အခန်း ၃၀၅
Vol. 31 Ch. 305
📗 Chapter 305
ယခုဆိုလျှင် ယဲ့ချန်းရှန့်တစ်ယောက် တက္ကသိုလ်တွင် ဘွဲ့နှင်းသဘင်အခမ်းအနား တက်ရောက်နေရပြီ ဖြစ်သည်။
တက္ကသိုလ်ကျောင်းများ တစ်ခုနှင့်တစ်ခု ဘွဲ့နှင်းသဘင် ကျင်းပသည့် အချိန်ဇယားချင်း အနည်းငယ် ကွာဟမှု ရှိနိုင်သော်လည်း ကျောင်းအများစုမှာ ဇူလိုင်လအတွင်း အပြီးသတ်နိုင်အောင် ကြိုးစားကြပါသည်။
သို့သော် ဤအခမ်းအနားက ယဲ့ချန်းရှန့်အတွက် အရေးပါလှသည် မဟုတ်ပေ။ သူငယ်ချင်းများနှင့် စည်ကားသိုက်မြိုက်သော အငွေ့အသက်ကို ဝင်ရောက်ခံစားကြည့်ချင်၍ တက်ရောက်လာခဲ့ခြင်းသာ ဖြစ်သည်။
ယဲ့ချန်းရှန့်မှာ မဟာတန်းဝင်ခွင့် စာမေးပွဲကိုပင် အောင်မြင်သွားခဲ့ပြီဖြစ်ကာ တရားဝင် မလျှောက်ထားရသေးသော်လည်း ပါမောက္ခတစ်ဦး၏ လက်အောက်တွင် ပရောဂျက်တစ်ခုကိုပင် ကူညီလုပ်ဆောင်ပေးခဲ့ရပါသည်။
ထို့ကြောင့် ယဲ့ချန်းရှန့်သည် သူ၏ အချိန်အများစုကို ကျောင်းဝင်းအတွင်း၌သာ ကုန်ဆုံးစေခဲ့သည်။
သူ၏ အဆောင်အခန်းဖော်များအနက် သူနှင့်အတူတူ ဘွဲ့လွန်စာမေးပွဲဝင်ဖြေသူဟူ၍ တစ်ဦးသာ ရှိပြီး ကျန် ၄ ဦးကမူ လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်နေကြပါပြီ။
ကျောင်းအုပ်ကြီး၊ ပါမောက္ခများနှင့် လူရည်ချွန် ကျောင်းသားများမှ မိန့်ခွန်းပြောကြားပြီးနောက် တက္ကသိုလ်မှ စီစဉ်ထားသည့် ဖျော်ဖြေရေးအစီအစဉ်များကို စတင်ခဲ့ကြသည်။
တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများအားလုံး ဗရုတ်ကျလှသော ဖျော်ဖြေတင်ဆက်မှုများကိုကြည့်ရင်း ဝါးလုံးကွဲအောင် ရယ်မောခဲ့ကြရပါသည်။
ယဲ့ချန်းရှန့်ကမူ ဖျော်ဖြေတင်ဆက်မှု ၂ ခုလောက်သာ ကြည့်ရှုခဲ့ပြီး အခမ်းအနားမှ စောစီးစွာ ထွက်ခွာလာခဲ့သည်။
သူငယ်ချင်းများ အတင်းဆွဲခေါ်လာခြင်းကြောင့်သာမဟုတ်လျှင် အစကတည်းက တက်ရောက်လာဖို့ပင် အစီအစဉ်မရှိဘဲ ဓာတ်ခွဲခန်းထဲတွင်သာ အချိန်ဖြုန်းမိပါလိမ့်မည်။
နောက်တစ်နေ့ မနက်မိုးလင်းသောအခါ ယဲ့ချန်းရှန့် အိပ်ရာမထနိုင်မီမှာပင် တံခါးခေါက်သံ ကြားလိုက်ရသည်။
“ချန်းရှန့်ရေ၊ အောက်မှာ မင်းအတွက် ကြေးနန်းစာတစ်စောင် ရောက်နေတယ်”
ယဲ့ချန်းရှန့်၏ အခန်းဖော် ဝမ်ပေါင်နျန်သည် မနက်စာဝယ်ဖို့ အောက်ဆင်းသွားခဲ့စဉ် ယဲ့ချန်းရှန့်အတွက် ရောက်ရှိနေသော ကြေးနန်းစာတစ်စောင်ကို မြင်ကာ တစ်ပါတည်း ယူဆောင်လာခဲ့ပါသည်။
ဝမ်ပေါင်နျန်က စိတ်ဝင်တစား မေးလိုက်သည်။
“ကြေးနန်းစာပို့တာက ဒီလောက်ဈေးကြီးတာကို၊ မင်းဆီ အဲ့လောက်အများကြီး ဘယ်သူပို့ပေးနေတာလဲ”
ယဲ့ချန်းရှန့်လည်း ကြေးနန်းစာကို ချက်ချင်း ဖွင့်ဖတ်ကြည့်လိုက်ပါသည်။
“ငါ့တတိယအစ်ကိုပေါ့”
အမှန်တကယ်ပင် ယဲ့ချန်းနင် ပေးပို့လိုက်သည့် ကြေးနန်းစာဖြစ်ပြီး ယဲ့ချန်းရှန့်အား ပေကျင်းသို့ လာဖို့ တိုက်တွန်းနေခြင်း ဖြစ်သည်။
ယဲ့ချန်းရှန့်နှင့် သူ့အခန်းဖော်တို့မှာ လက်ရှိအချိန်တွင် တက္ကသိုလ်အနီးရှိ အိမ်တစ်လုံးကို အတူတူပူးတွဲငှားရမ်းနေထိုင်နေကြပါသည်။
အကြောင်းမှာ မဟာတန်းတက်ရောက်မည့်သူများအတွက် ကျောင်းဖွင့်မှသာ အဆောင်ခန်းများကို သတ်မှတ်ပေးမည် ဖြစ်ခြင်းကြောင့်ပင်။
ယဲ့ချန်းရှန့်သည် ပါမောက္ခ၏ ပရောဂျက်တွင် ပါဝင်ကူညီပေးနေရခြင်းဖြစ်၍ မူလက အိမ်ပြန်ဖို့ စိတ်ကူးမရှိခဲ့သော်လည်း ယဲ့ချန်းနင်က အသည်းအသန် တိုက်တွန်းနေသဖြင့် ပေကျင်းသို့ တစ်ခေါက်လောက် သွားကြည့်ဖို့ ဆုံးဖြတ်ခဲ့တော့သည်။
လူတိုင်း သဘောကျနှစ်သက်သည့် မြို့တော်ကြီးဖြစ်၍ တစ်ခေါက်လောက် သွားကြည့်လျှင်လည်း သူ့အတွက် အကျိုးမယုတ်နိုင်ပေ။
မနက်စာသွားဝယ်ပြီး ကြေးနန်းစာ ယူဆောင်လာပေးသည့် အခန်းဖော် ဝမ်ပေါင်နျန်မှာ ယဲ့ချန်းရှန့်နှင့်အတူ ဘွဲ့လွန်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့သည့် အတန်းဖော်လည်း ဖြစ်ပါသည်။
သူတို့နှစ်ဦး အဆောင်အခန်းဖော်များ ဖြစ်နေကြသည်မှာ ၄ နှစ်ပင် ကြာခဲ့ပြီဖြစ်ကာ မဟာတန်းတက်ရောက်သည့်အခါတွင်လည်း အခန်းဖော်များအဖြစ် ဆက်ရှိနေကြဦးမည် ထင်ပါသည်။
“ဘာတဲ့လဲ၊ မင်းတတိယအစ်ကိုက မင်းကို ဘာလက်ဆောင်တွေ ပို့ပေးဦးမှာတဲ့လဲ”
ဝမ်ပေါင်နျန်သည် နှစ်တိုင်းဆိုသလို လက်ဆောင်ပစ္စည်းများနှင့် ငွေကြေးများစွာကို အကြိမ်ကြိမ် ပို့ဆောင်ပေးတတ်သည့် ယဲ့ချန်းရှန့်၏ တတိယအစ်ကိုအကြောင်း ကောင်းကောင်းသိထားပါသည်။
လွန်ခဲ့သည့် ၄ နှစ်တာကာလအတွင်း ယဲ့ချန်းရှန့်၏ နေထိုင်မှုအဆင့်အတန်းမှာ သိသိသာသာ မြင့်မားလာခဲ့ရသည်။
တက္ကသိုလ်သို့ ရောက်ခါစက ယဲ့ချန်းရှန့်တွင် ကျေးလက်ဆန်ပြီး ရိုးရှင်းသော အငွေ့အသက်အချို့ ရှိနေခဲ့သော်လည်း ယခုအခါတွင်မူ သူ၏ ဝတ်စားဆင်ယင်ပုံမှစ၍ ကိုယ်ရောင်အရှိန်အဝါတစ်ခုလုံး သူဌေးမိသားစုတစ်စုမှ ဆင်းသက်လာသည့် သခင်လေးတစ်ဦးအလား အလွန် သန့်ပြန့်ခံ့ညားလာခဲ့ပါသည်။
“တတိယအစ်ကိုက ငါ့ကို ပေကျင်းမှာ ရက်ပိုင်းလောက်လာနေဖို့ ခေါ်နေတာ”
ဝမ်ပေါင်နျန်က တိုက်တွန်းသည်။
“သွားပေါ့ကွ၊ ပေကျင်းမြို့ကြီးပဲဥစ္စာ ပျော်စရာကောင်းမှာပါ၊ ဒါပေမယ့် ပါမောက္ခလီရဲ့ ပရောဂျက်ကိုကော ဘယ်လိုလုပ်မလဲ”
ယဲ့ချန်းရှန့်က ရှင်းပြသည်။
“နောက် ၂ ရက်အတွင်း အပြီးသတ်နိုင်မယ်ထင်တာပဲ၊ ငါက တရားဝင် လျှောက်ထားတာမဟုတ်တော့ အခု ပါမောက္ခလီနောက်ကို လိုက်နေတာက ပညာလေ့လာပြီး အတွေ့အကြုံယူတဲ့ သဘောမျိုးပါပဲ”
ဝမ်ပေါင်နျန်က ချေပသည်။
“အဲ့လိုတွေးလို့တော့ ဘယ်ရမလဲ၊ မင်းက ပါမောက္ခလီရဲ့ အဖိုးတန် ကျောင်းသားပဲဥစ္စာ၊ စာတစ်စောင် ရေးရတာပဲ ဆိုရင်တောင် ပါမောက္ခလီက မင်းနာမည်ကို ထည့်သွင်းပေးမှာပါ၊ ဟုတ်တယ်မလား”
ယဲ့ချန်းရှန့်က ပြုံးသည်။
“ဒီလိုပဲ စောင့်ကြည့်ရတာပေါ့”
ပါမောက္ခလီကလည်း အလွန်သဘောကောင်းသူဖြစ်ပါသည်။ ဤခေတ်အခါတွင် ပါမောက္ခအများစုသည် တပည့်ဖြစ်သူတို့၏ သုတေသနရလဒ်များအပေါ်တွင် မိမိတို့၏ အမည်ကို တပ်ကာ နာမည်ကောင်း ဝင်ယူလေ့ရှိကြသည်။
ပါမောက္ခလီကမူ သူ့ကျောင်းသားများကို ကိုယ်ပိုင်စမ်းသပ်မှုများနှင့် သုတေသနလုပ်ငန်းများ လွတ်လပ်စွာ ဆောင်ရွက်ဖို့ အမြဲတမ်း အားပေးအားမြောက် ပြုလေ့ရှိပါသည်။ ရလဒ်များထွက်လာသည့်အခါတွင်လည်း သူ၏ အမည်ကို ထည့်သွင်းခြင်း မရှိဘဲ တပည့်များကိုသာ ဂုဏ်ပြုလေ့ ရှိသည်။
ယဲ့ချန်းရှန့်မှာ ဆရာကောင်းတစ်ဦးနှင့် ဆုံခဲ့ရခြင်းဖြစ်သည်။ သူကိုယ်တိုင်ကလည်း သေးသိမ်သော အကျိုးအမြတ်များကို တွက်ချက်မနေဘဲ စစ်မှန်သော ပညာရပ်ကို လေ့လာဆည်းပူးလိုသည့် စိတ်ဓာတ်ဖြင့်သာ ဆရာဖြစ်သူထံ ချဉ်းကပ်ခဲ့ခြင်း ဖြစ်ပါသည်။
ဝမ်ပေါင်နျန်က ခေါင်းတခါခါဖြင့် ဆိုလိုက်သည်။
“မင်းသဘောပါပဲ၊ ဒါပေမယ့် မင်းပေကျင်းကို သွားရမယ့်ကိစ္စကိုတော့ တကယ်အားကျမိတယ်”
ယဲ့ချန်းရှန့်က ကမ်းလှမ်းသည်။
“နွေရာသီပိတ်ရက်မှာ အိမ်မပြန်ဘူးဆိုရင် ငါနဲ့ ပေကျင်းကို လိုက်ခဲ့လေ”
ဝမ်ပေါင်နျန် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။
“ဟင်၊ ငါ့ကိုပြောတာလား”
သူတို့နှစ်ဦးမှာ ၄ နှစ်တာကာလလုံး ညီအစ်ကိုအရင်းအချာပမာ ရင်းနှီးခဲ့ကြသူများဖြစ်၍ ယဲ့ချန်းရှန့်အတွက် ပြဿနာ မရှိလှပေ။ ထို့ကြောင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ငါနဲ့လိုက်ခဲ့စမ်းပါ၊ မင်းအိမ်ပြန်မှာလည်း မဟုတ်ဘဲနဲ့”
ယဲ့ချန်းရှန့်သည် ယဉ်ကျေးမှုအရ ဟန်ဆောင်ပန်ဆောင် စကားပြောတတ်သူမျိုး မဟုတ်ပေ။ တစ်စုံတစ်ယောက်ကို ဖိတ်ခေါ်လိုက်ပြီဆိုလျှင် စိတ်ရင်းအမှန်ဖြင့် ဖိတ်ခေါ်ခြင်းသာ ဖြစ်ပါသည်။
ဤသို့ဖြင့် သူငယ်ချင်းနှစ်ယောက် ပေကျင်းသို့ အတူတူသွားရောက်ဖို့ သဘောတူညီချက် ရရှိသွားခဲ့တော့သည်။
--- --- ---
ပေကျင်းမြို့ ဘူတာရုံတွင်…
ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းရှန့်ကို ဘူတာရုံတွင် ကားဖြင့် လာကြိုပြီး ယဲ့ချန်းနင်၏ အိမ်သို့ တန်းသွားရန် ရည်ရွယ်ထားပါသည်။
“စတုတ္ထအစ်ကို၊ ဒီဘက်မှာ!”
အနားသို့ ရောက်လာသည့်အချိန်ကျမှ ယဲ့ချန်းရှန့်၏ဘေးတွင် အခြားလူတစ်ယောက်ပါလာသည်ကို ယဲ့ရှောင်ရှောင် သတိပြုမိသွားခဲ့သည်။
“ဒါငါ့သူငယ်ချင်း ဝမ်ပေါင်နျန်တဲ့၊ ဒါငါ့ညီမလေး ယဲ့ရှောင်ရှောင်လေ”
ယဲ့ချန်းရှန့်က သူတို့နှစ်ဦးကို မိတ်ဆက်ပေးလိုက်သည်။
“တွေ့ရတာ ဝမ်းသာပါတယ်”
ယဲ့ရှောင်ရှောင်က ဦးစွာ နှုတ်ဆက်လိုက်ပါသည်။
ယဲ့ရှောင်ရှောင်ကို ကြည့်ရင်း ဝမ်ပေါင်နျန် အလွန်စိတ်လှုပ်ရှားသွားခဲ့ရသည်။ ဤမျှလှပသည့် ကောင်မလေးတစ်ဦးကို သူပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးခြင်းပင်။
ဝမ်ပေါင်နျန် ရှက်ကိုးရှက်ကန်း ပြုံးကာ ပြန်နှုတ်ဆက်လိုက်သည်။
“တွေ့တာဝမ်းသာပါတယ်…”
“ကားထဲဝင်ကြလေ၊ တတိယအစ်ကိုရဲ့ အိမ်ကို အရင်ခေါ်သွားပေးမယ်၊ သူအခု ကုမ္ပဏီအစည်းအဝေးထိုင်နေလို့ သမီးလာကြိုပေးတာ”
ယဲ့ချန်းရှန့်က ခေါင်းညိတ်ထောက်ခံသည်။
ယဲ့ချန်းရှန့်၏ မိသားစုမှာ ဤမျှချမ်းသာလိမ့်မည်ဟု ဝမ်ပေါင်နျန် ထင်မှတ်မထားခဲ့ပေ။ ယခုမြင်နေရသည့် ကားမှာလည်း ဈေးပေါမည့်ပုံစံ မပေါက်ပါ။
ထို့အပြင် ယဲ့ချန်းရှန့်၏ ညီမလေးက သူတို့ထက် ပိုမိုငယ်ရွယ်သူ မဟုတ်ပါလား။
ယဲ့ချန်းနင်၏ ဗီလာသို့ ရောက်ရှိသွားသောအခါ ဝမ်ပေါင်နျန်တစ်ယောက် လောကအမြင်ပိုကျယ်သွားသလို ခံစားလိုက်ရတော့သည်။
“တော်တော် ခမ်းနားတာပဲ…”
အိမ်အကူ အဒေါ်ကြီးက ပစ္စည်းများကို ကူသယ်ပေးပြီး အခန်းများကိုလည်း ကြိုတင်ပြင်ဆင်ပေးထားပါသည်။
“သခင်လေးနဲ့ သခင်မလေးတို့ အိမ်မှာ သက်တောင့်သက်သာ အနားယူကြပါလို့ သခင်လေးယဲ့က မှာသွားပါတယ်၊ နေ့လယ်ကျရင် သူပြန်လာပါလိမ့်မယ်”
‘သခင်လေး’နှင့် ‘သခင်မလေး’ဟူသော အခေါ်အဝေါ်များကြောင့် ယဲ့ချန်းရှန့် အနည်းငယ် နေရခက်သွားသည်။ ငယ်စဉ်အခါကဆိုလျှင် သူတို့အား မည်သူက ထိုသို့ ရဲရဲတင်းတင်း ခေါ်ဆိုဝံ့ပါမည်နည်း။
ယဲ့ချန်းရှန့်က ပြောလိုက်သည်။
“ကျွန်တော့်ကို နာမည်အရင်းအတိုင်း ခေါ်လို့ရပါတယ်၊ ကျွန်တော့်နာမည် ချန်းရှန့်ပါ”
အိမ်အကူအားလုံးကို ယဲ့ချန်းနင်ကိုယ်တိုင် စနစ်တကျ သင်တန်းပေးထားခြင်းဖြစ်၍ မည်သူကမှ စည်းမဲ့ကမ်းမဲ့ မပြောဆိုရဲကြပေ။
ထို့ကြောင့် အိမ်အကူအဒေါ်ကြီးမှာ အပြုံးဖြင့် ခေါင်းသာညိတ်ပြလိုက်ပြီး အနားယူရမည့် အခန်းများသို့ ယဲ့ချန်းရှန့်အား လိုက်လံ ပြသပေးခဲ့ပါသည်။
ယဲ့ချန်းနင်၏ ဗီလာသို့ လုပ်ငန်းရှင် ပါတနာများ မကြာခဏ ဝင်ထွက်သွားလာလေ့ရှိသဖြင့် ထိုသို့ ခေါ်ဝေါ်ခြင်းမှာ ပြဿနာတော့ မရှိလှပေ။
နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး စတင်ခဲ့သည်မှာ ၁၀ နှစ်ကျော်ပင် ကြာခဲ့ပါပြီ။ နိုင်ငံတော်ကလည်း နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။
အနောက်တိုင်း ယဉ်ကျေးမှုများ၏ လွှမ်းမိုးလာမှုကြောင့် ပြည်သူများ၏ နေထိုင်မှုဘဝပုံစံများက တဖြည်းဖြည်း ကွဲပြားလာခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ ယဲ့ရှောင်ရှောင်သည်လည်း ‘သခင်မလေး’ဟူသော အခေါ်အဝေါ်ကို အသားမကျလှပါ။
ဝမ်ပေါင်နျန်အတွက်လည်း အခန်းတစ်ခန်း စီစဉ်ပေးထားပါသည်။ ဧည့်သည်အခန်းဖြစ်သော်ငြား အလွန် ခမ်းနားလှပေသည်။
အခန်းထဲတွင် ပစ္စည်းများကို နေရာချပြီးနောက် ယဲ့ချန်းရှန့်အား သူသွားတွေ့ခဲ့သည်။
“ချန်းရှန့်၊ မင်းမိသားစု ဘယ်လောက်ချမ်းသာလဲဆိုတာ ငါလျှော့တွက်ခဲ့မိတာပဲ”
ယဲ့ချန်းရှန့်က ရှင်းပြသည်။
“အဲ့လိုမဟုတ်ပါဘူး၊ ဒါ ငါ့တတိယအစ်ကိုရဲ့ အိမ်လေ၊ သူ့လုပ်ငန်းတွေ အောင်မြင်လာတာ သိပ်မကြာသေးဘူး”
“ငါသိပါတယ်၊ မင်းအစ်ကိုက စီးပွားရေးလောကထဲကို ခြေစုံပစ်ဝင်ခဲ့တာမလား၊ ဒီခေတ်ကြီးထဲမှာ လူတော်တော်များများက ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး ချမ်းသာလာကြတာပဲ၊ ငါ့မိဘတွေဆိုရင်လည်း စက်ရုံက အလုပ်တွေနဲ့ ရေရှည်ရပ်တည်ဖို့ ခက်ခဲလာပြီ၊ နိုင်ငံပိုင်စက်ရုံတွေ ဘယ်အချိန်မှာ ပိတ်သိမ်းသွားမလဲဆိုတာ မသိနိုင်ဘူးလို့ ခဏခဏ ညည်းတွားနေကြတာ”
ဝမ်ပေါင်နျန်သည် ဝန်ထမ်းမိသားစုမှ ဆင်းသက်လာသူတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်ကဆိုလျှင် ထိုအခြေအနေမှာ လူတကာ အားကျရသည့် အခြေအနေဖြစ်သော်ငြားလည်း ယခုအချိန်တွင်မူ ကိုယ်ပိုင်လုပ်ငန်းများစွာ ပေါ်ပေါက်လာပြီး ချမ်းသာကြွယ်ဝသူများလည်း အလွန်များပြားလာခဲ့ပြီဖြစ်ရာ မည်သူကမှ အစိုးရဝန်ထမ်း အလုပ်များကို အထင်မကြီးကြတော့ပေ။
ကုန်ဈေးနှုန်းများက ကြီးမြင့်လာသော်လည်း လစာများကမူ ရေသေလို ရပ်တန့်နေဆဲပင်။ ထိုပြဿနာမှာ ဤခေတ်အခါကတည်းက သိသိသာသာ ပေါ်ပေါက်နေခဲ့ပါပြီ။
“အဲ့လိုစက်ရုံတွေဆိုတာ အလွယ်တကူ ပိတ်သိမ်းလို့ရမယ့် နေရာတွေလားကွ၊ မင်းပစ္စည်းတွေ နေရာချပြီးပြီလား၊ ပင်ပန်း ခဏလောက်နားလိုက်ဦးလေ၊ ငါတော့ အောက်ထပ်မှာ ရှောင်ရှောင်နဲ့ စကားသွားပြောဦးမယ်”
ဝမ်ပေါင်နျန်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် အိပ်ချင်စိတ် လုံးဝ မရှိပေ။
“ငါမပင်ပန်းပါဘူးကွာ”
ယဲ့ချန်းရှန့်သည်လည်း ရှောင်ရှောင်နှင့် စကားပြောဆိုဖို့ အလွန်စိတ်အားထက်သန်နေပါသည်။
ယဲ့ရှောင်ရှောင်က သူမဆောင်ရွက်မည့် အစီအစဉ်များကို အစ်ကိုဖြစ်သူအား ရှင်းပြပေးခဲ့သည်။
“စတုတ္ထအစ်ကို၊ သမီးတောင် လက်ထပ်တော့မှာကို အစ်ကိုက ကောင်မလေးမရသေးဘူးလား”
ယဲ့ရှောင်ရှောင်၏ စကားကို ကြားပြီး ယဲ့ချန်းရှန့်က တိတ်ဆိတ်သွားသော်လည်း ဝမ်ပေါင်နျန်က အားတက်သရော ဝင်ပြောလိုက်သည်။
“တက္ကသိုလ်မှာ ချန်းရှန့်ကို ကြိုက်နေတဲ့ ကောင်မလေးတွေ အများကြီးရှိပါတယ်၊ ဒါပေမယ့် သူကတော့ ဘယ်သူ့ကိုမှ ပြန်မကြိုက်ဘူး”
ယဲ့ချန်းရှန့်က ပြောလိုက်သည်။
“တတိယအစ်ကိုတောင် ရည်းစားမရှိသေးတာ ငါက ဘာလို့လောရမှာလဲ”
တတိယအစ်ကို ရည်းစားရမည့်အချိန်အား စောင့်နေမည်ဆိုလျှင် အလွန်နောက်ကျသွားလိမ့်မည်ဟု ယဲ့ရှောင်ရှောင် ခံစားနေရသည်။
မည်သို့ပင်ဆိုစေကာမူ အိမ်ထောင်ရေးကိစ္စများက မိဘများ စိတ်ပူရမည့်ကိစ္စဖြစ်၍ ယဲ့ရှောင်ရှောင် ဆက်မတွေးတော့ဘဲ မိမိကိစ္စကိုသာမိမိ အာရုံပြန်စိုက်လိုက်တော့သည်။
“အိမ်ဝင်းကို ပြန်ဆောက်ပြီးတာနဲ့ အစ်ကိုတို့နှစ်ယောက် သမီးအိမ်မှာ လာနေလို့ရတယ်၊ တတိယအစ်ကိုရဲ့ ဗီလာက နေလို့ကောင်းပေမယ့် ဘယ်ပဲသွားသွား အရမ်းဝေးလွန်းတယ်လေ”
ယဲ့ချန်းရှန့်: “ငါအဲ့လောက်အကြာကြီး နေနိုင်မှာမဟုတ်ဘူး၊ ဒါပေမယ့် နင့်မင်္ဂလာဆောင် ကျင်းပတဲ့ အချိန်ကျရင်တော့ သေချာပေါက် အရောက်လာခဲ့မှာ”