အခန်း (၂၅၇-၂၅၈)
Vol. 26 Ch. 257-258
အခန်း (၂၅၇) - ဝူဟောက် လှုပ်ရှားလိုက်ခြင်း၊ ဂိုဏ်းချုပ်ဝမ် ကျဆုံးခြင်း
“ဒီကလေးကတော့... သူ့မှာ အစီအစဉ် တစ်ခုခုရှိတယ်လို့ ငါထင်နေတာ... ငါ ဒီမှာရှိနေတာကို သူ သိလိမ့်မယ်လို့ မထင်ထားဘူး... ထားလိုက်ပါတော့... သူက ငါ့ရဲ့မြစ်ပဲလေ... ဒီဂိုဏ်းချုပ်ဝမ်ကလည်း တကယ်ကို မာနကြီးလွန်းနေတာပဲ...”
ဝူလီ ထင်သည့်အတိုင်းပင် ဝူဟောက်သည် မှောင်ရိပ်ထဲမှနေ၍ ဤမြင်ကွင်းကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပေသည်။
ဝူလီ၏ စကားကို ကြားပြီးနောက် ဝူဟောက်သည် သက်ပြင်းတစ်ချက် ချလိုက်သော်လည်း နောက်ဆုံးတွင်မူ ဝင်ရောက်ကူညီရန် ဆုံးဖြတ်လိုက်လေ၏။
သို့သော် ဂိုဏ်းချုပ်ဝမ်သည် ဝူလီ၏ စကားကြောင့် ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်ရန်သာ ရွေးချယ်ခဲ့သည်။ သူ၏အမြင်တွင် ဝူလီကို ဖမ်းဆီးနိုင်ပြီး သားဖြစ်သူအတွက် လက်စားချေနိုင်သရွေ့ မည်သည့်ပေးဆပ်မှုကိုမဆို သူ လက်ခံနိုင်ပေသည်။
ထို့အပြင် ဝမ်ထျန်းရန်သည် သူ၏ တစ်ဦးတည်းသောသား ဖြစ်ပြီး အသက်တစ်သန်းနှင့်ပင် လျိုထျနိးရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် သို့ ရောက်အောင် ကျင့်ကြံ နိုင်ခဲ့သူဖြစ်သည်။
အကယ်၍ မျှော်လင့်မထားသော ကိစ္စများ မဖြစ်ခဲ့ပါက ၊ သူသည် ဂိုဏ်းချုပ်ဝမ်ကဲ့သို့ပင် အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့် အထိ တက်လှမ်းနိုင်မည် ဖြစ်ပေသည်။
ထိုအချိန်ကျလျှင် ဝမ်လဲ့ဂိုဏ်း၌ အင်မော်တယ် မဟာဧကရာဇ် နှစ်ပါး ရှိလာမည်ဖြစ်ပြီး အထက်ကမ္ဘာ တွင် သူတို့၏ အဆင့်အတန်းမှာ အမြင့်ဆုံးသို့ ရောက်ရှိသွားပေလိမ့်မည်။
သို့သော် ယခုမူ ထိုအိပ်မက်မှာ ဝူလီကြောင့် ပျက်စီးသွားခဲ့ရပြီဖြစ်ရာ သူ မည်သို့ ဒေါသ မထွက်ဘဲ နေနိုင်မည်နည်း။
မကြာမီ ဂိုဏ်းချုပ်ဝမ်၏ စွမ်းအားများသည် ဝူလီအပေါ်သို့ သက်ရောက်တော့မည့် အချိန်တွင် ဝူလီ၏ မျက်နှာပေါ်၌ တင်းမာသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။
အမှန်စင်စစ် သူသည် ဘိုးဘေး ဖြစ်သူမှာ ဤနေရာတွင် ဖြစ်ပျက်သမျှ အရာအားလုံးကို စောင့်ကြည့်နေလိမ့်မည်ဟု လောင်းကြေးထပ်ထားခြင်းသာ ဖြစ်ပေသည်။
အကယ်၍ ဘိုးဘေးသာ မရှိပါက ၊ သူသည် အမှန်တကယ်ပင် သေဆုံးသွားရပေလိမ့်မည်။ ကံကောင်းထောက်မစွာပင် ဤအရေးကြီးသော အခိုက်အတန့်၌ ဝူဟောက် ပေါ်လာခဲ့၏။
နောက်တစ်စက္ကန့်တွင် ဝူဟောက်သည် ဂိုဏ်းချုပ်ဝမ်၏ ရှေ့တည့်တည့်၌ ထွက်ပေါ်လာပြီး ဂိုဏ်းချုပ်ဝမ် မတုံ့ပြန်နိုင်မီမှာပင် ၊ ဝူဟောက်သည် သူ၏လက်ဝါးတစ်ချက်ဖြင့် ဖြည်းညင်းစွာ ရိုက်ချလိုက်သည်။
“ထွက်သွားစမ်း... ငါ့ရဲ့မျိုးဆက်ကို မင်းက ဘယ်လိုတောင် အနိုင်ကျင့်ရဲတာလဲ...”
ဂိုဏ်းချုပ်ဝမ်မှာမူ မတုံ့ပြန်နိုင်မီမှာပင် ဝူဟောက်၏ လက်ဝါးရိုက်ချက်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။ သူသည် ထိတ်လန့်တကြားဖြင့် ဝူဟောက်ကို ကြည့်ကာ ဝူဟောက်နှင့် ရင်ပေါင်တန်းနိုင်မည့် စွမ်းအားကြီးသူတစ်ဦးကို သူ၏စိတ်ထဲ၌ လိုက်လံရှာဖွေနေမိ၏။
သို့သော် မည်သို့ပင်ရှာသော်လည်း ရှာမတွေ့ခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ၊ အထက်ကမ္ဘာ တစ်ခုလုံးတွင်ပင် သူ့ကို ဤမျှလွယ်ကူစွာ ဒဏ်ရာရအောင် လုပ်နိုင်မည့်သူကို မဟာမြင့်မြတ်အရှင်သခင် ငါးပါး ထဲတွင်ပင် ရှာတွေ့ရန် ခဲယဉ်းပေလိမ့်မည်။
“စီနီယာ... စီနီယာ့ရဲ့ မျိုးဆက်က ကျွန်တော့်သားကို အရင်တိုက်ခိုက်ခဲ့တာပါ... ကျွန်တော်က ရှင်းပြချက်တစ်ခုပဲ လိုချင်တာပါ... စီနီယာ့ရဲ့ လုပ်ရပ်က အရမ်းကို အနိုင်ကျင့်လွန်းရာ ရောက်နေတယ်... ဒီလိုအပြုအမူမျိုးက မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ တွေနဲ့ ဘာများ ခြားနားလို့လဲ...”
ဂိုဏ်းချုပ်ဝမ်က အလွန် ကြည့်ရဆိုးသော အမူအရာဖြင့် ပြောဆိုလိုက်ပြီး ဝူဟောက်ကို မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ တစ်ဦးအဖြစ် ပုံဖော်ရန် ကြိုးစားလိုက်၏။
သို့သော် ဝူဟောက်က ဂိုဏ်းချုပ်ဝမ်၏ စကားကို လုံးလုံးလျားလျား လျစ်လျူရှုကာ ဝူလီဘက်သို့ လှည့်၍ အေးစက်စွာ နှာမှုတ်ရင်း ပြောဆိုလိုက်သည်။
“ငါ မင်းကို သိုသိုသိပ်သိပ်နေဖို့ မပြောထားဘူးလား... ဒါကို မင်းက သိုသိုသိပ်သိပ်နေတယ်လို့ ခေါ်တာလား...”
အကယ်၍ သူသာ မရှိပါက ဝူလီသည် ယခုတစ်ကြိမ်တွင် သေဆုံးသွားရပေလိမ့်မည်။ ထို့အပြင် သူသည် ရွှေအင်မော်တယ် ကနဦးအဆင့်ဖြင့် အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့် ကိုပင် ရန်စတတ်နေပြီဖြစ်သည်။
အကယ်၍ သူသာ လျိုထျန်းရွှေအင်မော်တယ်၊ အင်မော်တယ်ဘုရင် သို့မဟုတ် အင်မော်တယ် ဧကရာဇ် အဆင့်အထိ ကျင့်ကြံ ရောက်ရှိသွားပါက သူသည် မည်ကဲ့သို့သော အရာများကို ရန်စလာလိမ့်မည်နည်း။
ဘိုးဘေးဖြစ်သူ၏ စကားကို ကြားလိုက်ရချိန်တွင် ဝူလီသည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်ကာ ပြန်ပြောလိုက်၏။
“ဟီးဟီး... ဘိုးဘေးကလည်း….. သူက ကျွန်တော့်ကို အရင်ရန်စလာတာလေ... ပြီးတော့ ကျွန်တော်က အရင်တွေ့တာကို သူက အတင်းလာလုတာ... ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရုံသက်သက်ပါ...”
ဘေးတွင် ရပ်နေသော နန်ကုန်းဝမ်သည် ဝူဟောက် ပေါ်လာသည်ကို မြင်မှသာ နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့သည်။ သို့သော် အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ဝူဟောက်သည် သူမကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ သူမ ခံစားလိုက်ရ၏။
သို့သော် အထက်ကမ္ဘာ တစ်ခုလုံးတွင် ကံကြမ္မာ မျက်လုံး နှင့် ပတ်သက်သော မှတ်တမ်းမရှိကြောင်း သူမ သိထားသည်။ အကယ်၍ ဝူဟောက်သာ သူမမျက်လုံးများ၏ ဇာစ်မြစ်ကို သိသွားပါက သူမအပေါ် မည်သို့ပြုမူမည်နည်း။
ဤသည်ကို တွေးမိရင်း နန်ကုန်းဝမ်မှာ ကျောချမ်းသွားသော်လည်း ဝူဟောက်ကမူ သူမ၏ အတွေးများကို လုံးလုံးလျားလျား လျစ်လျူရှုထားခဲ့သည်။ သူ၏ အမြင်တွင် နန်ကုန်းဝမ်သည် သာမန်မျှသာဖြစ်ပြီး ကံကြမ္မာ မျက်လုံး ကို အသုံးပြု၍ သူမ၏ ကံကြမ္မာ ကို မြှင့်တင်ကာ အရှိန်မြှင့်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။
သို့သော် နှောင်းပိုင်းအဆင့် တွင် ကံကြမ္မာ ၏ အကျိုးသက်ရောက်မှုမှာ အလွန်သေးငယ်ပြီး ၊ ကျင့်ကြံသူ ကိုယ်တိုင်အပေါ်တွင်သာ မူတည်ပေသည်။
ဘိုးဘေးဖြစ်သူက သူ့ဘက်တွင် ရှိနေသည်ကို မြင်လိုက်ရချိန်တွင် ဝူလီသည် ရုတ်တရက် ပြန်လည် အားတက်လာပြီး ဂိုဏ်းချုပ်ဝမ်ကို လှောင်ပြုံးအကြည့်ဖြင် ကြည့်ကာ ပြောဆိုလိုက်၏။
“ဟေး... ကျွန်တော် ခင်ဗျားကို ပြောသားပဲ... ခင်ဗျားသားကို သတ်ဖို့ ကျွန်တော့်မှာ ရည်ရွယ်ချက် မရှိဘူး... ခင်ဗျားသားကပဲ အရမ်း ရန်လိုနေတာ... ကျွန်တော်က အကျိုးသင့်အကြောင်းသင့် ပြောဖို့ ကြိုးစားပေမယ့် သူက အရင်တိုက်ခိုက်တာလေ... အဲဒါကို ကျွန်တော့်ကိုပဲ ဘာလို့ အပြစ်တင်နေတာလဲ...”
ယခုအချိန်တွင် ဂိုဏ်းချုပ်ဝမ်၏ အမူအရာမှာ အလွန်ရုပ်ဆိုးနေသော်လည်း ၊ သူ့ရှေ့တွင် ရှိနေသော ဝူဟောက်ကြောင့် ဘာမှမပြောရဲဘဲ အံကြိတ်ကာ ပြောဆိုလိုက်ရုံသာ တတ်နိုင်တော့သည်။
“မင်းပြောတာ မှန်ပါတယ်... ငါ့သားကပဲ မင်းကို ပြဿနာရှာခဲ့တာပါ... ငါ့သားကိုယ်စား ငါ ဒီမှာ တောင်းပန်ပါတယ်... ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ကြရအောင်...”
ဂိုဏ်းချုပ်ဝမ်သည် မတ်တပ်ရပ်ကာ ဝူလီကို တောင်းပန်စကား ဆိုလိုက်ပြီးနောက် ဝူဟောက်ကို အလွန် နှိမ့်ချသော လေသံဖြင့် ပြောဆိုလိုက်၏။
“စီနီယာ... ကျွန်တော် အခြေအနေကို သေချာ နားမလည်ဘဲ လုပ်ဆောင်မိသွားပါတယ်... ကျွန်တော် တောင်းပန်ပါတယ်၊ စီနီယာ့ကိုလည်း လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်... စီနီယာ့အနေနဲ့ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးပါဦး...”
ယနေ့ အခြေအနေကို သူ သေချာ မကိုင်တွယ်နိုင်ပါက သူနှင့် ဝမ်လဲ့ဂိုဏ်း တစ်ခုလုံး ဆိုးရွားသော ကံကြမ္မာနှင့် ရင်ဆိုင်ရမည်ကို ဂိုဏ်းချုပ်ဝမ် သိရှိသွားခဲ့ပြီ ဖြစ်သည်။
ဝူဟောက်၏ နယ်ပယ် အတိအကျကို သူ မသိနိုင်သော်လည်း ၊ သူ့ကို ဤမျှ အလွယ်တကူ ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်နိုင်သည်ကို ကြည့်ခြင်းအားဖြင့် ဝူဟောက်၏ နယ်ပယ် မှာ အနည်းဆုံး အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ဖြစ်နိုင်ပေသည်။
ယခု လက်ရှိ အထက်ကမ္ဘာ တွင် အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် မရှိကြောင်းကို သင် သိထားရမည်။
အကယ်၍ ဝူဟောက်သာ ဒေါသထွက်လာပါက မဟာမြင့်မြတ်နယ်မြေငါးခု ပင်လျှင် သူ့အတွက် ရပ်တည်ပေးရဲမည် မဟုတ်ချေ။
ဤသည်ကို ကြားချိန်တွင် ဝူဟောက် က နှာမှုတ်လိုက်ပြီး ပြောဆိုလိုက်၏။
“မင်း အခြေအနေကို နားမလည်ခဲ့ဘူး ဟုတ်လား... ငါ လောင်းရဲတယ်... မင်း အခြေအနေကို နားလည်ရင်တောင်မှ မင်း က တိုက်ခိုက်ဖို့ပဲ ရွေးချယ်မှာပဲ...”
ဂိုဏ်းချုပ်ဝမ်သည် သူ၏မျက်လုံးထဲမှ အမုန်းတရားများကို ကောင်းစွာ ဖုံးကွယ်ထားနိုင်သည်ဟု ယုံကြည်နေသော်လည်း ၊ ဝူဟောက်၏ ရှေ့တွင်မူ ဖွင့်ဟထားသကဲ့သို့ ထင်ရှားနေပေသည်။
ဤကဲ့သို့သော လူမျိုးကို ပြတ်ပြတ်သားသား မကိုင်တွယ်ပါက သူသည် မှောင်ရိပ်ထဲတွင် ပုန်းအောင်းနေပြီး အခွင့်ကောင်းရသည်နှင့် အနောက်မှ ဓားဖြင့် ထိုးမည့်သူမျိုး ဖြစ်ပေသည်။
ထို့ကြောင့် ဝူဟောက်သည် အစကတည်းက ဂိုဏ်းချုပ်ဝမ်ကို အသက်ရှင်လျက် ထားရန် ရည်ရွယ်ချက် မရှိပေ။ ဝူဟောက်၏ စကားကို ကြားလိုက်ရချိန်တွင် ဂိုဏ်းချုပ်ဝမ် မှာ အလွန်အမင်း ထိတ်လန့်သွားပြီး အလျင်အမြန် ပြောဆိုလိုက်၏။
“စီနီယာ... ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲ... လူတိုင်း သိကြတဲ့အတိုင်း ဝမ်လဲ့ဂိုဏ်း ဟာ အရမ်းကို အကျိုးအကြောင်းသင့်တဲ့ အင်အားစု တစ်ခုပါ... တကယ်လို့ ဝမ်လဲ့ဂိုဏ်း ရဲ့ အမှားသာဆိုရင် ကျွန်တော့်ဘက်က ဒီကိစ္စကို ဘယ်တော့မှ ဆက်ပြီး မေးမြန်းမှာ မဟုတ်ပါဘူး...”
“ဟမ်… ငါ့ရဲ့ မျိုးဆက်ကို မင်းက လက်ဖျားနဲ့တောင် ထိရဲမှတော့ အသတ်ခံရဖို့သာ ပြင်ထားတော့... သွားပေဦးတော့...”
ဝူဟောက် သည် အေးစက်စွာ နှာမှုတ်လိုက်၏။ ဂိုဏ်းချုပ်ဝမ်သည် တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း အာရုံခံမိသော်လည်း ဝူဟောက်ကို သူ မည်သို့ ပြန်လည် တိုက်ခိုက်နိုင်မည်နည်း။
ခဏချင်းမှာပင် သူ၏ရှေ့၌ ဝူဟောက်၏ လက်ဝါးသည် အတိုင်းအဆမရှိ ကြီးမားလာသည်ကို မြင်တွေ့လိုက်ရပြီးနောက် သူ၏ အသိစိတ်မှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားလေတော့သည်။
ဝူဟောက်သည် အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့် တစ်ဦးကို ဤမျှ သန့်သန့်ရှင်းရှင်းနှင့် ပြတ်ပြတ်သားသား သတ်ဖြတ်လိုက်သည်ကို မြင်တွေ့လိုက်ရချိန်တွင် ဝူလီနှင့် နန်ကုန်းဝမ်တို့မှာ အလွန်အမင်း ထိတ်လန့်သွားကြသည်။
ဘိုးဘေးဖြစ်သူသည် အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့် ထက် ပိုမို သန်မာကြောင်း ဝူလီ အစကတည်းက သိထားသဖြင့် ယခု ဖြစ်ရပ်အပေါ် သူ လက်ခံနိုင်ပေသည်။
သို့သော် နန်ကုန်းဝမ်သည် ဝူဟောက်ကို အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့် ဟုသာ ထင်မှတ်ထားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လက်ရှိ အထက်ကမ္ဘာ တွင် အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် မရှိသောကြောင့် ဖြစ်သည်။
သို့သော် လက်ရှိ အခြေအနေအရ ကြည့်လျှင် ဝူဟောက်သည် အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့် မဟုတ်ဘဲ အင်မော်တယ် ဧကရာဇ် အထွတ်အထိပ်အဆင့်တွင် ရှိနေကြောငိး ထင်ရှားပေသည်။
အကယ်၍ ဝူဟောက်သာ အမှန်တကယ်ပင် အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ဖြစ်နေပါက ၊ လက်ရှိ အထက်ကမ္ဘာ သည် အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ရှိ စွမ်းအားရှင်များကို မွေးထုတ်ပေးနိုင်ပြီဟု ဆိုလိုခြင်း မဟုတ်လော။
အခန်း (၂၅၈) - သိုသိုသိပ်သိပ်နေခြင်း ဆိုသည်မှာ ထိပ်တန်းအင်အားစုတစ်ခုကို ဖျက်ဆီးရန် မဟုတ်
“ကောင်းပြီ… ဒီတစ်ခါတော့ ဘိုးဘေး က မင်းဘက်ကနေ ရပ်တည်ပေးလိုက်မယ်… ဒါပေမဲ့ နောက်တစ်ခါကျရင်ကော… ဘိုးဘေး က ဒီမှာ ဘာတွေဖြစ်နေလဲဆိုတာကို အမြဲတမ်း သိနေမှာ မဟုတ်ဘူး (သိနေတာပါပဲလေ)… ဒါကြောင့် နောက်တစ်ခါကျရင် တစ်ခုခု မလုပ်ခင် နှစ်ခါပြန်စဉ်းစားပါ၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့… နားလည်လား…”
ဝူဟောက်သည် ဝူလီဘက်သို့ လှည့်ကာ အလွန်တည်ကြည်လေးနက်သော လေသံဖြင့် ပြောဆိုလိုက်သည်။ ခုနလေးတင် သူ အမှုန့်ကြိတ်သတ်လိုက်သော ဂိုဏ်းချုပ်ဝမ်မှာ သူ၏အမြင်တွင် ဘာမှမဟုတ်သည့်အလားပင်။
နန်ကုန်းဝမ်သည် ဤမြင်ကွင်းကို ကြည့်ကာ မှင်တက်နေပြီး သူမ၏ ရွေးချယ်မှုအတွက် အလွန်အမင်း ကံကောင်းသည်ဟု ခံစားနေရသည်။ ယခုတစ်ကြိမ်တွင် သူမသည် သေချာပေါက် အမြင့်ဆုံးနေရာသို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။
ထို့နောက် တစ်ခုခုကို သတိရသွားသည့်အလား နန်ကုန်းဝမ်မှာ သိချင်စိတ်များ ဖြစ်ပေါ်လာပြီး ၊ သူမ၏ ကံကြမ္မာ မျက်လုံး ကို အသုံးပြုကာ ဝူဟောက်၏ ကံကြမ္မာ ကို စစ်ဆေးရန် ကြိုးစားလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် နန်ကုန်းဝမ် မှာ နေရာမှာတင် အေးခဲသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဝူဟောက်ထံတွင် မည်သည့် ကံကြမ္မာ ကိုမျှ သူမ လုံးလုံးလျားလျား မမြင်တွေ့ရသောကြောင့် ဖြစ်သည်။ မှန်၏။ အနည်းငယ်မျှပင် မမြင်ရခြင်း ဖြစ်ပေသည်။
“စီနီယာ့ရဲ့ ကြောက်မက်ဖွယ်ကောင်းမှုက ငါ နားမလည်နိုင်တဲ့ အဆင့်အထိ ရောက်နေတာလား…”
နန်ကုန်းဝမ် မှာ အလွန်အမင်း တုန်လှုပ်သွားသည်။
သူမ ကံကြမ္မာ မျက်လုံး ကို စတင်အသုံးပြုခဲ့ကတည်းက ဖောက်ထွင်းမမြင်နိုင်သော အခြေအနေမျိုး တစ်ခါမှ မကြုံတွေ့ခဲ့ဖူးချေ။ အင်မော်တယ် မဟာဧကရာဇ် တစ်ဦး၏ ကံကြမ္မာ ကိုပင် သူမ မြင်တွေ့နိုင်ခဲ့သည်။ အင်မော်တယ် မဟာဧကရာဇ် တစ်ဦး ဖြစ်လာရန်အတွက် ကံကြမ္မာ သည် အနည်းဆုံး ခရမ်းရောင်အဆင့်တွင် ရှိရမည်ဖြစ်သည်။
ထို့ကြောင့် ဝူဟောက်၏ ကံကြမ္မာကို မမြင်ရမီတွင် နန်ကုန်းဝမ်က ဝူဟောက်သည် အလွန်အမင်း အစွမ်းထက်လွန်းလှသဖြင့် သူမ၏ ကံကြမ္မာမျက်လုံး ဖြင့်ပင် ဖောက်ထွင်းမမြင်နိုင်ခြင်း ဖြစ်လိမ့်မည်ဟု မသိစိတ်က ထင်မှတ်ခဲ့ခြင်းဖြစ်သည်။ အကြောင်းမှာ သေခါနီးလူတစ်ဦး၏ ကံကြမ္မာကိုပင် အနက်ရောင်အဖြစ် မြင်တွေ့နိုင်သောကြောင့် ဖြစ်သည်။
နန်ကုန်းဝမ် မထင်မှတ်ထားသည်မှာ ဝူဟောက်ထံတွင် ကံကြမ္မာ လုံးဝ မရှိခြင်းသာ ဖြစ်ပေသည်။နန်ကုန်းဝမ်၏ အကြည့်ကို အာရုံခံမိပြီးနောက် ဝူဟောက်သည် သူမဘက်သို့ လှည့်ကြည့်လိုက်ကာ စေ့စေ့စပ်စပ် ကြည့်ရှုပြီးနောက် ပြောဆိုလိုက်၏။
“မိန်းကလေးအနေနဲ့ သိုသိုသိပ်သိပ်နေတာ အကောင်းဆုံးပါပဲ… မဟုတ်ရင် ကိုယ်မနိုင်တဲ့ ရန်သူကို ရန်စမိသွားလိမ့်မယ်…”
ဤသည်ကို ကြားချိန်တွင် ဝူဟောက် ဆိုလိုသည့်အရာကို နန်ကုန်းဝမ် သဘာဝကျကျပင် သိရှိသဖြင့် အလျင်အမြန်ပင် ခေါင်းညိတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်၏။
“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ… ကျွန်မ နားလည်ပါပြီ…”
ဘေးတွင် ရပ်နေသော ဝူလီကမူ ဘာတွေဖြစ်နေမှန်း လုံးဝ သဘောမပေါက်ဘဲ ဇဝေဇဝါ ဖြစ်နေဆဲပင်။
သို့သော် ထိုအချိန်တွင် ဝူဟောက်က တစ်ခုခုကို သတိရသွားပြီး ဝူလီကို ပြောဆိုလိုက်သည်။
“ပေါင်းပင်တွေကို အမြစ်မပြတ် ရှင်းမပစ်ရင် နွေဦးရောက်တာနဲ့ ပြန်ပေါက်လာလိမ့်မယ်… လမ်းကြုံတုန်း ဝမ်လဲ့ဂိုဏ်း ကိုပါ တစ်ခါတည်း သွားပြီး ရှင်းပစ်လိုက်ကြရအောင်… မဟုတ်ရင် နောက်ကျရင် ပြဿနာတွေ ကြုံရဦးမယ်…”
ဤသည်ကို ကြားချိန်တွင် ဝူလီနှင့် နန်ကုန်းဝမ်တို့မှာ တိတ်ဆိတ်သွားကြသည်။
မဟုတ်ဘူးလေ ဘိုးဘေး… သိုသိုသိပ်သိပ်နေမယ်ဆိုတဲ့ ကတိက ဘယ်ရောက်သွားတာလဲ…
အော်… နားလည်ပြီ… သိုသိုသိပ်သိပ်နေတယ်ဆိုတာ ထိပ်တန်းအင်အားစုတစ်ခုကို အစအနမကျန် ရှင်းပစ်တာကို မဆိုလိုဘူးပေါ့…
သို့သော် သူတို့ကို စကားပြောခွင့် မပြုခဲ့ချေ။ သူတို့ ပါးစပ်မဟနိုင်မီမှာပင် ဝူဟောက်သည် သူတို့ကို ဝမ်လဲ့ဂိုဏ်း ဆီသို့ ဦးဆောင်ခေါ်သွားလေတော့သည်။
စက္ကန့်အနည်းငယ် အတွင်းမှာပင် ဝူဟောက်သည် ဝူလီနှင့် နန်ကုန်းဝမ်တို့ကို ဝမ်လဲ့ဂိုဏ်း ၏ ရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝမ်လဲ့ဂိုဏ်း အတွင်း၌ အခြားသော အင်မော်တယ် မဟာဧကရာဇ် အကြီးအကဲ နှစ်ဦးသည် တစ်ခုခုကို အာရုံခံမိသွားပြီး သူတို့၏ အမူအရာများသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“ထူးဆန်းတယ်… ငါ ဘာလို့ ဒီလောက်တောင် မသက်မသာ ခံစားနေရတာလဲ… ငါတို့ရဲ့ ဝမ်လဲ့ဂိုဏ်း တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်တော့မှာလား… ဒါပေမဲ့ မဟာမြင့်မြတ်နယ်မြေငါးခု ကလွဲရင် အခု အထက်ကမ္ဘာ မှာ ဘယ်သူက ငါတို့ ဝမ်လဲ့ဂိုဏ်း ကို ဖျက်ဆီးနိုင်မှာလဲ…”
သူတို့ မတုံ့ပြန်နိုင်မီမှာပင် ဝူဟောက်က လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။
“စကြာဝဠာကယ်တင်ခြင်း လက်ဝါး!”
ဝူဟောက်၏ လက်ဝါးရိုက်ချက်မှ မြင့်မြတ်သော ဗုဒ္ဓအလင်းတန်းများ ထွက်ပေါ်လာရာ ဝမ်လဲ့ဂိုဏ်း ၏ တပည့် များနှင့် အကြီးအကဲ များသည် နွေးထွေးမှုကို ခံစားလိုက်ရသည်။ သို့သော် ထိုနွေးထွေးမှု၏ နောက်ကွယ်တွင် အရာအားလုံးကို ဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတစ်ခု ကိန်းအောင်းနေ၏။
အခြားသော အင်မော်တယ် မဟာဧကရာဇ် ဘိုးဘေး နှစ်ဦးပင်လျှင် ဤစွမ်းအားကို ခံစားမိချိန်တွင် ခဏတာ တုန်လှုပ်သွားခဲ့ကြသော်လည်း အလျင်အမြန် သတိပြန်ဝင်လာပြီး သူတို့၏ မျက်နှာများပေါ်တွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
“မကောင်းတော့ဘူး…”
သို့သော် သူတို့၏ တုံ့ပြန်မှုက နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၊ စကြာဝဠာကယ်တင်ခြင်း လက်ဝါးသည် ကျဆင်းလာပြီး ဝမ်လဲ့ဂိုဏ်း တစ်ခုလုံးကို အမှုန့်ကြိတ် ဖျက်ဆီးပစ်လိုက်ရာ အသက်ရှင်ကျန်ရစ်သူ တစ်ဦးမျှ မရှိခဲ့ချေ။
ဝူဟောက်သည် သူ၏စွမ်းအားကိုလည်း အလွန် ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ ဝမ်လဲ့ဂိုဏ်း ၏ တပည့် များရော အကြီးအကဲ များ၏ သိုလှောင်လက်စွပ် များပါ အကောင်းအတိုင်း ရှိနေခဲ့ပြီး ဂိုဏ်း ၏ လျှို့ဝှက်ဘဏ္ဍာတိုက်မှာလည်း မပျက်စီးခဲ့ချေ။
ဘေးတွင် ရပ်နေသော ဝူလီနှင့် နန်ကုန်းဝမ်တို့သည်လည်း ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားခဲ့ကြသည်။ ဤမြင်ကွင်းကို ထပ်မံ မြင်တွေ့ရမည်ဆိုတောင် သူတို့ အနေဖြင့် စိတ်လှုပ်ရှားတော့မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့် ကို ဤမျှလွယ်ကူစွာ သတ်ဖြတ်နိုင်ပြီး ထိပ်တန်းအင်အားစုတစ်ခုကို လက်တစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်သူတစ်ဦးအတွက် ဤသည်မှာ အံ့သြစရာ မဟုတ်တော့ချေ။
နောက်တစ်စက္ကန့်တွင် ဝူဟောက်သည် အတွေးတစ်ချက် လှုပ်ရှားလိုက်ရာ ၊ ဝမ်လဲ့ဂိုဏ်း ၏ လျှို့ဝှက်ဘဏ္ဍာတိုက် အပါအဝင် သိမ်းဆည်းရမိသော ပစ္စည်းအားလုံးများသည် သူ၏ရှေ့သို့ ပျံသန်းရောက်ရှိလာခဲ့သည်။
သူ့ရှေ့တွင် စီစီရီရီ ရှိနေသော သိုလှောင်လက်စွပ် များစွာကို ကြည့်ရင်း ဝူလီ တစ်ယောက် စိတ်လှုပ်ရှားလို့ နေလေ၏။
ဤမျှလောက်များပြားသော အရင်းအမြစ်များကိုသာ ပိုင်ဆိုင်ရမည်ဆိုပါက သူသည် အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် သို့မဟုတ် နှောင်းပိုင်းအဆင့် အထိပင် ချိုးဖောက်ဝင်ရောက်ရန်မှာ ခက်ခဲတော့မည် မဟုတ်ချေ။
သို့သော်လည်း ဤအရာများသည် ဘိုးဘေး ၏ လက်ရပစ္စည်းများဖြစ်ပြီး ၎င်းတို့ကို မည်သို့ ကိုင်တွယ်မည်မှာ ဘိုးဘေး အပေါ်တွင်သာ မူတည်ပေသည်။
ဝူလီ မထင်မှတ်ထားသည်မှာ နောက်တစ်စက္ကန့်တွင် ဝူဟောက်က လှည့်ကြည့်လာပြီး အလွန် လေးနက်သော လေသံဖြင့် ပြောဆိုလိုက်ခြင်း။
“ဝူလီ… ဒါတွေက မင်းရဲ့ ရန်သူတွေပဲ… မင်းကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရမှာ ဆိုပေမယ့် သူတို့က အားနည်းသူကို အနိုင်ကျင့်ခဲ့ကြလို့ ဘိုးဘေး က ဝင်ပါလိုက်တာ…”
“ဒါပေမဲ့ ဘိုးဘေးမရှိရင်တောင်မှ မင်းရဲ့ ပါရမီ နဲ့ဆိုရင် ဝမ်လဲ့ဂိုဏ်း ကို ဖျက်ဆီးပစ်ဖို့ သိပ်ပြီး ကြာမှာ မဟုတ်ဘူး… ဒါကြောင့် ဒါတွေက မင်းရဲ့ စစ်နိုင်ပစ္စည်းတွေပဲ ဖြစ်သင့်တယ်… ဒါကြောင့် ဒါတွေကို ယူထားလိုက်…”
ထိုသို့ပြောပြီးနောက် ဝူဟောက်သည် မရေမတွက်နိုင်သော သိုလှောင်လက်စွပ် များနှင့် ဝမ်လဲ့ဂိုဏ်း ၏ လျှို့ဝှက်ဘဏ္ဍာတိုက် တို့ကို ဝူလီ၏ ရှေ့သို့ ပျံသန်းသွားစေရန် ထိန်းချုပ်လိုက်သည်။
ဝူဟောက်၏ ရုတ်တရက် လုပ်ရပ်ကြောင့် ဝူလီနှင့် နန်ကုန်းဝမ်တို့ မှာ မှင်သက်သွားကြပြီး ခဏတာ မတုံ့ပြန်နိုင်ခဲ့ကြချေ။
အခြေအနေကို သိလိုက်ရပြီးနောက်မှသာ သူ၏မျက်နှာပေါ်တွင် မယုံနိုင်မှုများဖြင့် ပြည့်နှက်သွားပြီး ဝူဟောက်ကို ကြည့်ကာ ပြောဆိုလိုက်၏။
“ဘိုးဘေး… ဒီပစ္စည်းတွေ အားလုံးကို ကျွန်တော့်ကို တကယ်ပဲ ပေးမလို့လား…”
“ဟင်… မင်းက မယူချင်ဘူးလား…”
ဝူဟောက်က အနည်းငယ် မသက်မသာ ဖြစ်စေမည့် စကားမျိုးကို ပြောလိုက်သည့်အလား မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့သည်။
ဤသည်ကို ကြားချိန်တွင် ဝူလီသည် သိုလှောင်လက်စွပ် နှင့် လျှို့ဝှက်ဘဏ္ဍာတိုက် တို့ကို ဟင်းလင်းပြင်သိုလှောင်ခန်းထဲသို့ အလျင်အမြန် ထည့်လိုက်ပြီးနောက် ကျေးဇူးတင်စကား ဆိုလိုက်၏။
“ကျေးဇူးတင်ပါတယ် ဘိုးဘေး… ကျွန်တော် သေချာပေါက် ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံ ပြီး ဘိုးဘေး ရဲ့ မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ပါ့မယ်…”
ဝူလီ လက်ခံလိုက်သည်ကို မြင်ပြီးနောက် ဝူဟောက်သည်လည်း ပျော်ရွှင်သော အမူအရာ ပြသကာ ခေါင်းညိတ်လိုက်သည်။
“ ဒါဆို အကောင်းဆုံးပဲ… ကောင်းပြီ… အခုတော့ အကျပ်အတည်းက ပြီးသွားပြီဆိုတော့ ဘိုးဘေးလည်း မင်းတို့ကို ဆက်ပြီး မနှောင့်ယှက်တော့ဘဲ အခု သွားတော့မယ်… မှတ်ထား… ငါ့အတွက် မြစ်မြေးလေးတွေ အမြန်ဆုံး ရအောင် လုပ်ပေးဦး…”
ထိုသို့ပြောပြီးနောက် ဝူဟောက်သည် ဝူလီနှင့် နန်ကုန်းဝမ်တို့၏ တုံ့ပြန်မှုများကို ဂရုမစိုက်ဘဲ ထွက်ခွာသွားလေတော့သည်။
မကြာမီ ဝူလီနှင့် နန်ကုန်းဝမ်တို့သည် ဘာတွေဖြစ်သွားသည်ကို သိလိုက်ရပြီးနောက် နှစ်ဦးစလုံး မျက်နှာများ ရဲတွတ်သွားသည်။
ဝူလီက အလျင်အမြန် ချောင်းဟန့်လိုက်ပြီးနောက် တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
“တောင်းပန်ပါတယ်… ကျွန်တော့်ရဲ့ ဘိုးဘေး က စကားတွေ အရမ်းများတတ်လို့ပါ… စိတ်ထဲ မထားပါနဲ့…”
သို့သော် နန်ကုန်းဝမ်မှာမူ သူမ၏ ကိုယ်ပိုင် စိတ်ကူးယဉ်မှုများထဲတွင် နစ်မြောနေပြီး ဝူလီ၏ စကားကို လုံးဝ မကြားခဲ့ချေ။ သူမသည် ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
နန်ကုန်းဝမ်၏ အတွင်းစိတ်အတွေးများ:
‘အား… စီနီယာဝူ ရဲ့ စကားတွေက ငါ့ကို ဝူ မိသားစု ရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်လာဖို့ သဘောတူတယ်လို့ ဆိုလိုတာလား… အဲဒါဆိုရင်တော့ ဝူလီကို ငါ့လူဖြစ်လာအောင် ငါ အရှိန်မြှင့်ပြီး ကြိုးစားရတော့မယ်…’
နန်ကုန်းဝမ်အတွက်မူ ဝူလီသည် ရုပ်ရည်ချောမောသည်၊ ပါရမီရှိသည်၊ စွမ်းအားကြီးမားသော ကျောထောက်နောက်ခံ ရှိသည်၊ ထို့အပြင် လူကောင်းတစ်ယောက်လည်း ဖြစ်သည်… ဤကဲ့သို့သော လူကို စိတ်မဝင်စားဘဲ နေရန်မှာ အလွန် ခက်ခဲလှပေသည်။
ထို့ကြောင့် ဝူဟောက်၏ သဘောတူညီမှုကို ရရှိပြီးနောက် နန်ကုန်းဝမ်သည် ဝူလီကို သိမ်းသွင်းရန် အစီအစဉ်များစွာကို စတင် ရေးဆွဲလေတော့သည်။
ဝူလီမှာမူ ထိုအချိန်တွင် ဤအကြောင်းကို လုံးလုံးလျားလျား မသိရှိခဲ့ချေ။