← Chapters

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

Chapter 99

~

အခန်း ၉၉ : ဒီဒဏ်ရာ အသေးအဖွဲလေးက အိမ်ပြန်အိပ်လိုက်ရင် ပျောက်သွားမှာပါ

~

​"ဒေါက်တာ.. တစ်ခုခုမှားနေတာ သေချာရဲ့လား. "

​ကျန်းရှောက်ဟောင်က မယုံကြည်နိုင်သေးဘဲ ဆရာဝန်ထံသို့ ရှေ့တိုးကာ မေးမြန်းလိုက်သည်။ သူ၏ခွန်အားဖြင့် လက်နက်ပင်မပါဘဲ လူတစ်ယောက်ကို ဤမျှအထိ ပြင်းထန်သောဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်ကိုသူ နားမလည်နိုင်ပေ ။ ထို့ပြင် လင်းဖန်သည် ဒဏ်ရာပြင်းထန်ပုံလည်းမရဘဲ ခုနကပင် သူ့ကို ခိုး၍ပြုံးပြနေခဲ့သေး၏။ ဆရာဝန်များကများ မှားယွင်းစစ်ဆေးမိသလားဟု သူ သံသယဝင်နေမိသည်။

​"မစ္စတာကျန်း... ကျွန်တော်တို့ဆေးရုံက ဓာတ်မှန်စက်ဟာ ကမ္ဘာ့အဆင့်မီ စက်ပစ္စည်းတစ်ခုဖြစ်ပြီး တစ်ခါမှ မှားယွင်းတဲ့ ရလဒ် ထွက်ပေါ်ခဲ့ဖူးခြင်းမရှိပါဘူး..ခင်ဗျား တခြားဘယ်ဆေးရုံမှာသွားရိုက်ရိုက် ဒီရလဒ်ပဲ ထွက်လာမှာပါ.."

ဆရာဝန်က စိတ်ရှည်စွာ ရှင်းပြသည်။

​ဆေးရုံများတွင် ဓာတ်မှန်ရလဒ်ကို လက်မခံနိုင်ဘဲ ငြင်းခုံတတ်သော လူနာမျိုးစုံကို တွေ့ကြုံဖူးသဖြင့် ဆရာဝန်မှာ ထုံးစံအတိုင်းပင် ဖြေကြားလိုက်ခြင်းဖြစ်သည်။ ထိုစကားကို ကြားလိုက်ရချိန်တွင် ကျန်းရှောက်ဟောင်၏စိတ်မှာ ချောက်ကမ်းပါးထဲသို့ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ အတန်ကြာ တွန့်ဆုတ်နေပြီးမှ အံကို တင်းတင်းကြိတ်ကာ လင်းဖန်ဘက်သို့ လှည့်၍ ပြောလိုက်သည်။

​"ကောင်းပြီ... ယွမ်ရှစ်သိန်းဆို ရှစ်သိန်းပဲ.."

​သူ့မိဘများက ကုမ္ပဏီထောင်ရန်အတွက် သူ့ကို ငွေအမြောက်အမြား ထုတ်ပေးထားပြီး သူ့အပေါ် မျှော်လင့်ချက်ကြီးစွာ ထားထားကြသည်။ အကယ်၍ အပြင်မှာ ပြဿနာအကြီးအကျယ်ရှာနေသည်ကို သိသွားလျှင် ကုမ္ပဏီအတွက် ရင်းနှီးငွေများကို ပြန်သိမ်းသွားနိုင်ပေသည်။ ရှစ်သိန်းဆိုသည်မှာ သူ့အတွက် မနည်းသော်လည်း အိမ်ကလူတွေ မသိရအောင်နှင့် ထောင်မကျရအောင် သူ အလျှော့ပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ကုမ္ပဏီတွင် အရေးပေါ်သုံးရန် ဖယ်ထားသော ငွေအချို့ရှိနေသဖြင့် မိဘများသိသွားမည်ကိုလည်း စိုးရိမ်စရာမရှိ။ ထို့အပြင် လင်းဖန်၏ဒဏ်ရာမှာ အမှန်တကယ် ပြင်းထန်နေသဖြင့် နောက်ပိုင်းကုသစရိတ်မှာလည်း မနည်းလှပေ။ ထို့ကြောင့် ရှစ်သိန်းနှင့် ပြတ်သွားခြင်းကပင် သူ့အတွက် တွက်ခြေကိုက်နေသေးသည်ဟု သူ တွေးလိုက်သည်။

​လင်းဖန်ကမူ ခေါင်းခါပြလိုက်ပြီး...

​"ရှစ်သိန်းဆိုတာ ခုနက ဈေးလေ.. အခုကတော့ ယွမ်တစ်သန်း ဖြစ်သွားပြီ.."

​"တစ်သန်း... ဘယ်လောက်မှတောင်မကြာသေးဘူး.. ဘယ်လိုလုပ်ပြီး နှစ်သိန်းတိုးသွားရတာလဲ.."

​ကျန်းရှောက်ဟောင်မှာ ဒေါသထွက်လွန်းသဖြင့် သွေးပင်အန်လုမတတ် ဖြစ်သွားသည်။ သူက အနိုင်နိုင် ဆုံးဖြတ်ချက်ချပြီး သဘောတူလိုက်ကာမှ လင်းဖန်က ချက်ချင်းဆိုသလို ဈေးတက်လိုက်ခြင်းဖြစ်သည်။ ဘဏ်ကို ဓားပြတိုက်သည်ကပင် ဤမျှအထိ မြန်မည်မဟုတ်ချေ။

​"အခုခေတ်မှာ ကုန်ဈေးနှုန်းတွေက အကုန်တက်နေတာဆိုတော့ ငါ နည်းနည်းတိုးတောင်းတာ ဘာဆန်းလို့လဲ.. နောက်ပြီး ဒီတစ်သန်းထဲမှာ ဆေးကုသစရိတ်တွေ.. နောင်လာမယ့် ကုသမှုပိုင်းဆိုင်ရာတွေ..ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ အနာဂတ်အတွက် လုံခြုံမှုစရိတ်တွေ အကုန်ပါပြီးသားပါ ..တစ်သန်းဆိုတာ တကယ်ကို တန်လွန်းပါတယ်.. မင်း ထပ်ပြီး တွန့်ဆုတ်နေဦးမယ်ဆိုရင်တော့ ဈေးက ထပ်တက်ဦးမှာနော်.."

လင်းဖန်က အေးအေးဆေးဆေးပင် ရှင်းပြလိုက်သည်။

​သူ၏ နတ်ဆိုးအရှင်ဟူသော မြင့်မြတ်သည့် အဆင့်အတန်းနှင့် ငြိမ်ရပ်နေပြီး အရိုက်ခံခဲ့သည်မှာ သူ့အတွက် တစ်သန်းဆိုသည်က တန်ပေ၏။ သာမန်လူသားများအနေဖြင့် သူ့ကို ထိတွေ့ခွင့်ပင် မရနိုင်သည်ကို သိထားသင့်သည်။

​ဈေးထပ်တက်မည်ဟု ကြားလိုက်ရချိန်တွင် ကျန်းရှောက်ဟောင်မှာ ချက်ချင်းပင် ထိတ်လန့်သွားပြီး နောက်ဆုံးတွင် အံကြိတ်ကာ သဘောတူလိုက်ရတော့သည်။

​"ကောင်းပြီ... တစ်သန်းဆို တစ်သန်းပဲ.. ဒါပေမဲ့ ဒီကိစ္စပြီးရင် မင်း ငါ့ဆီကနေ ဘယ်အကြောင်းပြချက်နဲ့မှ ငွေထပ်မတောင်းရတော့ဘူး.. မင်းမှာ ပိုက်ဆံကုန်သွားလို့ဖြစ်ဖြစ်.. ဒဏ်ရာမပျောက်လို့ဖြစ်ဖြစ် ငါ့ဆီက လုံးဝထပ်မရဘူး.."

​"သဘောတူတယ်.."

လင်းဖန်က အသာပြုံးလျက် ချက်ချင်းပင် လက်ခံလိုက်သည်။

​ဘေးမှာ ရပ်နေသော လုံယွဲ့မှာမူ အံ့အားသင့်စွာ ကြည့်နေမိသည်။ တခြားသူတွေ မမြင်နိုင်သော်လည်း သူမကမူ သိရှိပေသည်။ နတ်ဆိုးအရှင်၏ အင်အားနှင့်ဆိုလျှင် ကျန်းရှောက်ဟောင်က ရာစုနှစ်တစ်ခုစာ ထိုင်ရိုက်နေလျှင်ပင် ဒဏ်ရာရလိမ့်မဟုတ်ပေ။ အတွင်းကြေဒဏ်ရာဆိုသည်မှာလည်း သူကိုယ်တိုင် တိတ်တဆိတ် ဖန်တီးထားခြင်းသာ ဖြစ်သည်။ ယခုကဲ့သို့ တစ်သန်းကို အလွယ်တကူ ရရှိသွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါချေ။ သူမမှာ တစ်နေ့ကို ဆယ်နာရီကျော် လိုက်ဖ်လွှင့်နေရသော်လည်း တစ်လကို ယွမ်တစ်သိန်းရရန်ပင် မသေချာလှဘဲ နတ်ဆိုးအရှင်ကမူ ခဏလေးအတွင်း တစ်သန်းကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။ ထိုငွေမှာ သူမ တစ်နှစ်စာ ရှာဖွေရမည့် ပမာဏနှင့် ညီမျှနေပေသည်။

​"လူနာ... မင်းရဲ့ဒဏ်ရာတွေက အရမ်းပြင်းထန်နေလို့ အချိန်ဆွဲလို့မရဘူး.. အခုချက်ချင်း ခွဲစိတ်ကုသမှု စတင်ရပါမယ်.."

ဆရာဝန်က ဘေးမှနေ၍ အကြံပေးသည်။

​ဆရာဝန်အနေဖြင့်လည်း ဤကဲ့သို့ ဒဏ်ရာမျိုးနှင့်ဆိုလျှင် ပုံမှန်လူများမှာ နာကျင်လွန်းသဖြင့် အော်ဟစ်နေကြမည်ဖြစ်သော်လည်း ဤလူမှာမူ ဘာသံမျှမထွက်ဘဲ အောင့်ခံနေနိုင်သည်မှာ တကယ်ကို စိတ်ဓာတ်သန်မာလွန်းလှသည်ဟု တွေးနေမိသည်။

​"ဆရာဝန်ကို ဒုက္ခမပေးတော့ပါဘူး..ဒီလို ဒဏ်ရာအသေးအဖွဲလေးက အိမ်ပြန်ပြီး နှစ်ရက်လောက် အိပ်လိုက်ရင် ပျောက်သွားမှာပါ.."

​လင်းဖန်က ပြုံးလျက် ဆရာဝန်၏ အကြံပေးချက်ကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်ပြီး ခုနက အားနည်းနေသော အမူအရာများ ပျောက်ကွယ်သွားကာ ဘာမှမဖြစ်ခဲ့သကဲ့သို့ ခုတင်ပေါ်မှ ဝုန်းကနဲ ထရပ်လိုက်သည်။ ထိုအချိန်တွင် လုံယွဲ့မှလွဲ၍ ရောက်ရှိနေသူအားလုံးမှာ မှင်သက်သွားကြသည်။

'တစ်ကိုယ်လုံး အရိုးတွေအက်ပြီး အတွင်းကြေဒဏ်ရာတွေ ရထားတဲ့လူက ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ထရပ်နိုင်တာလဲ..သူက စူပါဟီးရိုးများလား..'

​"လင်းဖန်... မင်း တကယ်ပဲ အဆင်ပြေရဲ့လား.."

ကျိုးယန့်က စိုးရိမ်တကြီးဖြင့် လင်းဖန်အနားသို့လာကာ အပေါ်အောက် ကြည့်ရှုစစ်ဆေးပြီး ဆေးရုံမှာ ခွဲစိတ်မှုလုပ်ရန် ထပ်မံတိုက်တွန်းသည်။ လုကျိုက်ကလည်း မသေချာသဖြင့် အတင်းအကျပ် မလုပ်ရန် ဝိုင်းဝန်းပြောဆိုသည်။

​"စိတ်မပူပါနဲ့.. လျော်ကြေးငွေအကြောင်း ကြားလိုက်ရတော့ ငါ ချက်ချင်း ခွန်အားတွေ ပြန်ပြည့်လာသလိုပဲ.."

လင်းဖန်က ပြုံးလျက် ပြန်ပြောလိုက်ရာ သူ၏ ဖြူဖွေးသော သွားများမှာ ညီညာစွာ ပေါ်လွင်လာပေသည်။

​လူတိုင်းမှာ ဆွံ့အလျက် ဘာမှမပြောနိုင်တော့။ ပိုက်ဆံက ရောဂါအားလုံးကို ကုသနိုင်သည်ဟု ကြားဖူးသော်လည်း ပိုက်ဆံရလိုက်ရုံနှင့် ဒဏ်ရာတွေ ချက်ချင်းပျောက်သွားသည်ကိုမူ တစ်ခါမှ သူတို့ မကြားဖူးခဲ့ပေ။ လူတိုင်း၏ အံ့ဩနေသော အကြည့်များအောက်တွင် လင်းဖန်သည် ကျန်းရှောက်ဟောင်ထံသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

​"မင်းဆီမှာ ဖုန်းပါလား.."

​"ပါ... ပါတယ်... ဘာလုပ်မလို့လဲ.."

ကျန်းရှောက်ဟောင်က ဇဝေဇဝါဖြင့် ဖုန်းကို ထုတ်ပေးသည်။

​"ခဏလောက် ငှားပါဦး.."

​လင်းဖန်သည် ဖုန်းကို ယူလိုက်ပြီးနောက် တခြားသူများကို ကျောပေးကာ ကျန်းရှောက်ဟောင်၏ ရှေ့တွင်ပင် လက်နှစ်ဖက်ကို အသာအယာ စုဆုံလိုက်သည်။ ထိုအခါ ဖုန်းတစ်ခုလုံးမှာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြီး ကြမ်းပြင်ပေါ်သို့ ကြွေကျသွားတော့သည်။

​ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ကျန်းရှောက်ဟောင်၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးထွက်သွားရပြီး ခြေလက်များမှာလည်း အလိုလို တုန်ရီလာတော့သည်။ ဒါက သူ၏ မျက်စိမှားခြင်းမဟုတ်သလို မျက်လှည့်တစ်ခုလည်း မဟုတ်သည်မှာ သေချာပေသည်။ လင်းဖန်သည် ဖုန်းကို စက္ကူဖျက်စက်ပင် မလုပ်နိုင်သော အဆင့်အထိ ဖုန်မှုန့်ဖြစ်အောင် ချေဖျက်လိုက်ခြင်းဖြစ်သည်။ ဒါက လူသားတစ်ယောက် လုပ်နိုင်သည့်အရာ မဟုတ်ပေ။

​ရှေးခင်က ခန်းမအတွင်း လင်းဖန်ပြောခဲ့သော စကားများကို ရုတ်တရက် သတိရသွားကာ သူ၏အကြည့်များမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်လာသည်။

'သူပြောခဲ့တာတွေက အမှန်တွေများ ဖြစ်နေမလား..'

​"သူငယ်ချင်း ရှောက်ဟောင်... ယွမ်တစ်သန်းကို မမေ့နဲ့ဦးနော်.. နှစ်ရက်အတွင်း အဆင်သင့်လုပ်ထားပါ.. အဲဒီလိုမှ မဟုတ်ရင်တော့..."

​လင်းဖန်က စကားကို ခဏရပ်လိုက်ပြီး ကျန်းရှောက်ဟောင်၏ နားအနားသို့ ကပ်ကာ ကြင်နာစွာ သတိပေးလိုက်သည်။

​"အဲဒီလိုမှ မဟုတ်ရင်တော့... မင်းရဲ့ ခန္ဓာကိုယ်ထဲက အရိုးတွေကို မင်းရဲ့ဖုန်းလိုပဲ ဖုန်မှုန့်ဖြစ်အောင် ငါ ချေပစ်မယ်..မင်းကို တစ်သက်လုံး အိပ်ရာပေါ်မှာပဲ လဲနေစေပြီး သေချင်ရင်တောင် မသေနိုင်တဲ့ဘဝရောက်အောင် လုပ်ပေးမယ်.."

​ထိုသို့ပြောပြီးနောက် လင်းဖန်က ကျန်းရှောက်ဟောင်၏ ပခုံးကို ခင်မင်ရင်းနှီးဟန်ဖြင့် ပုတ်လိုက်သည်။ ကျန်းရှောက်ဟောင်အနေဖြင့် ဤအကြောင်းကို တခြားသူများကို ပြောပြလိမ့်မည်ဟု သူ လုံးဝ စိတ်မပူ။ ပထမအချက်မှာ ဤသူဌေးသားမှာ ထိုသို့ပြောရဲသည့် သတ္တိမရှိခြင်းဖြစ်ပြီး ဒုတိယအချက်မှာ ပြောပြလျှင်ပင် ကမ္ဘာပေါ်ရှိ မည်သူမျှ ယုံကြည်ကြမည်မဟုတ်ဘဲ သူ့ကို အရူးတစ်ယောက်အဖြစ်သာ သတ်မှတ်ကြမည်ဖြစ်သောကြောင့် ဖြစ်သည်။

​လင်းဖန်က ကျိုးယန့်တို့ဘက်သို့ လှည့်ကာ...

"သွားကြမယ်.."

​"အေး... အေးပါ.."

ကျိုးယန့်တို့လည်း သတိပြန်ဝင်လာကာ လင်းဖန်နောက်သို့ အမြန်လိုက်သွားကြသည်။

​မထွက်ခွာမီ လင်းဖန်က ကျန်းရှောက်ဟောင်ကို လှည့်၍ တစ်ခုမှာကြားလိုက်သေးသည်။

​"သြော်... ခုနက ဓာတ်မှန်ရိုက်ခကိုလည်း ရှင်းပေးခဲ့ဖို့ မမေ့နဲ့ဦးနော်.."

​ဗုန်း...

​ကျန်းရှောက်ဟောင်သည် မြေပြင်ပေါ်သို့ ဗုန်းကနဲ လဲကျသွားသည်။ သူ၏မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော်နေပြီး တစ်ကိုယ်လုံးတွင်လည်း ချွေးစေးများ ထွက်နေကာ ငရဲတံခါးဝမှ ပြန်လာခဲ့ရသကဲ့သို့ ခံစားနေရ၏။ ဘေးမှလူများကလည်း သူ့ကို ကြည့်ကာ မိသားစုဝင်တစ်ဦးဦး ဆုံးပါးသွား၍လားဟု ထင်မှတ်ကာ ဝိုင်းဝန်းကြည့်ရှုနေကြပေတော့သည်။

Chapter 100

~

အခန်း ၁၀၀ : ဧကရီက ကြည့်လို့ပိုကောင်းလာတယ်

~

​နောက်တစ်နေ့ နံနက်ခင်းတွင်...

​တောက်ပသော အနီရောင်ငွေစက္ကူထုပ်များမှာ ဧည့်ခန်းစားပွဲပေါ်တွင် သေသပ်စွာ စီရီထားပြီး ယွမ်တစ်သောင်းတန် ငွေထုပ်ပေါင်း တစ်ရာမှာ ကြည့်ရသူ၏မျက်စိကို ဖမ်းစားနိုင်သော ငွေတောင်ငယ်တစ်ခုအလား ဖြစ်နေပေသည်။

​"ဒါက... တစ်သန်းပေါ့လေ..."

​လုံယွဲ့သည် ပါးစပ်လေးအနည်းငယ်ဟလျက် သူမ၏ရှေ့မှ ငွေထုပ်များကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလေသည်။ သူမသည် အင်မော်တယ်လောက၏ ဧကရီတစ်ပါး ဖြစ်ခဲ့စဉ်က ရွှေငွေရတနာများကို တောင်ကြီးတစ်လုံးစာခန့် မြင်ဖူးသော်လည်း ထိုစဉ်က သူမ၏စိတ်၌ တစ်စုံတစ်ရာ တုန်လှုပ်ခြင်းမရှိဘဲ တန်ဖိုးမရှိသောအရာများဟုပင် မှတ်ယူခဲ့ဖူးသည်။ ယခု ဤကမ္ဘာသို့ ရောက်ရှိလာချိန်တွင်မူ ငွေကြေး၏ အဖိုးတန်ပုံကို သူမ နားလည်လာခဲ့လေပြီ။ ထို့ကြောင့် ယခုကဲ့သို့ ငွေထုပ်ကြီးများကို မြင်လိုက်ရချိန်တွင် သူမ၏ရင်ထဲ၌ ခံစားချက်မှာ လုံးဝ ပြောင်းလဲသွားသည်။

​သူမ တစ်ခါမှ အချစ်ကို မခံစားဖူးသော်လည်း ယခုအချိန်တွင်မူ ဦးဆုံးအကြိမ် ချစ်မိသွားသကဲ့သို့ ရင်ထဲတွင် နွေးထွေးသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

​"လင်းဖန်... ငါ ဒါတွေကို ထိကြည့်လို့ရမလား.."

​လုံယွဲ့သည် မျက်နှာလေးမော့ကာ မိန်းကလေးတစ်ဦး၏ မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။ လင်းဖန်က အလိုလိုက်သော အပြုံးဖြင့် အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

​ခွင့်ပြုချက်ရသည်နှင့် လုံယွဲ့သည် ငွေထုပ်များပေါ်သို့ လက်ကလေးကို ဖွဖွလေး တင်လိုက်ပြီးနောက် သူမ၏ ပါးပြင်လေးကိုပါ ငွေထုပ်များနှင့် အပ်ထားကာ ငွေနံ့ကို အားပါးတရ ရှူရှိုက်လိုက်သည်။

​"အား....မွှေးလိုက်တာ.."

​ဤကမ္ဘာတွင် လစာရသည်ဖြစ်စေ၊ အွန်လိုင်းမှ ပစ္စည်းမှာသည်ဖြစ်စေ သူမသည် ဖုန်းဖြင့်သာ ငွေပေးချေခဲ့ရသဖြင့် ယခုကဲ့သို့ ငွေအစစ်အမှန်များကို အမြောက်အမြား မြင်တွေ့ဖူးခြင်းမှာ ဦးဆုံးအကြိမ်ဖြစ်သည်။ အကယ်၍ သူမမှာ ဤမျှအထိ ငွေတွေအများကြီးရှိလျှင် နေ့တိုင်း ပိုက်ဆံပုံပေါ်မှာပင် အိပ်စက်ချင်မိ၏။

​"ကျန်းရှောက်ဟောင်ဆိုတဲ့ကောင်ကတော့ ပိုက်ဆံကို တကယ် အမြန်ပြင်ပေးတာပဲ.."

စားပွဲပေါ်ရှိ ငွေတစ်သန်းကို ကြည့်ကာ ကျိုးယန့်က နောက်ပြောင်လိုက်သည်။

​မနက်စောစောစီးစီးမှာပင် ကျန်းရှောက်ဟောင်က သူ့ထံသို့ ဆက်သွယ်လာပြီး သူ့ကိုယ်စား ငွေလာပေးရန် အသည်းအသန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အစကတော့ လင်းဖန်၏အိမ်ကို မသိသဖြင့် ကျန်းရှောက်ဟောင်ကိုပါ ခေါ်လာရန် စဉ်းစားခဲ့သော်လည်း ထိုကောင်မှာ အလွန်အမင်း ကြောက်လန့်နေသဖြင့် မည်သို့မျှ ခေါ်၍မရဘဲ ကျိုးယန့်ကိုသာ ကူညီပေးရန် အတင်းအကျပ် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျိုးယန့်မှာ ငွေအပြည့်ထည့်ထားသော ခရီးဆောင်သေတ္တာကြီးကို တစ်ယောက်တည်း ဆွဲယူလာခဲ့ရသည်။

​"ရော့... ဒါက မင်းဆီက ချေးထားတာ ပြန်ဆပ်တာ.."

​လင်းဖန်က ရှေ့သို့တိုးကာ ငွေထုပ်ကြီး နှစ်ထုပ်ကို ယူ၍ ကျိုးယန့်ထံသို့ ခပ်ပေါ့ပေါ့ ပစ်ပေးလိုက်သည်။ ကျိုးယန့်သည် ထိုငွေထုပ်များကို ဖမ်းယူလိုက်ပြီးနောက် ငုံ့ကြည့်လိုက်ရာ အံ့ဩသွားသည်။ ငွေတစ်ထုပ်လျှင် ယွမ်တစ်သောင်းတန် ဆယ်ထုပ်ပါဝင်သဖြင့် သူ၏လက်ထဲတွင် ယွမ်နှစ်သိန်းတိတိ ရှိနေ၏။

​"ဒါက များလွန်းပါတယ်.. ငါ မင်းကို ဒီလောက်အထိ မချေးထားဘူးလေ.."

​"ငါက နှစ်ဆပြန်ဆပ်မယ်လို့ ပြောထားတာလေ..ကျန်တာက အတိုးပေါ့.."

လင်းဖန်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

​သူ နတ်ဆိုးအရှင် ဖြစ်လာကတည်းက ငွေကြေးကို အလေးအနက် မထားခဲ့ချေ။ ကျိုးယန့်က သူ့အပေါ် အမြဲတမ်း ကူညီပေးခဲ့သည်ကို ထောက်ထားလျှင် ယွမ်နှစ်သိန်းဆိုသည်မှာ ပြောပလောက်သည်မဟုတ်။

​ကျိုးယန့်မှာမူ လင်းဖန်၏ လက်ဖွာပုံကို ကြည့်ကာ ဆွံ့အသွားသည်။ သူ၏မိသားစုက ချမ်းသာသည်ဆိုသော်လည်း တစ်ပါးသူကို ယွမ်နှစ်သိန်းဆိုသော ပမာဏကို ဤမျှ ရက်ရက်ရောရော ပေးကမ်းဖူးခြင်း မရှိပေ။ လင်းဖန်ကမူ မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ငွေစက္ကူထုပ်များကို တစ်သျှူးထုပ်ပစ်ပေးသကဲ့သို့ ပေးလိုက်ခြင်းမှာ သူ့ထက်ပင် ပို၍ လက်ကြီးနေပေသည်။

​"ယွမ်တစ်သန်းရှိရင် ဒီကမ္ဘာမှာ ငါ လိုချင်တာမှန်သမျှ ဝယ်လို့ရပြီလား.."

လုံယွဲ့က ငွေထုပ်များထံမှ အကြည့်ခွာကာ စူးစမ်းစွာ မေးလိုက်သည်။

​"နေ့စဉ်သုံးပစ္စည်းတွေအတွက်ဆိုရင်တော့ ဟုတ်ပါတယ်..ဒါပေမဲ့ ဇိမ်ခံပစ္စည်းတွေ ဝယ်ချင်တယ်ဆိုရင်တော့ ဒီတစ်သန်းက သိပ်မများလှပါဘူး.."

လင်းဖန်က ခေါင်းခါပြလိုက်သည်။

​"ဇိမ်ခံပစ္စည်းတွေ ဟုတ်လား..ဒီကမ္ဘာမှာ တစ်သန်းနဲ့ ဝယ်လို့မရတဲ့အရာတွေ ရှိသေးလို့လား.."

​"ရှိတာပေါ့.. ဥပမာပြောရရင် ကားကောင်းကောင်းတစ်စီး ဝယ်မယ်ဆိုရင် ငွေအများကြီး ကုန်ကျနိုင်တယ်..ယွမ်တစ်သန်းကျော်တန်တဲ့ ကားတွေလည်း အများကြီး ရှိတယ်လေ.."

​လုံယွဲ့သည် အတန်ကြာ စဉ်းစားဟန်ပြုပြီးနောက် နားမလည်သော အမူအရာဖြင့် ပြန်ပြောသည်။

​"ကားဆိုတာက သာမန်လူသားတွေ သွားလာဖို့အတွက် အဆင်ပြေတယ်ဆိုပေမဲ့ အဲဒါကြီးကို အပိုင်ရှိဖို့ လိုအပ်တယ်လို့ ငါမထင်ဘူး.. ကားမရှိရင်လည်း အပြင်သွားတဲ့အခါ တက္ကစီငှားလို့ ရတာပဲ.. အဲဒီလိုဆိုရင် ကားဝယ်မယ့်ပိုက်ဆံတွေကို တခြားနေရာမှာ သုံးလို့ရတာပေါ့.. ဥပမာ နေ့တိုင်း ကိုယ်စားချင်တာတွေကို အားရပါးရ စားတာမျိုးပေါ့.."

​လင်းဖန်သည် ခဏတည ကြောင်သွားပြီးနောက် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ ယနေ့ခေတ်တွင် ကားမလိုအပ်ဘဲ ထိုငွေကို စားဖို့သောက်ဖို့အတွက်သာ သုံးချင်သည်ဟု ပြောမည့်သူမှာ ဤဧကရီတစ်ပါးသာ ရှိပေလိမ့်မည်။ သူမသည် အရင်က အဝေးတစ်နေရာသို့ စိတ်ကြိုက် သွားလာနိုင်စွမ်းရှိသူဖြစ်သဖြင့် ကားကို အရေးမကြီးဟု ထင်မြင်နေခြင်း ဖြစ်နိုင်သည်။

​"ကားမဝယ်ဘူးဆိုရင်တောင် အိမ်ရှိသေးတယ်လေ.. အခု အိမ်ဈေးတွေ ကျနေတယ်ဆိုပေမဲ့ အိမ်တစ်လုံးရဲ့ တန်ဖိုးကတော့ အခုထိ အရမ်းစျေးကြီးနေတုန်းပဲ.. အချို့နေရာတွေမှာ မြေတစ်စတုရန်းမီတာကို နှစ်သိန်း.. သုံးသိန်းလောက် ရှိတယ်.. အဲဒီလိုဆိုရင်တော့ ဒီတစ်သန်းက များတယ်လို့ မင်း ထင်သေးလား.."

​"တစ်စတုရန်းမီတာကို နှစ်သိန်း.. သုံးသိန်း ဟုတ်လား.."

​အိမ်ဈေးကို ကြားလိုက်ရချိန်တွင် လုံယွဲ့၏မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူလျော်သွားသည်။ သူမ၏အကြည့်မှာ ဒါက တကယ်လား၊ နောက်နေတာလားဟု မေးနေသကဲ့သို့ပင်။ လင်းဖန်နှင့် ကျိုးယန့်တို့ကလည်း ပြိုင်တူ ခေါင်းညိတ်ပြလိုက်ကြသည်။

​"မရီး... ဈေးသက်သာတဲ့ မြို့ကြီးတွေမှာတောင် အိမ်ဈေးက တစ်စတုရန်းမီတာကို နှစ်သောင်း..သုံးသောင်းလောက် ရှိတာ.."

​"အဲဒါလည်း ဈေးကြီးတာပဲ..."

​လုံယွဲ့သည် သူမရှေ့ရှိ ငွေပုံကြီးကို ကြည့်ကာ လင်းဖန်က ဘာကြောင့် တစ်သန်းကို မများဘူးဟု ပြောခဲ့သည်ကို နားလည်သွားတော့သည်။ ဤတစ်သန်းဖြင့် အစားအသောက်တွေဝယ်လျှင် အိမ်တစ်လုံးစာ အပြည့်ရနိုင်သော်လည်း အိမ်ဝယ်မည်ဆိုလျှင်မူ အိမ်တစ်လုံးစာပင် ရနိုင်မည်မဟုတ်ပါချေ။ ဈေးကြီးသော နေရာများဆိုလျှင် အိမ်သာတစ်ခုစာပင် ဝယ်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။

​"နတ်ဆိုးအရှင်... နင်အိမ်ဝယ်ဖို့ စဉ်းစားနေတာလား.."

လုံယွဲ့က လင်းဖန်အနားသို့ တိုးကပ်ကာ တိုးတိုးလေး မေးလိုက်သည်။ အိမ်ဝယ်လိုက်လျှင် ဤငွေတွေအားလုံး ပျောက်ကွယ်သွားမည်ကို သူမ နှမြောနေမိသည်။ ဤငွေတွေက သူမ ပိုင်ဆိုင်ခြင်းမဟုတ်သော်လည်း မုန့်အများကြီး ဝယ်စား၍ ရပေသည် ။

​လင်းဖန်က သူ၏ အခန်းကျဉ်းလေးကို လှည့်ကြည့်ကာ ပြောလိုက်သည်။

​"အခုနေတဲ့အိမ်က နည်းနည်းလေး သေးလွန်းတယ်.. နောက်ပိုင်းမှာ ပိုကျယ်တဲ့နေရာကို ပြောင်းဖို့တော့ စဉ်းစားရမှာပဲ.."

​"အင်း..."

လုံယွဲ့က အတန်ကြာ စဉ်းစားပြီးမှ အတည်ပေါက်ဖြင့် ပြောလိုက်သည်။

​"ငါ့အမြင်မှာတော့ ဒီအိမ်က နည်းနည်းသေးတယ်..ဟောင်းတယ်.. မြို့ထဲနဲ့လည်း ဝေးတယ်ဆိုပေမဲ့ နေလို့တော့ ကောင်းပါတယ်.. ငါကတော့ ဒီအိမ်ကို ကြိုက်တယ်.."

​"ဟုတ်လား... ငါကတော့ မင်းက ပိုကြီးပြီး ပိုကောင်းတဲ့ အိမ်မျိုးမှာ နေချင်လိမ့်မယ်လို့ ထင်ထားတာ.."

လင်းဖန်က အံ့ဩစွာ ပြောလိုက်၏။

​လုံယွဲ့သည် ဧကရီတစ်ပါးအနေဖြင့် အင်မော်တယ်လောကရှိ နန်းတော်ကြီးများတွင် နေထိုင်ခဲ့ဖူးသူဖြစ်သည်။ ထိုနေရာရှိ အခန်းထောင့်လေးတစ်ခုသည်ပင် သူ၏အိမ်ထက် ပို၍ ကြီးမားနိုင်ပေသည်။ သူမအနေဖြင့် ဤကဲ့သို့ ကျဉ်းမြောင်းသော နေရာတွင် နေထိုင်ရသည်မှာ အဆင်မပြေဖြစ်နေမည်ကို သူ စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။

​လုံယွဲ့က လင်းဖန်ကို တစ်ချက် စွေကြည့်လိုက်သည်။

​"နင်က ငါ့ကို နုနုနယ်နယ် နေတတ်တဲ့ မင်းသမီးလေးလို့ ထင်နေတာလား.. ငါက နေထိုင်စရာနဲ့ ပတ်သက်ရင် ဘာတောင်းဆိုချက်မှ မရှိပါဘူး..ငါ အပြင်လောကတွေမှာ ကောင်းကင်ကို အမိုးလုပ်ပြီး အိပ်ခဲ့ဖူးတဲ့ အကြိမ်တွေလည်း အများကြီးရှိတယ်.. ဒီအိမ်က သေးတယ်ဆိုပေမဲ့ လိုအပ်တာတွေ အကုန်ရှိပြီးသားပဲ..ငါကတော့ ဒီမှာနေရတာကို သဘောကျတယ်.."

​လင်းဖန်သည် လုံယွဲ့ကို တိတ်ဆိတ်စွာ ကြည့်နေမိပြီး သူမ၏စကားကြောင့် ရင်ထဲတွင် လှိုင်းထသွားသည်။ သူသည် ဤဧကရီကို ပို၍ ကြည့်ကောင်းလာသည်ဟုပင် ရုတ်တရက် ခံစားလိုက်ရ၏။ အိမ်လည်းမမက်၊ ကားလည်းမလို၊ အစားအသောက်ဆိုလျှင်လည်း ဂျီးမများဘဲ ကျွေးသမျှစားသော ဧကရီမှာ တစ်မျိုးကြည့်လျှင် အိမ်ထောင်မှုကို ကောင်းကောင်း ထိန်းသိမ်းနိုင်မည့်သူ ဖြစ်သလို ပြုစုပျိုးထောင်ရသည်မှာလည်း အလွန် လွယ်ကူလှပေသည်။

​"ဘာလို့ ငါ့ကို အဲဒီလိုကြီး စိုက်ကြည့်နေတာလဲ.."

လုံယွဲ့က မကျေမနပ် မေးလိုက်သည်။

​"ဘာမှမဟုတ်ပါဘူး.."

လင်းဖန်က ပြုံး၍ ပြန်ဖြေသည်။

​"သံသယဖြစ်စရာပဲ... နင် တစ်ခုခု မကောင်းတာကို တွေးနေတာ မလား.."

လုံယွဲ့က မျက်မှောင်ကြုတ်ကာ မသင်္ကာသော အကြည့်ဖြင့် ကြည့်လိုက်သည်။

​"တကယ် မဟုတ်ပါဘူးဆို..."

​"ငါ မယုံဘူး... အမှန်အတိုင်းပြော.. အခုချက်ချင်း ပြောစမ်း.."

​ဘေးတွင် ရပ်နေသော ကျိုးယန့်မှာမူ သူတို့နှစ်ဦး အချင်းချင်း ရန်ဖြစ်နောက်ပြောင်နေသည်ကို ကြည့်ကာ ဆွံ့အနေလေ၏။ သူတို့နှစ်ဦးမှာ သူ့ကို လုံးဝမရှိသကဲ့သို့ သဘောထားကာ သူ့အရှေ့တွင် ကြည်နူးနေကြခြင်းဖြစ်သည်။

' အိမ်ပြန်တာပဲ ကောင်းမယ်ထင်တယ်.. ငါ့ကို ခွေးစာအဝကျွေးနေကြတာ.. '

All Chapters