အခန်း ၁၇၆
Vol. 18 Ch. 176
📗 Chapter 176
လုဟန်ချွမ်လည်း မတတ်သာတော့ဘဲ ယဲ့ရှောင်ရှောင်ကို သူနှင့်အတူ အပြင်တွင် နေခိုင်းဖို့အကြံအား လက်လွှတ်လိုက်ရတော့သည်။ ထို့နောက် သူ့ကောင်မလေးကို ကျောင်းသို့ ကားဖြင့် ပြန်လည်ပို့ဆောင် ပေးခဲ့ပါသည်။
နောက်ရက်များတွင် ယဲ့ရှောင်ရှောင်သည် နေ့ဘက်၌ အတန်းများကို ပုံမှန်အတိုင်းတက်ခဲ့ပြီး ညဘက်တွင်မူ ကျောင်းပြင်ပတွင် နေထိုင်နိုင်ရန် ခွင့်တိုင်ကြားခဲ့သည်။
ယခုစာသင်နှစ်၏ စီမံခန့်ခွဲမှုမှာ ယခင်စာသင်နှစ်လောက် တင်းကျပ်မှုမရှိတော့သဖြင့် ကျောင်းသားအချို့ဆိုလျှင် တရားဝင် ခွင့်ပင်မတိုင်ဘဲ အပြင်တွင်သာ ခိုး၍ နေထိုင်နေကြသည်။
ယဲ့ရှောင်ရှောင်ကမူ ထိုသို့ မစွန့်စားရဲပေ။ အကြံပေးဆရာထံမှ တရားဝင်ခွင့်ပြုချက်ရထားလျှင် ရင်တထိတ်ထိတ်နှင့် စိုးရိမ်ပူပန်နေစရာမလိုတော့ပါ။
ယဲ့ရှောင်ရှောင်တစ်ယောက် ညဘက်များတွင် မည်သည့်နေရာ၌ သွားရောက်နေထိုင်မည်ဖြစ်ကြောင်းကို အခန်းဖော်များက အလွန်စိတ်ဝင်စားနေကြပါသည်။
ယဲ့ရှောင်ရှောင်လည်း အားလုံးကို ကြိုတင် အသိပေးထားလိုက်ရသည်။
“ကျောင်းနားမှာ တိုက်ခန်းတစ်ခန်း ရှာထားလို့ပါ၊ နောက်စာသင်နှစ်ကစပြီး အဲ့မှာပဲ ပြောင်းနေတော့မှာ”
ဝမ်ကျောင်းက ယဲ့ရှောင်ရှောင်အား ကြည့်ကာ ပြောလိုက်သည်။
“နောက်နှစ်ကျ ကျောင်းပြင်ပမှာ နေခွင့်ရှိတယ်ဆိုရင် ဖန့်ခိုင်ရွှမ်နဲ့ငါလည်း အပြင်မှာပဲ ထွက်နေတော့မယ်”
ဟယ်ကျင်းက ဝင်မေးသည်။
“နင်တို့နှစ်ယောက်က လက်တောင်မထပ်ရသေးဘူး အတူတူနေကြတော့မလို့လား”
ဝမ်ကျောင်းကမူ ဟယ်ကျင်းကို မကျေမနပ် လှည့်ကြည့်ကာ ပြောလိုက်သည်။
“နင်တို့အတွေးတွေက အရမ်းရှေးရိုးဆန်တာပဲ၊ ပြီးတော့ အတူတူနေတယ်ဆိုတာနဲ့ပဲ မဟုတ်တာ လုပ်မယ်လို့ ဆိုလိုတာမှ မဟုတ်တာ၊ တစ်အိမ်တည်း အတူတူငှားနေတာကိုပြောတာ။ လျို့ရှောက်မင်ကော နင့်ကို အတူတူနေဖို့ မပြောသေးဘူးလား”
ချစ်သူရည်းစားရှိသည့် လူများက ထိုအချက်ကို ပိုနားလည်သင့်သည်ဟု ဝမ်ကျောင်းခံစားရသည်။ မည်သူက မိမိချစ်သူ၏ မျက်နှာလေးကို နေ့စဉ်မပြတ် မမြင်ချင်ဘဲ နေမည်နည်း။
ဟယ်ကျင်း အနည်းငယ် ရှက်သွေးဖြာသွားသည်။
“ငါတို့တော့ အဲ့လိုမျိုးတွေ မတွေးသေးပါဘူး”
ယဲ့ရှောင်ရှောင် အထုပ်အပိုးများ ပြင်ဆင်ပြီးပြီဖြစ်ကာ ထွက်သွားဖို့ ပြင်လိုက်သည်။
ဝမ်ကျောင်းက လှမ်းအသိပေးလိုက်ပါသည်။
“နင်အားရင် ငါတို့ကို အလည်ခေါ်ဦးနော်!”
ယဲ့ရှောင်ရှောင်: “ဟုတ်ပါပြီ၊ ငါအချိန်ရရင် နင်တို့အားလုံးကို အလည်ခေါ်မယ်”
ဝမ်ကျောင်း: “ကတိတည်ပါစေနော်”
ထန်ရှို့ရှို့လည်း စေတနာနှင့် အကြံဝင်ပြုသည်။
“နင့်ကောင်လေးနဲ့ အတူတူနေတဲ့အခါကျရင် သတိထားဦးနော်”
သူမ၏ စကားလုံးများက အဓိပ္ပာယ်နှစ်ခွ ပါနေသည်။
ယဲ့ရှောင်ရှောင် မျက်နှာ နီမြန်းသွားလေသည်။ ထန်ရှို့ရှို့တွင် ကောင်လေးပင် မရှိသေးသော်လည်း အံ့ဩစရာကောင်းလောက်အောင် ဗဟုသုတ ကြွယ်ဝနေပါသည်။
“နင်တို့ အတွေးလွန်နေတာပါ၊ ငါတို့နှစ်ယောက်ကြားထဲ အဲ့တာမျိုးတွေ မရှိသေးဘူး”
ထိုစကားလုံးများနှင့်အတူ ယဲ့ရှောင်ရှောင်တစ်ယောက် အဆောင်မှ ခပ်သုတ်သုတ် ထွက်ပြေးလာခဲ့တော့သည်။
ထန်ရှို့ရှို့ကမူ ထိုစကားများကို တစ်ခွန်းမျှ မယုံကြည်နိုင်ပေ။ သူတို့ ဘာမှမလုပ်ဖို့ ရည်ရွယ်ထားလျှင်ပင် ပတ်ဝန်းကျင်နှင့် စိတ်ဆန္ဒက တဖြည်းဖြည်း လွှမ်းမိုးသွားလိမ့်မည် မဟုတ်ပါလား။ျ
ယဲ့ရှောင်ရှောင် ဤကဲ့သို့ ကျောင်းပြင်ပတွင် နေထိုင်ဖို့ ဆုံးဖြတ်လိုက်ခြင်းက လုဟန်ချွမ်အတွက် အပျော်ရွှင်ရဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့သည်။
အမှန်တွင် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အကြင်နာပေးသည့် အဆင့်မှာသာ ရှိပါသေးသည်။ ညဘက်ဆိုလျှင်ပင် အခန်းခွဲကာ အိပ်ကြသဖြင့် ထို့ထက်ပို၍ အဆင့်မတက်နိုင်သေးပါ။
ယဲ့ရှောင်ရှောင်၏အခန်းဖော်များ ထင်မှတ်ထားသကဲ့သို့ လုံးဝ မဟုတ်ကြပေ။
ယဲ့ရှောင်ရှောင်ကမူ လက်ရှိ အခြေအနေကိုသာ နှစ်သက်သဘောကျပါသည်။ အရာရာကို အလျင်လိုစရာမလိုဘဲ အချိန်ယူကာ ဆောက်တည်သင့်သည်။
--- --- ---
ပေကျင်းမြို့၌ မိုးများသည်းထန်စွာ ရွာသွန်းခဲ့စဉ် ပိုင်ချွမ်ရွာကလေး တည်ရှိသည့် ပိုင်ချွမ်ကောင်တီသည်လည်း မိုးသက်လေပြင်းဒဏ်ကို ခံစားခဲ့ရပါသည်။
မိုးရေချိန်မှာ အလွန်အမင်း များပြားခြင်းမရှိသဖြင့် တောင်ပေါ်ဒေသများ၌ မြေအနည်းငယ် ပြိုရုံသာ ရှိခဲ့သည်။
လျို့ကျင်းယာသည် ပိုင်ချွမ်ကောင်တီရှိ ကွိုက်ကျစ်ဝမ်တွင် သတ္တုတွင်းတစ်တွင်း ငှားရမ်းထားသော်လည်း ယခုချိန်ထိ မည်သည့်အဖိုးတန်သတ္တုမှ ပေါ်ထွက်လာခြင်း မရှိသေးပေ။
သူအရှုံးပေါ်တော့မည်ဟု ခံစားနေရစဉ်မှာပင် မြေပြိုမှုများကြောင့် သတ္တုရိုင်းအချို့ ပေါ်ထွက်လာခဲ့သည်။ ထို့ကြောင့် သူသည် ဓာတ်ခွဲစမ်းသပ်ရန်အတွက် သတ္တုရိုင်းနမူနာအချို့ကို ဒေသခံသတ္တုတွင်းဦးစီးဌာနသို့ ပို့ဆောင်ပေးခဲ့ပါသည်။
ယဲ့ချန်းချင့်အတွက် သူစီစဉ်ပေးထားသည့် အလုပ်မှာလည်း ထိုသတ္တုတွင်းဦးစီးဌာနမှာပင် ဖြစ်သည်။ တရားဝင် ဝန်ထမ်း ရာထူးမျိုးတော့ မဟုတ်ဘဲ ယဲ့ချန်းချင့်က ကားမောင်းတတ်သဖြင့် လျို့ကျင်းယာသည် နောက်ကွယ်မှ ကြိုးကိုင် ကူညီပေးကာ တစ်လလျှင် ယွမ် ၅၀ ရသော ယာဉ်မောင်းအလုပ်တစ်ခုကို ရှာဖွေပေးခဲ့သည်။
ကျောက်တွင်းများ၌ ကျောက်တုံးများ သယ်ဆောင်နေရခြင်းထက်စာလျှင် ဤအလုပ်က များစွာ ပိုသက်သာပါသည်။
သတ္တုတွင်းဦးစီးဌာနသို့ လျို့ကျင်းယာ ရောက်ရှိလာသောအခါ ယဲ့ချင်းချင့်နှင့် တည့်တည့်တိုးခဲ့ရသည်။ လျို့ကျင်းယာ၏ လက်ထဲရှိ သတ္တုရိုင်းများကို မြင်သောအခါ ယဲ့ချန်းချင့်က မေးခွန်းအနည်းငယ် မေးမြန်းခဲ့ပါသည်။
လျို့ကျင်းယာကလည်း ရှင်းပြလိုက်သည်။
ထို့နောက် ယဲ့ချန်းချင့်သည် သတ္တုရိုင်းနမူနာများကို သေသေချာချာ စစ်ဆေးကြည့်လိုက်ပါသည်။
“သံရိုင်းတွေနဲ့တူပေမယ့် အဆင့်ကတော့ နည်းနည်းနိမ့်တယ်၊ တူးဖော်ရင် မြတ်ပါ့မလားမသိဘူး”
လျို့ကျင်းယာ အံ့အားသင့်သွားသည်။
“ငါ့ညီချန်ချင့်က ဒါတွေကို နားလည်တယ်လား”
ယဲ့ချန်းချင့် ကျိုးနွံစွာ ရှင်းပြလိုက်သည်။
“စစ်မှုထမ်းတုန်းက ဒီအလုပ်တွေနဲ့ ထိတွေ့ခဲ့ရလို့ပါ”
လျို့ကျင်းယာ ပို၍အံ့အားသင့်သွားခဲ့သည်။
“အဲ့တာ နည်းပညာပိုင်းဆိုင်ရာရာထူးပဲ မဟုတ်ဘူးလား၊ ဘာလို့ စစ်တပ်ထဲမှာ ဆက်မနေတာလဲ”
ယဲ့ချန်းချင့်: “အိမ်မှာ အဆင်မပြေတဲ့ကိစ္စတွေ အများကြီးရှိတော့ ကျွန်တော် ပြန်လာခဲ့ရတာပါ”
လျို့ကျင်းယာက ဆိုသည်။
“မင်းမှာ ဒီလိုပါရမီမျိုးရှိနေမှန်းသာ အစောကြီးကတည်းကကြိုသိခဲ့ရင် မင်းကို ယာဉ်မောင်းအလုပ် ရှာမပေးခဲ့ပါဘူး၊ ငါနဲ့အတူတူ အလုပ်လုပ်ရမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ”
ယဲ့ချန်းချင့်က ကျေးဇူးတင်လိုက်သည်။
“အစ်ကိုလျို့ ရှာပေးထားတဲ့ ဒီအလုပ်နဲ့တင် ကျွန်တော်ကျေနပ်နေပါပြီ၊ ကျေးဇူးတင်ပါတယ် အစ်ကိုလျို့”
လျို့ကျင်းယာ: “ဘာပဲဖြစ်ဖြစ် မင်း စိတ်ပြောင်းသွားခဲ့သည်ရှိသော် ငါ့ကို အချိန်မရွေး လာတွေ့လို့ရတယ်၊ သတ္တုတွင်းမှာ အလုပ်လုပ်ရတာက နည်းနည်းပင်ပန်းရပေမယ့် ငါပေးမယ့်လစာက ဒီကလစာထက် ကျိန်းသေပေါက် ပိုများမှာ၊ သတ္တုကြောကောင်းကောင်း တူးဖော်မိပြီဆိုရင် မင်းလည်း အကျိုးအမြတ် ခံစားရမှာပါ”
လျို့ကျင်းယာ၏လုပ်ငန်းတွင် သတ္တုတွင်းအခြေအနေများကို သေသေချာချာ နားလည်နိုင်ပြီး စိတ်ချလက်ချ အားကိုနိုင်မည့် ဝန်ထမ်းတစ်ဦး လိုအပ်နေပါသည်။
အကြောင်းမှာ သူ့အမည်နှင့် အခြားသတ္တုတွင်းများလည်း ရှိနေသေးရာ၊ ပိုင်ချွမ်ကောင်တီရှိ ဤနေရာလေးမှာ တောင်ကုန်းငယ်လေးတစ်ခုမျှသာ ဖြစ်သဖြင့် ဤနေရာတစ်ခုတည်းတွင် အချိန်အားလုံးကို အကုန်မခံနိုင်သောကြောင့် ဖြစ်ပါသည်။
သူ့အကဲခတ်မှုအရ ယဲ့ချန်းချင့်မှာ သူ့အတွက် စိတ်ချအားကိုးရသော လူတစ်ယောက် ဖြစ်လာနိုင်သည်။
ယဲ့ချန်းချင့် အနည်းငယ် စဉ်းစားချင့်ချိန်ပြီးနောက် ငြင်းဆန်လိုက်ပါသည်။ သူသည် ကောင်တီမြို့တွင် အိမ်တစ်လုံး ငှားရမ်းထားပြီးသားဖြစ်ကာ သူ့ဇနီးနှင့် ကလေးနှစ်ဦးတို့ကိုလည်း ခေါ်ဆောင်ထားပြီးသား ဖြစ်သည်။
ယဲ့ပေါင်ချန်းလေးသည်လည်း ကျောင်းစတက်နေရပြီဖြစ်ရာ သူ့မိသားစုကို စောင့်ရှောက်လိုသည့်အတွက် သူတို့နှင့် နီးစပ်သည့်နေရာမှာသာ နေထိုင်ချင်ပါသည်။
လျို့ကျင်းယာလည်း ဖိအားမပေးခဲ့ပေ။ ယဲ့ချန်းချင့်သာ သူနှင့်အတူ အလုပ်လုပ်လိုပါက အချိန်မရွေး လာတွေ့နိုင်သည်ဟုသာ နောက်တဖန် သတိပေးခဲ့သည်။
သတ္တုရိုင်းနမူနာ စမ်းသပ်စစ်ဆေးမှု ရလဒ်များမှာ အလျင်အမြန်ပင် ထွက်ရှိလာခဲ့သည်။ ယဲ့ချန်းချင့် ခန့်မှန်းထားသည့်အတိုင်းပင် သံသတ္တုရိုင်းဖြစ်သော်ငြား သတ္တုပါဝင်မှုနှုန်းက အလွန်နိမ့်ပါသည်။
အနီးနားတွင် သတ္တုပါဝင်မှုနှုန်းမြင့်သည့် သံရိုင်းများကို ရှာတွေ့နိုင်ခြေရှိသော်လည်း မျှော်လင့်ချက်က မှေးမှိန်လှပါသည်။
လျို့ကျင်းယာ အလွန် စိတ်ပျက်သွားရသည်။ ဤသတ္တုတွင်းအတွက် သူယွမ်သိန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားပါသည်။
အရင်းအနှီးပင် ပြန်မရပါက ညတွင်းချင်း ဒေဝါလီခံသွားရနိုင်သည်။ ထို့အပြင် ထိုသတ္တုတွင်းက အနည်းငယ် သေးငယ်လှသည်။
သတ္တုအထွက်နှုန်း နည်းပါးလျှင် အပင်ပန်းခံကာ တူးဖော်လျှင်လည်း အကျိုးရှိနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် လျို့ကျင်းယာတစ်ယောက် မစဉ်းစားတတ်တော့ဘဲ ဝေခွဲမရ ဖြစ်သွားခဲ့ပါသည်။
ယဲ့ချန်းချင့်သည် လျို့ကျင်းယာ၏ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့သော်လည်း သူ့စိတ်ကို ပြောင်းလဲသွားစေမည့် မတော်တဆမှုတစ်ခု အိမ်တွင် ရုတ်တရက် ဖြစ်သွားခဲ့သည်။
ယဲ့ကျန်းကော် ထိခိုက်ဒဏ်ရာ ရရှိသွားခြင်းပင်။
မိုးများသည်းထန်နေသည့်နေ့တစ်နေ့၌ တောင်နောက်ဘက်ရှိ ပြည်သူ့စစ်လေ့ကျင့်ရေးစခန်းမှ ယဲ့ကျန်းကော် ပြန်လာစဉ် ခြေချော်သွားပြီး တောင်အောက်သို့ လိမ့်ကျသွားခဲ့ပါသည်။
နဂိုကတည်းက အသက်အရွယ်ရနေပြီဖြစ်၍ အသက်အန္တရာယ်မထိခိုက်ခဲ့သော်လည်း ခြေထောက်တော့ ကျိုးသွားခဲ့ပါသည်။
ကံကောင်းစွာဖြင့် ပြည်သူ့စစ် တပ်သားအချို့က ယဲ့ကျန်းကော်ကို ရှာတွေ့သွားပြီး ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့ကြသည်။
အချိန်မီ ဆေးကုသမှု ခံယူနိုင်ခဲ့ခြင်းကြောင့် ဆရာဝန်က ပြင်းထန်သော နောက်ဆက်တွဲ ဝေဒနာများ ကျန်ရှိခဲ့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ခြေထောက် အကောင်းတိုင်း ပြန်ဖြစ်ဖို့ကတော့ သေသေချာချာ ဂရုစိုက် စောင့်ရှောက်ပေးရပါမည်။
ထိုကာလက အနည်းဆုံး ၃ လခန့် ကြာမြင့်နိုင်သည်။
မူလက ယဲ့ကျန်းကော်သည် ပြည်သူ့စစ်လေ့ကျင့်ရေးစခန်းတွင် နည်းပြအဖြစ် အလုပ်လုပ်ပြီး တစ်လလျှင် ယွမ် ၂၀ ရှာဖွေနိုင်ခဲ့သည်။
ယခုတော့ အိပ်ရာထဲ လဲသွားခဲ့ပြီဖြစ်ရာ ငွေမရှာနိုင်တော့သည့်အပြင် သူ့သားသမီးများကိုပါ ပြန်အားကိုးရပါတော့မည်။ ယဲ့ကျန်းကော်ကဲ့သို့ အမှီအခိုကင်းပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်သာ ရပ်တည်ခဲ့သူတစ်ဦးအဖို့ ဤအပြောင်းအလဲမှာ အလွန်ပင် လက်ခံရခက်ခဲ့ပါသည်။
ထိုသတင်းကို ကြားရသည်နှင့် ယဲ့ချန်းချင့်တစ်ယောက် ဆေးရုံသို့ အလျင်အမြန် ရောက်လာခဲ့သည်။ ညနေစောင်းသောအခါ ကျန်းရွှယ်နှင့် ကလေးနှစ်ဦးတို့လည်း လူနာခန်းသို့ ရောက်ရှိလာကြပါသည်။
“ဘိုးဘိုး၊ ဘိုးဘိုး နာနေလားဟင်”
ယဲ့ပေါင်ချန်းလေးက အဘိုးဖြစ်သူ၏ ခြေထောက်ကို ခပ်ဖွဖွကိုင်ကာ ဝမ်းနည်းညှိုးငယ်စွာ မေးလိုက်ပါသည်။
ယဲ့ကျန်းကော်က မြေးဖြစ်သူ၏ ခေါင်းလေးကို ပုတ်ကာ ပြောလိုက်သည်။
“ဘိုးဘိုး ဘာမှမနာပါဘူးကွ”
ယဲ့ပေါင်ချန်းလေးက လက်မခံနိုင်ဘဲ ဆက်ပြောသည်။
“ဘိုးဘိုးလိမ်နေတာ၊ ဘိုးဘိုးခြေထောက်ကျိုးသွားတာလို့ မေမေကပြောတယ်၊ အဲ့တာကြောင့် အရမ်းနာနေမှာပဲ”
ယဲ့ကျန်းကော်သည် ကျန်းရွှမ်အားကြည့်ကာ ပြောလိုက်သည်။
“ဒီမှာ ငါ့ဖာသာငါ လှုပ်ရှားလို့ရပါတယ်၊ မင်းတို့အားလုံး ဆေးရုံမှာ လူနာလာစောင့်ပေးစရာမလိုဘူး၊ ဆေးရုံဆိုတဲ့နေရာက ဆူညံပြီး ဗြောင်းဆန်နေတာ၊ ကလေးတွေကို ပြန်ခေါ်သွားလိုက်တော့”
ကျန်းရွှယ်: “ပေါင်ချန်းလေးက သူ့အဘိုးကို တွေ့ချင်လို့ အိမ်မှာ ဂျီကျနေတာလေ၊ သမီးလည်း ဘာမှမတတ်နိုင်တော့လို့ ခေါ်လာပေးရတာပါ”
ထိုစဉ် လူနာခန်းထဲ ယဲ့ချန်းချင့် ပြန်ဝင်လာသည်။
“အရိုးနဲ့အကြောတွေ ပြန်ကောင်းဖို့ ရက် ၁၀၀ လောက် နားရမယ်လို့ ဆရာဝန်က ပြောလိုက်တယ်၊ အဖေ စိတ်ရှိတိုင်း လှုပ်ရှားမနေနဲ့၊ မဟုတ်ရင် အရိုးတွေ အနေအထားမမှန်ဘဲ ပြန်ဆက်သွားမှ ဒုက္ခိတဖြစ်သွားလိမ့်မယ်”
ယဲ့ကျန်းကော်က မကျေမနပ် ဆိုသည်။
“အဲ့တာ ကလေးတွေကို ဖြဲချောက်တဲ့စကားတွေပါကွာ၊ ငါက ယောက်ျားရင့်မာကြီးကွ၊ ဘာမှမကြောက်တတ်ဘူး၊ မင်းလည်း ပြန်တော့၊ အလုပ်မလုပ်ဘဲ ဒီမှာပဲ တစ်နေကုန်နေမလို့လား”
ယခုလို ကိစ္စမျိုးတွင်တော့ အဖေဖြစ်သူ၏ စကားကို ယဲ့ချန်းချင့် နားမထောင်နိုင်ပေ။ သူ့အလုပ်က မည်မျှပဲ အရေးပါနေပါစေ သူ့အဖေထက်တော့ ပိုအရေးမကြီးနိုင်ချေ။
ထို့အပြင် သူ့အမေ လာရောက်ပြုစုစောင့်ရှောက်မည် ဆိုပါကလည်း ဒဏ်ရာရနေသော လူကြီးတစ်ဦးကို ရွှေ့ပြောင်းပေးရန် သူမတစ်ဦးတည်းနှင့် အဆင်ပြေနိုင်မည် မဟုတ်ပေ။
ယဲ့ချန်းချင့်သည် ယဲ့ကျန်းကော်ကို ပြုစုစောင့်ရှောက်ဖို့ ဆေးရုံတွင် တစ်ပတ်တိတိ နေခဲ့ပါသည်။
၈ ရက်မြောက်နေ့တွင် ပိုင်ချွမ်ရွာပြင်ပရှိ လမ်းများ ပွင့်သွားခါမှ ယဲ့ကျမ့်ယဲ့နှင့် မြောင်စွေ့ဖန်းတို့နှစ်ဦး ဆေးရုံသို့ သုတ်သုတ်ပျာပျာ ရောက်ရှိလာခဲ့ကြသည်။