကြောက်စိတ်မပြယ်သေးသူအချို့မှာတော့ ကွင်းထဲမှ ထွက်သွားကြပြီဖြစ်သည်။
"အခုဆိုရင် ပြဿနာ မရှိတော့ပါဘူး၊ အခြေအနေကို အထိုက်အလျောက် ထိန်းသိမ်းနိုင်ခဲ့ပြီ"
ချင်ယန်က မိမိကိုယ်ကို အားပေးစကား ပြောလိုက်သည်။
ထို့နောက် သူ့ဘေးတွင် လက်ထိပ်ခတ်ခံထားရသည့် လူ ၇ ဦးကို လှည့်ကြည့်လိုက်မိသည်။
ထို ၇ ဦးမှာ အလွန်ပင် ဖရိုဖရဲ ဖြစ်နေပြီး ချင်ယန်က အခြေအနေကို ဤကဲ့သို့ အချိန်မီ ဝင်ရောက်ဖြေရှင်းသွားနိုင်သည်ကို ကြည့်ကာ သူတို့မှာ အကြီးအကျယ် အံ့ဩဒေါသ ဖြစ်နေကြသည်။
စက္ကန့်ပိုင်းမျှသာ လိုတော့သည့် အနေအထားတွင် အဆိပ်ငွေ့ဗုံးများကို ဖောက်ခွဲရန် ပြင်ဆင်ထားခဲ့ကြသော်လည်း မမျှော်လင့်ဘဲ ချင်ယန် ရောက်လာခဲ့ပြီး သူတို့ကို အလွယ်တကူ နှိမ်နင်းသွားခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် ကျားသစ်မှာ ချင်ယန်၏ တိုက်ခိုက်ရေးစွမ်းရည်ကို အံ့ဩနေမိသည်။
မိမိမှာ K2 တွင် ပြင်းထန်သော လေ့ကျင့်မှုများ ခံယူထားသူဖြစ်သော်လည်း ချင်ယန်၏ ဒုတိယမြောက် လက်သီးချက်၌ပင် သူ့မှာ အလဲလဲအပြိုပြို ဖြစ်သွားခဲ့ရသည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားမျိုးကို သူ တစ်ခါမျှ မတွေ့ခဲ့ဖူးချေ။
ထို့နောက်တွင် ချင်ယန်သည် လီတဝေ၊ ကျောက်ကျိဝေ့တို့ အပါအဝင် ပါလီမြစ်ရဲစခန်းမှ အရပ်ဝတ်ရဲအရာရှိများနှင့် ဆုံတွေ့ခဲ့သည်။
ထိုအချိန်တွင် အားကစားကွင်း စခရင်ကြီးမှာ အဟက်ခံထားရပြီး ဖြစ်သဖြင့် ချင်ယန် တရားခံများကို ထိန်းချုပ်ရေးခန်းသို့ အမြန်ခေါ်ဆောင်ကာ လူထုကို အမှန်အတိုင်း အသိပေး၍ အေးချမ်းအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူတို့ အချိန်မီခဲ့သည်။
သူ့အနောက်တွင်ရှိနေသော လီတဝေနှင့် ကျောက်ကျိဝေ့တို့လည်း ယခုမှသာ သက်ပြင်းချနိုင်ကြပြီဖြစ်သည်။
သူတို့သည် K2 ၏ ခြိမ်းခြောက်မှုကို ကြားရစဉ်ကမူ အနည်းငယ် ထိတ်လန့်သွားခဲ့ကြသော်လည်း ယခုတွင်မူ အရာအားလုံး ပြီးဆုံးသွားပြီဖြစ်သည်။
"ဒီလူယုတ်မာတွေ သူတို့သာ အောင်မြင်သွားရင် ပြည်သူတွေ အများကြီး အန္တရာယ်ဖြစ်ကုန်မှာ၊ မအောင်မြင်လိုက်တာ တော်သေးတယ်"
လီတဝေက ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
ချင်ယန်သာ အချိန်မီ မတားဆီးနိုင်ခဲ့ပါက အခြေအနေမှာ တွေးဝံ့စရာပင် မရှိတော့ပေ။
ချင်ယန်က ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
"ဒီလူတွေက သိပ်လည်တာ၊ အပြင်က လူအချို့ကို ငွေပေးပြီး ရုတ်ရုတ်သဲသဲဖြစ်အောင် အရင်လုပ်ခိုင်းတယ် ပြီးမှ အတွင်းလူဖြစ်တဲ့ လုံခြုံရေးဝန်ထမ်းနဲ့ အဆက်အသွယ်လုပ်ပြီး ခိုးဝင်လာကြတာ"
"အော် ဒါနဲ့ တဝေ၊ အခုချက်ချင်း ဝင်ပေါက်နံပါတ် (၉) ကို သွားလိုက်ဦး၊ အဲဒီက လုံခြုံရေးဝန်ထမ်းက သံသယဖြစ်စရာကောင်းတယ်၊ သူကပဲ ဒီလူတွေကို လွှတ်ပေးလိုက်တယ်လို့ ငါ သံသယရှိတယ်"
ချင်ယန်က သတိပေးပြောလိုက်ရာ လီတဝေ ချက်ချင်းပင် အခြားရဲအရာရှိနှစ်ဦးနှင့်အတူ ထွက်ခွာသွားသည်။
နောက်ထပ် ငါးမိနစ်ခန့်အကြာတွင် ဖိန်လင်ဗဟိုရဲဌာနချုပ်က ညွှန်ကြားရေးမှုးချုပ်နှင့်အတူ လီကျန်းယီ၊ ဆုန့်ဝေတို့ အကုန်လုံး ထိန်းချုပ်ရေးခန်းသို့ ရောက်ရှိလာကြသည်။
အထဲသို့ ဝင်ဝင်ချင်းမှာပင် ချင်ယန်နှင့်အတူ လက်ထိပ်ခတ်ခံထားရသော တရားခံ ၇ ဦးကို တွေ့လိုက်ရ၏။
"မင်္ဂလာပါ ညွှန်ကြားရေးမှူးချုပ်"
ချင်ယန် အလေးပြုလိုက်သည်။
ညွှန်ကြားရေးမှူးချုပ်သည် ချင်ယန်ကို အထူးတဆန်း စိုက်ကြည့်နေမိသည်။
ဘေးဒုက္ခ အနီးကပ်ဆုံးအခြေအနေတွင် အားလုံးကို ကယ်တင်ခဲ့သည့် သူရဲကောင်းမှာ ဤလူငယ်လေး ဖြစ်နေသည်။
သူသာ မရှိခဲ့ပါက တရုတ်နိုင်ငံသည် ကမ္ဘာ့အလယ်တွင် အရှက်ရစရာ အဖြစ်အပျက်ကြီးနှင့် ကြုံရဖို့ သေချာသလောက်ပင် ဖြစ်သည်။
"မင်းနာမည်က ချင်ယန်လား"
ညွှန်ကြားရေးမှူးချုပ်က မေးလိုက်သည်။
"ဟုတ်ကဲ့ပါ"
ချင်ယန်က ခေါင်းညိတ်ပြလိုက်၏။
"ကောင်းတယ်၊ တကယ့်ကို ကောင်းတယ်"
ညွှန်ကြားရေးမှူးချုပ်က လေးနက်စွာဖြင့် ချင်ယန်အား ချီးကျူးလိုက်သည်။
ထို့နောက် တရားခံများကို ကြည့်ကာ ပြောလိုက်၏။
"ဒီလူတွေက ကွင်းထဲမှာ အဆိပ်ငွေ့လွှတ်ဖို့ ပြင်နေတဲ့ K2 အဖွဲ့အစည်းက လူတွေပေါ့"
ထိုအခါ ချင်ယန်က အဆိပ်ငွေ့ဗူးကို ပြသလိုက်သည်နှင့် ညွှန်ကြားရေးမှူးချုပ်မှာ နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
"သူတို့ လုပ်ရပ်သာ အောင်မြင်သွားခဲ့ရင် ငါတို့နိုင်ငံအတွက် အတောမသတ်နိုင်တဲ့ ဘေးအန္တရာယ်တွေ ဖြစ်လာမှာ အသေအချာပဲ၊ ကံကောင်းလို့ နိုင်ငံတော်ကို နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်ပေးထားလို့"
ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှာ အဆိပ်ငွေ့ဗူးများကို ဓာတ်ခွဲခန်းသို့ ဂရုတစိုက် ပို့ဆောင်ရန်နှင့် တရားခံများကို မိမိကိုယ်ကိုယ် အဆုံးမစီရင်နိုင်စေရန် အနီးကပ် စောင့်ကြည့်ခေါ်ဆောင်သွားဖို့ အမိန့်ပေးလိုက်သည်။
နောက်ထပ် စုံစမ်းစစ်ဆေးမှုများကို ဌာနချုပ်က ဆက်လက်တာဝန်ယူသွားမည် ဖြစ်သည်။
ညွှန်ကြားရေးမှူးချုပ်က ချင်ယန်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"မင်းကို ဘယ်လိုကျေးဇူးတင်ရမလဲတောင် မသိတော့ဘူး၊ မင်းရဲ့ ဒီတစ်ခေါက် စွမ်းဆောင်ချက်က ပထမအဆင့် ထူးချွန်ဆု နဲ့တောင် မလုံလောက်တော့ဘူး၊ မြို့တော်ဌာနချုပ်ဆီကနေ အထူးထူးချွန်ဆု ရဖို့ ငါကိုယ်တိုင် တောင်းဆိုပေးမယ်"
ထိုစကားကို ကြားလိုက်ရသည့်အခါ အခန်းထဲရှိ လီကျန်းယီနှင့် ဆုန့်ဝေတို့အပါအဝင် ရဲအရာရှိများအားလုံး အံ့အားသင့်ကာ မှင်သက်သွားကြသည်။
အထူးထူးချွန်ဆု ဆိုသည်မှာ အမြင့်မြတ်ဆုံးသော ဂုဏ်ထူးဆောင်ဘွဲ့ပင် ဖြစ်သည်။
ချင်ယန်ကိုယ်တိုင်လည်း အံ့အားသင့်သွားခဲ့ရသော်လည်း သူကယ်တင်ခဲ့သည့် လူဦးရေနှင့် နှိုင်းယှဉ်လျှင် ဤဆုမှာ မများလွန်းဟု သူ ယူဆလိုက်သည်။
"အရင်က မင်းရဲ့ ဒုတိယအဆင့် ထူးချွန်ဆုကို ငါ ပယ်ဖျက်ခဲ့မိသေးတယ်၊ ငါက ငါ့နိုင်ငံရဲ့ သူရဲကောင်းတစ်ယောက်ကို အပြစ်ပေးမိတော့မလို့၊ စိတ်မရှိပါနဲ့ ချင်ယန်"
ညွှန်ကြားရေးမှူးချုပ်မှာ အားနာစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
ချင်ယန်မှာမူ တည်ငြိမ်နေဆဲပင် ဖြစ်သည်။
အထူးဆု ရရှိတော့မည်ဖြစ်ရာ ဒုတိယအဆင့်ဆုမှာလည်း အလိုအလျောက် ပြန်လည်ရရှိမည်မှာ သေချာလှသည်။
"ဘာပဲဖြစ်ဖြစ် တရုတ်ပြည်သူတွေကိုယ်စား မင်းကို တကယ် ကျေးဇူးတင်ပါတယ်"
ညွှန်ကြားရေးမှူးချုပ်က လေးနက်စွာ ပြောကြားပြီးနောက် အထက်လူကြီးများထံ အစီရင်ခံရန် ထွက်ခွာသွားခဲ့သည်။
ဆုန့်ဝေနှင့် လီကျန်းယီတို့မှာမူ ချင်ယန်ထံမှ တရားခံများကို မည်သို့ဖမ်းဆီးခဲ့ကြောင်း အသေးစိတ် နားထောင်ရန် ကျန်ရစ်ခဲ့သည်။
သတင်းမီဒီယာများကို ဖြေကြားရန်အတွက် သူတို့ သိထားဖို့ လိုအပ်သောကြောင့် ဖြစ်သည်။
အားကစားပြိုင်ပွဲမှာ နာရီဝက်ခန့် ရပ်နားသွားခဲ့သော်လည်း ယခုမူ ပုံမှန်အတိုင်း ပြန်လည်ကျင်းပနေပြီဖြစ်သည်။
ပရိသတ်များမှာလည်း အဆိပ်ငွေ့သတင်းမှာ ခြောက်လှန့်ရုံသက်သက်သာဟု ယုံကြည်ကာ သူတို့နေရာများသို့ ပြန်လည်ရောက်ရှိနေကြပြီ ဖြစ်သည်။
ထိုအချိန်တွင် အလွန်ဝေးကွာသော ပါရှားဒေသ၏ လူသူကင်းမဲ့သည့် သဲကန္တာရတစ်ခု အလယ်တွင် မြေအောက်သို့ တိုက်ရိုက် ဦးတည်နေပုံရသော တစ်ယောက်စီး ဓာတ်လှေကားတစ်ခု ရှိနေသည်။