အခန်း ၁၁၁
Vol. 12 Ch. 111
📗 Chapter 111
ချောင်းယွင်ဟူမှာ အမှန်တကယ် သတ္တိကောင်းသူဖြစ်သည်။
ယဲ့ရှောင်ရှောင်နှင့် ထန်ရှို့ရှို့တို့ကို စာတိုက်ထဲတွင် ပုန်းခိုင်းထားပြီးနောက် အပြင်သို့ တစ်ယောက်တည်း ထွက်လာခဲ့သည်။
ချောင်းယွင်ဟူမှာ သူတို့၏ ပစ်မှတ်မဟုတ်သည့်အပြင် စာတိုက်အတွင်းမှ အခြေအနေကိုလည်း အပြင်မှ မမြင်နိုင်သဖြင့် လူမိုက်နှစ်ဦးမှာ သတိလက်လွတ်ဖြစ်နေကြသည်။
ချောင်ယွင်ဟူ သူတို့ဘေးမှ ဖြတ်သွားသောအခါ လမ်းပင်ဖယ်ပေးလိုက်ကြပြီး စာတိုက်ဝင်ပေါက်ကို ဆက်လက် စောင့်ကြည့်နေခဲ့ကြသည်။
“အစ်ကိုကြီး ပြောတဲ့အလုပ်က တကယ်ကော စိတ်ချရရဲ့လား”
“ပါးစပ်ပိတ်ထားပြီး အလုပ်ကို အာရုံစိုက်စမ်းပါဟ၊ အဲ့ဒီနှစ်ယောက်နဲ့ စာရင်းရှင်းပြီးရင် နောက်တစ်ယောက်ပဲ ကျန်တော့မယ်၊ ပြီးရင် ငါတို့ ငွေတွေ အပုံလိုက်ရတော့မှာ”
သူတို့နှစ်ယောက် တီးတိုးပြောနေကြစဉ် ချောင်းယွင်ဟူက ရုတ်တရက် တိုက်ခိုက်လာကာ အနီးဆုံးတွင်ရှိနေသည့်လူကို မြေပေါ်သို့ လှဲချပစ်လိုက်သည်။
စာတိုက်ထဲမှ စောင့်ကြည့်နေသည့် ထန်ရှို့ရှို့က ချီးကျူးလိုက်ပါသည်။
“နင့်သူငယ်ချင်းက တော်တော်ခြေမြန်လက်မြန်ရှိတာပဲနော်”
ပထမတစ်ဦးကို နှိမ်နင်းပြီးနောက် ချောင်းယွင်ဟူက ကျန်တစ်ဦး၏ မျက်နှာတည့်တည့်သို့ လက်သီးဖြင့် ထိုးလိုက်ပြီး ပလက်ဖောင်းပေါ်သို့ ကိုင်ပေါက်ပစ်လိုက်သည်။
အားအပြည့်ဖြင့် တိုက်ခိုက်လိုက်ခြင်းဖြစ်ရာ သံသယဖြစ်စရာ လူမိုက်နှစ်ဦးမှာ ဗိုက်ကိုဖိလျက် မြေပြင်ပေါ်တွင် အလူးအလဲဖြစ်ကာ ပြန်မထနိုင်တော့ပေ။
ထန်ရှို့ရှို့က စာတိုက်အတွင်းမှနေ၍ ရဲစခန်းသို့ ဖုန်းဆက်ပြီးပြီဖြစ်သည်။
လူမိုက်များ မှောက်ကုန်ကြသည်ကိုမြင်ပြီး ယဲ့ရှောင်ရှောင်သည် အပ်ရှည်များကို ကိုင်ကာ ပြေးထွက်လာပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အကြောမှတ်များကို အပ်ဖြင့် ထိုးစိုက်ပစ်လိုက်သည်။
“အား!! နာတယ်!!”
“အား!!!”
လူမိုက်နှစ်ဦးမှာ မြေပေါ်တွင် လူးလှိမ့်နေပြီး ခြေလက်များ လှုပ်ရှား၍ မရတော့ချေ။ သူတို့ခန္ဓာကိုယ်များမှာလည်း ဓာတ်လိုက်သည့်ပမာ တဆတ်ဆတ် တုန်ခါနေပါသည်။
ချောင်းယွင်ဟူက ယဲ့ရှောင်ရှောင်ကို ကြည့်လျက် မေးလိုက်သည်။
“နင့်မှာ အဲ့လိုပညာမျိုး ရှိနေတာလား”
အတင်းအဓမ္မ ဝန်ခံခိုင်းခြင်းမျိုးက မကောင်းသော်လည်း ဤကဲ့သို့ လူယုတ်မာများကိုမူ သနား ငဲ့ညှာပေးနေစရာ မလိုအပ်ပေ။
“ငါက တရုတ်တိုင်းရင်းဆေးကျောင်းသူပဲလေ”
ထို့နောက် လူမိုက်များရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ သူမ မေးလိုက်သည်။
“နင်တို့ကို ဘယ်သူခိုင်းထားတာလဲ”
လူမိုက်နှစ်ဦးမှာ အလွန်နာကျင်လွန်းသဖြင့် စကားပင်မပြောနိုင်တော့ချေ။
ယဲ့ရှောင်ရှောင်က ဆက်မေးသည်။
“နာတယ်မလား၊ အဲ့ဒီနာကျင်မှုက မသေစေနိုင်ပေမယ့် နင်တို့ ငရဲကျသလို ခံစားနေရမှာ၊ ဘယ်သူခိုင်းတာလဲဆိုတာ ပြောပြရင် အခုချက်ချင်း အနာသက်သာအောင် လုပ်ပေးမယ်”
“ကျား… ကော်… ချန်း…ပါ”
နောက်ဆုံးတော့ လူမိုက်တစ်ဦးက အမှန်အတိုင်း ဖွင့်ပြောလိုက်ပါသည်။
ယဲ့ရှောင်ရှောင် ခေါင်းညိတ်ကာ အပ်များကို ပြန်ဆွဲထုတ်ပေးလိုက်သည်။
လူမိုက်နှစ်ဦးမှာ တစ်ကိုယ်လုံး ချွေးများစိုရွှဲနေပြီး မြေပေါ်တွင် သေလူပမာ မလှုပ်မယှက် အားနည်းပျော့ညံ့စွာ ထိုင်နေကြပါသည်။
ချောင်းယွင်ဟူက မေးသည်။
“သူတို့ အဆင်ပြေပါ့မလား”
ယဲ့ရှောင်ရှောင်: “ဒီတိုင်း ပင်ပန်းနွမ်းနယ်နေရုံပါ၊ ဒါပေမယ့် ငါတို့ပြောတာကို သူတို့ကြားတယ်”
ထို့ကြောင့် ချောင်းယွင်ဟူက လူမိုက်နှစ်ဦးကို ခြိမ်းခြောက်လိုက်သည်။
“ရဲတွေနဲ့တွေ့တဲ့အခါကျရင် မင်းတို့သိထားသမျှကို အကုန် ပြောပြတာ ပိုကောင်းမယ်၊ အမှန်အတိုင်းပြောမယ်ဆိုရင် အချုပ်ထဲမှာ ရက်နည်းနည်းလောက်ပဲ နေရမယ်ဆိုတာ မင်းတို့လိုကောင်တွေ သိလောက်မှာပေါ့၊ တစ်ခုခု ထိန်ချန်ထားတာ သိရရင်တော့ မင်းတို့ ပေကျင်းမြို့မှာ ခြေချလို့မရအောင် ငါလုပ်ပေးမယ်”
ချောင်းယွင်ဟူ၏ လေသံမှာ ကြမ်းတမ်းခက်ထန်လှသည်။
လူမိုက်နှစ်ဦးမှာ ကြက်သီးမွေးညှင်းများပင် ထသွားပြီး ကြောက်ရွံ့မှုဖြင့် တုန်ယင်နေတော့သည်။
သူတို့၏ ပစ်မှတ်မှာ သာမန်တက္ကသိုလ်ကျောင်းသူများဟုသာ ထင်မှတ်ထားခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ သံမဏိကို လက်သီးနှင့် သွားထိုးမိကြခြင်းပင်။
--- --- ---
ရဲများ အလျင်အမြန်ရောက်ရှိလာပြီး အခြေအနေကို ထိန်းချုပ်ခဲ့ကြသည်။
သံသယရှိသူများကို ဖမ်းဆီးထိန်းသိမ်းစဉ် အရာရှိတစ်ဦးက ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ခုနက ရထားတဲ့ တိုင်ချက်မှာတော့ နေ့ခင်းကြောင်တောင် လူရိုက်နေတယ်ဆို”
ထန်ရှို့ရှို့က ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါတယ်၊ ဖုန်းဆက်တိုင်လိုက်တာ ကျွန်မပါပဲ၊ တရားခံတွေကတော့ မြေပေါ်က အဲ့ဒီနှစ်ယောက်ပါ၊ မနေ့က ကျွန်မတို့ အခန်းဖော်တွေကို ရိုက်နှက်သွားတဲ့ အုပ်စုထဲကပဲလို့ သံသယရှိပါတယ်၊ အရာရှိတို့အနေနဲ့ ကျွန်မတို့ရဲ့ အခန်းဖော်တွေကိုပါ ခေါ်မေးလို့ရပါတယ်”
ယဲ့ရှောင်ရှောင်က ဝင်ပြောလိုက်သည်။
“ကျားကော်ချန်းဆိုတဲ့ နာမည်ကို သူတို့ ထုတ်ပြောထားတယ်၊ ကျွန်မတို့နဲ့ အဆောင်မှာ ပြဿနာတက်ထားတဲ့ မိန်းကလေးနာမည်ကလည်း ကျားရှန်းနန်ပဲ၊ သူတို့က အမျိုးတော်စပ်လိမ့်မယ်လို့ သံသယဖြစ်မိပါတယ်”
အရာရှိနှစ်ဦမှာ ဒဏ်ရာဒဏ်ချက်ကင်းမဲ့ပြီး အေးဆေးတည်ငြိမ်နေသည့် တိုင်ကြားသူများနှင့် ဒဏ်ရာဗလပွနှင့် မှောက်နေသည့် သံသယရှိသူများကို တစ်လှည့်စီ ကြည့်လိုက်သည်။
“…”
ယဲ့ရှောင်ရှောင်: “ကျွန်မတို့ရဲ့ ဒီကယောက်ျားလေး အတန်းဖော်နဲ့ ဆုံခဲ့တာကြောင့်သာ မဟုတ်ရင် ကျွန်မတို့ မိန်းကလေးနှစ်ယောက်တည်း အန္တရာယ်ရှိသွားနိုင်ပါတယ် အရာရှိ”
အရာရှိမှာ ယုံတစ်ဝက် မယုံတစ်ဝက်နှင့် အားလုံးကို စခန်းသို့ ခေါ်သွားခဲ့သည်။
စခန်းသို့ ရောက်သည်နှင့် ထိုအမှုမှာ ယခင်ကတည်းက တိုင်ချက်ဖွင့်ထားပြီးသားဖြစ်ကြောင်း သိလိုက်ရပါသည်။ ထို့ကြောင့် စုံစမ်းစစ်ဆေးမှုမှာ ပိုမို လွယ်ကူသွားခဲ့သည်။
ကျားကော်ချန်းကို စတင်စုံစမ်းသည့်အခါ ကျားရှန်းနန်နှင့် အမှန်တကယ်ပင် အမျိုးတော်စပ်နေမှန်း သိရှိခဲ့ရသည်။
သို့သော် ရဲအရာရှိများ ဖမ်းဆီးဖို့ အသင့်ပြင်လိုက်ချိန်တွင် ကျားကော်ချန်းမှာ ပေကျင်းမြို့မှ ထွက်ခွာသွားခဲ့ပါပြီ။
ထိုအခါမှသာ ရဲစခန်းက စုံစမ်းနေသည်ကို သိသဖြင့် သူတို့နှစ်ဦးကို အပြစ်ပုံချကာ ကျားကော်ချန်း ထွက်ပြေးသွားခြင်း ဖြစ်မှန်း လူမိုက်များ နားလည်ခဲ့ရသည်။
“အရာရှိကြီး၊ ကျွန်တော်တို့က ခိုင်းတဲ့အတိုင်းလုပ်ရတာပါ၊ ကြိုးကိုင်သူက ကျွန်တော်တို့ မဟုတ်ရပါဘူး!”
“ပြီးတော့ ကျားကော်ချန်းက သူ့ညီမလေးအတွက် ဒီလိုလုပ်ရတာလို့လည်း ပြောပါတယ်၊ ကျောင်းသူတချို့ကို နည်းနည်း ခြောက်လှန့်လိုက်ဖို့ပဲ ပြောတာပါ၊ အဲ့ဒီကျောင်းသား ဝင်မပါရင်တောင် ကျွန်တော်တို့ ဘယ်သူ့ကိုမှ တကယ်ရိုက်နှက်ဖို့ အစီအစဉ် မရှိပါဘူး”
ရဲစခန်းတွင် လူမိုက်နှစ်ဦးမှာ အလွန်ပင် အပြောကောင်းနေကြသည်။
ထိုစဉ် မနေ့က နစ်နာသူများဖြစ်ကြသော ဟယ်ကျင်း၊ ရှားလီနှင့် ဝမ်ကျောင်းတို့လည်း ရဲစခန်းသို့ ရောက်ရှိလာကြပါသည်။
ကျားရှန်းနန်နှင့် ပြဿနာဖြစ်ခဲ့သော လီမိန့်ရူလည်း ရောက်ရှိလာခဲ့သည်။ လူမိုက်များကို မြင်သည်နှင့် မနေ့ညက အလစ်တိုက်ခိုက်ခဲ့သူများဖြစ်မှန်း သူတို့ မှတ်မိသွားခဲ့ကြသည်။
ရှားလီ: “ကျွန်မ သူ့ကို မှတ်မိတယ်! သူ့လက်ပေါ်မှာ တက်တူးရှိတယ်မလား၊ မနေ့က ကျွန်မတို့ကို ရိုက်နှက်နေတုန်းက ကျွန်မ မြင်ခဲ့ရတယ်”
ကျန်တစ်ဦးမှာမူ မနေ့က မျက်နှာဖုံးတပ်ထားသဖြင့် သေချာမသိသော်လည်း ဤသက်သေ တစ်ခုတည်းဖြင့်ပင် လုံလောက်နေပြီ ဖြစ်သည်။
ထိုလူမိုက်နှစ်ဦမှာ ကျိန်းသေပေါက် ထောင်ထဲတွင် ရက်အနည်းငယ်မျှ ဖြတ်သန်းရပါတော့မည်။
ကျားရှန်းနန်၏ ဝမ်းကွဲအစ်ကိုက ထွက်ပြေးသွားနိုင်ခဲ့သော်လည်း ကျားရှန်းနန်မှာမူ ထွက်မပြေးနိုင်ခဲ့ပေ။
သူမကို ရဲအရာရှိများက စောင့်ကြည့်နေခဲ့ပြီး စုံစမ်းစစ်ဆေးမှု ရလဒ်များ ထွက်ရှိလာသည်နှင့် ချက်ချင်းပင် ဖမ်းဆီး ခေါ်ဆောင်လာခဲ့ပါသည်။
စခန်းတွင် ကျားရှန်းနန်မှာ ဝန်မခံသေးဘဲ ငြင်းဆန်နေဆဲပင်။
ရဲအရာရှိများက သူမကို စစ်ဆေးမေးမြန်းခန်းထဲတွင် ခေတ္တထားရှိလိုက်ပြီး အဖွဲ့လိုက် အလှည့်ကျ စစ်ဆေးခဲ့ကြသည်။
ဤကဲ့သို့ ၂၄ နာရီပတ်လုံး နားချိန်မရှိဘဲ စစ်ဆေးမေးမြန်းမှုကို ခံရလျှင် ကျားရှန်းနိုင် အောင့်အီးသည်းခံထားနိုင်မည်မဟုတ်ဘဲ သိထားသမျှကို မကြာမီ ဝန်ခံလာပါလိမ့်မည်။
--- --- ---
ဖန့်ခိုင်ရွှမ်၏ အမေဖြစ်သူမှာလည်း ရဲစခန်းကို့ အလျင်အမြန် ရောက်ရှိလာသည်။
“ကျွန်မသားကို ထိခိုက်ဒဏ်ရာ ရအောင်လုပ်ခဲ့တဲ့လူကို တွေ့ချင်တယ်! ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်လိုတောင် ယုတ်မာရတာလဲ၊ ဆရာဝန်က ပြောတယ်၊ ဓားဒဏ်ရာသာ နည်းနည်းလောက် လွဲသွားတာနဲ့ ဗိုက်ကို ထိသွားမှာတဲ့!”
“အရာရှိကြီး! တရားခံကို ပြင်းပြင်းထန်ထန် အရေးယူပေးပါ!”
ဖန့်ခိုင်ရွှမ်၏ အမေမှာ အလွန်ပင် ဒေါသထွက်နေသဖြင့် ရဲအရာရှိများက ကျားရှန်းနန်နှင့် တွေ့ခွင့်မပေးခဲ့ပေ။
သူမကို စောင့်ဆိုင်းခန်းထဲသို့ ပို့ဆောင်ပေးခဲ့ရာမှ ယဲ့ရှောင်ရှောင်တို့နှင့် တွေ့ဆုံခဲ့ရသည်။
ယဲ့ရှောင်ရှောင်နှင့် အခန်းဖော်များသည် စခန်းတွင် ထွက်ဆိုချက်များ ပေးပြီးသဖြင့် အဆောင်သို့ ပြန်ရန် ပြင်ဆင်နေကြပါပြီ။
မတရားမှုကို အရဲတဝံ့ တားဆီးပေးခဲ့သည့် ချောင်းယွင်ဟူကိုလည်း ရဲများက လမ်းညွှန်ချက်အချို့ပေးပြီးနောက်ပြန်လွှတ် ပေးလိုက်ကြပါသည်။
ဖန့်ခိုင်ရွှမ်၏အမေမှာ အခန်းထဲသို့ ဝင်လာသည်နှင့် အပြင်တွင် ရှိစဉ်က ပြင်းထန်လှသော စိတ်ခံစားချက်များ ပျောက်ကွယ်သွားခဲ့ပါသည်။
ဖန့်ခိုင်ရွှမ်၏ ဒဏ်ရာက အသက်အန္တရာယ်မရှိပါ။ သို့သော် သူမသာ အခြေအနေကို ပိုပိုကဲကဲ မပြောပြလျှင် ရဲအရာရှိများက ဤအမှုကို အလေးအနက်ထားမည်မဟုတ်ဟု ထင်ထားခြင်းကြောင့်ပင်။
သို့သော် ဝမ်ကျောင်းကို မြင်လိုက်ရသည်နှင့် သူမ၏ မျက်နှာ ပြန်လည် တင်းမာသွားခဲ့သည်။
ထိုကောင်မလေးကို သူမသားက သဘောကျနေသည်မှာ အလွန်သိသာပြီး ဆေးရုံတက်နေစဉ်မှာပင် သူမဘက်မှ ကာကွယ်ပြောဆိုပေးခဲ့သည်။
သို့သော် သားဖြစ်သူကို စာကိုသာ အာရုံစိုက်စေချင်ပြီး ဤမိန်းကလေးမှာ အိမ်ထောင်ပြုအခြေချမည့် အမျိုးအစားမဟုတ်ဟု တွေးမိသဖြင့် သူမ လုံးဝ သဘောမတူနိုင်ပေ။
ဝမ်ကျောင်းမှာလည်း အိမ်တွင် အလိုလိုက်ခံထားရသူဖြစ်သည့်အလျောက် ဖန့်ခိုင်ရွှမ်၏အမေက သူမကို အထင်အ မြင်သေးသည့်အကြည့်ဖြင့် ကြည့်နေသောအခါ သူမဘက်ကလည်း အဖတ်လုပ်ရန် မကြိုးစားတော့ပေ။
အခြေအနေမှာ အလွန်အနေခက်စရာကောင်းလှပါသည်။
ယဲ့ရှောင်ရှောင်လည်း ဤနေရာတွင် ဆက်မနေချင်တော့ဘဲ ချောင်းယွင်ဟူကို ကျေးဇူးလှည့်တင်လိုက်သည်။
“ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်၊ ငါတို့ကြောင့် နင့်အလုပ်တွေပျက်မသွားဘူးမလား”
ချောင်းယွင်ဟူ ခေါင်းခါသည်။
“အိမ်ကို ဖုန်းဆက်မလို့ပါပဲ၊ အချိန်မရွေးဆက်လို့ရတဲ့ကိစ္စမို့ ဘာမှအရေးမကြီးဘူး”
“ကျေးဇူးဆပ်တဲ့အနေနဲ့ ငါတို့ တစ်ခုခုလိုက်ကျွေးမယ်လေ”
ချောင်းယွင်ဟူ: “ဒီနေ့တော့ မစားတော့ဘူး၊ နင်တို့ လုပ်စရာကိစ္စတွေ ရှိသေးတယ်မလား၊ ဒါပေမယ့် နောက်တစ်ခါ တစ်ခုခု လိုက်ကျွေးဖို့တော့ အကြွေးတင်သွားပြီနော်”
ယဲ့ရှောင်ရှောင်: “ဟုတ်ပါပြီ”
ချောင်းယွင်ဟူ ပထမဆုံး ထွက်သွားခဲ့သည်။
ဖန့်ခိုင်ရွှမ်၏အမေဖြစ်သူမှာ ဝမ်ကျောင်းနှင့် သီးသန့်စကား ပြောစရာရှိနေသဖြင့် အခန်း(၂၀၆)မှ အခြား အခန်းဖော်များက ဦးစွာထွက်လာခဲ့ကြပါသည်။
ယဲ့ရှောင်ရှောင်: “အပြင်မှာ တစ်ခုခုသွားစားကြစို့၊ ငါကျွေးမှာပါ”