← Chapters

ရေဘေးမီးဘေးက ရက်စက်တယ်

Vol. 10 Ch. 140

ရေဘေးမီးဘေးက ရက်စက်တယ်

Vol. 10 Ch. 140

ချက်ချင်းဆိုသလိုပင် လူအုပ်ထဲမှ အုတ်အော်သောင်းနင်း ဖြစ်သံများ ထွက်ပေါ်လာ၏။ အော်သံများနှင့် ငိုကြွေးသံများကို ပတ်ဝန်းကျင်အနှံ့ ကြားနေရသည်။

အဆောက်အဦး၌ စုစုပေါင်း နှစ်ဆယ့်လေးထပ် ရှိပြီး တစ်ထပ်ချင်းစီတွင် နေထိုင်သူများ ရှိလေသည်။ မီးက အနည်းငယ်သာ စွဲနေသေးသဖြင့် အားလုံး ပြေးချိန်ရလိုက်သည်က တော်သေးသည်။ သို့သော်ငြားလည်း ကြုံတွေ့ရသည့် လူတိုင်းအတွက် ကြောက်စရာကောင်းလှသည့် မြင်ကွင်းပင်တည်း။

မြစိမ်းကန် အိမ်ရာသည် ဟမ်တန်း စတူဒီယိုနှင့် တစ်ကီလိုမီတာမျှသာ ကွာဝေးသည်။ ရဲ့လင်းချန် ထိုနေရာသို့ လျင်မြန်စွာ ရောက်ရှိသွား၏။

ထိုအချိန်တွင် အပြင်ဘက်၌ လူအုပ်ကြီးနှင့် ပြည့်နှက်နေကာ မီးတောက်များကို လက်ညှိုးထိုး၍ ပြောဆိုနေကြသည်။ အဆောက်အဦးထဲမှ လူများ အသီးအသီး ထွက်ပြေးလာကြပြီး အသက်ရှင်လျက် ထွက်လာနိုင်သဖြင့် ဝမ်းသာနေကြသည်။ အချို့ဆိုလျင် သူတို့ ချစ်ရသူများကို ဖက်တွယ်လျက် ငိုကြွေးနေကာ ကြောက်စိတ်တို့နှင့် ပြည့်နှက်နေလေသည်။

“ကျေးဇူးပြုပြီး အားလုံး ဘေးဖယ်ပေးကြပါ၊ တစ်နေရာတည်းမှာပဲ စုမနေပါနဲ့၊ မီးသတ်ကားကို ဖြတ်ခွင့်ပေးပါ၊ အခု စက္ကန့်တိုင်းက အရေးကြီးပါတယ်”

လူတော်တော်များများက လူအုပ်ကြီးကို ဖျောင်းဖျနေသည်။

‘ပြီးတော့ အားလုံး ဒီမှာနေတဲ့လူတွေကို ကြိုးစားပြီး ဆက်သွယ်ပေးကြပါလား၊ အဲ့ဒါမှ မပြေးနိုင်တဲ့သူတွေကို ရှာတွေ့ပြီး သူတို့နေရာကို ခန့်မှန်းလို့ရမှာ၊ သူတို့ ဘေးကင်းလုံခြုံဖို့ သူတို့ကို ကျွန်တော်တို့ ဆက်သွယ်မှ ဖြစ်မယ်”

ဤသို့သော အခြေအနေမျိုး၌ အားလုံးက စည်းလုံးကြသည်။ အနီးအနားမှ လူတော်တော်များများက ရေပုံးများဖြင့် ပြေးလာလေသည်။ သို့သော် မြင့်မားသော မီးညွန့်ကြောင့် သူတို့ များများစားစား မစွမ်းဆောင် နိုင်ချေ။

ရဲ့လင်းချန်သည်လည်း လူအုပ်ထဲ၌ ရှိနေသည်။ မီးလောင်နေသော နေရာသို့ သူလည်း လှမ်းကြည့်နေ၏။ အခန်းထဲမှ ထွက်လာသော မီးညွန့်များသည် နဂါးတစ်ကောင် အသက်ရှူထုတ်လိုက်ပုံနှင့်ပင် တူနေပြီး မြင်နေရသူတိုင်းအား ကြောက်လန့်သွားစေသည်။

ခပ်ဝေးဝေးမှ မီးသတ်ကား ဥဩဆွဲသံများကို ကြားနေရ၏။ မကြာခင်မှာပင် မီးသတ်ကားများ ရောက်ရှိလာသည်။ စုစုပေါင်း ကားသုံးစီး ရောက်လာသည်။

မီးသတ်သမား ဆယ်ယောက်ကျော် ကားထဲမှ ခုန်ဆင်းလာသည်။ သူတို့သည် မီးတောက်ကို လှမ်းကြည့်ပြီး ပြင်းထန်မှုကို သုံးသပ်ကာ မီးသတ်ပစ္စည်းများကို ပြင်ဆင်လေသည်။

မီးလောင်ရသည့် အကြောင်းရင်းကို ရှာနေချိန် မရပါ။ မီးငြိမ်းခြင်းကသာလျင် သူတို့၏ အဓိက ဦးစားပေးလုပ်ငန်း ဖြစ်သည်။

“အဆောက်အဦးထဲမှာ လူရှိနေသေးလား”

မီးသတ်သမားခေါင်းဆောင်က မေးလာသည်။ သူသည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး နေလောင်ထားသည့် အသားအရေ ရှိသည်။

“မရှိလောက်ဘူး၊ ဒီနေ့က စနေနေ့ဆိုတော့ ဈေးဝယ်ထွက်ရင်ထွက်၊ မထွက်ရင် ဆွေမျိုးသားချင်းအိမ် သွားနေကြမှာ၊ သူတို့အားလုံး အပြင်ရောက်နေမှာ”

လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ရှင်းပြလေသည်။

မီးသတ်သမား ခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။ မီးက ပြင်းထန်စွာ လောင်ကျွမ်းနေသော်လည်း ခပ်ဝေးဝေးသို့ မကူးသေးပေ။ အခြားအထပ်မှ နေထိုင်သူများအတွက် ထွက်ပြေးရန် အချိန်က လုံလောက်သည် ထက်ပင် ပိုနေသေးသည်။

“မီးလောင်နေတဲ့အခန်းက အခြေအနေကရော”

မီးသတ်သမား ခေါင်းဆောင်က ဆက်မေးလေသည်။

“ကျွန်တော် သူတို့ကို ဆက်သွယ်ပြီးပြီ၊ အိမ်ရှင်တွေက အပြင်ရောက်နေတယ်၊ အခန်းထဲမှာ လူမရှိဘူး၊ မီးက ဝိုင်ယာကြိုး ရှော့ခ်ဖြစ်လို့ လောင်တာ ဖြစ်မယ်”

စီမံခန့်ခွဲရေးအဖွဲ့မှ လူတစ်ယောက်က ရှင်းပြလာ၏။

“ဘေးအခန်းကရော”

“သူတို့အားလုံး အပြင်မှာပါ”

“ကောင်းတယ်”

အားလုံး စိတ်အေးကာ သက်ပြင်းချလိုက်မိသည်။ လူအများ‌ ဘေးကင်းလျင် တော်ပါသေးသည်။ ယင်းက သူတို့အတွက် အကောင်းဆုံး မျှော်လင့်ချက်ပင်။

သို့သော် ထိုအခိုက်တွင် အနက်ရောင် Sedan ကားတစ်စီးက လျင်မြန်စွာ မောင်းနှင်လာပြီး အသည်းအသန် ဘရိတ်အုပ်လာသည်။ ကားထဲမှနေ၍ စုံတွဲတစ်တွဲ ထွက်လာ၏။

သူတို့၏ မျက်နှာတွင် စိုးရိမ်မှုတို့ ပြည့်နေကာ မီးလောင်နေသော ဘက်သို့ ကြည့်နေကြသည်။ အမျိုးသမီး၏ မျက်နှာတွင် မျက်ရည်များ စီးကျနေလျက် ရှိသည်။

ထိုစဉ် အဆောက်အဦးထဲမှနေ၍ လူလတ်ပိုင်းအရွယ် ခပ်ဝဝ အမျိုးသမီးကြီးတစ်ယောက်က ကြောက်လန့် တကြား ပြေးထွက်လာလေသည်။

“အန်တီဟွမ် ကလေးတွေ ဘယ်မှာလဲ၊ ကျွန်မကလေးတွေ ဘယ်မှာလဲ”

အမျိုးသမီးက အပြေးသွား၍ အန်တီဟွမ်ကို ဆွဲကာ စိုးရိမ်တကြီး အော်မေးသည်။ အန်တီဟွမ်က အကြည့်လွှဲ၍ လိပ်ပြာမလုံသော မျက်နှာနှင့် ပြောလေသည်။

“မစ္စ မီးကူးတာ အရမ်းမြန်တယ်၊ ပြီးတော့ ကျွန်မတို့အိမ်ရဲ့ မျက်နှာချင်းဆိုင်ကလေ၊ အပူလှိုင်းက အိမ်ထဲအထိ ဟပ်နေတာ ကျွန်မ … ကျွန်မ ကလေးတွေကို ကယ်ချိန်မရဘူး …”

*ဘာ*

အားလုံး အံ့ဩသွားကြသည်။၏

*အပေါ်မှာ ကလေးတွေ ကျန်နေသေးတာလား*

“ရှင် ကျွန်မကလေးတွေကို ထားခဲ့ပြီး တစ်ယောက်တည်း ထွက်ပြေးလာတာလား”

ထိုအမျိုးသမီး ရူးမတတ် ဖြစ်သွားရသည်။ သူမသည် ဆောက်တည်ရာမရ ငိုကြွေးပြီး မီးတောက်ကို ကြည့်ကာ နှလုံးသားတစ်ခုလုံး ဆွဲစုတ်ခံလိုက်ရသလို ခံစားနေရလေသည်။

“အဲ့တုန်းက ကျွန်မ အရမ်း ကြောက်နေတာ၊ ကျွန်မ ထွက်ပြေးဖို့ပဲ တွေးမိနေတာ၊ ကျွန်မ …”

အန်တီဟွမ်သည် ထိုလင်မယားနှင့် မျက်လုံးချင်းဆုံအောင် မကြည့်ရဲချေ။

ထိုအမျိုးသမီးသည် တစ်ခဏမျှ ငြိမ်နေပြီးနောက် ဆုံးဖြတ်ချက် ခိုင်မာသော မျက်နှာမျိုး ဖြစ်သွားပြီး အဆောက်အဦးထဲ ပြေးဝင်ရန် ကြိုးစားလေသည်။

“စိတ်အေးအေးထားပါ”

သူမဘေးမှ အမျိုးသားက သူမကို အလျင်အမြန် ပြန်ဆွဲထားပြီး ပွေ့ဖက်၍ ဇနီးသည်ကို နှစ်သိမ့်လေသည်။

“မဆင်မခြင်မလုပ်ပါနဲ့၊ ကိုယ်တို့ကလေးတွေက ကံကောင်းပါတယ်၊ သူတို့ ဘာမှမဖြစ်ပါဘူး”

သူသည်လည်း မျက်ရည်ဝဲနေ၏။ သူ့မျက်နှာက တစ်ခဏအတွင်း အိုစာသွားပုံ ပေါ်လာသည်။ ထို့နောက် သူက မီးသတ်သမားများကို ကြည့်လိုက်သည်။

“စိတ်ချပါ၊ ကျုပ်တို့ ခင်ဗျားကလေးတွေကို ကယ်မှာပါ”

မီးသတ်သမားခေါင်းဆောင်က သူ့ကို ချက်ချင်း ကတိပေးသည်။

“အားလုံး တက်ကြ၊ မြန်မြန်လေး လှုပ်ရှားကြကွာ၊ အဲ့မီးထဲမှ ကလေးနှစ်ယောက် ပိတ်မိနေတယ်”

“ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မကလေးတွေကို ကယ်ပေးပါနော်”

အမျိုးသမီးက နောက်ဆုံးသော ကောက်ရိုးမျှင်ကို ဆွဲထားမိသကဲ့သို့ တောင်းပန်လေသည်။ မီးသတ်သမား များသည် အချိန်က သူတို့ဘက်၌ ရှိမနေမှန်း သတိပြုမိသဖြင့် အလေးအနက် လှုပ်ရှားနေကြသည်။

“လုပ်ကြပါ၊ မြန်မြန်လေး၊ ခင်ဗျားတို့ ဘာတေါစောင့်နေတာလဲ၊ ရေဖြန်းတော့လေ”

လူအုပ်ထဲမှ အချို့က စိုးရိမ်တကြီး အော်ဟစ်လေသည်။

“ဒီက မီးသတ်ကားက အလှပြဖို့လား၊ ငါးမိနစ်ရှိနေပြီ၊ ရေတစ်စက်တောင် မထွက်ဘူး”

“မီးလောင်နေတဲ့နေရာက ဆယ့်ခြောက်ထပ်မှာ၊ အဲ့အမြင့်က ကျုပ်တို့ ရေပိုက်က ရေဖိအား ရောက်နိုင်တဲ့ အမြင့်ထက် ကျော်နေတယ်၊ ကျုပ်တို့ အဲ့အမြင့်ကို ရောက်ဖို့ ရေဖိအားကို ချိန်ညှိဖို့ လိုနေတာ”

မီးသတ်သမားများသည် ပြန်ရှင်းပြလိုက်ပြီးနောက် သူတို့ကိုယ်တိုင်လည်း စိုးရိမ်စိတ်ကြောင့် ချွေးပြန် နေကြသည်။

“အဲ့ဒါ ဘယ်လောက်ကြာမှာလဲ၊ သိပ်မဟုတ်တော့ဘူးနော်”

စောဒကတက်ခြင်းများက ရပ်မသွားချေ။ အားလုံးက မီးတောက်ကို ကြည့်ပြီး စိုးရိမ်စိတ်များ မြင့်တက်နေ၏။

“ကြည့်ဦးဟေ့ ဟိုမှာ ကလေးတွေ”

ရုတ်တရက် လူတစ်ယောက်က ပြတင်းပေါက်တစ်ပေါက်ကို လက်ညှိုးထိုး၍ အော်လာသည်။

အားလုံး မော့ကြည့်လိုက်သောအခါ ပြတင်းပေါက်နားမှ ကလေးနှစ်ယောက်ကို တွေ့လိုက်ရသည်။

ကောင်လေး တစ်ယောက်နှင့် ကောင်မလေး တစ်ယောက်ပင်။ ကောင်လေးက ခြောက်နှစ်၊ ခုနစ်နှစ်ဝန်းကျင် ရှိပြီး ကလေးမလေးက လေးနှစ်၊ ငါးနှစ်မျှသာ ရှိလောက်သည်။ ကလေးနှစ်ယောက်လုံး ကြောက်လန့်ကာ မျက်နှာ ဖြူရော်နေပြီး ကြောက်လန့်တကြား ငိုကြွေးနေကြသည်။

ကောင်လေးက ချောင်းဆိုးလျက်ဖြင့် ပြတင်းပေါက်ကို နိုင်သလောက် တွန်းနေသဖြင့် အပြင်ဘက်သို့ မီးခိုးများ ထွက်လာသည်။

ဤသို့သောအခြေအနေ၌ သူတို့ထံ မီးမကူးလျင်တောင်မှ မီးခိုးငွေ့ကြောင့် သတိလစ်သွားနိုင်သည်။

အရှေ့တွင် မတ်စောက်သော ကမ်းပါးတစ်ခု ရှိနေပြီး အနောက်တွင် မီးခိုးငွေ့နှင့်အတူ မီးများ ကူးစက်နေသည်။ ကလေးနှစ်ယောက်လုံး ကူကယ်ရာမဲ့သော အခြေအနေ၌ ပိတ်မိနေပြီး သူတို့၏ ကံကြမ္မာက ပြောင်းလဲ၍ မရနိုင်တော့သည့်ပုံပင်။

“ရှောင်ယု၊ ရှောင်ထျန်း”

ကလေးများ၏ မိခင်က အဆုတ်ကွဲမတတ် အော်ဟစ်လာသည်။ နေရာက ဝေးလွန်းသဖြင့် သူမအသံကို အပေါ်က မကြားရချေ။ သူမကလေးများ ထိုသို့သော အခြေအနေ၌ ပိတ်မိနေသည်ကို မြင်ပြီး ထိုအမျိုးသမီး ပစ်လဲကျ သွားသည်။

ထို့နောက် သူမ ဒူးထောက်လျက် ငိုကြွေးလေသည်။

“မိုးနတ်မင်းရယ်၊ ကျွန်မကလေးတွေကို ဘယ်သူများ ကယ်ပေးနိုင်မှာလဲ”

လူအုပ်ကြီးသည်လည်း စိတ်ထိခိုက်နေကြသည်။ သူတို့ ဆက်၍ မကြည့်ရက်တော့ပါ။ မီးသတ်သမားများအားလုံး ဘာပြောရမှန်းမသိ ဖြစ်ကာ ကူညီနိုင်စွမ်းမရှိ ဖြစ်နေကြသည်။

တိုက်ခန်းထဲတွင် မီးတောက်များ တောက်လောင်လျက် ရှိသည်။ တိုက်ခန်း၏ အရည်အသွေးက ကောင်းမွန်သဖြင့် မီးတောက်ကို တစ်ခဏမျှ ထိန်းထားနိုင်လောက်သည်။ သို့သော် ထိုတစ်ခဏမျှက တကယ်ကို ခဏတာသာ ဖြစ်၏။ ထို့အပြင် မီးတောက်ကိုသာ ထိန်းနိုင်မည်ဖြစ်ပြီး မီးခိုးငွေ့ကို မထိန်းနိုင်ပေ။

အခြေအနေက ကူကယ်နိုင်စွမ်းငှာ မတတ်နိုင်ချေ။

“ဟူး … ရေဘေး မီးဘေးက ဆိုးပါတယ်ကွာ၊ ဒီကလေးနှစ်ယောက်အတွက် ရက်စက်တဲ့ အဆုံးသတ်ပဲ”

“အဲ့ဒါ ကလေးထိန်း မဟုတ်လား၊ တော်တော် တာဝန်မဲ့တာပဲ၊ ကလေးတွေကို ပစ်ထားပြီး သူပဲ ထွက်ပြေး လာတယ်”

“မိဘတွေကို သနားလိုက်တာ၊ နောက်ဆို သူတို့ ဒီစိတ်ဒဏ်ရာကို ဘယ်လို ဖြတ်ကျော်ကြမလဲ”

“အားလုံး မြန်မြန်လေး စဉ်းစားကြပါဦး၊ မိုးနတ်မင်းက ငါတို့ကို ပစ်မထားလောက်ပါဘူး၊ ငါတို့ လုပ်နိုင်မှာပါ”

ထိုစဉ် လူအုပ်ထဲမှ လူရိပ်တစ်ခုက အဆောက်အဦးထဲ ပြေးဝင်သွားပြီး‌ လှေကားမှတစ်ဆင့် လျင်မြန်စွာ ပြေးတက် သွားသည်။

ထိုလူက အလွန် လျင်မြန်လှသည်။ လူအုပ်ကြီးသည် မျက်လုံးထဲ ရိပ်ခနဲသာ မြင်လိုက်ရပြီး တစ်ခဏအတွင်း ပျောက်သွားလေသည်။

“ခုနက … တစ်ယောက်ယောက် အထဲကို ပြေးဝင်သွားသလားလို့”

“ငါလည်း မြင်လိုက်တယ် ထင်တာပဲ၊ အထင်မှားတာများလား”

“မဖြစ်နိုင်တာ၊ ဒီလိုအချိန်မျိုးမှာ အထဲကို ပြေးဝင်သွားတာက အန္တရာယ်များလွန်းတယ်”

“မီးက တစ်ထပ်လုံးကို ဖုံးနေပြီ၊ သူ ပြေးဝင်သွားရင်တောင်မှ ဘယ်သူ့ကိုမှ ကယ်နိုင်မှာ မဟုတ်ဘူး”

….

All Chapters