အခန်း (၂၅၉-၂၆၀)
Vol. 26 Ch. 259-260
အခန်း (၂၅၉) - နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ
“အမှန်ပဲ… ဝမ်လဲ့ဂိုဏ်း ရဲ့ အရင်းအမြစ်တွေ အားလုံးကို ဝူလီဆီ ပေးပြီးနောက်မှာ ရရှိလာတဲ့ အကျိုးအမြတ်တွေက ဝူ မိသားစု ကို အထက်ကမ္ဘာ ရဲ့ စွမ်းအားအရှိဆုံး အင်အားစု ဖြစ်လာစေဖို့ လုံလောက်တယ်… မူလကတည်းက ဝူ မိသားစု က အထက်ကမ္ဘာ မှာ အစွမ်းအထက်ဆုံး ဖြစ်နေပေမယ့်ပေါ့လေ…”
ဝူလီထံမှ ထွက်ခွာလာပြီးနောက် ဝူဟောက်သည် သူ့ကိုယ်သူ တွေးတောလိုက်၏။ စနစ် ဟင်းလင်းပြင် အတွင်းရှိ ကြွယ်ဝလှသော အရင်းအမြစ်များကို ကြည့်ကာ ဝူဟောက်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
သူသည် ၎င်းတို့အားလုံးကို အလျင်အမြန် ပေါင်းစပ်လိုက်၏။ အရေအတွက် နည်းသွားသော်လည်း ၎င်းတို့၏ အဆင့်အတန်းမှာ သိသိသာသာ မြင့်တက်သွားခဲ့ပြီး အာနိသင်မှာလည်း ယခင်ကထက် များစွာ ပိုမို ကောင်းမွန်လာခဲ့သည်။
“ဒါပေမဲ့ ငါ တစ်ခုခုကို မေ့နေသလိုပဲ…”
ဝူဟောက် ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး သူ၏ မျက်ခုံးများသည် အနည်းငယ် တွန့်ချိုးသွားသော်လည်း ယခုအချိန်တွင် ၎င်းကို သူ ဂရုမစိုက်နိုင်တော့ချေ။ သူ မေ့သွားနိုင်သော အရာမျိုးမှာ သေချာပေါက် ကြီးကြီးမားမား ကိစ္စတစ်ခု မဟုတ်နိုင်ပေ။
အခြားတစ်ဖက်တွင်မူ အရှေ့ဘက် အထက်ကမ္ဘာ ရှိ နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ ၏ ရှေ့၌။
အခက်အခဲများကို ကျော်ဖြတ်ပြီးနောက် စုတ်ပြတ်နေသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဝူတုံ သည် နောက်ဆုံးတွင် နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ သို့ ရောက်ရှိလာခဲ့သည်။
“ဒါက နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ လား… ငါ့အဖေက ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ ရဲ့ သူတော်စင်အဆင့် ဆိုတော့ သူ့သားဖြစ်တဲ့ ငါက သူ့ကို အရှက်မခွဲနိုင်ဘူး…”
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ဝူတုံ၏ တစ်ခါက နုနယ်ခဲ့သော မျက်နှာသည် ယခုအခါ သိသိသာသာ ရင့်ကျက်လာပုံ ပေါ်ပေသည်။
သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ရပ်တန့်မနေခဲ့ချေ။ လူသားအင်မော်တယ် ကနဦးအဆင့် မှ ယခုအခါ လူသားအင်မော်တယ် အထွတ်အထိပ်အဆင့် သို့ တက်လှမ်းထားပြီး ဖြစ်သည်။
မွေးရာပါ တာအိုသန္ဓေသား သူတော်စင်ခန္ဓာကိုယ် ၏ ပါရမီမှာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသော်လည်း ၊ ကြီးထွားရန်အတွက် အချိန်လိုအပ်ပေသေးသည်။
ဝူတုံအနေဖြင့် အနှစ်နှစ်ရာမပြည့်မီ အချိန်အတွင်း လူသားအင်မော်တယ် အထွတ်အထိပ်အဆင့် အထိ ကျင့်ကြံ နိုင်ခြင်းမှာ အတော်လေး အံ့အားသင့်ဖွယ် ကောင်းလှပေသည်။
ဝူတုံ သည် ယခုတစ်ကြိမ် နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ သို့ လာရောက်ခြင်းမှာ ၎င်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာရန်နှင့် ကိုယ်ပိုင်နာမည်တစ်ခု တည်ဆောက်ရန် ရည်ရွယ်ချက်သက်သက်သာ ဖြစ်ပေသည်။
သူသည် အဘယ်ကြောင့် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ သို့ မသွားခဲ့သနည်း ။ အကြောင်းမှာ ဖခင်ဖြစ်သူသည် ထိုနေရာ၏ သူတော်စင်အဆင့် ဖြစ်ကြောင်း ဝူတုံ သိရှိထားသောကြောင့်တည်း။ အကယ်၍ သူသာ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ သို့ သွားခဲ့ပါက သူ၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုနှင့် မည်သို့သက်ဆိုင်တော့မည်နည်း။
နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ သို့ လာရာလမ်းတွင် နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ သည် လက်ရှိတွင် တပည့်များ လက်ခံနေကြောင်း ဝူတုံ စုံစမ်းသိရှိခဲ့ရသည်။ ထို့ကြောင့် ဝူတုံသည် တပည့်လက်ခံခြင်း ရင်ပြင်သို့ မရောက်မီမှာပင် ထိုနေရာ၌ သာမန်လူ များ၊ ကျင့်ကြံသူ များ နှင့် အင်မော်တယ် များစွာ စုဝေးနေကြသည်ကို သူ မြင်တွေ့လိုက်ရ၏။
သူတို့အများစုမှာ နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ၏ တပည့်ဖြစ်ရန် လာရောက်ကြခြင်း ဖြစ်သည်။
မဟာမြင့်မြတ်နယ်မြေငါးခု သည် တည်ထောင်ချိန်နှင့် တပည့်လက်ခံချိန်များ မတူညီကြသော်လည်း အချိန်ကွာဟချက်မှာ များစွာ ခြားနားခြင်း မရှိချေ။
“စိတ်ဝင်စားစရာပဲ… ငါ ဘယ်အဆင့် တပည့် ဖြစ်လာမလဲဆိုတာ သိချင်မိတယ်…”
ဝူတုံ စုဆောင်းထားသော သတင်းများအရ နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ တွင်လည်း နတ်ဘုရားဆန့်ကျင်ခြင်း ခေါင်းလောင်း တစ်ခု ရှိပြီး တပည့်များ လက်ခံရာတွင် ၎င်းကို အသုံးပြု၍ ပါရမီ ကို တိုင်းတာလေ့ရှိသည်။
သို့သော် ဝူတုံ၏ ကိုယ်ပိုင် ခန့်မှန်းချက်အရ သူ၏ ပါရမီသည် အနည်းဆုံး ကိုယ်ပိုင်တပည့် အဆင့်တွင် ရှိသင့်ပေသည်။
ထို့ကြောင့် နတ်ဘုရားဆန့်ကျင်ခြင်း ခေါင်းလောင်း ရှေ့သို့ မရောက်မီ ဝူတုံသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စိတ်လှုပ်ရှားနေသော သူ၏ နှလုံးသားကို တည်ငြိမ်အောင် ပြုလုပ်ပြီးမှ ခေါင်းလောင်းပေါ်သို့ လက်တင်လိုက်၏။
ဒေါင်…
နောက်တစ်စက္ကန့်တွင် ကြည်လင်ပြတ်သားသော အသံ ရှစ်ချက် ထွက်ပေါ်လာခဲ့ရာ ၊ ၎င်းမှာ ဝူတုံသည် နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ ၏ ကိုယ်ပိုင်တပည့် ဖြစ်လာပြီဖြစ်ကြောင်း ဖော်ပြနေပေသည်။
သူ၏ နှလုံးသားထဲတွင် မျှော်လင့်ချက် အချို့ ရှိနေခဲ့သော်လည်း ၊ နတ်ဘုရားဆန့်ကျင်ခြင်း ခေါင်းလောင်းကို ကိုးချက် အထိ မတီးခတ်နိုင်ခြင်းအတွက် အနည်းငယ် ဝမ်းနည်းမိသည်မှာ အမှန်ပင်။
နတ်ဘုရားဆန့်ကျင်ခြင်း ခေါင်းလောင်း ရှစ်ချက် မြည်သွားသည်နှင့် နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ အတွင်းရှိ စွမ်းအားရှင်များသည် ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး ၊ ပတ်ဝန်းကျင်ရှိ တပည့် စစ်ဆေးသူများ အားလုံးကလည်း ဝူတုံကို မနာလိုသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
မကြာမီ နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ ၏ မြင့်မြတ်အရှင်သခင် ကျန်းကျဲ ၏ ဦးဆောင်မှုဖြင့် ထင်ရှားကျော်ကြားသော အကြီးအကဲများအားလုံး ဝူတုံ၏ ရှေ့၌ ထွက်ပေါ်လာကြလေ၏။
“အဟမ်း… လူငယ်လေး… ငါက နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ ရဲ့…”
ကျန်းကျဲက ဝူတုံကို မျှော်လင့်ချက် အရိပ်အယောင်များဖြင့် ကြည့်ကာ သူ့အား တပည့် အဖြစ် လက်ခံရန် စကားမဆုံးမီ ၊ ဝူတုံက လက်မြှောက်၍ တားဆီးလိုက်သည်။
“စီနီယာ… ကျွန်တော် သဘောတူပါတယ်…”
ဝူတုံသည် အစကတည်းက နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ တွင် ဝင်ရောက်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ကျန်းကျဲမှာ ဤအဖွဲ့၏ ခေါင်းဆောင်ဖြစ်ကြောင်း ထင်ရှားလှပေသည်။
ထို့ကြောင့် လက်ရှိအခြေအနေအရ ကျန်းကျဲ၏ တပည့် ဖြစ်လာခြင်းမှာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။
ကျန်းကျဲမှာ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ၊ ဝူတုံ၏ စကားကို ကြားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
“ဟားဟား… ဒါဆိုရင်လည်း ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ မဟာတပည့် ပဲ…”
ကျန်းကျဲ၏ လက်အောက်တွင် အခြား တပည့် မရှိချေ။ အဘယ်ကြောင့်ဆိုသော် ယခင်က နတ်ဘုရားဆန့်ကျင်ခြင်း ခေါင်းလောင်း ကို ရှစ်ချက်မြည်အောင် လုပ်နိုင်သူ အလွန်နည်းပါးခဲ့ပြီး ထိုသူများကိုလည်း အခြား အကြီးအကဲ များက ယူဆောင်သွားခဲ့ကြသောကြောင့် ဖြစ်၏။
ထို့ကြောင့် ယခုအချိန်ကျမှသာ ကျန်းကျဲတွင် တပည့် တစ်ဦး ရလာခြင်းဖြစ်သည်။
ဝူတုံ၏ ကမ်းလှမ်းမှုကို လက်ခံပြီးနောက် ကျန်းကျဲသည် ၎င်းကို တစ်ကမ္ဘာလုံး သိအောင် ကြေညာရန် စိတ်အားထက်သန်နေသော်လည်း ဝူတုံက သူ့ကို တားဆီးလိုက်၏။
“ဆရာ… ကျွန်တော်က ကျင့်ကြံခြင်း ကိုပဲ အာရုံစိုက်ချင်တာပါ… နာမည်ကြီးချင်တဲ့ ဆန္ဒ မရှိပါဘူး… တကယ်လို့ ဆရာ က ကျွန်တော့်ရဲ့ တည်ရှိမှုကို တစ်ကမ္ဘာလုံး သိအောင် ကြေညာလိုက်ရင် ကျွန်တော့်ရဲ့ ကျင့်ကြံခြင်း ကို ထိခိုက်နိုင်ပါတယ်… ဒါကြောင့် ဆရာ့အနေနဲ့ သိုသိုသိပ်သိပ်ပဲ နေပေးစေချင်ပါတယ်…”
ဝူတုံက တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
ဤသည်ကို ကြားချိန်တွင် ကျန်းကျဲမှာ မှင်တက်သွားခဲ့သည်။ အတန်ကြာပြီးနောက် သူ သည် သက်ပြင်းချကာ သဘောတူလိုက်၏။ မည်သို့ပင်ဆိုစေ ဤသူသည် သူ၏ တစ်ဦးတည်းသော တပည့် ဖြစ်ပေသည်။ အကယ်၍ တပည့် က မပျော်မရွှင်ဖြစ်ပြီး ထွက်ပြေးသွားပါက မည်သို့လုပ်မည်နည်း။
ယခုခေတ်တွင် နတ်ဘုရားဆန့်ကျင်ခြင်း ခေါင်းလောင်း ကို ရှစ်ချက်မြည်အောင် လုပ်နိုင်သူကို ရှာတွေ့ရန်မှာ အလွန် ခဲယဉ်းလှပေသည်။
ကျန်းကျဲက ဝူတုံကို အရင်ဆုံး သိမ်းသွင်းလိုက်နိုင်သည်ကို မြင်တွေ့လိုက်ရချိန်တွင် ပတ်ဝန်းကျင်ရှိ အကြီးအကဲများမှာ အံကြိတ်နေကြလေ၏။
၎င်းမှာ ကျန်းကျဲကို အထင်သေး၍ မဟုတ်ပေ။ ကျန်းကျဲသည် ကိုယ်တိုင်ကိုယ်ကျ စွမ်းအားကြီးမားသည်မှာ မှန်သော်လည်း ၊ သို့သော် ထိုအစွမ်းမှာ သူတစ်ဦးတည်း၏ အရည်အချင်းသာ ဖြစ်သည်။ တပည့်များကို ပညာသင်ကြားပြသရာတွင်မူ သူသည် အင်မော်တယ်အရှင်မြတ် လောက် ထူးချွန်ပြောင်မြောက်ချင်မှ ပြောင်မြောက်ပေလိမ့်မည်။
အခြား အကြီးအကဲ များက ရှေ့သို့ လျှောက်လာပြီး ဝူတုံကို အရိုအသေပေးလိုက်ကြ၏။
“လူငယ်လေး ဝူ… မင်းမှာ မေးစရာရှိရင် ငါ့ဆီမှာ လာမေးလို့ရတယ်…”
“ငါ့ဆီမှာလည်း ရတယ်!”
အကြီးအကဲ အများအပြားကလည်း ဝူတုံကို ထောက်ခံပေးကြသည်။ဝူတုံသည် ကျန်းကျဲ၏ တပည့် ဖြစ်သွားသော်လည်း ၊ မည်သို့ပင်ဖြစ်စေ သူသည် နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ ၏ တပည့် တစ်ဦး ဖြစ်နေဆဲဖြစ်ရာ ဝူတုံ၏ ပါရမီများ မြုပ်နှံခံရမည်ကို သူတို့ မကြည့်ရက်ပေ။
ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူတုံသည် အလွန် စိတ်လှုပ်ရှားသွားပြီး အရိုအသေပြုကာ ကျေးဇူးတင်စကားဆိုလိုက်သည်။
“အကြီးအကဲတို့ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်… အကယ်၍ အကြီးအကဲတို့ မကန့်ကွက်ဘူးဆိုရင် နောက်ကျရင် ကျင့်ကြံခြင်း နဲ့ ပတ်သက်တဲ့ မေးစရာတွေရှိရင် သေချာပေါက် လာရောက် မေးမြန်းပါ့မယ်…”
ဤသည်ကို မြင်ချိန်တွင် အကြီးအကဲများ မှာ ကျေနပ်သော အမူအရာများကို ပြသခဲ့ကြသည်။
“ကောင်းပြီ… ဝူတုံ… အခု မင်း ငါ့ရဲ့ တပည့် ဖြစ်လာပြီ… ကျင့်ကြံခြင်း နဲ့ ပတ်သက်ပြီး မေးစရာရှိရင် ဆရာ့ ကို အားမနာဘဲ မေးလို့ရတယ်… ဆရာ က ဘယ်သူ့ကိုမှ ကျင့်ကြံခြင်းနဲ့ပတ်သတ်ပြီး မသင်ပေးဖူးပေမယ့် အတွေ့အကြုံတွေ အများကြီး ရှိပါတယ်… မင်းသိချင်တာမှန်သမျှကို ဆရာ သေချာပေါက် ဖြေပေးမှာပါ…”
ထိုသို့ပြောပြီးနောက် ကျန်းကျဲသည် ဝူတုံနှင့်အတူ ထွက်ခွာသွားခဲ့ပြီး၊ သူသည် သူ့နောက်က အကြီးအကဲ များကို ဒေါသတကြီး ကြည့်သွားခဲ့သေးသည်။
ကျန်းကျဲသည် ဘာကြောင့် ထိုသို့ လုပ်ဆောင်ခဲ့သည်ကို ဝူတုံ မသိသော်လည်း ၊ သူ၏ နောင်လာမည့် ကျင့်ကြံခြင်း ခရီးလမ်းမှာ လွယ်ကူမည်မဟုတ်ကြောင်း ဝူတုံ ခံစားမိလိုက်သည်။
တစ်ချိန်တည်းမှာပင် အရှေ့ပိုင်းဒေသ ရှိ လူသူကင်းမဲ့သော တောင်ကြီးတစ်တောင်တွင် အရိုးစုများက နေရာအနှံ့ ပြန့်ကျဲနေပြီး အလွန်ကြောက်စရာ ကောင်းလှသည်။
ဤနေရာမှာ အခြားမဟုတ်ဘဲ အရှေ့ပိုင်းဒေသ ၏ နာမည်ကျော် မိစ္ဆာလမ်းစဉ် အဖွဲ့အစည်း ဖြစ်သော လျန်မော့ တောင်ကြား ပင် ဖြစ်သည်။
သို့သော် ဤအချိန်တွင် လျန်မော့ တောင်ကြား အတွင်း၌ အခြေအနေများမှာ တိတ်ဆိတ်ငြိမ်သက်ခြင်း မရှိပေ။
အခန်း (၂၆၀) - သွေးမိစ္ဆာမျိုးစေ့
“ထျန်းယွမ်… ငါ့ရဲ့ လျန်မော့ တောင်ကြား မှာ မင်း ဘာလာလုပ်တာလဲ…”
ယခုအချိန်တွင် လျန်မော့ တောင်ကြား ၏ သခင်ဖြစ်သော လျန့်မော အင်မော်တယ် မဟာဧကရာဇ် သည် သူ၏ရှေ့ရှိ သွေးဝိညာဉ်ဂိုဏ်း ၏ အကြီးအကဲ ကို တည်ကြည်လေးနက်စွာ ကြည့်လိုက်သည်။
လျန့်မော အင်မော်တယ် မဟာဧကရာဇ်၏ ခေါ်ဝေါ်ပုံအရ သူတို့နှစ်ဦးမှာ မိတ်ဟောင်းဆွေဟောင်းများ ဖြစ်သည်မှာ ထင်ရှားသည်။
သူ၏မျက်နှာချင်းဆိုင်တွင် ရပ်နေသော ထျန်းယွမ်က ကူကယ်ရာမဲ့စွာ ပခုံးတွန့်လိုက်ပြီး ဂရုမစိုက်သည့် လေသံဖြင့် ပြောဆိုလိုက်၏။
“လျန့်မော….. မင်းက မင်းရဲ့ မိတ်ဆွေဟောင်းကို ဒီလိုပဲ ဆက်ဆံတော့မှာလား…”
“ဟမ်… ငါတို့က ဘယ်လိုလုပ် မိတ်ဆွေဟောင်းတွေ ဖြစ်ရမှာလဲ… ငါတို့ လျန်မော့ တောင်ကြား က မိစ္ဆာလမ်းစဉ် ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပေမယ့် ငါတို့ရဲ့ လုပ်ဆောင်ပုံတွေက မင်းတို့ရဲ့ သွေးဝိညာဉ်ဂိုဏ်း ထက် အများကြီး ပိုကောင်းတယ်…”
လျန့်မော အင်မော်တယ် မဟာဧကရာဇ် က အေးစက်စွာ နှာမှုတ်လိုက်ပြီး မထင်မဲ့မြင်ပြုသော လေသံဖြင့် ပြောဆိုလိုက်၏။
လျန်မော့ တောင်ကြား သည် မိစ္ဆာလမ်းစဉ် အဖွဲ့အစည်း တစ်ခု ဖြစ်သော်လည်း ၎င်းမှာ လိုအပ်ချက်အရသာ မိစ္ဆာလမ်းစဉ် ဖြစ်လာခဲ့ခြင်းဖြစ်သည်။အဘယ်ကြောင့်ဆိုသော် လျန်မော့ တောင်ကြား ၏ ကျင့်စဉ် မှာ ရန်သူကို သတ်ဖြတ်ပြီးနောက် ၎င်းတို့၏ အရာအားလုံးကို သန့်စင်ရန် လိုအပ်သောကြောင့် ဖြစ်သည်။
ထိုအကြောင်းကြောင့်ပင် လျန်မော့ တောင်ကြား သည် ဖြောင့်မတ်သောလမ်းစဉ် ၏ ရွံရှာမှုကို ခံရပြီး မိစ္ဆာလမ်းစဉ် အဖွဲ့အစည်းဟု ခေါ်ဆိုခံခဲ့ရသည်။
သို့သော် လျန်မော့ တောင်ကြား ၏ စည်းမျဉ်းများမှာ အလွန် တင်းကျပ်လှသည်။ ခွင့်ပြုချက်မရှိဘဲ လှုပ်ရှားပါက ညှာတာမှုမရှိ အသတ်ခံရမည်ဖြစ်သည်။ထို့ကြောင့် ဤအကြောင်းပြချက်ကြောင့်ပင် မည်သည့် ဖြောင့်မတ်လမ်းစဉ် အင်အားစုမှ လျန်မော့ တောင်ကြား ကို တိုက်ခိုက်ခြင်း မပြုခဲ့ကြချေ။
“အို… မင်း ဘာတွေပြောနေတာလဲ… ငါတို့အားလုံးက မိစ္ဆာလမ်းစဉ် ရဲ့ အစိတ်အပိုင်းတွေပဲလေ… အနည်းဆုံးတော့ ဖြောင့်မတ်လမ်းစဉ် က ငါတို့ကို အဲဒီလိုပဲ မြင်ကြတာပဲ… ဒါကြောင့် အထက်ကမ္ဘာ တစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ သွေးဝိညာဉ်ဂိုဏ်း နဲ့ ပူးပေါင်းတာက ပိုကောင်းမလားလို့ပါ…”
ထျန်းယွမ်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး လျန့်မော အင်မော်တယ် မဟာဧကရာဇ် ကို မေးခွန်းထုတ်လိုက်၏။
ဤသည်ကို ကြားလိုက်ရချိန်တွင် လျန့်မော အင်မော်တယ် မဟာဧကရာဇ်သည် တွေဝေမနေဘဲ အေးစက်စွာ နှာမှုတ်ကာ ငြင်းဆိုလိုက်သည်။
“မဖြစ်နိုင်ဘူး၊ အဲဒီအကြောင်း မေ့လိုက်တော့… ပြီးခဲ့တဲ့အကြိမ်ကလည်း သွေးဝိညာဉ်ဂိုဏ်း နဲ့ ငါ မပူးပေါင်းခဲ့သလို အခုလည်း ပူးပေါင်းမှာ မဟုတ်ဘူး…တကယ်လို့ မင်း အခု မထွက်သွားဘူးဆိုရင် လျန်မော့ တောင်ကြား တစ်ခုလုံးကို ဦးဆောင်ပြီး မင်းကို ပြန်တိုက်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး…”
လျန့်မော အင်မော်တယ် မဟာဧကရာဇ် ၏ အမိန့်နှင့်အတူ လျန်မော့ တောင်ကြား တစ်ခုလုံးသည် ရန်သူအပေါ် တူညီသော အမုန်းတရားများဖြင့် စည်းလုံးသွားကြပြီး မည်သည့်အချိန်တွင်မဆို တိုက်ခိုက်ရန် အသင့်ဖြစ်နေကြပြီဖြစ်သည်။ ဂိုဏ်း ၏ ဝင်္ကပါ ပင်လျှင် အသက်ဝင်နေပြီဖြစ်ကာ တိုက်ခိုက်ရန် အသင့်အနေအထားတွင် ရှိနေ၏။
ဤသည်ကို ကြားလိုက်ရချိန်တွင် ထျန်းယွမ်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။
“ကြည့်ရတာ ငါတို့ နည်းနည်းလောက် ပိုပြီး တင်းကျပ်ဖို့ လိုနေသေးပုံပဲ…”
ထိုသို့ပြောပြီးသည်နှင့်၊ နောက်တစ်စက္ကန့်တွင် ထျန်းယွမ်၏ ပုံရိပ်သည် လျန့်မော အင်မော်တယ် မဟာဧကရာဇ် ၏ အမြင်အာရုံမှ ပျောက်ကွယ်သွားသည်။ လျန့်မော အင်မော်တယ် မဟာဧကရာဇ်မှ မတုံ့ပြန်နိုင်မီ ၊ ထျန်းယွမ်သည် သူ၏ရှေ့၌ ရုတ်ချည်း ထွက်ပေါ်လာပြီး လျန့်မော အင်မော်တယ် မဟာဧကရာဇ်၏ ခန္ဓာကိုယ်ကို ထိုးနှက်လိုက်သည်။
လျန့်မော အင်မော်တယ် မဟာဧကရာဇ်သည် သူ၏ ဝိညာဉ်နှင့် စွမ်းအားများအပါအဝင် ကိုယ်တွင်းရှိ အရာအားလုံးကို တိုက်စားဖျက်ဆီးနေသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ ထိုစွမ်းအားက အလွန်တရာ ပြင်းထန်လွန်းလှသဖြင့် သူသည် ပြန်လည်ခုခံရန် အင်အားပင် မရှိတော့ချေ။
“အကယ်၍ ဂိုဏ်းချုပ် သာ နတ်ဘုရား မဖြစ်ခဲ့ရင် သွေးမိစ္ဆာမျိုးစေ့ တွေကို ဒီလောက်အများကြီး ထုတ်နိုင်မှာ မဟုတ်ဘူး… မင်းကရော ဘာလို့ ဒီလောက်တောင် ရူးရတာလဲ… လျန်မော့ တောင်ကြား တစ်ခုလုံးကို အထက်ကမ္ဘာ မှာ အကြီးဆုံး အင်အားစု ဖြစ်လာအောင် မင်း ဦးဆောင်နိုင်ခဲ့မှာကို မင်းကတော့ သေတွင်းကိုပဲ ရွေးခဲ့တယ်… ဘာလို့ အဲဒီလို လုပ်ခဲ့တာလဲ…”
ထျန်းယွမ်က ကူကယ်ရာမဲ့သော အမူအရာဖြင့် ပြောဆိုလိုက်၏။
ပတ်ဝန်းကျင်ရှိ လျန်မော့ တောင်ကြား မှ အကြီးအကဲများမှာ ဤမြင်ကွင်းကို မြင်တွေ့ရချိန်တွင် သူတို့၏ မျက်နှာပေါ်၌ ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ၊ တစ်စုံတစ်ရာကို အလျင်အမြန် သတိရသွားကာ အော်ဟစ်လိုက်ကြသည်။
“အားလုံးပဲ တိုက်ကြ! သူ့ကို အနိုင်ယူကြစမ်း!”
လျန်မော့ တောင်ကြားမှ မဟာအကြီးအကဲ ၏ အမိန့်နှင့်အတူ လျန်မော့ တောင်ကြားရှိ စွမ်းအားရှင်တိုင်း ထျန်းယွမ်ကို တဟုန်ထိုး တိုက်ခိုက်ကြလေသည်။
အလွန်အမင်း ပြင်းထန်သော တိုက်ခိုက်မှုများ တဖြည်းဖြည်း ငြိမ်သက်သွားချိန်တွင် ထျန်းယွမ်သည် သူတို့ရှေ့၌ အထိအခိုက်မရှိ ထွက်ပေါ်လာခဲ့ပြီး သူ၏ အဝတ်အစားများသာလျှင် အနည်းငယ် ညစ်ပတ်သွားခဲ့သည်။
“ဘာ…”
လျန်မော့ တောင်ကြား မှ အကြီးအကဲများမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ ဂိုဏ်းချုပ် ပင်လျှင် သူတို့၏ တိုက်ခိုက်မှုကို အထိအခိုက်မရှိ နေနိုင်မည် မဟုတ်ချေ။
ထိုအချိန်တွင် ထျန်းယွမ်က ကူကယ်ရာမဲ့စွာ သက်ပြင်းချရင်း ပြောလိုက်သည်။
“မင်းတို့ ဘာလို့ ဒီလိုတွေ လုပ်နေကြတာလဲ… မင်းတို့က သေတွင်းကိုပဲ တူးနေတာပဲ… ဒီလိုဆိုမှတော့ မင်းတို့ရဲ့ အသွေးအသားတွေကို သုံးပြီး မင်းတို့ရဲ့ တောင်ကြားသခင် ကို အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ရောက်အောင် ကူညီပေးလိုက်ကြတာပေါ့…”
ထျန်းယွမ်၏ စကားသံအဆုံးတွင် ၊ သူသည် ရုတ်တရက် လှုပ်ရှားလိုက်သည်။
ထျန်းယွမ် လှုပ်ရှားလိုက်သည့် အခိုက်အတန့်တွင် အင်မော်တယ် မဟာဧကရာဇ် အလယ်အလတ်အဆင့်ရှိ
မဟာအကြီးအကဲ နှင့် ဒုတိယ အကြီးအကဲ တို့မှာ အလွန်အမင်း ထိတ်လန့်သွားကြသည်။
“မကောင်းတော့ဘူး… သူက အင်မော်တယ် ဧကရာဇ် အထွတ်အထိပ်အဆင့် ပဲ…”
မဟာအကြီးအကဲ နှင့် ဒုတိယ အကြီးအကဲ တို့၏ စကားသံအဆုံးတွင် ၊ ထျန်းယွမ်သည် သူ၏ ဓားကို လွယ်ကူစွာ ဝှေ့ယမ်းလိုက်ရာ သူတို့နှစ်ဦးစလုံး ချက်ချင်း အသတ်ခံလိုက်ရလေ၏။
ဤမြင်ကွင်းကို မျက်မြင်တွေ့ရှိလိုက်ရသော လျန့်မော အင်မော်တယ် မဟာဧကရာဇ်က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
“ရပ်လိုက်စမ်း… မင်းလို ကောင်မျိုးက…”
သို့သော် ယခုအခါတွင်မူ သူသည် ထျန်းယွမ်၏ လှုပ်ရှားမှုများကို ကြည့်နေရုံမှအပ ဘာမျှ မတတ်နိုင်တော့ချေ။ လျန်မော့တောင်ကြားမှ တပည့်များနှင့် အကြီးအကဲများသည် သူ၏မျက်စိရှေ့တွင် တစ်ဦးပြီးတစ်ဦး အသက်ပျောက်သွားသည်ကို ရင်နာစဖွယ် ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ဤအခြေအနေတွင်ပင် လျန်မော့ တောင်ကြား မှ အကြီးအကဲ နှင့် တပည့်များမှာ နည်းနည်းမှ နောက်ဆုတ်မသွားခဲ့ကြချေ။ သူတို့အားလုံးသည် ထျန်းယွမ်ထံသို့ ပြေးဝင်သွားကြသည်။ ယနေ့တွင် သူတို့ လွတ်မြောက်ရန် လမ်းစမရှိတော့ကြောင်း သိနားလည်သွားကြရာ၊ ထျန်းယွမ်အား အနည်းငယ်မျှသော်လည်းကောင်း ထိခိုက်စေရန်အတွက် ၎င်းနှင့် အနီးဆုံးနေရာ၌ မိမိကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးကာ အတူတူ သေကျေပျက်စီးရန် ကြိုးစားခဲ့ကြသည်။
ထိုပုံရိပ်များသည် လျန့်မော အင်မော်တယ် မဟာဧကရာဇ်၏ မျက်လုံးထဲ၌ အထင်အရှား စွဲထင်သွားကာ သူ၏ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာအထိ ဖုံးကွယ်၍မရသော ပုံရိပ်များအဖြစ် ကိန်းအောင်းကျန်ရစ်ခဲ့သည်။
“ဂိုဏ်းချုပ်… လျန်မော့ တောင်ကြား ကို ဝင်ပြီး ဂိုဏ်းချုပ် ရဲ့ လူတစ်ယောက် ဖြစ်လာရတာ ကျွန်တော့်အတွက် အကြီးမားဆုံး ဂုဏ်ယူမှုပါပဲ… ကျွန်တော် နောင်တမရပါဘူး…”
“ဂိုဏ်းချုပ်… ကျွန်တော်က သူရဲဘောကြောင်တဲ့သူ မဟုတ်ဘူးလို့ ကျွန်တော့်အမေကို ပြောပေးပါဦး…”
“ဂိုဏ်းချုပ်… အမှန်တော့ ကျွန်တော့်မှာ ဂိုဏ်းချုပ် ကို မပြောရသေးတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိတယ်… ကျွန်တော် ဂိုဏ်းချုပ် ကို တကယ် သဘောကျတာပါ… အကယ်၍ အခွင့်အရေး ရခဲ့မယ်ဆိုရင် ကျွန်တော့်ကို အခွင့်အရေး တစ်ခု ပေးနိုင်မလား…”
ကိုယ့်ကိုယ်ကိုယ် မဖျက်ဆီးမီ အမျိုးသား အကြီးအကဲ တစ်ဦးက ပြောဆိုလိုက်၏။
သူတို့၏ စကားများကို ကြာလိုက်ရချိန်တွင် လျန့်မော အင်မော်တယ် မဟာဧကရာဇ် ၏ နှလုံးသားထဲ၌ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ သူသည် မိမိ၏ အစွမ်းအစမရှိမှုကို မုန်းတီးမိသလို၊ ငြင်းဆန်ခဲ့မိသော မိမိကိုယ်ကိုယ်လည်း နောင်တကြီးစွာဖြင့် မုန်းတီးမိသည်။
ထို့ထက်ပို၍ သွေးဝိညာဉ်ဂိုဏ်းကိုမူ အစိမ်းလိုက်ဝါးစားမတတ် နာကြည်းမိလေ၏။ အကယ်၍သာ သွေးဝိညာဉ်ဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းဖျက်ဆီးနိုင်မည်ဆိုပါက သူသည် မည်ကဲ့သို့သော ပေးဆပ်မှုကိုမဆို လုပ်ဆောင်ရန် ဆန္ဒရှိပေသည်။
ဤအချိန်တွင် လျန့်မော အင်မော်တယ် မဟာဧကရာဇ်မှာ အစွမ်းကုန် ချည့်နဲ့အားနည်းနေပြီဖြစ်သည်။ သွေးမိစ္ဆာမျိုးစေ့ ၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလွန်းလှသဖြင့် သူသည် မိမိကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးပစ်ရန်ပင် စွမ်းဆောင်နိုင်ခြင်း မရှိတော့ချေ။
ထို့ကြောင့် ထျန်းယွမ်သည် လျန်မော့ တောင်ကြား တစ်ခုလုံးကို မျိုးတုံးသတ်ဖြတ်နေသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
ထို့နောက် ထျန်းယွမ်သည် လျန်မော့ တောင်ကြား ရှိ ကျင့်ကြံသူ အားလုံး၏ သွေးများကို သွေးဆေးလုံး တစ်လုံးအဖြစ် စုစည်းရန် မဟာဝင်္ကပါ တစ်ခု တည်ဆောက်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။
“ဒီ သွေးဆေးလုံး ရဲ့ အကူအညီနဲ့ဆိုရင် စစ်ပွဲမစခင်မှာ မင်းဟာ အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ကို ချိုးဖောက်ဝင်ရောက်နိုင်လိမ့်မယ်… ဒါဟာ ငါ့ရဲ့ သွေးဝိညာဉ်ဂိုဏ်းအပေါ် ထားရှိတဲ့ သစ္စာစောင့်သိမှုနဲ့ ဂိုဏ်းအတွက် အကျိုးပြုတဲ့ လုပ်ဆောင်ချက်တစ်ခုအဖြစ် မှတ်တမ်းတင်ခံရမှာ…”
“ဒါနဲ့ ပတ်သက်ပြီး ပြောရရင် မင်း ငါ့ကို ကျေးဇူးတင်သင့်တယ်… ဘာပဲဖြစ်ဖြစ် မင်းကို အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ရောက်အောင် အခွင့်အရေး ပေးခဲ့တာ ငါပဲလေ…”
“ဟားး!
“ ထျန်းယွမ်… အခွင့်အရေး ရတာနဲ့ သွေးဝိညာဉ်ဂိုဏ်း ကို ငါ သေချာပေါက် သွေးကြွေး ပြန်တောင်းမယ်”
လျန့်မော အင်မော်တယ် မဟာဧကရာဇ်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်သော်လည်း ၊ ထိုစကားတစ်ခွန်းကပင် သူ၏ အင်အားအားလုံးကို ကုန်ဆုံးစေခဲ့သည်။
သွေးမိစ္ဆာမျိုးစေ့ ၏ စွမ်းအားမှာ အတော်လေး ကြောက်စရာကောင်းပေသည်။ တစ်ရက်အတွင်းမှာပင် ၎င်းသည် လျန့်မော အင်မော်တယ် မဟာဧကရာဇ် အား အသိစိတ် လုံးလုံးလျားလျား ပျောက်ကွယ်သွားစေခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကို သွေးမိစ္ဆာမျိုးစေ့ ထံသို့ လုံးလုံးလျားလျား လွှဲပြောင်းပေးလိုက်ရလေသည်။
“သခင်!”
သွေးမိစ္ဆာမျိုးစေ့ ၏ ထိန်းချုပ်မှုကို ခံလိုက်ရပြီးနောက် လျန့်မော အင်မော်တယ် မဟာဧကရာဇ် သည် မတ်တပ်ရပ်လိုက်ပြီး ထျန်းယွမ်ကို ရိုသေလေးစားစွာ ခေါ်ဆိုလိုက်သော်လည်း ၊ သူ၏ မျက်လုံးများမှာမူ အသက်မဲ့နေခဲ့၏။
ဤသည်ကို ကြားချိန်တွင် ထျန်းယွမ် က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“ကောင်းတယ်… ငါနဲ့အတူ ပြန်လိုက်ခဲ့… စစ်ပွဲစတာနဲ့ မင်း တိုက်ခိုက်ဖို့ လိုပြီ…”
ထျန်းယွမ်သည် လျန့်မော အင်မော်တယ် မဟာဧကရာဇ် ကို ခေါ်ဆောင်ကာ လျန်မော့ တောင်ကြား မှ ပျောက်ကွယ်သွားလေ၏။
ထျန်းယွမ် သတိမပြုမိခဲ့သောအရာမှာ သူ ထွက်သွားပြီးနောက် ဟင်းလင်းပြင်နယ်ပယ် မှ ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ၊ အင်မော်တယ် ဧကရာဇ် အထွတ်အထိပ်အဆင့် တွင်ရှိသော ထျန်းယွမ် ပင်လျှင် မည်သည့် ထူးခြားမှုကိုမျှ သတိမပြုမိခဲ့ချေ။
ရောက်ရှိလာသူမှာ အခြားမည်သူ ဖြစ်နိုင်ဦးမည်နည်း။