ကိုကြီးက စူပါမန်းလား
Vol. 10 Ch. 141
ဓာတ်လှေကားက အလုပ်မလုပ်တော့သဖြင့် ရဲ့လင်းချန် လှေကားများကို ငါးထစ်ခြားတစ်ခါ လှမ်း၍ အပေါ်သို့ အလျင်အမြန် ပြေးတက်နေသည်။
ဤအဖြစ်အပျက်နှင့် ပတ်သက်၍ သူ့၌ လုပ်နိုင်သော အစွမ်းအစ မရှိပါက သူ ဝမ်းနည်းစွာ စကားအချို့ ဆိုမိမည် ဖြစ်သည်။ သို့သော် သူ့၌ လုပ်နိုင်သော အစွမ်းအစ ရှိသည်က အသေအချာပင်။ ယင်းကို သူ တစ်ရာရာခိုင်နှုန်း အပြည့်အဝ လုပ်နိုင်မည်ဟု မပြောနိုင်သော်လည်း သူ လျစ်လျူရှုမထားနိုင်ပါ။
သူ လျစ်လျူရှုထားရန် ရွေးချယ်လိုက်ပါက ပါရမီရှင်စနစ် ရထားခြင်းက ဘာများ အကျိုးရှိတော့မည်နည်း။ သူ တစ်သက်လုံး သူရဲဘောကြောင်သူအဖြစ်သာ ရှိနေပေလိမ့်မည်။
ကြီးကျယ်သော ခွန်အားက ကြီးမားသော တာဝန်ယူမှုနှင့်အတူ ဒွန်တွဲနေတတ်သည်။
“လခွမ်း ငါ ဘယ်တုန်းက တခြားသူတွေရဲ့ ကိစ္စကို ဝင်ပါတတ်သွားတာလဲ*
ရဲ့လင်းချန် ကျိန်ဆဲလျက်ဖြင့် လှေကားများကို အလျင်အမြန် ပြေးတက်နေသည်။ ဆယ့်ခြောက်ထပ်သို့ ရောက်အောင် ထပ်ရမည် ဖြစ်သောကြောင့် သူ တစ်လျှောက်လုံး အရှိန်မလျှော့ခဲ့ချေ။ ထိုအထပ်သို့ရောက်ရန် သူ နှစ်မိနစ်ခွဲမျှသာ အချိန်ယူခဲ့ရသည်။
မီးပင်လယ်၊ အလွန် ပြင်းထန်သော မီးပင်လယ်တစ်ခုက ဆီးကြိုနေ၏။
ရဲ့လင်းချန်၏ ရှေ့တွင် အနီရောင် မီးတောက်များ တောက်လောင်လျက် ရှိပြီး အလွန် မြင့်မားသော အပူချိန်ကြောင့် သူ့မျက်နှာ နီလာရသည်။ မကြာခင်မှာပင် သူ့နဖူးမှ ပဲစေ့အရွယ်ရှိ ချွေးများ စို့တက်လာသည်။
ဆယ့်ခြောက်ထပ်မြောက်တစ်ခုလုံး မီးတောက်များ စွဲလျက် ရှိနေသဖြင့် သူ ဆယ့်ငါးထပ်သို့ ပြန်ဆင်းလာရသည်။
ကလေးများက ဆယ့်ခြောက်ထပ်၌ ရှိနေကြသည်။ သူ အပေါ်သို့ မတက်နိုင်ပါ။ ထိုမီးပင်လယ်ကိုဖြတ်၍ သူ တက်၍ မရနိုင်ပေ။
ရဲ့လင်းချန် ဘေးဘီကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် မျက်နှာအမူအရာ မည်းမှောင်သွားသည်။
*ချီးပဲ စွန့်စားလိုက်တာပေါ့ကွာ*
သူ အစောကတည်းက ပြင်ဆင်ထားသော ရေစိုတဘက်ကို အသက်ရှူမကြပ်အောင် မျက်နှာ၌ ပတ်လိုက်သည်။ ထို့နောက် ဆယ့်ငါးထပ် ဝရန်တာ၏ ပြတင်းပေါက်နားသို့ လျှောက်သွားလေသည်။ သူ အရင်ဆုံး ကိုယ်ကို ကိုင်းလိုက်ပြီးမှ အံကြိတ်၍ အပြင်ဘက်သို့ ထွက်ကာ အပေါ်ကို တွယ်တက်လိုက်သည်။
သူ အပေါ်ကို တွယ်တက်နေသည်ကို မြင်ပြီး အောက်မှ လူအုပ်ကြီးက လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။
“လခွမ်း ကြည့်ဦး၊ အဲ့ဒါ ဘာလဲ၊ လူနဲ့တူသလိုပဲ”
“သောက်ကျိုးနည်း၊ တကယ်ကြီး လူတစ်ယောက်ဟ၊ အထဲမှာ ဘာလို့ လူတွေ ရှိနေသေးတာလဲ”
“ခုနက ပြေးဝင်သွားတဲ့လူတော့ မဖြစ်နိုင်လောက်ဘူး မဟုတ်လား၊ မြန်လွန်းနေတယ်လေ”
“သူ ဘာလုပ်ချင်နေတာလဲ၊ အပြင်ကို တွားသွားမလို့ တွေးနေတာတော့ မဟုတ်ဘူးမလား၊ ရူးချင်စရာပဲ”
….
ပြောဆိုနေသံများကြားတွင် ရဲ့လင်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံး ပြတင်းပေါက်အပြင်ဘက်သို့ ရောက်သွား လေသည်။ သူသည် ပြတင်းပေါက်၏ ဘောင်များကို မြဲနေအောင် ကိုင်ထားပြီး ခန္ဓာကိုယ်က အထပ်မြင့် အဆောက်အဦး၏ နံရံ၌ ကပ်တွယ်နေ၏။ ဆယ့်ငါးထပ်က တောင်ကုန်းငယ်တစ်ခုနီးနီး မြင့်သဖြင့် အများစုက အောက်သို့ ငုံ့မကြည့်ရဲချေ။ သို့သော် ရဲ့လင်းချန်က နံရံကို တွယ်၍ နည်းနည်းချင်းစီ ရွှေ့နေသည်။
အခြေအနေကို ကြည့်လိုက်ပါက ပိတ်မိနေသော ကလေးငယ်များအား ထိုသူက လက်ချည်းသက်သက်ဖြင့် ကယ်တင်ရန် ကြိုးစားနေပုံရသည်။
ဤသည်က ထိတ်လန့်စရာ ကောင်းသလို သတ္တိလည်း ကောင်းလွန်းလှသည်။ သူ့သတ္တိက ချီးကျူးစရာ ကောင်းသော်လည်း လုပ်ရပ်က အမြော်အမြင် မဲ့လှသည်။
“လူငယ်လေး အဲ့မှာပဲ ရပ်လိုက်ပါ၊ မင်း ဘေးကင်းအောင် နေပါ”
မီးသတ်သမားခေါင်းဆောင်က ချက်ချင်း လော်စပီကာကို ယူ၍ အော်ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် သတင်းထောက်များက သတင်းကြားပြီး အလျင်အမြန် ရောက်ရှိလာကြသည်။ တစ်ယောက်ပြီး တစ်ယောက်က မီးတောက်များထံ ကင်မရာချိန်၍ ဓာတ်ပုံရိုက်နေလေသည်။ ကင်မရာသမား များလည်း ရောက်နေပြီး သတင်းကို တိုက်ရိုက်ထုတ်လွှင့်နေ၏။
ရှောင်ယာသည် အပြင်သတင်းများကို တင်ဆက်သည့် သတင်းထောက် ဖြစ်သည်။ သူမ၏ စကားပြော ကောင်းသော စွမ်းရည်ဖြင့် သူမက အားလုံးကို မြို့တော်၏ ဆွဲဆောင်မှုရှိသော နေရာများကို လည်ပတ်ပြသကာ မြို့တော်၏ အရသာရှိသော အစားအသောက်များကို စားသောက်၍ တင်ဆက်လေသည်။ ထို့ကြောင့် သူမ ပရိသတ်များစွာ ရလာခဲ့သည်။
ယနေ့သည် သူမသည် အနီးအနား ပတ်ဝန်းကျင်၌ တိုက်ရိုက်ထုတ်လွှင့်နေပြီး မီးလောင်နေသော သတင်းကို ကြားသောအခါ ထိုနေရာသို့ မြန်မြန်သွားခဲ့သည်။
သူမက ဖုန်းကိုကိုင်၍ ကင်မရာအား မီးလောင်နေရာသို့ ချိန်ကာ လေးနက်သော မျက်နှာအမူအရာဖြင့် အခြေအနေကို တင်ဆက်နေသည်။
“မြတ်စွာဘုရား ဘယ်လိုဖြစ်သွားတာလဲ၊ ဘာလို့ မီးလောင်ရတာပါလိမ့်၊ မီးက ဒီလောက် ပြင်းတာ ထိန်းချုပ်လို့ မရနိုင်တော့တဲ့အဆင့်ကို ရောက်တော့မယ်”
ထို့နောက် သူမက မီးသတ်သမားနှင့် သူမဘေးနားမှ ကြည့်နေသူများကို ရိုက်ပြပြီး စိုးရိမ်သော လေသံဖြင့် ပြောလိုက်သည်။
“ကြောက်စရာ ကောင်းလိုက်တာ၊ ထိခိုက်တဲ့သူ ရှိမလားတောင် မသိဘူး”
သူမက ဘာဖြစ်နေသလဲ ပိုသိရရန် လူအုပ်ထဲသို့ တိုးသွားလေသည်။ သူမ နားထောင်လေလေ ပိုထိတ်လန့်လေ ဖြစ်လာရသည်။
သူမသည် ကင်မရာအား အဆောက်အဦးကို ချိန်၍ zoom ဆွဲလိုက်သည်။
“အဆောက်အဦးထဲမှာ ကလေးနှစ်ယောက် ပိတ်မိနေသေးတယ်၊ အခြေအနေက သေရေးရှင်ရေးပဲ၊ သူတို့ကို ဘုရားသခင် ကာကွယ်ပေးပါစေ”
သူမ ကင်မရာဖြင့် ဟိုချိန်ဒီချိန် လုပ်နေချိန်တွင် လူရိပ်တစ်ခုက အဆောက်အဦး၏ နံရံ၌ ဖြည်းဖြည်းချင်း ရွေ့နေသည်ကို တွေ့လိုက်ရသည်။
အဆောက်အဦး၏ အပြင်ဘက်နံရံတွင် တွယ်တက်စရာနေရာက သိပ်မရှိပေ။ သို့ရာတွင် ထိုလူသည် နံရံ၏ အစွန်းအချို့ကို မြဲနေအောင်ကိုင်နိုင်စွမ်း ရှိနေသည်။
မီးတစ်ခုတည်းကပင် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း၌ အုတ်အော်သောင်းနင်း ဖြစ်စေနေပြီ ဖြစ်သည်။ အဆောက်အဦးပေါ်မှ လူတစ်ယောက်ကို မြင်သောအခါ ပို၍ ဆူညံသွားလေသည်။ ပရိသတ်များက တိုက်ရိုက် ထုတ်လွှင့်နေသော သတင်းကို ဖြန့်လိုက်သဖြင် မရေတွက်နိုင်သော လူများက တိုက်ရိုက် ထုတ်လွှင့်မှုထဲ ဝင်ကြည့်လာကြသည်။
[မြတ်စွာဘုရား အဲ့လူက ဆယ့်ငါးထပ်ကနေ အပေါ်တက်ပြီး ကလေးနှစ်ယောက်ကို ကယ်ချင်တာလား]
[အဲ့လူက အံ့ဩဖို့ကောင်းလိုက်တာ၊ သူက သူရဲကောင်းပဲ]
[သူ ဘယ်လိုလုပ်လိုက်တာလဲ၊ ဆန်းကြယ်လိုက်တာ၊ မသိရင် သူ့မှာ ထူးခြားဆန်းကြယ်တဲ့ စွမ်းအင်တွေ ရှိနေသလိုပဲ]
[ကိုယ့်လူ၊ မင်းရဲ့ အပြုအမူက မိုက်ရူးရဲဆန်ပင်မယ့် မင်းက တကယ့် ယောကျ်ားသားပဲ]
[သူ့ကြောင့် ငါ တစ်ခြားလူတစ်ယောက်ကို သတိရသွားပြီ၊ စူပါမန်းဝိုင်လေ]
…
မရေတွက်နိုင်သော လူများက ရဲ့လင်းချန်ကို အောက်ဘက်မှနေ၍ မော့ကြည့်နေကြသည်။ အားလုံးက မသိစိတ်အရ လက်ကို တင်းနေအောင် ဆုပ်ထားမိပြီး မျက်နှာတွင် စိုးရိမ်ဟန်များ ပေါ်လွင်နေ၏။ အများစုသည် လက်နှစ်ဖက်ကိုယှက်၍ မျက်လုံးကိုမှိတ်ကာ ရဲ့လင်းချန်အတွက် ငြိမ်သက်စွာ ဆုတောင်းပေးနေကြသည်။
ကလေးနှစ်ယောက်၏ မိဘများဆိုလျင် မြေကြီးပေါ် ဒူးထောက်၍ ကောင်းကင်ကို မော့ကြည့်လေသည်။ သူတို့၏ နှုတ်ခမ်းများက တုန်နေပြီး တစ်စုံတစ်ရာကို ဆက်တိုက် ရေရွတ်နေ၏။
“ဘုရားသခင် သူတို့ကို ကာကွယ်ပေးပါ”
ရဲ့လင်းချန်၌ အားလုံး၏ တုံ့ပြန်မှုကို စိမ်ပြေနပြေ အာရုံစိုက်နေချိန် မရပါ။ သူ တက်နေသည်က ခရီးတစ်ဝက်ပင် ပေါက်နေလေပြီ။ မီးညွန့်က နီးသထက် နီးလာပြီး ကလေးများ၏ ငိုသံကိုပါ သူ ခပ်သဲ့သဲ့ ကြားနေရသည်။
သူ ဘေးဘီကို တစ်ချက် ကြည့်လိုက်ပြီးနောက် အဲကွန်း၏ ကွန်ဒင်ဆာက သိပ်မဝေးသော နေရာ၌ ရှိနေသည်ကို တွေ့လိုက်ရသည်။
အကြိမ်အနည်းငယ်မျှ ပင့်သက်ရှိုက်လိုက်ပြီးနောက် သူ ကိုယ်ကို ဖြည်းဖြည်းချင်းစီ ကိုင်းလိုက်သည်။ ထို့နောက် အဲကွန်းထံသို့ မျောက်တစ်ကောင်သဖွယ် လွှားခနဲ ခုန်ကူးလေသည်။
*မြတ်စွာဘုရား*
သူ့ခန္ဓာကိုယ်က အဲကွန်း၏ ကွန်ဒင်ဆာပေါ် အရှိန်ဖြင့် ရောက်သွားသည်။ သို့သော် အရှိန်နှင့် အလေးချိန်ကြောင့် ကွန်ဒင်ဆာက ခပ်ကြမ်းကြမ်း လှုပ်ခါသွား၏။ ၎င်းက ကျွိခနဲ အသံမြည်သွားပြီး စောင်းလာကာ အချိန်မရွေး ပျက်စီးတော့မည့်ပုံ ပေါ်နေသည်။
“သူရဲကောင်းကြီး သတိထားပါ’
အားလုံး၏ စိုးရိမ်စိတ်က အဆုံးအထိ ထိုးတက်လာပြီး အောက်ဘက်မှ အော်သံများ ထွက်ပေါ်လာသည်။
ရဲ့လင်းချန် မျက်ခုံးပင့်လိုက်မိသည်။ သူ့အရှိန်နှင့်လိုက်၍ ခန္ဓာကိုယ်ကို မြဲနေအောင် ထိန်းလိုက်သည်။ သူ့ကိုယ်သူ ဟန်ချက်ညီအောင် ထိန်းလိုက်နိုင်သည်နှင့် နောက်တစ်ကြိမ် ခုန်တက်လိုက်လေသည်။
သူသည် ဆယ့်ငါးထပ်မှ ပြတင်းပေါက်ဘောင်ပေါ် ရောက်သွားပြီး ကလေးနှစ်ယောက်၏ အောက်တည့်တည့်သို့ ရောက်သွားသည်။
အားလုံး၏ စိုးရိမ်နေသော အကြည့်အောက်၌ သူသည် ပြတင်းပေါက်ဘောင် အစွန်းကို ကိုင်လိုက်သည်။ ထို့နောက် သူသည် မြဲနေအောင် ဆုပ်ကိုင်၍ အပေါ်သို့ ထပ်ခုန်လိုက်သည်။
[မိုက်တယ်၊ ကောင်းတယ်ဟေ့]
[အံ့ဩဖို့ကောင်းလိုက်တာ၊ ရုပ်ရှင်ထက်ကို ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတယ်]
[အထူး ပြုလုပ်ချက်တွေနဲ့ ရုပ်ရှင်တစ်ကား ဖန်တီးမယ်ဆိုရင်တောင်မှ ဒီဟာလောက် အံ့ဩဖို့ ကောင်းမှာ မဟုတ်ဘူး၊ ငါတို့လို သာမန်လူတွေကြားမှာ သူရဲကောင်းတွေ ပုန်းကွယ်နေတာပဲ၊ ဒါကမှ သူရဲကောင်း အစစ်]
[အား … အား … အား … ချောလိုက်တာ၊ အခုချိန်ကစပြီး သူက ငါ့မင်းသားလေးပဲ]
[အားတင်းထား၊ နင် လုပ်နိုင်တယ်၊ နင် ဒီကလေးတွေကို ကယ်ကိုကယ်နိုင်မှာ]
တိုက်ရိုက်ထုတ်လွှင့်မှုမှ ကြည့်နေသူများဖြစ်စေ၊ လမ်းသွားလမ်းလာများဖြစ်စေ အားလုံးက ရဲ့လင်းချန်အပေါ် မျှော်လင့်နေကြသည်။ သူတို့သည် အထပ်မြင့် အဆောက်အဦးပေါ်မှ လူကို မျက်တောင်မခတ်တမ်း ကြည့်နေကြပြီး အသက်ပင် မရှူရဲချေ။ သူတို့ထံမှ လှုပ်ရှားမှု သေးသေးလေးက ရဲ့လင်းချန်၏ ကလေးများကို ကယ်တင်နေသည့် ကိစ္စအပေါ် သက်ရောက်သွားလိမ့်မည်ဟု ခံစားနေကြရသည်။
“သူ ဆယ့်ငါးထပ်ကနေ ခုန်ချင်နေတာလား”
လူတိုင်း ခြောက်ကပ်နေသော နှုတ်ခမ်းကို သပ်၍ ကြည့်နေကြသည်။ သူတို့အားလုံးက အားယူနေပုံရသော ရဲ့လင်းချန်အား စိုးရိမ်တကြီး ကြည့်နေလေသည်။
အိမ်တိုင်းတွင် အဲကွန်းများ တပ်ဆင်ထားသဖြင့် ပြတင်းပေါက်ဘောင်ဘေး၌ ကွန်ဒင်ဆာများ ရှိကြသည်။ အထပ် နှစ်ထပ်ကြားမှ ကွန်ဒင်ဆာနှစ်လုံး၏ အကွာအဝေးသည် ပြတင်းပေါက်ဘောင်နှင့် တစ်ဒဿမ ငါးမီတာနီးပါး ကွာ၏။
အစောပိုင်းက ကွန်ဒင်ဆာသည် ဆယ့်ငါးထပ်၌ ရှိသည်။ ယခုအခါတွင် ရဲ့လင်းချန်က ဆယ့်ငါးထပ်မြောက်၏ ပြတင်းပေါက်ဘောင်မှနေ၍ ဆယ့်ခြောက်ထပ်မှ ကွန်ဒင်ဆာထံ ခုန်ကူးရန် ပြင်နေသည်။ ထိုသို့ခုန်ကူးပြီးလျင် ကွန်ဒင်ဆာကို ခြေကုပ်ယူ၍ သူ ဆယ့်ခြောက်ထပ်သို့ ခုန်တက်ရန် စိတ်ကူးထားသည်။
ရဲ့လင်းချန် ခြေထောက်ကို ကွေးလိုက်ပြီးမှ လွှားခနဲ ခုန်လိုက်သည်။ သူ ကွန်ဒင်ဆာထံ ကူးလိုက်နိုင်သဖြင့် ကျယ်လောင်သော အသံ ထွက်ပေါ်လာသည်။
ယခု သက်ရောက်အားက အစောပိုင်းကထက်ပင် ပိုပြင်းထန်ပြီး ကွန်ဒင်ဆာတစ်ခုလုံး တစ်ဝက်ကျော်မျှ ပိုခါယမ်း နေသည်။ ၎င်းက ပြုတ်ကျလုနီးပါး ဖြစ်နေ၏။
သို့သော် ရဲ့လင်းချန်က ကွန်ဒင်ဆာကို အသာနင်း၍ ထပ်ခုန်တက်လိုက်သည်။ လှုပ်ရှားမှုနှစ်ခုကြားတွင် နားချိန် မရှိလိုက်ပေ။ သူ့လက်များက ဆယ့်ခြောက်ထပ်၏ ပြတင်းပေါက်ဘောင်ကို လှမ်းဖမ်းထားလိုက်နိုင်သည်။
တစ်ချိန်တည်းမှာပင် ကွန်ဒင်ဆာက ဖိအားများစွာ ခံလိုက်ရသဖြင့် ချက်ချင်း ပြုတ်ကျကာ နံရံတွင် တွဲလောင်း ကျနေ၏။
[ဟုတ်ပြီကွ၊ သူ ခုန်လိုက်နိုင်ပြီ]
[စိတ်လှုပ်ရှားဖို့ကောင်းလွန်းတယ်၊ ဟောလီးဝုဒ်ရုပ်ရှင်တွေထက်တောင် ပိုအသည်းယားဖို့ ကောင်းတယ်]
အားလုံး ချီးကျူးထောပနာ ပြုနေကြပြီး ကလေးနှစ်ယောက်၏ မိဘများက ကြည်နူးစိတ်ကြောင့် မျက်နှာ နီမြန်းနေသည်။ သူတို့ မျှော်လင့်ချက် ရောင်ခြည်ကို တွေ့လိုက်ရသလို ခံစားနေရသည်။
“ဟူး”
ရဲ့လင်းချန် စိတ်အေးကာ သက်ပြင်းချလိုက်ပြီး ပြတင်းပေါက်ဘောင်ပေါ် ဖြည်းဖြည်းချင်း တက်လိုက်သည်။
ထိုအခါ ချစ်စရာကောင်းသော ကလေးနှစ်ယောက်က မျက်ရည်များ သုတ်နေကြသည်ကို သူ တွေ့လိုက်ရသည်။ သူတို့က ထိတ်လန့်အံ့ဩနေကာ နီရဲနေသော မျက်လုံးဝိုင်းကြီးများဖြင့် သူ့အား ကြည့်နေ၏။
“ကိုကြီး၊ ကိုကြီးက စူပါမန်းလားဟင်”