← Chapters

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း ၁၁၈

Vol. 12 Ch. 118

📗 Chapter 118

နှစ်လယ်စာမေးပွဲများ ပြီးဆုံးသောအခါ ကျောင်းသားကျောင်းသူများကို နေ့တစ်ဝက် အနားယူခွင့် ပေးခဲ့ပါသည်။ ယဲ့ရှောင်ရှောင်သည် ထိုအားလပ်ချိန်တွင် စုန့်ကွမ်းကျင့်၏ အိမ်သို့ သွားရောက်လည်ပတ်ခဲ့သည်။

စုန့်ကွမ်းကျင့်မှာလည်း အဆက်အသွယ် အလွန်ကျယ်ပြန့်သူဖြစ်ရာ ကျားကော်ချန်း ဖမ်းဆီးခံလိုက်ရသည့်အကြောင်းကို ကြိုတင်သိရှိနေခဲ့ပါသည်။

“ဒီဖြစ်စဉ်တစ်ခုလုံးက အတော်လေး ထူးဆန်းနေတယ်နော်၊ ကျားကော်ချန်းတစ်ယောက် ပိုက်ကွန်ထဲ တန်းတန်းမတ်မတ် တိုးဝင်လာတဲ့ ကိစ္စက အရမ်းကို တိုက်ဆိုင်လွန်းနေတယ်၊ နောက်ကွယ်က တစ်ယောက်ယောက် တွန်းပို့ပေးနေသလိုပဲ”

စုန့်ကွမ်းကျင့်က ယဲ့ရှောင်ရှောင်အား သုံးသပ်ပြလိုက်သည်။

ယဲ့ရှောင်ရှောင်လည်း သူမတို့ကို နောက်ကွယ်မှ မည်သူက ကူညီပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်းကို တွေးတောမိသွားသည်။

‘ချောင်းယွင်ဟူများလား…’

အကြောင်းမှာ ချောင်းယွင်ဟူသည် ကျားကော်ချန်းအကြောင်းကို သိရှိထားသူဖြစ်ကာ ယဲ့ရှောင်ရှောင်တို့၏ အခြေအနေကိုလည်း နားလည်နေခြင်းကြောင့်ပင်။

‌ချောင်းမိသားစုကလည်း ပေကျင်းမြို့တွင် အရှိန်အဝါ အလွန်ကြီးကြသည်။ ကံကောင်းစွာဖြင့် ယဲ့ရှောင်ရှောင်သည် ချောင်းယွင်ဟူအား ယခင်တစ်ခေါက်က ကိစ္စအတွက် တစ်ခုခုလိုက်ကျွေးဖို့ ကြွေးကျန်ရှိနေဆဲဖြစ်ရာ ထိုအခါကျမှ ဤအကြောင်းကို သေသေချာချာမေးမြန်းကြည့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

စုန့်ကွမ်းကျင့်ထံသို့ ယဲ့ရှောင်ရှောင်လာခဲ့ရခြင်းမှာ အခြားအကြောင်းအရင်းတစ်ခုကြောင့်လည်း ပါသေးသည်။

ယခင်တစ်ခေါက်က ‘ကျန်းမိသားစု ဆေးပလာစတာ’များကို တိုးမြှင့်ရောင်းချခဲ့ခြင်းကြောင့် ရမ်သဲ့ထန်းဆေးဆိုင်မှာ အကျိုးအမြတ်များစွာ ရရှိခဲ့ပါသည်။

ထို့နောက် ရမ်သဲ့ထန်တွင် ကိုယ်ပိုင်သီးခြားထုတ်လုပ်နိုင်သည့် စက်ရုံရှိနေခြင်းကြောင့် အလဟဿ မဖြစ်စေရန် ယဲ့ရှောင်ရှောင် အစီအစဉ်တစ်ခုဆွဲခဲ့သည်။

သူတို့အနေဖြင့် ဤအခွင့်အရေးကို အရယူကာ အခြားသော ထုတ်ကုန်အချို့ကိုလည်း စတင်မိတ်ဆက် ထုတ်လုပ်နိုင်ပေသည်။

ယဲ့ရှောင်ရှောင်သည် စုန့်ကွမ်းကျင့်အား ဖော်မြူလာတစ်ခု ပေးလိုက်ပြီး သေသေချာချာ စစ်ဆေးပေးဖို့ တောင်းဆိုလိုက်သည်။

“ဒါ ဆေးဖက်ဝင် လိမ်းဆေးတစ်ခုခုရဲ့ ဖော်မြူလာလား”

“ဟုတ်တယ်၊ အသားဖြူလိမ်းဆေးခရင်မ်ပါ”

ယဲ့ရှောင်ရှောင်သည် ကျန်းအာ့နီအား အသားပိုဖြူလာစေရန် ကူညီပေးခဲ့စဉ်က ဤအရာကို သုတေသန ပြုလုပ်ခဲ့ခြင်းပင် ဖြစ်သည်။

သေသေချာချာ စဉ်းစားပြီးနောက် လူအများ၏ အသားအ ရေအမျိုးအစားများနှင့် ပိုမိုကိုက်ညီနိုင်မည့် အသားဖြူလိမ်းဆေးခရင်မ်တစ်ခု ဖြစ်လာစေရန် ဖော်မြူလာကို ချိန်ညှိပြင်ဆင်ခဲ့သည်။

စုန့်ကွမ်းကျင့်သည် ယဲ့ရှောင်ရှောင်၏အကြံဉာဏ်များကို များသောအားဖြင့် ထောက်ခံပေးလေ့ရှိသော်လည်း အသားဖြူလိမ်းဆေးခရင်မ်များ ရောင်းအားကောင်းနိုင်ဖို့အတွက်ကိုမူ ယုံကြည်မှုသိပ်မရှိလှပါ။

အဘယ့်ကြောင့်ဆိုသော် ဤခေတ်တွင် သာမန်လူတန်းစားများမှာ အသားအရေဖြူဝင်းလာစေရန် အလွန်အမင်း ဂရုစိုက်ခြင်း မရှိကြခြင်းကြောင့်ပင်။

ထို့အပြင် အသားဖြူလိမ်းဆေးခရင်မ်က မည်မျှပင် အာနိ သင်ရှိပါစေ၊ တစ်နေ့ကုန် နေပူမိုးရွာထဲ အလုပ်လုပ်နေရသူ တစ်ဦးအတွက် သိသာထင်ရှားသော ရလဒ်ကို မြင်ရဖို့ ခဲယဉ်းပါလိမ့်မည်။

စုန့်ကွမ်းကျင့်: “ဒါဆိုလည်း ဈေးကွက်အခြေအနေကို စမ်းသပ်ကြည့်ဖို့အတွက် အရင်ဆုံး အနည်းအကျဉ်းပဲ ထုတ်လုပ်ကြည့်ကြတာပေါ့”

ယဲ့ရှောင်ရှောင်: “ကျေးဇူးတင်ပါတယ် ဆရာကြီး၊ ထုတ်လုပ် မှုကုန်ကျစရိတ်တွေကို နုတ်ပြီးရင် အမြတ်ကို တစ်ဝက်စီ ညီတူမျှတူ ခွဲယူကြတာပေါ့”

လုပ်ငန်းစဉ်အားလုံးနီးပါးအတွက် ရမ်သဲ့ထန်၏စက်ရုံအပေါ်တွင်သာ မှီခိုနေရခြင်းဖြစ်သဖြင့် ယဲ့ရှောင်ရှောင်အတွက် အလွန်တွက်ချေကိုက်လှပါသည်။

စုန့်ကွမ်းကျင့် သဘောတူလိုက်သည်။

ဤအမြတ်ဝေစုများကို သူ အထူးတလည် ဂရုမစိုက်သော် လည်း အလုပ်သမားများကိုတော့ လစာပေးချေရဦးမည် မဟုတ်ပါလား။

--- --- ---

ယဲ့ရှောင်ရှောင်သည် စုန့်ကွမ်းကျင့်နှင့် မွန်းလွဲပိုင်းအထိ စကားပြောဆိုပြီးနောက် ကျောင်းသို့ ပြန်လာခဲ့ပါသည်။

ညစာအတူစားရန် စုန့်ကွမ်းကျင့်၏ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီးနောက် သူမသည် ချောင်းယွင်ဟူထံသို့ သွားရောက်ကာ ကျားကော်ချန်း အဖမ်းခံရသည့်ကိစ္စနှင့်ပတ်သတ်၍ တစ်စုံ တစ်ခု သိထားခြင်းရှိ၊ မရှိ မေးမြန်းဖို့ ရည်ရွယ်ထားခဲ့သည်။

ချောင်းယွင်ဟူကလည်း အဆောင်တွင်သာရှိနေသဖြင့် ယဲ့ရှောင်ရှောင် ခပ်မြန်မြန်ပင် ရှာတွေ့သွားခဲ့သည်။

“ငါ ဒီနေ့အားလို့ နင့်ကို ညစာလိုက်ကျွေးချင်လို့”

ချောင်းယွင်ဟူ ခေါင်းကုတ်ကာ သဘောတူလိုက်သည်။

“အင်း သွားကြမယ်လေ”

ကျောင်းဝင်ပေါက်အနီးရှိ စားသောက်ဆိုင်လေးသို့ ယဲ့ရှောင်ရှောင် သွားရောက်သည့်အခါတိုင်း သိကျွမ်းသည့် လူများနှင့် ဆုံတွေ့ရလေ့ရှိသည်။ ကံကောင်းစွာဖြင့် ဤတစ်ကြိမ်တွင်မူ မည်သူနှင့်မှ မဆုံတွေ့ခဲ့ပေ။

“ကျားကော်ချန်း အဖမ်းခံလိုက်ရပြီး”

ချောင်းယွင်ဟူ ခေတ္တ ရပ်တန့်သွားသည်။

“ဟုတ်လား၊ အဲ့တာဆို ရဲတွေလှုပ်ရှားတာ တော်တော်မြန်လို့ပေါ့”

ယဲ့ရှောင်ရှောင် တဲ့တိုးသာ မေးမြန်းလိုက်သည်။

“နင် ကူညီပေးခဲ့တာလား၊ ကျားကော်ချန်း အဖမ်းခံရတဲ့ကိစ္စက တိုက်ဆိုင်လွန်းနေတယ်”

ချောင်းယွင်ဟူ ခေါင်းညိတ်လိုက်သည်။

“နည်းနည်းတော့ ကူညီပေးခဲ့ပါတယ်”

ယဲ့ရှောင်ရှောင်: “တကယ်ပဲ နင့်လက်ချက်ကိုး…၊ အဲ့တာဆို ငါနင့်ကို နောက်တစ်နပ် ထပ်ကျွေးရတော့မှာပေါ့”

ချောင်းယွင်ဟူက ရှင်းပြသည်။

“ကျားကော်ချန်းရဲ့ အစီအစဉ်တွေကို ဖျက်ဆီးခဲ့တာက ငါဆိုတော့ သူငါ့ကို လက်တုံ့ပြန်လာမှာ စိုးရိမ်လို့ ငါ့ဘက်ကအရင် လှုပ်ရှားလိုက်တာပါ”

ချောင်းယွင်ဟူ၏နှိမ့်ချမှုကို ယဲ့ရှောင်ရှောင် အကွက်မဖော်တော့ပေ။ ချောင်းယွင်ဟူမှာ အတော်လေး ဂုဏ်ယူဝံ့ကြွားနေပုံရသည်။

နှောင့်ယှက်မည့်လူမရှိသဖြင့် ယဲ့ရှောင်ရှောင် ညစာကောင်း ကောင်း စားခဲ့ရသည်။ စားသောက်ပြီးသောအခါ ချောင်းယွင်ဟူကို ပျော်ပျော်ကြီး နှုတ်ဆက်ခဲ့ပါသည်။

ယဲ့ရှောင်ရှောင် အဆောင်သို့ ပြန်လာသည့် အပြန်လမ်းတွင် လင်းယွဲ့နှင့် မတော်တဆ ဆုံခဲ့ရသည်။

“ဂျူနီယာ ရှောင်ရှောင်ပါလား၊ ခုနက အတူတူလျှောက်လာတဲ့ အတန်းဖော်က ဘယ်သူလဲ”

ပထမတော့ ထိုအသံကို ယဲ့ရှောင်ရှောင် မမှတ်မိခဲ့ပါ။ မျက်နှာကိုမြင်လိုက်ရမှ လင်းယွဲ့ဖြစ်မှန်း မှတ်မိသွားခဲ့သည်။

ယဲ့ရှောင်ရှောင် သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။

“ဒီတိုင်း ဖော်ရွေတဲ့ အတန်းဖော်တစ်ယောက်ပါ”

သူမကို ယဲ့ရှောင်ရှောင် ပထုတ်ဖို့ ကြိုးစားနေခြင်းဖြစ်မှန်း လင်းယွဲ့ နားလည်ပါသည်။ ဘေးတွင်လည်း မည်သူမှ ရှိမနေသဖြင့် ဂရုစိုက်ကြင်နာတတ်သော စီနီယာအစ်မကြီးတစ်ယောက်ကဲ့သို့ ဟန်ဆောင်နေရန် မလိုအပ်တော့ပေ။

“ဂျူနီယာရှောင်ရှောင်က တကယ်နောက်တတ်တာပဲ၊ ငါ သိသလောက်တော့ နင့်ကောင်လေးက ငါတို့ကျောင်းက မဟုတ်ပါဘူး၊ အခုလိုလုပ်တာ လှေနံနှစ်ဖက်နင်းရာ မကျဘူးလား”

နောက်ဆုံးတော့ ယဲ့ရှောင်ရှောင် ခြေလှမ်းများရပ်တန့်သွားပြီး သူမကို ပွစိပွစိ လာပြောနေသည့်လူအား လှည့်ကြည့်လိုက်သည်။

“အစ်မ သွားပေါ်မှာ ဟင်းဖတ်ကပ်နေတယ်”

လင်းယွဲ့မှာ ချက်ချင်းဆိုသလိုပင် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်သည်။

“အား!!!”

နောက်ဆုံးတော့ ယဲ့ရှောင်ရှောင် နားငြိမ်းချမ်းရေး ရရှိသွားပြီဖြစ်ကာ အဆောင်ဘက်သို့ ခပ်သွက်သွက် ဆက်လျှောက်လာခဲ့တော့သည်။

လင်းယွဲ့ကတော့ မှန်သွားရှာနေပုံရပြီး သူမ နောက်ဆက်မလိုက်လာခဲ့တော့ပေ။

--- --- ---

ဤအချိန်တွင် နှစ်လယ်စာမေးပွဲ ရလဒ်များလည်း ထွက်ပေါ် လာခဲ့ပြီဖြစ်ကာ ယဲ့ရှောင်ရှောင်အဆောင်ခန်းထဲမှ မည်သူမှ စာမေးပွဲ မကျခဲ့ကြပါ။

သို့သော် လူတိုင်း၏ရမှတ်များက အလွန်မြင့်မားနေသည်မျိုးတော့ မဟုတ်ပေ။

ယဲ့ရှောင်ရှောင်မှာ ဘာသာရပ်အားလုံးတွင် အမှတ်ပြည့်ရရှိခဲ့သည်။ သို့ရာတွင် တိုင်းရင်းဆေးပညာမေဂျာ အတန်းထဲတွင်မူ ထိုရလဒ်က အထူးတလည် ထူးခြားထင်ရှားနေခြင်းတော့ မဟုတ်ပါ။

အဘယ့်ကြောင့်ဆိုသော် သူမအတန်းထဲရှိ ကျောင်းသားတိုင်း အမှတ်ပြည့်ရရှိခဲ့ခြင်းကြောင့်ပင်။

သို့သော် ‘စာကြမ်းပိုး’အုပ်စုမှာ ဤရလဒ်ကို မကျေမနပ်ဖြစ်နေကြပြီး အဆုံးသတ်စာမေးပွဲတွင် မေးခွန်းများကို ပိုခက်ခဲအောင်ထုတ်ပေးရန်ပင် ဆရာများကိုတောင်းဆိုခဲ့ကြသေးသည်။

ယဲ့ရှောင်ရှောင်မှာ ပြောစရာစကားပင် မရှိတော့ချေ။

အဆောင်တွင် အမှတ်အနည်းဆုံးမှာ ဝမ်ကျောင်းဖြစ်သော် လည်း သူမက သိပ်အရေးစိုက်ပုံမပေါ်ပါ။

“တက္ကသိုလ်တောင်ရောက်နေပြီပဲဥစ္စာ၊ အမှတ် ၆၀ လောက်ဆို လုံလောက်ပြီပေါ့၊ နောက်တစ်မှတ်လောက် ပိုတိုးလည်း ဘာအသုံးဝင်မှာကျလို့”

ဝမ်ကျောင်းက အလွန်ပင် အကောင်းမြင်တတ်ပါသည်။ ယခုလည်း မှန်ရှေ့တွင် နှုတ်ခမ်းနီဆိုးရင်း ဖန့်ခိုင်ရွှမ်နှင့် သွားချိန်းတွေ့ဖို့ ပြင်ဆင်နေသည်။

သူမကို ကြည့်ရင်း အခြားသူများမှာ မည်သို့ တုံ့ပြန်ရမှန်းပင် မသိတော့ပေ။

“ငါက ပညာသင်ဆုရဖို့ ကြိုးစားနေတာမှ မဟုတ်တာ၊ အဲ့လောက်အမှတ်အများကြီး မလိုပါဘူး၊ ငါတို့အခန်းထဲက ဘယ်သူတွေ အမှတ်ကောင်းကြလဲ၊ နင်ကတော့ အမှတ်တော်တော်ကောင်းမှာပေါ့ ဟုတ်လား ရှောင်ရှောင်”

ယဲ့ရှောင်ရှောင်သည် တံခါးဝမှ လျှောက်ဝင်လာစဉ်မှာပင် ဝမ်ကျောင်း၏မေးခွန်းကို ကြားလိုက်ရသည်။

“မပြောတတ်ဘူး၊ ငါတို့အတန်းထဲကလူတိုင်း အမှတ်အပြည့် ရကြတယ်”

ရှားလီ: “ဒါဆို နင်တို့ တရုတ်တိုင်းရင်းဆေးပညာမေဂျာက အရမ်းတော်ကြတာပေါ့”

ဝမ်ကျောင်း: “ဘာပဲဖြစ်ဖြစ် ငါတို့အဆောင်မှာတော့ နင်က အမှတ်အကောင်းဆုံးပဲလေ၊ ဘာသာရပ်တိုင်းမှာ အမှတ်ပြည့်ရတာ လျှော့တွက်စရာလား”

ယဲ့ရှောင်ရှောင် ဘာမှဆက်မပြောတော့ပေ။

သူမတို့အဆောင်ခန်းတွင် ငွေအလိုအပ်ဆုံးက လီမိန့်ရူဖြစ် သည်။ သို့သော် ဟယ်ကျင်းနှင့် ရှားလီတို့ကလည်း ပညာသင်ဆု လိုချင်ကြမှာ သေချာသည်။

ယခုတစ်ခေါက်တွင် လီမိန့်ရူ ဟယ်ကျင်းလောက် မထူးချွန်ခဲ့ဘဲ သူမ အတန်းတွင် အဆင့် ၃ သာ ချိတ်ခဲ့သည်။ သို့သော် ပညာသင်ဆုအတွက် ကျောင်းသားနှစ်ယောက်ကိုသာ ရွေးချယ်ပါလိမ့်မည်။

သူမအတွက် ပညာသင်ဆုရရှိရန်မှာ မသေချာတော့သော် လည်း အနည်းဆုံးတော့ အထူးထောက်ပံ့ကြေးများ ရရှိနိုင်သေးသည်။

ထိုအချက်ကို ဝမ်ကျောင်းလည်း စဉ်းစားမိပုံရသည်။

“လီမိန့်ရူ၊ နင် အထူးထောက်ပံ့ကြေးငွေ ရနိုင်တယ်မလား”

လီမိန့်ရူလည်း မသေချာပေ။

“ငါလျှောက်လွှာတော့ တင်ထားပြီးပြီ၊ ရ၊ မရကတော့ ကျောင်းရဲ့ စိစစ်မှုအပေါ်မှာပဲ မူတည်တာပေါ့”

ဝမ်ကျောင်း ခေါင်းညိတ်လိုက်သည်။

“ဟယ်ကျင်းကတော့ ပညာသင်ဆုရမှာ သေချာသလောက်ရှိနေပြီ၊ အဲ့အချိန်ကျရင် ငါတို့ကို တစ်ခုခု လိုက်ကျွေးဖို့ မမေ့နဲ့ဦးနော်!”

ဟယ်ကျင်းမှာ အနေခက်စွာ ရယ်မောလိုက်ပြီး ဘာမှပြန်မပြောပေ။

ထန်ရှို့ရှို့က ဝင်မေးသည်။

“ဖန့်ခိုင်ရွှမ်က နင့်ကို အောက်မှာစောင့်နေတယ်ဆို၊ ဘာလို့ မသွားသေးတာလဲ”

ဝမ်ကျောင်း ခေါင်းကို ကြော့ကြော့မော့မော့ ခါကာ ပြောလိုက်သည်။

“သူ့ဖာသာ သူ စောင့်ပါစေပေါ့၊ ဘာတွေ လောနေတာလဲ”

သို့သော် ထန်ရှို့ရှို့က သတိပေးလိုက်ပြီးနောက် ဝမ်ကျောင်းတစ်ယောက် သားရေဖိနပ်ကို အမြန်စီးကာ ခပ်သုတ်သုတ် ထွက်သွားတော့သည်။

အဆောင်ထဲ ပြန်လည်တိတ်ဆိတ်သွားချိန်တွင် ထန်ရှို့ရှို့က ဟယ်ကျင်းကို လှည့်ပြောလိုက်ပါသည်။

“စိတ်မပူပါနဲ့၊ နင် ပညာသင်ဆုရရင်တောင် ငါတို့ ဘာမှလိုက်မကျွေးခိုင်းဘူး၊ ပိုက်ဆံတွေက လေထဲက လွင့်လာတာမှ မဟုတ်တာ၊ နင့်အတွက် နင် စုထားပါ”

ဟယ်ကျင်း ပြုံးလိုက်သည်။

“တခြားအကောင်းစားတွေ မကျွေးနိုင်ပေမယ့် ကျောင်းကန်တင်းမှာတော့ လိုက်ကျွေးလို့ရပါတယ်”

ရှားလီမှာ ကုတင်ပေါ်တွင် ဟိုလှိမ့်ဒီလှိမ့်လုပ်ရင်း ညည်းတွားနေတော့သည်။

“ငါကတော့ ဘာမှရနိုင်မယ် မထင်ဘူး…”

--- --- ---

နောက်ဆုံးတွင် ပညာသင်ဆုနှင့် အထူးထောက်ပံ့ကြေးများကိုရရှိသည့် ကျောင်းသားများအား ကြေညာပေးခဲ့သည်။

ဟယ်ကျင်းက သူမ အတန်းထဲတွင် အဆင့် ၁ ရရှိခဲ့သော ကျောင်းသားတစ်ယောက်နှင့်အတူ ပညာသင်ဆုကို ရရှိခဲ့ပါသည်။

သို့သော် အံ့ဩစရာကောင်းသည်မှာ လီမိန့်ရူတစ်ယောက် အထူးထောက်ပံ့ကြေးကို မရရှိခဲ့ခြင်းပင်။ အခြားသော ကျောင်းသားများကသာ ရရှိသွားခဲ့ကြသည်။

ထိုအကြောင်းကို ကြားသောအခါ လီမိန့်ရူ အလွန်စိတ်ပျက် အားလျော့သွားခဲ့ရပါသည်။

ရှားလီ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

“နင် ဘာလို့မရတာလဲ!”

ဟယ်ကျင်းက ရှင်းပြသည်။

“ငါ လိုက်မေးကြည့်ပြီးပြီ၊ အထူးထောက်ပံ့ကြေးငွေ ရသွားတဲ့ တခြားကျောင်းသားတွေက တကယ့်ကို နွမ်းပါးကြတာ၊ သူတို့ထဲက ကျောင်းသူရှန့်ဆိုရင် ထမင်းစားတိုင်း ဘာဟင်းမှမပါဘဲ ပေါက်စီအလွတ်တွေကိုပဲ စားတာတဲ့၊ ပြီးခဲ့တဲ့ အပတ်ကဆိုရင် သွေးအားနည်းရောဂါဖြစ်ပြီး ဆေးခန်းတောင် ရောက်သွားသေးတယ်”

All Chapters