အခန်း (၃-၄)
Vol. 1 Ch. 3-4
📗 Chapter 3
ယဲ့မိသားစုဝင်များက ငွေရေးကြေးရေးအတွက် စိုးရိမ်နေကြခြင်းဖြစ်မှန်း ယဲ့ရှောင်ရှောင်သိသဖြင့် အရင်ဦးအောင်ပြောလိုက်ပါသည်။
“သမီးလာတုန်းက ငွေနည်းနည်းပါလာတယ်၊ အရေးပေါ်သုံးဖို့အတွက်တော့ လုံလောက်ပါတယ်၊ စတုတ္ထအစ်ကို မြစ်ထဲဆင်းခဲ့ရတာ သမီးကြောင့်ပဲလေ၊ သူသာတစ်ခုခုဖြစ်သွားရင် တစ်သက်လုံး အပြစ်မကင်းတဲ့စိတ်နဲ့ သမီးနေသွားရတော့မှာ၊ အဲ့တာကြောင့် သမီးလိုက်ခဲ့ပါရစေနော်”
ယဲ့ရှောင်ရှောင်၏ ခိုင်မာပြတ်သားသော စကားများကို ကြားသောအခါ ယဲ့ကျန်းကော် ခေတ္တ စဉ်းစားသုံးသပ်လိုက်ပြီး သဘောတူလိုက်ပါသည်။
“တောင်လမ်းက ကြမ်းတမ်းတယ်၊ လမ်းတစ်ဝက်ရောက်မှ အိမ်ပြန်ချင်တယ်ဆိုရင် နင့်ကို ဘယ်သူမှ ပြန်လိုက်ပို့ပေးမှာ မဟုတ်ဘူးနော်”
အမှန်တကယ်တော့ ယဲ့ကျန်းကော် စိုးရိမ်သည်မှာ ငွေရေး ကြေးရေးကိစ္စ မဟုတ်ပါ။ ယဲ့ရှောင်ရှောင် တစ်ယောက်တည်း ထပ်ပြီး ထွက်ပြေးသွားမည်ကို စိုးရိမ်ခြင်းဖြစ်သည်။
ထိုသို့ဖြစ်လာလျှင် ပြဿနာတွေ ပိုဆိုးရွားသွားနိုင်ပါသည်။
ထို့အပြင် တောင်လမ်းကလည်း အမှန်တကယ် ကြမ်းတမ်းလွန်းလှသဖြင့် ဤကောင်မလေး ခံနိုင်ရည်မရှိမှာ စိတ်ပူမိပါသည်။ ယခင်က ရွာကို တစ်ယောက်တည်း ဘယ်လိုများ ရောက်အောင် လာခဲ့သလဲဟူသည်ကိုပင် ယဲ့ကျန်းကော် သိချင်မိသည်။
ယဲ့ကျန်းကော်၏ မျက်နှာက အမြဲလိုလို တည်ကြည်လေးနက်ကာ ကြမ်းတမ်းခက်ထန်သော်လည်း ဤအိမ်ထောင်ဦးစီးကြီးသည် သားသမီးများအတွက် အလွန်ဂရုစိုက်မှန်း ယဲ့ရှောင်ရှောင် သိပါသည်။
“သမီးနားလည်ပါတယ်”
ယဲ့ရှောင်ရှောင် အခိုင်အမာ ခေါင်းညိတ်လိုက်သည်။
သူတို့အိမ်မှ မထွက်ခင် မြောင်စွေ့ဖန်းက ယဲ့ရှောင်ရှောင်ကို အိမ်မှာနေခဲ့ဖို့ အချိန်အတော်ကြာအောင် ဖြောင်းဖြပါသေးသည်။ သို့သော် တားမရခဲ့သဖြင့် နောက်ဆုံးတွင် အိမ်မှ ယုန်မွေးဦးထုပ်နှင့် လည်စည်းပဝါတို့ကို ထုတ်ပေးကာ လမ်းတွင်ဂရုစိုက်ဖို့သာ မှာကြားရင်း နှုတ်ဆက်လိုက်ရတော့သည်။
၁၉၈၀ ခုနှစ်များတွင် တောတောင်လမ်းများ မည်မျှကြမ်းတမ်းကြောင်းကို ယဲ့ရှောင်ရှောင် အထင်သေးခဲ့မိပါသည်။ လမ်းမကြီးအတိုင်းသွားလျှင် အဝေးကြီး ကွေ့ပတ်သွားရမည်ဖြစ်၍ ပုံမှန်အားဖြင့် ရွာသားများက ‘ကျောက်တုံးကြီး တောင်ရိုး’ကို ဖြတ်သည့် တောင်လမ်းမှသာ သွားလေ့ ရှိကြပါသည်။
တောင်ပေါ်တွင် နှင်းများကလည်း အလွန်ထူထပ်လျက်ရှိကာ ယဲ့ရှောင်ရှောင် ခြေတစ်လှမ်းလှမ်းပြီးတိုင်း မုန်လာဥ နုတ်ရသကဲ့သို့ ခြေထောက်ကို အားစိုက်ကာ ပြန်ဆွဲထုတ်နေရပါသည်။
လှည်းကိုဆွဲကာ ရှေ့မှ ဦးဆောင်နေရသည့် ယဲ့ချန်းချင်နှင့် ယဲ့ချန်းယွမ်တို့က သူမထက် အများကြီး ပိုမြန်ဆန်နေလေသည်။
လမ်းတစ်လျှောက်လုံး ယဲ့ရှောင်ရှောင် ရုန်းကန်နေရသည်ကို ယဲ့ကျန်းကော် တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
ယဲ့ကျန်းကော်သည် ငယ်စဉ်က စစ်သားတစ်ဦးဖြစ်ခဲ့ဖူးသည့်အလျောက် လူကဲခတ်နိုင်စွမ်း အလွန်မြင့်မားသည်။ ထိုကောင်မလေး ပြောင်းလဲသွားပြီဖြစ်မှန်း သူအသေအချာ သိနေပါသည်။
သူမသည် တစ်စုံတစ်ခုကို သဘောပေါက်နားလည်သွားသကဲ့သို့ ယခင်ကထက် အများကြီး ပိုတည်ငြိမ်လာသည်။ အိမ်သို့ စရောက်လာစဉ်ကထက် သဘောကျဖို့ ပိုကောင်းလာပါပြီ။
အချိန်အတော်ကြာအောင် လမ်းလျှောက်ပြီးနောက် ယဲ့ရှောင်ရှောင်၏ ခြေထောက်များ ထုံကျင်လာခဲ့သည်။
“ရောက်တော့မှာလားဟင်”
“အဝေးကြီးလိုသေးတယ်၊ တောင်အောက်ကိုဆင်းပြီးရင် နောက်ထပ် မိုင် ၂၀ လောက် ထပ်သွားရမယ်”
မြောက်လေမှ သယ်ဆောင်လာပေးသည့် ယဲ့ချန်းယွမ်၏ စကားမှာ ယဲ့ရှောင်ရှောင်၏ နှလုံးသားကို အေးခဲသွားစေသည်။
ယဲ့ကျန်းကော်က လှမ်းအော်သည်။
“တောင်ဆင်းလမ်းမှာ ဂရုစိုက်ကြနော်၊ ခြေမချော်စေနဲ့!”
ထိုစကားကိုကြားခါမှ မူရင်းဝတ္ထုထဲတွင် ယဲ့ကျန်းကော်တစ်ယောက် တောင်ဆင်းလမ်းပေါ်မှ ခြေချော်ကျကာ သေဆုံးသွားခြင်းဖြစ်မှန်း ယဲ့ရှောင်ရှောင် မှတ်မိသွားပါသည်။
“ရှောင်ရှောင် လှည်းပေါ်ကနေ လိုက်ပါလား”
ညီမဖြစ်သူကို ယဲ့ချန်းချင်က အကြံပြုသည်။
ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ချစ်မြတ်နိုးခဲ့ရသည့် ကောင်မလေးမှာ သူ့ညီမလေးအရင်းမဟုတ်မှန်း သိလိုက်ရချိန်တွင် ယဲ့ချန်းချင် အံ့အားသင့် တုန်လှုပ်ခဲ့ရသည်။
သို့သော် ညီမလေးအရင်းဖြစ်သည့် ယဲ့ရှောင်ရှောင် ပိုင်ချွမ်ရွာသို့ ပြန်ရောက်လာချိန်တွင် သွေးသားကစကားပြောခြင်းကြောင့်လား မသိနိုင်သော်လည်း ယဲ့ချန်းချင်သည် ထိုမြို့သူလေးကို ညီမအဖြစ် မဆိုင်းမတွ အသိအမှတ်ပြုခဲ့လေသည်။
ယဲ့ရှောင်ရှောင်မှာ ယဲ့မိသားစုဝင်တစ်ယောက် ဖြစ်သည့်အလျောက် အစ်ကိုအကြီးဆုံးဖြစ်သည့် သူက ကျိန်းသေ ဂရုစိုက်ပေးရပါမည်။
ယဲ့ရှောင်ရှောင် အမြန်လက်ခါပြလိုက်သည်။
“ဒီတိုင်းလျှောက်လို့ရပါတယ်”
သူမစကားကို သက်သေပြဖို့အတွက် ရှေ့သို့ ခြေလှမ်းအနည်းငယ်လောက် ခပ်မြန်မြန် လှမ်းပြလိုက်သည်။ သို့သော် ယဲ့ကျန်းကော်က သူမကို ပြန်ဆွဲခေါ်လိုက်လေသည်။
“တောင်ဆင်းလမ်းမှာ ဖြည်းဖြည်းလျှောက်လို့ ပြောနေတယ်၊ ငါ့နောက်ကပဲ လိုက်ခဲ့”
ထို့နောက် ယဲ့ကျန်းကော်သည် သားသမီးများကို ရှေ့မှ ဦးဆောင်ကာ တုတ်တစ်ချောင်းကို အသုံးပြုလျက် ထူထပ်လှသော နှင်းများအောက်က တွင်းပေါက်ချိုင့်ဝှမ်းများကို ရှာဖွေ ရှောင်ရှားခဲ့ပါသည်။
သူတို့သည် အိမ်မှ မနက်ခင်းက ထွက်လာကြခြင်းဖြစ်သော်လည်း မြို့နယ်ဆေးခန်းသို့ ရောက်ရှိချိန်တွင် မွန်းတည့်နေပါပြီ။
ယဲ့ရှောင်ရှောင်မှာ ပင်လည်းပင်ပန်း ဗိုက်လည်းဆာနေပြီဖြစ်သော်လည်း စတုတ္ထအစ်ကိုအတွက် ကောင်တီမြို့ထိ ရောက်အောင် ဆက်သွားဖို့ အားလုံးကို ဖြောင်းဖြခဲ့သေးသည်။
“နင့်စတုတ္ထအစ်ကိုက ဒီတိုင်းအအေးမိပြီးဖျားတာပါ၊ မြို့နယ်ဆေးခန်းကို အရင်သွားပြီး အဖျားကျဆေး ထိုးကြတာပေါ့၊ အဲ့တာမှ အဖျားမကျသေးရင်တော့ ဆေးရုံကြီးကို သွားကြမယ်လေ”ဟု ယဲ့ကျန်းကော်က အကြံပြုလေသည်။
ယဲ့ရှောင်ရှောင်လည်း မတတ်သာဘဲ လက်ခံလိုက်ရသည်။ သို့သော် ထိုဆေးခန်းရှိ ဆရာဝန်တစ်ယောက်၏ အမှားအယွင်းကြောင့် ယဲ့ချန်းရှန့် ဒုက္ခိဖြစ်ခဲ့ရမှန်း သူမ မှတ်မိပါသည်။ ထို့ကြောင့် အခြေအနေကို သူမ အနီးကပ် စောင့်ကြည့်ထားမှ ဖြစ်မည်။
မြို့နယ်ဆေးခန်းက အလွန်သေးငယ်ပြီး ဂျူတီကျ ဆရာဝန် နှစ်ဦးသာ ရှိသည်။
အမျိုးသမီးဆရာဝန်သည် ယဲ့ချန်းရှန့်၏ အရေးပေါ်အခြေအနေကိုမြင်ပြီး ကုတင်ပေါ်အမြန်ဆုံးမ,တင်ဖို့ မိသားစုအား ပြောလိုက်သည်။
“လူနာက အဖျားကြီးလွန်းလို့ ကယောင်ကတမ်းတွေတောင် ဖြစ်နေပြီ၊ အဖျားကျဆေးမြန်မြန်ထိုးမှ ဖြစ်မယ်”
အမျိုးသမီးဆရာဝန် ဆေးသွားယူစဉ် မျက်မှန်နှင့် အမျိုး သားဆရာဝန်တစ်ယောက် ဝင်လာခဲ့ပါသည်။
စာအုပ်ထဲတွင် ဖော်ပြထားသည့် တာဝန်မဲ့ဆရာဝန်မှာ ထိုနှစ်ဦးထဲမှ မည်သူဖြစ်မှန်းယဲ့ရှောင်ရှောင် သေချာမသိသဖြင့် သူတို့၏ းလုပ်ရပ်များကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေရပါသည်။
ယဲ့ချန်းချင်က ညီဖြစ်သူ၏ခါးပတ်ကိုဖြုတ်ကာ ဘောင်းဘီချွတ်ပေးလိုက်သည်။
ထိုစဉ် ဘေးမှ စူးစူးဝါးဝါးစိုက်ကြည့်နေသည့် ယဲ့ရှောင်ရှောင်ကိုမြင်ပြီး ယဲ့ချန်းချင် အနေခက်စွာသတိပေးလိုက်သည်။
“ရှောင်ရှောင် အပြင်မှာ ခဏလောက်သွားထိုင်နေပါလား”
“မထိုင်ဘူး…”
သူမ ထွက်သွားလို့ မဖြစ်ပါ။
အမျိုးသားဆရာဝန်သည် အပ်အရှည်ကြီးကိုကိုင်ကာ ယဲ့ချန်းရှန့်၏ တင်ပါးကို ထိုးတော့မည့်ဆဲဆဲအချိန်တွင် ယဲ့ရှောင်ရှောင် ရုတ်တရက် ရှေ့တိုးလာပြီး ဆရာဝန်ကို တွန်းထုတ်ပစ်လိုက်လေသည်။
၁၉၈၀ ခုနှစ်ဝန်းကျင်က ဆေးပစ္စည်းကိရိယာများမှာ ခေတ် သစ်နှင့် မယှဉ်နိုင်သော်လည်း ဆေးထိုးခြင်း နည်းစနစ်များကိုတော့ ယဲ့ရှောင်ရှောင် ကောင်းကောင်းမှတ်မိပါသေးသည်။ ဤဆရာဝန်က အတော်လေး ညံ့ဖျင်းပေသည်။
“ဘာလုပ်တာလဲ ကလေးမ! လာမရှုပ်နဲ့လေ!”
အမျိုးသားဆရာဝန် စိတ်ရှုပ်သွားသော်လည်း ယဲ့ရှောင်ရှောင်မှာ ငယ်ရွယ်နုပျိုသည့် ကလေးမတစ်ယောက်သာ ဖြစ်မှန်း မြင်လိုက်ရ၍ ဒေါသထိန်းလိုက်ရသည်။
ယဲ့ရှောင်ရှောင်သည် ခေါင်းကို စိတ်လှုပ်ရှားစွာ ကုတ်ရင်း ပြောလိုက်သည်။
“ဒေါက်တာ… ကျွန်မလည်း ဆေးထိုးတတ်တယ်၊ ကျွန်မကို ထိုးခွင့်ပြုပါလား”
ဆရာဝန်နှင့် အခြားသူတွေပါ သူမကို ပါးစပ်အဟောင်းသားဖြင့် ကြည့်ကုန်ကြလေသည်။
“ကျွန်မ တကယ်ပြောတာပါ!”
ယဲ့ရှောင်ရှောင် အံကြိတ်ကာ ဆိုသည်။
“ဘာပဲဖြစ်ဖြစ် ကျွန်မအစ်ကိုကို ဘယ်သူမှ လာထိလို့မရဘူး!”
အမျိုးသားဆရာဝန်က တဲ့တိုး မေးလိုက်တော့သည်။
“မင်း စိတ်မမှန်ဘူးလား”
ထိုစဉ် ယဲ့ရှောင်ရှောင်သည် ဆရာဝန်လက်ထဲမှ ဆေးထိုးအပ်ကို ဆတ်ခနဲ လုယူလိုက်ပြီး ဇာဂနာကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်ကာ အရက်ပြန်ဂွမ်းကို ယူလျက် ယဲ့ချန်းရှန့်၏ တင်ပါးကို သုတ်လိုက်သည်။ ထို့နောက် နေရာမှန်ကို ရှာဖွေကာ ဆေးထိုးအပ်ကို မဆိုင်းမတွ ထည့်သွင်းလိုက်တော့သည်။
သူမ၏လှုပ်ရှားမှုများက အနုစိတ်ကျပြီး သွက်လက်မြန်ဆန်လွန်းပါသည်။ ဆေးထိုးပြီးနောက် ယဲ့ချန်းရှန့်၏ဘောင်းဘီကိုပင် ဆွဲမ,ပေးလိုက်သေးသည်။
ယဲ့ချန်းရှန့် မျက်လုံးများပွင့်လာပြီး သူ့ကို ဘောင်းဘီ ပြန်ဝတ်ပေးနေသူက သူ့ညီမလေးဖြစ်မှန်း မြင်လိုက်ရသောအခါ သတိပြန်လစ်ချင်စိတ်ပင် ပေါက်သွားရသည်။
“အဓိပ္ပာယ်မရှိတာ! လုံးဝ အဓိပ္ပာယ်မရှိဘူး!”
အမျိုးသားဆရာဝန်မှာ ဖြစ်ပျက်သွားသမျှကို မယုံကြည်နိုင်ဘဲ အလွန်ဒေါသထွက်သွားခဲ့ရသည်။
“ဒေါက်တာလည်း ပင်ပန်းနေရောပေါ့၊ ဒီမှာ ဒေါက်တာ ဂရုစိုက်ပေးရမယ့် လူနာတွေ အများကြီး ရှိသေးတယ်၊ ကျွန်မက ဒေါက်တာ့ရဲ့ အလုပ်တာဝန်တွေသက်သာအောင် ဒီတိုင်း ကူညီပေးတာပါ”
ယဲ့ရှောင်ရှောင်သည့် ဆေးထိုးအပ်ကို ဆရာဝန်လက်ထဲ အတင်းပြန်ထိုးထည့်ပေးလိုက်ပြီး ဒေါသထွက်နေသည့် သူ့ကို ချိုချိုသာသာပြုံးပြလိုက်ပါသည်။
ဖြူစင်ရိုးသားသည့် ဇာတ်လိုက်မလေးတစ်ဦး၏ အရှိန်အဝါမျိုးပင်။
“မင်း… မင်းတော့…”
ဆရာဝန်မှာ အချိန်အတော်ကြာအောင် ထစ်အသွားခဲ့သော် လည်း တစ်ခွန်းမှ ဆက်မပြောနိုင်ခဲ့ဘဲ ဒေါကြီးမောကြီး လှည့်ထွက်သွားခဲ့ရတော့သည်။
ထိုအခါမှ အဖြစ်အပျက်များကို ယဲ့ချန်းချင် နားလည်သွားပြီး မေးလိုက်သည်။
“ရှောင်ရှောင်… နင်…”
“ပေကျင်းမြို့မှာရှိတဲ့ သမီးဆရာဆီကနေ ဆေးပညာကို သင်ယူထားတာပါ အစ်ကိုကြီး၊ အိမ်မှာသာ ဆေးရှိရင် ဒီအထိတောင် လာစရာလိုမှာမဟုတ်ဘူး”
ယဲ့ရှောင်ရှောင်၏နောက်ကြောင်းကို ယဲ့မိသားစု လုံးဝသိမထားသဖြင့် သူမ ကြိုက်သလောက် လုပ်ကြံဇာတ်များထွင်နိုင်ပါသည်။
အခန်းပြင်တွင်စောင့်နေသည့် ယဲ့ကျန်းကော်နှင့် ယဲ့ချန်းယွမ်တို့လည်း ခန်းဆီးလိုက်ကာကိုမ,ကာ ဝင်လာခဲ့ကြသည်။ သို့သော် အံ့အားသင့်စရာမြင်ကွင်းများကိုတော့ သူတို့ မမြင်လိုက်ရပေ။
“ချန်းရှန့် နိုးလာပြီဟေ့!” ဟု ယဲ့ချန်းယွမ်က အော်သည်။
အိပ်ချင်ယောင် ဆောင်နေသည့် ယဲ့ချန်းရှန့်: “…”
ယဲ့ချန်းရှန့်နားတွင် ဝိုင်းအုံနေကြသည့် သားအဖများကို ယဲ့ရှောင်ရှောင် ဂရုမစိုက်တော့ပါ။
ဆေးခန်းထဲတွင် မီးဖိုဖြင့် အနွေးဓာတ်ပေးထားသဖြင့် အလွန်သက်တောင့်သက်သာရှိပါသည်။ ဆေးခန်းထဲသို့ ဝင်လာပြီး သိပ်မကြာလိုက်ဘဲ သူမအဝတ်အစားပေါ်ရှိ နှင်းများ အရည်ပျော်ပြီး ခြေဖျားလက်ဖျားများ အေးစက် စိုစွတ်သွားခဲ့သည်။
ထို့ကြောင့် မီးဖိုအနားရှိ နွေးနွေးထွေးထွေးနေရာတစ်ခုတွင် ယဲ့ရှောင်ရှောင် သွားထိုင်နေလိုက်ပါသည်။
နှစ်နာရီခန့်ကြာပြီးနောက် ယဲ့ချန်းရှန့် အဖျားကျသွားခဲ့သည်။ ကိုယ်အပူချိန်တော့ ခပ်နွေးနွေးရှိနေဆဲပင်။
ဆေးခန်းထဲသို့ လူနာများ အဆက်မပြတ် ထပ်ရောက်လာကြသည်။ ဆေးခန်းတွင် ညအိပ်၍ မရသဖြင့် လူနာများက ဆေးထိုးပြီးနောက် သို့မဟုတ် IV ချိတ်ပြီးနောက် အိမ်ပြန်ကြရပါသည်။
ယဲ့ရှောင်ရှောင်လည်း မတ်တပ်ပြန်ရပ်ကာ အညောင်းအညာဖြေလိုက်သည်။
“သမီးတို့ ဒီနေ့ည ဘယ်မှာတည်းကြမလဲ၊ ဒီနားမှာ ဧည့်ရိပ်သာတွေဘာတွေရှိလား”
ယဲ့ကျန်းကော်: “ချန်းရှန့်က မသက်သာသေးဘူးလေ၊ ဆရာဝန်ကတော့ ဆေးထပ်ထိုးဖို့ လိုမယ်ပြောတာပဲ၊ ဒီနေ့ညတော့ နင်တို့အဘိုးအိမ်မှာ သွားတည်းကြတာပေါ့”
ထိုအခါမှ ယဲ့ရှောင်ရှောင် မှတ်မိသွားခဲ့သည်။
သူမအမေ မြောင်စွေ့ဖန်းမှာ မြို့ပေါ်တွင် နေထိုင်ခဲ့သူဖြစ်သည်။ အဘိုးဖြစ်သူ မြောင်ဖုန့်ရှန်းကလည်း မြို့ပေါ်တွင် ကျောင်းဆရာတစ်ဦး ဖြစ်ခဲ့ဖူးပြီး ခေတ်ကာလဆိုးတွင် ညှင်းပန်းနှိပ်စက်ခံခဲ့ရသည်။
ယခုတော့ မြို့ပေါ်တွင် တစ်ဦးတည်းနေထိုင်နေပြီး ပင်စင်လစာ ၁၀ ယွမ်ခန့် ရရှိသဖြင့် သူ့တစ်ဦးတည်းအတွက်တော့ လောက်လောက်ငင ရှိပါသည်။
“ဪ…”
မူရင်းဝတ္ထုထဲတွင် အဘိုးဖြစ်သူ မြောင်ဖုန့်ရှန်းက ဇာတ်ပို့အဆင့်ပင်မရှိသဖြင့် အပြင်တွင် ဘယ်လိုပုံစံမျိုး ရှိနေမလဲ ယဲ့ရှောင်ရှောင် မခန့်မှန်းနိုင်ပေ။
အဖေဖြစ်သူ၏ အစီအစဉ်ကို ယဲ့ရှောင်ရှောင် ခေါင်းညိတ်သဘောတူလိုက်သည်။ ထို့နောက် ယဲ့ချန်းရှန့်၏ ပစ္စည်းများကို အခြားသူတွေ သိမ်းဆည်းနေစဉ် ယဲ့ရှောင်ရှောင်သည် ဆေးဝါးသိုလှောင်ခန်းဆီသို့ တိတ်တဆိတ် လစ်ထွက်လာခဲ့တော့သည်။
📗 Chapter 4
ဆေးခန်းထဲမှ ယဲ့ရှောင်ရှောင် ပြန်ထွက်လာသောအခါ သူမလက်ထဲတွင် ဆေးပုလင်းများ အပြည့်ထည့်ထားသည့် အိတ်တစ်လုံး ပါလာလေသည်။
ပေါ့ဆသူများကို အမြဲတစေ စောင့်ကြည့်နေ၍ မရသဖြင့် ယဲ့ရှောင်ရှောင်သည် လိုအပ်သည့် ဆေးဝါးများကို ဝယ်ယူပြီး ယဲ့ချန်းရှန့်ကို သူမကိုယ်တိုင် ဆေးထိုးပေးဖို့ ဆုံးဖြတ်ခဲ့ပါသည်။
မူလက ယဲ့ရှောင်ရှောင် မသေချာမရေရာဖြစ်ခဲ့သော်လည်း ဆေးခန်းရှိ ကုသပုံအခြေအနေများကို စောင့်ကြည့်အကဲခတ်ပြီးနောက် ဤဆေးခန်းရှိ ဆေးဝန်ထမ်းများထက် သူမ၏ ဆေးပညာအရည်အချင်းက အဆပေါင်းများစွာပိုသာမှန်း ယုံကြည်သွားခဲ့ပါသည်။
မိသားစုဝင်များကို ထိုအစီအစဉ်ပြောပြလိုက်သောအခါ အားလုံးက မသိမသာ သံသယဝင်ခဲ့ကြသော်လည်း ယဲ့ချန်းရှန့်ကတော့ အသည်းအသန် ကန့်ကွက်ငြင်းဆန်ခဲ့ပါသည်။
“လာနောက်နေတာလား၊ စိတ်ကူးတောင် မယဉ်နဲ့နော်… ငါ့ဘောင်းဘီကို ထပ်ချွတ်ဖို့ မစဉ်းစားနဲ့!”
ယဲ့ချန်းရှန့် မျက်နှာတစ်ခုလုံး နီရဲနေပါပြီ။
သူ့ကို လှမ်းကြည့်ရင်း ယဲ့ရှောင်းရှောင်း ပြောလိုက်သည်။
“ဘာတွေရှက်နေတာလဲ၊ ဘာမှကြည့်စရာရှိတာလည်း မဟုတ်ဘဲနဲ့…”
ယဲ့ချန်းရှန့် ဒေါသထွက်သွားသော်လည်း ပြန်မချေပနိုင်တော့သဖြင့် အဖေဖြစ်သူကိုသာ စစ်ကူအော်တောင်းရတော့သည်။
“အဖေ!”
ယဲ့ကျန်းကော်လည်း မောင်နှမနှစ်ယောက် စကားနိုင်လုနေသည်ကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် မခံချင်စိတ်ဖြစ်အောင် ရန်စနေခြင်း ဖြစ်သော်ငြား ယခင်ကထက် အများကြီး ပိုရင်းနှီးလာမှန်း သူသတိထားမိပါသည်။
သားဖြစ်သူ၏ စစ်ကူတောင်းသံကို ကြားသော်လည်း ယဲ့ကျန်းကော်သည် မကြားချင်ယောင်သာ ဆောင်လိုက်ပြီး လှည်းကိုသာ အားစိုက်ကာ ခပ်မြန်မြန် ဆွဲသွားတော့သည်။
မြို့လေးက သိပ်မကျယ်ဝန်းသဖြင့် မိနစ် ၂၀ ခန့် ခရီးနှင်ပြီးနောက် အဘိုးဖြစ်သူ၏ အိမ်ဝင်းငယ်လေးထံ ရောက်ရှိလာခဲ့ကြသည်။
အိမ်ဝင်းထဲကို ဝင်လိုက်သောအခါ အထဲတွင် သန့်ရှင်းသပ်ရပ်နေပြီး အရှေ့ဘက်နံရံတစ်လျှောက်တွင် ယုန်လှောင်အိမ်များစွာ ကပ်ထားသည်ကို မြင်ရပါသည်။
ထို့နောက် အိမ်မကြီး၏ တံခါးပေါ်တွင် ကပ်ထားသည့် ဟောင်းနွမ်းပြီး အရောင်လွင့်နေသော စာသားအချို့ကို ယဲ့ရှောင်ရှောင် သတိပြုမိသွားသည်။ စက္ကူနှင့် မင်များက ဟောင်းနွမ်းနေပြီဖြစ်သော်လည်း လက်ရေးလက်သားက ထင်ရှားကာ အလွန်အချိုးအစားညီလှပါသည်။
သူမ၏ အဘိုးဖြစ်သူသည် စုတ်တံနှင့် စာရေးတတ်ပါသည်။ ယဲ့ရှောင်ရှောင်လည်း ငယ်စဉ်က ဟောက်မိသားစုတွင် လက်ရေးအလှပညာကို အနည်းငယ် သင်ယူဖူးသဖြင့် ထိုလက်ရေးလက်သားက သာမန်မဟုတ်မှန်း သိနိုင်သည်။
အပြင်ဘက်မှ ဆူညံသံများကိုကြားသောအခါ အဘိုးအို တံခါးကို တွန်းဖွင့်ကြည့်လိုက်သည်။ ထိုအခါ သားမက်နှင့် မြေးတို့ကို မြင်လိုက်ရပြီး အလွန်ပျော်ရွှင်သွားခဲ့ပါသည်။
“လာကြ လာကြ၊ ရာသီဥတုမကောင်းတာကို ဘာလာလုပ်ကြတာတုန်း”
မြောင်ဖုန့်ရှန်း အမှန်တကယ် အံ့အားသင့်မိပါသည်။
ယဲ့ကျန်းကော်: “စတုတ္ထကလေးက နေမကောင်းလို့လေ၊ အဲ့တာ ဆေးခန်းမှာ ဆေးလာထိုးပေးတာပါ”
မြောင်ဖုန့်ရှန်းသည် အားလုံးကို အိမ်ထဲသို့ အမြန်ခေါ်လိုက်သည်။
အိမ်မကြီးတွင် ကျဉ်းမြောင်းသည့် အခန်းငယ်လေးသုံးခန်းရှိပြီး ပုံမှန်အားဖြင့် အဘိုးအိုနေထိုင်သည့် အခန်းထဲတွင်သာ မီးဖိုတစ်လုံး ရှိပါသည်။ အိမ်ထဲတွင် အလွန်အေးစက်နေခြင်း မဟုတ်သော်ငြား သက်တောင့်သက်သာလည်း မရှိလှပေ။
မြောင်ဖုန့်ရှန်း: “အပူပေးကုတင်ပေါ်မှာ ထိုင်ကြလေ၊ နွေးနွေးထွေးထွေးရှိတာပေါ့”
ယဲ့ရှောင်ရှောင်ကို မြင်သောအခါ အဘိုးအို ခေတ္တ မှင်သက်သွားခဲ့သည်။
ယဲ့ရှောင်ရှောင်၏ အကြောင်းကို ယဲ့ကျန်းကော်က ရှင်းပြလိုက်ပါသည်။
ဘဝအတွေ့အကြုံများပြားလှသည့်အတွက် အဘိုးအိုသည် အံ့အားသင့်စရာ ကံကြမ္မာအလှည့်အပြောင်းများကို အလျှင်အမြန်ပဲ လက်ခံနိုင်ခဲ့သည်။ ထို့နောက် မီးဖိုထဲမှ အားလူးပူပူနှစ်လုံးကိုထုတ်ကာ ကလေးများအား ဝေပေးလိုက်ပါသည်။
“အိမ်မှာတော့ ကောင်းကောင်းကန်းကန်း စားစရာသိပ်မရှိဘူး၊ လောလောဆယ်တော့ အဲ့တာတွေပဲ စားထားကြဦး၊ ခဏနေရင် ယုန်နှစ်ကောင်လောက် အဘိုးချက်ပေးမယ်”
ယဲ့ကျန်းကော်က အမြန်တားလိုက်သည်။
“အလုပ်ရှုပ်မခံစမ်းပါနဲ့ အဖေရယ်၊ ကျွန်တော်တို့က လက်ဗလာနဲ့ လာခဲ့ကြတာ၊ အဖေ ခက်ခက်ခဲခဲ မွေးထားရတဲ့ ယုန်တွေကို မစားချင်ပါဘူး”
မြောင်ဖုန့်ရှန်း: “ယုန်တွေက ဆောင်းရာသီမှာ မွေးရတာခက်တယ်ကွ၊ ကလေးတွေကို ကျွေးလိုက်တော့ ငါ့အတွက်လည်း သက်သာတာပေါ့”
ယဲ့ကျန်းကော်လည်း မတတ်သာတော့ဘဲ ခြံထဲဆင်းကာ ကူညီရတော့သည်။
ယဲ့ချန်းချင်သည် ယဲ့ချန်းရှန့်၏ နဖူးကို စမ်းကြည့်လိုက်ပြီး အခြေအနေသိပ်မဆိုးတော့မှန်း သေချာမှ ခြံထဲဆင်းကာ အဘိုးနှင့် အဖေတို့ကို သွားကူညီခဲ့ပါသည်။
အခန်းထဲတွင် ယဲ့ရှောင်ရှောင်နှင့် အစ်ကိုနှစ်ယောက်သာ ကျန်ခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် အနေခက်စွာ ကြည့်နေကြသည်။
ယဲ့ရှောင်ရှောင်လက်ထဲတွင် မည်းမည်းနက်နက် အာလူးတစ်လုံးကို ကိုင်ထားဆဲပင်။ ထိုကဲ့သို့ အစားအသောက်မျိုးကို ခေတ်သစ်တွင် သူမတစ်ခါမှ မမြင်ဖူးခဲ့ချေ။
“ယဲ့ရှောင်ရှောင် နင်မစားဘူးလား”
ယဲ့ရှောင်ရှောင်ကို ကြည့်ပြီး ယဲ့ချန်းယွမ် မေးလိုက်သည်။ ယဲ့မိသားစုမှ ထွက်သွားချင်နေသည့် ယဲ့ရှောင်ရှောင်၏ ဆန္ဒကိုမသိခဲ့သဖြင့် ဖြူဖြူနုနုနှင့် ချစ်စရာကောင်းလှသည့် ဤညီမလေးကို ယဲ့ချန်းယွမ် အတော်လေး သဘောကျမိပါသည်။
ယဲ့ချန်းရှန့်က ဝင်ခနဲ့သည်။
“သူက မြို့တော်က မြို့သူမကြီးလေ၊ ငါတို့စားတဲ့အစားအသောက်တွေ ဘယ်စားနိုင်ပါ့မလဲ”
နာမကျန်းဖြစ်နေသူနှင့် ယဲ့ရှောင်ရှောင် အတိုက်အခံမလုပ်ခဲ့ပါ။ အာလူးကို နှစ်ပိုင်းဖဲ့လိုက်သည့်အခါ အပြင်ပန်းက မည်းနက်နေသော်လည်း အတွင်းဘက်က ဝါဝါဝင်းဝင်းနှင့် စားချင်စဖွယ်ရှိလှသည်ကို မြင်လိုက်ရသည်။
ထို့နောက် ယဲ့ရှောင်ရှောင်သည် အာလူးမီးဖုတ်ကို တစ်ကိုက်ချင်းကိုက်ကာ ကမ္ဘာကျော်အစားအစာတစ်ခုသဖွယ် အရသာခံပြီး တမြုံ့မြုံ့စားနေလိုက်တော့သည်။
ယဲ့ချန်းရှန့်: “…”
ငါ့ကို ပြန်မဆဲပါလား…
ဒါ ပုံမှန် မဟုတ်ဘူး!
အပြင်ဘက်တွင်မူ ယဲ့ချန်းချင်သည် ထင်းများခုတ်ရင်း ရေနွေးလည်း ကျိုထားသည်။ ဘေးတွင် မြောင်ဖုန့်ရှန်းနှင့် ယဲ့ကျင်းကော်တို့နှစ်ယောက် စကားစမြည် ပြောနေကြပါသည်။
မြောင်ဖုန့်ရှန်း: “အခုယဲ့ရှောင်ရှောင် ပြန်ရောက်လာပြီဆိုတော့ ဟောက်ယန်ယန်က ဘယ်လိုလုပ်မှာလဲ၊မြို့တော်မှာပဲ နေတော့မှာလား”
ယဲ့ကျန်းကော်: “အဲ့တာ ဟောက်ယန်ယန်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ် ချက်ပဲလေ အဖေ”
သူတို့မိသားစုထံမှ ဟောက်ယန်ယန် ငွေတွေ ခိုးယူသွားသည့်အကြောင်းကို ယဲ့ကျန်းကော် ပြောမပြခဲ့ပါ။
သို့သော် အသက် ၁၇ နှစ်သာ ရှိသေးသည့် သူ့သမီးလေးက မိသားစုကို တစ်ခွန်းမှအသိမပေးဘဲ ထွက်သွားခဲ့သည့်အဖြစ်အား ပြန်တွေးမိတိုင်း ဒေါသထွက်မိသည်ကတော့ မျက်နှာပေါ်တွင် အထင်အရှားပင်။
မြောင်ဖုန့်ရှန်း သက်ပြင်းချမိသည်။
“လူတွေအကြားက ပတ်သတ်ဆက်နွယ်မှုဆိုတာ ခန့်မှန်းရခက်တယ်၊ ငါတို့မိသားစုကတော့ ကံကောင်းပါတယ်၊ သမီးလေးတစ်ယောက် ဆုံးရှုံးလိုက်ရပေမယ့် သမီးလေးတစ်ယောက် ပြန်ရခဲ့တာပဲလေ၊ သူက ငါတို့ရဲ့ သွေးသားအရင်းမို့လို့ မင်းနဲ့ စွေ့ဖန်းတို့ ကောင်းကောင်းမွန်မွန်ဆက်ဆံရမယ်နော်၊ မင်းတို့ ပျိုးထောင်ပေးခဲ့ရတာ မဟုတ်တာနဲ့ဘဲ ခွဲခြားဆက်ဆံလို့မရဘူး”
ယဲ့ကျန်းကော်: “စိတ်မပူပါနဲ့အဖေရဲ့၊ ကျွန်တော်တို့ ဘက်မလိုက်တတ်ပါဘူး၊ ပြီးတော့ သူက ကျွန်တော့်သမီးအရင်းပဲလေ၊ ကျွန်တော်သူ့ကို ချစ်ပါတယ်”
ယဲ့ကျန်းကော်၏ ကတိစကားကို ကြားခါမှ အဘိုးအို စိတ်အေးသွားခဲ့ရပါသည်။
ဆောင်းတွင်းဘက်တွင် နေ့တာတိုသဖြင့် နေဝင်ချိန်စောပါသည်။ နေ့လယ် ၃ နာရီထိုးသည်နှင့် အဘိုးအို၏ အိမ်တွင် ညစာကို မြိန်ရေရှက်ရေ စားခဲ့ကြရသည်။
ဟင်းလျာများထဲ အသားဟင်းပင် ပါသေးသည်။
အဘိုးအိုသည် ယုန်နှစ်ကောင်ကိုသတ်ကာ မုန်လာဥခြောက်များနှင့် ချက်ပြုတ်ထားသဖြင့် အနံ့နှင့်တင် သွားရည်ကျစရာကောင်းလှပါသည်။
နာမကျန်းဖြစ်နေသည့် ယဲ့ချန်းရှန့်ပင် ဗိုက်ဆာလာပြီး တစ်လုတ်နှစ်လုတ်ထစားပြီးမှ ပြန်လှဲအိပ်ခဲ့သည်။
ယဲ့ရှောင်ရှောင်က ဣန္ဒြေရရ စားခဲ့သော်လည်း အခြားသူများကတော့ အငမ်းမရစားသောက်ခဲ့ကြသဖြင့် ခဏချင်းမှာပင် ဟင်းအိုးကြီးထဲ မစို့စပို့လေးသာ ကျန်ခဲ့တော့သည်။
စားသောက်ပြီးနောက် ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းရှန့်ကို ဆေးတစ်လုံး ထပ်ထိုးပေးဖို့ ပြင်ပါသည်။ သူမ၏ ဆေးဝါးကိုင်တွယ်ပုံများက အမှန်တကယ် ကျွမ်းကျင်သူတစ်ယောက်လိုပင်။
သို့သော် ယဲ့ချန်းရှန့်ကတော့ ဘောင်းဘီကို မြဲမြဲဆုပ်ကိုင်ထားပြီး အထိမခံခဲ့ပေ။
“အစ်ကိုယွမ်၊ သူ့ကို ထိန်းထားပေးပါဦး၊ မဟုတ်ရင် သမီးဆေးထိုးလို့ရမှာမဟုတ်ဘူး”
အစ်ကိုဖြစ်သူကို ယဲ့ရှောင်ရှောင် အကူအညီတောင်းလိုက်ရသည်။
“ဟုတ်ပြီ!”
စားပြီးသောက်ပြီးနောက် အားအင်များပြည့်ဝနေသော ယဲ့ချန်းယွမ်သည်လည်း ညီမဖြစ်သူကို စိတ်ပါလက်ပါ ကူညီပေးခဲ့ပါသည်။
သူသည် နဂိုကတည်းက အားသန်သူဖြစ်၍ နာမကျန်းဖြစ်ကာ အားနည်းချည့်နဲ့နေသော ယဲ့ချန်းရှန့်ကို အလွယ်တကူ ဖမ်းချုပ်ပြီး ခါးပတ်ကို ဆွဲဖြုတ်နိုင်ခဲ့သည်။
“ငါ့ကိုလွှတ်စမ်း! လခွီး လွှတ်စမ်းလို့!”
ယဲ့ချန်းရှန့်၏ မျက်နှာမှာ ခရမ်းချဉ်သီးပမာ နီရဲလာပြီး ခြေလက်များ ယက်ကန်ယက်ကန်နှင့် အသည်းအသန် ရုန်းကန်နေခဲ့သည်။
သူ့တင်ပါးကို အေးစက်စက် အရက်ပြန်ဂွမ်းစနှင့် သုတ်လိုက်သည့်အချိန်ကျမှသာ ငြိမ်ကျသွားခဲ့ပါသည်။
ဆေးထိုးအပ်ကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်ပြီး ဆေးထိုးပေးနေသည့် ယဲ့ရှောင်ရှောင်ကို ကြည့်ရင်း ယဲ့ချန်းယွမ် အံ့အားသင့်သွားခဲ့ရသည်။
“ရှောင်ရှောင် နင်အရမ်းတော်တာပဲ!”
ယဲ့ရှောင်ရှောင်က ပြုံးသာ ပြုံးပြလိုက်သည်။ ဆေးထိုးအပ်ကိုင်ရသည်မှာ သူမအတွက် ထမင်းစားရေသောက်ရသကဲ့သို့ပင် အလွန်လွယ်ကူလွန်းပါသည်။
ယဲ့ချန်းချင်က ဝင်ပြောသည်။
“ရှောင်ရှောင် ဆေးခန်းက ဆေးတွေဝယ်လာခဲ့တယ်၊ ချန်းရှန့်လည်း သက်သာနေပြီဆိုတော့ မနက်ဖြန်လောက်ဆို အိမ်ပြန်ဖို့အဆင်ပြေလောက်တယ်”
မြောင်ဖုန့်ရှန်းက ခေါင်းခါသည်။
“မလောကြပါနဲ့၊ ခဏလောက် ဆက်နေကြဦး၊ အခုမှ သက် သာတဲ့ကလေး ပြန်ဖျားသွားပါဦးမယ်”
ယဲ့ကျန်းကော်က လက်မခံပေ။
“ကျွန်တော်တို့လည်း အိမ်မှာလုပ်စရာတွေရှိသေးတယ် အဖေရဲ့၊ မနက်ဖြန်နေလို့မှ ရှန့်အာ သက်သာတယ်ဆိုရင် အကြီးကောင်နဲ့ ကျွန်တော်နဲ့ အရင်ပြန်လိုက်မယ်၊ တော်ကြာ သူတို့အမေ စိတ်ပူနေပါဦးမယ်”
သည်တစ်ခါတော့ အဘိုးအို ဘာမှဆက်မပြောတော့ဘဲ သူတို့ပစ္စည်းများကိုသာ သွားရောက်သိမ်းဆည်းပေးခဲ့သည်။
ထို့အပြင် မနက်ဖြန်အိမ်ပြန်သယ်သွားဖို့အတွက် ဆန်နှင့် ဂျုံမှုန့်အချို့ကိုပင် ထည့်ပေးလိုက်ပါသေးသည်။
ပိုင်ချွမ်ရွာကလေးမှာ မြင့်မားလှသည့် တောင်တန်းများ၊ ထူထဲလှသည့် တောအုပ်များ၏ ဝန်းရံခြင်းကို ခံထားရပါသည်။ ရွာသားများသည် တောတောင်များထဲတွင် မကြာခဏ အမဲလိုက်လေ့ရှိသည်။ အသားရဖို့ ခက်ခဲသော် လည်း ကြိုးစားပမ်းစား အမဲလိုက်မည်ဆိုလျှင် အသားဟင်းမကြာခဏ စားရနိုင်ပါသည်။
သူတို့ အမှန်တကယ် လိုအပ်နေသည်က ဆန်ပင်။
စပါးရိတ်ချိန်တွင် အထွက်နှုန်းမကောင်းပါက အားလုံး ဒုက္ခရောက်ကြရပေလိမ့်မည်။
ထို့ကြောင့် တောတောင်များမှ ရရှိသည့် ရိက္ခာများကို ဆန်နှင့်ဂျုံတို့အတွက် လဲလှယ်ရပါသည်။
ဆောင်းတွင်းဘက် နှင်းများ ကျဆင်းသည့်အခါ တောင်လမ်းများ ပိတ်သွားပြီး ပိုင်ချွမ်ရွာကလေးမှာ အပြင်လောကနှင့် အဆက်အသွယ် ပြတ်တောက်သွားတတ်ပါသည်။
ဆောင်းတွင်းဘက်ဖူလုံစေဖို့အတွက် တစ်ရွာလုံး ရိက္ခာများကို လုံလုံလောက်လောက် စုဆောင်းထားလေ့ ရှိသည်။
ထို့ကြောင့်လည်း ယဲ့မိသားစုက အသားနှင့် ဥများကို စုဆောင်းနေရခြင်းဖြစ်သည်။ အခက်ခဲဆုံးကာလများတွင် ကုန်ဖလှယ်နိုင်ဖို့အတွက်ပင်။
အဘိုးမြောင်သည်လည်း ရွာထဲက သမီးဖြစ်သူတို့ မိသားစုထံ ထောက်ပံ့ပေးဖို့အတွက် ဆန်နှင့်ဂျုံတို့ကို ပုံမှန်ဝယ်ယူလေ့ ရှိပါသည်။
ယဲ့ကျန်းကော်က ငြင်းဆန်ချင်ခဲ့သော်လည်း လက်ရှိအခြေအနေများအရ မတတ်သာဘဲ နှုတ်ဆိတ်နေခဲ့ရသည်။
ညအချိန်ရောက်သောအခါ ယောက်ျားသားများက အပူပေးကုတင်တစ်လုံးတည်းတွင် စုပြုံအိပ်ခဲ့ကြသည်။ အဘိုးမြောင်သည် ယဲ့ရှောင်ရှောင်အတွက် အနောက်ဘက်အခန်းရှိ အပူပေးကုတင်ကို ပြင်ဆင်ပေးခဲ့ပါသည်။
သူမအတွက် မီးလင်းဖိုတစ်ခုပင် စီစဉ်ပေးခဲ့ကြသေးသည်။ သို့သော် မီးခိုးငွေ့များကြောင့် အဆိပ်အတောက် မဖြစ်စေဖို့ ပြူတင်းပေါက်များကို ဖွင့်ထားရသည်။ ထို့ကြောင့် အပြင်ဘက်မှ လေအေးများကလည်း အခန်းထဲ တိုးဝင်လာခဲ့ပါသည်။
ထိုအခါ မီးလင်းဖို၏ အာနိသင်က မသိသာလှသဖြင့် အပြင်ကိုသာ ယဲ့ရှောင်ရှောင် ရွှေ့ထားလိုက်ပါသည်။
ထိုနေ့ညက နွေးထွေးလှသည့် အပူပေးကုတင်လေးပေါ်တွင် လှဲလျောင်းရင်း ယဲ့ချန်းရှန့်၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်ခဲ့ပြီဟု ယဲ့ရှောင်ရှောင်ရင်ထဲ အခိုင်အမာ ယုံကြည်သွားခဲ့သည်။
သူသည် ဒုက္ခိတမဖြစ်တော့ဘဲ ပညာများကို ဆက်လက်သင်ယူနိုင်တော့မည်။ သူ့အနာဂတ်သည်လည်း ပိုမိုတောက်ပလာပါတော့မည်။