← Chapters

အခန်း ၂၇၃

Vol. 28 Ch. 273

အခန်း ၂၇၃

Vol. 28 Ch. 273

Chapter 273

လီကျန်း၏ မျက်နှာအမူအရာမှာ ဝမ်းနည်းညှိုးငယ်နေသည်ဟုလည်း ဆို၍ မရနိုင်ပေ။

“ဘယ်သူမှမရှိတော့ဘူး၊ ငါတစ်ယောက်တည်းပဲနေတာ၊ ငါ့အဘွား ဆုံးသွားပြီးကတည်းက နာလန်စခန်းက ဆေးခန်းမှာ ငါအလုပ်ဝင်လုပ်နေတာပဲ”

လီကျန်းက အသေးစိတ် ရှင်းမပြသဖြင့် ယဲ့ရှောင်ရှောင်လည်း ဆက်မေးဖို့ သင့်တော်သည်ဟု မခံစားရတော့ချေ။

ကံကောင်းစွာဖြင့် ထိုအိမ်တွင် လီကျန်းကြာကြာ မနေခဲ့ဘဲ ပစ္စည်းများကို အထုပ်ငယ်တစ်ခုအဖြစ် ထုပ်ပိုးကာ ပခုံးပေါ်တွင်ထမ်းလျက် ယဲ့ရှောင်ရှောင်နှင့်အတူ အပြင်ပြန်ထွက်လာခဲ့ပါသည်။

အိမ်မှထွက်လာသောအခါ အနီးနားတွင် နေထိုင်သည့် အိမ်နီးချင်းအချို့နှင့် ဆုံခဲ့ရသေးသည်။

သူတို့အားလုံးက လီကျန်းနှင့် အလွန်ရင်းနှီးပုံရပြီး ယဲ့ရှောင်ရှောင် နားမလည်နိုင်သည့် လေယူလေသိမ်းများဖြင့် လာရောက်နှုတ်ဆက်ကြပါသည်။

ယဲ့ရှောင်ရှောင်: “…”

စခန်းတွင် လူတိုင်းသည် ပုံမှန်တရုတ်စကားကိုသာ ပြောဆိုကြသဖြင့် သူမရောက်ရှိနေသည့်နေရာက မည်သည့်နေရာဖြစ်မှန်း ယဲ့ရှောင်ရှောင် မေ့လျော့သွားခဲ့ပါသည်။

ယဲ့ရှောင်ရှောင်သည် လီကျန်းနှင့် ဒေသခံများ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နှုတ်ဆက်စကားပြောဆိုနေကြသည်ကို ဘေးမှငေးကြည့်နေရုံမှတစ်ပါး အခြားမတတ်နိုင်ခဲ့ချေ။

အိမ်နီးချင်းများအား နှုတ်ဆက်ပြီးခါမှ လီကျန်းသည့် ယဲ့ရှောင်ရှောင်ကို ဈေးရောင်းပွဲတော်ထံသို့ ခေါ်ဆောင်လာခဲ့ပါသည်။

လမ်းတစ်လျှောက်လုံးလည်း လီကျန်း၌ အခြားအမည်တစ်ခုခု ရှိနေနိုင်သည်ဟု ယဲ့ရှောင်ရှောင် တွေးနေမိသည်။

အဘယ့်ကြောင့်ဆိုသော် ထိုလူများနှင့် စကားပြောစဉ်က ‘လန်’ သို့မဟုတ် ‘ကျောမာ’ဟူသော အသံထွက်များကို သူမ ကြားခဲ့ရသောကြောင့်ပင်။

ဈေးရောင်းပွဲတော်သို့ ရောက်ရှိသွားသည့်အချိန်တွင်မူ ယဲ့ရှောင်ရှောင်၏ အာရုံတစ်ခုလုံးမှာ ခင်းကျင်းပြသထားသည့် ကုန်ပစ္စည်းအမျိုးမျိုးထံသို့သာ လုံးဝ ရောက်ရှိသွားခဲ့တော့သည်။

ဈေးထဲတွင် သစ်သီးဝလံအချို့ကိုလည်း သူမတွေ့ခဲ့ရပါသည်။ တိတိကျကျဆိုရသော် လတ်ဆန်ပြီး အလုံးကြီးလှသော သခွားမွှေးသီးများ ဖြစ်ကြသည်။

ဤကဲ့သို့ ကန္တရဒေသမျိုးတွင် ရေဓာတ်ပြည့်ဝသော သစ်သီးတစ်မျိုးကို မြင်လိုက်ရခြင်းမှာ ယဲ့ရှောင်ရှောင်အတွက် လုံးဝ ဆွဲဆောင်မှု ရှိလှသည်။

ဈေးအနည်းငယ် ကြီးသော်လည်း ယဲ့ရှောင်ရှောင် ဂရုမစိုက်နိုင်ဘဲ လီကျန်းကို ဆွဲခေါ်ကာ အမြန်ဆုံး သွားဝယ်လိုက်တော့သည်။

လီကျန်းသည် ယဲ့ရှောင်ရှောင် ဝယ်ယူလာသည့် အရွယ်အစားကြီးမားသော သခွားမွှေးသီး ၄ လုံးကို ကြည့်ကာ မေးမြန်းလိုက်ပါသည်။

“ငါတို့နှစ်ယောက်တည်း အဲ့တာတွေ သယ်နိုင်မှာ သေချာရဲ့လား”

ယဲ့ရှောင်ရှောင်: “စက်ဘီးမှာ ခြင်းပါတယ် မဟုတ်ဘူးလား”

လီကျန်း: “ခြင်းက ၂ လုံးလောက်ပဲ ဆံ့မှာ၊ ကျန်တာကို နင့်ဖာသာနင် ကိုင်လာရမှာနော်’

ယဲ့ရှောင်ရှောင်: “ရတယ် ရတယ် ကိစ္စမရှိဘူး”

လီကျန်း စိတ်ပျက်လက်ပျက် ခေါင်းခါယမ်းလိုက်မိပြီး ထပ်မေးလိုက်သည်။

“တခြားပစ္စည်းတွေကိုကော လိုက်မကြည့်တော့ဘူးလား၊ ပိတ်စတွေ၊ သားရေတွေနဲ့ အသားခြောက်တွေဘာတွေလည်း ရှိတယ်လေ”

ယဲ့ရှောင်ရှောင်: “… မကြည့်တော့ပါဘူး၊ ကျွန်မ သခွားမွှေးသီးပဲ စားချင်တယ်”

လီကျန်း: “အခုချိန် သားရေတွေ မလိုလောက်ဘူးလို့ထင်ရပေမယ့် ဆောင်းရာသီရောက်မှ ဘယ်လောက် အသုံးဝင်လဲ နင်သိလိမ့်မယ်”

ထို့ကြောင့် ယဲ့ရှောင်ရှောင်လည်း မတတ်သာတော့ဘဲ လီကျန်းနောက်သို့ လိုက်ကာ ဈေးထဲ ပတ်ကြည့်ခဲ့ရတော့သည်။

သူမထင်မှတ်ထားသည့် အနံ့အသက်ဆိုးလှသော သားရေစိမ်းများနှင့်မတူဘဲ ထိုသိုးသားရေများမှာ ဖြူဖွေးသန့်စင်နေပါသည်။ အရည်အသွေး ကောင်းမွန်သော်လည်း အမှန်တကယ် လာရောက်ဝယ်ယူသူက အလွန်ပင် ရှားပါးလှပေသည်။

“တစ်ခုကို ဘယ်လောက်လဲဟင်”

ဈေးကြီးလိမ့်မည်ဟု ယဲ့ရှောင်ရှောင် ထင်မှတ်ထားမိသည်။

“အလွန်ဆုံးမှ ၁ ယွမ်ပဲ၊ အဲ့ထက် ပိုများစရာအကြောင်းမရှိဘူး”

လီကျန်းသည် သူမကိုယ်တိုင် ပိုက်ဆံရှာသည့်အခါတွင်မူ မတန်မ ရာတောင်းဆိုတတ်သော်လည်း ဈေးဝယ်ယူသည့် အခါတွင်တော့ ဈေးစစ်သည့်နေရာတွင် အလွန်ပင် ထူးချွန်လှပါသည်။

“ဒီပစ္စည်းတွေ ရောင်းထွက်တာနဲ့တင် ကံကောင်းလှပြီမှတ်၊ ဒီလိုပစ္စည်းတွေ မပိုင်တဲ့အိမ်ဆိုတာ ရှိလို့လား”

သို့သော် ယဲ့ရှောင်ရှောင်ကမူ ထိုသိုးသားရေများကို စိုက်ကြည့်ရင်း အတွေးများနေပါသည်။

ထိုသိုးသားရေများကို အခြားဒေသများသို့ တင်ပို့နိုင်မည်ဆိုလျှင် အလွန်ဈေးကောင်းပေလိမ့်မည်။ ဥပမာအားဖြင့် သူမ၏ တတိယအစ်ကိုပိုင်ဆိုင်သော အထည်စက်ရုံသို့ တိုက်ရိုက်ပို့ပေးကာ ဆောင်းတွင်းအနွေးထည်များအဖြစ် ထုတ်လုပ်ပါက အလွန်ပင် တွက်ခြေကိုက်ပါလိမ့်မည်။

“လာလာ၊ ဝံပုလွေသားရေတွေဘာတွေ ရှိလား သွားကြည့်ရအောင်၊ အဲ့တာတွေကမှ တကယ့်ရတနာတွေ”

ယဲ့ရှောင်ရှောင်က လေသံတိုးတိုးဖြင့် မေးသည်။

“ဝံပုလွေသားရေဟုတ်လား”

လီကျန်း: “ဟုတ်တယ်၊ ကုန်းမြင့်ဒေသက မုဆိုးတွေ တစ်ခါတလေကျရင် ဝံပုလွေတွေဘာတွေ ဖမ်းမိတတ်တယ်လေ၊ ဒါပေမယ့် ကံနဲ့လည်း ဆိုင်ပါတယ်”

လီကျန်းသည် ယဲ့ရှောင်ရှောင်ကို ဈေးထဲ ထပ်ခေါ်သွားခဲ့ပြီး ဝံပုလွေသားရေများ ရောင်းချနေသည့် ဆိုင်ကို အမှန်တကယ် ရှာတွေ့ခဲ့ပါသည်။

လီကျန်းက ဈေးစစ်ဖို့ တာဝန်ယူထားသဖြင့် နောက်ဆုံးတွင် ဝံပုလွေသားရေ ၂ ခုကို ၅ ယွမ်ဖြင့် ရရှိခဲ့ကြသည်။

“ဆောင်းရာသီကျမှ ဒီဟာတွေပေါ်မှာလှဲအိပ်ရတာ ဘယ်လောက်သက်တောင့်သက်သာရှိလဲ နင်သိလိမ့်မယ်”

ယဲမိ့သားစုတွင်လည်း ဝံပုလွေသားရေများရှိမှန်း ယဲ့ရှောင်ရှောင်သိပါသည်။ သို့သော် ဝံပုလွေသားရေ အိပ်ရာခင်းများကို အဘိုးအဘွားများအား ပေးအပ်ထားသဖြင့် ယဲ့ရှောင်ရှောင် လှဲအိပ်ဖူးဖို့နေနေသာသာ မြင်ပင် မမြင်ဖူးချေ။

လီကျန်းက အားတက်သရော အကြံပြုနေသော်လည်း ယဲ့ရှောင်ရှောင်ကမူ ဝယ်ယူထားသည့် ပစ္စည်းများကို ကြည့်ရင်း စတင်စိုးရိမ်ပူပန်လာခဲ့ပါသည်။

“ဒါတွေအကုန်လုံးကို စက်ဘီးတစ်စီးတည်းနဲ့ သယ်သွားနိုင်ပါ့မလား”

လီကျန်းသည် ဝံပုလွေသားရေများကို စက်ဘီး၏ ရှေ့သံဘားတန်းတွင် ချည်နှောင်လိုက်ပါသည်။

“တွေ့လား အဆင်ပြေသွားပြီ”

ယဲ့ရှောင်ရှောင်: “ကြည့်ရုံနဲ့ ကျွန်မ တော်တော်ပူလာပြီ”

သူမတို့နှစ်ဦး လမ်းဆက်လျှောက်လာစဉ် အရေးကြီးသည့် အချက်တစ်ချက်ကို ယဲ့ရှောင်ရှောင် ရုတ်တရက် သတိပြုမိသွားသည်။

“နေပါဦး၊ ကျွန်မပဲ ဘာလို့ဝယ်နေရတာလဲ၊ အစ်မကော ဝယ်စရာဘာမှမရှိဘူးလား”

လီကျန်း: “ငါ… ငါက ဘာမှဝယ်စရာမလိုပါဘူး”

သူမ ငွေစုထားဖို့ လိုသေးသည်။

ယဲ့ရှောင်ရှောင် အောက်ငုံ့ကြည့်လိုက်ရာ လီကျန်း၏ အဝတ်ဖိနပ်များကို မြင်လိုက်ရသည်။ ဖိနပ်များမှာ အလွန် ဟောင်းနွမ်းနေသဖြင့် သူမ၏ ခြေချောင်းများပင် ပေါ်လုနီးပါး ဖြစ်နေပါသည်။

ရိုးရိုးသားသားဆိုရလျှင် လီကျန်းတစ်ယောက် တစ်သက်လုံး အလုပ်ကြိုးစားပြီး ငွေစုလျှင်ပင် ကန္တာရထဲတွင် ရေတွင်းကောင်းကောင်းတူးဖော်ဖို့ လိုအပ်သည့် ငွေပမာဏကို ရရှိမည်မဟုတ်ဟု ယဲ့ရှောင်ရှောင် ခံစားမိပါသည်။

သို့သော် ထိုကဲ့သို့ စိတ်ကူးမျိုး ရှိနေသည်ကပင် အဖိုးတန်လှပါပြီ။

ခပ်လှမ်းလှမ်းတွင် အဝတ်ဖိနပ်များ ရောင်းချနေသည့် ဆိုင်တစ်ဆိုင်ကို မြင်သောအခါ ယဲ့ရှောင်ရှောင် နှစ်ရံ သွားရွေးလိုက်သည်။

“တစ်ယောက်တစ်ရံစီ ဝယ်ရအောင်”

လီကျန်း တွန့်ဆုတ်သွားကာ ဘာမှပြန်မပြောပေ။

ယဲ့ရှောင်ရှောင်: “ကျွန်မ ဝယ်ပေးမှာပါ၊ ကျွန်မကို စက်ဘီးနဲ့ ခေါ်လာပေးတဲ့ အဖိုးအခလို့ပဲ သဘောထားလိုက်ပေါ့”

ထိုသို့ပြောလိုက်လျှင် လီကျန်း မဆိုင်းမတွ လက်ခံလိမ့်မည်ဟု ယဲ့ရှောင်ရှောင် ထင်ထားခဲ့သည်။

သို့သော် လီကျန်းက ခေတ္တသာ တွန့်ဆုတ်သွားပြီး ခေါင်းကို အခိုင်အမာ ခါယမ်းလိုက်ပါသည်။

“နင့်ကို မြို့ထဲ ငါ့သဘောနဲ့ငါ ခေါ်လာတာမို့လို့ ပိုက်ဆံမတောင်းပါဘူ၊ ပြီးတော့ ဒီစက်ဘီးက ငါ့ဟာလည်း မဟုတ်ဘူး”

သူမ၏ ငြင်းဆန်မှုမှာ ယဲ့ရှောင်ရှောင်အတွက် ထူးထူးခြားခြားဖြစ်နေသည်။

ယဲ့ရှောင်ရှောင်: “အဲ့တာဆိုလည်း ကျွန်မ လက်ဆောင်ပေးတာလို့ သဘောထားလိုက်ပေါ့၊ ဒီတစ်ခုဆို တော်လောက်လား”

ယဲ့ရှောင်ရှောင်သည် သူမရွေးချယ်ထားသည့် ဖိနပ်ကို လီကျန်း၏လက်ထဲ ထည့်ပေးလိုက်ပါသည်။

လီကျန်း၏ လက်များ စက္ကန့်ပိုင်းမျှ အေးခဲသွားရပြီး ဖိနပ်များကို စမ်းကြည့်လိုက်သည်။ သူမနှင့် ကွက်တိပင်။

“အင်း… တော်ပါတယ်”

လမ်းတစ်လျှောက်လုံးတွင် ဒေသထွက်ပစ္စည်းပေါင်းစုံ ရောင်းချနေသော ဈေးသည်များစွာကို သူမတို့ မြင်ခဲ့ရပါသည်။

ယဲ့ရှောင်ရှောင်သည် သိုးမွေးများနှင့် သားရေထည်များ၏ ယေဘုလျဈေးနှုန်းနှင့် ရာသီအလိုက် ထွက်ရှိမှု နှုန်းထားများကို သေသေချာချာ စုံစမ်းမေးမြန်းခဲ့သည်။

သူမ၏ တတိယအစ်ကိုအား ဤနေရာသို့လာရောက်ကာ သိုးမွေးနှင့် သားရေများကို ဝယ်ယူဖို့ တိုက်တွန်းနိုင်လိမ့်မည်ဟု ပိုမို ယုံကြည်လာခဲ့ပါသည်။

မြို့ကြီးပြကြီးများတွင် ရောင်းချသည့် ကက်ရှ်မီးယားဆွယ်တာနှင့် သားရေအင်္ကျီများက အလွန်တန်ဖိုးကြီးမားလှသည် မဟုတ်ပါလား။

ယဲ့ရှောင်ရှောင်၏ အတွေးများကို မကြားနိုင်သည့် လီကျန်းကမူ မမှောင်ခင် စခန်းသို့ ပြန်သင့်သည်ဟု တိုက်တွန်းခဲ့ပါသည်။

နေ့လယ်စာအမီ စခန်းသို့ မပြန်နိုင်သော်လည်း ကံကောင်းစွာဖြင့် ဈေးထဲတွင် မုန့်ပြားအချို့ကို ဝယ်ယူနိုင်ခဲ့ပါသည်။ သို့သော် ထိုမုန့်ပြားများကို စားပြီးနောက် နှစ်ယောက်သား လည်ချောင်းများ အလွန်ခြောက်သွားခဲ့ကြသည်။

ညနေ ၅ နာရီထိုးခါမှ သူတို့နှစ်ဦး စခန်းသို့ ပြန်ရောက်လာခဲ့ကြပါသည်။

ယဲ့ရှောင်ရှောင် အပြင်ထွက်သွားမှန်း သိလိုက်ရပြီးနောက် လုဟန်ချွမ်လာစောင့်နေသည်မှာ ၂ နာရီပင် ကြာပါပြီ။

ညွှန်ကြားရေးမှူးကျောက်လည်း အလွန်ထိတ်လန့်နေရသည်။ လုဟန်ချွမ်၏ ခံစားချက်မဲ့ပြီး ခက်ထန်နေသော မျက်နှာကို ကြည့်ပြီး မည်သည့်စကားမှ မပြောရဲခဲ့ပေ။

ထို့ကြောင့် ကျောက်ချွင်းဟွာ မတ်တပ်ရပ်ကာ ယန်ကျွမ်းအား ပြောလိုက်သည်။

“ရှောင်းယန်၊ မင်းဗိုလ်မှူးလုကို ဧည့်ခံထားလိုက်ဦး၊ ငါဆေးခန်းထဲ ခဏဝင်ဦးမယ်”

ယန်ကျွမ်းလည်း အလွန်စိတ်ဖိစီးနေပါသည်။ လုဟန်ချွမ်၏ အရှိန်အဝါက ကြောက်စရာကောင်းလွန်းလှသည်။

ကျောက်ချွင်းဟွာ၏ စကားကို ကြားသောအခါ လုဟန်ချွမ် လှည့်ကြည့်လိုက်လေသည်။ သူ့မျက်လုံးများတွင် နွေးထွေးမှု မရှိသော်လည်း ကံကောင်းစွာဖြင့် စကားကို ယဉ်ယဉ်ကျေးကျေး ဆိုခဲ့ပါသည်။

“ညွှန်ကြားရေးမှူးကျောက်နဲ့ ဒေါက်တာယန်တို့ ကျုပ်ကို ဧည့်ခံစရာမလိုပါဘူး၊ လုပ်စရာရှိတာ သွားလုပ်ကြပါ”

ကျောက်ချွင်းဟွာ: “ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ၊ ဗိုလ်မှူးလုလည်း ဘာမှ အားမနာပါနဲ့၊ ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားပါ”

ဤသို့ဖြင့် ကျောက်ချွင်းဟွာ လစ်ထွက်လာခဲ့တော့သည်။

ယန်ကျွမ်းလည်း အနည်းငယ် စိတ်ဖိစီးနေသည်ဆိုသော်ငြား လုဟန်ချွမ်ဘက်မှ ခွင့်ပြုပေးထားသဖြင့် သူ့စာအုပ်ကိုသာသူ ဖတ်ရှုနေလိုက်တော့သည်။

သခွားမွှေးသီးများ ပို့ဆောင်ဖို့ ယဲ့ရှောင်ရှောင် ရောက်ရှိလာသောအခါ စကားတစ်ခွန်းမှ မပြောဘဲ ထိုင်နေကြသည့် လုဟန်ချွမ်နှင့် ယန်ကျွမ်းတို့၏ အနေခက်စရာ အခြေအနေအား မြင်ခဲ့ရပါသည်။

ယဲ့ရှောင်ရှောင် ပြန်လာသည်ကို မြင်သည်နှင့် လုဟန်ချွမ် မတ်တပ်ထရပ်လိုက်သည်။

ယန်ကျွမ်းလည်း ယခုမှ အသက်ဝဝ ရှူနိုင်တော့သည်။ ယဲ့ရှောင်ရှောင်သာ ထပ်နောက်ကျနေဦးမည်ဆိုလျှင် ဗိုလ်မှူးလုတစ်ယောက် ဇနီးဖြစ်သူကို စောင့်မျှော်နေသည့် ကျောက်ရုပ်ကြီးတစ်ရုပ်အဖြစ် အမှန်တကယ် အသွင်ပြောင်းလဲသွားပါတော့မည်။

လုဟန်ချွမ်က မေးလိုက်သည်။

“ဘယ်သွားတာလဲ ရှောင်ရှောင်”

ယဲ့ရှောင်ရှောင်သည် ယန်ကျွမ်း၏လက်ထဲသို့ သခွားမွှေးသီးတစ်လုံး အရင်ထည့်ပေးလိုက်ပါသည်။

“ဒါ ဒေါက်တာယန်နဲ့ ညွှန်ကြားရေးမှူးတို့အတွက် ကျွန်မဝယ်လာတာပါ”

ပြီးခါမှ လုဟန်ချွမ်၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။

“လီကျန်းနဲ့ မြို့ထဲလိုက်သွားတာ”

လုဟန်ချွမ်: “မြို့က စခန်းနဲ့ အဝေးကြီးကို ဘယ်လိုသွားတာလဲ”

ထို့နောက် နေရာင်ခြည်ကြောင့် အနည်းငယ် နီညိုညိုလေးဖြစ်နေသည့် ယဲ့ရှောင်ရှောင်၏ ပါးလေးကို သူထိကိုင်ကြည့်လိုက်ပါသည်။

ယဲ့ရှောင်ရှောင်ကမူ အလွန်စိတ်လှုပ်ရှားနေလေသည်။

“လီကျန်းက စက်ဘီးနဲ့ ခေါ်သွားပေးတာလေ၊ အခန်းထဲမှာ သခွားမွှေးသွားစားကြရအောင်”

လုဟန်ချွမ်၏ လက်ကိုဆွဲကာ ယဲ့ရှောင်ရှောင် ခေါ်ဆောင်လာခဲ့ပါသည်။

ယန်ကျွမ်းကလည်း ယဲ့ရှောင်ရှောင်ကို ကျေးဇူးတင်ကာ သခွားမွှေးသီးကို ကိုင်ဆောင်လျက် ညွှန်ကြားရေးမှူးကျောက်အား သွားရှာခဲ့သည်။

တစ်ဖက်တွင် လီကျန်းသည် အဆောင်ထဲသို့ရောက်သည်နှင့် သခွားမွှေးသီးတစ်လုံးကို ခွဲစားလိုက်ပါသည်။

အထဲရှိ ဝါဖျော့ဖျော့ အသားများမှာ အလွန်ပင် ချိုမွှေးလှသည်။ ရေခဲသေတ္တာထဲတွင် အအေးခံလိုက်လျှင် ပို၍ပင် စားကောင်းပါဦးမည်။

ယဲ့ရှောင်ရှောင်က သခွားမွှေးတစ်စိတ်ကို ယူပြီး လုဟန်ချွမ်လက်ထဲ ထည့်ပေးလိုက်သည်။

လုဟန်ချွမ်က ချက်ချင်းမစားသေးဘဲ ယဲ့ရှောင်ရှောင်အား ငေးကြည့်ကာ လေးလေးနက်နက် သတိပေးလိုက်ပါသည်။

“နောက်တစ်ခါ အပြင်သွားမယ်ဆိုရင် ကိုယ့်ကိုပါ ခေါ်သွား၊ ဒီမှာ လမ်းတွေက ဘေးကင်းလုံခြုံတာ မဟုတ်ဘူး”

သခွားမွှေးသီးကို မြိန်ရေရှက်ရေ စားသောက်နေသည့် လီကျန်းတစ်ယောက် လုဟန်ချွမ်အား မကျေမနပ် ခိုးကြည့်လိုက်ပါသည်။

‘အဲ့လောက်လိုလို့လား၊ အပိုတွေ အရမ်းလုပ်တာပဲ’

ဤလမ်းခရီးကို သူမတစ်ယောက်တည်း အမြဲတမ်း သွားလာနေကျဖြစ်ပြီး အန္တရာယ်လည်း တစ်ခါမှ မကြုံဖူးခဲ့ပေ။

All Chapters