← Chapters

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း ၁၄၁

Vol. 15 Ch. 141

📗 Chapter 141

ယဲ့ရှောင်ရှောင်ကမူ အိမ်တွင် ကူညီပေးနိုင်သည့်အလုပ်ဟူ၍ များများစားစား မရှိလှချေ။ ထို့ကြောင့် မျက်နှာသစ်၊ သွားတိုက်ပြီးနောက် မနက်စာ စားပွဲဝိုင်းကိုသာ ကူညီပြင်ဆင်ပေးခဲ့သည်။

ထိုအအခါ ယဲ့ပေါင်ချန်းလေးက ခေါင်းလေးမော့ကာ သူမကို အတူတူဖြင့် စိုက်ကြည့်နေရှာသည်။ ဒေါ်လေးဖြစ်သူက သူ့အလုပ်ကို လုယူသွားသည်ဟု ခံစားနေရပါသည်။

ယဲ့ရှောင်ရှောင်သည် ဆူဆူဖြိုးဖြိုးနှင့် ချစ်စရာကောင်းလှသော ထိုကောင်လေးကို ငုံ့ကြည့်ရင်း သဘောကျစွာ ပြုံးလိုက်ပါသည်။

“အခုမှ မနက်ပဲရှိသေးတယ်၊ သကြားလုံးစားလို့မရဘူးနော်”

ယဲ့ပေါင်ချန်းလေးမှာ ပါးဖောင်းဖောင်းလေးနှင့် နှုတ်ခမ်းစူသွားရသည်။

‘သူလည်း သကြားလုံးစားမယ်လို့ မပြောမိပါဘူး’

ယဲ့ရှောင်ရှောင်ကမူ ကလေးငယ်၏ အတွေးကို နားမလည်နိုင်ပေ။

ထို့ကြောင့် သူ့ပါးဖောင်းဖောင်းလေးများကို လက်ဖြင့် ဖျစ်ညှစ်လိုက်ပြီး လုပ်စရာရှိသည့် အလုပ်ကိုသာ ဆက်လုပ်နေခဲ့ပါသည်။

ယဲ့ပေါင်ချန်း: “…”

တောင်လမ်းများတွင် နှင်းများထူထပ်စွာ ပိတ်ဆို့လာခြင်းကြောင့် ပိုင်ချွမ်ရွာကလေးမှာ အပြင်လောကနှင့် အဆက် အသွယ် ပြတ်တောက်သွားရပြန်သည်။

မနက်စာစားပြီးနောက် ကလေးများအာားလုံး အပူပေးကုတင်ပေါ်တွင် ထိုင်ကာ လက်ရေးအလှ လေ့ကျင့်ရသည်။

မွန်းလွဲပိုင်းသို့ရောက်သောအခါ နှင်းများမကျတော့ဘဲ တောင်အနောက်ဘက်မှ သေနတ်ပစ်သံအချို့ ရုတ်တရက် ထွက်ပေါ်လာလေသည်။

ယဲ့ရှောင်ရှောင် ဇဝေဇဝါဖြစ်စွာ မော့ကြည့်လိုက်သည်။

‘ဘာလို့ သေနတ်သံတွေ ထွက်လာပြန်တာလဲ’

ယဲ့ကျန်းကော်နှင့် ယဲ့ချန်းချင့်တို့ သားအဖနှစ်ဦး အခြေအနေသွားကြည့်ခဲ့ကြပြီး ခဏအကြာတွင် ယဲ့ချန်းချင့်ပြန်ရောက် လာခဲ့သည်။

“တောင်နောက်ဘက်မှာ တောဝက်နှစ်ကောင် အမဲလိုက်ထားတယ်တဲ့၊ ဒီနေ့ ရွာထဲမှ တောဝက်သားတွေ ဝေစုခွဲပေးလိမ့်မယ်”

“ဘယ်တော့ခွဲပေးမှာလဲ”

ယဲ့ချန်းနင်က လက်ထဲရှိ စုတ်တံကို ဘေးချကာ မေးမြန်းလိုက်သည်။ ငယ်စဉ်ကတည်းက လက်ရေးအလှ လေ့ကျင့်ရသည်ကို သူ မနှစ်သက်ပေ။

“တကယ်လား”

လက်ရေးအလှ အားကြိုးမာန်တက် လေ့ကျင့်နေသည့် ယဲ့ရှောင်ရှောင်လည်း ထိုစကားကိုကြားပြီး အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။

သူမ လာခဲ့သည့် ခေတ်တွင် တောဝက်များမှာ ထိန်းသိမ်းစောင့်ရှောက်ခံထားရသော မျိုးစိတ်များဖြစ်၍ တောဝက်သား တစ်ခါမှ မစားဖူးချေ။

ယခုခေတ်တွင်မူ တောဝက်များကို အမဲလိုက်နိုင်နေဆဲဖြစ်သည်။

ယဲ့ချန်းရှန့်က ဝင်ပြောသည်။

“ဆောင်းတွင်းပိုင်းရောက်နေလို့ ကံကောင်းသွားတယ်၊ မဟုတ်ရင် လယ်ထဲက စိုက်ခင်းတွေကို တောဝက်တွေ ဖျက်ဆီးတာနဲ့ ကုန်မှာပဲ”

ယဲ့ချန်းချင့်: “အခု အသားခုတ်ထစ်နေကြပြီ၊ ခဏနေရင် ခွဲပေးလိမ့်မယ်”

ယဲ့ချန်းနင်: “ခုနက ဘယ်သူသေနတ်ပစ်လိုက်တာလဲ”

ယဲ့ချန်းချင့်က ရှင်းပြသည်။

“ပြည်သူ့စစ် တပ်သားတွေလေ၊ သူတို့ကို တောဝက်တစ်ကောင် ပေးရမှာ”

ယဲ့ချန်းနင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

“အဲ့တာဆို ငါတို့အများကြီး မရလောက်ဘူးပေါ့”

ယဲ့ချန်းချင့် ခေါင်းတခါခါနှင့် ပြောလိုက်သည်။

“ရွာသူရွာသားတွေက ဒီလောက်များတာ မင်းက ဘယ် လောက်ရမယ် မှန်းထားလို့လဲ”

နေမဝင်မီအချိန်တွင် ကျေးရွာကော်မတီမှ အိမ်ထောင်စုတစ်စုလျှင် လူတစ်ယောက်စီ လာရောက်ပြီး တောဝက်သားများလာယူဖို့ ခေါ်ယူခဲ့ပါသည်။

အပြင်ဘက်တွင် အေးစက်လွန်းသော်နေလည်း ယဲ့ရှောင်ရှောင် သွားကြည့်ချင်သဖြင့် အဝတ်အစားထူထူဝတ်ပြီး အပြင်ထွက်လာခဲ့ပါသည်။

သူမ စတင်ရောက်ရှိလာစဉ်ကတည်းက ပိုင်ချွမ်ရွာကို ဤမျှ စည်ကားသော ပုံစံမျိုးနှင့် တစ်ခါမှ မမြင်ဖူးခဲ့ပါ။

ကျေးရွာကော်မတီဝင်းထဲရှိ လူအားလုံးသည် ဇလုံးတစ်လုံးစီ ကိုင်ဆောင်ရင်း မတ်တပ်ရပ်နေကြသည်။

တောဝက်သားများကို မီးပြင်းဖိုရှိသည့် အဆောက်အအုံအတွင်းပိုင်းတွင် သိမ်းဆည်းထားရပါသည်။ လက်ရှိအပူ ချိန်မျိုးနှင့်သာဆိုလျှင် အပြင်ဘက်တွင် ထုတ်ထားပါက ခပ်မြန်မြန်ပင် အေးခဲသွားလိမ့်မည်။

တောဝက်သားများကို ခွဲဝေပေးဖို့ တာဝန်ရှိသူက ရွာသူကြီး ကျန်းရန်ကွေ့ပင်။

ရွာသားအချို့က အရိုးနည်းနည်း၊ အသားများများ ရနိုင်ဖို့ ရွာသူကြီးနှင့် ညှိနှိုင်းဖို့ ကြိုးစားခဲ့ကြသော်လည်း ကျန်းရန်ကွေ့ကမူ မျှမျှတတပင်ဆုံးဖြတ်ခဲ့သည်။

“ရတဲ့အသားတုံးကိုပဲ ယူသွားကြ၊ အဆီများတာတွေ အရိုးများတာတွေ ချေးများမနေကြနဲ့”

“ရွာသူကြီးလည်း ကျွန်တော်တို့အိမ်မှာ မိသားစုဝင် ရှစ်ယောက်တောင်ရှိတာ၊ ဒီလိုသေးသေးလေးတစ်တုံးပဲ ပေးမှာလား!”

ကျန်းရန်ကွေ့က ချေပသည်။

“ဒါအိမ်ထောင်စုအလိုက် ခွဲဝေပေးထားတာ၊ လူဦးရေအလိုက် ခွဲဝေပေးတာ မဟုတ်ဘူး၊ ပြီးတော့ ဒီတောဝက်တွေကိုလည်း ပြည်သူ့စစ်တပ်သားတွေက အမဲလိုက်ပေးထားတာ၊ မင်းစကားထပ်များနေဦးမယ်ဆိုရင် ဘာဝေစုမှ မရဘဲနေမယ်နော်”

အထွန့်တက်နေသည့် ရွာသားလည်း အနည်းငယ် ထိတ်လန့်သွားပြီး ဘာမှဆက်မပြောရဲတော့ပေ။

ယဲ့ချန်းနင် ဇလုံတစ်လုံးကိုင်လျက် ဝက်သားသွားယူခဲ့သည်။ အသားပမာဏ အနည်းအများအပေါ် ဂရုစိုက်ခြင်းမရှိဘဲ ကျန်းရန်ကွေ့အား နှုတ်ဆက်ပြီးနောက် အိမ်သို့ တန်းပြန်ဖို့ ပြင်လိုက်တော့သည်။

ယဲ့ရှောင်ရှောင် အပြင်ထွက်ချင်နေခြင်းကြောင့်သာ မဟုတ်လျှင် ယဲ့ချန်းနင်မှာ ဤအသားဝေစုကို လာယူဖို့ပင် စိတ်ကူးမရှိလောက်ပါ။

သို့သော် မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ ပြဿနာမီးခွက်ထွန်းရှာမည့်လူဟူသည် အမြဲရှိတတ်စမြဲပင်။

“ချန်းနင်လည်း ရောက်နေတာလား၊ နင်ဝင်ငွေတွေ ကောင်းနေတယ်လို့ ငါကြားတယ်နော်၊ အဲ့တာတောင် ဒီလို အသားသေးသေးလေးတစ်တုံးကို လက်မလွှတ်နိုင်ဖြစ်နေတာလား”

ထိုစကားပြောလိုက်သူမှာ နှုတ်ခမ်းဘေးတွင် မှဲ့တစ်လုံးရှိသည့် အဒေါ်ကြီးတစ်ဦးဖြစ်သည်။

သူမ၏ အမည်အရင်းကို မည်သူမှ တိတိကျကျ မသိကြဘဲ ရွာသားများက များသော်အားဖြင့် ဒေါ်လေးတာ့ကျီဟုသာ ခေါ်ဝေါ်တတ်ပါသည်။

ယဲ့ချန်းနင်မှာလည်း နဂိုကတည်းက စိတ်ဆတ်လွယ်သူဖြစ်ရာ တစ်ဖက်လူကို မျက်ခုံးပင့်လျက်ကြည့်လိုက်ပြီး တဲ့တိုး ပြန်မေးလိုက်ပါသည်။

“ကျွန်တော် ဝင်ငွေတွေကောင်းနေတယ်လို့ ဒေါ်လေးတာ့ကျီဘယ်က ကြားလာတာလဲ၊ ပြီးတော့ ဒီအသားကို အိမ်ထောင် စုအလိုက် ခွဲပေးတာလို့ ရွာသူကြီးကိုယ်တိုင် ခုလေးတင် ပြောလိုက်တာလေ၊ ကျွန်တော်တို့မိသားစုက ဒီရွာထဲက အိမ်ထောင်စု မဟုတ်ဘူးလား”

ဒေါ်လေးတာ့ကျီမှာ အရှက်အနည်းငယ်ပင်မရှိဘဲ ပိုမိုမောက် မာစွာ ပြောဆိုလိုက်သည်။

“အထင်မလွဲစမ်းပါနဲ့ ချန်းနင်ရာ၊ နင်တို့မိသားစုမှာ အသားဟင်းဆိုတာ မရှားဘူးလေ၊ အဲ့တာကြောင့် တခြားရွာသားတွေကို ငဲ့ညှာပေးလိုက်ပါလားလို့ ဒေါ်လေးက ပြောတာပါ”

ထိုနေ့က သူမ အသေအချာမြင်ခဲ့ရပါသည်။ ယဲ့ချန်းနင်နှင့်အတူ မြို့တက်သွားခဲ့သော ကောင်လေးမှာ ထိုနေ့က ဝက်အကောင်တစ်ဝက်ခန့်ကို သယ်ဆောင်ပြီး အိမ်ပြန်လာခဲ့သည်။

ထို့ကြောင့် ယဲ့ချန်းနင်တစ်ယောက်လည်း အပြင်ဘက်တွင် ဝင်ငွေကောင်းနေလိမ့်မည်ဟု သူမ ခန့်မှန်းမိခဲ့ပါသည်။ သို့ဖြစ်၍ ဤကဲ့သို့ မဖြစ်စလောက် အသားဝေစုကို ဂရုမစိုက်ဘဲ အခြားရွာသူရွာသားများအား ငဲ့ညှာပေးသင့်သည်ဟု သူမ ထင်နေသည်။

“ဒေါ်လေးရဲ့စကားတွေက တော်တော်ထူးဆန်းတာပဲ၊ အခုချိန်မှာ လူတိုင်းက ခက်ခဲနေကြတာ၊ ကျွန်တော်တို့ မိသားစုမှာ အသားဟင်းမရှားဘူးလို့ ဘာလို့ တပ်အပ်ပြောနိုင်ရတာလဲ၊ ပြီးတော့ ဒေါ်လေးက ဟိုလူ့အကြောင်း ဒီလူ့အကြောင်း အတင်းပြောဖို့ အချိန်အားနေပုံထောက်ရင်တော့ ဗိုက်ဆာမှာ မဟုတ်တာ သေချာတယ်”

“နင်တို့ကများ…”

လူကြီးသူမကို ဤကဲ့သို့ ရိုင်းရိုင်းစိုင်းစိုင်းပြန်ပြောသည့် လူငယ်တစ်ဦးကို ဒေါ်လေးတာ့ကျီ တစ်ခါမှ မမြင်ဖူးပေ။ သူမ ဘာပြန်ပြောရမှန်း မသိတော့လောက်အောင် ဆွံ့အသွားခဲ့ရသည်။

ထိုစဉ် အနောက်ဘက်မှ တန်းစီနေသည့် လူများကလည်း စိတ်မရှည်တော့ဘဲ တာ့ကျီကို ရှေ့ဆက်တိုးဖို့ ဝိုင်းအော်ကြလေသည်။

“ဒေါ်လေးတာ့ကျီ၊ စကားအပိုတွေမပြောဘဲ ရှေ့တိုးမှာသာ တိုးစမ်းပါ”

“ဟုတ်ပ၊ အမြဲတမ်း အချိန်ဖြုန်းနေတာပဲ၊ ဒီတစ်ခါကော ဒေါ်လေးတာ့ကျီ ဘယ်သူ့ကို အခွင့်အရေးယူဦးမလို့လဲ မသိဘူး”

ဒေါ်လေးတာ့ကျီမှာ အရှက်ရသွားပြီး ချက်ချင်း ပြန်ငေါက်လိုက်လေသည်။

“ဘယ်သူက ဘယ်သူ့ကို အခွင့်အရေးယူနေလို့လဲ၊ ငါ့အသိတွေနဲ့ စကားနည်းနည်းပြောနေတာဟဲ့!”

ယဲ့ချန်းနင်မှာ ခပ်တိုးတိုး ရယ်မောလျက် လှည့်ထွက်လာခဲ့တော့သည်။

ထိုအဖြစ်အပျက်ကို ယဲ့ရှောင်ရှောင်မြင်သော်လည်း ယဲ့ချန်းနင်က အကူအညီလိုအပ်သည့်ပုံစံမပေါက်သဖြင့် ဘေးမှသာ ရပ်ကြည့်နေခဲ့သည်။

ယဲ့ချန်းနင်က အသားဇလုံကိုကိုင်လျက် ယဲ့ရှောင်ရှောင်အား ခေါ်လိုက်သည်။

“သွားကြရအောင်၊ ဒီလောက်ပဲ ဝေစုရမှာ”

ယဲ့ရှောင်ရှောင်လည်း အသားကို ငုံ့ကြည့်လိုက်ပါသည်။ ၂ ကျင်းခန့်ရှိမည်ဟု ထင်ရသဖြင့် နည်းသည်ဟု မဆိုနိုင်ပေ။

“တတိယအစ်ကို ခုနက ဘယ်သူနဲ့ စကားများနေတာလဲ”

ယဲ့ချန်းနင်: “ဒေါ်လေးတာ့ကျီလေ၊ ရွာထဲမှာ ဒေါ်လေးမေ့လီထက် ပိုမုန်းစရာကောင်းတဲ့ မိန်းမကြီးပေါ့”

ဝမ်မေ့လီက အတင်းအဖျင်းပြောတတ်ပြီး ကောလဟာလများ လွှင့်တတ်သော်လည်း ဒေါ်လေးတာ့ကျီမှာ အခြားသူ များအပေါ် အခွင့်အရေးယူတတ်သူဖြစ်သည်။ ထို့အပြင် ရံဖန်ရံခါ သူများအိမ်ထဲဝင်ပြီး ပစ္စည်းများ ခိုးဝှက်တတ်သည်ဟုပင် ဆိုကြသည်။

သို့သော် များသောအားဖြင့် တန်ဖိုးမကြီးသော ပစ္စည်းများသာဖြစ်၍ ရွာသားများက သူမကို ပြဿနာမရှာနိုင်ကြဘဲ အရှုံးကို တိတ်တဆိတ် လက်ခံခဲ့ကြရပါသည်။ ထို့ကြောင့် ဒေါ်လေးတာ့ကျီမှာ ရွာထဲတွင် တဖြည်းဖြည်းနှင့် လူမုန်း များလာရသည်။

ယဲ့ရှောင်ရှောင်လည်း ထိုအမျိုးသမီးကို တစ်ချက်လှည့်ကြည့်လိုက်ပါသည်။ နှုတ်ခမ်းနားမှ မှဲ့ကြောင့် လူကြားထဲတွင် သတိထားမိဖို့ လွယ်ကူသည်။

နှုတ်ခမ်းနားတွင် မှဲ့ရှိလျှင် စည်းစိမ်ကြွယ်ဝတတ်သည်ဟု ရှေးလူကြီးများကဆိုသော်လည်း လက်ရှိအခြေအနေကို ကြည့်ရသလောက်တော့ မှန်ကန်သည့်ပုံမပေါ်ပါ။

ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းနင်တို့ အိမ်သို့ ပြန်လာခဲ့ကြသည်။

လမ်းမပေါ်တွင် မည်သူမှ မရှင်းလင်းရသေးသည့် ဆီးနှင်းများရှိနေပါသေးသည်။ သားရေဖိနပ်ရှည်ကို ဝတ်ဆင်ထား၍ ကံကောင်းသွားသည်ဟုဆိုရမည်။ မဟုတ်ပါက သူမ ဘောင်း ဘီများ စိုရွှဲသွားနိုင်သည်။

အိမ်ပြန်ရောက်သောအခါ ယဲ့ချန်းနင်က တောဝက်သားကို မြောင်စွေ့ဖန်းလက်ထဲ အပ်လိုက်သည်။

မြောင်စွေ့ဖန်းက အသားကို ကိုင်ရင်း သုံးသပ်လိုက်ပါသည်။

“တောဝက်သားဆိုတာ ရိုးရိုးဝက်သားထက် ဝါးရတာအိပြီး အရသာလည်း ရှိတယ်၊ နုတ်နုတ်ဆင်းပြီး အသားညှပ်ဘာဂါ လုပ်ကျွေးမယ်နော်”

ယဲ့ပေါင်ချန်းလေးက ပျော်ရွှင်စွာ ခုန်ပေါက်လိုက်ပါသည်။

“ရေး! အသားစားရတော့မယ်ကွ!”

ယဲ့ပေါင်ယွမ်လေးကလည်း လက်မြှောက်ကာ အောင်ပွဲခံသည်။

“ပျော်စရာကြီး!”

“ဒီအစားပုတ်လေးနှစ်ကောင်ကတော့၊ အခန်းထဲမြန်မြန်ဝင်ကြ၊ ဒီမှာ လာရှုပ်နဲ့”

မြောင်စွေ့ဖန်းသည် ကလေးငယ်နှစ်ဦးကို မောင်းထုတ်လိုက်ပြီးနောက် မီးဖိုချောင်ထဲ အလုပ်စများလေတော့သည်။

ကျန်းရွှယ်လည်း မီးဖိုချောင်ထဲတွင်ရှိနေပြီး နှစ်သစ်ကူးအတွက် အကြော်အလှော်များ စီစဉ်နေပါသည်။

မြောင်စွေ့ဖန်းက ကျန်းရွှယ်ကို ပြောလိုက်သည်။

“ရွှယ်အာ၊ ဒီနှစ် နှစ်သစ်ကူးမှာ အမေတို့ လက်ဆောင်ပစ္စည်းတွေ အများကြီး ပြင်ဆင်ထားတာ၊ သမီးနဲ့ သားကြီးတို့ သမီးအမေတို့အိမ်ကိုပြန်ရင် လက်ဆောင်များများ ယူသွားနော်”

ကျန်းရွှယ်နှင့် ယဲ့ချန်းချင့်တို့သည် အထက်တန်း အတန်းဖော်များဖြစ်ခဲ့ကြပါသည်။

သူတို့နှစ်ဦး စတွဲစဉ်က ကျန်းရွှယ်၏မိဘများမှာ သဘောမတူသော်လည်း ကျန်းရွှယ်က ယဲ့ချန်းချင့်ကိုသာ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့သဖြင့် သူမမိသားစုနှင့် ဆက်ဆံရေးသည် သာမန်မျှသာဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ မိဘတိုင်းက သားသမီးကို ကောင်းစေချင်ကြသဖြင့် ကျန်းရွှယ်၏မိဘများသည် ကျန်းရွှယ်ထံသို့ ငွေများမကြာခဏ ထောက်ပံ့ပေးတတ်ပါသည်။

ကျန်းရွှယ်ကဆိုသည်။

“အဲ့လောက်အများကြီးတော့ မလိုအပ်ပါဘူး အမေရယ်”

မြောင်စွေ့ဖန်း လက်မခံပေ။

“ဘာလို့ မလိုအပ်ရမှာလဲ၊ နင်အိမ်တစ်ခါပြန်ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး၊ အဲ့တာကြောင့် အမေက အားလုံးကြိုစီစဉ်ပေးထားတာ၊ အချိန်ကျရင် ယူသွားဖို့သာ မမေ့နဲ့”

ဤအိမ်တွင် ကျန်းရွှယ်သည် ယောက္ခမများကို ရိုသေလေး စားပြီး မတ်လေးတို့၊ ယောက်မတို့ကိုလည်း အစ်မအရင်းတစ်ယောက်ပမာ စောင့်ရှောက်ပေးတတ်သူဖြစ်သည်။

သူမသည် ယဲ့မိသားစုအတွက် အပင်ပန်းဆုံးနှင့် အနစ်နာခံပေးရဆုံးလူပင် ဖြစ်သည်။ ထို့ကြောင့် မြောင်စွေ့ဖန်းကလည်း ချွေးမဖြစ်သူ၏မေတ္တာကို အသိအမှတ်ပြုပြီး အိမ်မှု ကိစ္စအဝဝတွင် ဝိုင်းဝန်းကူညီပေးလေ့ရှိပါသည်။

All Chapters