← Chapters

အခန်း ၂၈၇

Vol. 29 Ch. 287

အခန်း ၂၈၇

Vol. 29 Ch. 287

📗 Chapter 287

“ရှင်နဲ့ တိုင်ပင်စရာ ကိစ္စရှိတယ်”

ကျန်ရှောင်းချွင်းနှင့် ပတ်သက်သည့် သံသယဖြစ်စရာ အချက်များအကြောင်း လုဟန်ချွမ်အား ယဲ့ရှောင်ရှောင် ပြောပြလိုက်သည်။

ယဲ့ရှောင်ရှောင်၏ စကားကို ကြားပြီးနောက် လုဟန်ချွမ် ခေတ္တ မှိုင်တွေသွားခဲ့ရလေသည်။

ဤအရာအားလုံးမှာ ယဲ့ရှောင်ရှောင်၏ ခန့်မှန်းချက်အဆင့်သာ ရှိသေးပြီး ခိုင်လုံသော သက်သေအထောက်အထားဟူ၍ လုံးဝ မရှိသေးချေ။

သို့သော် လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်၏ အကဲခတ်နိုင်စွမ်းကို အကြွင်းမဲ့ ယုံကြည်ပြီး တစ်ဖက်လူအား ပုဂ္ဂိုလ်ရေးအရ မကျေနပ်၍ တမင်သက်သက် ဂုဏ်သိက္ခာညှိုးနွမ်းအောင် ကြံစည်နေခြင်းဖြစ်မည်ဟု လုံးဝ မထင်ခဲ့ပေ။

လုဟန်ချွမ် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

“ဒီကိစ္စကို ကိုယ်ရှင်းလိုက်မယ်”

“ဘယ်လိုရှင်းမှာလဲ၊ သူ့ကို ချက်ချင်း သွားဖမ်းတော့မှာလား”

လုဟန်ချွမ်က တိုးညှင်းစွာ ရယ်မောသည်။

“သက်သေမရှိဘဲ ဖမ်းလိုက်တာက အမြန်ဆုံးနည်းလမ်းဆိုပေမယ့် ကိုယ်တို့နှစ်ယောက်ပေါင်းပြီး သူများကို အနိုင်ကျင့်နေတယ်လို့ လူတွေ ထင်သွားကြလိမ့်မယ်၊ ကျန်ရှောင်းချွင်းက သုတေသန ဌာနနားမှာ အမြဲတမ်း တဝဲလည်လည် လုပ်နေတာဆိုတော့ သူ့ကို အခွင့်အရေးတစ်ခုလောက် ပေးကြည့်ကြတာပေါ့”

လုဟန်ချွမ်၏ ရည်ရွယ်ချက်ကို ယဲ့ရှောင်ရှောင် နားလည်သွားခဲ့သည်။

ထိုကဲ့သို့ အစီအစဉ်မျိုးကို လုဟန်ချွမ်ကဲ့သို့ လုပ်ပိုင်ခွင့် အာဏာရှိသူမှသာ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ပါလိမ့်မည်။

စစ်တပ်နှင့် သုတေသနဌာနသည် စီမံခန့်ခွဲ့မှု စနစ်ချင်း မတူညီကြပေ။ ထို့ကြောင့် ဤကိစ္စကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ဖို့အတွက် သုတေသနဌာနနှင့်လည်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသေးသည်။

မကြာမီမှာပင် လုဟန်ချွမ်က လုံခြုံရေးကို ရည်ရွယ်ချက်ရှိရှိ လျှော့ချပေးလိုက်သဖြင့် ကျန်ရှောင်းချွင်းသည် ယခင်က ချဉ်းကပ်ခွင့်မရခဲ့သော နေရာများကိုပင် ဝင်ရောက်ခွင့် ရရှိသွားကြောင်း သတိပြုမိသွားခဲ့သည်။

ထို့နောက်ပိုင်းတွင်လည်း အခွင့်အရေးတစ်ခု ထပ်မံ ပေါ်ပေါက်လာခဲ့သေးသည်။

သုတေသနဌာနအတွင်း စမ်းသပ်မှုတစ်ခု လုပ်ဆောင်နေကြစဉ် အသေးစားပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

အဆောက်အဦးအတွင်းရှိ သုတေသနပညာရှင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသဖြင့် ဒဏ်ရာရရှိသူများအား ဆေးကုသမှု အကူအညီပေးရန် အရပ်သားဆေးခန်းမှ တာဝန်ရှိသူများကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ခဲ့ရသည်။

ယန်ကျွမ်း၊ ယဲ့ရှောင်ရှောင်၊ လီကျန်းနှင့် ကျန်ရှောင်းချွင်းတို့အားလုံး သုတေသနဌာနသို့ ချက်ချင်း ဦးတည်ထွက်ခွာခဲ့ရပါသည်။

ယဲ့ရှောင်ရှောင်သည် ဒဏ်ရာရရှိသူတစ်ဦးကို ပတ်တီးစည်းပေးရန် အလုပ်ရှုပ်နေစဉ်အချိန်အတွင်း ကျန်ရှောင်းချွင်းသည် ရှုပ်ထွေးလှသည့် အခြေအနေကို အခွင့်ကောင်းယူကာ ဓာတ်ခွဲခန်းတစ်ခုလုံးကို မသိမသာ အကဲခတ် ကြည့်ရှုနေခဲ့သည်။

နောက်ဆုံးတွင် ကြမ်းပြင်ပေါ်၌ ပြန့်ကြဲနေသော ဒေတာအချက်အလက်ဇယားအချို့ကို သူမ တွေ့ရှိသွားခဲ့သည်။

လူတိုင်း မမြင်နိုင်သည့် မျက်ကွယ်ဇုန်တစ်ခုကို အသုံးပြုလျက် ထိုစာရွက်များကို ဂရုတစိုက် ကောက်ယူကာ အဝတ်အစားများထဲသို့ ထိုးထည့်၍ ဝှက်ထားလိုက်တော့သည်။

ဓာတ်ခွဲခန်း ပေါက်ကွဲမှုမှာ အသေးစားသာဖြစ်၍ ထိခိုက်ဒဏ်ရာ ရရှိထားသူများမှာလည်း အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြပေ။

ယဲ့ရှောင်ရှောင်တို့ ရောက်ရှိမလာမီကပင် ဤနေရာရှိ အရေးကြီး အချက်အလက်များကို စနစ်တကျ စစ်ဆေးဖယ်ရှားထားပြီးသား ဖြစ်သည်။

ထို့ကြောင့် ကျန်ရှောင်းချွင်း တွေ့ရှိသွားသော စာရွက်စာတမ်းများမှာ သူမကို မြင်စေချင်၍ ပြသထားသော အရာများသာ ဖြစ်ကြပေလိမ့်မည်။

ဆေးကုသမှု လုပ်ငန်းစဉ်များ ပြီးဆုံးသွားသောအခါ ဆရာဝန်များနှင့် သူနာပြုများ ပြန်လည်ထွက်ခွာရန် ပြင်ဆင်ကြသည်။

သုတေသနဌာနအတွင်း လုံခြုံရေး အလွန်တင်းကျပ်လှရာ စင်္ကြံလမ်းအတိုင်း လျှောက်လှမ်းရာတွင်မူ လက်နက်အပြည့် ကိုင်ဆောင်ထားသော စစ်သားများ၏ လိုက်ပါစောင့်ကြပ်ခြင်းကို ခံယူရသည်။

ကျန်ရှောင်းချွင်းတစ်ယောက် အလွန်ထိတ်လန့်တုန်လှုပ်နေမိပါသည်။

သူမသည် တရုတ်နိုင်ငံဖွားစစ်စစ်တစ်ဦး ဖြစ်ပြီး နောက်ခံသမိုင်းကြောင်းတွင်လည်း ပြဿနာတစ်စုံတရာ မရှိခဲ့ချေ။ သို့သော် သူမ ကျောင်းတက်နေသည့် ကာလအတွင်း လူတစ်ဦးက သူမထံသို့ ရုတ်တရက် ချဉ်းကပ်လာခဲ့သည်။

သူတို့ ခိုင်းစေသည့် တာဝန်ကို လုပ်ဆောင်ပေးမည်ဆိုပါက ငွေအမြောက်အများ ရရှိမည်ဟု ကမ်းလှမ်းခဲ့သည်။

ထိုစဉ်က သူမ၏ မိသားစုမှာ ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်နေရသဖြင့် တစ်ဖက်လူ ပေးအပ်သော ငွေများက သူမ၏ ပညာရေး ခရီးလှမ်းကို ဆုံးခန်းတိုင်အောင် လျှောက်လှမ်းဖို့အတွက် များစွာ အထောက်အကူ ပြုခဲ့ပါသည်။

ထို့အပြင် တန်ဖိုးမရှိလှသော အချက်အလက်လေးတစ်ခုကို ရှာဖွေပေးရုံဖြင့် နောင်အနာဂတ်တွင် သုံးမကုန်နိုင်အောင် များပြားသော ငွေကြေးများကို ရရှိလိမ့်မည်ဟု မက်လုံးပေးခဲ့သည်။

အကယ်၍ နိုင်ငံတွင်း၌ ဆက်နေဖို့ မဖြစ်နိုင်တော့လျှင်ပင် နိုင်ငံခြားသို့ အလွယ်တကူ ထွက်ခွာနိုင်သည်ဟုလည်း ဆွဲဆောင်ခဲ့သည်။

ထိုကဲ့သို့သော မက်လုံးများမှာ အရွယ်ရောက်ကာစ မိန်းကလေးငယ်တစ်ဦးအတွက် ငြင်းဆန်ရန် လုံးဝ မဖြစ်နိုင်ခဲ့သဖြင့် တစ်ဖက်လူအတွက် အလုပ်လုပ်ပေးရန် ကျန်ရှောင်းချွင်း ရွေးချယ်ခဲ့ပါသည်။

ကျန်ရှောင်းချွင်းတစ်ယောက် အတိတ်ကို ပြန်လည်တွေးတောနေစဉ် ရှေ့တွင် လမ်းလျှောက်နေသည့် အခြားသူများ ရုတ်တရက် ရပ်တန့်သွားကြသည်ကို သတိထားမိသွားခဲ့သည်။

အားလုံး၏ ရှေ့တွင် သုတေသနဌာနအတွင်းရှိ ဆေးဘက်ဆိုင်ရာဇုန်၏ ထွက်ပေါက် ရှိနေပါသည်။

“ဘာ… ဘာတွေဖြစ်နေတာလဲဟင်”

စိတ်ဖိစီးလွန်းသဖြင့် စကားများပင် ထစ်ငေါ့နေသော ကျန်ရှောင်းချွင်းကို ကြည့်ကာ ယန်ကျွမ်းက နှစ်သိမ့်ပေးလိုက်သည်။

“ဘာမှမဖြစ်ပါဘူး၊ ဒီတိုင်း လုံခြုံရေးအရ စစ်ဆေးတာ၊ စိတ်မပူနဲ့”

ကျန်ရှောင်းချွင်း: “စစ်ဆေးတာ ဟုတ်လား”

ယန်ကျွမ်းက ရှင်းပြသည်။

“ဟုတ်တယ်၊ သုတေသနဌာနထဲမှာ ရှိတဲ့ ဒေတာတွေ အချက်အလက်တွေ အားလုံးက နိုင်ငံတော်အဆင့် လျှို့ဝှက်ချက်တွေလေ၊ အခုဝင်လာတဲ့လူတွေထဲက မယူသင့်တာကို ယူသွားတဲ့လူတွေ ရှိမှာစိုးလို့ စစ်ဆေးဖို့ လိုအပ်တာပါ”

ဤနေရာသို့ ဝင်လာစဉ်ကလည်း တင်းကျပ်သော စစ်ဆေးမှုများကို ခံယူခဲ့ရကြောင်း ယန်ကျွမ်း ပြောပြချင်ခဲ့သည်။

သို့သော် အခြေအနေများက အရေးပေါ် ဖြစ်နေခြင်းကြောင့် ဝင်ခွင့်စစ်ဆေးမှုမှာ ယခင်ကလောက် အသေးစိတ် မကျခဲ့ခြင်းသာ ဖြစ်ပါသည်။

ဤကဲ့သို့ လုပ်ငန်းစဉ်မျိုး ရှိလိမ့်မည်ဟု ကျန်ရှောင်းချွင်း လုံးဝ ထင်မှတ်မထားခဲ့ပေ။ သို့သော်လည်း သူမစိတ်ထဲတွင် မျှော်လင့်ချက် အနည်းငယ်တော့ ရှိနေပါသေးသည်။

ဝင်လာစဉ်က ဆေးသေတ္တာများကို အပေါ်ယံသာ စစ်ဆေးခဲ့ကြသဖြင့် ယခု ပြန်ထွက်ချိန်တွင်လည်း ထို့နည်းတူပင် ဖြစ်လိမ့်မည်ဟု ယူဆထားခဲ့သည်။

ထို့ကြောင့် စစ်ဆေးရေး အရာရှိများက သူမကို အပေါ်ထပ် အနွေးထည်ချွတ်ဖို့ ညွှန်ကြားလိုက်သောအခါ ကျန်ရှောင်းချွင်းတစ်ယောက် လုံးဝ ဆွံ့အသွားခဲ့ရတော့သည်။

ကျန်ရှောင်းချွင်း၏ စိတ်ထဲတွင် သူမကိုယ်ပေါ်ရှိနေသည့် ပစ္စည်းများကို ရှာတွေ့သွားတော့မည်ဟူသော ကြောက်စိတ်များဖြင့် ပြည့်နှက်သွားခဲ့သည်။

သို့သော် ယခုချိန်တွင် လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်၌ ထွက်ပြေးလွတ်မြောက်ရန် လမ်းစ လုံးဝ မရှိချေ။

ဝင်ပေါက်တွင် စောင့်ကြပ်နေသော ကင်းသမားအားလုံးမှာလည်း သေနတ်များကိုယ်စီ ကိုင်ဆောင်ထားကြသည်။ အကယ်၍ သူမထွက်ပြေးဖို့ ကြိုးစားလိုက်သည်နှင့် ကျိန်းသေပေါက် အသက်ပျောက်သွားရပေလိမ့်မည်။

မူလက စစ်ဆေးရေး အရာရှိများမှာ တာဝန်အရ ပေါ့ပေါ့ပါးပါး စစ်ဆေးနေခြင်းသာ ဖြစ်သော်ငြား ကျန်ရှောင်းချွင်း၏ ပျာယာခတ်သွားသော အမူအရာကို မြင်သောအခါ သူတို့သည်လည်း အနည်းငယ် တင်းမာသွားခဲ့ကြသည်။

“ရဲဘော် ကျန်ရှောင်းချွင်း၊ ကျေးဇူးပြုပြီး အနွေးထည်ကို ချွတ်ပေးပါ”

ကျန်ရှောင်းချွင်းတစ်ယောက် အပေါ်ထပ် အနွေးထည်ကို တုန်တုန်ယင်ယင်ဖြင့် ချွတ်ပေးလိုက်ရသည်။ ကြောက်စိတ်များ အလွန်ပြင်းထန်နေသဖြင့် လက်ချောင်းများမှာလည်း ထိန်းမနိုင် သိမ်းမရ တုန်ယင်နေခဲ့ပါသည်။

နောက်ဆုံးကြယ်သီးကို ဖြုတ်လိုက်ပြီးနောက် အရာရှိများက အနွေးထည်ကို ကူချွတ်ပေးလိုက်ကြသည်။

ထို့နောက် ဂွမ်းခံအနွေးထည်၏ အတွင်းဘက်အလွှာထဲတွင် လျှို့ဝှက်ချုပ်လုပ်ထားသော အိတ်ကပ်တစ်ခုအတွင်းမှ အချက်အလက် ဒေတာဇယား ၅ ‌စောင်ကို ရှာတွေ့ကာ ဆွဲထုတ်လိုက်ကြတော့သည်။

“ဒါဘာတွေလဲ”

“ကျွန်… ကျွန်မ မသိပါဘူး”

ကျန်ရှောင်းချွင်းသည် ယခုအချိန်တွင် အမှန်တကယ် ထွက်ပြေးချင်စိတ် ဖြစ်မိသော်လည်း အရာရှိများက သူမကို ဖမ်းချုပ်ကာ အဖွဲ့အတွင်းမှ သီးသန့်ခွဲထုတ်၍ ခေါ်ဆောင်သွားခဲ့တော့သည်။

ကျန်ရှောင်းချွင်းသည် စခန်းတွင် ပထမဆုံးပေါ်ပေါက်လာသည့် နိုင်ငံခြားသားနောက်ခံရှိသည့် သူလျှိုမဟုတ်ပေ။

သုတေသန ဌာနမှာ ဤကဲ့သို့သော ကိစ္စများကို ကိုင်တွယ်ရာ၌ အလွန်အတွေ့အကြုံ ရင့်ကျက်ပြီးသား ဖြစ်ပေသည်။

ကျန်ရှောင်းချွင်းတစ်ယောက် အချိန်အတော်ကြာသည်အထိ ပြန်ရောက်မလာသည်ကို မြင်သောအခါ ယန်ကျွမ်းနှင့် လီကျန်းတို့နှစ်ယောက် ပို၍ ဇဝေဇဝါ ဖြစ်သွားခဲ့ကြသည်။

ထိုမိန်းကလေးမှာ လက်ပူးလက်ကြပ် ဖမ်းဆီးခြင်း ခံလိုက်ရခြင်းဖြစ်ကြောင်း ယဲ့ရှောင်ရှောင်တစ်ဦးတည်းသာ သိရှိနေခဲ့ပါသည်။

ဤခေတ်ကာလတွင် သူလျှိုများအား မည်သို့ ကိုင်တွယ်အပြစ်ပေးသည်ကို သူမ သေချာ မသိသော်လည်း ပုံမှန်အားဖြင့် နိုင်ငံတော် လုံခြုံရေးဝန်ကြီးဌာနထံ အစီရင်ခံတင်ပြကာ စစ်ဆေးမေးမြန်းပြီးမှ ပြစ်ဒစ်ချမှတ်လေ့ ရှိပါသည်။

သုတေသနဌာနအတွင်းသို့ ဝင်လာစဉ်က လူလေးဦး ရှိသော်လည်း ပြန်ထွက်လာချိနတွင်မူ သုံးဦးသာ ကျန်ရှိတော့သည်။

လီကျန်းက ယဲ့ရှောင်ရှောင်၏ လက်ကို အနည်းငယ် လှုပ်ယမ်းလျက် မေးမြန်းလိုက်သည်။

“ကျန်ရှောင်းချွင်းမှာ ပြဿနာရှိနေတာကို နင်ကြိုသိနေတာလား”

ကျန်ရှောင်းချွင်း ရုတ်တရက်ပျောက်ကွယ်သွားရသည့် အကြောင်းအရင်းကို ယန်ကျွမ်းနှင့် လီကျန်းတို့ နှစ်ဦးစလုံး သိရှိခဲ့ရပါပြီ။

သူတို့ဘေးတွင် တစ်ချိန်လုံး ရှိနေခဲ့သူမှာ သူလျှိုတစ်ယောက် ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြပေ။

ယဲ့ရှောင်ရှောင်: “အရင်က သံသယဖြစ်တဲ့ အဆင့်ပဲ ရှိတာပါ၊ ကျန်ရှောင်းချွင်းရဲ့ အခြေအနေက တခြားသူတွေနဲ့ အများကြီး ခြားနားနေလို့လေ”

လီကျန်းက ညည်းညူသည်။

“သူလျှိုတစ်ယောက်ဖြစ်နေမှန်းသာ ကြိုသိခဲ့ရင် ငါတို့ သူ့ကို အဲ့လောက်ထိ ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေစရာလိုလို့လား! ပြီးတော့ ဟိုတလောက စခန်းထဲမှာ ပျံ့နေတဲ့ ကောလဟာလတွေကြောင့် ငါသာ စိတ်မာတဲ့လူမဟုတ်ရင် စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမိတာ ကြာပြီ၊ ငါနစ်နာကြေး ပြန်တောင်းရမယ်!”

လီကျန်းတစ်ယောက် ယခုကဲ့သို့ အချိန်မျိုးတွင်ပင် ငွေအကြောင်း တွေးတောနိုင်သေးသည်ကို ကြည့်ရင်း သူမအတွက် မည်သည့်နစ်နာကြေးမှ လိုအပ်လိမ့်မည်မဟုတ်ဟု ယဲ့ရှောင်ရှောင် ခံစားလိုက်ရသည်။

ယန်ကျွမ်းက လီကျန်းထက်ပင် ပိုမို မယုံကြည်နိုင် ဖြစ်နေပါသေးသည်။

“ရဲဘော် ကျန်ရှောင်းချွင်းက တကယ်သူလျှိုတစ်ယောက် ဖြစ်နေတာလား၊ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတစ်ယောက်က ဘာလို့ အဲ့လိုလုပ်ရပ်မျိုး လုပ်ရတာလဲ”

လီကျန်းက မဲ့ပြုံးပြုံးလျက် ဆိုသည်။

“ဘာတွေထူးဆန်းနေတာလဲ၊ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် မကောင်းမှုကို လုပ်ချင်ရင် လုပ်လို့ရနေတာပဲ”

မည်သို့ပင်ဆိုစေကာမူ လောကကြီးအပေါ် ရှုမြင်သည့် ယန်ကျွမ်း၏ အမြင်များကတော့ အမှန်တကယ် ပြောင်းလဲသွားခဲ့ရပြန်ပါသည်။

နကိုကမှ အသက်အရွယ်ရလာသည့် လူပျိုကြီးတစ်ဦး ဖြစ်သည့်အလျောက် ယခုဆိုလျှင် ရည်းစားရှာဖို့ ပို၍ပင် တွန့်ဆုတ်သွားတော့သည်။

ကျန်ရှောင်းချွင်းနှင့် ပတ်သက်သည့် ဖြစ်ရပ်မှာ လူနည်းစု အသိုင်းအဝိုင်းအတွင်း၌သာ ပျံ့နှံ့သွားခဲ့သည်။

သို့သော် စခန်း၏ စီမံခန့်ခွဲမှုနှင့် စောင့်ကြည့်စစ်ဆေးမှုများမှာမူ ပိုမိုတင်းကျပ်လာခဲ့သည်။ ယခင်က လူအများစု လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်သော ဂိတ်တံခါးများတွင်လည်း လုံခြုံရေးအချို့ကို ထပ်မံတိုးမြှင့်ခဲ့ကြသည်။

အခြေအနေမှန်ကို မသိရှိကြသူများပင်လျှင် ထူးခြားပြီး တင်းမာနေသော အခြေအနေကို သိသိသာသာ ရိပ်စားမိလာခဲ့ပါသည်။

စခန်းအတွင်းရှိ လူနည်းစုသာ ကျန်ရှောင်းချွင်း၏ သရုပ်မှန်ကို သိရှိသွားခဲ့ကြပြီး ၎င်းတို့အနက် ကျမ့်လဲ့ယင်သည်လည်း တစ်ဦးပါအဝင် ဖြစ်ပေသည်။

ဝူထောင်၏ ပြောစကားမှတဆင့် ဖြစ်ကြောင်းကုန်စင်ကို သူမ ကြားသိခဲ့ရသည်။

“ကျန်ရှောင်းချွင်းဆိုတဲ့ မိန်းကလေးက သူလျှိုဖြစ်နေလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ဘူး၊ စခန်းကို ရောက်လာတာက သုတေသနဒေတာ‌တွေကို ခိုးယူဖို့တဲ့၊ ကံကောင်းလို့ စောစော ဖမ်းမိသွားခဲ့တာ၊ ဒီ့ထက်သာ အချိန်ထပ်ဆွဲနေရင် ဘာတွေ ဖြစ်လာမလဲ ဘယ်သူမှ မပြောနိုင်ဘူး”

ဝူထောင်၏ စကားကြောင့် ကျမ့်လဲ့ယင်မှာ ထိတ်လန့်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ရသည်။

ထို့အပြင် တစ်ကိုယ်လုံး တုန်ယင်ကာ ပျာယာခတ်သွားသဖြင့် လက်ချော်သွားပြီး အရက်ပြန်ဆေးပုလင်းကို မတော်တဆ တိုက်မိသွားခဲ့သည်။

ဝူထောင်က ချက်ချင်း ရှေ့သို့ တိုးလာကာ စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်ပါသည်။

“အဆင်ပြေရဲ့လား ဘာဖြစ်တာလဲ”

ကျမ့်လဲ့ယင်၏ လေသံမှာ အလွန်တရာမှ တင်းမာခက်ထန်နေခဲ့သည်။

“ရှင်ဘာပြောလိုက်တာ… ကျန်ရှောင်းချွင်းက ဘာလို့ သူလျှိုဖြစ်ရမှာလဲ”

ဝူထောင်က ပြန်ပြောသည်။

“သုတေသနဌာနထဲက ဒေတာဇယားတွေကို ခိုးယူလို့ အခင်းဖြစ်ပွားတဲ့နေရာမှာတင် သက်သေပစ္စည်းနဲ့အတူ လက်ပူးလက်ကြပ် ဖမ်းမိတာလေ၊ သူလျှိုမဟုတ်ဘဲနဲ့ ဘယ်သူက အဲ့လိုလုပ်ရပ်မျိုး လုပ်မှာလဲ”

ရှင်းပြရင်းနှင့်ပင် ဝူထောင်တစ်စုံတစ်ခုကို သတိရသွားသည်။

“ဒါနဲ့ မင်းအရင်က သူနဲ့ တော်တော်ရင်းနှီးခဲ့တာမလား၊ လိုရမယ်ရ ကြိုပြင်ဆင်ထားဦး၊ အထက်လူကြီးတွေ မင်းကို ဆင့်ခေါ်ပြီး မေးမြန်းလောက်တယ်”

ကျမ့်လဲ့ယင် အလွန်စိုးရိမ် ထိတ်လန့်သွားခဲ့ရသည်။

“သူ… သူ သူလျှိုမှန်း ကျွန်မမှ မသိခဲ့တာ”

ကျမ့်လဲ့ယင်သည် သူလျှိုကိစ္စတွင် အမှန်တကယ် အပြစ်ကင်းစင်သူ ဖြစ်သော်လည်း သူမကိုယ်တိုင် မရိုးသားသော၊ ကောက်ကျစ်သော ရည်ရွယ်ချက်ဖြင့် ကျန်ရှောင်းချွင်းအား စတင်ချဉ်းကပ်ခဲ့စဉ်ကတည်းက မကောင်းမှုလုပ်သူတို့သည် တစ်နေ့တွင် မိမိပြုသည့် ကံအတိုင်း ဝဋ်ပြန်လည်တတ်သည်ဟူသော အမှန်တရားကို သဘောပေါက် နားလည်ထားခဲ့သင့်ပေသည်။

All Chapters