နာမည်ကျော် ဆေးပညာအသိုင်းအဝိုင်းတစ်ခုရဲ့ ပါရမီရှင်မလေးတစ်ယောက်ဟာ မတော်တဆမှုတစ်ခုကြောင့် ခေတ်ဟောင်းဝတ္ထုတစ်ပုဒ်ထဲကို ဝိညာဉ်ကူးပြောင်းသွားခဲ့ပြီး ဇာတ်ပို့မလေးတစ်ယောက်ဖြစ်လာခဲ့တယ်။ ယဲ့ရှောင်ရှောင်ဟာ ဟောက်မိသားစုရဲ့ အတုအယောင် သမီးတစ်ယောက်ပါ။ မြို့တော်ထဲက စစ်တပ်ဝင်းကြီးထဲမှာ ကြီးပြင်းလာရတဲ့ သူမက လူငယ်တိုင်းရဲ့ စိတ်ကူးယဉ် ‘လရောင်ဖြူ’လေး ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် အသက် ၁၇ နှစ်ပြည့်လို့ သမီးအရင်းဖြစ်သူ ပြန်ရောက်လာတဲ့အခါမှာတော့ ယဲ့ရှောင်ရှောင်ရဲ့ ကံကြမ္မာဟာ စတင်ပြောင်းလဲခဲ့ရတော့တယ်။ ‘လရောင်ဖြူလေး’အဖြစ်ကနေ အပစ်ပယ်ခံ ‘ထမင်းစေ့’လေးအဖြစ် ပြောင်းလဲသွားခဲ့ရပြီး သူမကို ပိုးပန်းခဲ့သူတွေကလည်း တစ်ယောက်ပြီးတစ်ယောက် ကျောခိုင်းသွားခဲ့ကြတယ်။ ရည်မှန်းချက်ကြီးတဲ့ သမီးအစစ်နဲ့ ယှဉ်လိုက်ရင် ယဲ့ရှောင်ရှောင်ဟာ တန်ဖိုးမရှိတော့လောက်အောင် နှိမ့်ချဆက်ဆံခံခဲ့ရတယ်။ ဒါတင်မကသေးဘဲ ယဲ့ရှောင်ရှောင်ရဲ့ မိဘအရင်းတွေကလည်း မူရင်းဝတ္ထုထဲမှာ အမြှောက်စာဇာတ်ကောင်သာသာ အဆင့်ပဲ ရှိကြတယ်။ အဖေဖြစ်သူက တောင်ပေါ်ကနေ ပြုတ်ကျပြီး သေဆုံးရမှာဖြစ်သလို အမေဖြစ်သူကလည်း အိပ်ရာထဲ ဗုံးဗုံးလဲသွားရလိမ့်မယ်။ အစ်ကိုအကြီးဆုံးက ချမ်းသာကြွယ်ဝဖို့ အလုပ်ကြိုးစားခဲ့ပေမယ့် မိုင်းတွင်းထဲမှာ မတော်တဆမှုဖြစ်ပြီး သေဆုံးသွားခဲ့ရတယ်။ အစ်ကိုဖြစ်သူအတွက် သူမတို့မိသားစု လျော်ကြေးငွေတောင် မရခဲ့ဘူး။ ဒုတိယအစ်ကိုက စစ်တပ်ထဲမှာ အဆင်ပြေခဲ့ပေမယ့် အထက်အရာရှိတွေကို စော်ကားမိလို့ အန္တရာယ်များတဲ့ အရပ်ကို စေလွှတ်ခံရပြီး တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ရတယ်။ တတိယအစ်ကိုကတော့ စီးပွားရေးပါရမီ ရှိပေမယ့် လုပ်ငန်းပြိုင်ဘက်တွေရဲ့ ချောက်ချမှုကို ခံခဲ့ရတယ်။ စတုတ္ထအစ်ကိုဖြစ်သူက ဉာဏ်ကောင်းပြီး ထက်မြက်ပေမယ့် ဆေးကုသမှုအမှားတစ်ခုကြောင့် လေဖြတ်သွားခဲ့ရတယ်။ ဝတ္ထုထဲကို ကူးပြောင်းလာတဲ့ ယဲ့ရှောင်ရှောင်ကတော့ သူမကို အစစအရာရာ ဂရုစိုက်ပေးတဲ့မိသားစုကို ကြည့်ပြီး ရင်ထဲမှာ တိတ်တဆိတ် သန္နိဋ္ဌာန်ချခဲ့တော့တယ်။ “မူရင်းဇာတ်လမ်းက ဘာပဲဖြစ်နေပါစေ ငါဂရုမစိုက်ဘူး! ငါ့ကံကြမ္မာကိုငါ ဖန်တီးပစ်မယ်!” --- --- --- နှစ်ပေါင်းများစွာ ကြာတဲ့နောက်မှာတော့… မွေးစားမိဘတွေရဲ့ မိသားစုကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ဟောက်ယန်ယန်(ယဲ့ရှောင်ရှောင်)ဟာ သူမရဲ့ မိသားစုအစစ်အမှန်နဲ့ ပြန်လည်ဆုံဆည်းခဲ့ရတယ်။ အဲ့ဒီအချိန်မှာ သူမရဲ့ အဖေဟာ နည်းပြချုပ်ကြီးတစ်ယောက်ဖြစ်နေပြီး အမေဖြစ်သူကလည်း ပါမောက္ခတစ်ယောက် ဖြစ်နေခဲ့ပြီ။ အစ်ကိုအကြီးဆုံးက မိုင်းတွင်းသူဌေးကြီးဖြစ်လို့ ဒုတိယအစ်ကိုကလည်း အလားအလာအရှိဆုံး စစ်တပ်အရာရှိတစ်ယောက် ဖြစ်နေခဲ့ပြီ။ တတိယအစ်ကိုက နိုင်ငံတကာကုန်သွယ်ရေး ကုမ္ပဏီပိုင်ရှင်တစ်ယောက် ဖြစ်လာပြီး စတုတ္ထအစ်ကိုကလည်း နာမည်ကြီးတက္ကသိုလ်က ဘွဲ့လွန်ကျောင်းသားဖြစ်နေခဲ့ပါပြီ။ အံ့ဩစရာအကောင်းဆုံးကတော့ မြို့တော်က လူငယ်တွေ ‘ယန်ဝမ်’(ငရဲမင်းကြီး)လို့တောင် တင်စားခေါ်ဝေါ်ရတဲ့ လူဟာလည်း ယဲ့မိသားစုရဲ့ သားမက်တော်ဖြစ်လာခဲ့တာပါပဲ။ ယဲ့ရှောင်ရှောင်ဟာ ခင်ပွန်းဖြစ်သူရဲ့လက်ကို ဘယ်ဘက်မှာတွဲ၊၊ ကလေးဖြစ်သူရဲ့လက်ကလေးကို ညာဘက်မှာတွဲရင်း ပျော်ရွှင်ကြည်နူးစွာနဲ့ ဆိုခဲ့တော့တယ်။ "ဘဝတစ်ခုလှပဖို့ဆိုတာ ကိုယ်တိုင်ကြိုးစားအားထုတ်မှုနဲ့ တည်ဆောက်ရတာပဲ”

