← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

📗 Chapter 139

“ကလေးနှစ်ယောက်ကို ကျွန်မနဲ့ပဲ အတူခေါ်ထားမှာနော်၊ တကယ်လို့ ကန့်ကွက်ချင်တယ်ဆိုရင် အခုကတည်းက ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်၊ ရှင်လက်မခံနိုင်ဘူးဆိုလည်း ကျွန်မ နားလည်ပေးနိုင်ပါတယ်”

ကျန်းဝမ်လင်ကို ယဲ့လျန် မော့ကြည့်လိုက်သည်။

မိသားစုအိမ်တွင် ပြန်လည်နေထိုင်ပြီးနောက်ပိုင်း ယဲ့လျန်မှာ ကိုယ်အလေးချိန် အနည်းငယ် ပြန်တက်လာခဲ့ပါသည်။

ပါးပြင်များမှာ ယခင်ကကဲ့သို့ ပိန်လှီချောင်ကျနေခြင်း မရှိတော့ဘဲ မျက်ဝန်းများမှာလည်း ကြည်လင်တောက်ပလာခဲ့ကာ တည်ငြိမ်ရင့်ကျက်ပြီး ကျက်သရေရှိသော အငွေ့အသက်မျိုး ပေးစွမ်းနေခဲ့သည်။

ကျန်းဝမ်လင်: “ကျွန်တော် လက်ခံပေးနိုင်ပါတယ်၊ ကျွန်တော်တို့လက်ထပ်ပြီးရင် ကလေးနှစ်ယောက်ကို ကျွန်တော်ပဲ ပြုစုပျိုးထောင်ပေးမှာပါ”

ယဲ့လျန်က ဆက်မေးသည်။

“ကျွန်မက အိမ်ထောင်ရှိဖူးတယ်နော်၊ ရှင်ကတော့ ပထမဆုံးအကြိမ်လက်ထပ်ရမှာမလား၊ အဲ့တာကို ဘာလို့ လက်ခံရတာလဲ”

ကျန်းဝမ်လင်: “ကျွန်တော်ကတော့ တခြားအရာတွေထက် လူနှစ်ယောက်ကြားက ကံစီမံရာဖူးစာနဲ့ ရေစက်ကိုပဲ ပိုပြီးအလေးထားပါတယ်”

ယဲ့လျန်: “ရှင် အခုချိန်ထိ ဘာလို့အိမ်ထောင်မပြုရသေးတာလဲဆိုတာ သိခွင့်ရှိမလား”

ကျန်းဝမ်လင်က ရှင်းပြသည်။

“အရင်က ကျွန်တော့်မှာ ကောင်မလေးတစ်ယောက် ရှိဖူးတယ်၊ ဒါပေမယ့် သဘောထားမတိုက်ဆိုင်လို့လမ်းခွဲခဲ့ကြတာလေ၊ သူနဲ့ လမ်းခွဲပြီး တခြားဘယ်သူနဲ့မှ ထပ်မတွဲဖြစ်တော့ဘူး၊ လတ်တလောကမှ အိမ်ထောင်ပြုဖို့ကို စဉ်းစားမိခဲ့တာပါ”

ယဲ့လျန်သည် မိသားစုဝင်များ စိတ်ပူနေသည့် မေးခွန်းကို မေးမြန်းခဲ့ပါသည်။

“ဒါဆို အဲ့ဒီကောင်မလေးကို ရှင်လုံးဝစွန့်လွှတ်လိုက်ပြီလား”

ကျန်းဝမ်လင် ပြုံးလိုက်သည်။

“ဒါပေါ့”

ယဲ့လျန်လည်း ခေါင်းညိတ်လိုက်ပါသည်။ ကျန်းဝမ်လင် ရင်ထဲတွင် အခြားတစ်ယောက်ရှိနေလည်း သူမ ဂရုစိုက်မည်မဟုတ်ပေ။

သူမက ဆယ်ကျော်သက်အရွယ် အပျိုမိန်းကလေးတစ်ဦးသာဆိုလျှင် အချစ်စစ်ကို ရှာဖွေမိမည်ဖြစ်သော်လည်း ယခုတွင်မူ ကလေးနှစ်ယောက်နှင့် အိမ်ထောင်ကွဲအမျိုးသမီးတစ်ယောက်ဖြစ်နေပြီဖြစ်၍ သူမတစ်ဘဝလုံး ယုံကြည်စိတ်ချနိုင်ပြီး အားကိုးအားထားထိုက်သည့် ယောက်ျားတစ်ဦးကိုသာ ရှာဖွေချင်ပါတော့သည်။

“ကျွန်မ မေးစရာမရှိတော့ပါဘူး၊ ကျွန်မသမီးလေးနှစ်ယောက်ကို လက်ခံပေးနိုင်မယ်ဆိုရင် ကျွန်မဘက်ကလည်း သဘောတူဖို့အသင့်ပါပဲ”

ကျန်းဝမ်လင်သည် သူ့ရှေ့က ပိန်ပါးသော်လည်း စိတ်ဓာတ်ခိုင်မာသည့် အမျိုးသမီးကို အကဲခတ်ကြည့်လိုက်ပါသည်။

ယဲ့လျန်က ရုပ်ရည်လှပသော်လည်း အတိတ်က ဆိုးဆိုးရွားရွား ညှဉ်းပန်းခံခဲ့ရခြင်းကြောင့် သူမတွင် တစ်စုံတစ်ခုကို စိုးရိမ်ကြောက်ရွံ့နေသော အငွေ့အသက်များရှိနေသည်။

သူမ ခေါင်းမော့လိုက်သည့်အခါ မျက်ဝန်းအစုံက ကန်ရေပြင်ပမာ ကြည်လင်နေပြီး အလွန်နူးညံ့သိမ်မွေ့မှု ရှိပါသည်။

ကျန်းဝမ်လင်း ဤနေရာသို့ မလာခင်က ယဲ့လျန်၏အကြောင်းကို စုံစမ်းထားပြီးပါပြီ။ သူမသည် ယခင်က အိမ်ထောင်ရေး မသာယာခဲ့ဘဲကွာရှင်းပြတ်စဲခဲ့ရကြောင်းကိုလည်း ကျန်းဝမ်လင် သိရှိပြီးပြီ ဖြစ်သည်။

ယခုခေတ်တွင် ခင်ပွန်းဖြစ်သူနှင့် အမှန်တကယ် ကွာရှင်းပြတ်စဲရဲသည့် အမျိုးသမီးဟူသည်မှာ ရှားပါးလွန်းသဖြင့် ယဲ့လျန်၏သတ္တိအား သူလေးစားမိပါသည်။

ယနေ့တွင် လူချင်းတွေ့ဆုံခဲ့ရပြီးနောက် ယဲ့လျန်မှာ အနည်းငယ်ရှက်သွေးဖြာတတ်သော်လည်း လူအများနှင့် စကားပြောဆို ဆက်ဆံသည့်အခါ အလွန်ယဉ်ကျေးသိမ်မွေ့ပြီး ကျက်သရေရှိသည်ကို ကျန့်ဝမ်လင် မြင်တွေ့ခဲ့ရကာ ပိုမိုသဘောကျသွားလေတော့သည်။

အတန်ကြာသောအခါ အနောက်ဘက် အိမ်ခန်းတံခါးပွင့်သွားပြီး ကျန်းဝမ်လင်နှင့် ယဲ့လျန်တို့ ပြန်ထွက်လာခဲ့ကြသည်။

ယဲ့လျန် လီကွေ့လန်နားသို့ သွားကာ စကားအနည်းငယ် ပြောလိုက်ပါသည်။

လီကွေ့လန် အောင်သွယ်တော်နှင့် ကျန်းဝမ်လင်တို့ကို နွေးနွေးထွေးထွေးဧည့်ခံရင်း ဆိုလိုက်သည်။

“မပြန်ခင် အိမ်မှာ စားသွားကြဦးနော်”

ထို့နောက် ကျန်းဝမ်လင်အား ဧည့်ခံရန် ယဲ့မိသားစုမှ ယောက်ျားလေးများကို တာဝန်ပေးခဲ့ပြီးနောက် လီကွေ့လန် ချက်ပြုတ်ဖို့ ထွက်သွားလေတော့သည်။

ယဲ့ရှောင်ရှောင်တို့ မောင်နှမများ အနည်းငယ်အနေခက်သွားကြပါသည်။ ကံကောင်းစွာဖြင့် အောင်သွယ်တော် အဒေါ်ကြီး ရှိနေဆဲဖြစ်၍ သူမကသာ ယဲ့မိသားစုဝင်များကို မိတ်ဆက်ပေးခဲ့သည်။

“သူတို့က ယဲ့လျန်ရဲ့ ဝမ်းကွဲ မောင်လေးညီမလေးတွေလေ၊ အခုလောလောဆယ် ယဲ့မိသားစုမှာ တက္ကသိုလ်ကျောင်းသားနှစ်ယောက်ရှိတယ်၊ အနာဂတ်မှာ နိုင်ငံတော်ရဲ့ ရတနာတွေဖြစ်လာမယ့် ကလေးတွေပေါ့၊ ယဲ့လျန်ရဲ့မောင်အငယ်ဆုံးကလည်း စစ်မှုထမ်းနေလို့ ဒီနှစ်တော့ အိမ်ပြန်လာဖြစ်မှာ မဟုတ်ဘူး”

အောင်သွယ်တော်က ယဲ့မိသားစုအကြောင်းကို နှံ့နှံ့စပ်စပ်ပင် သိထားသည်။

ကျန်းဝမ်လင် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။ ပိုင်ချွမ်ရွာလေးက ချောင်ကျသော်လည်း ယဲ့မိသားစု၏အခြေအနေမှာ အတော်လေးကောင်းမွန်သည်ဟု ဆိုနိုင်သည်။

အိမ်တွင် ကလေးများစွာရှိနေသော်လည်း တက္ကသိုလ်ကျောင်းသားဘဝ ရောက်သည်အထိ ထောက်ပံ့ပေးနိုင်ခြင်းမှာ အလွန်ချီးကျူးထိုက်သည်။

ယခုချိန်တွင် ကျန်းဝမ်လင်သည် ယဲ့လျန်နှင့် လက်ဆက်ထိန်းမြှားဖို့အတွက် တွန့်ဆုတ်မှုမရှိတော့ဘဲ ဆုံးဖြတ်ချက်ခိုင်မာနေခဲ့ပါပြီ။

စားသောက်နေစဉ်အတွင်း ယဲ့ချန်းနင်က ကျန်းဝမ်လင်၏ဘေးတွင်ထိုင်ကာ ကျန်းမိသားစုအကြောင်းကို သိရအောင်စကားနှိုက်ထုတ်နေပါသည်။

ကျန်းဝမ်လင်လည်း စိတ်မရှိဘဲ အသေးစိတ်ရှင်းပြပေးခဲ့သည်။

ထိုအခါ ယဲ့ချန်းနင် အတော်လေးကျေနပ်သွားပါသည်။ ဤလူကတော့ ကျိန်းသေပေါက် အခြေအနေ ကောင်းမွန်နေပြီး၊ သူ့အမေမှာ မည်ကဲ့သို့ လူမျိုးဖြစ်ကြောင်းကိုပါသိနိုင်လျှင် သူတို့အတွက် ပိုစိတ်ချရပါလိမ့်မည်။

နေ့လယ်ခင်းတွင် ကျန်းဝမ်လင်နှင့် အောင်သွယ်တော်တို့ စောစော ပြန်ခဲ့ကြသည်။

သို့သော် ယဲ့လျန်ကို ကျန်းဝမ်လင် အလွန်ကျေနပ်မှုရှိကြောင်း အောင်သွယ်တော်က လီကွေ့လန်အား အာမခံခဲ့ပါသည်။

ထို့ကြောင့် နှစ်ဦးနှစ်ဖက် ကန့်ကွက်စရာမရှိတော့လျှင် လက်ဆက်ထိန်းမြှားမှုကို စောစီးစွာ ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။

လီကွေ့လန် အောင်သွယ်တော်၏လက်ကို ကိုင်ကာ ပြောလိုက်သည်။

“ကျွန်မတို့ မိသားစု သေသေချာချာဆွေးနွေးပြီး ဒီကိစ္စကို အမြန်ဆုံး ဆောင်ရွက်နိုင်အောင် ကြိုးစားပါ့မယ်”

အောင်သွယ်တော်လည်း ခေါင်းညိတ်သဘောတူလိုက်ပါသည်။

ကျန်းဝမ်လင်တို့ကို လိုက်ပို့ပေးပြီးနောက် လီကွေ့လန်က ယဲ့လျန်၏သဘောထားအား သေသေချာချာ မေးမြန်းခဲ့သည်။

“ကျန်းဝမ်လင်က မဆိုးပါဘူး၊ ကလေးနှစ်ယောက်ကိုလည်း လက်ခံပေးနိုင်တယ်၊ သမီးဘက်က ဘာတင်တောင်းငွေမှလည်း မလိုချင်ဘူး”

ထို့အပြင် မင်္ဂလာအခမ်းအနား ကျင်းပဖို့လည်းရှိသေးသည်။ ယဲ့လျန်အတွက် ဒုတိယအိမ်ထောင်ဖြစ်သော်ငြား ကျန်းဝမ်လင်အတွက်မူ ပထမဆုံးလက်ထက်ထိန်းမြှားမှုပင်။

တစ်ဖက်လူက မင်္ဂလာပွဲကျင်းပချင်သည်ဆိုလျှင် သူမတို့ဘက်မှ ကန့်ကွက်စရာမရှိပါ။

ယဲ့ရှောင်ရှောင်က ဝင်ပြောလိုက်သည်။

“အစ်မအတွက် ဒုတိယအိမ်ထောင်ဖြစ်နေတာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် အထင်မသေးနဲ့လေ၊ တင်တောင်းငွေက အရေးမကြီးဘူးဆိုပေမယ့် ကျန်းမိသားစုရဲ့ သဘောထားကို သိရတာပေါ့”

ယဲ့ချန်းနင်လည်း ထောက်ခံသည်။

“ဟုတ်တယ်၊ ဒုတိယအိမ်ထောင်ဖြစ်တော့ကော ဘာဖြစ်လဲ၊ ကလေးက သူ့ကလေးမဟုတ်ပေမယ့် မိန်းမက သူ့မိန်းမလေ!”

ယဲ့လျန် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။

“နှစ်သစ်ကူးပြီးမှ အဲ့ဒီကိစ္စကို ဆက်ဆွေးနွေးကြရအောင်၊ ငါလည်း နည်းနည်းလောက် ထပ်စဉ်းစားဦးမယ်၊ ဒါပေမယ့် ကျန်းဝမ်လင်က လူကောင်းတစ်ယောက်လို့တော့ ထင်မိပါတယ်”

ဆိုလိုသည်မှာ နောက်နောင် အခြားသူများနှင့် မိတ်ဆက်ပေးမည်ဆိုလျှင်ပင် ကျန်းဝမ်လင်ထက် ပိုမို ကောင်းမွန်နိုင်မည့် အလားအလာမရှိဟု ဝန်ခံလိုက်ခြင်းပင်။

ယဲ့ချန်းရှန့်က ခေါင်းညိတ်လိုက်ပါသည်။

“အစ်မ စိတ်ကျေနပ်မှုရှိရင် ပြီးတာပါပဲ”

ယဲ့ချန်းနင်ကလည်း ထောက်ခံသည်။

“ဟုတ်ပြီ၊ ဒါဆို ကျန်းမိသားစုရဲ့ သဘောထားကို နည်းနည်း ထပ်စောင့်ကြည့်ပြီး ဒီကိစ္စကို အတည်ပြုကြတာပေါ့”

ယဲ့လျန်နှင့် ကျန်းဝမ်လင်တို့၏ အခြေအနေက အလားအလာကောင်းနေသဖြင့် ယဲ့မိသားစုဝင်များ စိတ်သက်သာရာ ရသွားခဲ့ကြသည်။

ထိုအချိန်တွင် မြောင်စွေ့ဖန်း၏အိမ်၌ ချမ့်ယွင်သော်သည် ညီမလေးဖြစ်သူ ချမ့်ယွင်ရွှမ်းနှင့် ကစားနေပါသည်။

လီကွေ့လန်က ကလေးနှစ်ဦးကို စိတ်အနှောင့်အယှက်မဖြစ်စေဖို့ အစောကြီးကတည်းက မြောင်စွေ့ဖန်း၏အိမ်သို့ ပို့ဆောင်ထားခြင်းဖြစ်သည်။

ကျန်းရွှယ် ကလေးနှစ်ယောက်အတွက် မုန့်များယူလာပေးပါသည်။

ချမ့်ယွင်သော်သည် နားလည်သိတတ်သည့် အရွယ်သို့ ရောက်နေပြီဖြစ်၍ ခေါင်းလေးစောင်းကာ ကျန်းရွှယ်ကို မေးလိုက်ပါသည်။

“ဒေါ်လေး၊ မေမေက သမီးတို့ကို မလိုချင်တော့ဘူးလားဟင်”

ကျန်းရွှယ်က ချမ့်ယွင်သော်၏ခေါင်းလေးကို ပွတ်သပ်ပေးကာ ပြောလိုက်သည်။

“မဟုတ်တာ၊ သမီးတို့အမေက သမီးတို့ကို အချစ်ဆုံးပဲလေ၊ သူ ဘယ်ကိုပဲသွားသွား သမီးတို့ကို စွန့်ပစ်မှာ မဟုတ်ဘူး”

ချမ့်ယွင်သော် ခေါင်းငုံ့သွားခဲ့သည်။

“သမီးမေမေကို ပျော်စေချင်လို့ပါ”

အမှန်တွင် ယဲ့မိသားစုနှင့် အတူတူ နေထိုင်ခဲ့ရသည့် နေ့ရက်များသည် ချမ့်ယွင်သော်၏ဘဝတွင် အပျော်ရွှင်ရဆုံးကာလများ ဖြစ်ခဲ့သည်။

ယဲ့မိသားစုအိမ်တွင် မိုးမလင်းခင်ကတည်းက ထပြီး အိမ်မှုကိစ္စများ လုပ်စရာမလိုသလို ဝက်စာပင်များလည်း နှုတ်စရာမလိုပေ။

မိန်းကလေးဖြစ်နေ၍ အသားဟင်းစားသုံးခွင့် ပိတ်ပင်ခံရခြင်းမရှိသလို အကြောင်းအရင်းမရှိ ဆူပူကြိမ်းမောင်း ရိုက်နှက်ခံရခြင်းမျိုးလည်း မရှိချေ။

ယဲ့မိသားစုအိမ်တွင် အဘိုးအဘွားများက အလွန်သဘောကောင်းပြီး ဦးလေးများကလည်း ထပ်တူပင် သဘောကောင်းကြပါသည်။

သူမ မေမေ၏ အိမ်အသစ်သည် ယဲ့မိသားစုအိမ်လောက် ပျော်ရွှင်စရာကောင်းနိုင်ပါ့မလား မသိဘဲ ယခင်ဘဝကို ပြန်လည်ရောက်ရှိသွားမည်ကို ချမ့်ယွင်သော် စိတ်ပူနေခဲ့သည်။

ချမ့်ယွင်ရွှမ်းလေးက ပို၍ပင် စိုးရိမ်ထိတ်လန့်နေပါသည်။ စကားမပြောသော်လည်း အစ်မဖြစ်သူ၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ကျန်းရွှယ်ကျွေးသည့် မုန့်ကိုပင် မစားပေ။

ကျန်းရွှယ်က အချိန်ကို ကြည့်ကာ ကလေးနှစ်ယောက်ကို အိမ်ပြန်ပို့ပေးဖို့ ဆုံးဖြတ်လိုက်သည်။

“ဘာမှ စိတ်မပူနဲ့နော်၊ သမီးတို့မေမေဆီ ဒေါ်လေး ပြန်လိုက်ပို့ပေးမယ်”

ကလေးနှစ်ယောက်မှာ ချက်ချင်းမတ်တပ်ရပ်လိုက်ကြသည်။

ယဲ့ပေါင်ချန်းလေးမှာမူ ယခုချိန်ထိ စားပွဲပေါ်တွင် ကိုယ်တစ်ပိုင်းဝပ်လျက် မုန့်များကို ပလုတ်ပလောင်းစားနေဆဲ ဖြစ်သည်။

ကျန်းရွှယ်သည် ထိုဝတုတ်လေးကိုပါ ဆွဲခေါ်လာခဲ့ပါသည်။

“စားသောက်မနေနဲ့တော့၊ နင့် အစ်မနှစ်ယောက်နဲ့ ဦးလေးတို့အိမ်ကို သွားကြမယ်”

ယဲ့ပေါင်ချန်းလေးက သူ့ညီလေးကို ချီချင်သော်လည်း သူကိုယ်တိုင် လမ်းပင်ဖြောင့်အောင် မလျှောက်နိုင်သဖြင့် ကျန်းရွှယ်ကသာ ယဲ့ပေါင်ယွမ်လေးကိုချီလိုက်ရသည်။

“နင်က နင့်အစ်မ လက်ကိုတွဲပြီး သွား”

“ဟုတ်ကဲ့”

ထို့နောက် ယဲ့ပေါင်ချန်းလေးက ချမ့်ယွင်သော်၏လက်ကိုပြေးတွဲလိုက်ပါသည်။

တစ်ဖက်အိမ်တွင် လီကွေ့လန်နှင့် မြောင်စွေ့ဖန်းတို့နှစ်ယောက် ဟင်းများ ချက်ပြုတ်နေကြပြီး ယဲ့လျန်ကလည်း မီးကူမွှေးပေးနေသည်။

ချမ့်ယွင်သော်နှင့် ချမ့်ယွင်ရွှမ်းတို့ အိမ်ပြန်ရောက်သည်နှင့် ယဲ့လျန်ကို ပြေးဖက်လိုက်ကြပါသည်။

ယဲ့လျန်က မေးသည်။

“သမီးမောင်လေးနဲ့ ကစားရတာ ပျော်ရဲ့လား”

ချမ့်ယွင်သော်က ခေါင်းညိတ်လိုက်သည်။

ထိုစဉ် ချမ့်ယွင်ရွှမ်းလေးက ငိုယိုကာပြောလိုက်ပါသည်။

“မေမေ သမီးတို့ကို မထားခဲ့ပါနဲ့”

ယဲ့လျန်လည်း မျက်ရည်များ ဝဲသွားသည်။

“မေမေက သမီးတို့ကို ဘာလို့ထားခဲ့ရမှာလဲ”

ချမ့်ယွင်ရွှမ်းလေးက မေးလိုက်သည်။

“အဲ့တာဆို သမီးတို့ကို ဖေဖေ အသစ်ရှာပေးမှာလား”

ယဲ့လျန်: “ဒီနေ့ သဘောကောင်းတဲ့ ဦးလေးတစ်ယောက်နဲ့ မေမေတွေ့ခဲ့တယ်၊ နောက်ပိုင်းကျရင် မေမေတို့ တစ်အိမ်တည်း တူတူနေရလောက်တယ်၊ သမီးတို့ညီအစ်မနှစ်‌ယောက်လည်း ဘာမှ ကြောက်စရာမလိုဘူး၊ မေမေ ဘယ်သွားသွာား သမီးတို့ကို ခေါ်သွားမှာနော်”

ချမ့်ယွင်ရွှမ်းလေးက မသိနားမလည်စွာ မေးမြန်းလိုက်သည်။

“ဦးလေးကြီးက သမီးတို့ကို ရိုက်ရင် ဘယ်လိုလုပ်မလဲ”

ယဲ့လျန် အာမခံလိုက်သည်။

“မရိုက်ပါဘူး၊ အခုချိန်ကစပြီး သမီးတို့ကို ဘယ်သူမှ ထပ်မရိုက်စေရဘူး”

ကလေးနှစ်ယောက်၏စကားသံများကို နားထောင်ရင် မြောင်စွေ့ဖန်းနှင့် လီကွေ့လန်တို့လည်း ရင်နာသွားခဲ့ကြပါသည်။

ယခင်က ကလေးနှစ်ယောက်နှင့် ယဲ့လျန်တို့ မည်မျှ နာကျင်ခံစားခဲ့ရမည်ကို သူမတို့ မတွေးဝံ့တော့ပေ။

All Chapters