အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
Chapter 97
~
အခန်း ၉၇ :အဲဒီနေ့မှာ ရှင်က ကျွန်မရဲ့ ပထမဦးဆုံး ယောကျ်ားပါ
~
"ဟွန်း... သွားကြမယ်.."
လင်းဖန်ကို အရှက်ခွဲ၍မရမှန်း သိလိုက်ချိန်တွင် ကျန်းရှောက်ဟောင်သည် ဆက်လက်၍ အရှက်မကွဲလိုတော့။ သူ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဟွမ်ရှီယင်ကို ခေါ်ကာ ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်သည်။
"ခဏလေး.."
လင်းဖန်က နောက်မှနေ၍ လှမ်းခေါ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် တစ်ချိန်က နတ်ဆိုးအရှင် ဖြစ်ခဲ့ဖူး၏။ သူတို့က သူ့ကို အရင်မစလျှင် ကျန်းရှောက်ဟောင်နှင့် ဟွမ်ရှီယင်တို့ကို သူ အာရုံစိုက်ရန် အစီအစဉ်မရှိချေ။ အတိတ်ဆိုသည်မှာ လွင့်ပျယ်သွားသော တိမ်တိုက်များကဲ့သို့ပင် ဖြစ်သည်။ သို့သော် ယနေ့တွင်မူ သူတို့နှစ်ဦးလုံးက သူ့ကို အတင်းလိုက်လံ ပြဿနာရှာသည့်အပြင် သူ၏ဘေးမှ လူကိုပင် လုယူရန် ကြိုးစားခဲ့ကြပေသည်။ အကယ်၍ သူတို့ကို ဒီအတိုင်း လွှတ်ပေးလိုက်လျှင် နတ်ဆိုးအရှင်၏ သိက္ခာ ကျဆင်းသွားပေမည်။
"ဘာလဲ... တခြားကိစ္စ ရှိသေးလို့လား"
ကျန်းရှောက်ဟောင်က မကျေမနပ်ဖြင့် လှည့်မေးသည်။
လင်းဖန်က အသာပြုံးလျက် ရှေ့သို့ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်ပြီး...
"ဘာမှမဟုတ်ပါဘူး..မင်းတို့နှစ်ယောက် မကြာခင် မင်္ဂလာဆောင်တော့မယ်လို့ ငါကြားတယ်.. အတန်းဖော်ဟောင်း တစ်ယောက်အနေနဲ့ ဂုဏ်ပြုပေးချင်ရုံတင်ပါ.. မင်္ဂလာပွဲအတွက် ဂုဏ်ယူပါတယ်.."
"ဟားဟား... လင်းဖန်... မင်း ငါ့ကို မနာလိုဖြစ်နေတာ မလား.."
ကျန်းရှောက်ဟောင်က ဘဝင်မြင့်စွာ ပြုံးလိုက်ပြီး လင်းဖန်အနားသို့ တိုးကပ်ကာ တိုးတိုးလေး လှောင်ပြောင်လိုက်သည်။
"ငါ အကုန်သိပါတယ်.. တက္ကသိုလ်တုန်းက မင်း ဟွမ်ရှီယင်နောက်ကို တစ်နှစ်လုံး တကောက်ကောက် လိုက်ခဲ့တာလေ.. အတင်းကပ်တွယ်ပြီးမှ သူက သဘောတူခဲ့တာ မလား.. ဒါပေမဲ့ မင်းက သူရဲ့ လက်ကိုပဲ ထိခွင့်ရခဲ့တာပါ.."
"ငါ့အတွက်ကတော့ သူ့ကို ပိုင်ဆိုင်ဖို့ သုံးရက်ပဲ ကြာတယ်.."
"ဟုတ်ပါတယ်... ဒါကြောင့်လည်း ငါ မင်းကို ဂုဏ်ပြုပေးရတာပေါ့.. မင်း တကယ်ကို ဇနီးကောင်းတစ်ယောက် ရထားတာပဲ.."
လင်းဖန်က အဓိပ္ပာယ်ပါသော အပြုံးဖြင့် ကျန်းရှောက်ဟောင်၏နောက်က ဟွမ်ရှီယင်ကို ကြည့်လိုက်သည်။
"မင်းကို သူ့ရဲ့လက်ပဲ ထိခွင့်ရခဲ့တယ်လို့ သူက ပြောပြတာလား.."
"ဒါဆိုရင် ငါ သိချင်တာက သူက အရမ်း ရိုးသားတယ်ဆိုရင်ကွာ တခြားယောကျ်ားတွေကလည်း သူ့ရဲ့လက်ပဲ ထိခဲ့တာလားဆိုတာ မင်းကို ပြောပြလားလို့ပါ.. အခု ငါ အကျေနပ်ဆုံးအရာက တက္ကသိုလ်တုန်းက သူ့ရဲ့လက်ကိုပဲ ကိုင်ခဲ့မိတာကိုပဲ.. အဲဒီလိုမှမဟုတ်ရင် ငါလည်း မသန့်ရှင်းတဲ့အရာတွေနဲ့ ထိတွေ့မိပြီး ဘာတွေကူးစက်ခံနေရမလဲ မသိဘူး ...."
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျန်းရှောက်ဟောင်၏ မျက်လုံးများမှာ ပြူးထွက်သွားပြီး ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။
"လင်းဖန်... မင်း ဘာကို ဆိုလိုတာလဲ.."
လင်းဖန်က ပြုံး၍ ပခုံးတစ်ချက် တွန့်ပြလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ ပုံမှန်ယောကျ်ားတစ်ယောက်ဆိုလျှင် သူ၏စကားကို နားလည်လိမ့်မည်ဟု သူ ယုံကြည်ပေသည်။
"လင်းဖန်... ရှောက်ဟောင်ရှေ့မှာ လျှောက်မပြောနဲ့နော်..ငါ နင်နဲ့ ဘာမှမဖြစ်ခဲ့ဘူး.."
ရုတ်တရက် ဒေါသထွက်လာသော ကျန်းရှောက်ဟောင်ကို ကြည့်ကာ ဟွမ်ရှီယင်မှာ သူတို့ ဘာပြောလိုက်သည်ကို မသိသော်လည်း သူမအတွက် မကောင်းသော ကိစ္စဖြစ်မည်ကို ရိပ်မိသဖြင့် ထိတ်လန့်တုန်လှုပ်နေပေသည်။
"ငါနဲ့ ဖြစ်ခဲ့တယ်လို့ ငါ မပြောပါဘူး..တခြားလူတွေနဲ့ ဘာဖြစ်ခဲ့လဲဆိုတာကတော့ ငါလည်း မသိဘူးလေ.."
လင်းဖန်က အပြစ်ကင်းသော အမူအရာဖြင့် လက်ကို ဝှေ့ယမ်းပြလိုက်သည်။
ထိုစကားကြောင့် ဟွမ်ရှီယင်၏ မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွားသည်။ သူမ စကား၏ ဆိုလိုရင်းကို နားလည်သွားသဖြင့် အပြစ်ရှိစိတ်ဖြင့် ကျန်းရှောက်ဟောင်ကို အတင်းဆွဲလိုက်သည်။
"ရှောက်ဟောင်... သူ့ကို ဂရုမစိုက်ပါနဲ့တော့..အိမ်ပြန်ကြရအောင်.."
"ဘာလို့အိမ်ပြန်ရမှာလဲ.. ဒီကိစ္စကို ဒီနေ့ အပြတ် ရှင်းရမယ်.."
ကျန်းရှောက်ဟောင်သည် ဟွမ်ရှီယင်၏ လက်ကို ခါထုတ်လိုက်ပြီး သူမ၏ တောင်းပန်မှုများကို ဂရုမစိုက်ဘဲ လင်းဖန်ကိုသာ စိုက်ကြည့်နေတော့သည်။
"လင်းဖန်... ရှင်းရှင်းလင်းလင်း ပြောစမ်း.. ရှီယင်က ငါ့ရဲ့ စေ့စပ်ထားတဲ့ ဇနီးလောင်းပဲ.. မင်းက လုပ်ကြံသတင်းတွေ လျှောက်ဖြန့်မယ်ဆိုရင်တော့ ငါ မင်းကို လွှတ်ထားမှာ မဟုတ်ဘူး.."
ကျန်းရှောက်ဟောင်၏ ဒေါသတကြီး မေးမြန်းမှုကို လင်းဖန်က တည်ငြိမ်စွာပင် ရင်ဆိုင်ပြီး ကျိုးယန့်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ကျိုးယန့်... မင်း ငါ့ဆီ အရင်က ပို့ထားတဲ့ ဗီဒီယို ရှိသေးတယ် မလား.."
ဗီဒီယိုဟူသော စကားကို ကြားလိုက်ရချိန်တွင် ဟွမ်ရှီယင်၏ နှလုံးခုန်သံမှာ ရပ်တန့်မတတ် ဖြစ်သွားရပြီး မျက်နှာမှာလည်း ပို၍ ဖြူလျော်သွားသည်။
'ဗီဒီယိုတဲ့လား.. ဘာဗီဒီယိုပါလိမ့်..ငါဘာလို့ ဒီကိစ္စကို မကြားဘူးတာလဲ..'
"အာ... လင်းဖန်... ဒါ.. မကောင်းဘူးလေ..သူတို့က မင်္ဂလာဆောင်တော့မှာကို မင်းက ဒီလိုအရာတွေကို ရှောက်ဟောင်ကို ပြတော့ သူတို့ရဲ့ လင်မယားဆက်ဆံရေးကို ထိခိုက်ကုန်မှာပေါ့.."
ကျိုးယန့်က မလိုလားဟန်ဖြင့် ပြောဆိုနေသော်လည်း လက်များကမူ ယခင်က သိမ်းဆည်းထားသော ဗီဒီယိုကို ကျန်းရှောက်ဟောင်ထံသို့ ပို့ရန် အလုပ်ရှုပ်နေပေသည်။ ဤဗီဒီယိုကို ကျန်းရှောက်ဟောင် မြင်လိုက်ရလျှင် မည်မျှအထိ ကြည့်ကောင်းမည့် ပွဲဖြစ်လာမည်ကို သူ တွေးကြည့်နေမိသည်။
"ဟင့်အင်း... မကြည့်နဲ့.. အဲဒါတွေက အတုတွေပဲ.. မဟုတ်ဘူး.."
ဟွမ်ရှီယင်သည် ထိတ်လန့်တုန်လှုပ်ကာ ကျိုးယန့်ထံသို့ ရူးသွပ်သူတစ်ဦးကဲ့သို့ ပြေးဝင်သွားသည်။ လုံယွဲ့က မျက်မှောင်ကြုတ်ကာ သူမ၏ ရှေ့တွင် ပိတ်ရပ်လိုက်သည်။
"ဖယ်စမ်း... နင့်လို မိန်းမယုတ်ရဲ့.."
ဟွမ်ရှီယင်သည် လုံယွဲ့ကို အတင်းတွန်းချလိုက်သည်။ လင်းဖန်က နောက်မှနေ၍ လုံယွဲ့ကို လှမ်းဖမ်းလိုက်ပြီး လက်ပြန်ဖြင့် ဟွမ်ရှီယင်၏ မျက်နှာကို ရိုက်ချလိုက်၏။
ဖြန်း...
အသံနှင့်အတူ ဟွမ်ရှီယင်မှာ မြေပြင်ပေါ်သို့ လွင့်စဉ်သွားပြီး သူမ၏ ပါးမှာလည်း ချက်ချင်းပင် ဖူးရောင်သွားသည်။ ဤရိုက်ချက်ကြောင့် သူမမှာ ဆွံ့အသွားရသည်။
"နင်... နင် ငါ့ကို ရိုက်ရဲတယ်ပေါ့.. နင် တကယ်ပဲ ငါ့ကို ရိုက်လိုက်တာလား"
ဟွမ်ရှီယင်သည် နာကျင်နေသော ပါးကို ကိုင်ကာ ပါးစပ်ထောင့်မှ သွေးစများ ထွက်နေရင်း မယုံနိုင်သော အမူအရာဖြင့် ပြောလိုက်သည်။
"ငါက ပုံမှန်ဆိုရင်တော့ မိန်းကလေးတွေကို လက်မပါဘူး.. ဒါပေမဲ့ နင့်လို မိန်းမယုတ်မျိုးကိုတော့ ချွင်းချက်ထားရမယ်.. ငါ မင်းကို ရိုက်သတ်မပစ်တာကိုပဲ ကျေးဇူးတင်လိုက်ဦး.. မှတ်ထားစမ်း... လုံယွဲ့က မင်း စော်ကားလို့ရတဲ့သူ မဟုတ်ဘူး.. နောက်တစ်ခါ သူ့ကို ထပ်ပြီး စော်ကားမယ်ဆိုရင်တော့ ငါ မင်းကို သတ်ပစ်မယ်.."
လင်းဖန်သည် လုံယွဲ့ကို ဖက်ထားရင်း မြေပြင်ပေါ်ရှိ ဟွမ်ရှီယင်ကို အေးစက်စွာ သတိပေးလိုက်သည်။ သူမ၏ အရင်က မလေးစားသော စကားများကို သူ လျစ်လျူရှုခဲ့သော်လည်း ယခုမူ သူမသည် လုံယွဲ့ကို တွန်းလှဲပြီး စော်ကားခဲ့သဖြင့် သူ လျှော့ပေးရန် အကြောင်းမရှိတော့ချေ။
လုံယွဲ့သည် လင်းဖန်၏ ရင်ခွင်ထဲတွင် မှီတွဲနေရင်း သူမသည် မင်းစော်ကားလို့ရတဲ့သူ မဟုတ်ဘူး ဟူသော စကားကြောင့် မျက်နှာလေး အနည်းငယ် နီရဲသွားပြီး ရင်ထဲ၌လည်း ဖော်ပြ၍မတတ်သာသော ခံစားချက်တစ်ခုကို ခံစားမိလိုက်သည်။
လင်းဖန်၏ သတ်ဖြတ်လိုသော အကြည့်ကို မြင်ရချိန်တွင် ဟွမ်ရှီယင်သည် တစ်ကိုယ်လုံး တုန်ရီသွားပြီး ထိုနေရာတွင်ပင် မှင်သက်နေလေသည်။ ယခုအချိန်တွင် သူမသည် သေမင်း၏ ခြိမ်းခြောက်မှုကို အမှန်တကယ် ခံစားလိုက်ရခြင်း ဖြစ်သည်။
"ရှောက်ဟောင်..."
ဟွမ်ရှီယင်သည် ကျန်းရှောက်ဟောင်ထံသို့ အကူအညီတောင်းသော အကြည့်ဖြင့် ကြည့်လိုက်သော်လည်း ကျန်းရှောက်ဟောင်မှာမူ ဖုန်းကိုသာ စိုက်ကြည့်နေပြီး သူ၏ အမူအရာမှာ အလွန် ကြောက်စရာကောင်းနေသည်ကို တွေ့လိုက်ရသဖြင့် သူမ၏ စကားလုံးများမှာ လည်ချောင်းထဲတွင်ပင် ပျောက်ကွယ်သွားရသည်။
"ဒါက ဘာလဲ... ငါ့ကို ပြောစမ်း..ဒါက ဘာလဲလို့.."
ကျန်းရှောက်ဟောင်သည် ဖုန်းကို ဟွမ်ရှီယင်၏ ရှေ့တွင် ထောင်ပြကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဖုန်းအတွင်းရှိ ဗီဒီယိုတွင် ဟွမ်ရှီယင်သည် ယောကျ်ားတစ်ဦး၏ ကားပေါ်မှ ဆင်းလာပြီး ထိုသူနှင့် လက်ချင်းချိတ်ကာ ဟိုတယ်တစ်ခုအတွင်းသို့ ရင်းနှီးစွာ ဝင်သွားသည်ကို ရှင်းလင်းစွာ မြင်နေရပေ၏။
"မင်းက ငါ့ကို မင်းရဲ့ ပထမဦးဆုံး ယောကျ်ားပါလို့ ပြောခဲ့တယ် မဟုတ်လား.. ပြောစမ်း.. ဒါက ဘာလဲ..မင်းတို့က ဟိုတယ်ကို သွားပြီးတော့ စာပေအကြောင်း ဆွေးနွေးနေကြတာလို့တော့ ငါ့ကို မပြောနဲ့နော်.. ဘာလို့ ငါ့ကို လိမ်ခဲ့တာလဲ.. ဘာလို့လဲ.."
ကျန်းရှောက်ဟောင်၏ ဒေါသတကြီး မေးမြန်းမှုအောက်တွင် ဟွမ်ရှီယင်မှာ မျက်ရည်များ ဝဲလျက် အသည်းအသန် ရှင်းပြလိုက်သည်။
"ကျွန်မ ရှင့်ကို မလိမ်ပါဘူး.. တကယ် မလိမ်ခဲ့ပါဘူး.. အဲဒီနေ့မှာ ရှင်က ကျွန်မရဲ့ ပထမဦးဆုံး ယောကျ်ား ဖြစ်ခဲ့တာ တကယ်ပါ .."
ကျန်းရှောက်ဟောင်နှင့် ရောက်ရှိနေသူအားလုံးမှာ ဆွံ့အသွားကြ၏။ ထိုစကား ထွက်ပေါ်လာချိန်တွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
"အဲဒီနေ့မှာတဲ့လား... ဟားဟားဟား... အဲဒီနေ့မှာပဲပေါ့လေ.. ကောင်းတယ်..သိပ် ကောင်းတယ်.."
ကျန်းရှောက်ဟောင်သည် ဒေါသကြောင့် ရယ်မောနေရင်း မျက်ရည်များပင် ဝဲလာသည်။ သူသည် အမျိုးသမီးများစွာနှင့် ပတ်သက်ခဲ့ဖူးသော်လည်း သူမကိုမူ အမှန်တကယ် ချစ်ခဲ့ခြင်း ဖြစ်သည်။ သူမသည် သူ၏ရှေ့တွင် အလွန် ရိုးသားဖြူစင်ဟန် ဆောင်ခဲ့သဖြင့် သူ ယုံကြည်ခဲ့သည်။ သူတို့၏ ပထမဦးဆုံး ညတွင်လည်း သူမက ရှက်ကိုးရှက်ကန်းဟန်ဖြင့် ပထမဦးဆုံးအကြိမ် ဖြစ်သည်ဟု ပြောခဲ့သဖြင့် သူမကို လက်ထပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမူ သူ လက်ထပ်မည့် အမျိုးသမီးမှာ နှစ်ပေါင်းများစွာ စီးနင်းခံထားရသော ကားဟောင်းတစ်စီးသာ ဖြစ်ကြောင်း သူ သိလိုက်ရလေပြီ ။
"ရှောက်ဟောင်... ငါ့ကို ခွင့်လွှတ်ပါ.. ငါ့ကို ပစ်မသွားပါနဲ့နော်.."
ဟွမ်ရှီယင်က ကျန်းရှောက်ဟောင်၏ ခြေထောက်ကို ဖက်ကာ ငိုယိုတောင်းပန်နေသည်။
"ရှောက်ဟောင်... ရှင်ပဲ ပြောခဲ့တာလေ.. လှပတဲ့ အမျိုးသမီးတွေမှာ လွတ်လပ်ခွင့် ရှိတယ်ဆို.. ငါက အမျိုးသမီးတိုင်း မှားတတ်တဲ့ အမှားမျိုးကိုပဲ မှားခဲ့တာပါ ."
"နင်ရဲ့ လွတ်လပ်ခွင့်ကို သွားရှာလိုက်တော့.."
ကျန်းရှောက်ဟောင်က အော်ဟစ်ကာ ဟွမ်ရှီယင်ကို ကန်ထုတ်လိုက်ပြီးနောက် သူမကို တရစပ် ထိုးကြိတ်ကန်ကျောက်တော့သည်။
"ဒီနှစ် အတန်းဖော်ဆုံပွဲကတော့ တကယ်ကို စည်ကားတာပဲ.."
လင်းဖန်သည် ကျိုးယန့်၏ လက်ထဲမှ ဖရဲသီးကို ယူကာ မြိန်ရည်ယှက်ရည် စားရင်း ထိုပွဲကို ကြည့်နေ၏။ ကျိုးယန့်နှင့် တခြားသူများမှာမူ ဤကိစ္စများမှာ မည်သူ့ကြောင့် ဖြစ်ရသည်ကို မစဉ်းစားဘဲ အေးဆေးပွဲကြည့်နေသော လင်းဖန်ကို မျက်စောင်းထိုးပြီး ကြည့်လိုက်ကြသည် ။
Chapter 98
~
အခန်း ၉၈ : ချမ်းသာကြွယ်ဝလာစေရန်အတွက် နတ်ဆိုးအရှင်၏ နည်းလမ်းကောင်းများ
~
"လင်းဖန်.."
ဟွမ်ရှီယင်ကို ထိုးကြိတ်ပြီးနောက် ကျန်းရှောက်ဟောင်သည် ဟိန်းဟောက်ကာ လင်းဖန်ဘက်သို့ လှည့်၍ စိုက်ကြည့်လိုက်သည်။
ယနေ့တွင်မူ အတန်းဖော်အားလုံး၏ ရှေ့၌ သူ၏သိက္ခာမှာ အဖတ်ဆယ်မရအောင် ကျဆင်းသွားခဲ့ရပြီ ဖြစ်သည်။ ဟွမ်ရှီယင်က တခြားယောကျ်ားနှင့် ဟိုတယ်သွားခဲ့သည်ကို လူတိုင်းသိသွားကြပြီး သူတစ်ယောက်တည်းသာ မသိဘဲ ကျန်နေခဲ့သကဲ့သို့ သူ ခံစားနေရသည်။ မကြာသေးမီကပင် သူမနှင့် လက်ထပ်တော့မည်ဟု လူတိုင်းကို သူ ကြွားဝါခဲ့ဖူးသဖြင့် ယခုအချိန်တွင် လူတိုင်း၏ရှေ့၌ လူပြက်တစ်ဦးကဲ့သို့ ဖြစ်နေရသည်ဟု သူ ခံစားနေမိသည်။
ဒါတွေအားလုံးက လင်းဖန်ကြောင့်သာ ဖြစ်ပေသည်။ အကယ်၍ လင်းဖန်သာ ဒီနေ့ ရောက်မလာခဲ့လျှင် အတန်းဖော်ဆုံပွဲမှာ အရင်တုန်းကကဲ့သို့ပင် လူတိုင်း၏ အားကျမှု၊ ကောင်းချီးပေးမှုများနှင့်အတူ ပျော်ရွှင်စွာ ပြီးဆုံးသွားမည် ဖြစ်သည်။
"ဟဟ..ငါ ဒီမှာရှိတယ်လေ..ဘာဖြစ်လို့လဲ.."
လင်းဖန်က အသာရယ်မောရင်း ပြန်ထူးလိုက်သည်။ ထိုသို့ အေးဆေးတည်ငြိမ်ပြီး ပျော်ရွှင်နေသော အမူအရာမှာ တောက်လောင်နေသော ကျန်းရှောက်ဟောင်၏ ဒေါသမီးထဲသို့ ဆီလောင်းလိုက်သကဲ့သို့ ဖြစ်သွားစေကာ သူ့ကို ချက်ချင်း ပေါက်ကွဲသွားစေတော့သည်။
'ဘာဖြစ်လို့လဲတဲ့လား.. ဒီလူယုတ်မာက ဘာမှမသိသလို ဟန်ဆောင်နေသေးတယ်ပေါ့..ဒီနေ့ ဖြစ်ပျက်သမျှက မင်းကြောင့်လေ...'
"လင်းဖန်... ဒါတွေအားလုံးက မင်းကြောင့်ပဲ.. အတန်းဖော်တွေနဲ့ သူငယ်ချင်းတွေရှေ့မှာ ငါ သိက္ခာကျအောင် လုပ်တာ မင်းပဲ.."
"အာ... မဟုတ်သေးဘူး ထင်တယ်..မင်းက ငါ့ကို ကျေးဇူးတင်သင့်တာလေ.. ငါသာ မရှိရင် မင်း ဒီမိန်းမရဲ့ လှည့်စားမှုကို ခံနေရဦးမှာ.."
လင်းဖန်က မြေပြင်ပေါ်ရှိ ဟွမ်ရှီယင်ကို လက်ညှိုးထိုးပြရင်း တရားမျှတမှုကို လိုလားသူတစ်ဦးကဲ့သို့ ပြောလိုက်သည်။ ဘေးပတ်ဝန်းကျင်ရှိ လူများကလည်း တိတ်တဆိတ် ခေါင်းညိတ် ထောက်ခံနေကြ၏။ အကယ်၍ သူသာ ဟွမ်ရှီယင်နှင့် တကယ် လက်ထပ်လိုက်ပြီးမှ ထိုအကြောင်းကို သိသွားရလျှင် သူ၏ခေါင်းပေါ်တွင် မည်မျှအထိ မြက်ခင်းစိမ်းကြီး ပေါက်နေမည်ကို မည်သူမျှ မသိနိုင်ပါချေ။
သို့သော် ကျန်းရှောက်ဟောင်က ထိုသို့ မတွေးပါချေ။ သူ သိသည်မှာ ယနေ့ အတန်းဖော်ဆုံပွဲတွင် သူ၏သိက္ခာ လုံးဝ ပျက်စီးသွားခဲ့ရပြီး သူ၏အိမ်ထောင်ရေးလည်း ပျက်စီးခဲ့ရသဖြင့် ဤဒေါသကို ဖောက်ထုတ်ရန်သာ သူ ဆုံးဖြတ်ထားတော့သည်။
"လင်းဖန်... မင်းကတော့ကွာ"
ကျန်းရှောက်ဟောင်က စိတ်လွတ်ကိုယ်လွတ် အော်ဟစ်ကာ ရှေ့သို့ ပြေးဝင်ပြီး လင်းဖန်ကို တရစပ် ထိုးကြိတ်ကန်ကျောက်တော့သည်။ လင်းဖန်ကမူ အသာ ပြုံးလျက် ပြန်မခုခံဘဲ ငြိမ်သက်စွာသာ ရပ်နေလေ၏။ ကျန်းရှောက်ဟောင်၏ လက်သီးချက်များမှာ သူ့ခန္ဓာကိုယ်ကို ဂွမ်းဖြင့် တို့နေသကဲ့သို့သာ သူ ခံစားရပေသည်။
ဂျွတ်...
ကျန်းရှောက်ဟောင်၏ နောက်ဆုံးလက်သီးချက်မှာ လင်းဖန်၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားချိန်တွင် အရိုးကျိုးသံ တစ်ချက် ထွက်ပေါ်လာသည်။
"အား..."
ချက်ချင်းပင် ကျန်းရှောက်ဟောင်သည် သူ၏ ညာဘက်လက်သီးကို ဆုပ်ကိုင်ကာ ဝက်သတ်သံကဲ့သို့ အော်ဟစ်ကာ နာကျင်စွာ ငိုယိုတော့သည်။ ပြင်းထန်လှသော နာကျင်မှုကြောင့် သူ၏ဒေါသများမှာ ပျောက်ကွယ်သွားရပြီး စိတ်လည်း အတော်လေး ကြည်လင်သွားလေသည်။
"ငါ့လက်... ငါ့လက် ကျိုးသွားပြီ..မင်း... မင်း အင်္ကျီထဲမှာ သံပြား ထည့်ထားတာလား.."
"မဟုတ်ပါဘူး.."
လင်းဖန်က အပြစ်ကင်းစင်စွာဖြင့် သူ၏အင်္ကျီကို မတင်ပြလိုက်ရာ သူ၏ သန်မာကျစ်လစ်နေသော ကြွက်သားများကို တွေ့လိုက်ရသည်။ ကျန်းရှောက်ဟောင် မှင်တက်သွားသည်။ အင်္ကျီထဲတွင် အမှန်တကယ်ပင် ဘာမှမရှိချေ။ သို့သော် သူ၏လက်သီးချက်တိုင်းမှာ သံပြားကို ထိုးမိသကဲ့သို့ ဘာကြောင့် ဤမျှအထိ မာကျောနေရသနည်း။
"ကျိုးယန့်... လူနာတင်ကား ခေါ်လိုက်ဦး.."
လင်းဖန်က ဘေးရှိ ကျိုးယန့်ကို ပြောလိုက်သည်။
"အမ်... သူ့အတွက် လူနာတင်ကား ခေါ်ပေးဦးမလို့လား.."
ကျိုးယန့်က နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့နေသော ကျန်းရှောက်ဟောင်ကို ကြည့်ကာ အထင်သေးစွာ မေးလိုက်သည်။
လင်းဖန်က ပြုံး၍...
"ငါက သူ့အတွက်လို့ ဘယ်မှာ ပြောလို့လဲ..လူနာတင်ကားက ငါ့အတွက်ပါ.."
"ဟမ်.."
ကျန်းရှောက်ဟောင် အပါအဝင် ရောက်ရှိနေသူအားလုံးမှာ ဆွံ့အသွားကြသည်။
'ကျန်းရှောက်ဟောင်က မင်းကို အကြိမ်ပေါင်းများစွာ ထိုးခဲ့ပေမဲ့ မင်းက ဘာမှဖြစ်တာလည်းမဟုတ်ဘဲ ဘာလို့ လူနာတင်ကား ခေါ်ခိုင်းနေတာလဲ..'
လင်းဖန်က အများကြီး ထပ်မရှင်းပြသလို ဘေးပတ်ဝန်းကျင်က လူတွေကိုလည်း ဂရုမစိုက်ပေ။ သူက ဆက်ပြောသည်...
"သြော်... ပြီးတော့ ရဲကိုလည်း ဖုန်းဆက်လိုက်ပါဦး..ဒီမှာ လူတစ်ယောက် ပြဿနာရှာနေတယ်..တခြားသူကို အကြမ်းဖက် ရိုက်နှက်နေပြီး အသက်ကိုတောင် စိုးရိမ်ရတဲ့အထိ လုပ်နေတယ်လို့ ပြောလိုက်.."
အားလုံးမှာ ဝေခွဲမရ ဖြစ်သွားကြသည်။ ကျန်းရှောက်ဟောင်သည်လည်း ဇဝေဇဝါဖြင့် လှည့်ကြည့်ကာ အသံတိတ်သွား၏။ မည်သူက ပြဿနာရှာနေပြီး မည်သူက အကြမ်းဖက်နေကာ မည်သူက အသက်အန္တရာယ်ဖြစ်အောင် လုပ်နေသနည်း။ သူ ဘာမှ မသိချေ။ လင်းဖန် ပြောနေသောလူမှာ သူများ ဖြစ်နေမည်လော။
လူတိုင်း၏ နားမလည်နိုင်သော အကြည့်အောက်တွင် လင်းဖန်သည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲချလိုက်ပြီး လက်နှစ်ဖက်ကို ရင်ဘတ်ပေါ် တင်ကာ မျက်စိမှိတ်လိုက်သည်။ အိပ်ပျော်နေသကဲ့သို့ပင်။
ဤသည်က လူတိုင်းကို ပို၍ပင် ဇဝေဇဝါ ဖြစ်သွားစေ၏။ ခုနလေးတင် ကောင်းနေသေးသည်ကို မည်သည့်အတွက်ကြောင့် ယခုမှ လဲချလိုက်ရသနည်း။
ကျိုးယန့်နှင့် လုကျိုက်တို့မှာမူ လင်းဖန်၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားကြသဖြင့် တစ်ဦးက လူနာတင်ကား ခေါ်ပြီး နောက်တစ်ဦးက ရဲကို ဖုန်းဆက်လိုက်သည်။ မကြာခင်မှာပင် ရဲများမှာ လက်နက်များနှင့်အတူ အခင်းဖြစ်ရာသို့ အရင်ဆုံး ရောက်ရှိလာကြသည်။
"ဒီမှာ လူတစ်ယောက်က အကြမ်းဖက် ပြဿနာရှာပြီး တခြားသူကို ရိုက်နှက်နေတယ်ဆိုတဲ့ တိုင်ကြားချက် ရထားလို့ပါ.."
"ဟုတ်ပါတယ် ဆရာ.. ကျွန်တော် တိုင်လိုက်တာပါ.."
လင်းဖန်က မြေပြင်ပေါ်တွင် လဲလျောင်းနေရင်း လက်ထောင်ပြလိုက်သည်။
ရဲများက သူ၏အနားသို့ လာကာ နားမလည်စွာ မေးလိုက်သည် ။
"မင်း ဘာဖြစ်လို့လဲ..ဘာလို့ မြေပြင်ပေါ်မှာ လဲနေတာလဲ.."
"ကျွန်တော် ခုနက အပြင်းအထန် အရိုက်ခံလိုက်ရလို့ပါ.. အခု ခေါင်းထဲမှာ မူးနောက်နောက်နဲ့ ခန္ဓာကိုယ်ကလည်း လှုပ်တောင် မလှုပ်နိုင်တော့ဘူး.."
လင်းဖန်၏ မျက်နှာမှာ ဖြူလျော်နေပြီး အခြေအနေ အလွန်ဆိုးရွားနေသူတစ်ဦးနှင့် တူနေပေသည်။ ရောက်ရှိနေသူအားလုံးမှာ ဆွံ့အသွားကြသည်။
' ရဲတွေ မရောက်ခင် စက္ကန့်ပိုင်းအလိုကမှ မင်းက မြေပြင်ပေါ်မှာ အကောင်းကြီး လဲနေတာလေ.. အခုကျမှ သေတော့မယ့်လူလို ဘာလို့ လုပ်နေရတာလဲ..ဒါနဲနဲတော့ များလွန်းမနေဘူးလား..'
ဒဏ်ရာ အလွန်ပြင်းထန်သည်ဟု ကြားလိုက်ရသဖြင့် ရဲများ၏ အမူအရာမှာ ချက်ချင်း တည်ကြည်သွားသည်။
"ဘယ်သူက ရိုက်တာလဲ..အဲဒီလူ ဒီမှာ ရှိသေးလား.."
"ရှိပါတယ်.. သူပါပဲ.."
လင်းဖန်က ဝုန်းကနဲ ထထိုင်ကာ ရှေ့မှ ကျန်းရှောက်ဟောင်ကို လက်ညှိုးထိုးပြပြီးမှ အားနည်းဟန်ဖြင့် ပြန်လည် လဲလျောင်းလိုက်သည်။
ကျန်းရှောက်ဟောင်မှာ ဆွံ့အနေလေ၏။ မတရား ခံရသကဲ့သို့ပင် ခံစားနေမိသည်။
"မဟုတ်ဘူး ဆရာ.. ကျွန်တော့်စကားကို နားထောင်ပါဦး.. ကျွန်တော် သူ့ကို ရိုက်ခဲ့တာ မှန်ပေမဲ့ ကျွန်တော့်လက်ပဲ ကျိုးသွားတာပါ သူ..သူ ဟန်ဆောင်နေတာ.."
ရဲများက ကျန်းရှောက်ဟောင်ကို ထိန်းသိမ်းလိုက်ပြီးနောက် အခင်းဖြစ်ရာရှိ စောင့်ကြည့်ကင်မရာ ဗီဒီယိုများကို စစ်ဆေးကာ ကျန်ရှိနေသူများကို မေးမြန်းလိုက်သည်။ အဖြစ်အပျက်များကို အတည်ပြုပြီးနောက် လင်းဖန်၏ အနားသို့ ပြန်လာကာ မေးသည်။
"မင်္ဂလာပါ ရဲဘော်..စုံစမ်းချက်အရ မင်းတို့နှစ်ယောက်မှာ ပုဂ္ဂိုလ်ရေး အငြိုးအတေး ရှိနေတာကို တွေ့ရပါတယ်.. မင်းတို့ အချင်းချင်း ပြေလည်အောင် ဖြေရှင်းမလား.. ဒါမှမဟုတ် တခြား တောင်းဆိုချက် ရှိသေးလား.."
"အဲဒါကတော့ သူ့ရဲ့ စေတနာပေါ်မှာပဲ မူတည်တာပေါ့.."
လင်းဖန်က ထထိုင်ရင်း ကျန်းရှောက်ဟောင်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
ကျန်းရှောက်ဟောင်မှာ မစင်ကို စားမိသကဲ့သို့ စိတ်မသက်မသာ ဖြစ်နေသော်လည်း ကိစ္စကို အကြီးအကျယ် မဖြစ်ချင်သဖြင့် မောက်မာစွာပင် မေးလိုက်သည်။
"ပြောစမ်း.. မင်း ဘယ်လို ပြေလည်အောင် ဖြေရှင်းချင်တာလဲ.."
လင်းဖန်က အများကြီး မပြောဘဲ လက်ရှစ်ချောင်း ထောင်ပြလိုက်သည်။
"ယွမ်ရှစ်သောင်းလား.. ဟွန်း... ဘယ်လောက်မှ မရှိဘူး.. ငါ ပေးမယ်.."
"ယွမ် ရှစ်သိန်းပါ.."
လင်းဖန်က ပြုံးလျက် ပြန်လည်ပြင်ပေးလိုက်သည်။
"ရှစ်သိန်း.."
ကျန်းရှောက်ဟောင်၏ မျက်နှာမှာ အံ့ဩခြင်းနှင့်အတူ အရှက်ရ ဒေါသထွက်မှုများ ဖြစ်ပေါ်လာသည်။
"ငါ မင်းကို နည်းနည်းပဲ ထိုးရသေးတာကို ယွမ်ရှစ်သိန်း တောင်းတယ်ပေါ့.. မင်း ငါ့ကို ဓားပြတိုက်နေတာလား.."
"ဒါဆိုရင်လည်း ထားလိုက်တော့.."
"ဆရာ... ကျွန်တော့်ကို ဒဏ်ရာအခြေအနေ စစ်ဆေးပေးဖို့နဲ့ အမှုဖွင့်ပေးဖို့ တောင်းဆိုပါတယ်.."
လင်းဖန်က ကျန်းရှောက်ဟောင်နှင့် စကားထပ်မပြောတော့ဘဲ ပြန်လည် လဲလျောင်းလိုက်သည်။
ကျန်းရှောက်ဟောင်မှာ လင်းဖန်က ဟန်ဆောင်နေသည်ဟုသာ ယုံကြည်နေသဖြင့် အလျှော့မပေးချေ။
"ကောင်းပြီ..မင်း ဘယ်လောက်အထိ ဟန်ဆောင်နိုင်မလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့.."
မကြာခင်မှာပင် လူနာတင်ကား ရောက်လာပြီး လင်းဖန်နှင့် ကျန်းရှောက်ဟောင် နှစ်ဦးလုံးကို စစ်ဆေးရန်အတွက် ဆေးရုံသို့ ခေါ်ဆောင်သွားသည်။ ကျိုးယန့်နှင့် တခြားသူများလည်း စိုးရိမ်တကြီးဖြင့် လိုက်ပါသွားကြသည်။ ဆေးရုံတွင် ဆရာဝန်က လင်းဖန်၏ ဓာတ်မှန်ကို တည်ကြည်သော မျက်နှာဖြင့် ကြည့်နေပေသည်။
"လူနာမှာ တစ်ကိုယ်လုံး အရိုးအက်တာတွေ အများကြီး ရှိနေတဲ့အပြင် အတွင်းကြေ ဒဏ်ရာတွေလည်း ရှိနေတယ်.. အခြေအနေက တကယ်ကို စိုးရိမ်ရတယ်.."
"ဗျာ... ဒါ မဖြစ်နိုင်တာ.."
ကျန်းရှောက်ဟောင်က ထိတ်လန့်စွာ အော်လိုက်သည်။
သူ၏ အင်အားကို သူ အသိဆုံး ဖြစ်သည်။ ဟွမ်ရှီယင်ကိုလည်း ဤလက်သီးချက်များဖြင့်ပင် ထိုးကြိတ်ခဲ့သော်လည်း သူမမှာ အညိုအမည်း စွဲရုံမျှသာ ရှိသည်။ လင်းဖန်ကို ထိုးလိုက်ခြင်းက မည်သို့ အရိုးအက်ပြီး အတွင်းကြေ ဒဏ်ရာတွေ ရသွားနိုင်ရသနည်း။ သူ၏ ကြွက်သားများက တို့ဖူးထက်ပင် ပျော့နေသည်လော။
"မင်းကွာ..."
လင်းဖန် ဒဏ်ရာအလွန်ပြင်းထန်သည်ဟု သိလိုက်ရချိန်တွင် ကျိုးယန့်မှာ ဒေါသထွက်ကာ ကျန်းရှောက်ဟောင်၏ မျက်နှာကို ပြင်းထန်စွာ ထိုးလိုက်သည်။ ရဲများနှင့် ဘေးကလူများက သူ့ကို အတင်း ဆွဲထားလိုက်ရသည်။
ကျန်းရှောက်ဟောင်သည် မျက်နှာကို အုပ်ကာ မြေပြင်ပေါ်တွင် ထိုင်ရင်း ဝေခွဲမရ ဖြစ်နေတော့သည်။ ထိုအချိန်တွင် ရဲအရာရှိတစ်ဦးက လာရောက်ကာ အကြံပေးသည်မှာ...
"မစ္စတာကျန်း... ကျွန်တော့်အနေနဲ့ အကြံပေးချင်တာကတော့ မစ္စတာလင်းရဲ့ ပြေလည်အောင် ဖြေရှင်းမှုကို လက်ခံပြီး သူ့ရဲ့ ခွင့်လွှတ်မှုကို ရယူလိုက်ပါ.. ဒဏ်ရာအခြေအနေအရ သူဟာ အဆင့် ၁၀ မသန်စွမ်းမှုထက် ပိုသွားနိုင်ပါတယ်..အကယ်၍ သူက အမှုဖွင့်မယ်ဆိုရင် တမင်သက်သက် ဒဏ်ရာရအောင် လုပ်ဆောင်မှုနဲ့ အထောက်အထား ခိုင်လုံနေတဲ့အတွက် ဥပဒေအရ အရေးယူခံရပါလိမ့်မယ်.."
"ဥပဒေအရ အရေးယူခံရမယ်... ထောင်ကျမှာလား.."
ကျန်းရှောက်ဟောင်က ကြောင်စီစီဖြင့် မေးသည်။
ရဲက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။ ထိုအချိန်တွင် ကျန်းရှောက်ဟောင်မှာ တကယ်ပင် ကြောက်လန့်သွားသည်။ ထောင်ထဲတွင် ကြောက်စရာကောင်းသော လူယုတ်မာများဖြင့် ပြည့်နှက်နေသည်ဟု သူ ကြားဖူးပေသည်။ သူ့ကဲ့သို့ နုပျိုချောမောသော သူဌေးသားတစ်ဦး ထောင်ထဲရောက်သွားလျှင် ဝံပုလွေအုပ်ထဲရောက်သွားသည့် သိုးကလေးကဲ့သို့ မည်သို့သော အထူးဂရုစိုက်မှုမျိုး ခံရမည်ကို မည်သူမျှ မသိနိုင်ပါချေ။ သူက ငယ်သေးပြီး အနာဂတ်တွေ အများကြီး ရှိပါသေးသည်။ အကယ်၍ ထောင်ကျသွားလျှင် အားလုံး ပျက်စီးသွားပေလိမ့်မည်။
ကျန်းရှောက်ဟောင်သည် ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေသော လင်းဖန်ကို လှည့်ကြည့်လိုက်ရာ သူတို့၏ အကြည့်ချင်း ဆုံသွားကြသည်။ လင်းဖန်၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် ကွေးညွှတ်သွားပြီး လှောင်ပြောင်သော အပြုံးတစ်ခု ဖြစ်ပေါ်လာပေသည်။ ရဲများက လှည့်ကြည့်လိုက်ချိန်တွင်မူ လင်းဖန်သည် သေအံ့ဆဲဆဲ လူနာတစ်ဦး၏ အသွင်သို့ ချက်ချင်း ပြန်ပြောင်းသွားပြန်သည်။
ကျန်းရှောက်ဟောင် ..."..."
သူ မြင်လိုက်ရသည်မှာ လုံးဝ မမှားနိုင်။ လင်းဖန်က ဘာဒဏ်ရာမှ ရမထားဘူးဟု သူ ခံစားနေရသည်။ ဤအတိုင်းဆိုလျှင် လင်းဖန်၏ အကြံအစည်ထဲသို့ သူ ဝင်တိုးမိချေပြီ။