အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
📗 Chapter 79
ယဲ့ရှောင်ရှောင်သည် စစ်တပ်ဝင်းထဲသို့ ချက်ချင်းပြန်ဖို့ အစီအစဉ်မရှိသေးသော်လည်း သူမ၏ နေ့ရက်များမှာ အလွန်အလုပ်များလှပါသည်။
လွန်ခဲ့သည့် ရက်ပိုင်းအတွင်း စုန့်ကွမ်းကျင့် လက်အောက်တွင် ဆေးပညာကို ဆက်လက် လေ့လာသင်ယူနေခဲ့သလို ရမ်သဲ့ထန် ဆေးဆိုင်တွင်လည်း လက်တွေ့ကုသမှု အတွေ့အကြုံအချို့ကို ရယူခဲ့ပါသည်။
ပေကျင်းမြို့သည် အလွန်စည်ကားလှပပြီး ပိုင်ချွမ်ရွာနှင့် ယှဉ်လိုက်လျှင် စိတ်အပန်းဖြေစရာ ကဏ္ဍများမှာလည်း ပိုမိုကြွယ်ဝပါသည်။
ပိုင်ချွမ်ရွာကဲ့သို့ ညမိုးချုပ်သည်နှင့် အမှောင်ကျသွားခြင်း မဟုတ်ဘဲ ဤနေရာတွင် လျှပ်စစ်မီးများ ရှိနေခြင်းမှာ ယဲ့ရှောင်ရှောင်အတွက် အကောင်းဆုံးအချက်ပင် ဖြစ်သည်။
ကျောင်းသွားအပ်ရမည့်နေ့ မနက်စောစောတွင် လုဟန်ချွမ် ရောက်ရှိလာခဲ့သည်။ သူသည် စစ်ယူနီဖောင်းကို ဝတ်ဆင်မထားသော်လည်း လူကြားထဲတွင် ထင်ရှားနေဆဲပင်။
ယဲ့ရှောင်ရှောင်ကမူ ယောက်မအကြီးဆုံးဖြစ်သူ ချုပ်လုပ်ပေးထားသည့် ဂါဝန်နီလေးကို ဝတ်ဆင်ထားသည်။
သူမ၏ အသားအရေက ဖြူစင်ဝင်းပလှသဖြင့် အနီရောင်နှင့် လိုက်ဖက်ကာ ပိုတောက်ပနေတော့သည်။
ဂါဝန်လေးက သူမ၏ သွယ်လျသည့် ခါးလေးကို ပေါ်လွင်စေပြီး ဖြူဖွေးသွယ်တန်းနေသော ခြေသလုံးလေးများကိုလည်း အတန်အသင့် မြင်နေရသည်။
သူမ၏ ဆံနွယ်ရှည်များမှာ ပခုံးပေါ်သို့ အမှတ်မထင် ဝဲကျနေပြီး ပြုံးလိုက်သည့်အခါတွင်လည်း မျက်ဝန်းအစုံသည် ကောင်းကင်ယံမှ ကြယ်စင်များအလား တောက်ပနေပါသည်။
လုဟန်ချွမ်သည် သူမကို ဂါဝန်ဖြင့် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ အချိန်အတန်ကြာသည့်တိုင်အောင် အကြည့်မလွှဲနိုင်ခဲ့ပေ။
“ကျွန်မကို တကယ်ကြီး လိုက်ပို့ပေးမလို့လား”
ယဲ့ရှောင်ရှောင်က မယုံသင်္ကာဖြင့် မေးလိုက်သည်။
လုဟန်ချွမ်က ပြုံးကာ ပြန်ဖြေလိုက်ပါသည်။
“ဒီအထိတောင် ရောက်နေပြီပဲ၊ နောက်နေတာ ဖြစ်ပါ့မလား”
ယဲ့ရှောင်ရှောင်: “ဟုတ်ပါပြီ၊ ဒါဆို ကျွန်မ ခရီးဆောင်အိတ် သွားယူလိုက်တော့မယ်”
“ကိုယ်ကူသယ်ပေးမယ်”
လုဟန်ချွမ်က ကမ်းလှမ်းလိုက်လေသည်။
မူလက ယဲ့ရှောင်ရှောင်ကို လိုက်ပို့ပေးဖို့ ကြံရွယ်ထားသည့် စုန့်ကွမ်းကျင့်: “…”
“တက္ကသိုလ်ထဲရောက်ရင် တရုတ်တိုင်းရင်းဆေးပညာဌာနမှာပဲ အပ်ရမှာနော်၊ အနောက်တိုင်း ဆေးပညာဘက်ကလူတွေ ဆွယ်တာ ပါမသွားစေနဲ့ဦး”
စုန့်ကွမ်းကျင့်က စိတ်မချစွာ မှာကြားလိုက်ပါသည်။
ယဲ့ရှောင်ရှောင်: “စိတ်မပူပါနဲ့ ဆရာကြီးရဲ့၊ သမီးက အဲ့လောက် စိတ်အပြောင်းအလဲ မလွယ်ပါဘူး”
ထို့နောက် စုန့်ကွမ်းကျင့်သည် စာအိတ်တစ်လုံး ထုတ်ကာ ယဲ့ရှောင်ရှောင်အား ပေးလိုက်သည်။
“ကျင့်ဟွာတက္ကသိုလ်ဝင်ခွင့်ရရင် ဆရာအကြီးကြီးဆုချမယ်လို့ ကတိပေးထားတာလေ၊ မုန့်ဖိုးသဘောနဲ့ ယူသွားလိုက်တော့”
“ကျေးဇူးတင်ပါတယ် ဆရာကြီး”
စာအိတ်၏အထူကို ယဲ့ရှောင်ရှောင် လက်ဖြင့် စမ်းကြည့်လိုက်သည်။ သာမန် ‘မုန့်ဖိုး’ဟူသည်ထက်ပိုမှန်း သိသာပါ သည်။
စုန့်ကွမ်းကျင့် လက်ယမ်းပြကာ သူတို့နှစ်ယောက်ကို မြန်မြန်သွားကြဖို့ တိုက်တွန်းလိုက်သည်။
ထိုလုဟန်ချွမ်ဆိုသည့် ငတိကို မြင်ရရုံနှင့်ပင် သူခေါင်းကိုက်လာရသည်။
ကျင့်ဟွာတက္ကသိုလ် အဝင်ဝတွင် ယနေ့ အလွန်စည်ကားလျက်ရှိနေပါသည်။ ကျောင်းသားကျောင်းသူအသစ်များကို စီနီယာကြီးများက ကြိုဆိုနေကြသည်။
လုဟန်ချွမ်သည် ကျောင်းဝင်းထဲအထိ ကားဖြင့် မဝင်နိုင်သဖြင့် လမ်းဘေးထိုးရပ်ထားခဲ့လိုက်ရသည်။
အတွင်းသို့ ရောက်သောအခါ စီနီယာကျောင်းသားများက ဆိုင်းဘုတ်များ ကိုင်ဆောင်လျက် လမ်းညွှန်ပြသပေးနေသဖြင့် မည်သည့်ဌာနက မည်သည့်နေရာတွင်ရှိမှန်း ရှာဖွေဖို့ ပိုမိုလွယ်ကူသွားပါသည်။
ယဲ့ရှောင်ရှောင်လည်း ဆေးပညာဌာနသို့ သွားခဲ့ပြီး တရုတ်တိုင်းရင်းဆေးပညာ(TCM) မေဂျာအတွက် မည်သည့်နေရာတွင် ကျောင်းအပ်ရမည်ကို မေးမြန်းလိုက်သည်။
ကြိုဆိုရေးစားပွဲမှ စီနီယာကျောင်းသားက အားနာသည့် လေသံဖြင့် ရှင်းပြလိုက်သည်။
“ဒီနှစ် တရုတ်တိုင်းရင်းဆေးပညာလျှောက်တဲ့ကျောင်းသားဦးရေက အရမ်းနည်းတယ်လေ၊ အဲ့တာကြောင့် လက်တွေ့ဆေးပညာကျောင်းသားတွေနဲ့ပဲ ပေါင်းပြီး စာရင်းသွင်းခိုင်းထားတာ၊ ဒီဖောင်ကို ဖြည့်ပြီးရင် အဆောင်သော့ ထုတ်လိုက်ရုံပါပဲ”
ယဲ့ရှောင်ရှောင်: “…”
စုန့်ကွမ်းကျင့် အဘယ်ကြောင့် စိတ်ပူနေရမှန်း ယဲ့ရှောင်ရှောင် နားလည်သွားပါပြီ။
ဤမေဂျာတွင် မိန်းကလေးဟူ၍ သူမတစ်ယောက်တည်း မဟုတ်စေဖို့သာ ဆုတောင်းရတော့သည်။
အဆောင်ခန်းတစ်ခန်းတွင် လူခြောက်ယောက် နေထိုင်ရသော်လည်း တရုတ်တိုင်းရင်းဆေး မေဂျာအတွက်မူ မိန်းကလေး ခြောက်ယောက်ပင် မပြည့်နိုင်သည့် အခြေအနေ ဖြစ်နေလေသည်။
ယဲ့ရှောင်ရှောင်သည် သော့ကိုယူကာ လုဟန်ချွမ်နှင့်အတူ မိန်းကလေးအဆောင်သို့ ထွက်လာခဲ့ပါသည်။
လမ်းတစ်လျှောက်လုံးတွင်လည်း ချောမောလှပသည့် သူတို့နှစ်ဦးကို လူများစွာက ခိုးခိုးကြည့်နေကြသည်။
အချို့မှာ တိတ်တဆိတ် ခိုးကြည့်ကြပြီး အချို့မှာမူ သူတို့ကျော်သွားသည်နှင့် ခေါင်းချင်းဆိုင်ကာ အတင်းပြောနေကြတော့သည်။
ယဲ့ရှောင်ရှောင်သည် ယခင်ဘဝက တက္ကသိုလ်ကျောင်းသူ ဖြစ်ခဲ့ဖူးသော်လည်း ၁၉၈၀ ပြည့်နှစ်လွန်များ၏ ကျောင်းဝင်းအလှမှာ တစ်မူထူးခြားနေသည်။
ကျောင်းသားများက အပြာရောင် အင်္ကျီများ၊ အစိမ်းရောင် စစ်ယူနီဖောင်းများ၊ ပန်းပွင့်ပုံစံ ဂါဝန်များ ဝတ်ဆင်ထားကြပြီး ရံဖန်ရံခါ စက်ဘီးလေးများတွန်းလျက် ကျောင်းဝင်းထဲသွားလာနေကြသော ကျောင်းသားများကို မြင်တွေ့ရသည်မှာ အလွန်လှပသည့် မြင်ကွင်းတစ်ခုပင်။
ယဲ့ရှောင်ရှောင်၏ အဆောင်ခန်းသည် အဆောင်နံပါတ် ၆၊ အခန်းနံပါတ် ၂၀၆ ဖြစ်သည်။
ကျောင်းအပ်သည့် ပထမဆုံးနေ့ဖြစ်သဖြင့် ကျောင်းသူသစ်များ၏ အထုပ်အပိုးများကို ကူသယ်ပေးဖို့အတွက် အမျိုး သားများအား အဆောင်အတွင်းဝင်ထွက်ခွင့် ပြုထားပါသည်။
ထိုခေတ်က ကျောင်းမှ အိပ်ရာခင်းများ ပေးမထားသဖြင့် ကျောင်းသားများက မိမိဖာသာ ယူဆောင်လာရရာ အဆောင်ပြောင်းရွှေ့သည့် လုပ်ငန်းမှာ အတော်လေးပင်ပန်းလှသည်။
အဆောင်ခန်းတံခါး ဖွင့်လိုက်သောအခါ မည်သူမှ ရောက်မလာသေးဘဲ ယဲ့ရှောင်ရှောင်က ပထမဆုံး ဖြစ်နေလေသည်။
အဆောင်ခန်းသည် အလွန်သန့်ရှင်းသပ်ရပ်နေပြီး အပေါ်ထပ်ကုတင်လေးလုံးနှင့် အောက်ထပ်ကုတင် နှစ်လုံးတို့ ရှိသည်။
ကျန်ရှိသည့် နေရာလွတ်များတွင် စားပွဲ၊ ကုလားထိုင်နှင့် ဗီရိုများကို ထည့်သွင်းထားပါသည်။
လုဟန်ချွမ်က မေးသည်။
“အပေါ်မှာအိပ်ချင်လား အောက်မှာအိပ်ချင်လား”
ကျောင်းသားအမျာားစုက အောက်ဘက်ကို သဘောကျသော်လည်း ယဲ့ရှောင်ရှောင်ကမူ အပေါ်ဘက်ကိုသာ သဘော ကျပါသည်။
“အပေါ်မှာပဲ အိပ်မယ်၊ ကျွန်မ ကုတင်ပေါ်မှာ သူများတွေလာထိုင်တာမျိုး မကြိုက်လို့”
လုဟန်ချွမ်သည် အပေါ်ဘက်ကုတင်ပေါ်တွင် အိပ်ရာခင်းကို တင်ကာ ဖြန့်ပေးလိုက်သည်။
ယဲ့ရှောင်ရှောင် ခြေဖျားထောက်လျက်ကြည့်ရင်း ပြောလိုက်သည်။
“ကျွန်မ ဖာသာ ကျွန်မခင်းလို့ ရပါတယ်”
လုဟန်ချွမ် သူမကို လှည့်ကြည့်လိုက်သည်။
“ဂါဝန်ကြီးဝတ်ပြီး ဒါတွေလုပ်လို့ ဘယ်အဆင်ပြေပါ့မလဲ’
ယဲ့ရှောင်ရှောင်: “…ကျေးဇူးတင်ပါတယ်”
လုဟန်ချွမ် အိပ်ရာခင်းပြီးသည်နှင့် ယဲ့ရှောင်ရှောင်သည် ခရီးဆောင်အိတ်ထဲမှ သူမ ပစ္စည်းများကို ထုတ်ယူကာ ဗီရိုထဲ ပြောင်းထည့်ထားလိုက်ပြီး ကိုယ်ပိုင်သော့ဖြင့် ခတ်ထားလိုက်သည်။
ထို့နောက် သူမ မကြာခဏ အသုံးပြုရသည့် ပစ္စည်းများကို စားပွဲပေါ်တွင် သေသေသပ်သပ် စီရီထားလိုက်ပါသည်။
ထိုအချိန်အတွင်း အဆောင်ခန်းထဲသို့ အခန်းဖော်နှစ်ဦး ထပ်ရောက်လာသည်။
တစ်ဦးက ဆံပင်တိုတို မျက်မှန်နှင့်ဖြစ်ပြီး လီမိန့်ရူဟု အမည်ရကာ နောက်တစ်ဦးမှာမူ ဆံပင်ကို မြင့်မြင့်စည်းထားသည့် ထန်ရှို့ရှို့ဟု အမည်ရသူဖြစ်သည်။
နှစ်ဦးစလုံးက သက်သက်စီ လာခဲ့ကြသူများဖြစ်ပြီး အချင်း ချင်းမိတ်ဆက်ပြီးနောက် အထုပ်အပိုးများကို စတင်ဖြည်ကြတော့သည်။
သူမတို့ နှစ်ဦးစလုံး အောက်ကုတင်ကိုသာ ရွေးချယ်ခဲ့ကြပါသည်။
ယဲ့ရှောင်ရှောင် လုဟန်ချွမ်ကို ပြောလိုက်သည်။
“လမ်းလျှောက်ထွက်ရအောင်”
မိန်းကလေးများပြင်ဆင်နေသည်ကို သူရပ်ကြည့်နေဖို့ အဆင်မပြေသလို မိန်းကလေးအဆောင်ထဲတွင် ရပ်နေရသည်မှာလည်း အနေခက်စရာဖြစ်နေသည်။
ထို့ကြောင့် လုဟန်ချွမ် ခေါင်းညိတ်သဘောတူလိုက်သည်။
“လိုအပ်တာရှိရင် ကျောင်းနားက ဆိုင်မှာ တစ်ခါတည်းဝယ်ရအောင်”
ယဲ့ရှောင်ရှောင်: “ရေနွေးအိုးနဲ့ မျက်နှာသစ်ဇလုံတော့လိုမယ်ထင်တယ်”
ကျောင်းသို့ရောက်ရှိလာပြီးမှ ထိုအသေးအဖွဲပစ္စည်းများကို ဝယ်ယူဖို့ ယဲ့ရှောင်ရှောင် စီစဉ်ထားပါသည်။
လုဟန်ချွမ်လည်း ရှိနေသဖြင့် သူမအတွက် အကူအညီ အများကြီးဖြစ်ပေသည်။
သူတို့နှစ်ဦး အဆောင်ခန်းထဲမှထွက်သွားသည်နှင့် အနောက်မှ စကားပြောသံများ ထွက်ပေါ်လာသည်။
လီမိန့်ရူသည် ထန်ရှို့ရှို့ပခုံးကို တံတောင်ဖြင့် တွန်းကာ မေးလိုက်သည်။
“ငါတို့အခန်းဖော်က တော်တော်လှတာပဲနော်၊ သူ့ဘေးက ကောင်လေးက သူ့ရည်းစားဖြစ်မလား၊ သူ့အစ်ကိုဖြစ်မလား မသိဘူး၊ အရမ်းချောတာပဲ၊ ရုပ်ရှင်မင်းသားတစ်ယောက်နဲ့ မတူဘူးလား”
လီမိန့်ရူ၏တံတောင်ဖြင့် တွန်းမှုကြောင့် ထန်ရှို့ရှို့ ယိမ်းယိုင်သွားသည်။
သူမလည်း အဆောင်ခန်းထဲသို့ ဝင်လာစဉ်က အထဲမှ လူနှစ်ယောက်ကြောင့် မှင်သက်သွားခဲ့ရသည်ကို ဝန်ခံရပါမည်။
သို့သော် လီမိန့်ရူ၏စနောက်စကားများကို တည်တည်တံ့တံ့သာ ပြန်တုံ့ပြန်ခဲ့သည်။
“သူ့ကောင်လေးဆိုတာ ကျိန်းသေတယ်၊ သူတို့က လိုက်ဖက်တယ်၊ မနာလိုဖြစ်မနေနဲ့”
လီမိန့်ရူ ပြန်ချေပသည်။
“ဒီတိုင်း စကားအဖြစ်ပြောတာပါ၊ သူ့ကောင်လေးဆိုတာ နင်က ဘာလို့ တပ်အပ်ပြောနိုင်ရတာလဲ’
ထန်ရှို့ရှို့က ပြုံးသည်။
“ငါ့အစ်ကိုသာဆို ငါ့ကို အဲ့လိုမျက်လုံးမျိုးနဲ့ ကြည့်မှာမဟုတ်ဘူး”
---
“တစ်ခုခု အရင်သွားစားကြမလား”
အဆောင်ပြင်ပသို့ ရောက်သည်နှင့် ယဲ့ရှောင်ရှောင် အကြံပြုလိုက်သည်။ မွန်းတည့်ချိန်ပင် ရောက်ပါတော့မည်။
လုဟန်ချွမ်လည်း မငြင်းဆန်ခဲ့ပေ။
“သွားကြစို့”
ကျင့်ဟွာတက္ကသိုလ်အနီးရှိ စားသောက်ဆိုင်လေးတစ်ဆိုင်တွင် သူတို့ နေ့လယ်စာအတူတူ စားခဲ့ကြသည်။
နေ့လယ်စာ စားနေချိန်အတွင်းမှာလည်း လူအများ၏ စူးစမ်းကြည့်ရှုခြင်းကို ခံရပြန်သည်။ ယဲ့ရှောင်ရှောင်မှာ မရှက်တတ်သော်လည်း စိုက်ကြည့်ခံနေရသည့် ခံစားချက်ကြီးအား သဘောမကျပါ။
ထို့ကြောင့် ခပ်မြန်မြန်စားပြီး ခပ်မြန်မြန်ထွက်လာခဲ့ကြရာ နောက်မှ လိုက်ပါလာသည့် အကြည့်တစ်စုံကိုပင် သတိမမူမိခဲ့ကြပေ။
ထို့နောက် ကျောင်းရှေ့တွင် ရှိသည့် ဆိုင်တစ်ဆိုင်မှလိုအပ်သည်များကို ဝယ်ယူခဲ့ကြသည်။
ယဲ့ရှောင်ရှောင်သည် ကုတင်တွင် ခန်းဆီးလိုက်ကာအဖြစ် အသုံးပြုဖို့အတွက် ပိတ်စအချို့ကိုပါ ဝယ်ယူခဲ့သေးသည်။ အားလုံးဝယ်ယူပြီးစီးသောအခါ လုဟန်ချွမ်က သူမကို အဆောင်သို့ ပြန်လိုက်ပို့ပေးခဲ့ပါသည်။
ပစ္စည်းများကို အဆောင်ရှေ့တွင် ချပေးပြီးနောက် လုဟန်ချွမ် ပြန်ဖို့ ပြင်ဆင်တော့သည်။
“ဒီနေ့က နည်းနည်းအလျင်လိုသွားလို့ပါ၊ နောက်နေ့ကျမှ ကိုယ်နေ့လယ်စာ သေသေချာချာ လိုက်ကျွေးမယ်နော်၊ အထဲဝင်တော့၊ လိုအပ်တာရှိရင် ဖုန်းဆက်လိုက်၊ လိုအပ်တာမရှိလည်း ဖုန်းဆက်လို့ရပါတယ်”
ယဲ့ရှောင်ရှောင် လက်ပြနှုတ်ဆက်လိုက်သည်။
“ဒါဆို ကျွန်မ အထဲဝင်တော့မယ်”
လုဟန်ချွမ် ခေါင်းညိတ်ပြလိုက်ရာ ယဲ့ရှောင်ရှောင် အဆောင်ထဲ လှည့်ဝင်သွားတော့သည်။
အဆောင်ခန်းသို့ လူနှစ်ယောက် ထပ်ရောက်လာခဲ့သည်။ ယဲ့ရှောင်ရှောင်နှင့် ကျန်အခန်းဖော်များက မိတ်ဆက်ခဲ့ကြသည်။
ထိုနှစ်ဦးအမည်မှာ ဟယ်ကျင်းနှင့် ရှားလီတို့ ဖြစ်ကြသည်။ ဟယ်ကျင်းသည် ခါးထိရှည်သော ဆံပင်ကို ကျစ်ဆံမြီး ကျစ်ထားပြီး ရှားလီမှာမူ ပြုံးလိုက်လျှင် ပါးချိုင့်ကလေးများ ပေါ်သည့် ပိန်ပိန်ပါးပါး မိန်းကလေးတစ်ဦး ဖြစ်သည်။
ဟယ်ကျင်းသည် ယဲ့ရှောင်ရှောင်နှင့် မျက်နှာချင်းဆိုင်ကုတင်ကို ရွေးချယ်ခဲ့ပြီး အိပ်ရာကို စတင်ပြင်ဆင်ပါသည်။
ယဲ့ရှောင်ရှောင်တစ်ခုခုလုပ်ဖို့ ကြံနေစဉ် အဆောင်ခန်းတံခါး ပွင့်သွားခဲ့ပြန်သည်။
သက်လတ်ပိုင်း လင်မယားနှစ်ဦးနှင့် ကောင်မလေးတစ်ဦးတို့ အတူတူ ဝင်လာကြလေသည်။
“ဘုရား… အပေါ်ဘက်ကုတင်တစ်လုံးပဲ ကျန်တော့တာလား၊ ဘယ်လိုလုပ်ကြမလဲ”
📗 Chapter 80
အခန်းထဲသို့ ဝင်လာသည့် အမျိုးသမီးသည် တစ်ခန်းလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် လီမိန့်ရူကုတင်ထံသို့ အကြည့်ရောက်သွားခဲ့ပါသည်။
“တို့သမီးလေး ကျောင်းကျောင်းလေးက အရပ်ပုတော့ လှေကားတက်ရတာ အရမ်းပင်ပန်းနေမှာ၊ အောက်ထပ်ကုတင်က ဘယ်အတန်းဖော်က ကျောင်းကျောင်းလေးနဲ့ ကုတင်ချင်း လဲပေးချင်လဲနော်”
သူမ စကားပြောပြီးနောက် တစ်ခန်းလုံး တိတ်ဆိတ်သွားခဲ့သည်။
ယဲ့ရှောင်ရှောင်လည်း ဤကဲ့သို့ ရိုးအီနေသော ဇာတ်ကွက်မျိုးကို ၁၉၈၀ ခုနှစ်များတွင် မြင်ရလိမ့်မည်ဟု မျှော်လင့်မထားသဖြင့် ချက်ချင်းလှမ်းကြည့်လိုက်ပါသည်။
ထိုအမျိုးသမီး၏လက်ပေါ်တွင် လက်ပတ်နာရီတစ်လုံး ပတ်ထားသည်ကို ကြည့်ခြင်းအားဖြင့် သူမ မိသားစုကချမ်းသာကြွယ်ဝကြောင်း ပြသနေလေသည်။
မိဘနှစ်ပါးနှင့် အတူရပ်နေသည့် ကောင်မလေးကလည်း အမည်နှင့် လိုက်ဖက်ပါပေသည်။ မြို့သူပီပီ နုနုနယ်နယ်နှင့် မပြောရဲမဆိုရဲရှိမည့် ပုံစံမျိုးပင်။
ထန်ရှို့ရှို့ကမူ အမျိုးသမီး၏စကားကို မကြားချင်ယောင်ဆောင်ကာ သူမအိပ်ရာကိုသာ ဆက်လက်ပြင်ဆင်နေခဲ့ပါသည်။
“ဘယ်သူမှ ဘာမှမပြောကြဘူးဆိုတော့ ဒေါ်လေးတို့ဖာသာပဲ လဲလိုက်တော့မယ်နော်”
ပြောပြောဆိုဆိုနှင့် ထိုအမျိုးသမီးက လီမိန့်ရူ ကုတင်ထံသို့ လက်လှမ်းလိုက်သည်။
လီမိန့်ရူမှာ ရေသွားခပ်သဖြင့် အခန်းထဲတွင် ရှိမနေခြင်းကြောင့် အခြားသူများက သတိပေးလိုက်ပါသည်။
“ကုတင်ပိုင်ရှင် ပြန်လာတဲ့အချိန်အထိ စောင့်ပြီးမှ ညှိနှိုင်းကြည့်လိုက်ပါလား ဒေါ်လေး”
သို့သော် သူမတို့၏သတိပေးစကားများကို လျစ်လျူရှုကာ ထိုအမျိုးသမီးသည် လီမိန့်ရူ အိပ်ရာခင်းကို လိပ်သိမ်းလိုက်ပြီး သူမဘေးရှိ အမျိုးသားထံသို့ပေးကာ မျက်နှာချင်းဆိုင်ရှိ အပေါ်ဘက်ကုတင်ပေါ်သို့ ပစ်တင်ခိုင်းလိုက်သည်။
မကြာသေးခင်ကမှ သေသေချာချာ ခင်းကျင်းထားခဲ့သည့် အိပ်ရာလေးမှာ ချက်ချင်းရှုပ်ပွသွားတော့သည်။
“ဘာညှိနှိုင်းစရာလိုလို့လဲ၊ တက္ကသိုလ်ကျောင်းသားကျောင်း သူတွေဆိုတာ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီတတ်ရတယ်၊ ဪ ဒါနဲ့ ဒေါ်လေးတို့ ကျောင်းကျောင်းလေးက အိမ်မှာ ဘာမှမလုပ်တတ်ဘူး၊ အဲ့တာကြောင့် တစ်ခုခုထွက်စားတာဖြစ်ဖြစ်၊ ရေသွားခပ်တာပဲဖြစ်ဖြစ် သူ့ကို ခေါ်သွားပေးပါနော်”
“ပြီးတော့ ကျောင်းကျောင်းလေးက ရေခဲရေသောက်လို့မရဘူး၊ ညဘက်အိပ်ရင်လည်း မီးပိတ်မှ အိပ်တတ်တယ်၊ သူက အနိုးလွယ်တဲ့သူမို့လို့ အိပ်ချိန်ရောက်ရင် စကားတွေ မပြောကြနဲ့ဦး၊ သူက တစ်နေ့ကို အိပ်ချိန် ၈ နာရီပြည့်အောင် အိပ်ရမယ်၊ မဟုတ်ရင် စာသင်တာကို ထိခိုက်နိုင်တယ်လေ”
ထိုအမျိုးသမီးသည် အဆောင်ခန်းထဲမှ အခြားသူများအား လုံးအလွန်အမင်း အနေခက်နေသည်ကို လုံးဝ သတိထားမိပုံမပေါ်ဘဲ တစ်ယောက်တည်း တတွတ်တွတ်ပြောနေလေတော့သည်။
ယဲ့ရှောင်ရှောင်သည် ဝယ်ယူလာသည့် ပိတ်စများကို ယူဆောင်ပြီး ကုတင်ပေါ်သို့ တက်သွားပါသည်။
အဆောင်က ဤမျှ ဆူညံလာပြီဖြစ်သဖြင့် ကုတင်ခန်းဆီးကို အမြန်ဆုံးတပ်ဆင်ရန် လိုအပ်နေပါပြီ။
“ငါ့နာမည် ဝမ်ကျောင်းပါ အားလုံးနဲ့တွေ့ရတာ ဝမ်းသာပါတယ်”
ဝမ်ကျောင်းသည် ယဲ့ရှောင်ရှောင်အား ဂုဏ်ယူဝံ့ကြွားသော ပုံစံဖြင့် လက်ကမ်းပေးလိုက်သည်။
ယဲ့ရှောင်ရှောင်ကမူ အခန်းထဲရှိ လူများစွာအနက် အဘယ့်ကြောင့် သူမကိုမှရွေးပြီး စကားလာပြောနေရသနည်းဟု တွေးနေမိပါသည်။
သို့သော် အလိုက်သင့်ပင် လက်ဆွဲနှုတ်ဆက်ကာ ပြန်မိတ်ဆက်လိုက်သည်။
“ငါ့နာမည်က ယဲ့ရှောင်ရှောင်ပါ၊ တွေ့ရတာဝမ်းသာပါတယ်”
ဝမ်ကျောင်းသည် မိဘများကို အိပ်ရာခင်းခိုင်းထားလိုက်ပြီး အဆောင်အခန်းဖော်များနှင့် စကားစမြည်ပြောလိုက်သည်။
“နင်တို့တွေကကော၊ နာမည်တွေက ဘယ်လိုခေါ်ပြီး ဘယ်က လာကြတာလဲ၊ ငါ့မိသားစုက ပေကျင်းမှာပဲ နေတာလေ၊ ကျောင်းပိတ်ရက်တွေကျရင် ငါ့အိမ်ကို လာလည်လို့ရတယ်နော်”
အခြားသူများကလည်း သူမတို့၏အမည်ကို ပြောပြကာ မိတ်ဆက်ခဲ့ကြသည်။ သို့သော် ဝမ်ကျောင်း၏အထက်စီးဆန်သည့် ဖိတ်ကြားမှုကို ယဉ်ယဉ်ကျေးကျေးအပြုံးများဖြင့်သာ တုံ့ပြန်ခဲ့ပါသည်။
ထိုစဉ် အဆောင်တံခါးပွင့်သွားပြီး လီမိန့်ရူ ပြန်ရောက်လာခဲ့သည်။
အခန်းထဲသို့ ရောက်ရောက်ချင်း သူမ ပထမဆုံးမြင်လိုက်ရသည့်မြင်ကွင်းမှာ သူမ ကုတင်ကို လူသစ်တစ်ယောက်က နေရာယူထားခြင်းပင်။
သူမသည် ရေနွေးအိုးကို ကြမ်းပြင်ပေါ်သို့ ဒိုင်းကတည်းမြည်အောင် ပစ်ချလိုက်သည်။
“ငါ့ပစ္စည်းတွေကို ဘာလို့ ဒီတိုင်းရွှေ့ပစ်လိုက်ရတာလဲ၊ ဒီကုတင်မှာ လူရှိတာ မသိဘူးလား!”
လီမိန့်ရူ ရှေ့သို့လျှောက်လာပြီး ဝမ်ကျောင်း၏မိဘများကို တွန်းထုတ်ပစ်လိုက်သည်။
“ဟဲ့ကလေးမ ဘာလို့ ဒီလောက်အားနဲ့ တွန်းရတာလဲ၊ အပေါ် ထပ်ကုတင်က နေရာပိုကောင်းတယ်လို့ထင်လို့ နင့်ကိုပေး လိုက်တာလေ”
လီမိန့်ရူသည် လူသစ်၏ပစ္စည်းများကို ဘေးသို့ လွှင့်ပစ်ရင်း အေးစက်စွာ ပြောလိုက်သည်။
“မလိုဘူး”
“နင်တော့…”
“ဒီမှာ အရာအားလုံးက ဦးသူအရင်ယူစနစ်ပဲလေ ဒေါ်လေး၊ ဒေါ်လေးတို့က နောက်ဆုံးမှရောက်လာတာဆိုတော့ နောက် ဆုံးကျန်တဲ့ အပေါ်ထပ်ကုတင်ကိုပဲ ယူသင့်တာပေါ့”
ဟယ်ကျင်း မျှမျှတတ ဝင်ရောက်ညှိနှိုင်းပေးဖို့ကြိုးစား လိုက်သည်။
လီမိန့်ရူအား ပြောမရသည့်အဆုံးတွင် ထိုအမျိုးသမီးသည် ထန်ရှို့ရှို့အား ပစ်မှတ်ထားကာ လှည့်ကြည့်လိုက်သည်။
ထန်ရှို့ရှို့လည်း အေးစက်သော မျက်နှာဖြင့် ပြန်ပြောလိုက်သည်။
“ဒါကျွန်မကုတင်ပဲ၊ ဘယ်သူ့ကိုမှ မပေးနိုင်ဘူး”
“ပြီးတာပဲ၊ မပေးချင်လည်း မပေးကြနဲ့ပေါ့၊ ငါ့ဖာသာ ငါ အပေါ်ထပ်ကုတင်မှာပဲ တက်အိပ်တော့မယ်”
ဝမ်ကျောင်းတစ်ယောက် ခြေဆောင့်ကာ မိဘနှစ်ပါးကို အပြစ်တင်လေသည်။
“စောစောထွက်ကြရအောင်လို့ သမီးပြောသားပဲ၊ အမေတို့မှ နားမထောင်တာ၊ အခုတော့ ကြည့်ပါဦး၊ ညရောက်လို့ သမီးကုတင်ပေါ်က ပြုတ်ကျရင် အမေတို့တာဝန်ပဲနော်!”
နောက်ဆုံးစကားက အဆောင်ခန်းထဲရှိ အခြားသူများအား ရည်ရွယ်မှန်း သိသာပါသည်။
ကျောင်းဖွင့်စနေ့မှာပင် မဖြစ်သေးသည့် မတော်တဆမှုအတွက် ကြိုတင်အပြစ်တင်ခံနေရလေပြီ။ မည်သူမှ မပျော်ရွှင်ကြတော့ဘဲ ဝမ်ကျောင်းကို ပိုမိုအမြင်စောင်းလာခဲ့ကြသည်။
ဝမ်ကျောင်း၏မိဘများသည် အဆောင်ခန်းထဲတွင် နှစ်နာရီလောက် ဆက်နေခဲ့ကြပြီး ရိုးရှင်းလွန်းသည့် ပတ်ဝန်းကျင်မှစ၍ စာသင်ဆောင်များအထိတိုင်အောင် ပွစိပွစိ ဝေဖန်ပြောဆိုနေကြသည်။
ဝမ်ကျောင်းကို အချိန်အတော်ကြာအောင် နှစ်သိမ့်ပေးပြီးမှ သူတို့ပြန်သွားကြသည်။
ထိုအခါ ယဲ့ရှောင်ရှောင်မှာ ကုတင်ခန်းဆီးကိုပင် ချထားပြီးပါပြီ။
“ဒီလောက်ကောင်းတဲ့ ပိတ်စတွေကို ကုတင်ခန်းဆီးလုပ်ပြီး သုံးနေတာလား”
ဟယ်ကျင်းသည် ခန်းဆီးအပေါက်ကြားထဲမှ ချောင်းကြည့်ကာ ယဲ့ရှောင်ရှောင်ကို မေးလိုက်သည်။
ယဲ့ရှောင်ရှောင် ရှင်းပြလိုက်လေသည်။
“ဟုတ်တယ်၊ ငါက အဆောင်မှာနေနေကျ မဟုတ်လို့လေ၊ ပြီးတော့ ခန်းဆီးက အလင်းမစူးအောင်လည်း ကာကွယ်ပေးတာပေါ့”
ဝမ်ကျောင်းလည်း ယဲ့ရှောင်ရှောင်၏ကုတင်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“ငါလည်း နောက်တစ်ခါကျရင် အိမ်ကနေ ပိတ်စယူလာဦးမှပါ၊ မမြင်ချင်တဲ့ဟာတွေကို မမြင်ရအောင်လို့လေ”
ဝမ်ကျောင်းမှာ အောက်ထပ်ကုတင်ကို မရသည့်အတွက် စိတ်တိုနေဆဲဖြစ်သည်။ လီမိန့်ရူလည်း မျက်စသာ ပစ်လိုက်ပါသည်။
ပထမနေ့တွင် ကျောင်းအပ်ရုံသာဖြစ်၍ ညနေခင်း အထူးတ လည် လုပ်စရာမရှိပေ။
ကျောင်းမှ စစ်သင်တန်း ဝတ်စုံများ ထုတ်ပေးခဲ့ပြီး မနက်ဖြန်မှ စ၍ ရက်သတ္တပတ် နှစ်ပတ်ကြာ စစ်သင်တန်း စတင်မည်ဖြစ်ကြောင်းနှင့် အထူးကိစ္စရပ်များမှအပ အခြားသောအကြောင်းအရာများကြောင့် ခွင့်လုံးဝပေးမည် မဟုတ်ကြောင်း အဆောင်မှူးက အသိပေးခဲ့ပါသည်။
မိန်းကလေးအဆောင်အတွင်း စိတ်ပျက်လက်ပျက်ညည်း ညူသံများဖြင့် ပြည့်နှက်သွားခဲ့သည်။
ယဲ့ရှောင်ရှောင် အကြောက်ဆုံး စစ်သင်တန်းနှင့် ကိုယ်ကာယစစ်ဆေးမှုများ နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပါပြီ။
ထို့အပြင် ယဲ့ရှောင်ရှောင်သည် တရုတ်တိုင်းရင်းဆေးပညာမေဂျာ၌ မိန်းကလေးကျောင်းသူဟူ၍ အမှန်တကယ် သူမတစ်ယောက်တည်းသာရှိကြောင်း သိခဲ့ရလေသည်။
ထို့ကြောင့် စစ်သင်တန်းကာလအတွင်း သူမကို လက်တွေ့ဆေးပညာအတန်း၏စီမံခန့်ခွဲမှုအောက်တွင် ထည့်သွင်းပေးထားလိုက်သည်။
သူမအပြင် အခြားသော ကံမကောင်းသည့် ယောက်ျားလေးများသည်လည်း မတူညီသည့် အတန်းများတွင် ပျံ့နှံ့ကာ နေရာချထားပေးခံရပါသည်။
တရုတ်တိုင်းရင်းဆေးပညာ မေဂျာကျောင်းသားများမှာ စုစုပေါင်း ၁၀ ယောက်ပင် မပြည့်သလောက်ဖြစ်နေတော့ သည်။
ယဲ့ရှောင်ရှောင် တရုတ်တိုင်းရင်းဆေးပညာ မေဂျာကိုယူ ထားကြောင်း သိရှိလိုက်ရသောအခါ အဆောင်ဖော်များ အံ့အားသင့်သွားခဲ့ကြပါသည်။
ဝမ်ကျောင်းသည် ယဲ့ရှောင်ရှောင်ဘေးတွင်ထိုင်ရင်း ရေဇလုံထဲတွင် ခြေထောက်ကို စိမ်ကာ မေးမြန်းလိုက်သည်။
“ဘာလို့ အနောက်တိုင်းဆေးပညာကို မယူတာလဲ၊ ခုချိန်မှာ အနောက်တိုင်းဆေးပညာက အရမ်းကို အဆင့်မြင့်နေတာနော်”
ယဲ့ရှောင်ရှောင် ပြန်ဖြေသည်။
“ဘယ်ပညာကိုပဲသင်သင် ကိုယ်ပိုင်အစွမ်းအစပေါ်မှာပဲ မူတည်တာပါ၊ ငါတော့ တရုတ်တိုင်းရင်းဆေးပညာဆိုတာ အရမ်းကောင်းတယ်လို့ ထင်မိတယ်”
ဝမ်ကျောင်း ပြုံးလိုက်သည်။
“ဘယ်လိုလုပ် တူမှာလဲ၊ နင်သာ တရုတ်တိုင်းရင်းဆေးပညာကို လေ့လာမယ်ဆိုရင် ဘွဲ့ရတဲ့အခါ အလုပ်ကောင်းကောင်း ရမှာ မဟုတ်ဘူး”
ယဲ့ရှောင်ရှောင်မှာမူ အလုပ်အကိုင်အတွက် စိတ်ပူစရာမလို အပ်ပါ။
သူမ ဆရာကြီးတွင် သူမရောက်လာမည့် အချိန်ကိုအသင့်စောင့်ကြိုနေသည့် ဆေးဆိုင်တစ်ဆိုင်ရှိနေပြီး ထိုဆေးဆိုင်ကလည်း အချိန်မရွေး ပိတ်သိမ်းရမည့် ပုံစံမျိုးမဟုတ်ပေ။
ဝမ်ကျောင်းသည် ခြေထောက်ဆေးပြီးနောက် စင်္ကြန်လမ်းရှိ လက်ဆေးကန်တွင် ရေသွားသွန်ရန် မတ်တပ်ထရပ်လိုက်သည်။
သူမသည် ခေါင်းကိုငုံ့ထားပြီး လမ်းကို သေသေချာချာမကြည့်ခဲ့မိပေ။ ထို့ကြောင့် အခန်းထဲဝင်လာသည့် လီမိန့်ရူနှင့် တိုက်မိသွားတော့သည်။
ဇလုံထဲမှ ရေများမှာ လွင့်စင်သွားပြီး လီမိန့်ရူ ကုတင်တစ်ခုလုံး စိုရွှဲသွားလေတော့သည်။
“အား!!! ဝမ်ကျောင်း! နင်တမင်သက်သက် လုပ်တာမလား!”
ဝမ်ကျောင်း စိုရွှဲနေသော အိပ်ရာကိုကြည့်ကာ ပြောလိုက်သည်။
“နင် မပြောမဆိုနဲ့ ဝင်လာလို့ ငါတိုက်မိသွားတာလေ၊ အဲ့လောက် တိုက်ဆိုင်မယ်လို့ ငါက ဘယ်ထင်မှာလဲ”
လီမိန့်ရူသည် လက်ထဲမှ ဇလုံကို ချကာ ဝမ်ကျောင်းအား တွန်းထုတ်လိုက်သည်။
သူမကုတင်ပေါ်ရှိ အိပ်ရာခင်းမှာ လုံးဝ စိုရွှဲနေပါပြီ။
ကံကောင်းစွာဖြင့် ဆောင်းဦးရာသီဖြစ်သော်ငြား မြို့တော်၏ ဆောင်းဦးကျားဟုခေါ်သည့် အပူရှိန်က ပြင်းထန်နေဆဲဖြစ်ရာ စိုရွှဲသွားသည့် အိပ်ရာခင်းကြောင့် အေးခဲသွားမည်တော့ မဟုတ်ပေ။
လီမိန့်ရူ အားသိပ်မသုံးခဲ့သော်လည်း ဝမ်ကျောင်းမှာမူ ကြမ်းပြင်ပေါ်သို့ ချက်ချင်းလဲကျသွားခဲ့သည်။
“ငါ့ခြေထောက်… အီးဟီးဟီး… ငါ့ခြေထောက်နာသွားပြီ!’
လီမိန့်ရူက လျစ်လျူသာရှုထားသော်လည်း ဝမ်ကျောင်းက ဆက်အော်ငိုနေပါသည်။
“ငါ့ခြေချင်းဝတ်လိမ်သွားပြီ! မနက်ဖြန် စစ်သင်တန်း လေ့ကျင့်ရေးဘယ်လိုဆင်းရတော့မလဲ!”
ထိုငိုသံကြောင့် အဆောင်မှူးပင်ရောက်ရှိလာသည်။
ဝမ်ကျောင်း အခြေအနေကိုမြင်သောအခါ သူမကို ကျောင်းဆေးခန်းကို အလျင်အမြန်ပို့ဆောင်ပေးဖို့ အမိန့်ပေးလိုက်သည်။
လီမိန့်ရူမှာလည်း သာမန်တွန်းလိုက်ရုံနှင့် ဤမျှအခြေအနေ ဆိုးရွားသွားလိမ့်မည်ဟု ထင်မထားခဲ့သဖြင့် ဝမ်ကျောင်းနှင့်အတူလိုက်ပါသွားရတော့သည်။
အဆောင်ခေါင်းဆောင်အသစ်ဖြစ်လာသည့် ဟယ်ကျင်းသည်လည်း သူမတို့နှင့်အတူတူ လိုက်သွားရပါသည်။
ယဲ့ရှောင်ရှောင်နှင့် ကျန်ခဲ့သည့် အဆောင်ဖော်များက လီမိန့်ရူ၏ အိပ်ရာခင်းကို ဝရံတာတွင် လှမ်းထားပေးရန် ကူညီပေးလိုက်ကြသည်။
“ဝမ်ကျောင်းက တော်တော်လည်တာပဲနော်၊ ဒါဆို သူမနက်ဖြန် လေ့ကျင့်ရေး ဆင်းစရာမလိုတော့ဘူးပေါ့ ဟုတ်လား”
ရှားလီက တီးတိုး မေးလိုက်သည်။
ထန်ရှို့ရှို့က ခက်ထန်စွာ ပြန်ပြောလိုက်ပါသည်။
“ကျောင်းဆေးခန်းဆိုတာ ဟန်ပြမှ မဟုတ်တာ၊ ဟန်ဆောင်ပန်ဆောင် ရောဂါထူပြတာက ကျောင်းသားတစ်ယောက်အတွက် ဂုဏ်သိက္ခာမရှိဘူး၊ ပြီးတော့ သူတကယ်ဟန်ဆောင်နေတာ ဟုတ်၊ မဟုတ် အတိအကျပြောဖို့ နင်တို့မှာလည်း သက်သေမရှိဘူးလေ”