အခန်း ၁၀၄
Vol. 11 Ch. 104
📗 Chapter 104
လုဟန်ချွမ်: “ထပ်ပြောပါဦး”
ယဲ့ရှောင်ရှောင် မသိချင်ယောင်သာ ဆောင်လိုက်ပါသည်။
ခဏကြာမှ သူမ စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
“ကျွန်မတို့ ဒီလိုလုပ်တာ တကယ်အဆင်ပြေပါ့မလား၊ ရှင့်ပိုင်ဆိုင်မှုတွေကို တစ်ယောက်ယောက် လာစစ်ဆေးမှာ မစိုးရိမ်ရဘူးလား”
လုဟန်ချွမ် သဘောကျစွာ ရယ်မောလိုက်သည်။
“ကိုယ်က အကျင့်ပျက်ခြစားတာမျိုးလည်း မရှိဘူး၊ လာဘ်စားတာမျိုးလည်း မရှိဘူး၊ ဒါက ကိုယ့်ငွေ၊ ကိုယ့်ဒင်္ဂါးစစ်နဲ့ ဝယ်ယူထားတဲ့ အိမ်ပဲလေ”
လုမိသားစုသည် ဘိုးဘေးဘီဘင်များ လက်ထက်ကတည်းက သုညဘဝမှ စတင်ခဲ့ကြသူများ ဖြစ်ပါသည်။
ယုတ္တိရှိရှိ ဆိုရလျှင် သူတို့သည် ဆင်းရဲသားမိသားစု ဖြစ်သင့်သော်လည်း အဘိုးဖြစ်သူက ချမ်းသာသော အမျိုးသမီးနှင့် လက်ထပ်ခဲ့ပြီး အဖေဖြစ်သူကလည်း ကြွယ်ဝချမ်းသာသော သူ့အမေနှင့် လက်ထပ်ခဲ့သည်။
ယွင်မိသားစုနှင့် ချန်းမိသားစု နှစ်စုစလုံးမှာ အလွန်ပင် အရှိန်အဝါကြီးမားသော အိမ်တော်များ ဖြစ်ကြပါသည်။
လွန်ခဲ့သော နှစ်များက တိုင်းပြည်မတည်မငြိမ်ဖြစ်ချိန်တွင် သူတို့၏ စည်းစိမ်များကို ဖုံးကွယ်ထားခဲ့ရသော်လည်း ယခုအခါတွင်မူ အရာရာ ပွင့်လင်းလာခဲ့ပြီဖြစ်သည်။
မျိုးဆက်နှင့်ချီ၍ စုဆောင်းလာခဲ့သော စည်းစိမ်ဥစ္စာများမှာ အကောင်းအတိုင်းရှိနေသေးရာ ယခု သူအသုံးပြုလိုက်သော ငွေပမာဏသည် သမုဒ္ဒရာထဲမှ ရေတစ်ပေါက်စာမျှသာ ရှိပေသည်။
လွန်ခဲ့သော ဆယ်စုနှစ်အတွင်း လုမိသားစုမှာ ကြီးကြီးမားမား ထိခိုက်ဆုံးရှုံးမှု မရှိခဲ့ပေ။
လုဟန်ချွမ်၏ အဘိုးနှင့် အဖေဖြစ်သူတို့သည် စစ်ဘက်ဆိုင်ရာတွင် ထူးချွန်သော အောင်မြင်မှုများ ရရှိခဲ့သလို၊ လုမိသားစုဝင် ယောက်ျားသားအများစုမှာလည်း စစ်ပွဲများတွင် အသက်များ ပေးလှူခဲ့ကြဖူးသည်။
ထို့ကြောင့် နိုင်ငံတော်က လုမိသားစုကို အထူးပင် မျက်နှာသာ ပေးထားခဲ့ပါသည်။
တိုင်းပြည်အခြေအနေ အလွန်ဆိုးရွားခဲ့သည့် ကာလများတွင်ပင် ကော်မတီဝင်လူငယ်များသည် လုမိသားစုအိမ်တော်အတွင်းသို့ အတင်းဝင်ရောက် နှောင့်ယှက်ခြင်းမျိုး မပြုလုပ်ရဲခဲ့ကြပေ။
ယဲ့ရှောင်ရှောင်မှာ နိုင်ငံရေးအကြောင်းကို နားမလည်သော်လည်း သူမကြောင့် လုဟန်ချွမ် ထိခိုက်သွားမည်ကို မလိုလားပေ။
“နောက်ဆို ကျွန်မအတွက် တန်ဖိုးကြီးတဲ့အရာတွေ ဝယ်မပေး…”
သူမစကားမဆုံးခင် လုဟန်ချွမ်က ဖြတ်ပြောလိုက်သည်။
“လိုအပ်တာဘာရှိသေးလဲ သွားကြည့်လိုက်ဦး”
ယဲ့ရှောင်ရှောင်: “…”
အမှန်စင်စင် ဘာမှ မလိုအပ်တော့ပါ။
ယဲ့ရှောင်ရှောင်သာ ဤအိမ်သို့ ပြောင်းလာဖို့ စိတ်ကူးရှိလျှင် သူမ၏ အဝတ်အစားများကို ယူဆောင်လာပြီး တစ်ကိုယ်ရေသုံးပစ္စည်းများကို ဝယ်ယူဖို့သာ လိုအပ်ပါသည်။
လုဟန်ချွှမ်က မေးသည်။
“အဆောင်မှာ ခုတလော အဆင်ပြေရဲ့လား”
ယဲ့ရှောင်ရှောင်: “ပြေပါတယ်”
ထို့နောက် လတ်တလော အဆောင်တွင်ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို လုဟန်ချွမ်အား ပြန်ပြောပြလိုက်သည်။
လုဟန်ချွမ်: “စစ်သင်တန်းတုန်းက ဖြစ်ခဲ့တဲ့ ကိစ္စကြောင့်လား”
ယခုခေတ် မိန်းကလေးငယ်များမှ အမှန်တကယ် မဆင်မခြင် ပြုမူတတ်ကြပြီး အငြှိုးအတေး အနည်းငယ် ရှိရုံနှင့် တစ်စုံတစ်ယောက်ကို တရားမဝင် အလုပ် လုပ်ရသည်အထိ လှည့်စားနိုင်ကြသည်။
သို့ရာတွင် လုဟန်ချွမ်သည် လီမိန့်ရူအပေါ် သနားဂရုဏာစိတ် မဖြစ်မိပါ။
ထို့အပြင် ယဲ့ရှောင်ရှောင်ကို သတိပေးသည့် အနေဖြင့် စစ်သင်တန်းမှ အဖြစ်အပျက်များအကြောင်း ပြောပြဖို့ လုဟန်ချွမ် ဆုံးဖြတ်လိုက်ပါသည်။
လီမိန့်ရူက သူမတို့နှစ်ဦးနှင့်ပတ်သတ်၍ တိုင်စာရေးခဲ့သည်ဟူသော အကြောင်းကို ယဲ့ရှောင်ရှောင် ယခုမှ ကြားလိုက်ရခြင်းဖြစ်သည်။
“အဲ့တာကို ဘာလို့ စောစောက မပြောခဲ့တာလဲ”
လုဟန်ချွမ် မျက်ခုံးပင့်သွားသည်။
“အဲ့ကိစ္စကြောင့် ကြီးကြီးမားမား ဆုံးရှုံးမှုမှ မရှိတာ၊ ပြီးတော့ မင်းတို့ကြားမှာလည်း ဘာပြဿနာမှ ထပ်မဖြစ်ခဲ့ဘူး မလား၊ ကိုယ်က ဘာလို့ လူဆိုးကြီး ဝင်လုပ်ရမှာလဲ”
လီမိန့်ရူကို ကားထဲတွင် သူခြိမ်းခြောက်အကျပ်ကိုင်ခဲ့သည့် အကြောင်းများကိုမူ ယဲ့ရှောင်ရှောင်အား တစ်ခွန်းမှ ထုတ်မပြောခဲ့ပေ။
ယဲ့ရှောင်ရှောင်: “ကျွန်မ မှတ်ထားလိုက်ပါ့မယ်”
လုဟန်ချွမ်က သတိမပေးလျှင်ပင် သူမသည် လူတိုင်းအပေါ် စိတ်ကောင်းထားတတ်ရလောက်အောင် မိုက်မဲသူ မဟုတ်ပေ။
ယဲ့ရှောင်ရှောင်၏ အမြင်တွင်တော့ လက်ရှိ အဆောင်ရှိ ဆက်ဆံရေးများမှာ အတော်လေး ကောင်းမွန်နေပြီဟု ထင်မိပါသည်။
သူမသည် ယခင်ဘဝက လူ ၆ ယောက်နေထိုင်သော အဆောင်တွင် Chat Group ၈ ခုအထိ ရှိတတ်သည်ကို မြင်ခဲ့ဖူးပါသည်။
ထို့ကြောင့် အခန်းဖော်များအကြား ပြဿနာ မဖြစ်ဘဲ အဆင်ပြေပြေနေနိုင်လျှင်ပင် လုံလောက်လှပြီဖြစ်ကာ ထို့ထက် ပို၍ မမျှော်လင့်တော့ပေ။
“အဲ့ဒီတိုင်ကြားစာက ရှင့်အတွက် တကယ် ဘာသက်ရောက်မှုမှ မရှိဘူးလား”
“ဘာသက်ရောက်မှု ရှိရမှာလဲ၊ ကိုယ်က ဒီလောက်ချောတာ… ကျောင်းသူတစ်ယောက်ကို တကယ် အခွင့်အရေး ယူပါ့မလား”
ယဲ့ရှောင်ရှောင် ဆွံ့အသွားသည်။
“ရှင်က တော်တော် စိတ်ကြီးဝင်တာပဲနော်၊ ကျွန်မသာ ရှင့်အထက်အရာရှိဆိုရင် ရှင့်ကို ကျိန်းသေပေါက် အပြစ်ပေးမှာပဲ”
လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်၏ လက်ကလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး လက်ချောင်းချင်း သွယ်ယှက်လိုက်ပါသည်။
“စိတ်ကြီးဝင်တယ်တဲ့လား၊ ကိုယ်ပြောတာ မဟုတ်လို့လား”
ယဲ့ရှောင်ရှောင် သူ့မျက်နှာကို စိုက်ကြည့်လိုက်သည်။
သို့သော် သူမ မငြင်းနိုင်ခဲ့ပါ။ ထိုစကားမှာ အမှန်တရားပင် မဟုတ်ပါလား။
လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်ကို တိုက်ခန်းသော့ပေးဖို့ တကူးတက လာခဲ့ရခြင်းဖြစ်သည်။
သူတို့နှစ်ဦး အတူရှိနေချိန် သုံးနာရီပင် မပြည့်မီမှာပင် လုဟန်ချွမ် ပြန်သွားခဲ့ရပါသည်။
မပြန်မီ ယဲ့ရှောင်ရှောင်၏ ပါးလေးကို နမ်းရှိုက်လိုက်ပြီး လက်ထပ်ရန်ကိစ္စကို အလေးအနက်စဉ်းစားဖို့ ပြောခဲ့သေးသည်။
“ရှောင်ရှောင်သာ သဘောတူရင် ကိုယ်အခုပဲ လက်ထပ်ခွင့် လျှောက်လွှာ တင်လိုက်တော့မယ်”
ယဲ့ရှောင်ရှောင်က သူ့ကို ရက်ရက်စက်စက် တွန်းထုတ်ပစ်လိုက်သည်။
“သွားစရာရှိတာ သွားစမ်းပါ၊ လမ်းမှဦ သတိထားဦး”
---- --- ---
ယဲ့ရှောင်ရှောင်ကို မြင်ခဲ့ရသဖြင့် ဤရက်ပိုင်းအတွင်း ဟောက်ယန်ယန်တစ်ယောက် အတန်းချိန်၌ပင် အာရုံပျက်ကာ စိတ်လွင့်နေခဲ့သည်။
သူမကို ရှုကျမ့်ဝမ် အေးတိအေးစက် ဆက်ဆံနေခြင်းမှာ ယဲ့ရှောင်ရှောင်ကြောင့်ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်နေပါသည်။
ဤပြဿနာကို သူမတစ်ယောက်တည်း ဖြေရှင်းဖို့ မဖြစ်နိုင်သဖြင့် ဟယ်ချောင်းရှန့်ကို ဖွင့်ပြောလိုက်ရသည်။
ဟယ်ချောင်းရှန့်က မျက်မှောင်ကြုတ်သွားလေသည်။
“သူတို့တကယ် ဆုံခဲ့ကြတာပဲ”
ဟောက်ယန်ယန်: “အမေ ဘာကိုဆိုလိုတာလဲ”
ဟယ်ချောင်းရှန့်က အသုံးမကျသည့် သမီးဖြစ်သူကို စိုက်ကြည့်လိုက်သည်။
“ဘာကို ဆိုလိုရမှာလဲ၊ ရှောင်ရှောင်က ကျင့်ဟွာတက္ကသိုလ် ဝင်ခွင့်ရခဲ့တာလေ၊ ကျောင်းချင်း အတူတူဆိုတော့ သူတို့ နှစ်ယောက် တွေ့နိုင်ချေ ပိုများသွားတာပေါ့၊ နင်သာ တက္ကသိုလ်ကောင်းကောင်း တက်နိုင်ခဲ့ရင် အခုချိန်လောက်ဆို ရှုမိသားစုရဲ့ တရားဝင်ချွေးမဖြစ်နေလောက်ပြီ!”
ဟောက်ယန်ယန် မျက်လုံးများ ပြူးကျယ်သွားရသည်။
“ဒါပေမယ့်… ဘယ်လိုဖြစ်ရတာလဲ၊ သူက စာညံ့တယ်မဟုတ်ဘူးလား”
ဟယ်ချောင်းရှန့်လည်း ထိုအချက်ကို နားမလည်နိုင်ပါ။ သို့သော် သူမ၏ ကိုင်တွယ်မှု ညံ့ဖျင်းခဲ့သည်ဟု ဝန်မခံချင်ပေ။
“သူက စာညံ့တယ်ဆိုပေမယ့်၊ ဉာဏ်ရည်က မဆိုးဘူး၊ ကြိုးစားချင်စိတ်ရှိရင် တိုးတက်ဖို့ကလွယ်တယ်”
ဟောက်ယန်ယန်: “…”
“ဒါပေမယ့် စိတ်ပူမနေပါနဲ့၊ ရှောင်ရှောင်ရဲ့ အဆင့်တွေ ဘယ်လောက်ပဲကောင်းကောင်း ဘာမှ အသုံးမဝင်ဘူး၊ နင်ကသာ ဟောက်မိသားစုရဲ့ သမီးအရင်းပဲ၊ ငါနင့်အတွက် ကျိန်းသေပေါက် စီစဉ်ပေးမှာ”
ဟယ်ချောင်းရှန့်သည် ကြောက်ရွံ့နေသော သမီးဖြစ်သူကို ကြည့်ရင်း စိတ်သက်သာရာ ရစေမည့် စကားတစ်ခွန်း ပြောလိုက်သည်။
“အရင်တစ်ခေါက် ရှောင်ရှောင် ပြန်လာတုန်းက တစ်ယောက်တည်း ပြန်လာတာ မဟုတ်ဘူး၊ သူ့ကောင်လေးကိုပါ ခေါ်လာခဲ့တယ်”
ထို့အပြင် ကောင်လေးက လုမိသားစုဝင်လည်း ဖြစ်နေသေးသည်။
ထိုကောင်မလေး၏ ရုပ်ရည်ကို သဘောကျသွားခြင်းကြောင့်သာ ဖြစ်ပါလိမ့်မည်။ ထိုအိမ်ထောင်ရေးကို သခင်မလုက သဘောတူနိုင်ပါ့မလားဟူသည်ကတော့ မသေချာပေ။
လုမိသားစု၏ တစ်ဦးတည်းသော သားဖြစ်သူသည် ဂုဏ်သရေရှိသော မိန်းကလေးနှင့်သာ လက်ဆက်သင့်သည်ဟု ဟယ်ချောင်းရှန့် ခံစားမိပါသည်။
ယခု သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ လူငယ်သဘာဝ စိတ်ကစားပြီး ခဏတာ တွဲခြင်းသာ ဖြစ်ပေလိမ့်မည်။ ဟောက်ချန်းပင်ကဲ့သို့ လူမိုက်ကသာ ထိုအခွင့်အရေးကိုအသုံးချပြီး ရာထူး အဆင့်တက်လှမ်းနိုင်လိမ့်မည်ဟု အမှန်တကယ် ယုံကြည်နေခြင်းဖြစ်သည်။
ဟောက်ယန်ယန်က မေးသည်။
“အဲ့ဒီတစ်ယောက်ကို သမီးလည်း တွေ့လိုက်တယ်၊ သူတို့တကယ် တွဲနေကြတာလား”
ဟယ်ချောင်းရှန့်: “ငါက လိမ်ပါ့မလား၊ ဟိုတစ်ခေါက်က တကယ် အိမ်ကို ခေါ်လာတာ”
ဟောက်ယန်ယန် ရယ်ချင်သွားခဲ့သည်။
ထိုဝဝတုတ်တုတ်ကောင်လေးကို ပြန်မြင်ယောင်ကြည့်သောအခါ အစ်ကိုကျမ့်ဝမ်နှင့် ယှဉ်လိုက်လျှင် ဘာမှ ဟုတ်မနေပေ။
မာနကြီးလှသည်ဟု ထင်ရသော ယဲ့ရှောင်ရှောင်မှာ ငွေကြေးအတွက်နှင့် ဤကဲ့သို့ ဦးညွှတ်အရှုံးပေးလိုက်ရမည်ဟု သူမ ထင်မထားခဲ့ပါ။
ထိုကောင်လေးမှာ လူနှစ်ယောက်စာလောက်ရှိသည့် အစားအသောက်များကို မှာထားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အတော်လေး ချမ်းသာမည့်ပုံပေါက်ပါသည်။
ဟယ်ချောင်းရှန့်က ထပ်မံ သတိပေးလိုက်သည်။
“သူတို့ ဆက်ဆံရေးက ယာယီပဲနေမှာ၊ အဲ့ဒီလူရဲ့ အဆင့်အတန်းနဲ့ဆိုရင် ရှောင်ရှောင်ကို ကစားနေတာပဲ ဖြစ်လိမ့်မယ်၊ နင်က အခုလို အချိန်မှာ အခွင့်အရေးကို အရယူပြီး ရှုကျမ့်ဝမ်ရဲ့ နှလုံးသားကို ရအောင် သိမ်းပိုက်သင့်တယ်”
ဟောက်ယန်ယန်: “ဒါပေမယ့် အစ်ကိုကျမ့်ဝမ်က နင်အန်းကောင်တီမှာ အလုပ်သင်သွားဆင်းတော့မှာဆို”
ရှုကျမ့်ဝမ်သည် သတင်းအတတ်ပညာမေဂျာယူထားသူဖြစ်ပြီး ပေကျင်းမြို့တွင် အလုပ်အကိုင်အတည်တကျ မရခင် အခြားနေရာတွင် အတွေ့အကြုံသွားယူခြင်းသာ ဖြစ်သည်။
“နင့်အတွက် ငါအားလုံးစီစဉ်ထားပြီးသား၊ နင်လည်း နင်အန်းကောင်တီမှာ အလုပ်သွားလုပ်ရမယ်၊ နင့်ကို နှောင့်ယှက်မယ့်လူ ဘယ်သူမှ မရှိတာကို အခွင့်ကောင်းယူပြီး သူ့ကို အပိုင်ချုပ်ကိုင်နိုင်အောင် ကြိုးစား”
ဟယ်ချောင်းရှန့်သည် သူမ၏ အတွေ့အကြုံများကို သမီးဖြစ်သူအား သင်ကြားပေးလိုက်သည်။
သူမ ငယ်စဉ်ကလည်း အလားအလာရှိသော ဟောက်ချန်းပင်ကို အခြားသူများလက်ထဲမှ ကြိုးစားပမ်းစား လုယူခဲ့ရခြင်း ဖြစ်သည်။
သူမ၏ ရွေးချယ်မှု မှန်ကန်ကြောင်းကို အချိန်က သက်သေပြခဲ့ပါပြီ။ ထိုစဉ်ကသာ သူမ ရက်ရက်စက်စက် မကြိုးစားခဲ့လျှင် ဤကဲ့သို့သော စည်းစိမ်မျိုးကို နှစ်ပေါင်းများစွာတိုင်အောင် ခံစားခဲ့ရမည် မဟုတ်ပေ။
ထိုအကြောင်းကို ကြားပြီးနောက် ဟောက်ယန်ယန်မှာ ပျော်ရွှင်မသွားဘဲ အနည်းငယ် စိတ်ပဋိပက္ခ ဖြစ်သွားခဲ့သည်။
ယခုချိန်တွင် နင်အန်းကောင်တီသို့ သူမ သွားရမည်ဆိုလျှင် ပေကျင်းမြို့ရှိ သူမ၏ အထည်လုပ်ငန်းကို မည်သို့ ထားခဲ့ရမည်နည်း။
သူမ ချေထားပြီးသားဖြစ်သော အခန်းငှားခနှင့် ကုန်ပစ္စည်းဖိုးများမှာ ပြန်ရနိုင်တော့မှာ မဟုတ်ပေ။
သူမ ယွမ် ၂၀၀ နီးပါး ဆုံးရှုံးရတော့မည်။
“အမေ သမီးလေ…”
“ဘာဖြစ်လို့လဲ၊ နင့်ဦးလေး အဆက်အသွယ်ကြောင့်သာ မဟုတ်ရင် အဲ့ဒီသတင်းထောက် အလုပ်သင်နေရာက ရဖို့မလွယ်ဘူးနော်၊ အလုပ်သင် ဆိုရင်တောင် အနည်းဆုံး ကောလိပ်ဒီပလိုမာ ရှိမှ ရတာ”
သမီးဖြစ်သူ၏ တွန့်ဆုတ်နေမှုကို မြင်ပြီးနောက် ဟယ်ချောင်းရှန့် ဒေါသထွက်သွားခဲ့သည်။ ဤသမီးမှာ သူမနှင့် စရိုက်ချင်း လုံးဝ မတူပါ။
ဟောက်ယန်ယန်လည်း မတတ်သာဘဲ ခေါင်းငုံ့နာခံလိုက်ရတော့သည်။
“သမီးနားလည်ပါပြီ”
ထိုသို့လိုက်လျောလိုက်ခြင်းအားဖြင့် ဇာတ်လမ်းမှာ လုံးဝ လမ်းလွဲသွားတော့မည်ကို ဟောက်ယန်ယန် မသိခဲ့ပေ။ ထိုအချိန်မှစ၍ အရာအားလုံးသည် ပြောင်းပြန်ဖြစ်ကာ မျှော်လင့်မထားသည့် အခြေအနေများဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားပါတော့မည်။