← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

Chapter 95

~

အခန်း ၉၅ : သာမန်ပါပဲ မိုင်ဖရန့်..

~

​"အား... အား..."

​လုံယွဲ့က နောက်ဘက်မှနေ၍ လင်းဖန်၏ခါးကို မသိမသာ ဆွဲလိမ်လိုက်ရာ လင်းဖန်မှာ ခါးကော့သွားပြီး နာကျင်စွာ အော်လိုက်မိ၏။ ဝိညာဉ်စွမ်းအင်ကို ချွေတာရန်အတွက် သူသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ပုံမှန်လူသားတစ်ဦးကဲ့သို့သာ ထားရှိသဖြင့် လုံယွဲ့၏ လက်ချောင်းနှစ်ချောင်းဖြင့် ဆွဲလိမ်မှုမှာ အသားတစ်စပင် ပြတ်ထွက်တော့မည့်အလား အလွန်အမင်း နာကျင်လှပေသည်။ သူ၏ခါးတွင် အနည်းဆုံးတော့ အညိုအမည်း စွဲသွားလောက်ပြီဟု သူ သေချာပေါက် သိလိုက်ရသည်။

​လင်းဖန်၏ နာကျင်စွာ အော်ဟစ်သံကြောင့် အနားရှိ ကျိုးယန့်နှင့် လူကျိုက်တို့ သတိပြုမိသွားကြသည်။ သူတို့ဘက်မှကြည့်လျှင် လုံယွဲ့၏ လက်ကစားမှုကို ရှင်းလင်းစွာ မြင်နေရသဖြင့် နှစ်ဦးသားမှာ ရယ်ချင်စိတ်ကို အောင့်ထားရင်း သူတစ်ပါး ဒုက္ခရောက်သည်ကို ကြည့်ကာ ကျေနပ်နေသော အမူအရာများ ဖြစ်ပေါ်နေသည်။

​လင်းဖန်သည် ဟွမ်ရှီယင်ကဲ့သို့သော မိန်းမမျိုး၏ရှေ့တွင် လက်ရှိချစ်သူကို ထုတ်ကြွားချင်နေသည်ကို သူတို့သိသော်လည်း ချစ်သူဟောင်းနှင့် လက်ရှိချစ်သူကို မျက်နှာချင်းဆိုင် ပေးတွေ့ခြင်းမှာ တကယ့်ကို သတ္တိခဲ လုပ်ရပ်ပင်။

​"ဟွန်း.."

​လုံယွဲ့က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးမှ လင်းဖန်၏ခါးပေါ်မှ လက်ကို လွှတ်ပေးလိုက်သည်။ ဘာကြောင့်မှန်းမသိသော်လည်း ရှေ့မှ အမျိုးသမီးမှာ နတ်ဆိုးအရှင်၏ ပထမဦးဆုံးအချစ်ဦးနှင့် ချစ်သူဟောင်း ဖြစ်သည်ဟု ကြားလိုက်ရချိန်တွင် သူမ၏ရင်ထဲ၌ ဒေါသများ အလိုလို ထွက်ပေါ်လာရသည်။ထိုကိစ္စကြောင့် မဟုတ်လျှင်ပင် တစ်ဖက်လူက ဤမျှအထိ မောက်မာပြနေသည်ကို သူမအနေဖြင့် သည်းခံနေစရာ အကြောင်းမရှိပါချေ။

​မြင်မြတ်လှသော အင်မော်တယ်လောက၏ ဧကရီတစ်ပါးမှာ သာမန်လူသား အမျိုးသမီးတစ်ဦး၏ လှောင်ပြောင်မှုကို ခံနေရမည်လော။

​"နင်က လင်းဖန်ရဲ့ ချစ်သူဟောင်းဆိုတာ အခုမှပဲ ကြားဖူးတော့တယ်.. ငါကတော့ လင်းဖန်ရဲ့ လက်ရှိချစ်သူပါ..တွေ့ရတာ ဝမ်းသာပါတယ်.."

​လုံယွဲ့သည် မျက်မှောင်လေးကြုတ်ကာ ပြုံးလျက် ဟွမ်ရှီယင်ထံသို့ လက်ကမ်းလိုက်သည်။ အမျိုးသမီးနှစ်ဦး၏ အကြည့်များမှာ လျှပ်စစ်စီးကြောင်းများကဲ့သို့ ထိတွေ့နေပြီး လေထုထဲတွင် မီးပွင့်ထွက်မတတ် တင်းမာနေပေသည်။ သူတို့၏ လက်ဖဝါးများမှာ လက်မဝက်ခန့်သာ ကွာဝေးသော်လည်း မည်သူကမျှ ရှေ့သို့ ထပ်မတိုးကြချေ။

​"စိတ်ဝင်စားဖို့တော့.. ကောင်းလာပြီ.."

​ကျိုးယန့်သည် ရင်ဆိုင်နေကြသော လုံယွဲ့နှင့် ဟွမ်ရှီယင်တို့ကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ဘေးရှိ လုကျိုက်ကို လက်တို့လိုက်သည်။

​"မြန်မြန်... ပေါက်ပေါက်ဆုပ်နဲ့ နေကြာစိ သွားယူစမ်း.. ဖရဲသီးလည်း ရှိရင် ယူခဲ့ဦး.. ဇာတ်လမ်းက ကြည့်လို့ကောင်းတော့မယ်.."

​လုကျိုက်မှာ ဘာမှပြန်မပြောဘဲ တိတ်တဆိတ် ထသွားကာ ဖရဲသီးတစ်ခြမ်းကို ယူလာပေးလိုက်သည်။ သူတို့နှစ်ဦးသည် ဖရဲသီးတစ်ခြမ်းစီကို ကိုင်ကာ ဇွန်းဖြင့်ခွပ်ရင်း ရုပ်ရှင်ရုံထဲ ရောက်နေသကဲ့သို့ လုံယွဲ့နှင့် ဟွမ်ရှီယင်တို့၏ အခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်နေကြတော့သည်။

​"အမျိုးသမီးတစ်ယောက်အနေနဲ့ ငါပြောရရင်တော့ နင့်ရဲ့ အကြိုက်က တကယ်ကို ညံ့ဖျင်းတာပဲ.. ကမ္ဘာပေါ်မှာ ယောကျ်ားတွေ ဒီလောက်များတာကို ဘာမှအသုံးမကျတဲ့ လင်းဖန်ကိုမှ ရွေးခဲ့တယ်ပေါ့.."

ဟွမ်ရှီယင်က လက်ကို ပြန်ရုပ်သိမ်းကာ စတင်၍ လှောင်ပြောင်လိုက်သည်။

​"ငါကတော့ နင့်ရဲ့ အမြင်ကမှ တကယ်ကို ကန်းနေတာလို့ ထင်တယ်.. ဒီကမ္ဘာပေါ်မှာ သူနဲ့ ယှဉ်နိုင်တဲ့ ယောကျ်ားက ရှိမှာတောင် မဟုတ်ဘူး.. ဒါကို နင့်လို မိန်းမမျိုးက တန်ဖိုးမထားဘဲ လက်လွှတ်ခဲ့တယ်.. နင် ဘာတွေ ဆုံးရှုံးသွားလဲဆိုတာ နင်ကိုယ်တိုင်လည်း သိမယ် မထင်ပါဘူး.."

လုံယွဲ့က မလျှော့သော အမူအရာဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

​"ဝါးး... မရီးရဲ့ အပြောကတော့ လန်ထွက်နေတာပဲ.."

​ကျိုးယန့်က မနေနိုင်ဘဲ ချီးကျူးလိုက်ရာ လုကျိုက်ကလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။ ထိုအချိန်တွင် လုံယွဲ့၏ အရှိန်အဝါမှာ ဘုရင်မတစ်ပါးကဲ့သို့ ခန့်ညားလှသဖြင့် ဟွမ်ရှီယင်ကို အပြတ်အသတ် လွှမ်းမိုးထားပေသည်။ ဟွမ်ရှီယင်မှာ ဒေါသကြောင့် သွားကြိတ်ကာ လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ အဝတ်အစား အပေါစားများကို ဝတ်ဆင်ထားပြီး မိတ်ကပ်ပင် လိမ်းမထားသော ဤအမျိုးသမီးက သူမကို ဤသို့ ပြန်ပြောရဲသည်လော။

​"ဒီဘက်မှာ တော်တော်လေး စည်ကားနေတာပဲ.. ငါလည်း ပါဝင်လို့ ရမလား.."

​ကျန်းရှောက်ဟောင်သည် ဟွမ်ရှီယင်၏အနားသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး သူမ၏ခါးကို ဖက်ကာ ရင်းနှီးဟန်ပြလိုက်သည်။ သူသည် လင်းဖန်ကို ဟန်ပါပါစိုက်ကြည့်ရင်း သူ၏ ပိုင်ဆိုင်မှုကို ထုတ်ကြွားနေခြင်း ဖြစ်သည်။ လင်းဖန်သည် ထိုအခြင်းအရာကို မြင်လိုက်ရချိန်တွင် အခြေအနေကို ရိပ်မိသွားကာ လှောင်ပြုံးတစ်ချက် ပြုံးလိုက်မိသည်။

​'သြော်... နွားပြာကြီးက မင်းကိုး..တိုက်ဆိုင်လိုက်တာ..'

​"လင်းဖန်... နှစ်တွေအတော်ကြာသွားပြီဆိုတော့ မင်းလည်း အခြေအနေ ကောင်းနေမှာပါ.. အတန်းဖော်ဆုံပွဲတွေကိုတောင် မတက်နိုင်လောက်အောင် အလုပ်ရှုပ်နေတယ်ဆိုတော့ မင်း ဘယ်မှာ အလုပ်လုပ်နေလဲဆိုတာ အတန်းဖော်ဟောင်းတွေကို ပြောပြပါဦး.. ငါတို့လည်း အားကျရအောင်ပေါ့.."

ကျန်းရှောက်ဟောင်က စတင်ထေ့ငေါ့၍ မေးမြန်းလိုက်သည်။

​ခုနက စင်ပေါ်တွင် လင်းဖန်က သူ့ကို အရှက်ခွဲခဲ့သဖြင့် သူသည် တက္ကသိုလ် လေးနှစ်တာအတွင်းက အညိုးအတေးများနှင့်အတူ လက်စားချေရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ သူသည် သာလွန်သော အဆင့်အတန်းတစ်ခုမှနေ၍ လင်းဖန်ကို လူပုံအလယ်တွင် အရှက်ခွဲချင်နေခြင်း ဖြစ်ပေသည်။

​လင်းဖန်သည် ကျန်းရှောက်ဟောင်၏ ရည်ရွယ်ချက်ကို ရိပ်မိသဖြင့် အေးဆေးစွာပင် ပြန်မေးလိုက်သည်။

​"ငါ ဒီနှစ်တွေအတွင်း ဘယ်ရောက်နေပြီး ဘာတွေလုပ်နေလဲဆိုတာ မင်း တကယ်ပဲ သိချင်လို့လား.."

​"ဘာလဲ... မပြောရဲလို့လား.. ဒါမှမဟုတ် အလုပ်က ပြောရမှာ အရှက်ရစရာ ဖြစ်နေလို့လား.."

ကျန်းရှောက်ဟောင်က လှောင်ပြောင်သည်။

​လင်းဖန်၏ ဝတ်စားဆင်ယင်မှုကို ကြည့်ခြင်းဖြင့် သူသည် လွန်ခဲ့သော နှစ်များအတွင်း အခြေအနေ မကောင်းခဲ့သည်မှာ သေချာသဖြင့် ပြောရန် ဝန်လေးနေခြင်း ဖြစ်သည်ဟု ကျန်းရှောက်ဟောင်က တွက်ဆထားသည်။

​"ပြောရမှာ အရှက်ရလို့ မဟုတ်ပါဘူး.. ငါ ပြောပြရင်တောင် မင်း ယုံမှာမဟုတ်ဘူး.."

​"မင်း တကယ်ပဲ နားထောင်ချင်တယ်ဆိုရင်တော့ ငါ့ရဲ့ အခြေအနေက သာမန်ပါပဲ..မင်းနဲ့တော့ မယှဉ်နိုင်ပါဘူး.. ဒီနှစ်တွေအတွင်း ငါက အင်မော်တယ်နတ်ဆိုးတိုက်ကြီးဆိုတဲ့ နေရာကို ရောက်သွားပြီး အဲဒီမှာ ခဏနေခဲ့တယ်.. လူတော်တော်များများနဲ့ တိုက်ခိုက်ခဲ့ရပြီး နောက်ဆုံးမှာတော့ မထင်မှတ်ဘဲ နတ်ဆိုးအရှင် ဖြစ်လာခဲ့တာပေါ့.. ငါ့ရဲ့ လက်အောက်မှာ လူဦးရေ တစ်သန်းကျော် ရှိပြီး စတုရန်းမီတာ သန်း ၁၀၀ ကျော်ရှိတဲ့ မြေကို အုပ်ချုပ်နေရတယ်.."

​"ငါ့ရဲ့ လက်အောက်ငယ်သားတွေထဲမှာ အင်မော်တယ်ဧကရာဇ် နည်းနည်း.. အင်မော်တယ်အရှင် ထောင်ချီနဲ့ တခြားသော အင်မော်တယ်အဆင့်အတန်းမျိုးစုံ ရှိကြတယ်..ကျန်တဲ့သူတွေကိုတော့ ငါလည်း ရေတွက်မနေတော့ပါဘူး.."

​"ငါ့ရဲ့ အလုပ်ကတော့ နေ့တိုင်း စာရွက်စာတမ်းတွေ စစ်ဆေးရတယ်.. ပျင်းရင် တခြားသူတွေနဲ့ တိုက်ခိုက်တယ်..တပည့်တွေကို လေ့ကျင့်ပေးတယ်.. ပြီးရင် ဟိုဟိုဒီဒီ လျှောက်သွားတယ်.. ဒါပါပဲ.. ဒါပေမဲ့ အခု ကမ္ဘာကို ပြန်ရောက်လာတဲ့အချိန်မှာတော့ ငါ့ရဲ့ အဓိကအလုပ်က စာရေးဆရာ တစ်ယောက်ပါ.."

​လင်းဖန်သည် အတည်ပေါက်ဖြင့် ထိုစကားများကို အေးအေးဆေးဆေးပင် ပြောကြားလိုက်သည်။

ကျန်းရှောက်ဟောင်နှင့် တခြားသူများမှာမူ ဆွံ့အသွားကြသည်။ အလုပ်အကြောင်း မေးသည်ကို ပုံပြင်လျောက်ပြောနေလေ၏။ လူဦးရေ တစ်သန်းကို အုပ်ချုပ်ပြီး မြေဧရိယာ သန်း ၁၀၀ ကို ပိုင်ဆိုင်သည်ဆိုသော စကားမှာ အလွန်အကျွံ ဖြစ်နေချေသည်။

​"ဟားဟားဟား... အင်မော်တယ်နတ်ဆိုးတိုက်ကြီး..နတ်ဆိုးအရှင်တဲ့.. လင်းဖန်... မင်းက ဝတ္ထုတွေရေးရင်းနဲ့ ရူးသွားတာလား.."

​"မင်းရဲ့ ဝတ္ထုတွေကိုသာ ဆက်ရေးစမ်းပါ..ငါတို့ကို ဟာသတွေ လာမပြောပါနဲ့ဦး.."

​ကျန်းရှောက်ဟောင်သည် သတိပြန်ဝင်လာကာ ထပ်မံ လှောင်ပြောင်လိုက်ပြန်သည်။ တခြားသူများကလည်း ဒါကို ဟာသတစ်ခုအဖြစ် သတ်မှတ်ကာ လိုက်လံ ရယ်မောနေ၏။ လင်းဖန်ကမူ ဒါကို မျှော်လင့်ထားပြီးသား ဖြစ်သဖြင့် ထပ်မံ ရှင်းပြမနေတော့ပေ။ သူ အမှန်အတိုင်း ဖြေကြားခဲ့သော်လည်း သူတို့က မယုံကြည်ကြလျှင် ဘာမှတတ်နိုင်။

​လင်းဖန်က ဘာမှ ပြန်မပြောသဖြင့် ကျန်းရှောက်ဟောင်မှာ မိမိက အသာစီးရသွားပြီဟု ထင်မှတ်ကာ ပို၍ ဘဝင်မြင့်လာတော့သည်။

​"လင်းဖန်... စာရေးဆရာဆိုတာက နားထောင်လို့ကောင်းအောင် ပြောရရင်တော့ စာရေးဆရာပေါ့.. အမှန်အတိုင်း ပြောရင်တော့ အလုပ်လက်မဲ့ မလား.. မင်း ဒီနှစ်တွေအတွင်းမှာ တော်တော် ဒုက္ခရောက်နေမှာပဲ.."

​"ဒီလိုလုပ်ပါလား.. ငါ့ကုမ္ပဏီကို လာမလား.. အတန်းဖော်ဟောင်းတွေမို့ မင်းကို ငါ့ဘေးနားမှာ အလုပ်လုပ်ဖို့ စီစဉ်ပေးမယ်လေ.. ဒါက တခြားသူတွေ အိမ်မက်တောင် မမက်ဖူးတဲ့ အခွင့်အရေးမျိုးနော်.."

​"ဟက်ဟက်.. အားနာလိုက်တာ.. ငါက အပြင်မှာ နှစ်တွေအများကြီး တခြားသူတွေကိုပဲ အုပ်ချုပ်လာခဲ့တာဆိုတော့ သူများအုပ်ချုပ်တာခံရတဲ့ အကျင့် မရှိတော့ဘူး.."

​"နောက်ပြီး ငါ့ကို အလုပ်ခန့်ချင်တယ်ဆိုရင်တော့ မင်းမှာ အဲဒီလောက် အရည်အချင်း ရှိမရှိ အရင် စဉ်းစားကြည့်ပါဦး.."

လင်းဖန်က အထင်သေးသော အပြုံးဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

​ကျန်းရှောက်ဟောင်၏ အကြံအစည်မှာ ရှင်းလင်းလှပေသည်။ အကယ်၍ လင်းဖန်က လက်ခံလိုက်လျှင် သူ့ထံမှ အကူအညီကို ယူရသဖြင့် တခြားသူများ၏ အထင်သေးမှုကို ခံရမည် ဖြစ်သလို အလုပ်ထဲတွင်လည်း အမျိုးမျိုး နှိပ်ကွပ်ခံရမည်မှာ သေချာလှသည်။

​"လင်းဖန်... ငါက အတန်းဖော်ချင်းမို့လို့ အလုပ်အကိုင် အခွင့်အလမ်း ပေးတာကို မင်းက ငါ့ရဲ့ စေတနာကို နားမလည်တဲ့အပြင် စော်ကားသေးတယ်ပေါ့လေ.."

​ကျန်းရှောက်ဟောင်မှာ ဒေါသထွက်ကာ အံကြိတ်နေမိသည်။ ထိုအချိန်တွင် ဘေးရှိ လုံယွဲ့ကို ကြည့်ကာ သူ၏ စိတ်ထဲ၌ အကြံသစ်တစ်ခု ရရှိသွားပြန်သည်။ တစ်စုံတစ်ဦးကို အရှက်ခွဲရန်အတွက် ထိုလူကို တိုက်ရိုက် အရှက်ခွဲရန် မလိုအပ်ပေ။

​"မိန်းကလေး... လင်းဖန်မှာ ကားလည်းမရှိ.. အိမ်လည်းမရှိ.. ပိုက်ဆံလည်း မရှိဘူးလေ.. ဘာလို့ သူ့ဘေးမှာ ဒီလို ဒုက္ခခံနေရတာလဲ.."

​"မိန်းကလေးတစ်ယောက်..အထူးသဖြင့် လှပတဲ့ မိန်းကလေးတစ်ယောက်က ကိုယ်လိုချင်တဲ့ ဘဝနဲ့ လွတ်လပ်မှုကို ရှာဖွေပိုင်ခွင့် ရှိပါတယ်.. ငါ့ရဲ့ ကုမ္ပဏီမှာ မင်းလို လှပတဲ့ အမျိုးသမီးဝန်ထမ်းတစ်ဦး လိုအပ်နေတာနဲ့ အတော်ပဲ.. မင်း လာမယ်ဆိုရင် လစာ ယွမ်တစ်သောင်း ပေးမယ်.."

​ကျန်းရှောက်ဟောင်သည် ရက်ရောလှသော သူဌေးသားတစ်ဦး၏ အပြုံးဖြင့် လုံယွဲ့ဘက်သို့ လှည့်ကာ ယဉ်ကျေးပျူငှာစွာ လက်ကမ်းလိုက်သည်။

Chapter 96

~

အခန်း ၉၆ : သူဘယ်လောက်စွမ်းဆောင်နိုင်လဲဆိုတာ ငါအသိဆုံးပဲ...

~

​"ယီး... ကျန်းရှောက်ဟောင်ဆိုတဲ့ကောင်က လူယုတ်မာပဲ..ငါ့မရီးနဲ့ လင်းဖန်ကြားကို သွေးခွဲဖို့ ကြိုးစားနေတယ် .."

​ထိုစကားကို ကြားလိုက်ရချိန်တွင် လုကျိုက် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားပြီး မျက်နှာတွင် မကျေမနပ်ဖြစ်သော အမူအရာပေါ်လာကာ စိုးရိမ်စိတ်များလည်း ဖြစ်ပေါ်လာသည်။

​ကျန်းရှောက်ဟောင်သည် ချမ်းသာသော မိသားစုမှ ဆင်းသက်လာသူ ဖြစ်ပေသည်။ တက္ကသိုလ်တုန်းက အလွန်မောက်မာပြီး ကြွားဝါတတ်သဖြင့် ယောကျ်ားလေးအများစုက သူ့ကို ကြည့်မရသော်လည်း သူသည် မိန်းကလေးများကို ဖျားရောင်းရာ၌ အလွန်တော်ပြီး ငွေကိုလည်း ရက်ရက်ရောရော သုံးစွဲတတ်သည်ကိုမူ ဝန်ခံရပေမည် ။ ထို့ကြောင့် မိန်းကလေးများစွာက သူ့ကို နှစ်သက်ကြ၏။

​သူ့ကဲ့သို့ အဆင့်အတန်းရှိသူတစ်ဦးက မိန်းကလေးတစ်ဦးထံသို့ ကမ်းလှမ်းမှုပြုလုပ်လျှင် အများစုမှာ တိတ်တဆိတ် စိတ်လှုပ်ရှားသွားကြမည်သာ ဖြစ်သည်။ ကျန်းရှောက်ဟောင်သည်လည်း ထိုသို့ပင် ထင်မှတ်ထားပြီး လုံယွဲ့က သူ၏ကမ်းလှမ်းမှုကို လက်ခံလာမည့်အချိန်ကို ဘဝင်မြင့်သော အမူအရာဖြင့် စောင့်ဆိုင်းနေပေသည်။

​သူသည် လုံယွဲ့၏ အဝတ်အစားများမှာ ယွမ်တစ်ရာခန့်သာ တန်သော သာမန်ပစ္စည်းများ ဖြစ်သည်ကို သတိပြုမိသဖြင့် ဤအမျိုးသမီး၏ မိသားစုနောက်ခံမှာ သိပ်မကောင်းလှဟု တွက်ဆထားသည်။ ဤကဲ့သို့သော အမျိုးသမီးပေါင်းများစွာကို သူ တွေ့ဖူးပေသည်။ သူ၏ ငွေကြေးအင်အားနှင့် ဆွဲဆောင်မှုဖြင့် အနည်းငယ် မြှူဆွယ်လိုက်ရုံနှင့် မည်သည့်အမျိုးသမီးမျှ ငြင်းဆန်နိုင်မည် မဟုတ်။

​သူမသာ လူပုံအလယ်တွင် လင်းဖန်ကို စွန့်ပစ်ပြီး သူ့ထံသို့ ရောက်လာခဲ့လျှင် လင်းဖန်အတွက် အရှက်ရစရာ အကောင်းဆုံးအချိန် ဖြစ်သွားပေလိမ့်မည်။

​"ဟွန်း... တစ်လကို လစာ ယွမ်တစ်သောင်းတည်းနဲ့ ငါ့ကို အလုပ်ခိုင်းချင်တာလား.. နင် ကိုယ့်ကိုယ်ကိုအထင်ကြီးလွန်းနေပြီ သေမျိုး.."

​လုံယွဲ့က နှာခေါင်းလေးတစ်ချက် ရှုံ့လိုက်ပြီး မျက်ခုံးလေး ကြုတ်ကာ အထင်သေးရွံရှာသော အမူအရာဖြင့် ပြောလိုက်သည်။

​ယခု သူမ၏ အဆင့်အတန်းမှာ မည်သို့ရှိသနည်း။ သူမသည် ပရိသတ်ပေါင်း သိန်းချီရှိသော လိုက်ဖ်လွှင့်သည့် ပလက်ဖောင်းတစ်ခု၏ နာမည်ကြီး ဗွီကျူဘာတစ်ဦး ဖြစ်ပေသည်။ ပြီးခဲ့သည့်လကပင် လဝက်ခန့်အတွင်း ယွမ်လေးသောင်းကျော် ရရှိခဲ့ပြီး ဤလတွင်မူ ယွမ်တစ်သိန်းအထိ ရနိုင်ဖွယ် ရှိသည်။

ဗွီကျူဘာတစ်ဦးအနေဖြင့် သူမ အလိုရှိသည့်အချိန်တွင် အလုပ်လုပ်နိုင်သလို မလုပ်ချင်လျှင် ရပ်နားထားနိုင်သည်။ အချိန်ကို မိမိစိတ်ကြိုက် စီမံခန့်ခွဲနိုင်သော ထိုလွတ်လပ်မှုကို သူမ အလွန်နှစ်သက်ပေသည်။ ဤသည်က ဧကရီတစ်ပါးအနေဖြင့် ရရှိသင့်သော လွတ်လပ်မှုပင် ဖြစ်သည်။

​ဧကရီတစ်ပါးကို သာမန်လူသားတစ်ဦးအတွက် ကျွန်တစ်ဦးကဲ့သို့ တစ်လကို ယွမ်တစ်သောင်းတည်းနှင့် အချိန်မှန် အလုပ်ဆင်းခိုင်းပြီး ခိုင်းစေချင်နေသည်မှာ သူမအတွက် စော်ကားမှုတစ်ခုသာ ဖြစ်ချေ၏။

​လင်းဖန်၏ အဖြေနှင့် ထပ်တူကျလုနီးပါး ဖြစ်နေသော လုံယွဲ့၏ တုံ့ပြန်မှုကို ကြားသောအခါ ကျန်းရှောက်ဟောင်မှာ ဆွံ့အသွားသည်။ သူ မျှော်လင့်ထားသည့်အရာနှင့် လုံးဝ လွဲချော်နေလေ၏။ ယွမ်တစ်သောင်းဟူသော မြင့်မားသည့် လစာကို ဤအမျိုးသမီးက မည်သို့ ငြင်းပယ်နိုင်ရသနည်း။ သူ တွက်ချက်မှု မှားသွားခဲ့ခြင်းလော။ ဤအမျိုးသမီးက အမှန်တကယ် ပိုက်ဆံ မလိုအပ်သူလော။

​သို့သော် ထိုအချက်မှာ မဖြစ်နိုင်ပါချေ။ ခုနလေးတင် စားပွဲတွင် အမဲသားတုံးများနှင့် ပုစွန်ထုပ်ကြီးများကို သရဲပူးနေသကဲ့သို့ စားနေသည်ကို သူ မြင်ခဲ့ရသေးသည်။ ထိုအပြုအမူမှာ ချမ်းသာသော မိသားစုမှ အမျိုးသမီးတစ်ဦးနှင့် လုံးဝ မတူ။

​"မင်း တကယ်ပဲ သေချာ ထပ်မစဉ်းစားတော့ဘူးလား.."

​ကျန်းရှောက်ဟောင်သည် အရှုံးမပေးလိုသေးဘဲ လူတိုင်း၏ရှေ့တွင် ပွင့်လင်းစွာ ဆက်ပြောလိုက်သည်။

​"နောက်ပိုင်းမှာ လင်းဖန်နဲ့ ဒုက္ခခံနေရမယ့်အစား မင်းအတွက် ပိုကောင်းတဲ့ ပျော်ရွှင်မှုကို ရှာဖွေသင့်တာပေါ့.."

​"ငါ့ကုမ္ပဏီကို လာမယ်ဆိုရင် ငါ့ရဲ့ သူငယ်ချင်းတွေနဲ့လည်း မိတ်ဆက်ပေးမယ်.. သူတို့ရဲ့ အဆင့်အတန်းက ငါထက် မနိမ့်ဘူးနော်.. သူတို့မှာ ကားတွေ.. အိမ်တွေနဲ့ ပိုက်ဆံတွေ အများကြီး ရှိတယ်.. ဒါက မင်းလို လှပတဲ့ အမျိုးသမီးတစ်ဦး ရရှိသင့်တဲ့ အရာတွေပဲ.."

​ထိုစကားများ ထွက်ပေါ်လာချိန်တွင် ခန်းမအတွင်းရှိ တေးဂီတသံများမှာ ရပ်တန့်သွားပြီး တင်းမာလှသော လေထုက ဖုံးလွှမ်းသွားတော့သည်။ ယခင် စကားများကို နောက်ပြောင်မှုဟု သတ်မှတ်နိုင်သော်လည်း ယခုစကားမှာမူ နောက်ပြောင်မှု မဟုတ်တော့။

​ရောက်ရှိနေသူအားလုံးမှာ တိတ်တဆိတ် မျက်မှောင်ကြုတ်သွားကြပြီး အထူးသဖြင့် အမျိုးသားများမှာ ပို၍ပင် ခံစားရသည်။ တစ်စုံတစ်ဦးက မိမိ၏ ချစ်သူကို ရှေ့တွင်ပင် စည်းရုံးပြီး ခေါ်ဆောင်သွားရန် ကြိုးစားနေသည်ကို မည်သည့်အမျိုးသားက သည်းခံနိုင်ပါမည်နည်း။ ထိုအချိန်တွင် လင်းဖန်သည်လည်း မျက်မှောင်ကြုတ်သွားသည်။ တစ်စုံတစ်ဦးက သူ၏လူကို အတိအလင်း လုယူရန် ကြိုးစားနေခြင်းမှာ သူ့ကို အနိုင်ကျင့်ရလွယ်သူတစ်ဦးဟု သတ်မှတ်နေခြင်း ဖြစ်ပေသည်။

​လင်းဖန် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဘေးရှိ လုံယွဲ့က အရင်ဆုံး ပြောလိုက်သည်။

​"ငါ့ကိုလာ စော်ကားနေတာလား.."

​လုံယွဲ့က ကျန်းရှောက်ဟောင်ကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

​"ငါ ပြောလိုက်မယ်..နင်တို့လို မိဘအရှိန်အဝါနဲ့ နေပြီး ကိုယ်တိုင် ဘာမှမလုပ်နိုင်တဲ့ သေမျိုးတွေကို ငါ တစ်ခါမှ အထင်မကြီးခဲ့ဖူးဘူး.."

​"အိမ်တွေ ကားတွေဆိုတာ ငါ တစ်ခါမှ စိတ်မဝင်စားခဲ့ဘူး.. ငါက ဒါထက် ပိုကြီးတဲ့ နန်းတော်တွေမှာ နေခဲ့ဖူးတယ်.. လင်းဖန်ရဲ့ အိမ်က နည်းနည်းလေး သေးတယ်ဆိုပေမဲ့ ငါ နားခိုဖို့အတွက်တော့ လုံလောက်တယ်.."

​"နင်ကမ်းလှမ်းတဲ့ အခြေအနေတွေက ငါ့အတွက်တော့ စော်ကားမှုသက်သက်ပဲ.. ငါ့မျက်စိရှေ့ကနေ အမြန်ဆုံး ထွက်သွားလိုက်တော့.."

​ကျန်းရှောက်ဟောင်သည် လုံယွဲ့၏ အေးစက်သော အကြည့်ကြောင့် လန့်သွားပြီး တံတွေးကို ခိုးမြိုချကာ မယုံနိုင်သော အမူအရာ ဖြစ်သွားသည်။ ဤအမျိုးသမီးက တုန်လှုပ်ခြင်း မရှိသည့်အပြင် လင်းဖန်ကို အကာအကွယ်ပေးလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ ယခုမူ သူ လင်းဖန်ကို အရှက်ခွဲရန် နေနေသာသာ မိမိကိုယ်တိုင်သာ မျက်နှာကို ဖြတ်အရိုက်ခံလိုက်ရသကဲ့သို့ ပူထူသွားသည်။

​ရောက်ရှိနေသူအားလုံးမှာ လင်းဖန်ကို ထပ်မံ၍ မနာလိုဖြစ်သွားကြပြန်၏။ ဂုဏ်ဒြပ်နှင့် ငွေကြေးကို မမက်ဘဲ မိမိ၏ ချစ်သူကို သူစိမ်းများရှေ့တွင် အကာအကွယ်ပေးတတ်သော ဤကဲ့သို့ လှပသည့် အမျိုးသမီးမျိုးကို မည်သည့်အမျိုးသားက မလိုချင်ဘဲ ရှိပါမည်နည်း။ လင်းဖန်တစ်ယောက် မည်သည့်အတွက်ကြောင့် ဤမျှအထိ ကံကောင်းနေရပါသနည်း။

​တခြားသူများသာမက လင်းဖန်ကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်။ လုံယွဲ့က သူ့ကို ဤကဲ့သို့ စကားလုံးများဖြင့် ကာကွယ်ပေးလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ သူမသည် အရင်က သူ့ကို သတ်ရန် အမြဲ ကြိုးစားနေခဲ့သော အမျိုးသမီး မဟုတ်ပါလော။

​"ဖြောင်း... ဖြောင်း... ဖြောင်း.."

​"ပြောတာကောင်းတယ်.. လန်းတယ် မရီး.."

​တိတ်ဆိတ်နေသော ခန်းမအတွင်း ကျိုးယန့်နှင့် လုကျိုက်တို့၏ လက်ခုပ်တီးသံများ ထွက်ပေါ်လာသည်။ မရီးသည် တကယ့်ကို အဆင့်အတန်းရှိသော မိသားစုမှ ဆင်းသက်လာသူပီပီ ကျန်းရှောက်ဟောင်၏ ငွေကြေးမြှူဆွယ်မှုများကို လုံးဝ ဂရုမစိုက်ချေ။ လူအများရှေ့တွင် လင်းဖန်ကို ကာကွယ်ပေးနေသော မရီးသည် တကယ့်ကို နူးညံ့သိမ်မွေ့လှပေ၏။

​လုံယွဲ့သည် ကျန်ရှိနေသော သူများကို အေးစက်သော အကြည့်ဖြင့် ကြည့်ကာ သတိပေးလိုက်ပြန်သည်။

​"မင်းတို့လို ဘာမှမသိတဲ့ လူသားတွေက လင်းဖန် ဘယ်လောက်အထိ စွမ်းဆောင်နိုင်လဲဆိုတာ မသိကြဘူး.."

​"ငါက သူနဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးသူဆိုတော့ သူ ဘယ်လောက်အထိ အင်အားကြီးလဲဆိုတာ ငါအသိဆုံးပဲ.."

လင်းဖန်..."...."

ကျန်လူများ..."...."

​ထိုစကားကြောင့် ခန်းမတစ်ခုလုံး ထပ်မံ၍ တိတ်ဆိတ်သွားရပြီး လူတိုင်းက လင်းဖန်နှင့် လုံယွဲ့ကို ဆွံ့အစွာ စိုက်ကြည့်နေကြသည်။ ကျိုးယန့်နှင့် လုကျိုက်တို့၏ လက်ခုပ်တီးနေသော လက်များမှာ လေထဲတွင် အေးခဲသွားတော့သည်။

​ထိုစကားမှာ လုံယွဲ့အနေဖြင့် သတိပေးလိုက်ခြင်း ဖြစ်သော်လည်း နားထောင်သူတိုင်း၏ နားထဲတွင်မူ အဓိပ္ပာယ်တစ်မျိုး ဖြစ်သွားသည်။ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးသည် ဆိုခြင်းနှင့် သူ ဘယ်လောက်စွမ်းဆောင်နိုင်လဲဆိုသည်မှာ အလွန်ပင် တွေးတောစရာ ကောင်းလှပေသည်။ ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက်၊ ထို့အပြင် သူတို့က ချစ်သူတွေဆိုမှတော့ သူတို့၏ တိုက်ပွဲဆိုသည်မှာ မည်သည့်အရာ ဖြစ်မည်နည်း။

​အားလုံးက တစ်ခုခုကို ရိပ်မိသွားကြသည့် အမူအရာမျိုး ဖြစ်သွားသည်။ အမျိုးသမီးအချို့မှာ မျက်နှာလေးများ နီမြန်းသွားပြီး လင်းဖန်၏ သန်မာထွားကြိုင်းသော ခန္ဓာကိုယ်ကို ကြည့်ကာ ထူးထူးခြားခြား အကြည့်များဖြင့် ကြည့်လာကြ၏။

'သူ တကယ်ပဲ အဲဒီလောက်အထိ စွမ်းနေတာလား..'

​"အဟမ်း..အဟမ်း... မရီး... ဒီစကားတွေက လူအများရှေ့မှာ ပြောရမယ့် စကားမဟုတ်ဘူးလေ.."

​ကျိုးယန့်က အနေရခက်စွာဖြင့် ချောင်းနှစ်ချက် ဟန့်လိုက်ပြီး မျက်နှာနီရဲနေသည်။ သူသည် မရီးကို အေးဆေးပြီး နုံအသူတစ်ဦးဟု ထင်ထားသော်လည်း ဤမျှအထိ ပွင့်လင်းရဲတင်းလိမ့်မည်ဟု မထင်ထားခဲ့ပါချေ။ လင်မယားကြားက ရင်းနှီးသော ကိစ္စများကို ရှက်ခြင်းမရှိဘဲ တိုက်ရိုက် ပြောဆိုနိုင်သည်မှာ အံ့ဩစရာပင်။

​အရင်တစ်ခါကလည်း လင်းဖန်သည် ဆွဲဆောင်မှုရှိသော ဝတ်စုံကို အိမ်တွင် ထုတ်ပြခဲ့ဖူးသေးသည်။ ဤစုံတွဲမှာ တကယ်ကို ပွင့်လင်းလွန်းလှပေသည်။ နောက်တစ်ခါကျလျှင် လင်းဖန်ကို မည်သို့များ လေ့ကျင့်ထားသနည်း ဆိုသည်ကို သေချာပေါက် မေးရပေဦးမည်။

​"နတ်ဆိုးအရှင်... ဒီဧကရီ ခုနက ပြောတာ တစ်ခုခု မှားသွားလို့လား.."

​ရုတ်တရက် ထူးဆန်းသွားသော လေထုကြောင့် လုံယွဲ့သည် လင်းဖန်အနားသို့ တိုးကပ်ကာ နားမလည်ဟန်ဖြင့် မေးလိုက်သည်။ သူမက နတ်ဆိုးအရှင်ကို လာမထိပါနဲ့ဟု သတိပေးလိုက်ခြင်းကို မည်သည့်အတွက်ကြောင့် လူတွေက ဤကဲ့သို့ ကြည့်နေကြသနည်း။

​"ဘာမှ​တော့မဟုတ်ပါဘူး.. ဒါပေမဲ့ ဧကရီ ပြောတဲ့ စကားက အထင်လွဲစရာ အရမ်းကောင်းနေတယ်.. နောက်တစ်ခါကျရင် အဲဒီလိုမျိုး မပြောတာ ပိုကောင်းလိမ့်မယ်.."

​လင်းဖန်သည် ရယ်ရခက် ငိုရခက် ဖြစ်နေရသည်။ လုံယွဲ့ ပြောဆိုသော စကား၏ အဓိပ္ပာယ်အမှန်ကို သူတို့နှစ်ဦးသာ သိရှိပေသည်။ အကယ်၍ ဤစကားသာ ပျံ့နှံ့သွားလျှင် သူသည် အမျိုးသမီးများ၏ အချစ်တော် သူရဲကောင်းကြီး ဖြစ်သွားနိုင်ပေလိမ့်မည် ။

All Chapters