အခန်း (၂၅၅-၂၅၆)
Vol. 26 Ch. 255-256
အခန်း (၂၅၅) - မင်းက ဘယ်သူပဲဖြစ်ဖြစ်... မင်းလာရင် ငါသတ်မယ်
ဝူလီနှင့် နန်ကုန်းဝမ်တို့၏ စောင့်ကြည့်မှုအောက်တွင် လှိုင်းလုံးများကဲ့သို့ မိုးကြိုးများသည် မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ အထက် ကောင်းကင်ယံမှ ဆင်းသက်လာသည်နှင့် ၊ ရွှေရောင်မိုးကြိုးသစ်ပင်များသည် မိုးကြိုးများကို ၎င်းတို့၏ ခန္ဓာကိုယ်များထဲသို့ စုပ်ယူသွားလေ၏။
၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် အင်မော်တယ်ဘုရင် ကပ်ဘေးဖြတ်ကျော်ခြင်းထက် မနိမ့်ကျပေ။ ဝူလီနှင့် နန်ကုန်းဝမ်တို့ပင် အနားမကပ်ရဲဘဲ ဤမြင်ကွင်းကို အဝေးမှ တိတ်ဆိတ်စွာ စောင့်ကြည့်နေရုံသာ တတ်နိုင်၏။
ဤဆူညံသံသည် မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ အတွင်းရှိ ကျင့်ကြံသူအားလုံး၏ အာရုံကို သဘာဝကျကျပင် ဆွဲဆောင်သွားခဲ့ပြီး သူတို့အားလုံးသည် လျှို့ဝှက်နယ်မြေ ၏ မြောက်ဘက်စွန်းသို့ အံ့အားသင့်နေကြသော အမူအရာများဖြင့် လှမ်းကြည့်လိုက်ကြသည်။
“ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအား... တစ်ယောက်ယောက်က အင်မော်တယ်ဘုရင် အဆင့်ကို ထပ်ပြီး ချိုးဖောက်ဝင်ရောက်တော့မလို့လား...”
“ဟမ်.... အဲဒါက ကြောက်စရာကောင်းတာပဲ... ဘယ် ပါရမီရှင် က အင်မော်တယ်ဘုရင် အဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်လောက်အောင် ကံကောင်းသွားလဲ မသိဘူး...”
“ငါတို့ သွားကြည့်ကြရင်ကော ဘယ်လိုလဲ... သူတို့နဲ့ မိတ်ဆွေဖွဲ့လို့ရနိုင်လိမ့်မလား...”
“တာအိုမိတ်ဆွေ ပြောတာ မှန်တယ်... ဒါဆိုရင်လည်း အတူတူ သွားကြတာပေါ့...”
မကြာမီ ကျင့်ကြံသူ အမြောက်အမြားသည် သူတို့ထံသို့ ပြေးလာကြသည်။ ဝူလီနှင့် နန်ကုန်းဝမ်တို့လည်း ဤသည်ကို သဘာဝကျကျပင် သတိပြုမိကာ သူတို့၏ အမူအရာများသည် အနည်းငယ် ကြည့်ရဆိုးသွားသည်။
“တာအိုမိတ်ဆွေ ဝူ... ငါတို့ ဘယ်လိုလုပ်ကြမလဲ…”
နန်ကုန်းဝမ်သည် ဝူလီကို ကြည့်ကာ မေးလိုက်သည်။ ဝူလီသည် အခိုက်အတန့်မျှ စဉ်းစားပြီးနောက် ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းလိုက်၏။
“ကျန်းထျဲ... သွားပြီး သူတို့ကို တားလိုက်... သူတို့က အတင်းလာဖို့ မကြိုးစားဘူးဆိုရင် မလှုပ်ရှားနဲ့...”
“ဟုတ်ကဲ့ သခင်...”
ကျန်းထျဲသည် အက်ရှရှအသံဖြင့် ပြန်ဖြေလိုက်ပြီး ဝူလီနှင့် နန်ကုန်းဝမ်တို့၏ အမြင်အာရုံမှ ပျောက်ကွယ်သွားလေ၏။
ကျန်းထျဲ ပါဝင်လာပြီဖြစ်၍ တစ်စုံတစ်ယောက် က ဤနေရာသို့ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ဟု သူ ယုံကြည်သည်။ ဤနေရာသို့ ဝင်ရောက်လာလျှင်ပင် ၊ ဝူလီသည် သူတို့ကို သတ်ပစ်မည်သာ။
ဝူလီသည် ရွှေအင်မော်တယ် ကနဦးအဆင့် တွင်သာ ရှိသေးသော်လည်း သူ့ကို အထင်သေးလို့မရချေ။ အကယ်၍ အခြေအနေများ ဆိုးရွားလာပါက လျိုထျန်းရွှေအင်မော်တယ် ပင်လျှင် သူ့ကို သတ်နိုင်မည် မဟုတ်ချေ။
“နောက်ဆယ်ရက်နေရင် မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ က ပိတ်တော့မယ်... ဒီဆယ်ရက်အတွင်း ရွှေရောင်မိုးကြိုးသစ်ပင် ကို အဆင့်ခုနစ်အထိ ရောက်အောင် လုပ်နိုင်မယ်လို့ ရှင် ယုံကြည်မှုရှိလား...”
နန်ကုန်းဝမ် က တစ်ခုခုကို သတိရသွားပုံရပြီး စိုးရိမ်တကြီး ပြောဆိုလိုက်၏။
ဝူလီသည် မည်သည့်အရာကမျှ သူ၏ အစီအစဉ်ကို မထိခိုက်နိုင်သည့်အလား တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။
“ကိစ္စမရှိပါဘူး... အောင်မြင်ဖို့က ကံကြမ္မာအပေါ်မှာ မူတည်ပြီး ကြိုးစားဖို့က လူအပေါ်မှာ မူတည်တယ်... ငါ အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီ... အခုတော့ အရာအားလုံးက ကံကြမ္မာအပေါ်မှာပဲ မူတည်တော့တယ်...”
အခြားတစ်ဖက်တွင် ကျန်းထျဲ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ရောက်ရှိလာသော လျိုထျန်းရွှေအင်မော်တယ် ကျင့်ကြံသူများကို အလျင်အမြန် တားဆီးနိုင်ခဲ့သည်။
“လူကြီးမင်းတို့... ဒီနေရာကို ဝင်ခွင့်မပြုပါဘူး... ကျေးဇူးပြုပြီး ပြန်လှည့်သွားကြပါ...”
ကျန်းထျဲသည် မျက်နှာဖုံးကို တပ်ဆင်ထားပြီး အက်ရှရှ အသံဖြင့် ပြောဆိုလိုက်သည်။ သူ၏ အငွေ့အသက် ကို ထုတ်ဖော်မပြသော်လည်း သူ၏ ကိုယ်ဟန်အမူအရာကပင် သူသည် အလွန်အမင်း စွမ်းအားကြီးမားကြောင်း ပြသနေသည်။
ထို့ကြောင့် ကျန်းထျဲ စကားပြောပြီးနောက် ကျင့်ကြံသူ အများစုသည် မလိုလားသော်လည်း လှည့်ပြန်သွားနိုင်ရုံသာ တတ်နိုင်သည်။ သို့သော် ကျင့်ကြံသူအချို့က သူတို့၏ မကျေနပ်မှုကို ဖော်ပြခဲ့ကြသည်။
အဖြူရောင် ပဝါကို ပတ်ထားသော ကျင့်ကြံသူ တစ်ဦးက ရှေ့ထွက်လာပြီး ကျန်းထျဲကို အရိုအသေပေးလိုက်၏။
“ဒီက တာအိုမိတ်ဆွေ... ကျွန်တော်က ပေရီဂိုဏ်း က သူတော်စင်သားတော် လုရန်ဖျင် ပါ... ကျွန်တော့်ကို ဝင်ခွင့်ပြုဖို့ မျက်နှာသာ ပေးနိုင်မလား မသိဘူး... စိတ်မပူပါနဲ့... ကျွန်တော့်မှာ မကောင်းတဲ့ အကြံအစည် ဘာမှမရှိပါဘူး... အထဲက တာအိုမိတ်ဆွေ တွေနဲ့ မိတ်ဆွေဖွဲ့ချင်ရုံ သက်သက်ပါ...”
လုရန်ဖျင် ရှေ့ထွက်လာပြီးနောက် စွမ်းအားကြီးမားသူ အများအပြားသည်လည်း ရှေ့ထွက်လာခဲ့ကြသည်။
“တာအိုမိတ်ဆွေ... ကျွန်တော်က ငှက်တစ်ထောင်ဂိုဏ်း က သူတော်စင်သားတော် ဝူယွီ ပါ... မျက်နှာသာ ပေးဖို့ တောင်းဆိုလို့ ရမလား...”
“ကျွန်တော်က အန်းပေဂိုဏ်း က သူတော်စင်သားတော် ရှင်ဇိုအာဘေး ပါ... ကျေးဇူးပြုပြီး ခွင့်ပြုပေးလို့ ရမလား...”
“ကျွန်တော်က လုတုံတောင်ကြား ရဲ့ သခင်လေး ထရန်ပူ ပါ... တကယ်လို့ သင်သာ ကျွန်တော့်ကို ဝင်ခွင့်ပြုမယ်ဆိုရင် လုတုံတောင်ကြား ရဲ့ တံခါးကနေတစ်ဆင့် တာအိုမိတ်ဆွေတို့ နဲ့ မိတ်ဆွေဖွဲ့ဖို့ ဆန္ဒရှိပါတယ်...”
တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာသည်နှင့်အမျှ ထိုနေရာရှိ အခြားသော ကျင့်ကြံသူများမှာ အံ့အားသင့်နေလေ၏။
အဘယ်ကြောင့်ဆိုသော် ဤအင်အားစုများသည် အင်မော်တယ် မဟာဧကရာဇ်များ ကွပ်ကဲနေသော စွမ်းအားကြီးမားသည့် အင်အားစုများ ဖြစ်သောကြောင့်ပင်။
ဤကဲ့သို့ စွမ်းအားကြီးမားသော အင်အားစုများကို ကိုယ်စားပြုသည့် သူတော်စင်သားတော် များနှင့် သူတို့၏ အမွေဆက်ခံသူများသည် မိတ်ဆွေဖွဲ့ရန် ပြောနေကြသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့၏ နောက်ခံများကို လျှော့တွက်၍မရနိုင်ချေ။ အကယ်၍ ကျန်းထျဲသာ သူ့အတွက် ကောင်းမွန်သောအရာကို သိရှိပါက သူတို့ကို ဖြတ်သန်းခွင့်ပြုသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှင့် မိတ်ဆွေဖွဲ့ခြင်းက အဆုံးမရှိသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးမည် ဖြစ်သောကြောင့်တည်း။
ကံမကောင်းစွာဖြင့် ကျန်းထျဲသည် ရုပ်သေးရုပ် တစ်ခုသာ ဖြစ်သည်။ အကျိုးအမြတ် ဆိုသည်မှာ အဘယ်နည်း သို့မဟုတ် အင်မော်တယ် မဟာဧကရာဇ် ဆိုသည်မှာ အဘယ်နည်းကို သူ မသိရှိချေ။
ထို့ကြောင့် ကျန်းထျဲသည် ထိုသူတို့၏ စကားပြောအပြီးတွင် အလျင်အမြန် တိုက်ခိုက်လိုက်ပြီး အန်းပေဂိုဏ်း ၏ သူတော်စင်သားတော် ရှင်ဇိုအာဘေး ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်လေ၏။
ဤရုတ်တရက် အဖြစ်အပျက်က လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။ ကျန်းထျဲက ဤသို့သော လုပ်ရပ်မျိုးကို လုပ်ရဲလောက်အောင် ရဲတင်းလိမ့်မည်ဟု မည်သူကမျှ မထင်မှတ်ထားခဲ့ကြချေ။
ချက်ချင်းပင် လူတိုင်း၏ အမူအရာများသည် ပြောင်းလဲသွားပြီး ထွက်ပြေးရန် အသင့်အနေအထားဖြင့် ထိတ်လန့်တကြား လှည့်ကြည့်လိုက်ကြ၏။
ကံမကောင်းစွာဖြင့် လှုပ်ရှားလိုက်သူမှာ အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်ရှိ ရုပ်သေးရုပ် ဖြစ်သော ကျန်းထျဲ ဖြစ်နေသည်။ သူတို့၏ နောက်ကွယ်ရှိ အင်အားစုများသည် အလွန်အမင်း စွမ်းအားကြီးမားသော်လည်း ၎င်းမှာ သူတို့၏ နောက်ကွယ်ရှိ အင်အားစုများသာ ဖြစ်သည်။ သူတို့ကိုယ်တိုင် စွမ်းအားကြီးမားခြင်း မဟုတ်ပေ။
ထို့ကြောင့် ကျန်းထျဲသည် သူ့ရှေ့သို့ လူတစ်ယောက် တိုးဝင်လာသည်နှင့် သူ၏ လက်သီးတစ်ချက်တည်းဖြင့် ချက်ချင်း သတ်ဖြတ်လိုက်လေ၏။
လူအများအပြားက သနားညှာတာရန်ပင် တောင်းပန်ခဲ့ကြသော်လည်း မည်သူကမျှ ကျန်းထျဲ၏ လက်သီးမှ မလွတ်မြောက်နိုင်ခဲ့ချေ။ မကြာမီ နှစ်မိနစ်ခွဲကြာ လူသတ်ပွဲကြီး အပြီးတွင် အစောပိုင်းက စကားပြောခဲ့သော သူတော်စင်တိုင်းကို ကျန်းထျဲက သတ်ဖြတ်ပစ်လိုက်ပြီး သူတို့၏ သိုလှောင်လက်စွပ် များကို သိမ်းယူလိုက်သည်။
စကားမပြောရသေးသော ကျန်သူများမှာ ချီ အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်နေသော ကျန်းထျဲကို မြင်ပြီးနောက် အလွန်အမင်း ထိတ်လန့်သွားကြသဖြင့် စကားတစ်ခွန်းမှ မပြောရဲတော့ဘဲ လှည့်၍ ထွက်ပြေးသွားကြလေ၏။
ကျန်းထျဲသည် ဝူလီထံသို့ ပြန်သွားကာ သိုလှောင်လက်စွပ်များကို နာခံမှုရှိစွာ လွှဲပြောင်းပေးလိုက်၏။
ကျန်းထျဲ၏ လက်ထဲရှိ သိုလှောင်လက်စွပ် တစ်ရာနီးပါးကို မြင်ပြီး ဝူလီတစ်ယောကခ နက်နက်နဲနဲ စဉ်းစားလိုက်သည်။ လူသတ်ပြီး လုယက်ခြင်းဖြင့် သူသည် မြန်မြန် ချမ်းသာလာနိုင်မည်ဟုပင် စတင် တွေးမိလာပြန်ပြီ။
အဆုံးမဲ့ မိုးကြိုးများဖြင့် သန့်စင်ခံရပြီးနောက် ရွှေရောင်မိုးကြိုးသစ်ပင် ၏ အငွေ့အသက် သည် ပိုပို၍ ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ နောက်ဆုံးတွင် မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ မပိတ်မီ နှစ်ရက်အလိုတွင် ရွှေရောင်မိုးကြိုးသစ်ပင် သည် အဆင့်ခုနစ်သို့ တက်လှမ်းသွားခဲ့သည်။
ထို့အပြင် သစ်ပင်တစ်ပင်တည်း မဟုတ်ဘဲ သစ်ပင်တစ်သောင်းလုံး အဆင့်ခုနစ်သို့ တက်လှမ်းသွားခဲ့ခြင်းဖြစ်သည်။ အနည်းငယ်မျှသော ရွှေရောင်မိုးကြိုးသစ်ပင် များသာ မိုးကြိုးကပ်ဘေးတွင် အသက်မရှင်နိုင်ဘဲ အမှုန့်ကြိတ်ခံခဲ့ရသည်။
“နှစ်ရက်ပဲ ကျန်တော့တယ်... တာအိုမိတ်ဆွေ ဖြစ်ပါ့မလား...”
“လောလောဆယ် ရွှေရောင်မိုးကြိုးသစ်ပင် တွေကို ဒီကနေ အရင်ထုတ်လိုက်ရအောင်...”
ဝူလီသည် ထိုသို့ ပြောဆိုပြီးနောက် ရွှေရောင်မိုးကြိုးသစ်ပင် တောအုပ်ဆီသို့ ပျံသန်းသွားလေ၏။ နောက်တစ်စက္ကန့်တွင် ဝူလီသည် သိုလှောင်လက်စွပ် ကို အသက်သွင်းရန် လက်သင်္ကေတ တစ်ခုကို ပြုလုပ်လိုက်သည်နှင့် အလွန် ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူအားတစ်ခုကို ထွက်ပေါ်လာလေ၏။
ဤသည်ကို မြင်လိုက်ရချိန်တွင် နန်ကုန်းဝမ် သည် ချက်ချင်း နားလည်သွားပြီး သူမ၏ ဓားကို ဝှေ့ယမ်းလိုက်ရာ ခုတ်ချက်တစ်ခုစီတိုင်းက ရွှေရောင်မိုးကြိုးသစ်ပင် တစ်ပင်တိုင်းကို ဖြတ်တောက်သွားလေ၏။
ဖြတ်တောက်ပြီးသည်နှင့် တစ်ပြိုက်နက် ၊ ရွှေရောင်မိုးကြိုးသစ်ပင် သည် ဝူလီ၏ သိုလှောင်လက်စွပ် ထဲသို့ စုပ်ယူခံလိုက်ရလေသည်။
သူတို့၏ အချိတ်အဆက်မိသော ပူးပေါင်းဆောင်ရွက်မှုဖြင့် သူတို့နှစ်ဦးသည် နှစ်ရက်အတွင်း ရွှေရောင်မိုးကြိုးသစ်ပင် သောင်းချီကို သိုလှောင်လက်စွပ် ထဲသို့ စုဆောင်းနိုင်ခဲ့ကြသည်။
တစ်ချိန်က စိမ်းလန်းစိုပြေခဲ့သော တောင်တန်းများသည် နှစ်ရက်အတွင်း၌ပင် တူးဆွထားသော မြေကွက်လပ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဝူလီ သည် ရွှေရောင်မိုးကြိုးသစ်ပင်များကို သိုလှောင်လက်စွပ် ထဲသို့ ထည့်ပြီးသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ ၏ ဟင်းလင်းပြင်နယ်ပယ် မှ ခပ်သဲ့သဲ့ တွန်းကန်အားတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ငါတို့ အပြင်ရောက်မှ ပစ္စည်းတွေကို ခွဲဝေတဲ့အကြောင်း ပြောကြတာပေါ့...”
ဝူလီသည် နန်ကုန်းဝမ်အား ထိုသို့ပြောပြီးပြီးချင်း ၊ အဖြူရောင် အလင်းတန်း တစ်ခုက သူတို့နှစ်ဦးကို ဖုံးလွှမ်းသွားကာ မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ မှ နေရာရွှေ့ပြောင်းပေးခံလိုက် ရလေတော့သည်။
အခန်း (၂၅၆) - ပထမဆုံးအနေဖြင့် အရှုံးပေးလိုက်ခြင်း
တစ်ချိန်တည်းမှာပင် မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ ၏ အပြင်ဘက်တွင် အင်အားစု အသီးသီးမှ အကြီးအကဲများသည် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ကြသည်။
နတ်အလင်းတန်းများက မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ ၏ ဟင်းလင်းပြင်တံခါး မှ ပျံသန်းထွက်လာသည်နှင့်အမျှ ၊ ယခင်က မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ခဲ့သော အင်မော်တယ် များသည်လည်း လျှို့ဝှက်နယ်မြေ မှ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြလေ၏။
ဝူလီနှင့် နန်ကုန်းဝမ်တို့ ပေါ်လာပြီးနောက် သူတို့သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ကြသည်။ မကြာမီ ထိုနေရာရှိ အခြားအင်အားစုများသည် သူတို့၏ ကိုယ်ပိုင် အင်အားစုမှ တပည့် များ မပေါ်လာသေးကြောင်းကို သိရှိသွားကြမည်ဖြစ်ကာ သူတို့ကို သေချာပေါက် လိုက်ရှာကြပေတော့မည်။
သူတို့အတွက် လက်ရှိ အရေးကြီးဆုံး တာဝန်မှာ ဤနေရာမှ အရင်ဆုံး ထွက်ခွာသွားရန်ပင်။ အထူးသဖြင့် ဝမ်လဲ့ဂိုဏ်း ပင်ဖြစ်သည်။ ဝမ်လဲ့ဂိုဏ်း ကို ရင်ဆိုင်ရန် သူတို့တွင် အင်အား မရှိသေးချေ။
ထိုအတွေးဖြင့် ဝူလီသည် နန်ကုန်းဝမ်နှင့်အတူ လူအုပ်ထဲတွင် အလျင်အမြန် ပျောက်ကွယ်သွားလေ၏။
ထိုအချိန်တွင် ဝမ်လဲ့ဂိုဏ်း ၏ အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့်ရှိ အကြီးအကဲ ၏ အမူအရာမှာ လေးနက်နေပြီး အနည်းငယ် အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်၏။
“ထူးဆန်းတယ်... သူတော်စင်သားတော် က ဘယ်မှာလဲ... အခြေအနေအရ ကြည့်ရင် သူတော်စင်သားတော် က မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ ကနေ ထွက်လာတဲ့ အချိန်မှာ အင်မော်တယ်ဘုရင် အဆင့်ကို ချိုးဖောက်ဝင်ရောက်ပြီးနေလောက်ပြီ... သူ ဘာလို့ ထွက်မလာသေးတာလဲ...”
“အဘိုးကြီးရွှီ... မင်းတို့ရဲ့ ဝမ်လဲ့ဂိုဏ်း လည်း အဲဒီလိုပဲလား... ငါ့ရဲ့ အန်းပေဂိုဏ်း က သူတော်စင်သားတော် ပဲ ထွက်မလာသေးတာလို့ ငါ ထင်နေတာ...”
ထိုအချိန်တွင် အန်းပေဂိုဏ်း ၏ အကြီးအကဲ လည်း ရှေ့ထွက်လာပြီး သူ၏ အမူအရာတွင် စပ်စုချင်စိတ် အနည်းငယ် ပေါ်လာခဲ့၏။
သို့သော် သူတို့ မတုံ့ပြန်နိုင်မီ ၊ ပတ်ဝန်းကျင်ရှိ ဩဇာလွှမ်းမိုးမှုရှိသော အခြားအကြီးအကဲများကလည်း စကားပြောလာကြ၏။
“ထူးဆန်းတယ်... ဘာလို့ ငါ့ရဲ့ သူတော်စင်သားတော် မထွက်လာသေးတာလဲ...”
“လူကြီးမင်းတို့... ငှက်တစ်ထောင်ဂိုဏ်း က သူတော်စင်သားတော် ဝူယွီ ကိုများ မြင်မိသေးလား... မြင်ရင် ကျေးဇူးပြုပြီး ကျွန်တော့်ကို အသိပေးပါဦး...”
ထိုအချိန်မှသာလျှင် ဝမ်လဲ့ဂိုဏ်း ၏ အကြီးအကဲ နှင့် အခြားသူများသည် တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက်သွားကြပြီး သူတို့၏ အမူအရာများမှာ ကြည့်ရဆိုးသွားသည်။
ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်သည် မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ ၏ အထက် ကောင်းကင်ယံ၌ ပေါ်လာပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
“ငါ့သားကို ဘယ်သူက လက်ဖျားနဲ့တောင် ထိရဲတာလဲ... သေချင်နေတာပဲ...”
၎င်းမှာ အခြားမဟုတ်ဘဲ သူတော်စင်သားတော် ဝမ်ထျန်းရန်၏ ဖခင်ဖြစ်သော ဝမ်လဲ့ဂိုဏ်း ၏ ဂိုဏ်းချုပ် ဝမ် ပင်ဖြစ်သည်။
ဤသည်ကို မြင်လိုက်ရချိန်တွင် ဝမ်လဲ့ဂိုဏ်း မှ အကြီးအကဲ ၏ မျက်နှာပေါ်၌ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူသည် ဂိုဏ်းချုပ် ဝမ် ထံသို့ အလျင်အမြန် သွားကာ ခေါင်းငုံ့ပြီး ပြောဆိုလိုက်၏။
“ဂိုဏ်းချုပ်...”
“သူတော်စင်သားတော် ကို ဘယ်သူက တိုက်ခိုက်တာလဲ... “
“သူတော်စင်သားတော် ရဲ့ ဝိညာဉ် မီးအိမ် ငြိမ်းသွားပြီ...”
ဂိုဏ်းချုပ် ဝမ် သည် အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့်ရှိ အကြီးအကဲကို ဒေါတသကြီး ကြည့်လိုက်သည်။
အကြီးအကဲ က အလျင်အမြန် ပြောဆိုလိုက်သည်။
“ဂိုဏ်းချုပ်... တကယ်လို့ သူတော်စင်သားတော်သာ ဘေးဒုက္ခနဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုရင် အဲဒါက မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ ထဲမှာ ဖြစ်ခဲ့တာပဲ ဖြစ်နိုင်တယ် ... ပြီးတော့ ကျွန်တော်တို့ ဝမ်လဲ့ဂိုဏ်း ရဲ့ တပည့် တွေလည်း ဒီလောက်ကြာတဲ့အထိ ထွက်မလာသေးဘူးဆိုတော့ သူတို့အားလုံးလည်း ဘေးဒုက္ခနဲ့ ကြုံတွေ့ခဲ့ရတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ...”
“ဟမ်... ဒီနေ့ မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ ထဲ ဝင်တဲ့သူ ဘယ်သူမှ ထွက်သွားခွင့် မရှိဘူး... ငါ့သားကို သတ်တဲ့ လူသတ်သမားကို ရှာတွေ့တာနဲ့ မင်းတို့ကို ထွက်သွားခွင့် ပြုမယ်... စိတ်မပူပါနဲ့... ငါ အဆင်အခြင်မဲ့ ဘာမှလုပ်မှာ မဟုတ်ဘူး... မင်းတို့ ပူးပေါင်းကူညီသရွေ့ မင်းတို့ တစ်ယောက်ချင်းစီကို အဆင့်မြင့် အင်မော်တယ် ဝိညာဉ်ကျောက်တုံး တစ်ခုစီ ပေးဖို့ ငါ ဆန္ဒရှိတယ်...”
ဂိုဏ်းချုပ် ဝမ် သည် အခြားသူများကို အနိုင်ကျင့်တတ်သူ မဟုတ်သဖြင့် သူ၏ စကားကို ကြားပြီးနောက် ထိုနေရာရှိ အင်မော်တယ် များသည် ကြည့်ရဆိုးသော အမူအရာများဖြင့် ရှိနေသော်လည်း ဘာမှထပ်မပြောတော့ချေ။
မည်သို့ပင်ဖြစ်စေ ဝမ်လဲ့ဂိုဏ်း သည် သူတို့ ရန်မစရဲသော အင်အားစုတစ်ခုဖြစ်ပြီး အဆင့်မြင့် အင်မော်တယ် ဝိညာဉ်ကျောက်တုံး တစ်ခုကို ရရှိခြင်းက သူတို့လို လျိုထျန်းရွှေအင်မော်တယ် များအတွက် အတော်လေး ကြီးမားသော ပမာဏတစ်ခု ဖြစ်ပေသည်။
“ဒါပေမဲ့ ဂိုဏ်းချုပ်... လူတော်တော်များများက ထွက်သွားကြပြီ...”
ထိုအချိန်တွင် အကြီးအကဲ ရွှီက ပြောဆိုလိုက်၏။
ဤသည်ကို ကြားလိုက်ရချိန်တွင် ဂိုဏ်းချုပ် ဝမ် ၏ အမူအရာမှာ အလွန်ကြည့်ရဆိုးသွားပြီး၊
နောက်တစ်စက္ကန့်တွင် သူ၏ နတ်အသိစိတ်ကို ဖြန့်ကျတ်ကာ စစ်ဆေးကြည့်ရှုလိုက်သည်။
အင်မော်တယ် မဟာဧကရာဇ် အဆင့်ရှိ မှော်စွမ်းအားများဖြင့် ဤနေရာမှ ထွက်သွားသော အင်မော်တယ် များကို ရှာဖွေရန်မှာ အလွန် လွယ်ကူပေသည်။ ထို့ကြောင့် ဂိုဏ်းချုပ် ဝမ် သည် ထွက်သွားသော အင်မော်တယ် များအားလုံးကို အလျင်အမြန် ရှာတွေ့သွားပြီး အတွေးတစ်ချက်တည်းဖြင့် သူတို့ကို ဤနေရာသို့ ပြန်ခေါ်လာခဲ့သည်။
ဂိုဏ်းချုပ် ဝမ် ၏ စကားကို ကြားလိုက်ရချိန်တွင် အင်မော်တယ် များမှာ ဘာတွေဖြစ်နေမှန်း နားမလည်နိုင်ဘဲ ရှိနေပြီး၊ အနည်းငယ် မကျေမနပ် ဖြစ်မိသော်လည်း သူတို့အတွက် ကြီးမားသော ကိစ္စတစ်ခု မဟုတ်သဖြင့် ဘာမှမပြောခဲ့ကြချေ။
သို့သော် လူတိုင်းကို ပြန်ခေါ်လာပြီးနောက် ဂိုဏ်းချုပ် ဝမ် သည် တစ်ခုခုကို သတိပြုမိသွားပြီး သူ၏ အမူအရာမှာ အလွန် ကြညိ့ရဆိုးသွားသညိ။
“မကောင်းတော့ဘူး... ကွန်ယက်ထဲကနေ လွတ်သွားတဲ့ သူတချို့ ရှိနေသေးတယ်...”
ဂိုဏ်းချုပ် ဝမ် ရည်ညွှန်းသည်မှာ ဝူလီနှင့် နန်ကုန်းဝမ်တို့ပင် ဖြစ်သည်။ မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ မှ ထွက်ခွာပြီးနောက် ဝူလီနှင့် နန်ကုန်းဝမ်တို့တွင် သူတို့၏ ခြေရာလက်ရာများကို ဖျောက်ဖျက်နိုင်သည့် နည်းလမ်းများ ရှိသဖြင့် ဂိုဏ်းချုပ် ဝမ် အနေဖြင့် ကာလတိုအတွင်း သူတို့ကို ရှာဖွေရန် မဖြစ်နိုင်ပေ။
ဤသည်ကို သဘောပေါက်ပြီးနောက် ဂိုဏ်းချုပ် ဝမ် သည်ချက်ချင်း လိုက်ဖမ်းလေတော့သည်။
တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်ရှိ ဝူလီနှင့် နန်ကုန်းဝမ်တို့သည် တစ်ခုခုကို အာရုံခံမိသွားပြီး သူတို့၏ နှလုံးသားထဲ၌ လေးလံမှုကို ခံစားလိုက်ရသည်။
“မကောင်းတော့ဘူး... မင်း သတိထားမိလား...”
ဝူလီ၏ အမူအရာမှာ ကြည့်ရဆိုးနေပြီး သူ၏ဘေးတွင် ရပ်နေသော နန်ကုန်းဝမ်မှာမူ တိတ်ဆိတ်နေကာ ဤအခြေအနေအောက်တွင် အင်မော်တယ် မဟာဧကရာဇ် ၏ လက်မှ ဝူလီ မည်သို့ လွတ်မြောက်နိုင်မည်ကိုသာ သိချင်နေခဲ့၏။
အများကြီး စဉ်းစားပြီးနောက် ဝူလီသည် သက်ပြင်းချလိုက်ပြီး နန်ကုန်းဝမ်ကို ကြည့်ကာ ပြောလိုက်သည်။
“ကောင်းပြီ... ရပ်လိုက်ကြရအောင်...”
နန်ကုန်းဝမ်: ???
ဝူလီ၏ စကားကို ကြားချိန်တွင် နန်ကုန်းဝမ်၏ မျက်နှာပေါ်၌ မယုံနိုင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
မဟုတ်ဘူး... ဒီအခြေအနေမှာ သူတို့ ထွက်ပြေးဖို့ ကြိုးစားသင့်တာ မဟုတ်ဘူးလား... ဘာလို့ ရပ်လိုက်ရတာလဲ…
သို့သော် ဝူလီ၏ အမူအရာမှာ တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်ကို မြင်ပြီးနောက် နန်ကုန်းဝမ်တွင် တဖက်လူအပေါ် ယုံကြည်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။
အဘယ်ကြောင့်ဆိုသော် သူမ၏ စွမ်းအားဖြင့် သူမ တစ်ယောက်တည်း ထွက်ပြေးရန် ကြိုးစားလျှင်ပင် လွတ်မြောက်နိုင်မည် မဟုတ်သောကြောင့်ဖြစ်သည်။
သူတော်စင်သားတော် ဝမ်ထျန်းရန်ကို သတ်ခဲ့သူမှာ သူမ မဟုတိသော်လည်း၊ သို့သော် ဂိုဏ်းချုပ် ဝမ် သည် ထိုစကားကို ယုံမည်မဟုတ်ချေ။ ထို့ကြောင့် သူမသည် ဝူလီကိုသာ ယုံကြည်နိုင်တော့၏။ ဝူလီ ဤသို့လုပ်ဆောင်ရခြင်းမှာ သူ့ကိုယ်ပိုင် အကြောင်းပြချက်များ ရှိမည်မှာ သေချာပေသည်။
ဝူလီနှင့် နန်ကုန်းဝမ်တို့ ရပ်တန့်သွားပြီး စက္ကနိပိုင်းအတွင်းမှာပင် သူတို့၏ရှေ့၌ ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်းမှာ အခြားမဟုတ်ဘဲ ဤနေရာသို့ ရောက်ရှိလာသော ဂိုဏ်းချုပ် ဝမ် ပင် ဖြစ်သည်။
ဂိုဏ်းချုပ် ဝမ် ၏ မျက်နှာပေါ်၌ ဒေါသများဖြင့် ပြည့်နှက်နေခဲ့သည်။ အကြောင်းမှာ ဝူလီကို မြင်ပြီးနောက် ဝူလီထံမှ သားဖြစ်သူ၏ အငွေ့အသက် အနည်းငယ်ကို ခံစားမိလိုက်သောကြောင့် ဖြစ်သည်။ ဝူလီသည် ၎င်းကို တမင် ဖုံးကွယ်ထားသော်လည်း ဂိုဏ်းချုပ် ဝမ် သည် အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့် ဖြစ်ရာ သူ့ထံမှ လုံးလုံးလျားလျား ဖုံးကွယ်ထားရန်မှာ မဖြစ်နိုင်ချေ။
“မင်းလို ကောင်လေးကများ ငါ့သားကို လက်ဖျားနဲ့တောင် ထိရဲတယ်ပေါ့လေ... မင်းက သေချင်နေတာပဲ...”
ထိုသို့ပြောပြီးနောက် ဂိုဏ်းချုပ် ဝမ် သည် ဝူလီထံသို့ လက်ဆန့်ထုတ်လိုက်ပြီး ဘာတွေဖြစ်ခဲ့သည်ကို သိရန် သူ၏ နတ်အသိစိတ် ကို ရှာဖွေရန် ရည်ရွယ်လိုက်၏။
ထိုအချိန်တွင် အမူအရာ ပြောင်းလဲသွားခြင်း မရှိသော ဝူလီက စကားပြောလိုက်သည်။
“စီနီယာ... ကျွန်တော့်ကို လက်ဖျားနဲ့တောင် ထိရဲတယ်ဆိုရင် စီနီယာ နောင်တရလိမ့်မယ်...”
ဝူလီ၏ စကားကို ကြားချိန်တွင် ဂိုဏ်းချုပ် ဝမ်မှာ မှင်တက်သွားခဲ့သည်။ သူ သည် ဝူလီ၏ အမူအရာကို သေချာ စစ်ဆေးကြည့်ရာ အင်မော်တယ် မဟာဧကရာဇ် ကို ရင်ဆိုင်နေရသည့်တိုင် သူ သည် မည်သည့် ကြောက်ရွံ့မှုမျှ မရှိသည်ကို တွေ့ရှိလိုက်ရသည်။
ယင်းအစား သူသည် တည်ငြိမ်အေးဆေးနေ၏။ဤအခြေအနေတွင် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိပေသည်။
တစ်ခုက ဝူလီသည် အရူးတစ်ယောက်ဖြစ်ပြီး အင်မော်တယ် မဟာဧကရာဇ်မင်းတစ်ပါး၏ စွမ်းအားကို မသိရှိခြင်း ဖြစ်နိုင်ပြီး ၊ နောက်တစ်ခုက ဝူလီ၏ စွမ်းအားကြီးမားသော နောက်ခံကြောင့် ဖြစ်နိုင်ကာ ၊ ထိုအရာသည် အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့် ဖြစ်သော သူ့လိုလူကိုတောင် နှစ်ခါပြန် စဉ်းစားရမည့် အရာမျိုး ဖြစ်နိုင်သည်။
သို့သော် မကြာမီ ဂိုဏ်းချုပ် ဝမ် သည် ဆက်လက် မထိန်းချုပ်နိုင်တော့ဘဲ နီရဲနေသော မျက်လုံးများဖြင့် ဒေါသတကြီး ပြောဆိုလိုက်၏။
“မင်းရဲ့ နောက်ခံက ဘာလဲဆိုတာ ငါ ဂရုမစိုက်ဘူး... မင်းက ငါ့သားကို လက်ဖျားနဲ့တောင် ထိရဲမှတော့ သေလိုက်တော့... မဟာမြင့်မြတ်နယ်မြေငါးခု က လူတွေတောင် ငါ့မျိုးဆက်ကို မသတ်ရဲဘူး... မင်းရဲ့ ကံကြမ္မာကို လက်ခံပြီး သေလိုက်တာ ပိုကောင်းမယ်...”
ထိုသို့ပြောပြီးနောက် ဂိုဏ်းချုပ် ဝမ် သည် ဆက်လက် လှုပ်ရှားလိုက်သည်။ ဤသည်ကို မြင်ချိန်တွင် ဝူလီသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ ဘေးတွင် ရပ်နေသော နန်ကုန်းဝမ်မှာမူ ၊ ဆူးပေါ်ထိုင်နေရသကဲ့သို့ ဖြစ်နေကာ ထိနိးမနိုင်သိမ်းမရ တုန်လှုပိနေလေ၏။
“ဘိုးဘေး... ဘိုးဘေး မလှုပ်ရှားသေးဘူးလား”