အခန်း ၁၄၉
Vol. 15 Ch. 149
📗 Chapter 149
ယဲ့ရှောင်ရှောင်တို့ ဘူတာရုံသို့ ရောက်ရှိသောအခါ လုဟန်ချွမ် ကြိုတင်စီစဉ်ပေးထားသည့် လက်မှတ်အရောင်း ကိုယ်စားလှယ်က ရထားလက်မှတ်လေးစောင်ကို သူတို့လက်ထဲ ထည့်ပေးခဲ့ပါသည်။
သူတို့လေးဦးစလုံး အခန်းတစ်ခန်းတည်းတွင် တူတူစီးနိုင်ပြီး ထိုင်ခုံများမှာ ဘေးချင်းကပ်လျက်ပင် ဖြစ်ကြသည်။
ယွီကန်းသည် ကျောပေါ်တွင် အလွန်ကြီးမားသော အိတ်ကြီးတစ်လုံးကို သယ်ဆောင်လာလေသည်။
ယဲ့ချန်းနင်က မယုံကြည်နိုင်စွာ မေးမြန်းလိုက်ပါသည်။
“မင်းဘာတွေ အဲ့လောက်အများကြီး သယ်လာတာတုန်း”
ယွီကန်း: “ငါ့အမေ ထည့်ပေးလိုက်တဲ့ပစ္စည်းတွေလေ၊ ဒီတစ်ခေါက် အိမ်ပြန်ရောက်တော့ ငါရှာထားတဲ့ ပိုက်ဆံတွေအကုန် ငါ့အမေလက်ထဲ အပ်လိုက်တာ၊ နောက်နှစ်ကျရင် ငါမိန်းမယူလို့ရအောင် စုပေးထားမယ်တဲ့”
ယဲ့ချန်းနင်: “…”
“ကန်းကျစ်၊ မင်းမှာ ရည်မှန်းချက်ကြီးကြီးမားမားလေး နည်းနည်းတောင် မရှိဘူးလား၊ ငါတို့တွေ အပြင်ဘက်မှာ ဒီလောက်လှတဲ့ မိန်းကလေးတွေအများကြီး မြင်ဖူးနေတာကို ရွာမှာပဲ မိန်းမပြန်ယူဖို့ စိတ်ကူးထားတာလား”
ယွီကန်းက ရှက်ကိုးရှက်ကန်းနှင့် ရယ်မောလိုက်သည်။
“မြို့သူတွေက ခြေငြိမ်ပြီး အိမ်မှုကိစ္စ နိုင်နင်းတဲ့လူတွေ မဟုတ်ဘူးလို့ ငါ့အမေက ပြောတယ်၊ မိန်းမယူမယ်ဆိုရင် ရွာကလူတွေထဲကပဲ ရွေးတာ ပိုကောင်းပါတယ်”
ယွီကန်း၏ ရိုးရိုးသားသားအပြုံးကို ကြည့်ရင်း ယဲ့ရှောင်ရှောင် တွေးလိုက်မိသည်။
‘ဒီကောင်က တကယ့် မေ့မေ့ချစ်သားလေးပဲ၊ သူ့အမေအကြောင်းမပါဘဲ စကားသုံးခွန်းတောင် ဖြောင့်အောင် မပြောနိုင်ဘူး’
ယဲ့ချန်းနင်က ယွီကန်း၏ ပခုံးကို ပုတ်လိုက်သည်။
“အေးပါကွာ၊ ဒါဆိုလည်း နောက်နှစ် မင်းမိန်းမယူလို့ရအောင် တို့တွေ ဒီနှစ် ငွေအများကြီး ရှာကြတာပေါ့”
ယဲ့ချန်းရှန့်က ယဲ့ချန်းနင်ကို စောင်းကြည့်လိုက်သည်။
‘သူ့ကျတော့ ရည်းစားတောင်မရှိသေးဘဲ သူများကို ဆရာကြီးလုပ်ရဲသေးတယ်’
ဤသို့ဖြင့် ရထားကြီးသည် ပေကျင်းမြို့သို့ တရွေ့ရွေ့နှင့် ထွက်ခွာလာခဲ့ပါသည်။
ယဲ့ရှောင်ရှောင်တို့ အဖွဲ့သည် ရထားပေါ်တွင် နေကြာစေ့များ ဝါးလိုက်၊ အတင်းအဖျင်းများ ပြောလိုက်နှင့် အချိန်ဖြုန်းခဲ့ကြသည်။
ထို့အပြင် ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းရှန့်၏ တက္ကသိုလ်ကျောင်းသားဘဝ အခြေအနေကို မေးမြန်းခဲ့သေးသည်။
ယဲ့ချန်းရှန့်၏ တက္ကသိုလ်က အလွန်ကောင်းမွန်ပြီး စစ်တပ်ကဲ့သို့ တင်းကျပ်သော စီမံခန့်ခွဲမှုမျိုး ရှိသဖြင့် ကျောင်းသားကျောင်းသူအားလုံးက အလွန် စည်းကမ်းရှိကြပါသည်။ ယဲ့ချန်းရှန့်မှာ အတန်းသွားတက်လိုက်၊ စာကြည့်တိုက်သွားလိုက်နှင့် နေ့ရက်များကို ကုန်ဆုံးခဲ့ရသည်ဟု ဆိုသည်။
ယဲ့ချန်းနင်ကဆိုသည်။
“ကျောင်းမှာ စာကြိုးစားဖို့ပဲ အာရုံစိုက်ထား၊ ကျန်တာ ဘာမှစိတ်ပူစရာမလိုဘူး၊ ငါတို့မိသားစုမှာ ငွေရှာပေးနိုင်တဲ့ လူတွေ အများကြီးရှိတယ်၊ အဲ့တာကြောင့် မင်းအလုပ်လုပ်ဖို့ စဉ်းစားစရာ မလိုသေးဘူး”
ယဲ့ချန်းရှန့်သည် ကျောင်းတက်နေရင်းနှင့် အခြားသော မပြည့်စုံသည့် ကျောင်းသားများကို ကူညီပေးနိုင်ရန်အတွက် အချိန်ပိုင်း ကျူရှင်ပြသနေမှန်း ယဲ့ချန်းနင်သိပါသည်။
ယဲ့ချန်းရှန့် ပြုံးလိုက်သည်။
“ငါနားလည်ပါတယ်”
ယဲ့ရှောင်ရှောင်ကလည်း ထောက်ခံသည်။
“စာကြိုးစားပါ စတုတ္ထအစ်ကို၊ မဟာဘွဲ့ ပါရဂူဘွဲ့တွေအထိပါ ရအောင်ကြိုးစား၊ အဲ့တာမှ သမီးတို့မိသားစုမှာ စတုတ္ထအစ်ကိုက ပညာရည်အပြည့်ဝဆုံးလူ ဖြစ်လာမှာ”
ယဲ့ချန်းရှန့်က မေးသည်။
“ဒါဆိုနင်ကော အဲ့ဒီဘွဲ့တွေ ထပ်ယူဖို့ စိတ်ကူးမရှိဘူးလား”
ယဲ့ရှောင်ရှောင်က ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်သည်။
“သမီးလို ပါရမီရှင်မျိုးက ဘွဲ့ရတာနဲ့ တိုင်းပြည်ကို အကျိုးပြုသင့်တာပေါ့၊ ဒါပေမယ့် အခွင့်အရေး ရလာရင်တော့ သမီးကိုယ့်ကိုယ်ကို ဒီ့ထက်တိုးတက်လာအောာင် ဆက်ကြိုးစားသွားမှာပါ”
ယဲ့ချန်းရှန့်က ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။
“နင်ကတော့ တကယ်ရှိန်စရာကောင်းတာပဲ”
ယဲ့ရှောင်ရှောင်လည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
“ဒါပေါ့၊ ဒါပေါ့”
ယဲ့ချန်းနင်: “…”
သူသည် ဤကဲ့သို့သော စာကြမ်းပိုးများနှင့် မည်သည့်နေရာတွင်မှ တူညီခြင်းမရှိဟု ခံစားနေရသည်။ ယခုချိန် ချန်းယွမ်သာ အနားမှာရှိနေလျှင် ပျင်းစရာကောင်းသည့် ပညာရေးအကြောင်းများကို နားထောင်စရာမလိုဘဲ စကားပြောဖော် ရှိပါလိမ့်မည်။
၂ ရက်ခန့် ခရီးဆက်ခဲ့ပြီးနောက် ပေကျင်းမြို့ မြောက်ပိုင်းဘူတာရုံသို့ ရထားကြီး ဆိုက်ရောက်လာခဲ့သည်။
ယဲ့ရှောင်ရှောင်တို့ မောင်နှမများ ဘူတာရုံအပြင်ဘက်သို့ ထွက်လိုက်သည်နှင့် လုဟန်ချွမ်အား ချက်ချင်း တွေ့လိုက်ရသည်။
“လုဟန်ချွမ်၊ ရှင်တော်တော် အချိန်တိကျတာပဲနော်”
မတွေ့ရသည်မှာ ကြာပြီဖြစ်၍ လုဟန်ချွမ်ကို ယဲ့ရှောင်ရှောင် အလွန်သတိရနေပါသည်။
သူ၏ စူးရှနက်ရှိုင်းသော မျက်ဝန်းအစုံ၊ အေးစက်တည်ငြိမ်သော အမူအရာတို့ကို ငေးကြည့်ရင်း ယခင်ကထက်ပင် သူမကောင်လေး ပိုမိုခန့်ညားလာသည်ဟု ယဲ့ရှောင်ရှောင် ခံစားလိုက်ရသည်။
လုဟန်ချွမ်က ချောချောမွေ့မွေ့ပင် ပြန်ပြောလိုက်သည်။
“ကြိုရမယ့်သူက ဘယ်သူဘယ်ဝါဆိုတဲ့အပေါ်လည်း မူတည်တာပေါ့၊ တို့ရှောင်ရှောင်ကို လာကြိုရမယ့်ကိစ္စမှာတော့ နောက်မကျရဲပါဘူး”
ယဲ့ရှောင်ရှောင် သဘောကျသွားပြီး အကြည့်ပြန်လွှဲလိုက်သည်။
ယဲ့ချန်းနင်နှင့် အခြားသူများကတော့ သူတို့နှစ်ဦး၏ စကားများကို မကြားချင်ယောင်သာ ဆောင်လိုက်ကြသည်။ နားရှက်စရာကောင်းလွန်းပါသည်။
ယဲ့ရှောင်ရှောင်နှင့် စကားပြောပြီးနောက် လုဟန်ချွမ်က အခြားသူများကို လှည့်နှုတ်ဆက်လိုက်သည်။
“အားလုံး ကျွန်တော့်အိမ်မှာပဲ တည်းလိုက်ပါလား၊ အိမ်မှာ အခန်းလွတ်တွေ အများကြီးရှိပါတယ်”
ယခင်က ယဲ့ရှောင်ရှောင်ကို အတူတူလာနေဖို့ ဖိတ်ကြားစဉ်က နှစ်ဦးတည်းဖြစ်နေခြင်းကြောင့် ပတ်ဝန်းကျင်၏ အတင်းအဖျင်းစကားသံများကို ကြားရမည်စိုး၍ ယဲ့ရှောင်ရှောင် ငြင်းဆန်ခဲ့ပါသည်။ ယခုတွင်မူ မောင်နှမများ တစ်ဖွဲ့လုံး အတူတူ လိုက်ပါလာမည်ဖြစ်သဖြင့် စိတ်ပူစရာမလိုအပ်တော့ပေ။
ထို့ကြောင့် ယဲ့ရှောင်ရှောင် အလွယ်တကူပင် သဘောတူလိုက်ပါသည်။
“ဟုတ်ပြီ”
ဤကာလအတွင်း လုဟန်ချွမ်နှင့် မကြာခဏ တွေ့ဆုံနိုင်ရန်အတွက်လည်း အလွန်တရာ အဆင်ပြေသွားပါလိမ့်မည်။
သူတို့ကို လုဟန်ချွမ် ခေါ်လာခဲ့သောအိမ်မှာ စစ်တပ်စီမံကွပ်ကွဲမှုဌာနချုပ်၏ မလှမ်းမကမ်းတွင်ရှိသည့် အိမ်တစ်လုံးပင် ဖြစ်သည်။
ထိုအိမ်ရာထဲတွင် အများစုက အနောက်တိုင်းစတိုင် နှစ်ထပ်ဗီလာများသာဖြစ်ကြပြီး အိမ်ရာအတွင်းသို့ ဝင်ရောက်ဖို့ လုံခြုံရေးအလွန်တင်းကျပ်သည့် ဂိတ်တွင် စနစ်တကျ စာရင်းသွင်းထားရသည်။
လုဟန်ချွမ်၏ အိမ်တွင် အခြေခံ ပရိဘောဂအနည်းငယ်သာ ရှိပြီး လူအမြဲနေထိုင်သည့် အငွေ့အသက်မျိုး သိပ်မရှိပေ။
ယဲ့ရှောင်ရှောင်ကမေးသည်။
“ပုံမှန်ဆို ရှင်ဒီမှာ နေတာလား”
လုဟန်ချွမ်က ရှင်းပြသည်။
“စစ်တပ်ဝင်းထဲ မပြန်တဲ့အခါတွေမှာတော့ ဒီမှာပဲနေတယ်လေ၊ စခန်းနဲ့နီးတယ်ဆိုပေမယ့် မကြာခဏ ပြန်လာလေ့ မရှိဘူး”
များသောအားဖြင့် စခန်းမှ စီစဉ်ပေးထားသည့် သီးသန့်တန်းလျားတွင်သာ လုဟန်ချွမ် အဓိက နေထိုင်ရပါသည်။
“အပေါ်ထပ်မှာ အခန်းလွတ်တွေ အများကြီးရှိလို့ ကြိုက်တဲ့အခန်းမှာ နေလို့ရတယ်နော်”
ယဲ့ရှောင်ရှောင်က ကိုယ့်အိမ်ကိုယ့်ရာလိုပင် သဘောထားလိုက်သည်။
“ဒါဆို အပေါ်ထပ်သွားကြည့်လိုက်ဦးမယ်”
ယဲ့ချန်းနင်တို့က ရက်အနည်းငယ်သာ နေထိုင်ကြမည့်သူများဖြစ်၍ သိပ်မစဉ်းစားဘဲ ကျပန်းအခန်းနှစ်ခန်းကို ရွေးချယ်လိုက်ကြသည်။
ယဲ့ရှောင်ရှောင်ကမူ လုဟန်ချွမ်၏ အခန်းနှင့်ဘေးချင်းကပ်လျက်ဖြစ်သော နေရောင်ရသည့် အခန်းတစ်ခန်းကို ယူလိုက်ပါသည်။
အားလုံး အနားယူပြီးနောက်တွင် လုဟန်ချွမ်က စားသောက်ဆိုင်တစ်ဆိုင်သို့ ခေါ်ဆောင်သွားခဲ့သည်။
ယဲ့ချန်းနင် ကားမောင်းသင်ချင်နေကြောင်း သိရှိပြီးနောက် လုဟန်ချွမ်က သူ့အတွက် ကားမောင်းလေ့ကျင့်ဖို့ နေရာတစ်ခု စီစဉ်ပေးလိုက်ပါသည်။
ယဲ့ချန်းနင်က အခြားသူများကို လှည့််ကြည့်လိုက်သည်။
“အချိန်တွေအားနေတာဆိုတော့ မင်းတို့လည်း ကားမောင်းသင်ကြပါလား”
ယဲ့ရှောင်ရှောင်ကငြင်းဆန်သည်။
“စတုတ္ထအစ်ကိုနဲ့ သမီး မသင်တော့ဘူး၊ မကြာခင် ကျောင်းတွေပြန်ဖွင့်တော့မှာဆိုတော့ သင်လည်း မီမှာ မဟုတ်လောက်ဘူး”
ကျောင်းသားများ မဟုတ်ကြသည့် ယဲ့ချန်းနင်နှင့် ယွီကန်းတို့တွင်သာ အချိန်ပေါပေါများများ ရှိပါသည်။
လုဟန်ချွမ်: “ကိုယ့်အိမ်မှာ ကားတစ်စီးရှိတယ်လေ၊ အဲ့တာကြောင့် ကိုယ်သင်ပေးလို့ရတယ်၊ အရင်ဆုံး ဒီတိုင်း လေ့ကျင့်တဲ့သဘောနဲ့ မောင်းကြည့်လိုက်ပေါ့၊ လိုင်စင်ချက်ချင်း လိုတာမှ မဟုတ်တာ”
ယဲ့ရှောင်ရှောင် သူ့ကို စိုက်ကြည့်လိုက်သည်။
‘အဲ့တာ တရားမဝင်ဘူး မဟုတ်လား ဗိုလ်မှူးလု’
“နေပါစေတော့၊ အချိန်တန်မှ နည်းပြတစ်ယောက်ဆီမှာ သင်ပြီး လိုင်စင်စာမေးပွဲ ဝင်ဖြေလိုက်ပါ့မယ်”
လုဟန်ချွမ်က ယုံကြည်မှုအပြည့်ဖြင့် ဆိုသည်။
“စိတ်မပူပါနဲ့၊ ကိုယ်က ဘယ်နည်းပြထက်မဆို ပိုကောင်းအောင် သင်ပေးနိုင်တယ်”
ယခုခေတ်တွင် ကားမောင်းလိုင်စင်ရဖို့ဟူသည်မှာ မခက်လှပါ။ တစ်နိုင်ငံလုံးတွင် ကားပိုင်ဆိုင်နိုင်သည့် လူဦးရေက အလွန်နည်းပါးနေဆဲဖြစ်ခြင်းကြောင့်ပ်င။
နေ့ဘက်တွင် ယဲ့ချန်းနင်နှင့် ယွီကန်းတို့ ကားမောင်းလေ့ကျင့်ခဲ့ကြပြီး လုဟန်ချွမ်ကမူ ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းရှန့်တို့ကို ခေါ်ကာ ပေကျင်းမြို့ထဲ လိုက်ပြခဲ့ပါသည်။
အဓိကအားဖြင့် နာမည်ကြီး အထင်ကရ နေရာများနှင့် ဒေသထွက် စားစရာအမျိုးမျိုးကို မြည်းစမ်းနိုင်ရန် လိုက်လံပို့ဆောင်ပေးခြင်းဖြစ်သည်။
ယဲ့ရှောင်ရှောင်လည်း ယဲ့ချန်းရှန့်ကို ခေါ်ဆောင်ပြီး စုန့်ကွမ်းကျင့်ထံသို့ သွားရောက်လည်ပတ်ခဲ့သည်။ တစ်လက်စတည်း ရမ်သဲ့ထန်မှ လုပ်ငန်းကိစ္စများကိုလည်း စီမံခဲ့ပါသေးသည်။
၅ ရက်ခန့် ကြာသောအခါ ယဲ့ချန်းရှန့်တစ်ယောက် ကျောင်းသို့ ပြန်လည်ထွက်ခွာရမည့် အချိန်သို့ ရောက်ရှိလာခဲ့သည်။
ယဲ့ချန်းနင်သည် မူလက ညီဖြစ်သူအား ပေကျင်းမြို့တွင် ပျော်ပါးဖို့ လိုက်လံပြသပေးမည်ဟု ကတိပေးထားသော်လည်း တစ်နေကုန် ကားမောင်းလေ့ကျင့်နေရသဖြင့် သူ့ယောက်ဖလောင်း လုဟန်ချွမ်ကိုသာ တာဝန်ပေးထားလိုက်ရတော့သည်။
ဤခေတ်တွင် ကားမောင်းသင်ရသည်မှာ အလွန်ပင် လွယ်ကူမှန်း ယဲ့ရှောင်ရှောင် နားလည်ခဲ့ရသည်။
ယဲ့ချန်းနင်မှာ တစ်ပတ်ခန့်သာ လေ့ကျင့်ခဲ့ရပြီး စာမေးပွဲဖြေဖို့ အသင့်ဖြစ်နေခဲ့ပါပြီ။
အမှန်တွင် အဓိပ္ပာယ်တော့ ရှိပါသည်။ နောက်ပိုင်းမျိုးဆက်များကဲ့သို့ တစ်ရက်ကို တစ်နာရီမျှသာ လေ့ကျင့်ခြင်းမဟုတ်ဘဲ ယဲ့ချန်းနင်မှာ တစ်နေ့ကုန်နီးပါး လေ့ကျင့်ခဲ့သူ ဖြစ်သည်။
အားလုံးအတူတူ ပျော်လို့ဝကြသောအခါ လုဟန်ချွမ်သည် ယဲ့ချန်းရှန့် ဟာပင်းသို့ ပြန်ဖို့အတွက် လုဟန်ချွမ်က ရထားလက်မှတ်တစ်စောင်ဖြတ်ပေးခဲ့သည်။
ယဲ့ချန်းရှန့် ပြန်ခါနီးတွင် ယဲ့ချန်းနင် လိုက်ပို့ပေးခဲ့ပြီး ယွမ် ၁၀၀ လည်း လက်ထဲထည့်ပေးခဲ့သေးသည်။
“ဒီတစ်ခါတော့ ငါမင်းကို အချိန်သိပ်မပေးနိုင်ဘူးကွာ၊ နောက်တစ်ခါကျမှ တို့ညီအစ်ကိုတွေ အတိုးချပြီး ပျော်ကြတာပေါ့”
ယဲ့ချန်းရှန့်: “မင်းဖာသာမင်း ကားမောင်းသင်ဖို့ပဲ အာရုံစိုက်ထားစမ်းပါ၊ စာမေးပွဲအောင်ပါစေလို့ ဆုတောင်းပေးပါတယ်”
ထို့အပြင် လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက လုဟန်ချွမ်၏ ကျေးဇူးကြောင့် မြို့တော်ရှိ အထင်ကရ နေရာတိုင်းသို့ စုံလင်အောင် လည်ပတ်ခဲ့ရသဖြင့် ယဲ့ချန်းရှန့် ကျေနပ်နေပါပြီ။
ယဲ့ချန်းနင်: “စာမေးပွဲက အေးဆေးပါကွာ၊ မင်းတတိယအစ်ကိုကို ဘာထင်လို့်လဲ”
ယဲ့ချန်းရှန့်လည်း ခရီးဆောင်အိတ်ကို ဆွဲကာ အစ်ကိုဖြစ်သူကို နှုတ်ဆက်လျက် ရထားပေါ် တက်သွားတော့သည်။
ယဲ့ချန်းနင်သည် ယာဉ်မောင်းလိုင်စင်ကို အခက်အခဲမရှိ ရယူနိုင်ခဲ့ပါသည်။ ယွီကန်းကမူ အမှားအယွင်းအနည်းငယ်ဖြစ်ကာ ပထမဆုံးအကြိမ်ဖြေဆိုမှုတွင် ကျရှုံးခဲ့ရသည်။
သူတို့နှစ်ဦးစလုံး ဝင်ဖြေသည့် စာမေးပွဲက ကုန်တင်ကားမောင်းလိုင်စင်များအတွက်ဖြစ်သဖြင့် သာမန် ကားများထက် ပိုမို ခက်ခဲပါသည်။
ယဲ့ချန်းနင်တစ်ယောက် ယာဉ်မောင်းလိုင်စင်ကို ပိုင်ဆိုင်သွားသည်နှင့် ပထမဆုံးလုပ်ချင်သည့်အရာက ကားတစ်စီး ဝယ်ယူဖို့ပင် ဖြစ်သည်။
“လက်ငင်းဝယ်ဖို့ လက်ထဲမှာ အဆင်သင့်မဖြစ်သေးရင်တောင် ချေးငွေလျှောက်ထားလို့ရတာပဲဥစ္စာ!”
ယဲ့ရှောင်ရှောင်: “…”
သူမ အကြံပြုလိုက်သည်။
“တတိယအစ်ကို ဘယ်လိုကားမျိုး ဝယ်ဖို့လိုတာလဲဆိုတာ အရင်စဉ်းစားသင့်တယ်၊ ကုန်တင်ကား အသေးစားတွေ ဆိုရင် ယွမ် ၁၅,၀၀၀ လောက်ပဲရှိတာမို့လို့ အစ်ကိုတို့ ဝယ်နိုင်လောက်တယ်၊ အဲ့ထက်ကြီးတာတွေကျတော့ အစ်ကိုတို့နှစ်ယောက် ခရီးဝေး မောင်းနှင်တာတွေအတွက် အဆင်ပြေမှာ မဟုတ်ဘူး”
လုဟန်ချွမ်က ယဲ့ချန်းနင်ကို လှည့်ကြည့်လိုက်သည်။
“ကျွန်တော့်မှာ ထုတ်လုပ်ရေးစက်ရုံက အသိမိတ်ဆွေတချို့ရှိတယ်၊ တတိယအစ်ကိုအတွက် လျှော့ဈေးရအောင် ကူညီပေးလို့ရတယ်”
လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့အပြုအမူများကို သေချာပြန်သုံးသပ်ရင်း ယဲ့ချန်းနင် တွန့်ဆုတ်သွားခဲ့ပါသည်။
‘အင်း… လုဟန်ချွမ်အပေါ် အကြွေးတင်နေတာတွေ များပြီ’
လူနှစ်ဦးကို ဒုက္ခပေးမည့်အစား လူတစ်ဦးတည်းကိုပဲ အားကိုးလိုက်ခြင်းက ပိုကောင်းပါလိမ့်မည်။
သူ့အပေါ် ကျေးဇူးကြွေး တင်ရှိနေပြီးသားဖြစ်၍ အကူအညီအနည်းငယ်လောက် ဆက်တောင်းလိုက်လျှင်လည်း ဘာမှသိပ်ထူးနိုင်မည် မထင်ပေ။
ထိုအတွေးဖြင့် လုဟန်ချွမ်၏ ကမ်းလှမ်းမှုကို ယဲ့ချန်းနင် ဝမ်းမြောက်ဝမ်းသာ လက်ခံသဘောတူလိုက်တော့သည်။