အခန်း ၁၁၂
Vol. 12 Ch. 112
📗 Chapter 112
ဤသို့ လိုက်ကျွေးရခြင်းမှာ အဓိကအားဖြင့် လူတိုင်း၏ စိတ်လှုပ်ရှား ရင်တုန်မှုများကို ပြေလျော့စေရန် ရည်ရွယ်ခြင်းဖြစ်သည်။
ယဲ့ရှောင်ရှောင်နှင့် အခန်းဖော်များ စားသောက်နေကြစဉ် သူတို့၏ ထိတ်လန့်ချောက်ချားမှုများမှာ အမှန်တကယ်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားရပါသည်။
ရှားလီ: “အဲ့ဒီ ကျားကော်ချန်းကို မဖမ်းမိသေးဘူးနာ်၊ နောက်တစ်ခါ ထပ်ပေါ်လာရင် ဘယ်လိုလုပ်ကြမလဲ”
ထန်ရှို့ရှို့: “အဲ့လောက်ကြီးလည်း ကြောက်မနေစမ်းပါနဲ့၊ ငါတို့ အခုချိန်ကစပြီး ဘယ်သွားသွား ဘယ်လာလာ သတိထားမယ်ဆိုရင် အဆင်ပြေသွားလိမ့်မယ်”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။
အဖြစ်အပျက်က ကြောက်စရာကောင်းသည်မှာ အမှန်ပင် ဖြစ်သော်လည်း အရိပ်မြင်တိုင်း ထခုန်ရမည့် အခြေအနေတော့ မဟုတ်သေးပေ။
တစ်စုံတစ်ဦး၏ အန္တရာယ်ပြုမှုကို ကြောက်ရုံနှင့် ကျောင်းထဲမှာပဲ တစ်သက်လုံး ပုန်းအောင်းနေ၍ မရနိုင်သည် မဟုတ်ပါလား။
ရှားလီ သက်ပြင်းချလိုက်သည်။
“ဟုတ်ပါပြီ… ငါတို့ သတိထားရုံပဲ ရှိတာပေါ့”
စားသောက်ပြီးနောက် သူတို့အားလုံး အဆောင်သို့ ပြန်လာခဲ့ကြပါသည်။
--- --- ---
စုန့်ကွမ်းကျင့်သည် ယဲ့ရှောင်ရှောင်ကိုကြိုဖို့အတွက် ကျောင်းသို့ လူလွှတ်လိုက်လေသည်။
အိမ်သို့ပြန်ရောက်ခါမှ စုန့်ကွမ်းကျင့်မှာ ကျောင်းတွင်ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို သိနေပြီးသားဖြစ်ကြောင်း ယဲ့ရှောင်ရှောင် နားလည်ခဲ့ရတော့သည်။
“ဆရာကြီးက ဘယ်လိုသိတာလဲ”
စုန့်ကွမ်းကျင့်: “ပေကျင်းမြို့မှာ ငါက နင့်ရဲ့ အုပ်ထိန်းသူပဲလေ၊ ပြဿနာတစ်ခုခုဖြစ်လာရင် ငါသိသင့်တာပေါ့”
ယဲ့ရှောင်ရှောင်: “အဲ့ဒီကိစ္စကို ရဲတွေ စုံစမ်းနေပါပြီ”
စုန့်ကွမ်းကျင့် အာမခံလိုက်သည်။
“မဖမ်းမိသေးတဲ့ အဓိကသံသယရှိသူတစ်ယောက် ရှိတယ်မဟုတ်လား၊ စိတ်မပူနဲ့၊ ကျားကော်ချန်း ဘယ်မှာရှိလဲဆိုတာ စုံစမ်းဖို့ တစ်ယောက်ယောက်ကို တာဝန်ပေးလိုက်မယ်၊ ပြီးတော့ နင့်အတွက် ဘော်ဒီဂတ်တစ်ယောက်လည်း စီစဉ်ပေးမယ်”
ယဲ့ရှောင်ရှောင်က ကန့်ကွက်သည်။
“သမီးက အရေးကြီးပုဂ္ဂိုလ်လည်း မဟုတ်ပဲနဲ့၊ ဘော်ဒီဂတ်တွေ ဘာတွေ မလိုပါဘူး”
ဤပြဿနာတွင် သူမက ဘေးလူတစ်ယောက်သာဖြစ်ပြီး အမှန်တကယ် ကျားရှန်းနန် အမုန်းဆုံး ကာယကံရှင်မှာ လီမိန့်ရူပင် ဖြစ်သည်။
စုန့်ကွမ်းကျင့်က စိတ်ရှည်ရှည်ထားပြီး ရှင်းပြလိုက်သည်။
“နင့်နောက်ကို တကောက်ကောက်လိုက်နေမယ့် ဘော်ဒီဂတ်မျိုး မဟုတ်ဘူးလေ၊ ကျောင်းပြင်ပထွက်တဲ့အခါ နင့်ရဲ့ ဘေးကင်းလုံခြုံမှုအတွက် စောင့်ရှောက်ပေးမယ့် လူမျိုးပါ၊ ငါစီစဉ်လိုက်မယ်၊ နင်ဘာမှ တွေးပူမနေနဲ့”
ယဲ့ရှောင်ရှောင်လည်း ခေါင်းညိတ်ရုံမှတပါး အခြားမရှိတော့ပေ။
“ဟုတ်ကဲ့ပါ ဆရာကြီး”
စုန့်ကွမ်းကျင့်က ဆက်ပြောသည်။
“ဒီမှာ တစ်ချက် ကြည့်လိုက်ဦး၊ ဒီလအတွက် ကျန်းမိသားစု ဆေးပလာစတာ ရောင်းရငွေစာရင်းလေ”
ယဲ့ရှောင်ရှောင်သည် လစဉ်ငွေစာရင်းကို ဖွင့်ကြည့်လိုက်ပါသည်။
အမြတ်ပမာဏက အလွန်ပင် အားရှိဖွယ်ကောင်းလှသည်။ ထို့အပြင် ဤသည်မှာ ရမ်သဲ့ထန်ဆေးဆိုင်တစ်ခုတည်း၏ အမြတ်ငွေသာ ရှိသေးသည်။
မန်နေဂျာမှ အခြားလမ်းကြောင်းသစ်များ ထပ်မံ ဖွင့်လှစ်လိုက်သည်နှင့် အမြတ်ငွေများမှာလည်း ဤမျှမက တိုးမြင့်လာဦးမည် ဖြစ်သည်။
“ဒီလောက်များမယ် ထင်မထားဘူး…”
“ငါလည်း တူတူပါပဲ”
စုန့်ကွမ်းကျင့်က ချီးကျူးလိုက်သည်။
“ဒါ နင်ပထမဆုံး စီးပွားရေးလုပ်ဖူးတာမဟုတ်လား၊ မဟာအောင်မြင်မှုကြီးတစ်ခုလို့ မှတ်ယူလို့ရတာပေါ့”
ယဲ့ရှောင်ရှောင်က နှိမ့်ချစွာ ဆိုလိုက်သည်။
“သမီးတို့ကို အစစအရာရာ ကူညီပေးခဲ့တဲ့ ဆရာကြီးရဲ့ ကျေးဇူးတွေလည်း ပါပါတယ်၊ သမီးတို့ နှစ်ယောက်တည်းသာဆိုရင် ကျိန်းသေပေါက် ဒီလောက်လွယ်မှာမဟုတ်ဘူး”
စုန့်ကွမ်းကျင့်: “နင့်အတွက် ဘဏ်အကောင့်လည်း ဖွင့်ပေးထားသေးတယ်၊ နောက်ပိုင်းရမယ့် အမြတ်ဝေစုတွေကို နင့်အကောင့်ထဲ တိုက်ရိုက်လွှဲပေးသွားမယ်”
ယဲ့ရှောင်ရှောင်မှာ ငယ်ရွယ်သည့် တက္ကသိုလ်ကျောင်းသူတစ်ဦးသူဖြစ်သဖြင့် ငွေသားအမြောက်အများကို ကိုင်ဆောင်ထားခြင်းမှာ သူမအတွက် အန္တရာယ်ရှိနိုင်သည် မဟုတ်ပါလား။
ယဲ့ရှောင်ရှောင်၏ပထမဆုံး အတွေးမှာ ‘ငါအိမ်ဝယ်လို့ရပြီ’ဟူ၍ ဖြစ်သည်။
အထူးသဖြင့် ဒုတိယပတ်လမ်းအတွင်းမှ အိမ်တစ်လုံးကို ဝယ်ယူနိုင်ပါလိမ့်မည်။
သို့သော် ဤခေတ်အခါတွင် အိမ်အများစုမှာ နိုင်ငံတော်မှ ခွဲတမ်းချပေးခြင်း သို့မဟုတ် လုပ်ငန်းခွင် ယူနစ်များမှ ပိုင်ဆိုင်ခြင်းဖြစ်သဖြင့် ရောင်းရန်ရှိသည့် ပုဂ္ဂလိကပိုင် အိမ်တစ်လုံးကို ရှာဖွေဖို့ဟူသည်မှာ အလွန်ရှားပါးလှပါသည်။
စုန့်ကွမ်းကျင့်က ဘေးမှနေ၍ မေးလိုက်သည်။
“ဘာတွေစဉ်းစားနေတာလဲ၊ နင်ခုတလော ပင်ပန်းနေတယ်နော်၊ ဒီနေ့တော့ ဒီမှာပဲ စားသွားလိုက်၊ စာအုပ်တွေအကြောင်းလည်း ခေါင်းထဲက ခဏထုတ်ထား”
ယနေ့ ယဲ့ရှောင်ရှောင်အတွက် အလွန် စိတ်ပူနေသဖြင့် သူခေါ်ယူခဲ့ရခြင်းဖြစ်သည်။
ယဲ့ရှောင်ရှောင် ခေါင်းညိတ်သဘောတူလိုက်သည်။
“ဟုတ်ကဲ့ပါ၊ တကယ်တော့ သမီး ကုန်တိုက်ကို သွားချင်လို့”
“တစ်ခုခု ဝယ်မလို့လား”
“စက်ဘီးတစ်စီးလောက် ဝယ်မလားလို့ပါ”
စုန့်ကွမ်းကျင့်က ခေါင်းညိတ်ထောက်ခံသည်။
“ဒါပေါ့ ဒါပေါ့၊ ဘယ်သွားသွား အဆင်ပြေအောင် စက်ဘီးတစ်စီးလောက်တော့ ရှိသင့်တယ်၊ နင်တို့ကျောင်းဝင်းကြီးက အကျယ်ကြီးမဟုတ်လား”
ယဲ့ရှောင်ရှောင်တွင် လိုအပ်သည့် စက်ဘီးကူပွန်များရှိပါ သည်။
မြို့တော်ရှိ ကုန်တိုက်ကြီးများ သို့မဟုတ် သမဝါယမအရောင်းဆိုင်များတွင် စက်ဘီးလက်ကျန် ရှိ၊ မရှိသာ သွားကြည့်ရန် လိုတော့သည်
--- --- ---
စားသောက်ပြီးသောအခါ စုန့်ရှောင်းကွမ်သည် ယဲ့ရှောင်ရှောင်ကို ကုန်တိုက်သို့ လိုက်ပို့ပေးခဲ့ပါသည်။
သူတို့နှစ်ဦးမှာ ယခုဆိုလျှင် ယခင်ကထက် အလွန်ရင်းနှီးနေကြပြီဖြစ်သော်လည်း အတူရှိနေချိန်တွင် စကားသိပ်မပြောဖြစ်ကြပေ။
မြို့တော်၏ အကြီးမားဆုံး ကုန်တိုက်ကြီးတွင် ပစ္စည်းအဝင်က အလျင်မြန်ဆုံးနှင့် အကောင်းဆုံးပင်ဖြစ်သည်။
ကုန်တိုက်ထဲသို့ ဝင်လိုက်စဉ်မှာပင် ပထမထပ်၌ စီတန်းကာ ရပ်ထားသည့် စက်ဘီးများစွာကို ယဲ့ရှောင်ရှောင် မြင်လိုက်ရပါသည်။
အရောင်းဝန်ထမ်းမှာ အလွန်ပင် အေးစက်လှပြီး စက်ဘီးများအနီးသို့ လူတစ်ယောက် ချဉ်းကပ်လာသည်ကို မြင်သည်နှင့် သတိပေးစကားပြောတော့သည်။
“ပစ္စည်းတွေကို မဝယ်ဘဲ လျှောက်မကိုင်ပါနဲ့ ရဲဘော်”
ဤကဲ့သို့ အခြေအနေမျိုးနှင့် ယဲ့ရှောင်ရှောင် အမှန်တကယ် အသားမကျလှပေ။
‘ခုခေတ်မှာ အရောင်းဝန်ထမ်းတွေအကုန်လုံးက ဒီလောက် ဆက်ဆံရေးညံ့ဖျင်းကြတာလား’
ထို့အပြင် ပစ္စည်းများကို မဝယ်ခင် စစ်ဆေးခွင့်လည်းမရှိသဖြင့် ဝယ်ယူပြီးမှ ပျက်ယွင်းနေလျှင် မည်သို့ ပြုလုပ်ရပါမည်နည်း။
ကံကောင်းစွာဖြင့် စုန့်ရှောင်းကွမ်က ဝင်ကူညီပေးခဲ့သည်။
“ကျွန်တော်တို့ စက်ဘီးလာဝယ်တာပါ”
အရောင်းဝန်ထမ်းကဆိုသည်။
“ဒါဆိုလည်း ကြည့်လေ၊ ဒီအသုတ်ရောက်လာတာ မကြာသေးဘူး၊ ရှင်တို့စောသွားလို့ ကံကောင်းတယ်၊ နောက် ၂ ရက် ၃ ရက်လောက်နေရင် အကုန်ရောင်းထွက်သွားမှာ၊ မြန်မြန်ရွေးကြ၊ ကျွန်မလည်း ဆိုင်ပိတ်တော့မယ်”
စုန့်ရှောင်းကွမ်က ယဲ့ရှောင်ရှောင်အတွက် ရှေးဟောင်းစတိုင် ‘ဖီးနစ်စ်’တံဆိပ် ၂၈ လက်မ စက်ဘီးတစ်စီးကို ရွေးပေးခဲ့သည်။
ယဲ့ရှောင်ရှောင်မှာ ဤကဲ့သို့ စက်ဘီးမျိုးကို တစ်ခါမှ မစီးဖူးသသဖြင့် ခေတ်သစ်စက်ဘီးများ စီးရသည်ထက် ပိုမို ခက်ခဲနေပါသည်။
စုန့်ရှောင်းကွမ်: “ဒီစက်ဘီးကကောင်းတယ်၊ ကျောင်းပြန်ရောက်ရင် နည်းနည်းသာ လေ့ကျင့်လိုက်”
ယဲ့ရှောင်ရှောင်လည်း ယိုင်တိယိုင်တိုင်ဖြစ်နေသည့် စက်ဘီးပေါ်မှ ဆင်းလိုက်သည်။
“…ဟုတ်ကဲ့ပါ”
--- --- ---
စုန့်ရှောင်းကွမ်သည် စက်ဘီးကို ကျောင်းသို့ရောက်အောင် ပို့ဆောင်ပေးခဲ့သည်။
ယဲ့ရှောင်ရှောင်မှာ အဆောင်သို့ ချက်ချင်းမပြန်သေးဘဲ ကျောင်းဝင်းထဲတွင် စက်ဘီးစီး လေ့ကျင့်နေခဲ့သည်။
မိုးချုပ်လာသည့်အခါမှ မိန်းကလေးအဆောင်အနီးရှိစက်ဘီး ထားသည့်ရုံတွင် စက်ဘီးကို သိမ်းထားခဲ့လိုက်သည်။
“ရှောင်ရှောင်၊ အဲ့တာ နင်ဝယ်လာတဲ့ စက်ဘီးလား”
အဆောင်သို့ ပြန်လာသည့် ရှားလီက ယဲ့ရှောင်ရှောင်ကို မြင်ကာ မေးမြန်းလိုက်သည်။
“ဟုတ်တယ်၊ ဒီနေ့ပဲ ဝယ်လာတာ”
“ထင်မထားဘူး ရှောင်ရှောင်ရယ်၊ နင်က ငါတို့ထဲမှာ အချမ်းသာဆုံးပဲ!”
ယဲ့ရှောင်ရှောင် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
“အဲ့လိုလည်း မဟုတ်ပါဘူး”
“ဘာကို အဲ့လိုလည်း မဟုတ်ရမှာလဲ၊ အဲ့တာ ဖီးနစ်စ် စက်ဘီးလေ၊ ယွမ် ၁၀၀ ကျော်လောက် တန်မှာပေါ့၊ ဟုတ်တယ် မလား”
ဤခေတ်တွင် အလွန်တန်ဖိုးကြီးသည့် စက်ဘီးဟု ဆိုနိုင်သည်။
“အဲ့လောက်ဝန်းကျင်ပါပဲ”
ရှားလီက ယဲ့ရှောင်ရှောင်၏ လက်ကိုတွဲကာ အဆောင်သို့ လျှောက်လာခဲ့သည်။
“နင့်မှာ စက်ဘီးကူပွန်တောင် ရှိတယ်ပေါ့၊ ပုံမှန်ဆို စက်ရုံတွေမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေပဲ အဲ့တာမျိုးတွေ ရတာ၊ နင့်မိဘတွေက စက်ရုံမှာအလုပ်လုပ်တာလား”
ယဲ့ရှောင်ရှောင် ခေါင်းခါလိုက်သည်။
“မဟုတ်ဘူး၊ လယ်သမားတွေပါ”
ယဲ့ရှောင်ရှောင် ကူပွန်ကို မည်သို့ရရှိလာမှန်း နားမလည်သဖြင့် ရှားလီ ခေါင်းလေးစောင်းကာ စဉ်းစားနေမိပါသည်။
သို့သော် သူမ၏ အခန်းဖော်အားလုံးတွင် လျှို့ဝှက်ချက်ကိုယ်စီရှိကြပုံပေါ်သည်။ ထန်ရှို့ရှို့ဆိုလျှင် အတန်းချိန်နှင့် အိပ်ချိန်မှအပ အခြားအချိန်များတွင် ပျောက်နေတတ်သည် မဟုတ်ပါလား။
--- --- ---
အဆောင်တွင် ဟယ်ကျင်းက စာပေအသင်းမှ ပြုလုပ်မည့် စာဖတ်ဝိုင်းသို့ လာရောက်ရန် အခန်းဖော်အားလုံးကို ဖိတ်ခေါ်နေပါသည်။
“ပွဲကို ကျောင်းထဲက ‘လူငယ်ရေကန်’ဘေးမှာပဲ ကျင်းပမှာ၊ နေရာတွေလည်း အများကြီးရှိလို့ လာခဲ့ကြပါလား”
“ခေါင်းစဉ်က ‘မျိုးချစ်စိတ်ဓာတ်’တဲ့၊ အမျိုးသားနေ့မတိုင်ခင် တစ်ရက်အလိုမှာ ကျင်းပကြမှာ၊ စာဖတ်ဝိုင်းပြီးရင် ရင်ပြင်ကိုသွားပြီး ပွဲတော်သွားကြည့်လို့ရတယ်”
အစီအစဉ်ကို ကြားသောအခါ အခန်းဖော်များအားလုံး စိတ်လှုပ်ရှားသွားကြသည်။
စိတ်အပန်းဖြေရန်အတွက် အတော်လေးကောင်းမည့် အစီအစဉ်တစ်ခုပင် မဟုတ်ပါလား။
ယဲ့ရှောင်ရှောင်: “ငါ အမျိုးသားနေ့မှာတော့ မလိုက်ဖြစ်ဘူး၊ ဒါပေမယ့် စာဖတ်ဝိုင်းကိုတော့ လာကြည့်မယ်လေ”
ဟယ်ကျင်း: “ကြိုဆိုပါတယ် ကြိုဆိုပါတယ်၊ လာတဲ့သူတွေက ကိုယ်နှစ်သက်တဲ့ စာအုပ်တစ်အုပ်စီ ယူလာလို့ ရတယ်နော်”
“တခြားသူတွေကော၊ ဘယ်သူလိုက်ဦးမလဲ”
ဝမ်ကျောင်း: “အားလုံး သွားကြည့်ကြမယ်လေ၊ စိတ်အပန်းဖြေရာလည်း ရောက်တာပေါ့”
အခြားသူများလည်း ခေါင်းညိတ်သဘောတူလိုက်ကြသည်။ လတ်တလောတွင် ဖြစ်ပျက်နေသည့် ကိစ္စများကြောင့် လူတိုင်း စိတ်အပန်းဖြေဖို့ လိုအပ်နေကြပါသည်။
ဘေးဘက်အခန်းမှ ကျားရှန်းနန်ကို ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားဆဲဖြစ်ကာ အမှုတွင်မပါဝင်သည့် အခြား ကျောင်းသူများကိုမူ အဆောင်မှူးက အခန်း(၂၀၈)မှ ပြောင်းရွှေ့ပေးခဲ့ပါသည်။
သို့သော် ကျားကော်ချန်းကို ဖမ်းမမိသေးသဖြင့် ကျောင်းနှင့် ရဲအရာရှိများက အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြပြီး မလိုအပ်ဘဲ ကျောင်းပြင်ပသို့မထွက်ရန် ကျောင်းသူများကို အကြံပြုထားပါသည်။
စာဖတ်ဝိုင်းကို ကျောင်းဝင်းအတွင်းမှာသာ ပြုလုပ်မည်ဖြစ်သဖြင့် မည်သည့်ပြဿနာမျှ မရှိနိုင်ပေ။
ပွဲကျင်းပသည့်နေ့တွင် ရာသီဥတုမှာ သာယာကြည်လင်နေခဲ့သည်။
ဟယ်ကျင်းက ပွဲကို ပြင်ဆင်ရန် စောစောထွက်သွားပြီး အခြားသူများကတော့ မနက် ၁၀ နာရီ ဝန်းကျင်တွင် ရောက်ရှိလာကြပါသည်။
‘လူငယ်ရေကန်’ဘေးရှိ မိုးမခပင်ကြီးမှာ ရွက်ဝါများပင် သန်းနေခဲ့ပါပြီ။
လေပြည်လေအေး တိုက်ခတ်လာတိုင်း ရေမျက်နှာပြင်ပေါ်တွင် လှိုင်းကလေးများထသွားပြီး ရေကန်နံဘေးတွင် ရှိနေသည့် လူငယ်များ၏ မျက်နှာပေါ်တွင် ရောင်ပြန်ထင်ဟပ်နေလေတော့သည်။