အခန်း ၂၄၈
Vol. 25 Ch. 248
📗 Chapter 248
ပိုင်မုန့်အန်းက ကျီစယ်နေခြင်းသာဖြစ်သော်လည်း ယဲ့ရှောင်ရှောင်ကမူ အတည်ပေါက် ရွေးချယ်ပေးဖို့ ဆုံးဖြတ်ထားပါသည်။
“ခဏပဲစောင့်၊ နင့်အတွက် ငါလူရွေးပေးမယ်၊ နင်က ဘယ်လိုကောင်လေးမျိုးကို ကြိုက်တာလဲ’
စုထုံကလည်း အပြုံးဖြင့် ဝင်ပြောသည်။
“ငါတို့ကိုလည်း ပြောပြ၊ ငါ့တို့ဘက်မှာလည်း နင်နဲ့သင့်တော်တဲ့လူတစ်ယောက်လောက် ရှိချင်ရှိမှာပေါ့”
ထို့ကြောင့် ပိုင်မုန့်အန်းတစ်ယောက် သူမ၏ စံနှုန်းများကို အတည်ပေါက် စာရင်း စတင်ပြုစုပြလိုက်တော့သည်။
အားလုံးက ရင်းနှီးပြီးသား သူငယ်ချင်းများသာ ဖြစ်ကြ၍ ရှက်ရွံ့နေစရာမလိုအပ်ပေ။
“ပထမဆုံးအချက်က အရပ်ပုလို့မရဘူး၊ အနည်းဆုံး ၁.၈ မီတာလောက် အရပ်ရှည်ရမယ်၊ ဒုတိယအချက်က ရုပ်ဆိုးလို့ မရဘူး၊ အနည်းဆုံးတော့ ရုပ်ရည်က သန့်သန့်ပြန့်ပြန့်ရှိရမယ်၊ ချောတဲ့အထဲပါရင်တော့ အကောင်းဆုံးပေါ့၊ နောက်ဆုံးနဲ့ အရေးအကြီးဆုံး အချက်ကတော့ စိတ်ရှည်ပြီး တည်ငြိမ်တဲ့လူဖြစ်ဖို့ပဲ၊ ဘာလို့လဲဆိုတော့ ငါ့စိတ်က အလိုလိုနေရင်းကို ကြမ်းတမ်းနေလို့ ငါ့ရည်းစားဖြစ်လာမယ့်လူကတော့ စိတ်တည်ငြိမ်တဲ့လူဖြစ်မှရမှာ”
စုထုံက မေးထောက်လျက် ပြောသည်။
“ရုတ်တရက်ဆိုရင် နင့်စံနှုန်းတွေက မမြင့်ဘူးလို့ထင်ရပေမယ့် တကယ်တမ်းကျတော့ တော်တော်မြင့်တာပဲ၊ အဲ့တာကြောင့်လည်း အခုချိန်ထိ ရည်းစားမရသေးတာနေမယ်”
ပိုင်မုန့်အန်းက ညည်းတွားသည်။
“ငါ့အလုပ်ကကောင်တွေအပေါ် ဘယ်လိုမှ ခံစားလို့မရလို့ပါဟယ်၊ ငါ့အဖေနဲ့ အမေကလည်း ငါ့ကို Blind Date တွေပဲ စီစဉ်ပေးနေတာ၊ ဒါပေမယ့် အားလုံးက အကျိုးအမြတ်ပဲကြည့်တဲ့လူတွေချည့်ပဲ၊ မနက်ပိုင်း Blind Date လုပ်ပြီး နေ့လယ်ကျရင် လက်ထပ်စာချုပ်ချုပ်ချင်ကြတာလေ၊ ငါ့အတွက် ဘယ်လိုမှ အဆင်မပြေဘူး”
ယဲ့ရှောင်ရှောင်က မေးပွတ်လျက် ပြောလိုက်သည်။
“ငါတို့အတန်းခေါင်းဆောင်က နင့်စံနှုန်းသတ်မှတ်ချက်တွေနဲ့ တော်တော်လေး ကိုက်ညီတယ်လို့ ခံစားရတယ်၊ ဒါပေမယ့် သူလည်း ငါနဲ့အတူ နိုင်ငံခြားသွားရမှာဆိုတော့ နင်တို့နှစ်ယောက် တွေ့ဖို့ အခွင့်အရေးသိပ်ရမှာ မဟုတ်ဘူး”
ပိုင်မုန့်အန်းက ချေပသည်။
“ဘာစိုးရိမ်စရာလိုလို့လဲ၊ သူက နိုင်ငံခြားသူနဲ့ တွဲမှာမှ မဟုတ်တာ၊ အဲ့မှာပဲ အိမ်ထောင်ပြုပြီး အခြေချဖို့ အစီအစဉ်မရှိရင်တော့ ဒီကို ကျိန်းသေပေါက် ပြန်လာရမှာပဲလေ”
ယဲ့ရှောင်ရှောင်က ပါးချိုင့်သေးသေးလေးများ ပေါ်လာအောင် ပြုံးလိုက်သည်။
“တိုက်တိုက်ဆိုင်ဆိုင်ပဲ ခဏနေရင် တက္ကသိုလ်မှာ ငါလျှောက်လွှာသွားတင်စရာရှိတယ်၊ နင်လိုက်ခဲ့လေ”
“ဟုတ်ပြီ!”
လင်းကျစ်လူတစ်ယောက် မယုံကြည်အောင်ဖြစ်သွားသည်။
“တကယ်ကြီးသွားမှာလား၊ အဲ့လိုကိစ္စမျိုးကို အလွယ်တကူ ဆုံးဖြတ်လိုက်တော့မှာလား”
ပိုင်မုန့်အန်းက သရော်ပြုံးဖြင့် မေးလိုက်သည်။
“ဘာလို့မသွားရမှာလဲ မောင်လေးရဲ့”
လင်းကျစ်လူ ဒေါကြိးမောကြီး ပြောလိုက်သည်။
“ဘယ်သူက နင့်မောင်လေးလဲ! စိတ်ရှုပ်ဖို့ကောင်းလိုက်တာ!”
“နင်က မောင်လေးအရွယ်လေး မဟုတ်ဘူးလား၊ ဘာပဲဖြစ်ဖြစ် ငါရည်းစားရွေးတဲ့အခါကျရင် နင့်လိုမောင်လေးမျိုးကိုတော့ လုံးဝ မရွေးဘူး”
လင်းကျစ်လူက ချေပသည်။
“ငါဒီ့ထက် အရပ်ပိုရှည်လာဦးမှာဟဲ့!”
သူတို့နှစ်ဦး ရန်ဖြစ်ငြင်းခုံနေကြသည်ကို ကြည့်ရင်း ယဲ့ရှောင်ရှောင်ကသာ ဝင်တားပေးလိုက်ရပါသည်။
“ကဲပါကဲပါ တော်ကြပါတော့၊ ဘာပဲဖြစ်ဖြစ် ငါနိုင်ငံခြားသွားရတော့မယ်၊ အဲ့တာကြောင့် ဘာမှစိတ်မပူကြနဲ့၊ ငါ့ကို အချိန်မရွေး ဆက်သွယ်လို့ရတယ်၊ ငါလည်း နင်တို့အားလုံးဆီ စာပို့ပေးမယ်”
ထို့နောက် ပိုင်မုန့်အန်းအား သူမ လှည့်ပြောလိုက်သည်။
“ဘာမှလုပ်စရာမရှိရင် အခု ငါနဲ့အတူ ကျောင်းလိုက်ခဲ့လို့ရတယ်၊ ဒါပေမယ့် လောလောဆယ်တော့ စကားကို ထိန်းထိန်းသိမ်းသိမ်းပြောဦးနော်၊ အောင်သွယ်တော်လုပ်ပေးမယ့်ကိစ္စ အတန်းခေါင်းဆောင်ကို ဘာမှ မပြောရသေးဘူး”
ပိုင်မုန့်အန်း: “မပြောရသေးတာပဲ ပိုကောင်းပါတယ်၊ ပြောထားရင် သူနေရခက်နေမှာပေါ့၊ ငါ့ဘက်က သူ့ကို သဘောမကျရင်လည်း ဘာမှထုတ်ပြောနေစရာမလိုတော့ဘူးလေ”
စုထုံ: “ဒါဆို အတူတူသွားကြည့်ရအောင်လေ၊ ရောက်တုန်းရောက်ခိုက် ကျင့်ဟွာတက္ကသိုလ် ကျောင်းဝင်းကြီးကိုပါ လေ့လာလို့ရတာပေါ့”
ယဲ့ရှောင်ရှောင်သည် သူမ၏ လျှောက်လွှာဖိုင်တွဲများကို ထုတ်ယူရင်း ပြောလိုက်သည်။
“သွားကြစို့၊ ငါကားနဲ့ လိုက်ပို့မယ်”
မသွားမီ ယဲ့ရှောင်ရှောင်သည် ချူးယွင်ရှောင်အား ဖုန်းဆက်ကာ ကြိုတင်အသိပေးထားလိုက်သည်။ ချူးယွင်ရှောင်လည်း မကြာမီ ကျောင်းသို့ ရောက်ရှိမည်ဟု အကြောင်းပြန်ခဲ့ပါသည်။
“သွားကြစို့”
ယဲ့ရှောင်ရှောင်သည် သူမ၏ သူငယ်ခငျ်းများကို ကျင့်ဟွာတက္ကသိုလ်သို့ ကားဖြင့် ခေါ်ဆောင်လာခဲ့သည်။
ကျောင်းဂိတ်ဝတွင် ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် လမ်းလျှောက်လာနေသည့် ချူးယွင်ရှောင်ကို အားလုံး လှမ်းမြင်လိုက်ရသည်။
အဝေးမှ လျှောက်လာသော ကောင်လေးကို ကြည့်ရင်း စုထုံက ပိုင်မုန့်အန်းအား တံတောင်ဖြင့် တို့လိုက်သည်။
“မဆိုးဘူးနော်၊ ရှောင်ရှောင်တို့ အတန်းခေါင်းဆောင်က ချောသားပဲ၊ ပြီးတော့ ဆေးကျောင်းသားဆိုတော့ စိတ်လည်း ရှည်မှာပဲ”
ပိုင်မုန့်အန်းလည်း ချူးယွင်ရှောင်ကို အကဲခတ်နေပါသည်။ ရုပ်ရည်က အပြစ်ပြောစရာမရှိအောင် ပြည့်စုံသည်။
သူမသည် စစ်တပ်ဝင်းထဲတွင် ကြီးပြင်းလာခဲ့ရသူဖြစ်ကာ ဘေးပတ်ဝန်းကျင်ရှိ ကောင်လေးများမှာ လူမိုက်ဆန်ဆန် ဂျစ်ကန်ကန်နိုင်သူများသာဖြစ်ကြ၍ ယခုကဲ့သို့ နူးညံ့သိမ်မွေ့ပြီး တည်ငြိမ်သောလူမျိုးကို သူမပိုသဘောကျပါသည်။
“ဒါငါ့သူငယ်ချင်းတွေလေ၊ ကျောင်းကို ဒီတိုင်း အလည်လာကြည့်ကြတာပါ”
ယဲ့ရှောင်ရှောင်သည် သူငယ်ချင်းတစ်ယောက်ချင်းစီ၏ အမည်ကို ချူးယွင်ရှောင်အား မိတ်ဆက်ပေးလိုက်သည်။
ချူးယွင်ရှောင်ကလည်း စိတ်ထဲမထားခဲ့ပေ။ နွေရာသီကျောင်းပိတ်ရက်ဖြစ်၍ ကျင့်ဟွာတက္ကသိုလ်ကျောင်းဝင်းကြီးမှာ အမှန်တကယ် လည်ပတ်စရာကောင်းသည့် နေရာတစ်ခု ဖြစ်နေပါသည်။
“အားလုံးကို တွေ့ရတာဝမ်းသာပါတယ်”
ချူးယွင်ရှောင်က အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
ပိုင်မုန့်အန်းက သွားဖြီးကာ ပြုံးပြလိုက်ပြီး ပြောလိုက်ပါသည်။
“ဝမ်းသာပါတယ် ဝမ်းသာပါတယ်၊ အပြင်မှာနေပူတယ်နော်၊ နင်တို့နှစ်ယောက်က လျှောက်လွှာလာတင်တာ မဟုတ်ဘူးလား၊ အထဲမြန်မြန်ဝင်ကြရအောင်လေ”
ထိုကောင်မလေး၏ အပြုံးက အနည်းငယ်ထူးခြားနေသည်ဟု ချူးယွင်ရှောင် ခံစားမိသော်လည်း စိတ်ထဲ သိပ်မထားခဲ့ပေ။
“ဝင်ကြမယ်”
ထို့နောက် သူ့လျှောက်လွှာကို ထုတ်ယူရင်း ယဲ့ရှောင်ရှောင်အား လှည့်ပြောလိုက်သည်။
“ဒီကိုမလာခင်က ပါမောက္ခစွန်းကို ဖုန်းဆက်ခဲ့သေးတယ်၊ သူရုံးခန်းထဲမှာရှိလို့ အခုချက်ချင်း သွားတွေ့လို့ရတယ်တဲ့”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။
အနောက်တွင် စုထုံက ပိုင်မုန့်အန်းအား လေသံတိုးတိုးဖြင့် သတိပေးလိုက်ပါသည်။
“နည်းနည်း ထိန်းထိန်းသိမ်းသိမ်းနေစမ်းပါ”
ပိုင်မုန့်အန်း ဇဝေဇဝါဖြစ်သွားသည်။
“ငါက ထိန်းထိန်းသိမ်းသိမ်း မနေလို့လား၊ ငါ့ကိုယ်ငါတောင် မိတ်ဆက်မပေးခဲ့ဘူးလေ၊ ဒီလောက် ဣန္ဒြေရရလေးနေတာကို”
စုထုံမှာ ပိုင်မုန့်အန်း၏ မျက်နှာပြောင်တိုက်နိုင်စွမ်းကိုသာ အံ့အားသင့်မိတော့သည်။
ယဲ့ရှောင်ရှောင်နှင့် ချူးယွင်ရှောင်တို့ လျှောက်လွာတင်ဖို့ ရုံးခန်းထဲဝင်သွားကြစဉ် ကျန်သုံးဦးမှာ အပြင်တွင်သာ စောင့်နေကြပါသည်။
လင်းကျစ်လူက နှုတ်ခမ်းတွန့်လျက် ပြောသည်။
“ငါ့အမြင်မှာတော့ သာမန်ပါပဲ”
ပိုင်မုန့်အန်းက လင်းကျစ်လူ၏ ခေါင်းလေးကို ပွတ်သပ်ပေးကာ ပြောလိုက်သည်။
“သဝန်မတိုပါနဲ့ မောင်လေးရဲ့၊ မောင်လေးလိုလူမျိုးကို ကြိုက်တဲ့လူတွေလည်း အများကြီးရှိမှာပါ၊ ဒါပေမယ့် မောင်လေးက မမအကြိုက်တော့ မဟုတ်လို့နော်”
လင်းကျစ်လူ ဒေါသတထောင်းထောင်းထသွားပြီး သူမလက်ကို ရိုက်ထုတ်ပစ်လိုက်သည်။
“နင်လာချော့စရာမလိုဘူး!”
ရုံးခန်းထဲတွင်…
မျှော်လင့်ထားသည့် ကျောင်းသားနှစ်ဦးကို မြင်ရသောအခါ စွန်းကျန့်ယောင် အလွန်ပင် ဝမ်းမြောက်ဝမ်းသာဖြစ်သွားခဲ့ရသည်။
“ကောင်းတယ် ကောင်းတယ်၊ ဒီလျှောက်လွှာတွေကို ကျောင်းစီမံခန့်ခွဲရေးအဖွဲ့ဆီ ချက်ချင်း တင်ပြလိုက်မယ်၊ မင်းတို့နှစ်ယောက် နိုင်ငံခြားထွက်ဖို့ သဘောတူတာကို ငါတကယ် ဝမ်းသာပါတယ်၊ အခက်အခဲတွေဘာတွေ ရှိလာရင် ကျောင်းကို အချိန်မရွေး တင်ပြလို့ရတယ်နော်”
ချူးယွင်ရှောင်: “အခက်အခဲ ကြီးကြီးမားမား တော့မရှိပါဘူး၊ ဟိုရောက်ရင် ပတ်ဝန်းကျင်နဲ့ အသားကျအောင် အချိန်ယူပြီး ကြိုးစားရမယ်ဆိုတာကိုပဲ သတိထားဖို့လိုတယ်”
စွန်းကျန့်ယောင်က အာမခံသည်။
“အဲ့တာကတော့ အမှန်ပဲ၊ ဒါပေမယ့် ဟိုရောက်ရင် မင်းတို့ကို ကြိုဆိုဖို့ ကျောင်းက စီစဉ်ပေးထားပြီးပါပြီ၊ ဟိုမှာ မင်းတို့ကို ကူညီပေးနိုင်တဲ့ စီနီယာကျောင်းသားကြီးတွေလည်း အများကြီးရှိကြတယ်”
ကျင့်ဟွာတက္ကသိုလ်မှ ပညာဖလှယ်ကျောင်းသား စေလွှတ်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သို့သော် ယခုနှစ်တွင် ထွက်ခွာမည့် ကျောင်းသားအရေအတွက်က အများဆုံးဟု ဆိုနိုင်သည်။
ဆေးကျောင်းတစ်ခုတည်းနှင့်ပင် ကျောင်းသား ၅ ဦးရှိပြီး ကျန်မဟာဌာနများမှ ကျောင်းသားများနှင့် ပေါင်းလိုက်လျှင် အယောက် ၂၀ ကျော်နီးပါး ရှိပါသည်။
စွန်းကျန့်ယောင်နှင့် စကားအနည်းငယ် ထပ်ပြောပြီးနောက် ယဲ့ရှောင်ရှောင်နှင့် ချူးယွင်ရှောင်တို့ ရုံးခန်းထဲမှ ပြန်ထွက်လာခဲ့ကြသည်။
ပိုင်မုန့်အန်းသည် ပြူတင်းပေါက်ကို မှီလျက် အပြင်ဘက်သို့ ငေးကြည့်ရင်း စောင့်ဆိုင်းနေခဲ့သည်။ သူမ အနောက်သို့ လှည့်ကြည့်လိုက်သည်နှင့် ယဲ့ရှောင်ရှောင်တို့ ပြန်ထွက်လာသည်ကို မြင်လိုက်ရပါသည်။
“ထွက်လာကြပြီပေါ့၊ ဘာဆက်လုပ်ကြမှာလဲ ရှောင်ရှောင်၊ ငါတို့ကို ကျောင်းထဲမှာ လိုက်ပြပါဦး”
ယဲ့ရှောင်ရှောင်က ချူးယွင်ရှောင်အား လှည့်မေးလိုက်သည်။
“အလုပ်များနေလား အတန်းခေါင်းဆောင်၊ အတူတူလိုက်ခဲ့ဦးမလား”
ချူးယွင်ရှောင်: “အရေးတကြီး လုပ်စရာကိစ္စတော့ မရှိပါဘူး၊ ဒါပေမယ့် ရာသီဥတုက ပူတော့ ရေကန်ဘေးမှာပဲ လမ်းသွားလျှောက်ကြရအောင်”
ပိုင်မုန့်အန်းအား ယဲ့ရှောင်ရှောင် လှည့်ကြည့်လိုက်သည်။ သူမပုံစံက အလွန်စိတ်လှုပ်ရှားနေပုံရပါသည်။
“ဟုတ်ပြီ၊ သွားကြတာပေါ့”
လမ်းတစ်လျှောက်လုံးတွင် ယဲ့ရှောင်ရှောင်သည် စကားပြောဆိုနိုင်မည့် အကြောင်းအရာများကို အစပျိုးပေးနိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့ပြီး ချူးယွင်ရှောင်ကလည်း အလိုက်တသင့်ပင် ပြန်လည်ပြောဆိုခဲ့ပါသည်။
ယဲ့ရှောင်ရှောင်၏ သူငယ်ချင်းများက မည်သည့်ကျောင်းတွင် တက်ကြကြောင်းကိုလည်း ချူးယွင်ရှောင် မေးမြန်းခဲ့သည်။
စစ်တပ်၏ အနုပညာဖျော်ဖြေရေးအဖွဲ့တွင် အလုပ်လုပ်ကိုင်နေသည့် ပိုင်မုန့်အန်းမှအပ ကျန်နှစ်ဦးမှာ အခြားမြို့နယ်များရှိ တက္ကသိုလ်များတွင် တက်ရောက်နေကြသူများဖြစ်ပြီး နွေရာသီကျောင်းပိတ်ရက်ဖြစ်၍ ပေကျင်းသို့ ပြန်လာခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိခဲ့သည်။
ချူးယွင်ရှောင်သည် တက်တက်ကြွကြွ ရှိလှသော ပိုင်မုန့်အန်းကို အနုပညာဝန်ထမ်းတစ်ဦးဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ သူမက စန္ဒရားတီးတတ်သည်ဟု ဆိုသောအခါ ချူးယွင်ရှောင် ပို၍ပင် အံ့အားသင့်ခဲ့ရပါသည်။
ချူးယွင်ရှောင်သည်လည်း ငယ်စဉ်က စန္ဒရားပညာသင်ကြားဖူးသဖြင့် သူတို့နှစ်ဦး ဂီတအကြောင်း ပြောဆိုစရာ အကြောင်းအရာအချို့ ရှာတွေ့သွားကြပြီး စကားလက်ဆုံကျသွားတော့သည်။
ယဲ့ရှောင်ရှောင်မှာ မသိမသာ နောက်သို့ ဆုတ်သွားပြီး စုထုံနှင့် ဘေးချင်းကပ်လျက် လမ်းလျှောက်လာခဲ့သည်။
စုထုံက တီးတိုးပြောလိုက်သည်။
“အခြေအနေကောင်းတယ်နော်၊ ပိုင်မုန့်အန်းက ရုပ်ချောတာမြင်ရင် ဟန်တောင်မဆောင်နိုင်ဘူး”
ယဲ့ရှောင်ရှောင်သည် ပိုင်မုန့်အန်းတစ်ယောက် သူမ၏ ငွေကြေး သို့မဟုတ် နှလုံးသားကို လိမ်လည်လှည့်စားသွားမည့် ကောက်ကျစ်သော ယောက်ျားမျိုးနှင့် ကြုံတွေ့ရမည်ကို အမြဲတမ်း စိုးရိမ်ပန်နေမိပါသည်။
ချူးယွင်ရှောင်နှင့် ယခုလို မိတ်ဆက်ပေးလိုက်ခြင်းအားဖြင့် နောက်ဆုံးတွင် လိုချင်သည့်ရလဒ်ထွက်မလာခဲ့လျှင်ပင် ပိုင်မုန့်အန်း စံနှုန်းမြင့်မြင့်ထားတတ်ဖို့ သင်ခန်းစာ ရရှိသွားပါလိမ့်မည်။
ယဲ့ရှောင်ရှောင်ကမေးသည်။
“လူချင်းတစ်ခါပဲ တွေ့ရသေးတာကို အဲ့လိုအပိုင်ပြောနိုင်တယ်ပေါ့”
စုထုံ: “သူတို့နှစ်ယောက်က စတိုင်ချင်း တော်တော်လိုက်ဖက်တယ်လို့ ခံစားမိလို့ပါ”
ယဲ့ရှောင်ရှောင်တို့အဖွဲ့ ရေကန်ဘေးတွင် ခေတ္တထိုင်ကာ စကားပြောခဲ့ကြပြီး နေ့လယ်စာစားချိန် ရောက်သောအခါ ကျောင်းပြင်ပရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ အတူတူ သွားရောက်ခဲ့ကြပါသည်။