← Chapters

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း ၁၄၅

Vol. 15 Ch. 145

📗 Chapter 145

ကျန်းအိမ်တော်မှ ထွက်လာသောအခါ မှောင်ရီပျိုးနေပြီဖြစ်၍ ယဲ့ရှောင်ရှောင်တို့မောင်နှမများ လျှောက်လည်ဖို့ အဆင်မပြေတော့ပါ။

ယဲ့ချန်းနင်က ဆိုသည်။

“ဒီတစ်ခါတော့ စိတ်အေးနိုင်ပြီမလား၊ ကျန်းဝမ်လင်ရဲ့အမေက လူကောင်းသူကောင်းပုံစံမျိုးပါပဲ”

တစ်ဖက်လူအကြောင်းကို အချိန်တိုအတွင်း အသေးစိတ် သိရှိနိုင်မည် မဟုတ်သော်လည်း အနည်းဆုံးတော့ ကတ်သီး ကတ်သတ်နိုင်သည့် လူကြီးသူမမျိုး မဟုတ်မှန်း သိသာပါသည်။

ယဲ့ရှောင်ရှောင်က စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။

“ပြဿနာကြီးကြီးမားမားတော့ မရှိဘူး”

ဤသို့ဖြင့် မောင်နှမသုံးဦး၏ လူကဲခတ်ခြင်းမစ်ရှင်မှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့တော့သည်။

ယဲ့ချန်းနင်လည်း အလေလိုက်ဖို့ အစီအစဉ်မအောင်မြင်သဖြင့် ညီနှင့် ညီမဖြစ်သူတို့ကို ခေါ်ပြီး ညစာသာ သွားစားခဲ့တော့သည်။

ယနေ့တစ်နေကုန် လက်ဆောင်များလိုက်ပေးခြင်း၊ စားခြင်းသောက်ခြင်းဖြင့်သာ ကုန်ဆုံးခဲ့ရသည်ဟု ခံစားရသည်။

“သမီးပေကျင်းကိုဖုန်းဆက်ဖို့ နေရာရှာရဦးမယ်”

မကြာမီ ပေကျင်းမြို့သို့ ပြန်ရတော့မည်ဖြစ်ရာ လုဟန်ချွမ်အားဆက်သွယ်ပြီး ရထားလက်မှတ်များ ကြိုဖြတ်ထားဖို့ အကြောင်းကြားရပါမည်။

“စတုတ္ထအစ်ကိုလည်း သမီးတို့နဲ့ ပေကျင်းကို လိုက်ခဲ့ပါလား၊ အိမ်မှာအရေးကြီးကိစ္စလည်းရှိတာ မဟုတ်ပဲနဲ့၊ သမီးတို့နဲ့ ပေကျင်းမှာ ရက်နည်းနည်းလောက် နေလို့ရတာပေါ့၊ ကျောင်းပြန်ဖွင့်မှ ဟာပင်းကို တဆင့်ပြန်သွားလေ”

ယဲ့ချန်းနင်ကလည်း ထောက်ခံသည်။

“ရှောင်ရှောင်ပြောတာမှန်တယ်၊ ပေကျင်းကိုသာ လိုက်ခဲ့၊ မင်းအစ်ကိုက နေရာစုံအောင်လိုက်ပြပေးမယ်”

ယဲ့ချန်းရှန့်သည်လည်း လူငယ်တစ်ဦးသာဖြစ်၍ အစ်ကိုဖြစ်သူ၏စကားကို ကြားပြီး အနည်းငယ် စိတ်လှုပ်ရှားမိပါသည်။

ယဲ့ရှောင်ရှောင်သည် မူလက ဖုန်းဆက်ဖို့အတွက် စာတိုက်သို့ သွားရောက်ရန် ရည်ရွယ်ထားသော်လည်း သူမတို့ ညစာဝင်စားသည့် စားသောက်ဆိုင်ငယ်လေးတွင် ဖုန်းတစ်လုံး တပ်ဆင်ထားသည်ကို သိရှိခဲ့ရသည်။

ဖုန်းခေါ်ဆိုခက မနည်းသော်လည်း စာတိုက်အထိ သီးသန့်သွားစရာ မလိုအပ်တော့ပေ။ ထို့ကြောင့် ထိုဖုန်းဖြင့်သာ လုဟန်ချွမ်အား ဆက်သွယ်ရန်ဆုံးဖြတ်လိုက်တော့သည်။

ပထမဆုံးအကြိမ် ဖုန်းခေါ်ဆိုမှုတွင် ဖုန်းဝင်သွားလိမ့်မည်ဟု ယဲ့ရှောင်ရှောင် မျှော်လင့်မထားပေ။ နှစ်သစ်ကူးကာလဖြစ်၍ လုဟန်ချွမ် အပြင်ရောက်နေနိုင်ပါသည်။

သို့သော် အံ့အားသင့်ဖို့ကောင်းစွာဖြင့် ဖုန်းမှာ ချက်ချင်းဆိုသလို ဝင်သွားခဲ့သည်။

ယဲ့ရှောင်ရှောင်: “နှစ်သစ်ကူးမှာတောင် စခန်းမှာပဲ နေရတာလား”

လုဟန်ချွမ်က ပြန်ဖြေသည်။

“ရက်တွေတောင် တော်တော်ကြာနေပြီပဲဥစ္စာ၊ စခန်းမှာ တစ်ယောက်ယောက်တော့ တာဝန်နဲ့ ကျန်ခဲ့ရမှာပဲလေ၊ ပြီးတော့ ကိုယ်သာ ဒီမှာမရှိရင် မင်းဖုန်းဆက်တာ ဘယ်လိုလုပ် သိနိုင်မှာလဲ”

ယဲ့ရှောင်ရှောင် ရယ်မောလိုက်ပါသည်။

“ရှင်တော်တော် အကောင်းမြင်တတ်တာပဲနော်”

လုဟန်ချွမ် လေးလေးနက်နက် မေးမြန်းလိုက်သည်။

“ဘယ်တော့ပြန်လာမှာလဲ”

ယဲ့ရှောင်ရှောင်: “၁၀ ရက်နေ့ ဝန်းကျင်လောက် ပြန်လာခဲ့မယ်၊ တတိယအစ်ကိုတို့နဲ့အတူ ပြန်လာမှာ”

လုဟန်ချွမ် ရထားလက်မှတ်ဖြတ်ဖို့အတွက် နေ့စွဲကို ချမှတ်ထားလိုက်ပါသည်။

“ပြန်ရောက်ရင် ကိုယ်လာကြိုမယ်နော်”

“ဟုတ်ပါပြီ”

ယဲ့ရှောင်ရှောင် သဘောတူလိုက်သည်။

ထိုစဉ် ယဲ့ချန်းနင်နှင့် ယဲ့ချန်းရှန့်တို့မှာ စားပွဲဝိုင်းတွင်ထိုင်ရင်း အစားအသောက်များ မှာယူပြီးကြပါပြီ။

တစ်စုံတစ်ယောက်နှင့် ရွှင်ရွှင်ပျပျ ဖုန်းပြောနေသည့် ယဲ့ရှောင်ရှောင်ကို ကြည့်ရင်း သူတို့ညီမလေး အရွယ်ရောက်လာပြီး မကြာမီ ကိုယ်ပိုင်ဘဝတစ်ခု ထူထောင်နိုင်တော့မည်ဟု ယဲ့ချန်းနင်တို့ညီအစ်ကိုများ ခံစားနေကြရသည်။

ညစာစားသောက်ပြီးကြသောအခါ မောင်နှမသုံးဦး အဘိုးမြောင်၏အိမ်တွင် တစ်ည တည်းခိုခဲ့ကြပါသည်။ မနက်ဖြန် မနက်စောစော ရွာပြန်ဖို့ ဆုံးဖြတ်ထားကြပြီး အိမ်တွင် နှစ်ရက်ခန့်နေကာ ပစ္စည်းများထုပ်ပိုးဖို့ စီစဉ်ထားလေသည်။

နောက်တစ်နေ့ မနက်မိုးလင်း၍ သူတို့ ပြန်ဖို့ ပြင်ဆင်နေကြစဉ် အဘိုးမြောင်၏ယုန်များကို အစာကျွေးဖို့ အိမ်နီးချင်းတစ်ဦး ရောက်ရှိလာပါသည်။

“နင်တို့ မနေ့က ပြန်ရောက်ကြတာလား”

ယဲ့ချန်းနင်: “မနေ့က တစ်ညလောက်ပဲ လာတည်းတာပါ”’

အိမ်နီးချင်းက သတိပေးသည်။

“မြို့ထဲမှာ လျှောက်မသွားကြနဲ့ဦးနော်၊ မနေ့ညက မြို့ထဲမှာ ပြဿနာအကြီးကြီးတက်လို့တဲ့”

ယဲ့ချန်းနင် စိတ်ဝင်းစားသွားသည်။

“ဘယ်လိုပြဿနာလဲ”

ဤကဲ့သို့ မြို့ငယ်လေးတစ်မြို့တွင် ‘ပြဿနာအကြီးကြီး’ ဟူသည်မှာ ဓားပြမှု၊ လူသတ်မှု၊ မီးလောင်မှုတို့သာ ဖြစ်နိုင်သည်။ သို့သော် မနေ့ညက သူတို့ ဆူညံသံများ မကြားမိကြပေ။

အိမ်နီးချင်းအဒေါ်ကြီးက လေသံတိုးတိုးဖြင့် ရှင်းပြလိုက်ပါသည်။

“မနေ့ညက ပြည်သူ့လုံခြုံရေးဌာနက အရာရှိတွေ လောင်းက စားဝိုင်းတစ်ခုကို ဝင်စီးကြတာလေ၊ ဒိုင်တော်တော်များများ အဖမ်းခံရတယ်၊ လောင်းကစားသမားတွေ ပါသွားတာလည်း မနည်းဘူး၊ အများစုက နင်တို့လို အသက် ၂၀ ဝန်းကျင် ကောင်လေးတွေပဲ”

“လူတွေကို ဖမ်းရုံတင်မဟုတ်ဘူး လောင်းကစားငွေ ထောင်နဲ့ချီပြီးတော့ကိုပါ အစိုးရဘဏ္ဍာအဖြစ် သိမ်းဆည်းသွားကြတာ”

ကြေးများများဖြင့် ကစားတတ်သည့် လောင်းကစားဝိုင်းများတွင် လောင်းကြေးမှာ ယွမ် ၁,၀၀၀ ဟူသည်ထက် ပိုပါသည်။ တရားမဝင်လောင်းကစားမှုအဖြစ် သတ်မှတ်နိုင်လောက်အောင် များပြားလွန်းသည့် ပမာဏများပင်။

ယဲ့ချန်းနင် ကြက်သေသေသွားခဲ့ရသည်။

မနေ့က ရှောင်ရှောင်နှင့် ချန်းရှန့်တို့ကြောင့် သူလောင်းကစားဝိုင်းသို့ မသွားဖြစ်ခဲ့ဘဲ ဘေးကင်းခဲ့ရသည်။ ယဲ့ချန်းနင်မှာ နဂိုကတည်းက လောင်းကစားစွဲနေသူမဟုတ်သဖြင့် သွားဖြစ်ခဲ့လျှင်ပင် သူငယ်ချင်းများနှင့် စကားပြောရုံသာရှိလိမ့်မည်။

ယခုကဲ့သို့ ကိစ္စမျိုး ဖြစ်ပျက်သွားသဖြင့် အိမ်သို့တန်းတန်း မတ်မတ်ပြန်ခြင်းကသာ အကောင်းဆုံး ဖြစ်ပါလိမ့်မည်။

“တတိယအစ်ကို၊ မင်းလည်း အခုချိန်ကစပြီး အဲ့ဒီဖဲသမားတွေနဲ့ အဆက်အသွယ်ဖြတ်တာ ပိုကောင်းမယ်နော်၊ ရွာမှာ ကစားတာ ကိစ္စမရှိပေမယ့် အခုလိုနေရာမျိုးမှာ မိသွားရင်တော့ မင်းကို ဘယ်သူမှကယ်နိုင်မှာမဟုတ်ဘူး”

အစ်ကိုဖြစ်သူကို ယဲ့ချန်းရှန့် သတိပေးလိုက်ပါသည်။

ရွာမှထွက်ခွာသွားပြီး အပြင်ဘက်တွင် အကျင့်စာရိတ္တပျက် ပြားကာ နောက်ဆုံး၌ သံတိုင်ကြားထဲရောက်ရှိသွားသော လူများအကြောင်းကို သူ မကြာခဏ ကြားဖူးသည်။

ယဲ့ချန်းနင် ခပ်ပေါ့ပေါ့ပင် လက်ခါပြကာပြောလိုက်သည်။

“တော်စမ်းပါကွာ၊ မင်းတို့မျက်လုံးထဲမှာ ငါက အဲ့လောက် ဆိုးသွမ်းနေလို့လား”

ယဲ့ချန်းရှန့် ခေါင်းညိတ်ပြချင်မိသည်။ မနေ့က သူနှင့်ရှောင်ရှောင်တို့သာ မတားခဲ့လျှင် ယခုချိန်လောက်ဆို ယဲ့ချန်းနင်လည်း ပြည်သူ့လုံခြုံရေးဌာနဆီ ရောက်ရှိနေလောက်ပါပြီ။

မနက်စာစားသောက်ပြီးနောက် မောင်နှမသုံးယောက်သား ရွာပြန်ခဲ့ကြသည်။

မူလက အစ်ကိုကြီးနှင့် မရီးတို့ကို စောင့်ပြီး အတူတူပြန်ဖို့ စဉ်းစားမိသော်လည်း ထိုနှစ်ဦး မည်သည့်အချိန်မှပြန်လာမည်ဖြစ်မှန်း မသိသဖြင့် ဦးစွာပြန်နှင့်ဖို့သာ ဆုံးဖြတ်ခဲ့သည်။

အိမ်ပြန်လမ်းတွင် ရင်းနှီးနေသူတစ်ဦးကို ယဲ့ရှောင်ရှောင် တွေ့ခဲ့ရပါသည်။

ယဲ့ရှောင်ရှောင်တို့ မြည်းလှည်းဖြင့် ပြန်လာစဉ် ဘေးမှ စက်ဘီးတစ်စီးကျော်တက်သွားခဲ့သည်။ စက်ဘီးပေါ်မှလူကို ဦးစွာ သတိထားမိသူက ယဲ့ချန်းရှန့်ပင်။

“အဲ့တာ လီသဲ့ရှုမလား၊ ရွာကို ဘာလုပ်ဖို့ ပြန်လာတာလဲ”

ယဲ့ရှောင်ရှောင်လည်း ခေါင်းမော့ကြည့်လိုက်သည်။ လီသဲ့ရှု၏ စက်ဘီးပေါ်တွင် တစ်စုံတစ်ဦးပါလာပါသည်။

“အဲ့တာ သူ့မိန်းမလား”

ထိုမိန်းကလေးမှာ စက်ဘီးနောက်ခုံတွင် ဘေးတစောင်းထိုင်နေပြီး ပိန်ပိန်သွယ်သွယ်နှင့် လှပသည့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။

ယဲ့ချန်းရှန့်: “ဟုတ်လောက်မယ် ထင်တာပဲ၊ ဒါပေမယ့် သူက ငါတို့ရွာသားမှ မဟုတ်တော့တာ၊ ဘာပြန်လာလုပ်တာလဲ”

ယဲ့ရှောင်ရှောင်: “သူ့မိသားစုအိမ်ကတော့ ရွာမှာရှိနေသေးတယ်လေ၊ တစ်ခုခု လာယူတာ နေမှာပေါ့”

ယဲ့မိသားစုသည် လီသဲ့ရှုအပေါ် အမြင်သိပ်မကြည်လင်သဖြင့် သူ့မိသားစုကိစ္စများကို စူးစမ်းချင်စိတ် မရှိကြပေ။

သစ်တောလုပ်ငန်းများ ရပ်ဆိုင်းခံရစဉ်က လီမိသားစုတစ်စုလုံး ကောင်တီမြို့သို့ပြောင်းရွှေ့ကာ လုပ်ငန်းတစ်ခု လုပ်ကိုင်နေကြသည်ဟုသာ သိထားသည်။ မည်သည့်လုပ်ငန်းမျိုး ဖြစ်သည်ကိုတော့ အတိအကျ မသိရချေ။

လီသဲ့ရှုကမူ စက်ဘီးကိုသာ နင်းမြဲနင်းနေပြီး ပတ်ဝန်းကျင်ကို သတိထားမိပုံမပေါ်ပါ။

ထို့အပြင် ယဲ့မောင်နှမသုံးဦးသည် ဖက်ရှင်ကျကျ ဝတ် ကောင်းစားလှများ ဝတ်ဆင်ထားခြင်းဖြစ်သောကြောင့် လီသဲ့ရှုက သူစိမ်းများဟုသာ သတ်မှတ်လိုက်ခြင်းဖြစ်နိုင်သည်။

သို့သော် စက်ဘီးနောက်၌ ထိုင်နေသော သူ့မိန်းမ ဖုန့်ယန်ကမူ ထိုလူသုံးဦးကို ထင်ထင်ရှားရှားပင်မြင်လိုက်ရပါသည်။

“လီသဲ့ရှု၊ ရှင်တို့ ပိုင်ချွမ်ရွာမှာ သူဌေးတွေများသားပဲနော်”

လီသဲ့ရှုမှာ ပါးစပ်ဟလိုက်တိုင်း လေအေးများ ဝင်လာသဖြင့် စကားပြောချင်စိတ်သိပ်မရှိပါ။

“ဘယ်က သူဌေးတွေ ရှိရမှာတုန်း၊ ငါတို့ရွာက ဒီလောက် ဆင်းရဲမွဲတေနေတာကို”

“အဲ့တာဆို ကျွန်မ ခုနကမြင်လိုက်တဲ့လူတွေက ဝတ်ကောင်း စားလှတွေ ဘာလို့ ဝတ်ထားကြတာလဲ၊ အရောင်တွေက စိုပြေတောက်ပြောင်နေတာပဲ၊ ကောင်တီမြို့က သမဝါယမဆိုင်တွေမှာတောင် အဲ့လိုအဝတ်အစားတွေ မတွေ့ဖူးဘူး”

ဖုန့်ယန်၏စကားကိုကြားသောအခါ လီသဲ့ရှု စက်ဘီးရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။

“သူတို့ကိုး…”

လီသဲ့ရှု အကြည့်မှာ ယဲ့ရှောင်ရှောင်ထံသို့ ဦးစွာရောက်ရှိသွားခဲ့သည်။

မြည်းလှည်းတစ်စင်းပေါ်တွင် စီးနှင်းလိုက်ပါလာခြင်း ဖြစ်သော်ငြား ယဲ့ရှောင်ရှောင်၏ရင်သပ်ရှုမောဖွယ်ရာ အလှတရားက ပျက်ပြယ်မသွားသေးပါ။

ပတ်ဝန်းကျင်တစ်ခုလုံး အရောင်အသွေးမဲ့ကာ ခြောက်ကပ်လွန်းသဖြင့် သူ့မျက်လုံးထဲ ယဲ့ရှောင်ရှောင်တစ်ဦးတည်းကသာ ထင်ရှားပေါ်လွင်နေခဲ့ပါသည်။

ဖုန့်ယန်က လီသဲ့ရှု၏ခါးကို လိမ်ဆွဲလိုက်သည်။

“ရှင် ဘာတွေ စိုက်ကြည့်နေတာလဲ”

“အောင်မယ်လေး…”

လီသဲ့ရှု မျက်နှာရှုံ့မဲ့သွားသည်။

“ငါတို့ အရေးကြီးကိစ္စရှိလို့လာခဲ့တာလေ၊ ယုန်ထင်ကြောင်ထင် လျှောက်မထင်စမ်းပါနဲ့ဟ”

ဖုန့်ယန် ပြုံးကာ မေးလိုက်သည်။

“အိမ်ရောင်းဖို့လာတာ မဟုတ်ဘူးလား၊ ရှင်တို့ အိမ်ဟောင်းကြီးက တန်ဖိုးလည်း သိပ်ရှိမှာ မဟုတ်ဘဲနဲ့၊ ဒီလို အပင်ပန်းခံပြီး လာရတယ်လို့”

လီသဲ့ရှု ဘာမှပြန်မပြောတော့ပေ။

ယခင်ကဆိုလျှင် ယွမ်ရာဂဏန်းလောက်မှာ သူတို့မိသားစုအတွက် မပြောပလောက်သည့် ပမာဏဖြစ်သော်လည်း ယခုကတော့ မတူတော့ပါ။

ယခု သူ့အဖေသည် မိသားစုပိုင်ဆိုင်သည့် ငွေအားလုံးကို လုပ်ငန်းအသစ်တွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး အမြတ်အစွန်းတစ် ပြားတစ်ချပ်ပင် ပြန်မရသေးသဖြင့် အိမ်၏အခြေအနေမှာလည်း ယခင်ကနှင့် နှိုင်းယှဉ်၍မရတော့ချေ။

ဖုန့်ယန်ကမူ သူတို့မိသားစု၏အခြေအနေအမှန်ကို မသိသေးဘဲ သူမနောက်ကွယ်တွင် မကောင်းသည့်အရာတစ်ခုခုလုပ်ဖို့ ရွာသို့ပြန်လာခြင်းဖြစ်မည်ဟု ထင်လျက် လီသဲ့ရှုနှင့် အတူတူ လိုက်ပါလာခဲ့ခြင်းဖြစ်သည်။

အမှန်တွင် မိသားစု၌ ငွေကြေးအလွန်ပြတ်လပ်နေသဖြင့် လီသဲ့ရှု၏အမေက ရွာရှိအိမ်ဟောင်းကို ရောင်းချရန် စိတ်ကူးမိခြင်းဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ရွာထဲမှ လူတစ်ဦးက သားဖြစ်သူ အိမ်ထောင်ပြုဖို့အတွက် အိမ်တစ်လုံးအပူတပြင်း ဝယ်ယူချင်နေသဖြင့် လီသဲ့ရှု ယခုလိုပြန်လာခဲ့ရသည်။

“အဲ့တာ ငါငယ်ငယ်လေးကတည်းက ကြီးပြင်းလာတဲ့အိမ်လေ၊ ငါ့အိမ် ငါ ပြန်လာတာ ဘာဖြစ်လို့တုန်း”

လီသဲ့ရှုသည် စက်ဘီးကို အရှိန်ဖြင့် ခေတ္တဆက်နင်းလာခဲ့ပြီးနောက် မတ်စောက်လှသော တောင်စောင်းလမ်းသို့ ရောက်ရှိလာသဖြင့် နှစ်ဦးစလုံး စက်ဘီးပေါ်မှဆင်းကာ လမ်းလျှောက်ခဲ့ကြရသည်။

ဖုန့်ယန် ဝတ်ဆင်ထားသည့် သားရေဖိနပ်ကလေးမှာ လမ်းပေါ်မှ ထူထပ်လှ‌သော ရွှံ့နွံများဖြင့် ချက်ချင်းပင် ပေပွသွားခဲ့ရကာ လမ်းပင်ဟန်ချက်ညီညီ မလျှောက်နိုင်တော့ဘဲ ဘယ်ညာယိမ်းထိုးနေရပါသည်။

“တော်တော်စုတ်ပဲ့တဲ့ လမ်းပါလား!”

ဖုန့်ယန်သည် ကောင်တီမြို့ရှိ သမဝါယမအရောင်းဆိုင်ကြီးတွင် အရောင်းဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး မိသားစုနောက်ခံမှာလည်း အလွန်ကောင်းမွန်သဖြင့် ယခု ကဲ့သို့ နိမ့်ကျသော တောင်ပေါ်ရွာတစ်ရွာသို့ တစ်ခါမှခြေမချခဲ့ဖူးပေ။

လီသဲ့ရှုလည်း သူမကို တဖြည်းဖြည်းနှင့် အာရုံနောက်လာခဲ့ပါသည်။

“မင်းကို လိုက်မလာဖို့ ပြောသားပဲ၊ ငါ့စကားမှ နားမထောင်တာ”

ဖုန့်ယန်သည် လမ်းမပေါ်တွင် တုန့်ခနဲရပ်တန့်လိုက်ပြီး ရှေ့သို့ တစ်လှမ်းမျှ ဆက်မတိုးတော့ပေ။

“လီသဲ့ရှု၊ နင် အခု ငါ့ကို ဘယ်လိုလေသံမျိုးနဲ့ ပြောလိုက်တာလဲ”

All Chapters