အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
Chapter 91
~
အခန်း ၉၁ : အချစ်ဆိုတာ ဒီလိုမျိုးဖြစ်သင့်တယ်..
~
"လင်းဖန်... မင်း..."
ကျန်းရှောက်ဟောင်သည် ဒေါသကြောင့် တုန်ရီနေသောလက်ဖြင့် မိုက်ကို ဆုပ်ကိုင်ကာ စင်ပေါ်မှ ဆင်းရန် ပြင်လိုက်စဉ် လျောင်ပင်းက အချိန်မီ လှမ်းတားလိုက်သည်။
"ရှောက်ဟောင် ဒီနေ့က ငါတို့ အတန်းဖော်တွေဆုံတဲ့နေ့လေ.. အခြေအနေကို အရမ်း တင်းမာအောင် မလုပ်ပါနဲ့တော့.. ဒီလောက်နဲ့ပဲ ထားလိုက်ပါတော့.."
"ဟွန်း.."
ကျန်းရှောက်ဟောင်သည် နှာခေါင်းတစ်ချက် ရှုံ့ကာ မိုက်ကို လျောင်ပင်း၏လက်ထဲသို့ ထိုးထည့်ပေးပြီး စင်ပေါ်မှ ဒေါသတကြီး ဆင်းသွားတော့သည်။
"အားလုံးပဲ စိတ်မရှိကြပါနဲ့.. လင်းဖန်က မတွေ့ရတဲ့ နှစ်တွေအတွင်းမှာ ပိုပြီးတော့ ဟာသဉာဏ်ရွှင်လာတာပဲ.. ကြည့်ရတာ လူတိုင်းက အချိန်တွေကြာလာတာနဲ့အမျှ ပြောင်းလဲသွားကြတယ် ထင်ပါရဲ့ .."
လျောင်ပင်းက ပြုံးလျက် စကားနာထိုးပြီး အခြေအနေကို ထိန်းညှိလိုက်သည်။ ထို့နောက် စိတ်အားထက်သန်စွာဖြင့် ခေါင်းစဉ်ပြောင်းကာ ပရိသတ်ကို ဆွဲဆောင်လိုက်ပြန်သည်။
"ကဲ အချိန်မဆွဲတော့ဘဲ နောက်အစီအစဉ်ကို ဆက်သွားကြရအောင်..အားလုံးပဲ လွတ်လွတ်လပ်လပ်စွာ စကားပြောရင်း စားသောက်ကြပါဦး.. ငါတို့ရဲ့ တက္ကသိုလ်ကျောင်းသားဘဝ ပျော်ရွှင်စရာအတိတ်တွေကို ပြန်လည် ရှာဖွေကြတာပေါ့.."
"တေးဂီတ စတင်လိုက်ပါပြီ.."
လျောင်ပင်းက လက်ဖျောက်တစ်ချက် တီးလိုက်သည်နှင့် ခန်းမအတွင်း၌ မြူးကြွသော တေးသံများ ပျံ့လွင့်လာပြီး တင်းမာနေသော အခြေအနေမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ လူအချို့က စင်ပေါ်တက်ကာ သီချင်းသံနှင့်အတူ ကခုန်နေကြသလို အချို့ကလည်း စားပွဲများရှိ အရသာရှိသော ဝိုင်နှင့် ဟင်းလျာများကို သွားရောက် ရွေးချယ်နေကြသည်။
လင်းဖန်သည် အတန်းဖော်များနှင့် သိပ်ပြီး ရင်းနှီးလှသည်မဟုတ်သဖြင့် ထိုအထဲသို့ သွားမရောဘဲ ကျိုးယန့်၊ လုကျိုက်တို့နှင့်အတူ ထိုင်ကာ အတန်းဖော်ဟောင်းများအကြောင်း စကားစမြည် ပြောနေမိသည်။
"လင်းဖန် ဟိုဘက်ကို ကြည့်စမ်း.. အဲဒါ ငါတို့အတန်းက ရှောင်ဟွေ့လေ.. လွန်ခဲ့တဲ့ နှစ်နှစ်က အိမ်ထောင်ကျသွားတာ အခုဆို ဒုတိယကလေးတောင် ရနေပြီတဲ့.."
"ဟိုက ကွန်ကွန်လေ.. ကျောင်းတုန်းက ဘတ်စကက်ဘော အတော်ဆုံးပဲ.. မိန်းကလေးပရိသတ်တွေ အများကြီး ရှိခဲ့တာပေါ့..ခုကြည့်ရတာ နဲနဲ ကွေးနေသလိုပဲ.."
"ဟိုဘက်က ကျောက်ချန်ကိုလည်း ကြည့်ဦး.. ကျောင်းတုန်းက သစ်တုံးကြီးလို အေးစက်နေတဲ့ကောင်က ငါ့ထက်တောင် အရင် ရည်းစားရသွားသေးတယ်.."
ကျိုးယန့်၏ မနာလိုသံပါသော စကားများကို နားထောင်ရင်း လင်းဖန်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"မင်းရဲ့ အခြေအနေမျိုးနဲ့ဆို ရည်းစားရှာဖို့က မိနစ်ပိုင်းပဲ ကြာမှာမဟုတ်လား.."
"မင်းသာ လူသိရှင်ကြား စုံတွဲရှာမယ်ဆိုရင် လာချင်တဲ့ မိန်းကလေးတွေက မြစ်ထဲက ငါးတွေထက်တောင် များနေဦးမယ်.. မင်းက စံနှုန်းတွေ မြင့်နေလို့ပါ.."
"တက္ကသိုလ်တုန်းက မိန်းကလေးတွေ မင်းကို အမြဲတမ်း ဝိုင်းပြီး ရည်းစားစာပေးခဲ့ကြတာ ငါ မှတ်မိပါသေးတယ်.."
"ဟူး... အဲဒီတုန်းက မိန်းကလေးတွေ အများကြီး လာပြောကြတာတော့ ဟုတ်ပါတယ်.. ဒါပေမဲ့ တစ်ယောက်မှ ငါ့အကြိုက် မဟုတ်ဘူး.."
ကျိုးယန့်က စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။
"သူတို့က ငါ့မှာ ငွေရှိမှန်း သိမှ ငါ့အနားကို လာကပ်ကြတာ.. ငါ့ရဲ့ ခံစားချက်တွေကို လှည့်စားလို့ ရတယ်.. ငါ့ရဲ့ ခန္ဓာကိုယ်ကို လှည့်စားလို့ ရတယ်.. ဒါပေမဲ့ ငါ့ရဲ့ ငွေတွေကိုတော့ လှည့်စားလို့ မရဘူး.."
"ငါက ငါ့ငွေကို မက်တဲ့ မိန်းမကို မလိုချင်ဘူး.. ငါ့ရဲ့ ခန္ဓာကိုယ်ကိုပဲ မက်တဲ့ မိန်းကလေးကို လိုချင်တာ.. မင်း နားလည်လား.."
ကျိုးယန့်က စိတ်လှုပ်ရှားစွာဖြင့် လင်းဖန်ဘက်သို့ တိုးကပ်ကာ ပြောဆိုပြီးနောက် မျက်နှာပျက်သွားပြန်သည်။
"ထားပါတော့လေ.. မင်းလို အိမ်ထောင်ရှိပြီးသား လူက ငါတို့လို လူပျိုကြီးတွေရဲ့ ဒုက္ခကို ဘယ်နားလည်ပါ့မလဲ.."
လင်းဖန်သည် သူ့ကို ငတုံးတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေမိသည်။ သူဌေးသားတစ်ဦး ဖြစ်ပါလျက်နှင့် ဤကဲ့သို့သော ပြဿနာမျိုးဖြင့် ရည်းစားမရဘဲ ဖြစ်နေသည်မှာ အံ့ဩစရာပင်။
"ဒီခေတ်မှာ အိမ်ထောင်ပြုဖို့ဆိုတာ ငွေကြေးပြည့်စုံမှု ရှိရမယ်လေ.. ငွေမရှိဘဲနဲ့ ဘယ်မိန်းကလေးက မင်းဘေးမှာ နေချင်မှာလဲ.."
လုကျိုက်က သူ၏ မျက်မှန်ကို ပင့်တင်ရင်း အချက်ကျကျ ဝင်ပြောလိုက်သည်။
"အင်း..."
ကျိုးယန့်က စဉ်းစားနေရင်း အနားရှိ စတိတ်( အမဲကင်) ကို အားရပါးရ စားနေသော လုံယွဲ့ကို လက်ညှိုးထိုးပြကာ စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။
"ဘယ်သူပြောလဲ.."
"လင်းဖန်ကို ကြည့်စမ်း.. သူ့မှာ ငွေမရှိပေမဲ့ သူ့မိန်းမက သူ့အပေါ် အရမ်း သစ္စာရှိတာပဲ.."
"သူတို့ နှစ်ယောက်က ငါ ရှာဖွေနေတဲ့ လှပတဲ့ အချစ်မျိုးကို ကိုယ်စားပြုတယ်.. တစ်ဖက်လူက ငွေမရှိရင်တောင် အတူတူ နေထိုင်ပြီး သုခ ဒုက္ခတွေကို မျှဝေခံစားကြတယ်.. အချစ်ဆိုတာ ဒါမျိုး ဖြစ်သင့်တာပေါ့.."
လုံယွဲ့နှင့် လင်းဖန်တို့မှာ ဘာပြန်ပြောရမှန်းမသိဘဲ ငြိမ်သက်သွားသည်။ အထူးသဖြင့် လုံယွဲ့မှာ သူမနှင့် မဆိုင်သောအရာတွင် ကြားညပ်သွားသဖြင့် အနေရခက်သွားရှာသည်။ သူမ ကုန်းလာဆင်းခြင်းသာ ဖြစ်သော်လည်း ယခုမူ စံနမူနာပြ ဇနီးသည်တစ်ဦးအဖြစ် သတ်မှတ်ခံလိုက်ရလေပြီ။
လုကျိုက်က လင်းဖန်နှင့် လုံယွဲ့ကို တွန့်ဆုတ်စွာ ကြည့်နေမိသည်။ လုံယွဲ့၏ အရှိန်အဝါက အလွန်ကောင်းမွန်ပြီး အလှအပမှာလည်း ထူးခြားလှပေသည်။ သူမ၏ မိသားစုနောက်ခံက မဆိုးလှသည်မှာ ထင်ရှားသဖြင့် အစ်ကိုဖန်ကို မည်သည့်အတွက်ကြောင့် ရွေးချယ်ခဲ့ပါသနည်း။ သူ စဉ်းစား၍မရ။
ဖြစ်နိုင်ခြေရှိသော တစ်ခုတည်းသော အချက်မှာ ကျိုးယန့် ပြောသကဲ့သို့ပင် ဖြစ်လိမ့်မည်။ သူမသည် အစ်ကိုဖန်၏ ငွေကို မက်ခြင်းမဟုတ်ဘဲ ခန္ဓာကိုယ်ကို မက်ခြင်းများလော။ ထိုသို့ဆိုလျှင် အစ်ကိုဖန်၏ စွမ်းဆောင်ရည်က အံ့မခန်းပင် ဖြစ်ရမည် ။
ထိုသို့ တွေးမိသည်နှင့် လုကျိုက်က လင်းဖန်ကို စူးစမ်းစွာ ကြည့်လိုက်သည်။ အရင်ကထက်စာလျှင် အစ်ကိုဖန်က ပိုပြီး သန်မာလာသည်မှာ အမှန်ပင်။
"ဒါနဲ့ မင်းကရော.. မင်းရဲ့ မိသားစုနောက်ခံကလည်း မဆိုးပါဘူး.. ဘာလို့ မိန်းမ မရသေးတာလဲ.."
ကျိုးယန့်က လုကျိုက်ကို ပြန်မေးလိုက်သည်။
လူကျိုက်သည် သတိပြန်ဝင်လာကာ ပြုံးလျက် အံ့ဩစရာ စကားတစ်ခွန်းကို ဆိုလိုက်သည်။
"ဟမ့်..ဘယ်သူက မိန်းမ မရသေးဘူး ပြောလဲ.. ငါ့မှာ ရှိပြီးသားပဲ.."
လင်းဖန်နှင့် ကျိုးယန့်တို့မှာ အလွန်အံ့အားသင့်သွားကြသည်။
"အာ... မင်းက လက်ထပ်ပြီးပြီလား.."
"ဟုတ်တယ်..မနေ့ကတင် လက်ထပ်လိုက်တာ.."
လုကျိုက်က ခေါင်းညိတ်ပြကာ လင်းဖန်နှင့် ကျိုးယန့်တို့၏ အံ့ဩနေသော အကြည့်များအောက်တွင် သူ၏ ဖုန်းမျက်နှာပြင်ကို ထုတ်ပြလိုက်သည်။
"ကြည့်စမ်း.. ဒါက ငါ့ရဲ့ သုံးရာမြောက် Waifuလေးပဲ..ချစ်စရာမကောင်းဘူးလား.."
ဖုန်းမျက်နှာပြင်ပေါ်ရှိ အမျိုးသမီးကို မြင်သောအခါ လင်းဖန်နှင့် ကျိုးယန့်တို့သည် လက်သီးကို တင်းတင်းဆုပ်ကာ သူ့ကို ထိုးကြိတ်ချင်စိတ်များ ပေါက်သွားရသည်။ ဖုန်းထဲမှ ဇနီးဆိုသည်မှာ ဆံပင်ငွေရောင်၊ မျက်လုံးအနီရောင်နှင့် မြေခွေးနားရွက်ပါသော ဂိမ်းထဲမှ ဇာတ်ကောင်လေးသာ ဖြစ်ပေသည်။
ဤလူအပေါ် မျှော်လင့်ချက် ထားမိသည်မှာ သူတို့ မှားယွင်းသွားခြင်းပင် ဖြစ်သည်။ အိမ်တွင်းပုန်း ဂိမ်းသမားတစ်ယောက် မိန်းမရဖို့ဆိုသည်မှာ မဖြစ်နိုင်သေးသည်မှာ ထင်ရှားလှပေသည်။
"မင်းကတော့ တစ်သက်လုံး လူပျိုကြီး ဖြစ်နေဖို့ ထိုက်တန်ပါတယ်.."
"မင်းက မင်းရဲ့ ဇာတ်ကောင်မိန်းမလေးတွေနဲ့ပဲ တစ်သက်လုံး နေသွားတော့မှာလား.."
"အင်း... အဲဒါတော့ မသေချာသေးပါဘူး.."
လုကျိုက်က အလေးအနက် စဉ်းစားပြီး ပြန်ဖြေသည်။
လင်းဖန်နှင့် ကျိုးယန့်တို့၏ မျက်လုံးများမှာ မျှော်လင့်ချက်ဖြင့် ဝင်းပသွားသည်။ ဤလူကို ကယ်တင်၍ ရဦးမည်လော။
"အော်... ဒါဆိုရင် မင်း နောက်ပိုင်းမှာ ဘယ်လို မိန်းကလေးမျိုးကို ရှာဖို့ စိတ်ကူးရှိလဲ.."
"အင်း... ရုပ်ချောရမယ်.. အသားအရေက ဖြူပြီးတော့ အုအက်နေရမယ်.."
"ဟုတ်ပြီ... ဟုတ်ပြီ..လှပတဲ့ ဇနီးသည်ဆိုတာ ယောကျ်ားတိုင်းရဲ့ အိမ်မက်ပဲ.."
လင်းဖန်နှင့် ကျိုးယန့်တို့က ထောက်ခံချက် ပေးလိုက်ကြသည်။
"ပြီးတော့... သူက အရမ်းလည်း မပုရဘူး.. ငါ့ထက်လည်း မမြင့်ရဘူး.. ငါနဲ့ အရပ်ချင်း တူရင် အကောင်းဆုံးပဲ..မဟုတ်ရင် အဆင်မပြေဘူးလေ.."
"ဒါပေါ့.. အရပ်အမောင်းက အရေးကြီးတာပဲ.."
"နောက်ထပ်... သူ့ရဲ့ အသံလေးကလည်း နားထောင်လို့ ကောင်းရင် ပိုကောင်းမယ်.."
"ဒါပေါ့..အသံချိုချိုလေးက အပိုဆုပေါ့ ."
"ပြီးတော့... သူ့မှာ အမွှေးပွပွ တိရစ္ဆာန်နားရွက်လေးတွေနဲ့ အမြီးလေးလည်း ပါရမယ်.."
"အင်း... အမွှေးပွပွ နားရွက်နဲ့ အမြီး... အဟွတ်..အဟွတ်.."
လင်းဖန်နှင့် ကျိုးယန့်တို့မှာ အလိုအလျောက် ခေါင်းညိတ်လိုက်မိရာမှ ရုတ်တရက် သတိဝင်လာကြသည်။
'ဒါက မဟုတ်သေးပါဘူး.. ဘယ်ပုံမှန် မိန်းကလေးမှာ တိရစ္ဆာန်နားရွက်နဲ့ အမြီး ပါမှာလဲ..'
လုကျိုက်ကမူ သူတို့ကို ဂရုမစိုက်ဘဲ စိတ်ကူးယဉ်မှုထဲတွင် နစ်ဝင်ကာ ပို၍ စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောနေတော့သည်။
"ကိုယ်လုံးကိုယ်ပေါက်ကလည်း ပြည့်ပြည့်ဖြိုးဖြိုးရှိရင် ပိုကောင်းမယ်.. ဒါမှ ညဘက်ကျရင် သူ့ရဲ့ အမွှေးပွပွ အမြီးကြီးကို ဖက်ပြီး အိပ်လို့ ရမှာပေါ့..ဟီးဟီးဟီးး.. သူ့ရဲ့ ချစ်စရာ နားရွက်လေးတွေကိုလည်း နမ်းလို့ ရမယ်လေ.. ဟီးဟီး.."
သူသည် ပြောရင်းနှင့် မိမိကိုယ်ကိုယ် ပြန်ဖက်ကာ တစ်ကိုယ်လုံး တွန့်လိမ်နေပြီး လှပသော စိတ်ကူးယဉ်မှုထဲတွင် ပျော်ဝင်နေတော့သည်။ ထိုအမူအရာကို မြင်သောအခါ လုံယွဲ့မှာ ရွံရှာသော အမူအရာဖြင့် ကြည့်နေ၏။
"နတ်ဆိုးအရှင်... နင့်ရဲ့ သူငယ်ချင်းက မယားတရူးတစ်ယောက်လား.."
ဤလောကရှိ လူသားယောကျ်ားများသည် မိစ္ဆာမများကို စိတ်ဝင်စားရုံသာမက မိစ္ဆာမျိုးနွယ်ဝင် သားရဲမိန်းကလေးများကိုပါ လက်လွှတ်မပေးချင်ကြသည်မှာ ထူးဆန်းလှပေသည်။
"သူက မယားတရူးရုံတင် မကဘူး..သွက်သွက်ခါအောင် ရူးနေတာ.."
လင်းဖန်က လုံယွဲ့ကို ရှင်းပြလိုက်သည်။
သူသည် လုကျိုက်တစ်ယောက် လက်တွေ့တွင် မိန်းမရှာရန် ပြင်ဆင်နေသည်ဟု ထင်မှတ်ထားခဲ့သော်လည်း နောက်ဆုံးတွင်မူ သားရဲကောင်မလေးအကြောင်းသာ ဖြစ်နေပြန်သည်။
အင်မော်တယ်နတ်ဆိုးတိုက်ကြီးမှလွဲ၍ တခြားမည်သည့်နေရာတွင် ထိုကဲ့သို့သော အမျိုးသမီးကို ရှာပေးရမည်မှန်း လင်းဖန်လည်း မသိတော့ချေ။ ဤသူငယ်ချင်းအား ကယ်တင်၍ ရနိုင်မည်ပုံ မပေါ်ပေ ။
Chapter 92
~
အခန်း ၉၂ : နတ်ဆိုးအရှင်၏ အချစ်ဦး...
~
"လင်းဖန်... မတွေ့တာ ကြာပြီနော်.."
လင်းဖန်နှင့် သူငယ်ချင်းများ နောက်ပြောင်စကား ပြောဆိုနေကြစဉ် ရင်ဟိုက်အင်္ကျီကို ဝတ်ဆင်ထားပြီး လက်ကောက်ဝတ်တွင် LVအိတ်ကို ဟန်ပါပါ ချိတ်ဆွဲထားသော အမျိုးသမီးတစ်ဦးသည် သူတို့၏ စားပွဲဝိုင်းထံသို့ လျှောက်လှမ်းလာခဲ့သည်။ သူမ မရောက်လာမီမှာပင် ပြင်းထန်လှသော ရေမွှေးနံ့မှာ ရှေ့ပြေးနှုတ်ဆက်သကဲ့သို့ လွင့်ပျံလာချေ၏။
ထိုသူကို မြင်သောအခါ ကျိုးယန့်နှင့် လုကျိုက်တို့မှာ မျက်မှောင်ကြုတ်သွားကြပြီး မျက်နှာတွင် မကျေမနပ်ဖြစ်သော အမူအရာများ ပေါ်လွင်လာသည်။
ရောက်လာသူမှာ ဟွမ်ရှီယင် ဖြစ်ပေသည်။ သူမ၏ ရုပ်ရည်မှာ အတော်အတန် ကြည့်ကောင်းသည့်အပြင် ပြင်ဆင်ခြယ်သမှုတွင်လည်း ကျွမ်းကျင်လှသဖြင့် တစ်ချိန်က ကျောင်း၏ အလှမယ်များစာရင်းတွင် ပါဝင်ခဲ့ဖူးသည်။ ထိုမျှဖြင့်ဆိုလျှင် သူတို့နှစ်ဦး စိတ်အနှောင့်အယှက် ဖြစ်စရာ အကြောင်းမရှိပါချေ။ အလှမယ်တစ်ဦးက မိမိတို့ထံသို့ လာရောက်နှုတ်ဆက်သည်မှာ ဝမ်းသာစရာပင် ဖြစ်ပေသည်။
သို့သော် သူတို့ သူမကို မနှစ်မြို့ရခြင်းမှာ သူမ၏ နောက်ထပ် အထောက်အထားတစ်ခုကြောင့် ဖြစ်သည်။ သူမသည် တက္ကသိုလ်တုန်းက လင်းဖန်၏ ရည်းစားဟောင်း ဖြစ်ခဲ့ဖူးပေသည်။
"အင်း... မတွေ့တာ ကြာပြီပဲ.."
လင်းဖန်သည် သူမကို မော့ကြည့်ကာ အေးစက်စွာပင် တုံ့ပြန်လိုက်သည်။ သူ၏ စကားမှာ ဝတ္တရားအရသာ ပြောလိုက်ခြင်းဖြစ်ပြီး မည်သည့် ခံစားချက်မျှ မပါဝင်။
တက္ကသိုလ် စတက်ချိန်က ဟွမ်ရှီယင်သည် ပန်းပွင့်ဒီဇိုင်းပါသော ဂါဝန်ဖြူလေးကို ဝတ်ဆင်ကာ နုပျိုစင်ကြယ်သော အလှတရားဖြင့် လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ထိုအချိန်က လင်းဖန်သည်လည်း သူမ၏ အလှတရားတွင် နစ်မွန်းခဲ့ရသူများထဲမှ တစ်ဦး ဖြစ်သည်။ ငယ်စဉ်ကတည်းက စာသင်ခြင်းနှင့် အလုပ်လုပ်ခြင်းကိုသာ သိခဲ့သော လင်းဖန်အတွက် သူမကို မြင်လိုက်ရချိန်မှာ ပထမဦးဆုံးအကြိမ် ရင်ခုန်မိခဲ့၏။ ထိုအချိန်က သူသည် အမှန်တကယ် အချစ်စစ်နှင့် တွေ့ပြီဟု ထင်မှတ်ခဲ့မိသည်။
သူမနှင့် နီးစပ်ခွင့်ရရန်အတွက် သူမ အတန်းခေါင်းဆောင် အရွေးခံချိန်တွင် သူကလည်း ဒုတိယအတန်းခေါင်းဆောင်အဖြစ် ဝင်ရောက်အရွေးခံခဲ့သည်။ သူမနှင့် စကားပြောခွင့်ရတိုင်း သူမ၏ နူးညံ့ပျူငှာသော တုံ့ပြန်မှုများကြောင့် သူ အလွန်ဝမ်းသာခဲ့ရပြီး အခွင့်အရေးရှိသည်ဟု ယူဆခဲ့သည်။
ထိုသို့ဖြင့် တစ်နှစ်ခန့် ကြာပြီးနောက် ကျိုးယန့်က လင်းဖန်၏ စိတ်ကို ရိပ်မိသွားကာ သူမအား ဖွင့်ပြောရန် တိုက်တွန်းခဲ့သည်။ ကျိုးယန့်က အတန်းသားအားလုံးကို ထမင်းကျွေးကာ အခွင့်အရေး ဖန်တီးပေးခဲ့ပြီး ထိုညမှာပင် လင်းဖန်က သူမကို အိမ်ပြန်လိုက်ပို့ရင်း ဖွင့်ပြောခဲ့ခြင်း ဖြစ်သည်။ သူမက ခဏတာ တွန့်ဆုတ်နေပြီးမှ လက်ခံခဲ့ပေသည်။ ထိုညက သူသည် ကမ္ဘာပေါ်တွင် အကံအကောင်းဆုံး လူသားတစ်ဦးဟု မိမိကိုယ်ကိုယ် ထင်မှတ်ခဲ့မိသည်။
သို့သော် နောက်ပိုင်းတွင်မူ ထိုအရာအားလုံးမှာ သူ၏ တစ်ဖက်သတ် စိတ်ကူးယဉ်မှုများသာ ဖြစ်ကြောင်း သိရှိခဲ့ရသည်။ သူတို့ တွဲခဲ့ကြသော တစ်နှစ်တာအတွင်း အနီးကပ်ဆုံး ထိတွေ့မှုမှာ လက်ကို တစ်ကြိမ်ကိုင်ခဲ့ဖူးခြင်းသာ ဖြစ်သည်။ ထိုတစ်ကြိမ်မှာလည်း ချစ်သူများနေ့တွင် သူ၏ စုဆောင်းထားသော ငွေများဖြင့် ရှစ်ထောင်ကျော် တန်ဖိုးရှိသော ဖုန်းတစ်လုံး ဝယ်ပေးခဲ့ရချိန် ဖြစ်သည်။ ပုံမှန်အားဖြင့် သူ ကျွေးမွေးပြုစုမှသာ သူမထံမှ အပြုံးတစ်ခုကို ရရှိခဲ့ခြင်း ဖြစ်သည်။
သူမက သူ့ကို ချစ်ခဲ့ခြင်း မဟုတ်ဘဲ ကျိုးယန့်နှင့် ရင်းနှီးခွင့်ရရန်အတွက် သူ့ကို ကြားခံအဖြစ် အသုံးချခဲ့ခြင်းသာ ဖြစ်ချေသည်။ ထိုအကြောင်းကို ကျိုးယန့်ကပင် လင်းဖန်ကို အလေးအနက် ပြောပြခဲ့ရသည်။ ဟွမ်ရှီယင်သည် လင်းဖန်နှင့် တွဲနေစဉ်မှာပင် ကျိုးယန့်ထံသို့ သီးသန့် အဆက်အသွယ်လုပ်ကာ အပြင်ထွက်စားရန် အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့ဖူးသည်။ ထို့ပြင် သူမသည် ညဘက်များတွင် သူဌေးသားများ၏ ကားပေါ်သို့ တက်သွားသည်ကိုလည်း ကျိုးယန့်က ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး ဗီဒီယိုမှတ်တမ်းများပင် ရိုက်ထားခဲ့သည်။
သူမ၏ ဖြစ်ရပ်မှန်ကို သိရှိသွားပြီးနောက် လင်းဖန်သည် အလွန်ဝမ်းနည်း ကြေကွဲခဲ့ရပြီး ထိုအချိန်မှစ၍ သူမကို အဆက်အသွယ် လုံးဝမလုပ်တော့ပေ။ သူမကလည်း လင်းဖန်ကို မချစ်ခဲ့သဖြင့် ဘာမှမဖြစ်သကဲ့သို့ပင် နေခဲ့သည်။ ထိုသို့ဖြင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ တရားဝင် လမ်းခွဲစကား မဆိုဘဲနှင့်ပင် အဆုံးသတ်သွားခဲ့ရလေသည်။
ယခု ပြန်လည် စဉ်းစားကြည့်သောအခါ လင်းဖန်သည် ထိုစဉ်က မိမိကိုယ်ကိုယ် အလွန်မိုက်မဲခဲ့သည်ဟု ယူဆမိသည်။ ထိုကဲ့သို့သော အမျိုးသမီးတစ်ဦးကြောင့် သူသည် တက္ကသိုလ်ဘဝတစ်ခုလုံး စိတ်ဓာတ်ကျနေခဲ့ရသည်မှာ နတ်ဆိုးအရှင်တစ်ဦးအနေဖြင့် အလွန်ပင် ရှက်ဖွယ်ကောင်းလှသော သမိုင်းဆိုးကြီး ဖြစ်နေပေတော့သည်။ သူက သူမကို မေ့ပျောက်နေခဲ့ပြီ ဖြစ်သော်လည်း သူမကမူ သူ့အနားသို့ ကိုယ်တိုင် လာရောက်နှုတ်ဆက်နေပြန်သည်။
"မတွေ့တာ ကြာပြီပဲ.. နင် တော်တော်လေး ပြောင်းလဲသွားတာပဲနော်.."
ဟွမ်ရှီယင်က ပြောလိုက်သည်။
လင်းဖန်၏ အေးစက်သော အမူအရာကြောင့် သူမ အံ့ဩသွားရသည်။ ကျောင်းတုန်းက လင်းဖန်သည် သူမကို အမြဲတမ်း မျက်နှာချိုသွေးကာ မြှောက်ပင့်ပြောဆိုခဲ့သူ မဟုတ်ပါလော။ ယခုမူ သူ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်သာမက အရှိန်အဝါမှာလည်း လုံးဝ ပြောင်းလဲသွားကာ ယုံကြည်မှုအပြည့် ရှိနေသည်ကို သူမ သတိပြုမိလိုက်သည်။
"လူဆိုတာ ကြီးပြင်းလာရင် ပြောင်းလဲကြတာပါပဲ.."
လင်းဖန်က ထိုစကားကိုပြောလိုက်ပြီးနောက် သူမကို အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ မင်းကတော့ သိပ်ပြောင်းလဲပုံမရဘူး.. မင်း စိတ်တိုင်းကျ ချမ်းသာတဲ့သူတစ်ယောက်ကို တွေ့နေပြီ ထင်တယ်.."
"ဘယ်လို လူအမျိုးအစားက နင့်ရဲ့ ပိုက်ထဲ ဝင်သွားတာလဲ.. ငါတို့ အတန်းထဲက တစ်ယောက်ယောက်လား.."
"လင်းဖန်... နင်... တခြားသူကို ဒီလိုမျိုး စော်ကားတာ မကောင်းဘူးနော်.."
လင်းဖန်၏ ပွင့်လင်းလှသော စော်ကားမှုကို ကြားသောအခါ ဟွမ်ရှီယင်၏ မျက်နှာမှာ ရှက်စိတ်ကြောင့် နီမြန်းသွားသည်။
"ငါတို့တွေက ကောင်းကောင်းမွန်မွန် လမ်းခွဲခဲ့ကြတာပဲ.. အခုလည်း အတန်းဖော်တွေအနေနဲ့ ငါက လာပြီး နှုတ်ဆက်တာကို နင်က ဒီလိုစကားတွေ ပြောစရာ မလိုပါဘူး.."
"စော်ကားတယ် ဟုတ်လား.. ငါက အမှန်တရားကိုပဲ ပြောနေတာပါ.. ဒါက စော်ကားတာ မဟုတ်သေးဘူး.."
"ငါ တကယ် စော်ကားချင်တဲ့ စကားတွေကိုတောင် မပြောရသေးဘူး.."
လင်းဖန်သည် အပြစ်ကင်းသယောင် အမူအရာဖြင့် ပြန်လည် တုံ့ပြန်လိုက်သော်လည်း သူ၏ မျက်လုံးများထဲတွင်မူ အထင်သေးမှုများ ပြည့်နှက်နေပေသည်။ သူမသည် အတန်းဖော်စိတ်ဓာတ်ဖြင့် လာရောက်နှုတ်ဆက်ခြင်း မဟုတ်ဘဲ သူဌေးသားတစ်ဦးဦးကို ဖမ်းစားနိုင်ခဲ့သဖြင့် တန်ဖိုးကြီး အိတ်နှင့် အဝတ်အစားများကို ဝတ်ဆင်ကာ လာရောက်ကြွားဝါခြင်းသာ ဖြစ်သည်ကို သူ သိသည်။ ထိုကဲ့သို့သော မိန်းမမျိုးကို သူ့အနေဖြင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံရန် မလိုအပ်ချေ။