← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

📗 Chapter 138

ယဲ့မိသားစုဝင်၏ လူဦးရေက များပြားလွန်းသဖြင့် စားပွဲတစ်လုံးတည်းတွင် မဆံ့ပေ။ ထို့ကြောင့် လူကြီးတစ်ဝိုင်း ကလေးတစ်ဝိုင်း ခွဲကာ ဝိုင်းဖွဲ့ စားသောက်ကြရသည်။

ယနေ့ည၏ မိသားစုထမင်းဝိုင်းမှာ အလွန်ခမ်းနားထည်ဝါလှပေသည်။

စားပွဲများပေါ်တွင် အစာများအပြည့်သွပ်ထားသော ဖြူဖြူဖွေးဖွေး ဖက်ထုပ်များနှင့်အတူ အသားဟင်းလျားများအပြည့် တည်ခင်းထားပါသည်။

ယဲ့ချန်းနင်က ဝက်အကောင်တစ်ဝက်ကို အပင်ပန်းခံ၍ သယ်ဆောင်လာခဲ့သည့်အပြင် ယဲ့မိသားစုတွင်လည်း ယခင်က ကြိုတင်ဝယ်ယူထားသည့် အသားများရှိနေရာ ယခုအခါ ဆောင်းတွင်းတစ်တွင်းလုံး စိတ်ကြိုက်စားသုံးဖို့ လုံလောက်ခဲ့ပါပြီ။

ထို့ကြောင့် ယခင်ကကဲ့သို့ အလွန်တရာ ခြိုးခြံချွေတာနေစရာ မလိုအပ်တော့ပေ။

ညစာစားသုံးပြီးနောက် မြောင်စွေ့ဖန်းသည် လီကွေ့လန်တို့ အိမ်အတွက် လက်ဆောင်ပစ္စည်းများကို ခွဲဝေပေးခဲ့ပါသည်။

နှစ်သစ်ကူးရောက်တိုင်း မိသားစုနှစ်စုစလုံး ညစာအတူတူ စားသောက်လေ့ရှိကြသဖြင့် လက်ဆောင်ပစ္စည်းများကို တိတိကျကျ ခွဲဝေပေးနေစရာမလိုအပ်ပေ။

ယဲ့ကျမ့်ယဲ့နှင့် ယဲ့ချန်းကျွင်းတို့က လက်ဆောင်ပစ္စည်းများကို ယူဆောင်ပြီး အိမ်သို့ ပြန်နှင့်ကြပါသည်။

လီကွေ့လန်ကမူ ယဲ့လျန်အကြောင်း ဆွေးနွေးတိုင်ပင်ရန်အတွက် မြောင်စွေ့ဖန်းနှင့် ကျန်ရစ်ခဲ့လေသည်။

“ကျမ့်ယဲ့နဲ့ ကျွန်မနဲ့ တိုင်ပင်ပြီး ယဲ့လျန်အတွက် အိမ်ထောင်ဖက်တစ်ယောက် ရှာပေးထားတယ်၊ ကောင်လေးက အသက် ၃၀ ရှိပြီး အိမ်ထောင်မကျဖူးသေးဘူး”

မြောင်စွေ့ဖန်း မီးဖိုချောင်ထဲတွင် ပန်းကန်များဆေးကြောရင်း မေးမြန်းလိုက်သည်။

“အသက် ၃၀ နဲ့ အိမ်ထောင်မကျသေးဘူးဆိုတော့ ပြဿနာတစ်ခုခုများ ရှိနေလို့လား”

လီကွေ့လန်: “ခြေထောက်သိပ်မကောင်းဘူးလို့ ပြောတာပဲ၊ ဒါပေမယ့် ဆိုးဆိုးရွားရွားကြီးတော့ မဟုတ်ပါဘူး၊ လမ်းကောင်းကောင်း လျှောက်နိုင်တယ်”

မြောင်စွေ့ဖန်း: “ဒီကို ဘယ်တော့လာမယ်တဲ့လဲ၊ ကျွန်မတို့လည်း အကဲခတ်ကြည့်လို့ရတာပေါ့”

လီကွေ့လန်: “အဆင်ပြေရင် အောင်သွယ်တော်ကို မနက်ဖြန်ပဲ ခေါ်လာခိုင်းလိုက်တော့မယ်လေ”

မြော့င်စွေ့ဖန်းက ထပ်မံ မေးမြန်းသည်။

“အဲ့ဒီကောင်လေးက ဘယ်ရွာကလဲ၊ ကျွန်မတို့နဲ့ ဝေးလား”

လီကွေ့လန်: “မြို့ထဲမှာပဲ နေတာတဲ့၊ ဦးလေးမြောင်များ သိနေမလားမသိဘူး”

မြောင်စွေ့ဖန်း ခေါင်းညိတ်လိုက်သည်။

“ခဏနေရင် အဖေ့ကို မေးကြည့်လိုက်မယ်၊ ဒီကို တစ်ခေါက်လောက်တော့ လာခိုင်းလိုက်ပေါ့၊ ဘယ်လိုလူမျိုးလဲ သိရအောင် ကိုယ်တွေ့ အကဲခတ်ကြည့်မှ ဖြစ်မယ်လေ”

ထို့နောက် ယဲ့လျန်၏ သဘောထားကို မြောင်စွေ့ဖန်း သွားရောက် မေးမြန်းခဲ့သည်။

ယဲ့လျန် ခေါင်းငုံ့ကာ ပြောလိုက်ပါသည်။

“စိတ်ရင်းကောင်းတဲ့သူဆိုရင် ခြေထောက်မသန်လည်း ကိစ္စမရှိပါဘူး”

မြောင်စွေ့ဖန်း: “အဲ့တာဆို လူချင်းတွေ့ဖို့ အချိန်သတ်မှတ်လိုက်ကြတာပေါ့”

ယဲ့ရှောင်ရှောင်က ဘေးတွင်ထိုင်ကာ နေကြာစေ့ စားနေပါသည်။

ယဲ့လျန်အတွက် အိမ်ထောင်ဖက်ကောင်းကောင်း ရှာဖွေပေးနိုင်ဖို့ကို တစ်မိသားစုလုံးက အလွန် မျှော်လင့်ထားကြသည်။

ယဲ့ရှောင်ရှောင်လည်း ယဲ့လျန်ကို ပျော်ပျော်ရွှင်ရွှင် နေနိုင်စေဖို့နှင့် နောက်ပိုင်းတွင် မိမိကိုယ်ကိုယ် အားကိုးနိုင်ပြီး အနိုင်ထပ်ကျင့်မခံရစေဖို့ မျှော်လင့်မိသည်။

ယဲ့ချန်းနင်နှင့် ယဲ့ချန်းရှန့်တို့လည်း စကားဝိုင်းတွင် ပါဝင်လာကြသည်။

ယဲ့ချန်းနင်: “သူက ဘယ်လိုလူမျိုးလဲ၊ အရင်အကဲခတ်ကြည့်ရအောင် အိမ်ကိုလာခိုင်းလိုက်လေ”

မြောင်စွေ့ဖန်းက ငေါက်လိုက်သည်။

“အဲ့တာ နင်ပြောမှ သိမှာလား၊ နောက်ရက်တွေထဲ အပြင်ထွက်ပြီး အလေလိုက်မနေနဲ့၊ ယောက်ျားလေးဘက်က ၂ ရက်အတွင်း ရောက်လာလိမ့်မယ်၊ အဲ့တာကြောင့် နင်တို့အစ်မကြီးကို သေသေချာချာ စောင့်ရှောက်ပေးထားရမယ်”

ယဲ့ချန်းနင်: “ကိစ္စမရှိပါဘူး!”

သူတို့ စကားပြောဆိုနေစဉ် ခြံထဲမှ ယဲ့ရှောင်ရှောင်၏ အမည်အော်ခေါ်သံတစ်သံ ထွက်ပေါ်လာသည်။

ယဲ့ရှောင်ရှောင်လည်း ခြံထဲသို့ လှမ်းကြည့်လိုက်ပါသည်။

“ကျန်းအာ့နီ ထင်တယ်”

ခြံထဲသို့ ထွက်ကြည့်လိုက်ရာ အမှန်တကယ် ကျန်းအာ့နီ ဖြစ်နေမှန်း ယဲ့ရှောင်ရှောင် မြင်လိုက်ရသည်။

ကျန်းအာ့နီ တစ်ယောက် သိသိသာာသာ ပိန်ပါးသွားပြီး ဆံပင်ကိုလည်း လှလှပပ ကောက်ထားကာ ယခင်ကထက် ဖက်ရှင်ပိုကျသွားပါသည်။

အသားအရေက ဖြူဖွေးလွန်းသည်ဟု မဆိုနိုင်သော်လည်း သူမ အပြုံးတွင်မူ ယခင်ကထက် ယုံကြည်မှုများပိုမိုပြည့်ဝနေပါသည်။

ယဲ့ရှောင်ရှောင်သည် ကျန်းအာ့နီကို သူမ အခန်းထဲသို့ ခေါ်ဆောင်လာခဲ့သည်။

“နင့်အခြေအနေ ဘယ်လိုရှိလဲ’

ကျန်းအာ့နီ: “အဆင်ပြေပါတယ်၊ ကောင်တီမြို့က ဆံသဆိုင်တစ်ဆိုင်မှာ အလုပ်သင်ဝင်လုပ်နေတယ်လေ၊ အစကတော့ ပိုက်ဆံမရပေမယ့် အခုဆို တစ်လကို ၁၀ ယွမ်ကျော်ကျော်လောက် ရနေပြီ”

နှစ်ဝက်ခန့်သာ ရှိသေးသဖြင့် ကျန်းအာ့နီ ဤအဆင့်ထိ တိုးတက်လာခြင်းမှာ အလွန်ချီးကျူးထိုက်ပါသည်။

ကျန်းအာ့နီက ယဲ့ရှောင်ရှောင်၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများကို ကိုင်ကြည့်လိုက်သည်။

“ရှောင်ရှောင်၊ နင်ကတော့ အရင်ကထက် ပိုလှလာပြန်ပြီနော်”

သူမ ဝန်မခံချင်သော်လည်း အချို့သူများသည် တစ်ကြိမ်တွေ့ဆုံလိုက်တိုင်း ယခင်ကထက် ပိုမို လှပတင့်တယ်လာတတ်သည်မှာ အမှန်ပင်ဖြစ်သည်။

ယဲ့ရှောင်ရှောင်: “နင်လည်း အခု အရမ်းလှနေပါပြီ”

ကျန်းအာ့နီက သဘောကျစွာဖြင့် တခစ်ခစ် ရယ်မောမိတော့သည်။

ယဲ့ရှောင်ရှောင်က မေးသည်။

“နင်အခု လီသဲ့ရှုအကြောင်းကို စဉ်းစားနေသေးလား”

ကျန်းအာ့နီက ခေါင်းခါသည်။

“သူ့အကြောင်း နည်းနည်းလေးတောင် မစဉ်းစားတော့ဘူး”

ယဲ့ရှောင်ရှောင်လည်း ထိုအဖြေမျိုးကိုသာ ကြားချင်သည်။

ကျန််းအာ့နီ: “နင်အိမ်မှာ ရက်နည်းနည်းကြာအောင် နေဦးမှာမလား၊ အပြင်ထွက်ရင် ငါ့ကို လာခေါ်ဦးနော်”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်ပြလိုက်ပါသည်။

--- --- ---

နောက်တစ်နေ့တွင် ယဲ့မိသားစုသည် ခြံထဲတွင် သန့်ရှင်းရေးလုပ်ဖို့အတွက် စောစောစီးစီး အိပ်ရာထခဲ့ကြသည်။

ယဲ့ရှောင်ရှောင်လည်း အတော်လေး စောစီးစွာနိုးလာခဲ့ပါသည်။ အိမ်တွင်မွေးထားသည့် ကြက်ဖကြီးက အဆက်မပြတ် တွန်နေသဖြင့် သူမ ဆက်မအိပ်နိုင်တော့ဘဲ အိပ်ရာထလာခဲ့ရခြင်းဖြစ်သည်။

ယနေ့သည် ယဲ့လျန်၏ဖူးစာဖက် လာရောက်တွေ့ဆုံမည့်နေ့ဖြစ်သဖြင့် အိမ်သားများ အပြင်ထွက်ခွာခြင်း မရှိကြချေ။

ယဲ့ရှောင်ရှောင်တို့ မောင်နှမများသည် ဦးလေးဖြစ်သူ၏ အိမ်သို့ သွားရောက်ခဲ့ကြပါသည်။

မွန်းလွဲပိုင်းရောက်သောအခါ အောင်သွယ်တော်က ကောင်လေးကို ခေါ်ဆောင်ရင်း ရောက်ရှိလာခဲ့သည်။

ခြံထဲကို ရောက်ရှိသည်နှင့် အောင်သွယ်တော်က ပြောလိုက်ပါသည်။

“ဒီဘက်က လမ်းတွေက သွားရလာရတာ ခက်ခဲတယ်နော်၊ မိုးမလင်းခင်ကတည်းက ထွက်လာကြတာ အခုမှပဲ ရောက်တော့တယ်”

လီကွေ့လန်က အောင်သွယ်တော်ကို ကြိုဆိုလိုက်ပါသည်။

“အိမ်ထဲမြန်မြန်ဝင်ကြပါဦး”

ထို့နောက် အတူပါလာသည့် လူငယ်ကိုလည်း တိတ်တဆိတ် အကဲခတ်ကြည့်လိုက်သည်။

ကောင်လေးက တက်ကြွမှုရှိသော်လည်း လမ်းလျှောက်သည့်အခါ ခြေတစ်ဖက် ထော့နဲ့ထော့နဲ့ ဖြစ်နေသည်ကို သတိထားမိပါသည်။

ယဲ့ရှောင်ရှောင်လည်း တစ်ချက် လှမ်းကြည့်လိုက်ပြီး ဒဏ်ရာတစ်ခုခု၏နောက်ဆက်တွဲ ဆိုးကျိုးဖြစ်နိုင်သည်ဟု သုံးသပ်လိုက်သည်။

ဤကဲ့သို့ အခြေအနေမျိုးက သက်တမ်းရှည်ကြာပြီဖြစ်၍ အကောင်းပကတိဖြစ်အောင် ကုသဖို့ မလွယ်ကူနိုင်ပေ။

ထိုလူငယ်သည် နက်ပြာရောင် ဂျာကင်ကို ကျကျနန ဝတ်ဆင်ထားပြီး ရုပ်ရည်သန့်သန့်ပြန့်ပြန့် ရှိပါသည်။

ခြေထောက် ပြဿနာသာရှိမနေပါက ယခုချိန်ထိ အိမ်ထောင်မပြုရသေးဘဲ ရှိနေမည်မဟုတ်သည်မှာ သေချာလှပေသည်။

အောင်သွယ်တော်သည် လူငယ်ကို ရှေ့မှ လျှောက်ခိုင်းလိုက်သည်။

“ကောင်လေးကျန်း အိမ်ထဲဝင်ကြရအောင်”

လူငယ်က လက်ထဲတွင် လက်ဆောင်ပစ္စည်းအချို့ ယူဆောင်လာပြီး အိမ်ထဲရောက်ခါမှ နေရာတစ်ခုတွင် စနစ်တကျ ချထားလိုက်ပါသည်။

“ဒီလူငယ်လေးနာမည်က ကျန်းဝမ်လင်တဲ့၊ ကျွန်မတို့ မြို့က စာပို့သမားလေးပေါ့၊ အမြဲတမ်းဝန်ထမ်းပါ”

ယဲ့လျန်သည် တစ်ဖက်လူကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း နှုတ်ဆက်လိုက်ပါသည်။

“ကျွန်မနာမည် ယဲ့လျန်ပါ၊ တွေ့ရတာ ဝမ်းသာပါတယ်”

ကျန်းဝမ်လင်ကလည်း နှုဆတ်ဆက်လိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ် ယဲ့လျန်”

အောင်သွယ်တော်က သူတို့နှစ်ဦးကို စိတ်အားထက်သန်စွာ တိုက်တွန်းလိုက်သည်။

“နှစ်ယောက်သား တစ်ယောက်အကြောင်းတစ်ယောက် သိအောင် စကားများများပြောကြဦးလေ”

လီကွေ့လန်လည်း အကြံပြုသည်။

“လျန်အာ၊ သမီးတို့နှစ်ယောက် အနောက်ဘက်က အိမ်ခန်းမှာ စကားသွားပြောကြပါလား”

ယဲ့လျန်လည်း ရှက်သွေးဖြာလျက် ကျန်းဝမ်လင်ကို အနောက်ဘက်အိမ်ခန်းသို့ ခေါ်ဆောင်သွားပါသည်။

လီကွေ့လန်ကတော့ အောင်သွယ်တော်ကို ဧည့်ခံရင်း ကျန်ခဲ့သည်။

“ကောင်လေးကျန်းက အမြဲတမ်းဝန်ထမ်းဖြစ်ပြီး အခုချိန်ထိ ဘာလို့ အိမ်ထောင်မကျသေးတာလဲ”

ယဲ့မိသားစုဝင်အားလုံး ထိုအကြောင်းကို အလွန်သိချင်နေကြပါသည်။

အောင်သွယ်တော်က သက်ပြင်းချလိုက်သည်။

“ပထမအကြောင်းအရင်းက သူ့ခြေထောက်ကြောင့်ပဲပေါ့၊ ဒုတိယအကြောင်းအရင်းကတော့ သူ့မှာ အရင်က ကောင်မလေးတစ်ယောက်ရှိတယ်လေ၊ နောက်ပိုင်းကျမှ လမ်းခွဲလိုက်ကြတာ၊ အခုချိန်ထိ စိတ်ဒဏ်ရာရနေတုန်းပဲ ထင်ပါတယ်…”

ယဲ့‌ရှောင်ရှောင်က ရုတ်တရက် ဝင်မေးလိုက်သည်။

“အဲ့တာဆို သူ့အရင်ကောင်မလေးအကြောင်းကို အခုချိန်ထိ စဉ်းစားနေသေးတာပေါ့”

အောင်သွယ်တော်က အလျင်အမြန်ပင် စကားပြင်လိုက်ပါသည်။

“မဟုတ်ပါဘူး မဟုတ်ပါဘူး၊ အရင်တစ်ယောက်ကို မမေ့နိုင်သေးဘူးဆိုရင် အခုလို အခြေချပြီး အိမ်ထောင်တစ်ခု ထူထောင်ဖို့ စဉ်းစားမိပါ့မလား”

ယဲ့ရှောင်ရှောင်က ဆက်မေးသည်။

“ဒါဆို သူ့မိသားစုမှာက ဘယ်သူတွေရှိတာလဲ”

အောင်သွယ်တော်က ရှင်းပြသည်။

“ကောင်လေးကျန်းရဲ့ မိသားစုကတော့ ရိုးရိုးရှင်းရှင်းပဲ၊ သူ့အမေတစ်ယောက်တည်းပဲ ရှိတယ်”

ချမ့်မိသားစုတွင်လည်း အဘွားအိုတစ်ယောက်တည်းသာရှိခဲ့မှန်း လီကွေ့လန် မှတ်မိပါသည်။ သို့သော် ထိုအဘွားအိုက အလွန်တရာ ယုတ်မာရိုင်းစိုင်းသဖြင့် ယဲ့လျန် ဒုက္ခများစွာ ခံစားခဲ့ရခြင်း မဟုတ်ပါလား။

ထို့ကြောင့် လီကွေ့လန်က မေးမြန်းလိုက်သည်။

“ကျန်းဝမ်လင်ရဲ့ အမေကကော စိတ်ရင်းကောင်းရဲ့လား”

အောင်သွယ်တော်က အာမခံလိုက်သည်။

“အဲ့အတွက်တော့ အားလုံးစိတ်ချထားလိုက်၊ ကျန်းဝမ်လင်ရဲ့အမေက စိတ်ရင်းကောင်းပြီး ပွင့်လင်းမှုလည်း ရှိတယ်၊ ကျန်းမာရေးလည်း ကောင်းတော့ ကလေးတွေကို စောင့်ရှောက်ပေးနိုင်မှာပါ”

လီကွေ့လန်က ထပ်မေးသည်။

“ဒါဆို ကျွန်မတို့ လျန်အာလေးမှာ ကလေးနှစ်ယောက်ရှိတယ်ဆိုတဲ့အကြောင်းကော သူတို့သိပြီးပြီလား”

အောင်သွယ်တော်က ထပ်မံ အာမခံသည်။

“အဲ့တာလည်း စိတ်ချ၊ အားလုံး ပြောထားပြီးပြီ၊ ယဲ့လျန်သာ သူနဲ့ လက်ထပ်မယ်ဆိုရင် ကျန်းမိသားစုက အဲ့ဒီကလေးနှစ်ယောက်ကို တာဝန်ယူပေးလိမ့်မယ်”

အောင်သွယ်တော်က အာမခံနေသော်လည်း နောင်တစ်ချိန် ယဲ့လျန်နှင့် ကျန်းဝမ်လင်တို့ ကလေးထပ်ရလာသည့်အခါ ကျန်းမိသားစုက သမီးအရင်းမဟုတ်သည့် ကလေးနှစ်ယောက်ကို ဂရုစိုက်နိုင်ပါဦးမလားဟု လီကွေ့လန် စိတ်ပူမိပါသည်။

သို့သော် ကျန်းမိသားစုမှ ဤကဲ့သို့ စကားမျိုးပြောလာခြင်းကပင် အခြေအနေအလွန်ကောင်းမွန်နေပြီဟု ဆိုနိုင်သည်။

မြောင်စွေ့ဖန်းကလည်း လီကွေ့လန်၏စိုးရိမ်ပူပန်မှုများကို နားလည်ဟန်ဖြင့် ဝင်ပြောလိုက်ပါသည်။

“ကျန်းဝမ်လင်နဲ့ လျန်အာတို့ အဆင်ပြေမယ်ဆိုရင် ယွင်သော်လေးနဲ့ ယွင်ရွှမ်းလေးတို့အတွက် ဘာမှ စိတ်ပူစရာ မလိုဘူး၊ အဆိုးဆုံးဖြစ်လာရင် ကျွန်မတို့မိသားစုက ကလေးနှစ်ယောက်ကိုပျိုးထောင်ပေးလိုက်လို့ရတာပဲ”

လီကွေ့လန် သက်ပြင်းချလိုက်သည်။

“အဲ့လိုအခြေအနေမျိုးထိဖြစ်လာရင်တော့ လျန်အာက ဘယ်လက်ခံပါတော့မလဲ”

ယဲ့ရှောင်ရှောင် နှာခေါင်းပွတ်ကာ ယဲ့ချန်းရှန့်တို့နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။

“အစ်ကိုတို့ကော ဘယ်လိုသဘောရလဲ”

ယဲ့ချန်းရှန့်က ဆိုသည်။

“သူ့စိတ်နေစိတ်ထားနဲ့ အကျင့်စရိုက်ကို သေချာ မသိရသေးဘူးလေ၊ အစ်မကြီးနဲ့ စကားပြောတာ အခြေအနေ ဘယ်လိုရှိလဲ အရင်စောင့်ကြည့်ကြရအောင်”

--- --- ---

အနောက်ဘက် အိမ်ခန်းတွင် ယဲ့လျန်သည် အပူပေးကုတင်စွန်းတွင် ဒူးပေါ်လက်တင်ကာ စိတ်လှုပ်ရှားစွာ ထိုင်နေပါသည်။

“အစ်ကိုကျန်း၊ ကျွန်မမှာ ကလေးနှစ်ယောက်ရှိနေတယ်ဆိုတာ သိပြီးပြီလား”

ကျန်းဝမ်လင်း တည်ငြိမ်လေးနက်သော အသံဖြင့် ပြန်ဖြေလိုက်သည်။

“သိထားပြီးပါပြီ”

All Chapters