← Chapters

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

Chapter 93

~

အခန်း ၉၃ : ဟုတ်တယ်.. သူက ငါ့ကောင်မလေး..

~

​"လင်းဖန်... ငါနဲ့ လမ်းခွဲခဲ့ရလို့ နင် ငါ့အပေါ် အငြိုးထားနေတာ ငါသိပါတယ်..တကယ်တော့ ငါ နင့်ကို နားလည်ပေးနိုင်တယ်.. နင့်ရဲ့ စိတ်အခြေအနေက နည်းနည်းလေး မမျှတသလို ခံစားနေရတာပဲ .."

​"နင်က မိဘမဲ့တစ်ယောက်ဖြစ်ပြီး ပိုက်ဆံလည်း သိပ်မရှိဘူးလေ.. ငါကတော့ ပိုကောင်းတဲ့ ဘဝတစ်ခုကိုပဲ ပိုင်ဆိုင်ချင်ခဲ့တာ..နင်နဲ့ ငါက အတူတူရှိဖို့ ကံမပါခဲ့ကြဘူးပေါ့..ဒါက ရှောင်လွှဲလို့မရတဲ့ နောင်တတစ်ခုပါပဲ.. နင်ငါ့ကို နားလည်ပေးပြီး ဒါတွေကို မေ့ပျောက်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်.."

​ဟွမ်ရှီယင်သည် သူမ၏ လည်ပင်းကို အသာအယာ မော့လိုက်ပြီး အေးစက်သော အမူအရာ၊ မောက်မာသော လေသံတို့ဖြင့် အထက်ဆီးမှ ပြောလိုက်သည်။ မိမိကိုယ်ကိုယ် မြင့်မြတ်သော အဆင့်အတန်းရှိသူတစ်ဦးအဖြစ် လူတိုင်းကို သိစေချင်နေသကဲ့သို့ပင်။

​သူမ၏ အမြင်တွင် လင်းဖန် ဤမျှအထိ ပြောင်းလဲသွားရခြင်းမှာ သူမကြောင့်သာ ဖြစ်သည်ဟု ယူဆထားသည်။ သူမနှင့် လမ်းခွဲခဲ့ရသော ဒဏ်ရာကို မခံစားနိုင်သဖြင့် လင်းဖန်၏ စိတ်နေစိတ်ထားများ ကြမ်းတမ်းလာပြီး သူမအပေါ် အေးစက်စွာ လှောင်ပြောင်နေခြင်း ဖြစ်သည်ဟု သူမက ထင်နေ၏။ သူမ ပျော်ရွှင်နေသည်ကို မြင်ရသဖြင့် မနာလိုစိတ်များကြောင့် ပို၍ပင် အငြိုးထားနေခြင်း ဖြစ်နိုင်သည်ဟုလည်း သူမက တွေးနေပေသည်။

​"မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ...."

​လင်းဖန်က ဆွံအကာ သူမကို အထင်သေးသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ လမ်းခွဲပြီးကတည်းက သူသည် ထိုကိစ္စများကို ဖြည်းဖြည်းချင်း နားလည်လက်ခံခဲ့ပြီး နောက်ထပ် ပြန်မတွေးခဲ့ချေ။

​အင်မော်တယ်နတ်ဆိုးတိုက်ကြီးတွင် နတ်ဆိုးအရှင် ဖြစ်လာပြီးနောက်ပိုင်းတွင်မူ သူမ၏ အကြောင်းကို သူ လုံးဝ မေ့ပျောက်သွားခဲ့ပြီ ဖြစ်သည်။ သူမသာ သူ့အနားကို ကိုယ်တိုင် လာမရှာလျှင် ဤကဲ့သို့သော ရည်းစားမျိုး ရှိခဲ့သည်ကိုပင် သူ မှတ်မိတော့မည် မဟုတ်ပေ။ သို့သော်လည်း ဤအမျိုးသမီးကမူ သူမအပေါ်တွင် သံယောဇဉ် တွယ်နေဆဲဟု ထင်မှတ်နေပေသည်။

​"မဟုတ်ဘူးလား.."

​ဟွမ်ရှီယင်သည် အရာအားလုံးကို ထိုးဖောက်မြင်နေရသူကဲ့သို့ အထင်သေးသော အပြုံးဖြင့် လှောင်ပြောင်လိုက်သည်။

​"ငါနဲ့ လမ်းခွဲပြီးတဲ့နောက်မှာ နင်ဘွဲ့ရတဲ့အထိ နှစ်အတော်ကြာအောင် နောက်ထပ် ရည်းစားမရခဲ့ဘူးလို့ ငါ ကြားထားတယ်.. ပြီးတော့ ပြီးခဲ့တဲ့နှစ်က ငါ့အတွက်နဲ့ မင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့တောင် ကြိုးစားခဲ့သေးတယ် မလား.."

​လင်းဖန်သည် ကျိုးယန့်ဘက်သို့ မျက်မှောင်ကြုတ်ကာ စိတ်မရှည်စွာဖြင့် လှည့်ကြည့်လိုက်သည်။ သူ၏ အကြည့်အောက်တွင် ကျိုးယန့်မှာ အပြစ်ရှိသူတစ်ဦးကဲ့သို့ ခေါင်းငုံ့သွားရသည်။ ဤသတင်းမှာ ကျိုးယန့်ဆီမှတစ်ဆင့် ပျံ့နှံ့သွားခြင်း ဖြစ်သည်မှာ သေချာလှပေသည်။ လင်းဖန် ပျောက်ဆုံးသွားချိန်တွင် ကျိုးယန့်က လိုက်လံရှာဖွေရင်း ဟွမ်ရှီယင်ကို သွားရောက် မေးမြန်းခဲ့ဟန် တူသည်။

​အမှန်တကယ်တွင်မူ သူသည် ညဘက် လမ်းလျှောက်နေစဉ် ကုန်တင်ကားကြီးတစ်စီး၏ တိုက်မိမှုကြောင့် တခြားကမ္ဘာသို့ ရောက်သွားခြင်းသာ ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်း မဟုတ်ပေ။ အကယ်၍ ဤကဲ့သို့သော အမျိုးသမီးမျိုးအတွက်နှင့်သာ သူက အဆုံးစီရင်မည်ဆိုလျှင် နတ်ဆိုးအရှင်တစ်ဦးအနေဖြင့် တိုဖူးနှင့် ခေါင်းကို ရိုက်၍သေလိုက်သည်ကမှ မြတ်ပေဦးမည်။

​"မင်း အရမ်းကို စိတ်ကူးအယဉ်လွန်နေပြီ.. မင်းလို မိန်းမမျိုးအတွက်နဲ့ ငါက ဘာလို့ သတ်သေရမှာလဲ.. ငါ့အကြောင်းနဲ့ငါ ခရီးသွားနေတာပါ.."

လင်းဖန်က အေးစက်စွာ ရှင်းပြလိုက်ပြီး သူမကို ဂရုမစိုက်တော့ချေ။ ယခု သူမကို မြင်ရသည်မှာ စိတ်ပျက်စရာကောင်းလှပြီး ရွံရှာမှုမှလွဲ၍ တခြားမည်သည့် ခံစားချက်မျှ မရှိတော့။

​"ဟုတ်တယ်.. နင်က ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီး မနေနဲ့.. နင်နဲ့ လမ်းခွဲခဲ့လို့သာ လင်းဖန်က ခရီးသွားရင်းနဲ့ ဒီလောက်လှပပြီး နူးညံ့တဲ့ မရီးကို တွေ့ခဲ့တာပေါ့.."

​ကျိုးယန့်က သူ၏ အမှားကို ဖုံးဖိရန်အတွက် ဟွမ်ရှီယင်ကို ဝင်ရောက် လှောင်ပြောင်လိုက်သည်။ ဟွမ်ရှီယင်မှာ အံ့ဩသွားပြီး လင်းဖန်ကို မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

​"နင် အိမ်ထောင်ကျသွားပြီ ..ဟုတ်လား.."

​လင်းဖန် စကားမပြောမီ ကျိုးယန့်ကပင် ကြားဖြတ် ပြောလိုက်ပြန်သည်။

​"ဟုတ်တာပေါ့.. လင်းဖန်နဲ့ မရီးက အတူတူရှိနေတာ ကြာပါပြီ.. မရီးက နူးညံ့ပြီး လှပသိမ်မွေ့တယ်..စောင်းတီး.. ဂို.. ကဗျာ..ပန်းချီ အနုပညာအားလုံးမှာလည်း ကျွမ်းကျင်သလို ဂိမ်းကစားတာလည်း အရမ်းတော်တာ.. နင့်လို မိန်းမမျိုးထက် အဆတစ်ရာမက ပိုပြီး သာတယ်.."

​"ဟုတ်တယ်မလား မရီး.."

​ထိုသို့ပြောရင်း ကျိုးယန့်က လုံယွဲ့ ထိုင်နေသောနေရာသို့ လှည့်ကြည့်လိုက်သော်လည်း ထိုင်ခုံမှာ အလွတ်သာ ဖြစ်နေပြီး သူမ၏ အရိပ်အယောင်မှာ ပျောက်ဆုံးနေချေပြီ ။

​"ဟမ်... မရီး ဘယ်ရောက်သွားတာလဲ.."

​ကျိုးယန့်မှာ ဘယ်ညာ လိုက်ရှာရင်း ဇဝေဇဝါ ဖြစ်သွားသည်။ ခုနလေးတင် ရှိနေသော သူမသည် မည်သည့်အချိန်တွင် ပျောက်ကွယ်သွားသည်ကို သူ လုံးဝ သတိမထားမိလိုက်ပေ။

​လင်းဖန်သည်လည်း ခန်းမတစ်ခုလုံးကို လိုက်လံကြည့်ရှုရာ စားပွဲတစ်ခုတွင် ပန်းကန်နှင့် ညှပ်ကို ကိုင်လျက် အစားအသောက်များကို ရွေးချယ်ကာ အလုပ်ရှုပ်နေသော လုံယွဲ့ကို တွေ့လိုက်ရသည်။ တန်ဖိုးကြီး အမဲသားတုံးကြီးများ၊ ပုစွန်ထုပ်ကြီးများနှင့် တခြားသော အဆင့်မြင့် ဟင်းလျာများကို သူမ၏ ပန်းကန်ထဲတွင် ပုံနေအောင် ထည့်နေတော့သည်။ ဤအရာများမှာ သူမ ပုံမှန်အားဖြင့် မစားရက်သော တန်ဖိုးကြီး အစားအစာများ ဖြစ်ပေသည်။ ယခုကဲ့သို့ အခွင့်အရေးရခိုက်တွင် ပိုပြီး စားမထားလျှင် နောက်ပိုင်းတွင် စားရချင်မှ စားရတော့မည် ။ နတ်ဆိုးအရှင်နှင့်အတူ အတန်းဖော်ဆုံပွဲသို့ လိုက်လာခဲ့သည်မှာ အမှန်တကယ် မှန်ကန်သော ရွေးချယ်မှုပင် ဖြစ်တော့သည်။

​"အဲဒါက တကယ်ပဲ နင့်ရဲ့ ချစ်သူလား လင်းဖန်.."

​လုံယွဲ့၏ လှပလွန်းသော ရုပ်ရည်နှင့် အမျိုးသမီးတိုင်း မနာလိုဖြစ်ရမည့် ခန္ဓာကိုယ် အချိုးအစားကို ကြည့်ကာ ဟွမ်ရှီယင်မှာ မယုံနိုင်ဖြစ်သွားသည်။ သူမ၏ အလှတရားမှာ ဤခန်းမအတွင်းရှိ အမျိုးသမီးအားလုံးထက် သာလွန်သည်ဟု ယူဆထားသော်လည်း ဤအမျိုးသမီး၏ ရှေ့တွင်မူ သူမ လုံးဝ အရောင်မှိန်သွားရ၏။ နေမင်း၏ ရှေ့သို့ ရောက်သွားသော ပိုးစုန်းကြူးလေးကဲ့သို့ပင် ။

​လုံယွဲ့သည် တန်ဖိုးကြီး ဝတ်စုံများကို ဝတ်ဆင်ထားခြင်း မရှိဘဲ ယွမ်တစ်ရာကျော်သာ တန်သော သာမန် အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသည်။ သူမသည် ပြင်ဆင်ခြယ်သမှုကိုပင် သိပုံမရသော်လည်း သူမ၏ ပင်ကိုယ် အရှိန်အဝါကပင် မြင့်မြတ်နေပေ​၏။ သူမကို အနည်းငယ်မျှ ပြင်ဆင်ပေးလိုက်မည်ဆိုလျှင် မည်မျှအထိ လှပသွားမည်ကို သူမ စိတ်ပင် မကူးရဲပါချေ။

​ခန်းမအတွင်းရှိ အမျိုးသားအများစုမှာလည်း လုံယွဲ့ကို တိတ်တဆိတ် စိုက်ကြည့်နေကြသည်ကို မြင်သောအခါ ဟွမ်ရှီယင်၏ ရင်ထဲတွင် မနာလိုစိတ်များ ပြည့်နှက်သွားသည်။ ငယ်စဉ်ကတည်းက သူမသည် ကျောင်းအလှမယ်အဖြစ် အမြဲတမ်း သတ်မှတ်ခံခဲ့ရပြီး အမျိုးသားများစွာ၏ ဝန်းရံမှုကို ရရှိခဲ့သူ ဖြစ်သည်။ သူမ၏ အလှတရားမှာ သူမ၏ ဂုဏ်အယူရဆုံး အရာ ဖြစ်သဖြင့် နှစ်စဉ် ငွေကုန်ကြေးကျများစွာ အကုန်ခံ၍ ထိန်းသိမ်းခဲ့လေသည်။ သို့ရာတွင် ယခုမူ မည်သည့်နေရာမှ ရောက်လာမှန်းမသိသော အမျိုးသမီးတစ်ဦးက သူမ၏ နေရာကို လုယူသွားလေပြီ ။ ထို့ထက် ပို၍ လက်မခံနိုင်သော အချက်မှာ ထိုအမျိုးသမီးမှာ လင်းဖန်၏ အမျိုးသမီး ဖြစ်နေခြင်းပင်။

​သူမထက် ပိုလှသော အမျိုးသမီးတစ်ဦးကို လင်းဖန်ကဲ့သို့သော လူမျိုးက မည်သို့ ရှာတွေ့နိုင်ခဲ့ပါသနည်း။ လင်းဖန်သည် အစပိုင်းတွင် ရှင်းပြရန် တွန့်ဆုတ်နေသော်လည်း ဟွမ်ရှီယင်၏ မနာလိုမှုကြောင့် ပျက်ယွင်းနေသော မျက်နှာကို မြင်သောအခါ သူ၏ စိတ်ကူးကို ပြောင်းလဲလိုက်ပြီး ပွင့်လင်းစွာ ဝန်ခံလိုက်သည်။

​"ဟုတ်တယ် သူက ငါခေါ်လာတဲ့ ကောင်မလေး.."

​"ငါတို့ အတူနေ နေကြတာလည်း အတော်ကြာပြီ.."

​လုံယွဲ့မှာ အင်မော်တယ်နတ်ဆိုးတိုက်ကြီးမှ သူ ခေါ်လာသူ ဖြစ်ပြီး အတူနေထိုင်နေကြသည်မှာလည်း အမှန်ဖြစ်သဖြင့် လင်းဖန်အနေဖြင့် လိမ်ညာပြောဆိုခြင်း မဟုတ်ချေ။ သို့သော်လည်း တခြားသူများ၏ နားထဲတွင်မူ ဤစကားမှာ ရည်းစား သို့မဟုတ် ဇနီးအဖြစ် ဟုသာ ထင်မှတ်လိုက်ကြသည်။

​ထိုအချိန်တွင် ဘေးပတ်ဝန်းကျင်ရှိ အမျိုးသားအားလုံးမှာ လင်းဖန်ကို မနာလိုသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ သူတို့ထဲမှ အများစုမှာ လင်းဖန်ထက် အခြေအနေ ကောင်းကြသော်လည်း လင်းဖန်က ဤမျှလှသော ဇနီးကို ရရှိထားခြင်းမှာ မတရားဟု သူတို့က ခံစားနေရသည်။

​"ငါ မယုံဘူး.."

​"သူက နင့်ရဲ့ ချစ်သူဆိုတာ ဘာနဲ့ သက်သေပြနိုင်မလဲ.."

ဟွမ်ရှီယင်က မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။

​လုံယွဲ့ကဲ့သို့ လှပသော အမျိုးသမီးတစ်ဦးက ငွေလည်းမရှိ၊ အာဏာလည်းမရှိသော လင်းဖန်ကို ဘာကြောင့် ရွေးချယ်ရသနည်းဆိုသည်ကို သူမ နားမလည်နိုင်ပါချေ။

​"ဟဟ.. မင်းက သက်သေ လိုချင်တာပေါ့.. ဒါဆိုရင်လည်း မျက်လုံးကို သေချာဖွင့်ပြီး ကြည့်ထားလိုက်.."

​လင်းဖန်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ထိုင်ခုံမှ ထကာ လုံယွဲ့၏ အနားသို့ လျှောက်သွားခဲ့သည်။ ထို့နောက် သူမ၏ ခါးကို အသာအယာ ဖက်လိုက်ရင်း နူးညံ့စွာ ခေါ်လိုက်သည်။

​"မိန်းမရေ.."

​လုံယွဲ့မှာမူ ဘာမှမသိလိုက်ဘဲ မျက်လုံးလေးများ ပြူးကာ အံ့ဩတကြီး ဆွံ့အ သွားပေတော့၏ ။

Chapter 94

~

အခန်း ၉၄ : ဧကရီ.. ရည်းစားအဖြစ် သရုပ်ဆောင်ခြင်း...

~

​"နတ်ဆိုးအရှင်... နင် မူးနေတာလား.."

​လုံယွဲ့က ဝေခွဲမရဖြစ်နေသော အမူအရာဖြင့် ကြည့်လိုက်သည်။ လင်းဖန်၏ ရုတ်တရက် ရင်းနှီးလွန်းလှသော ခေါ်ဝေါ်မှုကြောင့် သူမ လုံးဝ အငိုက်မိသွားခဲ့ရ၏ ။

​သူမ၏ ပထမဦးဆုံး အတွေးမှာ သူ မူးနေခြင်း ရှိမရှိ ဆိုသည်ပင် ဖြစ်သည်။ မဟုတ်လျှင် သူ ဘာကြောင့် ရုတ်တရက် ရူးကြောင်ကြောင် လုပ်ရပ်မျိုးဖြင့် သူမအနားသို့ လာကာ ခါးကိုဖက်ပြီး ဇနီးသည်ဟု ခေါ်ရသနည်း။ သို့သော်လည်း ထိုအချက်မှာလည်း မဖြစ်နိုင်။ ခုနက စားပွဲဝိုင်းတွင် နတ်ဆိုးအရှင် သောက်နေသည်မှာ နာနတ်သီးဘီယာသာ ဖြစ်ပြီး ထိုအရာမှာ အရက်ပါဝင်မှု အလွန်နည်းပါးလှပေသည်။ နတ်ဆိုးအရှင်တစ်ယောက်အနေဖြင့် ထိုမျှနှင့် မူးသွားစရာ အကြောင်းမရှိပါချေ။

​"ငါ မမူးပါဘူး.."

လင်းဖန်က အနေရခက်စွာ ခပ်တိုးတိုး ရှင်းပြလိုက်သည်။

​သူသည် နတ်ဆိုးအရှင် မဟုတ်လျှင်ပင် အရင်လူသားခန္ဓာကိုယ်ဖြင့် နာနတ်သီးဘီယာနှင့် မူးလိမ့်မည် မဟုတ်ပေ။

​"မမူးရင် ဘာလို့ ဒီဧကရီကို လာဖက်နေတာလဲ.."

​လုံယွဲ့သည် မျက်မှောင်ကြုတ်ကာ သူမ၏ ခါးကို ဖက်ထားသော လင်းဖန်၏ လက်ကို ငုံ့ကြည့်လိုက်သည်။ သူမ၏ အမူအရာမှာ တဖြည်းဖြည်း အေးစက်လာပြီး ပေါက်ကွဲတော့မည့် မီးတောင်လေးလို ဖြစ်လာ​သည်။

​"ဧကရီ... အထင်မလွဲပါနဲ့ဦး.. ငါက မင်းရဲ့ အကျိုးအတွက် လုပ်နေတာ.."

​သူမ ရုတ်တရက် လက်ပါလာမည်ကို စိုးရိမ်သဖြင့် လင်းဖန်က ရင်းနှီးဟန်ဆောင်ကာ သူမ၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။

​"ဒီဧကရီရဲ့ အကျိုးအတွက် ဟုတ်လား.."

​လုံယွဲ့မှာ ဇဝေဇဝါ ဖြစ်သွားသည်။ လင်းဖန်သည် မလှမ်းမကမ်းတွင် ရပ်နေသော ဟွမ်ရှီယင်ကို အသာ မေးငေါ့ပြလိုက်သည်။

​"ဟိုမိန်းမကို မြင်လား.. အခု သူက ဧကရီကို ငါ့ရဲ့ မိန်းမ ဟုတ်မဟုတ် သံသယဝင်နေတာ.."

​"သံသယဝင်တော့ကော ဘာဖြစ်လဲ.. မရဘူးလား.."

လုံယွဲ့က နားမလည်ဘဲ ပြန်မေးသည်။

​"မရဘူးလေ.."

​"ဧကရီ မေ့သွားပြီလား.. ဒီနေ့ အတန်းဖော်ဆုံပွဲက မိသားစုဝင် ပါတဲ့သူတွေပဲ တက်လို့ရတာလေ.."

​"အခု ဧကရီရဲ့ အထောက်အထားက ဒီအရှင့်ရဲ့ မိသားစုဝင်ပဲ..တကယ်လို့ သူတို့က ဧကရီကို ဒီအရှင်ရဲ့မိသားစုဝင် မဟုတ်ဘူးလို့ သံသယဝင်ရင် ဒီမှာ ဆက်နေခွင့် ပေးမှာ မဟုတ်ဘူး.."

​"အဲဒီလိုဆိုရင် ဧကရီအနေနဲ့ ဒီမှာ အလကားကျွေးတဲ့ အမဲသားတုံးကြီးတွေနဲ့ ပုစွန်ထုပ်ကြီးတွေကို ဆက်စားရမှာ မဟုတ်တော့ဘူးနော်.."

​လင်းဖန်၏ စကားလုံးတိုင်းမှာ လုံယွဲ့၏ နှလုံးသားကို ထိမှန်သွားစေပြီး သူမ၏ စိတ်ထဲတွင် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာလေသည်။ သူမ လက်ထဲတွင် ကိုင်ထားသော ပုစွန်လက်မနှင့် ပန်းကန်ထဲမှ အမဲသားတုံးကို ကြည့်ကာ ဒွိဟဖြစ်နေရှာ၏။ အကယ်၍ သူမသည် နတ်ဆိုးအရှင်၏ မိသားစုဝင် မဟုတ်ကြောင်း အသိခံလိုက်ရလျှင် ဤကဲ့သို့သော အဆင့်မြင့် ဟင်းလျာများကို အလကား စားခွင့်ရတော့မည် မဟုတ်ပါချေ။

​သို့သော် နတ်ဆိုးအရှင်နှင့် ပူးပေါင်းကာ သူ၏ အမျိုးသမီးအဖြစ် ဟန်ဆောင်ရန်မှာလည်း သူမ၏ အဆင့်အတန်းအရ ခွင့်ပြုရန် ခက်ခဲလှပေသည်။ သူမသည် သန့်စင်သော ကျိရှန့်ထျန်းကုန်း၏ ဧကရီတစ်ပါးဖြစ်ပြီး အင်မော်တယ်လောက၏ အရှင်သခင်လည်း ဖြစ်သည်။ နတ်ဆိုးအရှင်၏ အမျိုးသမီးအဖြစ် ဝန်ခံခြင်းမှာ သူမ၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်မှာ အမှန်ပင်။

' ငါ ဘာလုပ်ရမလဲ ..ရွေးရမှာ ခက်လိုက်တာ ...'​

​လုံယွဲ့၏ အမူအရာ တွန့်ဆုတ်နေသည်ကို မြင်သောအခါ လင်းဖန်က အခွင့်အရေးကို လက်မလွှတ်ဘဲ ထပ်မံ ပြောဆိုလိုက်သည်။

​"ဧကရီ သေချာ စဉ်းစားကြည့်ဦး..ငါနဲ့ ပူးပေါင်းရုံနဲ့ ဒီမှာ ရှိသမျှ အစားအသောက်တွေကို စိတ်ကြိုက်စားနိုင်ရုံတင် မကဘူး.. ပါဆယ်တောင် ထုတ်သွားလို့ ရသေးတယ်.. ဒါက တစ်သက်မှာ တစ်ခါပဲ ရနိုင်တဲ့ အခွင့်အရေး.. ဒီထမင်းတစ်နပ်တင် ယွမ်သောင်းချီ တန်တာနော်.."

​"ပြီးတော့ ပူးပေါင်းပေးတဲ့အတွက် အဖိုးအခအနေနဲ့ ပြီးခဲ့တဲ့လက အိမ်လခကို ငါ လျှော့ပေးလိုက်မယ်.."

​လင်းဖန်၏ စကားများမှာ လုံယွဲ့၏ နားထဲတွင် နတ်ဆိုးတစ်ဦး၏ မြှူဆွယ်မှုကဲ့သို့ ဖြစ်နေပြီး သူမ၏ တုန်လှုပ်နေသော စိတ်ကို ပို၍ပင် လှုပ်ခတ်သွားစေသည်။ သူမသည် ပြီးခဲ့သောလကမှ လိုက်ဖ်လွှင့်ခြင်းအတွက် လစာရခဲ့သော်လည်း အိမ်လခမှာမူ ယခုအထိ ပေးရန် ကျန်ရှိနေသေး၏။

​ယခု နတ်ဆိုးအရှင်နှင့် ပူးပေါင်းလိုက်ရုံနှင့် အိမ်လခ ယွမ်တစ်ထောင်ကို ချက်ချင်း သက်သာသွားမည် ဖြစ်သည်။ ထို့ပြင် နတ်ဆိုးအရှင် ပြောသကဲ့သို့ပင် ဤအရာများမှာ သူမ ပုံမှန်ဆိုလျှင် မစားရက်သော အဆင့်မြင့် ဟင်းလျာများ ဖြစ်သဖြင့် စားရခြင်းမှာပင် ကံကောင်းလှပေသည်။ လက်ကျန်ရှိလျှင်လည်း အိမ်ကို ပါဆယ်ထုတ်သွားလို့ ရသေးသည်။

​ထို့အပြင် နတ်ဆိုးအရှင်နှင့် သူမမှလွဲ၍ သူမသည် ဧကရီတစ်ပါး ဖြစ်ကြောင်း မည်သူမျှ သိသည်မဟုတ်သဖြင့် ခဏတဖြုတ် ဟန်ဆောင်ရခြင်းမှာ ဘာမှ ဆုံးရှုံးစရာ မရှိပါချေ။ အသေအချာ စဉ်းစားပြီးနောက် လုံယွဲ့က လက်နှစ်ချောင်း ထောင်ပြလိုက်သည်။

​"ဒီဧကရီက အိမ်လခ နှစ်လစာ အလကား ဖြစ်ချင်တယ်.."

​လင်းဖန်သည် ခဏတာ စဉ်းစားပြီးနောက် လက်တစ်ချောင်း ထောင်ပြလိုက်သည်။

​"ပြီးခဲ့တဲ့လက အိမ်လခကို လျှော့ပေးမယ်..ဒီလအတွက်ကိုတော့ တစ်ဝက်ပဲ ယူမယ်.. ဒါ နောက်ဆုံးပဲနော်.."

​"ကောင်းပြီလေ.. သဘောတူတယ်.."

​လုံယွဲ့က ချက်ချင်းပင် သဘောတူလိုက်သဖြင့် သူတို့၏ နှုတ်ကတိစာချုပ်မှာ တရားဝင် တည်မြဲသွားတော့သည်။

​"ဒါဆို သွားကြရအောင် မိန်းမရေ.."

​လင်းဖန်သည် ပြုံးလျက် လုံယွဲ့ကို လူအများရှေ့တွင် ပေါ်ပေါ်ထင်ထင် ဖက်ကာ သူတို့၏ နေရာသို့ ပြန်လျှောက်လာခဲ့သည်။ ဤကဲ့သို့ ရင်းနှီးလှသော ခေါ်ဝေါ်မှုကြောင့် လုံယွဲ့၏ မျက်နှာမှာ နီမြန်းသွားပြီး တစ်ကိုယ်လုံးတွင်လည်း ကြက်သီးများ ထသွား၏။

​သူမ ယခုမှ နောင်တရမိတော့သည်။

'ဒီအသံက တကယ့်ကို ရွံစရာကောင်းလိုက်တာ.. နတ်ဆိုးအရှင်နှင့် ဘာလို့ ဒီလို ကိစ္စမျိုးကို သဘောတူခဲ့မိပါလိမ့်..'

​ဘေးပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်ကို ရင်ဆိုင်ရင်း လင်းဖန်သည် လုံယွဲ့ကို သူ၏ ရင်ခွင်ထဲသို့ ပို၍ တိုးကပ်ကာ ဖက်ထားလိုက်သည်။

​"နတ်ဆိုးအရှင်... ဘာလို့ ဒီလောက်တောင် တင်းတင်းကြပ်ကြပ် ဖက်ထားရတာလဲ.."

​လုံယွဲ့၏ မျက်နှာမှာ ပို၍ နီမြန်းလာပြီး တစ်ကိုယ်လုံးလည်း အနေရခက်လာသဖြင့် နှုတ်ခမ်းဆူကာ ပြောလိုက်သည်။ သူမ အားအင်ချိနဲ့နေချိန်တွင် နတ်ဆိုးအရှင်၏ ဖေးမမှုကို ခံခဲ့ရဖူးသော်လည်း ယခုကဲ့သို့ ကျန်းမာသန်စွမ်းနေချိန်တွင် သူ့ကို ကပ်၍ ဖက်ထားရခြင်းမှာ ခံစားချက် လုံးဝ မတူ။ ဤသည်က ဧကရီတစ်ပါးအနေဖြင့် အပြစ်ရှိသကဲ့သို့ ခံစားချက်မျိုးလားဆိုသည်ကို သူမ မသိ။

​"ဧကရီ... အခု ငါတို့က လင်မယားတွေလေ..သေချာပေါက် တင်းတင်းဖက်ထားရမှာပေါ့.. မဟုတ်ရင် သူတို့က သံသယဝင်ကုန်မှာ.."

​လင်းဖန်သည် အမှန်တကယ် လုပ်ဆောင်နေသူကဲ့သို့ ပြောဆိုရင်း လုံယွဲ့ကို လုံးဝ လက်မလွှတ်သည့်အပြင် ပို၍ပင် တင်းကြပ်စွာ ဖက်လိုက်သေးသည်။

​"ဧကရီရဲ့ ခန္ဓာကိုယ်က အရမ်း တောင့်တင်းနေတယ်နော်.. ဘိလပ်မြေတွေနဲ့ ဖြည့်ထားသလိုပဲ.. နည်းနည်းလောက် သဘာဝကျကျ နေစမ်းပါဦး.."

​"နတ်ဆိုးအရှင်က ဒီလိုကြီး ဖက်ထားတာကို ဒီ..ဒီဧကရီက ဘယ်လိုလုပ်ပြီး သဘာဝကျကျ နေနိုင်မှာလဲ.."

လုံယွဲ့က စိတ်တိုတိုဖြင့် ပြန်ပြောလိုက်သည်။

​သူမ၏ စိတ်ကူးထဲတွင် ဖြစ်စေ၊ လက်တွေ့တွင် ဖြစ်စေ နတ်ဆိုးအရှင်သည် လင်မယားအဖြစ် ဟန်ဆောင်သည့် အကြောင်းပြချက်ဖြင့် သူမကို အခွင့်ကောင်း ယူနေသည်ဟု သူမက ထင်နေမိသည်။ အိမ်လခ တစ်လခွဲစာနှင့် အဆင့်မြင့် ထမင်းတစ်နပ်အတွက် နတ်ဆိုးအရှင်၏ အထိအတွေ့ကို သည်းခံရခြင်းမှာ မည်သို့ပင် တွေးကြည့်ကြည့် သူမအတွက် ရှုံးနေသကဲ့သို့ ရှိပေသည်။

​သူတို့နှစ်ဦး တိုးတိုးလေး ငြင်းခုံရင်း ဟွမ်ရှီယင်၏ ရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။ လင်းဖန်နှင့် လုံယွဲ့တို့၏ ရင်းနှီးလှသော အမူအရာကို မြင်သောအခါ ဟွမ်ရှီယင်မှာ မယုံချင်သော်လည်း လက်ခံလိုက်ရတော့သည်။ ဤလှပသော အမျိုးသမီးမှာ အမှန်တကယ်ပင် လင်းဖန်၏ အမျိုးသမီး ဖြစ်နေပေသည်။

​အတည်ပြုပြီးနောက်တွင်မူ သူမသည် ပို၍ စိတ်အနှောင့်အယှက် ဖြစ်လာရသည်။ လင်းဖန်သည် သူမနှင့် လမ်းခွဲပြီးနောက်တွင် သူမထက် ပိုလှသော အမျိုးသမီးကို မည်သို့ တွေ့နိုင်ခဲ့ပါသနည်း။ အရင်က လင်းဖန်သာဆိုလျှင် တစ်မျိုး ဖြစ်သော်လည်း ယခု လင်းဖန်မှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်နှာမှာ ဝင်းပနေပြီး အမူအရာမှာလည်း ယုံကြည်မှုအပြည့် ရှိနေသည်။ သူ၏ သန်မာလှသော ခန္ဓာကိုယ်မှာ သူမ တွေ့ခဲ့ဖူးသော မည်သည့် သူဌေးသားများထက်မဆို ပို၍ ကြည့်ကောင်းနေသည်။ သူမအနေဖြင့် အဖိုးတန် ရတနာတစ်ခုကို လက်လွှတ်လိုက်ရသကဲ့သို့ ခံစားနေမိပေ၏။

​"မင်းက လင်းဖန်ရဲ့ ချစ်သူလား.."

ဟွမ်ရှီယင်က မျက်မှောင်ကြုတ်ကာ လုံယွဲ့၏ ရှေ့တွင် တိုက်ရိုက် မေးမြန်းလိုက်သည်။

​လုံယွဲ့သည် သူမကို လင်းဖန်၏ သာမန်သူငယ်ချင်းတစ်ဦးဟု ထင်မှတ်ထားသဖြင့် အားနာဟန်ဖြင့် ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။

​"ဟုတ်ပါတယ်... ကျွန်မ သူ့ကို သိတာ ကြာပါပြီ.."

​"ဒါက တိုက်ဆိုင်မှုပဲနော်.. ငါလည်း သူ့ကို သိတာ ကြာပါပြီ.. မင်းထက်တောင် ပိုပြီး ကြာဦးမယ် ထင်တယ်..ဟင်းဟင်း.."

​"ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ မေ့နေလို့..ငါက သူ့ရဲ့ ပထမဦးဆုံး အချစ်..အချစ်ဦး..သူ့ရဲ့ ချစ်သူဟောင်းပေါ့.. တွေ့ရတာ ဝမ်းသာပါတယ်.."

ဟွမ်ရှီယင်က ပြုံးလျက် လုံယွဲ့ထံသို့ လက်ကမ်းလိုက်သည်။

​"ဟမ်.."

​လုံယွဲ့၏ အမူအရာမှာ အေးခဲသွားပြီး ဘေးရှိ လင်းဖန်ကို မယုံနိုင်သော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။

​သူမ မည်သည်ကို ကြားလိုက်ရခြင်းနည်း။

'နတ်ဆိုးအရှင်၏ ပထမဦးဆုံး အချစ်..အချစ်ဦး..ချစ်သူဟောင်း ဟုတ်လား..'

​နတ်ဆိုးအရှင်သည် ရှေ့မှ အမျိုးသမီးနှင့် ဤကဲ့သို့သော ပတ်သက်မှုမျိုး ရှိခဲ့ဖူးသည်လော။ မျက်နှာပေါ်တွင် မည်သည့်အရာများ တင်ထားမှန်းမသိသော အမျိုးသမီးတစ်ဦးက နတ်ဆိုးအရှင်၏ ပထမဦးဆုံး အချစ် ဖြစ်ခဲ့သည်လော။ အင်မော်တယ်လောကတွင် ဖြစ်စေ၊ နတ်ဆိုးလောကတွင် ဖြစ်စေ မည်သည့် အမျိုးသမီးကိုမဆို ကြည့်လိုက်လျှင် ဤအမျိုးသမီးထက် အဆပေါင်းများစွာ သာလွန်ပေလိမ့်မည်။

'နတ်ဆိုးအရှင်က ဒီလိုမိန်းမမျိုးကို ဘယ်လိုများ စိတ်ဝင်စားခဲ့ပါလိမ့်..'

​လုံယွဲ့၏ အကြည့်အောက်တွင် လင်းဖန်သည် အပြစ်ရှိသူကဲ့သို့ ခေါင်းကို လွှဲလိုက်ပြီး သူမကို ဖက်ထားသော လက်မှာလည်း အလိုအလျောက် လျော့ရဲသွားသည်။ ဘာကြောင့်မှန်းမသိသော်လည်း သူမ၏ စူးစိုက်ကြည့်မှုကို ခံရချိန်တွင် သူသည် လက်ရှိဇနီးသည်နှင့် ပထမဦးဆုံး အချစ်ဦးတို့ တွေ့ဆုံချိန်တွင် ခံစားရသော အပြစ်ရှိစိတ်မျိုး ခံစားနေရပေသည်။

​လင်းဖန်၏ တိတ်ဆိတ်မှုကို မြင်သောအခါ လုံယွဲ့သည် မျက်မှောင်ကြုတ်ကာ အဓိပ္ပာယ်ပါသော လှောင်ပြုံးတစ်ခုကို ပြုံးလိုက်သည်။

​"ဟွန်း... ဒါကြောင့်ကိုး.."

​ဟန်ဆောင်ပေးခြင်းမှာ သူမကို အစားအသောက် အလကားစားစေချင်၍ဟု ပြောသော်လည်း လက်တွေ့တွင်မူ သူ၏ ချစ်သူဟောင်းနှင့် ကိစ္စများကို ဖြေရှင်းရန်အတွက် သူမကို ကြားခံအဖြစ် အသုံးချခြင်းသာ ဖြစ်ပေသည်။

​'နတ်ဆိုးအရှင်... နင်ကတော့ တကယ်ကို မလွယ်ဘူးပဲ..'

All Chapters