အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
📗 Chapter 65
“ရောက်နေတာကြာပြီလား၊ ခုမှရောက်တာလား”
ယဲ့ရှောင်ရှောင်သည် လက်နှစ်ဖက်ကို ခါးနောက်ပစ်လိုက်ပြီး ရှေ့သို့ အနည်းငယ် ကိုင်းညွတ်လျက် ကားပြူတင်းပေါက်နားကပ်ကာ မေးလိုက်သည်။
သူမ၏ မျက်ဝန်းလေးများက လခြမ်းလေးများအလား ကွေးညွတ်သွားပြီး နှုတ်ခမ်းထက်တွင်လည်း အပြုံးဖျော့ဖျော့လေးတစ်ခု ခိုတွဲနေပါသည်။
လုဟန်ချွမ်သည် ထိုအပြုံးမှာ အလွန်ချိုမြိန်သည်ဟု ခံစားလိုက်ရသည်။
သူ့နှလုံးသားတည့်တည့်ကို လာရောက် ထိမှန်သည့် အပြုံးမျိုးပင်။
သူသည် ကားတံခါးကို ချက်ချင်းဖွင့်လျက် အပြင်သို့ ထွက်လာခဲ့ပါသည်။
ယဲ့ရှောင်ရှောင်က သူ့ကို အကဲခတ်လိုက်သည်။
ချမ်းသာလာသည်မှာ မကြာသေးသည့် သူဌေးအသစ်နှင့် တတိယမျိုးဆက် စစ်အရာရှိတစ်ဦးတို့၏ အရှိန်အဝါမှာ အမှန်တကယ်ပင် ကွာခြားလှပါသည်။
လုဟန်ချွမ်မှာ မြို့သားကြီးတစ်ဦးဖြစ်သော်ငြား သူ့အဝတ်အစားများကမူ တတိယအစ်ကို ယဲ့ချန်းနင်ကဲ့သို့ တောက်ပြောင်နေခြင်းမရှိပါ။
သို့သော် ပခုံးကျယ်ကျယ်၊ ခြေတံရှည်ရှည်များရှိသည့် သူ၏ ပင်ကိုယ် သာလွန်သော ခန္ဓာကိုယ်ကြောင့် သာမန်အဆန်ဆုံး တီရှပ်တစ်ထည်ကိုပင် ခေတ်မီအဆင့်မြင့် ဖက်ရှင်တစ်ခုပမာ ထည်ဝါနေစေပါသည်။
“ခုလေးတင် ရောက်တာပါ၊ မင်းစာမေးပွဲပြီးပြီမလား”
ယဲ့ရှောင်ရှောင်: “မနေ့ကပဲ ပြီးသွားပြီ”
လုဟန်ချွမ်: “ဘယ်လိုလဲ၊ ဖြေနိုင်ခဲ့ရဲ့လား၊ ကျင့်ဟွာတက္ကသိုလ်ကို ဝင်ခွင့်ရမယ်လို့ ယုံကြည်ချက်ရှိလား”
ကျင့်ဟွာတက္ကသိုလ်တွင် ထောက်ခံချက်ဖြင့် တက်ရောက်နိုင်သော နေရာများရှိပြီး လုမိသားစု၏ အဆင့်အတန်းနှင့်သာ ဆိုလျှင် ထိုနေရာတစ်ခု ရရှိဖို့ မခက်ခဲနိုင်ပေ။
သူသည် ယဲ့ရှောင်ရှောင်၏ ယခင်က ပညာရေးအခြေအနေကို စုံစမ်းကြည့်ခဲ့ရာ… အတော်လေး စိုးရိမ်စရာ ကောင်းသည်ဟု ဆိုနိုင်ပါသည်။
လုဟန်ချွမ်၏ မေးခွန်းမှာ သူမကို လှောင်ပြောင်ဖို့မဟုတ်ဘဲ သူမ၏ အခြေအနေအတွက် အမှန်တကယ် စိုးရိမ်ပူပန်ခြင်းကြောင့်သာ ဖြစ်သည်။
သို့သော် အံ့အားသင့်ဖို့ကောင်းစွာဖြင့် ယဲ့ရှောင်ရှောင်က ယုံကြည်မှုအပြည့်နှင့် တောက်တောက်ပပ ပြုံးပြလိုက်လေသည်။
“ဒါပေါ့ သေချာပေါက် ဝင်ခွင့်ရစေရမယ်”
လုဟန်ချွမ်လည်း ပြုံးသွားသည်။
ယဲ့ရှောင်ရှောင်: “ရှင်က ဘာရယ်တာလဲ’
လုဟန်ချွမ် အပြုံးကို ချက်ချင်း ဖျောက်လိုက်သည်။
“ဘာမှမရယ်ပါဘူး၊ မင်းအခုအားလား၊ စိတ်အပန်းဖြေဖို့ တစ်နေရာရာ လိုက်ပို့ပေးမလို့”
ယဲ့ရှောင်ရှောင်: “ဘယ်ကိုလဲ’
လုဟန်ချွမ်က ဘာမှမပြောဘဲ ကားတံခါးကိုသာ ဖွင့်ပေးလိုက်သည်။
“အထဲဝင်”
ယဲ့ရှောင်ရှောင်လည်း ကားထဲဝင်ထိုင်လိုက်ပါသည်။
မည်သည့်နေရာကို သွားမည်ဖြစ်မှန်း သေချာမသိသော်လည်း ဤခေတ်တွင် “စိတ်အပန်းဖြေဖို့” ဟူသည်မှာ ရုပ်ရှင်ရုံ သို့မဟုတ် ကပွဲတစ်ခုခုသွားဖို့သာ ဖြစ်နိုင်ပါလိမ့်မည်။
အခြားစိတ်အပန်းဖြေစရာနည်းလမ်းကလည်း ထူးထူးခြားခြားမရှိနိုင်ပေ။
လုဟန်ချွမ်သည် ကားကို မြို့ပြင်ဘက်သို့ ဦးတည်မောင်းနှင်လာသည်ကို မြင်ပြီး ယဲ့ရှောင်ရှောင် ပို၍ပင် စိတ်ဝင်စားသွားခဲ့သည်။
“ရှင်ကျွန်မကို ပြန်ပေးဆွဲပြီး ရောင်းစားမလို့တော့ မဟုတ်ပါဘူးနော်”
လုဟန်ချွမ်: “နောင်တရဖို့ နောက်ကျသွားပြီ”
ယဲ့ရှောင်ရှောင်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ဘယ်သူက ဘယ်သူ့ကို ပြန်ရောင်းစားမလဲ ကြည့်ကြသေးတာပေါ့”
လုဟန်ချွမ်: “ဟုတ်ပါတယ်၊ မင်းက ဉာဏ်ပိုကောင်းတော့ မင်းကိုငါ မယှဉ်နိုင်ပါဘူး”
‘မယှဉ်နိုင်ဘူးတဲ့’
လုဟန်ချွမ်သည် ချက်ချင်းပင် အလျော့ပေးလိုက်ပါသည်။ ထိုလုပ်ရပ်မှာ သူ့စရိုက်နှင့် မကိုက်ညီလှပါ။
ယဲ့ရှောင်ရှောင်ကမူ အောင်နိုင်မှုအတွက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် အကြည့်ပြန်လွှဲလိုက်လေသည်။ သူမ မျက်နှာပေါ် ပျော်ရွှင်မှုက အထင်းသားပေါ်နေသည်။
မကြာမီ သူတို့ဦးတည်ရာသို့ ရောက်ရှိသောအခါ ကားပေါ်မှ မဆင်းမီမှာပင် ရေကျသံများကို ယဲ့ရှောင်ရှောင် ကြားလိုက်ရပါသည်။
“ရေတံခွန်တစ်စင်းလား”
ယဲ့ရှောင်ရှောင်သည် ကားတံခါးကို တွန်းဖွင့်ကာ အလွန်မှင်သက်ဖွယ်ကောင်းသော တောတောင်ရှုခင်းများကို ငေးကြည့်လိုက်သည်။
ဤကမ္ဘာသို့ ရောက်ရှိလာစဉ်ကတည်းက ကျောင်း၊ စုန့်လင်မြို့နှင့် ပိုင်ချွမ်ရွာမှအပ အခြားပတ်ဝန်းကျင် အခြေအနေများကို သူမ ဘာမှမသိခဲ့ရပေ။
တောင်တန်းများအကြားမှ ကျောင်စိမ်းရောင်ဖဲကြိုးလေးပမာ ဖြာကျနေသည့် ရေတံခွန်တစ်စင်းအား တွေ့လိုက်ရချိန်တွင် ယဲ့ရှောင်ရှောင်သည် အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသည့်အလား ခံစားလိုက်ရပါသည်။
“ဒီနေရာကို ရှင်ဘယ်လိုရှာတွေ့ထားတာလဲ”
“မတော်တဆ တွေ့ထားတာပါ၊ ရှုခင်းက လှတယ်လေ”
တောင်ပေါ်တွင် မြို့ထဲကထက် အပူချိန်နည်းပါးသဖြင့် နွေရာသီမှာပင် အိုက်စပ်စပ်မဖြစ်ပေ။။
ယဲ့ရှောင်ရှောင်သည် ရေတံခွန်ဘေးရှိ ကျောက်ဆောင်တစ်ခုပေါ်တွင် ထိုင်ကာ စိတ်အပန်းပြေစရာ အခိုက်အတန့်လေးကို တိတ်တဆိတ် ခံစားနေပါသည်။
လုဟန်ချွမ်ကလည်း ဘေးမှာသာ တိတ်တဆိတ်ရပ်နေခဲ့ပြီး သူမကို အနှောင့်အယှက် မပြုခဲ့ပေ။
သူတို့နှစ်ယောက် ထိုနေရာတွင် တစ်မနက်လုံး အချိန်ဖြုန်းခဲ့ကြသည်။
မွန်းတည့်ချိန်မှ ပြန်လာခဲ့ကြကာ မြို့ထဲရှိ ဆိုင်တစ်ဆိုင်တွင် ခေါက်ဆွဲများ မှာစားခဲ့ကြပါသည်။
ယဲ့ရှောင်ရှောင်က မေးသည်။
“ဒီတစ်ခေါက်ကော တာဝန်နဲ့လာခဲ့တာလား”
လုဟန်ချွမ်: “မဟုတ်ဘူး မင်းနဲ့တွေ့ဖို့ တကူးတက လာခဲ့တာ”
ယဲ့ရှောင်ရှောင် စားသောက်နေစဉ် ရုတ်တရက် ရပ်တန့်သွားသည်။
“စာမေးပွဲပြီးရင် ယဲ့ချန်းယွမ် စစ်တပ်ထဲဝင်ဖို့ ငါကူညီပေးမယ်လို့ သဘောတူထားတယ်လေ၊ ထောက်ခံစာကို ရေးပြီးသွားပြီ၊ အဲ့တာ လာပေးတာ”
စာဖြင့်ပို့လိုက်လည်းရသဖြင့် ဤသို့ တကူးတကလာစရာမလိုပါ။
ဝန်ဆောင်မှုက ကောင်းလွန်းသဖြင့် ယဲ့ရှောင်ရှောင်မှာ စိတ်ရင်းဖြင့်သာ ကျေးဇူးတင်နိုင်တော့သည်။
“ကျေးဇူးတင်ပါတယ်”
လုဟန်ချွမ်: “ရပါတယ်၊ ဒါပေမယ့် မင်း ကတိပေးထားတာကိုတော့ မမေ့နဲ့နော်”
သူဘာကို ဆိုလိုမှန်း ယဲ့ရှောင်ရှောင် အမှန်တကယ် မမှတ်မိပေ။
တိတ်ဆိတ်သွားသည့် ယဲ့ရှောင်ရှောင်ကို ကြည့်ရင်း လုဟန်ချွမ်၏တောက်ပနေသော မျက်ဝန်းများ အနည်းငယ် မှောင်မိုက်သွားခဲ့သည်။
“စာမေးပွဲပြီးရင် ငါတို့နှစ်ယောက်ရဲ့ ပတ်သတ်မှုကိုအတည် ပြုမယ်ဆိုတာလေ”
ယဲ့ရှောင်ရှောင် ရုတ်တရက် နားလည်သွားသည်။
“ဪ အဲ့ဒီကိစ္စကို ပြေတာလား… ဒါပေမယ့် ကျွန်မ ပေကျင်းမြို့ကိုရောက်မှ အကျုံးဝင်မယ်လို့ သဘောတူခဲ့တာ မဟုတ်ဘူးလား”
ယခင်တစ်ခေါက်က ထိုသို့သဘောတူထားမှန်း သူမ ကောင်း ကောင်းကြီး မှတ်မိနေပါသေးသည်။
လုဟန်ချွမ်: “ကျန်တဲ့ ယဲ့မိသားစုဝင်တွေနဲ့လည်း သေချာ တိုင်ပင်ထားဖို့လိုသေးတယ်လေ၊ ငါ့အဘိုးက လွယ်လွယ်နဲ့ ယုံမှာမဟုတ်လို့ လူတွေလွှတ်ပြီးတော့ စုံစမ်းခိုင်းလိမ့်မယ်၊ လုပ်ကြံဇာတ်လမ်းမှန်း သူသိသွားရင် ပြဿနာအကြီးအ ကျယ်တက်မှာ”
ယဲ့ရှောင်ရှောင် မျက်မှောင်ကြုတ်သွားသည်။
အဘိုးလုသည် ငယ်စဉ်တည်းက အလွန်အရှိန်အဝါကြီးသူဖြစ်ခဲ့သည့်အလျောက် သူ့ကို လှည့်စားဖို့ ဟူသည်မှာ အမှန်တကယ် မလွယ်ကူနိုင်ပေ။
အကယ်၍ မိသားစုနောက်ခံအကြောင်ကို စုံစမ်းလိုက်ပါက သူမတို့၏လုပ်ကြံဇာတ်လမ်းမှာ ကျိန်းသေပေါက် အလိမ် ပေါ်သွားပါလိမ့်မည်။
လုဟန်ချွမ်က သူမကို အကြိမ်ကြိမ် ကူညီပေးခဲ့ဖူးသူဖြစ်၍ ဤတောင်းဆိုချက်မှာ တရားလွန်သည်ဟု မဆိုနိုင်ပေ။
သေသေချာချာ စဉ်းစားသုံးသပ်ပြီးနောက် လုဟန်ချွမ်ကို ယဲ့မိသားစုနှင့် စောစီးစွာ ကြိုတင်မိတ်ဆက်ပေးထားလိုက်ခြင်းက ဘာမှထူးခြားသွားမည်မဟုတ်ဟု ယဲ့ရှောင်ရှောင် ခံစားလိုက်ရပါသည်။
အားလုံးက အတုအယောင်ပင် မဟုတ်ပါလား။
“ဟုတ်ပြီလေ၊ အခုချိန်ကစပြီး ရှင်က ကျွန်မကောင်လေး၊ ကျွန်မက ရှင့်ကောင်မလေးဖြစ်သွားပြီ”
ယဲ့ရှောင်ရှောင်သည် လက်ထဲမှ တူကိုချကာ လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးလိုက်သည်။
“ကျွန်မကို လမ်းညွှန်ပြသပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် ရဲဘော် လုဟန်ချွမ်”
“စိတ်မပူပါနဲ့ ရဲဘော် ယဲ့ရှောင်ရှောင်၊ မင်းကို ကျိန်းသေပေါက် ဂရုစိုက်ပေးမှာပါ”
လုဟန်ချွမ်သည် သူမနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
သူတို့နှစ်ယောက်၏ အသားအရေမှာ သိသိသာသာ ကွာခြားနေပါသည်။
တစ်ဦးက ကျန်းမာသန်စွမ်းသည့် ဂျုံရောင်ဖြစ်ကာ နောက်တစ်ဦးကမူ ကြွေထည်လေးပမာ ဝင်းပသော အဖြူရောင်ဖြစ်သည်။
“ဒါဆို ပိုင်ချွမ်ရွာကို အတူတူပြန်ကြမလား”
ယဲ့ရှောင်ရှောင် လက်ကိုပြန်ရုတ်သိမ်းလိုက်ပြီး မကြာခင်မှာပင် လုဟန်ချွမ်၏မေးခွန်းကို ကြားလိုက်ရသည်။
“အဟွတ် အဟွတ် အဟွတ်…”
လုဟန်ချွမ်၏ပြတ်သားမှုကို ယဲ့ရှောင်ရှောင် လေးစားမိသွားရသည်။
“ရှင့် အစီအစဉ်အတိုင်း လိုက်နာပါ့မယ်”
လုဟန်ချွမ်က အရာရာကို တာဝန်ယူပေးမည်ဟု ဆိုခဲ့သည်။
မွန်းလွဲပိုင်းတွင် လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်အား စုန့်လင်မြို့သို့ လိုက်ပို့ပေးခဲ့ပါသည်။
ယဲ့ရှောင်ရှောင် အဘိုးမြောင်၏အိမ်သို့ ပြန်သွားခဲ့သည်။ သူမကိုလိုက်ပို့ပေးပြီးနောက် လုဟန်ချွမ်လည်းပြန်သွားခဲ့ပါ သည်။
လုဟန်ချွမ် မည်သည့်နေရာတွင် တည်းခိုမည်ဖြစ်ကြောင်း ယဲ့ရှောင်ရှောင် မမေးတော့ပေ။ သူ့အတွက် စိတ်ပူစရာ မလိုအပ်မှန်း သူမ သိသည်။
အဘိုးမြောင်၏ အိမ်တွင် တစ်ညအိပ်ပြီးနောက် နောက်တစ်နေ့မနက် မနက်စာစားပြီးသောအခါ ဆေးဆိုင်သို့ ယဲ့ရှောင်ရှောင် သွားရောက်ခဲ့ပါသည်။
တပည့်ဖြစ်သူကိုမြင်မြင်ချင်း စုန့်ကွမ်းကျင့် မေးမြန်းလိုက်သည်။
“ဘယ်လိုလဲ၊ ကျင့်ဟွာတက္ကသိုလ်မှာ တက်နိုင်မှာလား”
ယဲ့ရှောင်ရှောင်: “သမီးယုံကြည်ချက်ရှိပါတယ်”
စုန့်ကွမ်းကျင့်: “သိပ်ကောင်းတယ် သိပ်ကောင်းတယ်၊ အောင်စာရင်းထွက်လာလို့ ရလဒ်ကောင်းတယ်ဆိုရင် ဆရာ ကောင်းကောင်းဆုချမယ်”
ယဲ့ရှောင်ရှောင်: “ဆရာ ဆုချပေါင်းများနေပြီနော်”
စုန့်ကွမ်းကျင့်: “ဒီတစ်ခေါက်ကမတူဘူးကွ၊ ငါ့တပည့်ကို အကြီးအကျယ်ကို ဆုချမှာ”
ယဲ့ရှောင်ရှောင်က ကျီစယ်ကာ မေးမြန်းလိုက်သည်။
“ရလဒ် မကောင်းဘူးဆိုရင်ကော”
စုန့်ကွမ်းကျင့် အမှန်အတိုင်း ဖြေလိုက်ပါသည်။
“အကယ်၍ ရလဒ်မကောင်းဘူးဆိုရင်တော့ ငါတို့ ပေကျင်းမြို့ကို စောစောပြန်ပြီး ထောက်ခံချက်နဲ့ တက်ရဖို့ ပြင်ဆင်ရမှာပေါ့”
ယဲ့ရှောင်ရှောင် အံ့အားသင့်ချင်ယောင်ဆောင်ကာမေးသည်။
“ဆရာကြီးမှာ အဆက်အသွယ်တွေရှိတယ်ပေါ့”
စုန့်ကွမ်းကျင့် လက်နှစ်ဖက်ကို ခါးနောက်ပစ်ကာ ပြောသည်။
“ဘာကို အဆက်အသွယ် ရှိရမှာလဲ၊ ငါကိုယ်တိုင်က ‘အဆက် အသွယ်’ပဲလေ”
ယဲ့ရှောင်ရှောင်: “…”
ယဲ့ရှောင်ရှောင်သည် ဆေးဆိုင်တွင် တစ်မနက်လုံး ဆေးပင်များကို အမျိုးအစားခွဲခြားလျက် နေရာချခဲ့ပြီး နေ့လယ်ပိုင်းတွင်မူ စာဖတ်ခဲ့ပါသည်။
ထိုစဉ် စုန့်ကွမ်းကျင့်က ခြံနောက်ဖေးသို့ ဆင်းလာပြီး မေးလိုက်သည်။
“ဟိုရဲဘော်လု ရောက်နေတယ်၊ နင့်ကို လာတွေ့တာမလား”
ယဲ့ရှောင်ရှောင် ခေါင်းမော့ကြည့်လိုက်ရာ ဆရာဖြစ်သူ၏ စူးစမ်းသောအကြည့်နှင့် ဆုံသွားသည်။
ထိုအချိန်မှာပင် လုဟန်ချွမ်လည်း ဝင်လာခဲ့ပါသည်။
ယဲ့ရှောင်ရှောင်သည် စုန့်ကွမ်းကျင့်ကိုအသုံးချ၍ အစမ်း လေ့ကျင့်နိုင်မည်ဟု ခံစားလိုက်ရသည်။
“ဆရာကြီး၊ ရဲဘော်လုနဲ့သမီးတို့ တွဲနေကြတာပါ၊ သူက သမီးကောင်လေးဖြစ်သွားပြီ”
မကြာသေးခင်ကမှ ပြုံးနေသည့် စုန့်ကွမ်းကျင့်မှာ မျက်လုံးများ ကျွတ်ထွက်မတက် ပြူးကျယ်သွားသည်။
“ဘယ်တုန်းကတည်းကလဲ! နင်က ငယ်ငယ်လေးပဲရှိသေးတာလေ ရှောင်ရှောင်၊ စကားချိုချိုပြောတတ်ရုံနဲ့ အလှည့်စား မခံရစေနဲ့၊ ယောက်ျားတစ်ယောက်က နင့်ကို သဘောကျတယ်လို့ ပြောလာရင် သူ့ကို အနာခံပြီး ကြိုးစားခိုင်းရမယ်၊ အဲ့တာမှ နင့်ကို သူဘယ်လောက်ထိ တန်ဖိုးထားသလဲဆိုတာ သိနိုင်မှာ”
စုန့်ကွမ်းကျင့်သည် သူတို့နှစ်ဦးမှာ မသေချာမရေရာသေးသည့် အဆင့်တွင်သာရှိဦးမည်ဟု ထင်ထားခဲ့ပါသည်။
အမြီးရှည်ဝံပုလွေကောင်က သိုးငယ်လေးကို ဤမျှမြန်မြန် ဖမ်းသွားလိမ့်မည်ဟု သူထင်မထားခဲ့ပေ။
သူ့တပည့်မလေးက အလွန်နူးညံ့သိမ်မွေ့သူဖြစ်ကာ ထိုရဲ ဘော်လုကတော့ ကြမ်းတမ်းခက်ထန်ပြီး ဉာဏ်နီဉာဏ်နက် များလွန်းသည်။
စုန့်ကွမ်းကျင့်၏စကားလုံးတိုင်းကို နောက်တွင်ရပ်နေသည့် လုဟန်ချွမ် ကြားသွားသည်။
အဘိုးအိုပြောသည်မှာလည်း မမှားလှပေ။
📗 Chapter 66
ယဲ့ရှောင်ရှောင်သည် ဆရာဖြစ်သူကို ဤမျှ ပွင့်လင်းလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သို့သော် သူမသည် အတုအယောင် ချစ်သူသဘောမျိုးသာ နေထိုင်ပေးရမည်ဖြစ်၍ အလွန်အမင်း စိုးရိမ်နေဖို့ မလိုအပ်ပါ။
ယဲ့ရှောင်ရှောင် ဘာမှ မတုံ့ပြန်ခဲ့ဘဲ တိတ်ဆိတ်နေသည်ကို မြင်သောအခါ စုန့်ကွမ်းကျင့် ပိုစိတ်ပူလာခဲ့ပါသည်။
သူ့တပည့်လေးအနေဖြင့် ယခုအချိန်တွင် အလောတကြီး ရည်းစားရှာဖွေဖို့ မလိုအပ်သေးပေ။ ပေကျင်းမြို့ကို ရောက်ခါမှ အရည်အချင်းရှိသော ကောင်လေးများစွာ ရှိနေမည်ဖြစ်ရာ သူမစိတ်ကြိုက် ရွေးချယ်နိုင်မည် မဟုတ်ပါလား။
တပည့်ဖြစ်သူအတွက် အကြံပြုစကားအချို့ ထပ်ပြောဖို့ကြံလိုက်စဉ် လုဟန်ချွမ်၏ အေးအေးဆေးဆေး ရှိလှသော အသံကို ကြားလိုက်ရသည်။
“ဆရာကြီးစုန့်ပြောတာ မှန်ပါတယ်၊ ကျွန်တော်ဆက်ပြီး ကြိုးစားရမယ်”
စုန့်ကွမ်းကျင့် ဒေါသတကြီး လှည့်ငေါက်လိုက်သည်။
“မင်းက သူ့ကိုပိုးပန်းပြီး သိမ်းသွင်းပြီးသွားပြီပဲ၊ ဘာတွေကြိုးစားဖို့လိုသေးလို့လဲ”
လုဟန်ချွမ်က ခပ်တိုးတိုး ရယ်မောသည်။
ချစ်သူရည်းစားဖြစ်ရုံနှင့် မလုံလောက်သေးပါ။ ပိုကြီးမားသည့် ရည်မှန်းချက်တစ်ခုကို ထားရှိရမည်။
ယဲ့ရှောင်ရှောင်လည်း ထိုအကြောင်းအရာကို ဆက်ပြီး ဆွေးနွေးချင်စိတ် မရှိတော့သဖြင့် လုဟန်ချွမ်အား အမြန် မေးလိုက်သည်။
“ကျွန်မကို ဘာလုပ်ဖို့ လာရှာတာလဲ”
လုဟန်ချွမ် ခပ်ပါးပါးပြုံးလျက်ဖြေသည်။
“အားလုံးအသင့်ပြင်ပြီးသွားပြီ၊ ကိုယ်တို့ ပိုင်ချွမ်ရွာကို ဘယ်တော့ပြန်မှာလဲ”
ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်ကို တစ်ဖက်သို့ ဆွဲခေါ်သွားပြီး မေးလိုက်သည်။
“ရှင်က ဘာတွေကို အသင့်ပြင်ထားတာလဲ”
လုဟန်ချွမ်: “ကောင်မလေးရဲ့မိသားစုအိမ်ကို အလည်သွားရင် လိုအပ်မယ့် ပစ္စည်းတွေပေါ့”
ယဲ့ရှောင်ရှောင်: “ရှင် သရုပ်ဆောင်တာ အရမ်းပြီပြင်တယ်နော် ရဲဘော်လု”
လုဟန်ချွမ် သူမ၏ ဆံနွယ်လေးများကို ဖွဖွလေးသပ်ကာ နူးနူးညံ့ညံ့ဆိုသည်။
“ကိုယ့်နာမည်အရင်းကိုပဲ ခေါ်ပါ၊ ဒါမှသူများတွေ သံသယမဖြစ်မှာ”
ထိုသို့ပြောပြီးနောက် လုဟန်ချွမ်သည် စုန့်ကွမ်းကျင့်အား ဝိုင်နှစ်ပုလင်းသွားပေးလိုက်သည်။
“ဒါက ဆရာကြီးကို ဂါဝရပြုတဲ့အနေနဲ့ လက်ဆောင်ပေးတာပါ”
စုန့်ကွမ်းကျင့်: “…”
‘ဒီကောင်တော်တော် ဉာဏ်နီဉာဏ်နက်များပါလား’
“ဆရာကြီး၊ သမီး ဒီနေ့နေ့လယ် ပိုင်ချွမ်ရွာကို ပြန်တော့မယ်”
ယဲ့ရှောင်ရှောင် ခွင့်တောင်းလိုက်သည်။
စုန့်ကွမ်းကျင့်က တိုးညှင်းစွာ မေးလိုက်ပါသည်။
“ရှောင်ရှောင်၊ မိဘတွေနဲ့တောင် တွေ့ပေးတော့မှာလား၊ သူ့ကို နည်းနည်းလောက် ထပ်ပြီး အကဲမခတ်သင့်ဘူးလား”
ယဲ့ရှောင်ရှောင်တွင် ခေတ်မီသည့် အတွေးအခေါ်ရှိသဖြင့် လုဟန်ချွမ်ကို သူမ၏ မိဘများနှင့် မိတ်ဆက်ပေးဖို့ ဝန်မလေးပါ။ ထို့အပြင် သူမတို့သည် အမှန်တကယ် လက်ထပ်ကြမည့်လူများလည်း မဟုတ်ကြပေ။
သို့သော် စုန့်ကွမ်းကျင့်အမြင်တွင်တော့ ကလေးနှစ်ယောက်မှာ မကြာမီ လက်ထပ်ကြတော့မည့်အလား ခံစားနေရသည်။
“စိတ်မပူပါနဲ့ ဆရာကြီးရဲ့ သမီးက လူကဲခတ်တာ တော်ပါတယ်”
ဘေးတွင်ရပ်နေသည့် လုဟန်ချွမ်မှာ အကဲခတ်ခံနေရသည့်ကြားမှ လုံးဝ တုန်လှုပ်မှုမရှိခဲ့ပေ။
စုန့်ကွမ်းကျင့်လည်း မတတ်သာသည့်အဆုံး ခွင့်ပြုပေးလိုက်ရတော့သည်။
“သွားကြ သွားကြ”
‘ကြည့်စမ်းပါဦး၊ သမီးမိန်းကလေးတစ်ယောက် အရွယ် ရောက်လာတာနဲ့ အိမ်မှာကို ထားလို့မရဘူး’
လုဟန်ချွမ် ကိုယ်တိုင်ကားမောင်းလာသဖြင့် ပိုင်ချွမ်ရွာသို့ အပြန်လမ်းမှာ ချောမွေ့ခဲ့ရပါသည်။
“လမ်းမကြီးပေါ်မှာ မောင်းနေတယ်ဆိုပြီး သတိမလွတ်လိုက်နဲ့ဦး၊ မိုးရွာရင် ဒီနေရာကြီးတစ်ခုလုံး ရွှံ့တောကြီးလိုဖြစ်သွားမှာ၊ ကားနဲ့တောင်သွားလို့ရမှာ မဟုတ်ဘူး”
ဤခေတ်ကို ကူးပြောင်းလာပြီးမှသာ ယခင်က လမ်းပန်း ဆက်သွယ်ရေး မည်မျှဆိုးရွားခဲ့ကြောင်းကို ယဲ့ရှောင်ရှောင် နားလည်ခဲ့ရသည်။
သူမသည် ယခင်ဘဝက လောကကြီးအကြောင်း များများစားစား နားမလည်သည့် တက္ကသိုလ်ကျောင်းသူလေးတစ်ဦးသာ ဖြစ်ခဲ့သည်။
လုဟန်ချွမ် ပြုံးလိုက်သည်။
“ဒီ့ထက် ဆိုးတဲ့လမ်းတွေ မြင်ဖူးပါတယ်”
လုဟန်ချွမ်သည် စစ်တက္ကသိုလ်ကို တက်ရောက်ခဲ့သူဖြစ်ပြီး အသက်ငယ်ငယ်လေးကတည်းက စစ်တပ်နှင့် ထိတွေ့ခဲ့ရသူ ဖြစ်သည်။
သူသည် ငယ်စဉ်က အလွန်ပင် ဆိုးသွမ်းခဲ့ခြင်းကြောင့်လား မသိနိုင်သော်လည်း အဘိုးဖြစ်သူက သူ့ကို ပညာပေးဖို့အတွက် စစ်တပ်ထဲ တိုက်ရိုက်ထည့်ပစ်ခဲ့သည်။
သို့သော်လည်း လုဟန်ချွမ်မှာ အစွမ်းအစရှိသူဖြစ်ရာ စစ်တက္ကသိုလ်၌ နှစ်စဉ်နှစ်တိုင်း အဆင့်တစ်ချိတ်ခဲ့သည်။
စစ်တပ်ထဲသို့ ရောက်ရှိစဉ်ကတည်းက ထူးချွန်သော စွမ်းဆောင်ရည်များကို အကြိမ်ကြိမ် ပြသနိုင်ခဲ့ပါသည်။
မိသားစုနောက်ခံ မည်မျှပင် ကောင်းစေကာမူ ဤမျှငယ်ရွယ် သော အသက်အရွယ်ဖြင့် ဒုဗိုလ်မှူးကြီးအဆင့်သို့ရောက်ရှိရန်မှာ အခြားသူများအတွက် မဖြစ်နိုင်သလောက် ခဲယဉ်းသည်။
ယဲ့ရှောင်ရှောင်က အလွန်ပင် စိတ်ဝင်စားနေသဖြင့် လုဟန်ချွမ်သည် သူ့အတွက် မှတ်မှတ်ရရဖြစ်ခဲ့ရသော စစ်ဆင်ရေးအချို့အကြောင်းကို ပြန်ပြောပြခဲ့သည်။
သူပြောပြသည့် အကြောင်းများကို နားထောင်ပြီးနောက် ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်အကြောင်း ပိုမိုနားလည်လာခဲ့ပြီး သူမအတွေးထဲမှ သူ့ပုံရိပ်မှာလည်း ပိုမိုထင်ရှားလာခဲ့ပါသည်။
သူတို့ စကားပြောရင်းနှင့်ပင် ရွာထိပ်သို့ ရောက်ရှိသွားခဲ့ကြသည်။
ရွာထိပ်ရှိ ပိုးစာပင်ကြီးတစ်ပင်အောက်တွင် ထိုင်နေကြသော အသက်အကြီးကြီး အဒေါ်ကြီးအချို့ကို မြင်သောအခါ ယဲ့ရှောင်ရှောင်သည် သူမ၏ဆုံးဖြတ်ချက် မှားယွင်းသွားပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။
လုဟန်ချွမ် ကားမောင်းပြီး ရွာထဲသို့ ဝင်လာခြင်းသည် အလွန်ပင် လူသိထင်ရှားဖြစ်လွန်းသဖြင့် မကြာမီ ရွာသားများအကြား ကောလဟာလများ ပျံ့သွားပါတော့မည်။
ထင်မှတ်ထားသည့်အတိုင်းပင် ရွာထဲသို့ မဝင်နိုင်ခင်မှာပင် လူများက စုပြုံလာခဲ့ကြသည်။
“တို့ရွာထဲ ကားတစ်စီးဝင်လာတယ်ဟေ့!”
“ဘယ်က သူဌေးကြီးလဲမသိဘူး!”
ယဲ့ရှောင်ရှောင်: “ရှေ့လမ်းက ကျဉ်းလွန်းလို့ ကားဝင်လို့ရမှာမဟုတ်ဘူး၊ ကောက်ရိုးလှန်းတဲ့ ကွင်းထဲမှာပဲ ရပ်ခဲ့လိုက်ပါ”
လုဟန်ချွမ်သည် ပိုင်ချွမ်ရွာသို့ ရောက်ဖူးသဖြင့် ယဲ့ရှောင်ရှောင်ထက်ပင် ရွာလမ်းများနှင့် ရင်းနှီးမှုရှိသည်။
သူသည် ကားကိုရပ်လိုက်ပြီး နောက်ဖုံးကိုဖွင့်ကာ လက် ဆောင်ပစ္စည်းများကို ထုတ်ယူလိုက်သည်။
ယဲ့ရှောင်ရှောင် ပစ္စည်းများကို ဝိုင်းကူသယ်ပေးချင်သော် လည်း လုဟန်ချွမ်က သူမကို အပေါ့ပါးဆုံး အိတ်ကလေးကိုသာ ပေးလိုက်သည်။
“အထဲမှာ ဘာတွေပါတာလဲ’
လုဟန်ချွမ်: “မင်းအတွက် လက်ဆောင်ပေါ့၊ သေချာသိမ်း ထားနော်”
ဤလက်ဆောင်ကို သူမြို့တော်သို့ ပြန်စဉ်ကတည်းက ရွေးချယ်ထားခြင်းဖြစ်ပြီး ယခုမှသာ ထုတ်ပေးနိုင်ခြင်း ဖြစ်သည်။
ယဲ့ရှောင်ရှောင်မှာ အိတ်ကလေးကိုကိုင်ရင်း လုဟန်ချွမ်တစ်ယောက် ကားထဲမှ ဆေးလိပ်၊ အရက်၊ လက်ဘက်ခြောက်၊ သကြား စသည်တို့အား ထုတ်နေသည်ကို ငေးကြည့်နေပါသည်။
သူမ နားမလည်နိုင်ဘဲ မေးကြည့်လိုက်သည်။
“အဲ့လောက်ပစ္စည်းတွေ အများကြီးယူလာဖို့ လိုလို့လား”
လုဟန်ချွမ်: “မင်းက ငယ်သေးတော့ ဘာမှနားလည်မှာ မဟုတ်ဘူး”
ယဲ့ရှောင်ရှောင်: “ဟုတ်ပါပြီလေ”
ယဲ့ရှောင်ရှောင်သည် ယခင်ဘဝက ရည်းစားတစ်ခါမှ မထားဖူးပါ။
သို့သော် သူမ၏မောင်နှမဝမ်းကွဲများ ချစ်သူကို အိမ်သို့ ခေါ်လာသောအခါ လက်ဆောင်များ ယူလာတတ်ကြသည်ကို မြင်ဖူးသဖြင့် ၎င်းမှာ ပုံမှန်လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်မည်ဟု တွေးလိုက်သည်။
သူတို့နှစ်ဦးသည် ယဲ့မိသားစု၏အိမ်ဝင်းထဲသို့ ဝင်လာကြသည်။
အိမ်နီးနားချင်းများမှာလည်း သူတို့၏လှုပ်ရှားမှုများကို သေသေချာချာ စောင့်ကြည့်နေကြပါသည်။
“အဲ့တာ ယဲ့မိသားစုက ကောင်မလေးမလား”
“ဟုတ်တယ်ထင်တယ်၊ သူက ငါတို့ရွာသူတွေနဲ့ခြားနားတယ်၊ ဖြူဖြူဥဥနဲ့ မြို့သူကျနေတာပဲ”
“နင်တွေ့လိုက်လား၊ သူတို့က ကားနဲ့လာတာဟဲ့၊ အရမ်းချမ်း သာမယ့်ပုံပဲ”
“ယဲ့မိသားစုက တော်တော်ကံကောင်းတာပါအေ၊ သမီးတစ်ယောက် ထွက်သွားတာနဲ့ နောက်တစ်ယောက်က ချက်ချင်း အစားထိုးရောက်လာတယ်၊ ရောက်လာတဲ့တစ်ယောက်က အရင်တစ်ယောက်ထက်တောင် ပိုလှနေသေးတယ်”
လုဟန်ချွမ်သည် ယခင်က ပိုင်ချွမ်ရွာသို့ လာခဲ့ဖူးသော်လည်း ဆောင်းရာသီညဦးပိုင်းတွင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ရွာသားအများစုက သူ့ကို မမြင်ဖူးကြသဖြင့် ပိုလို့စပ်စုချင်နေကြပါသည်။
ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့ အိမ်ထဲတူတူ ဝင်လာသော အခါ မြောင်စွေ့ဖန်းနှင့် ယောက်မကျန်းရွှယ်တို့ နှစ်ယောက်စလုံး ထိတ်လန့်သွားခဲ့ကြသည်။
“ဒါဗိုလ်မှူးလု မဟုတ်လား၊ ကျေးဇူးပြုပြီး အိမ်ထဲဝင်ထိုင်ပါဦး”
မြောင်စွေ့ဖန်းသည် သူ့ကို အမြန်ဧည့်ခံလိုက်ပြီး လက်ဆောင်ပစ္စည်းများစွာပါလာသည်ကိုမြင်သောအခါ ရှက်ရွံ့သွားမိပါသည်။
သိပ်မကြာသေးခင်ကလည်း သူမတို့အိမ်တွင် ဗိုလ်မှူးလု ခဏတာ တည်းခိုဖူးပြီး အပူပေးမီးဖိုနှစ်လုံးပင် ပို့ပေးလိုက်ပါသေးသည်။
“အဖေနဲ့ အစ်ကိုကြီးတို့ ဘယ်သွားကြလဲ အမေ”
မြောင်စွေ့ဖန်းသည် လုဟန်ချွမ်ကို ဧည့်ခံရင်း ပြန်ဖြေလိုက်ပါသည်။
“သူတို့ တောင်ပေါ်သွားကြတယ်၊ ခဏနေရင် ပြန််လာလိမ့်မယ်”
ယဲ့ရှောင်ရှောင်သည် မြောင်စွေ့ဖန်း လက်ဘက်ရည်ချပေး သည်ကို စောင့်ပြီးနောက် လိုရင်းကို ပြောလိုက်သည်။
“အမေ သမီး ဒီတစ်ခေါက်ပြန်လာတာက သမီးနဲ့ လုဟန်ချွမ်တို့ တွဲနေကြပြီဆိုတဲ့အကြောင်း လာအသိပေးတာပါ”
“ဘာ!”
မြောင်စွေ့ဖန်းမှာ လက်ထဲတွင်ကိုင်ထားသည့် လက်ဘက်ရည်ခွက်ပင် လွတ်ကျမတတ်ဖြစ်သွားရသည်။
ယဲ့မိသားစုဝင်အားလုံး ကျိန်းသေပေါက် ထိတ်လန့်သွားကြမည်ကို ကြိုတွက်ထားသည့် ယဲ့ရှောင်ရှောင်က အမြန်ရှင်းပြလိုက်ပါသည်။
“တကယ်တော့ လုဟန်ချွမ်နဲ့ သမီးတို့နှစ်ယောက်စလုံးက စစ်တပ်ဝင်းတစ်ခုတည်းမှာ အတူတူကြီးပြင်းလာကြတာပါ၊ သမီးတို့ သိကျွမ်းခဲ့တာကြာပြီ”
ထိုစကားကိုကြားခါမှ မြောင်စွေ့ဖန်း အနည်းငယ်စိတ်ပြေလျော့သွားသည်။ သို့သော် စိတ်မအေးနိုင်သေးပေ။
“ရှောင်ရှောင်၊ သမီးတို့ နှစ်ယောက် ဘယ်တုန်းကစတွဲကြတာလဲ”
ယဲ့ရှောင်ရှောင်: “တက္ကသိုလ်ဝင် စာမေးပွဲဖြေပြီးတော့မှပါ”
မြောင်စွေ့ဖန်း အချိန်ကို တွက်ချက်ကြည့်ဖို့ ကြိုးစားလိုက်သော်လည်း တွက်ချက်စရာပင် မလိုအပ်ပေ။
တက္ကသိုလ်ဝင်စာမေးပွဲပြီးဆုံးသည်မှာ သုံးရက်ပင် မကြာသေးပါ။ သူမ ကောင်တီမြို့မှ ပြန်လာသည်မှာလည်း နှစ်ရက်သာ ရှိသေးသည်။
ဆိုလိုသည်မှာ သူမတို့ ပြန်သွားကြသည်နှင့် သူမသမီးလေးထံသို့ ဗိုလ်မှူးလုရောက်ရှိလာခဲ့ခြင်းပင်။
လုဟန်ချွမ်ကိုကြည့်သည့် မြောင်စွေ့ဖန်း၏အကြည့်များ အနည်းငယ် ပြောင်းလဲသွားခဲ့ရသည်။
အလွန်နူးညံ့သိမ်မွေ့မည့်ပုံစံပေါက်သော ယဲ့ရှောင်ရှောင်မှာ ဤမျှအထိ ရဲတင်းလိမ့်မည်ဟု လုဟန်ချွမ်လည်း ထင်မထားခဲ့ပေ။
သူမဘက်က ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြီးသည်ကိုမြင်သောအခါ လုဟန်ချွမ်လည်း ချက်ချင်း မတ်တပ်ရပ်လျက် ကတိစကား ဆိုလိုက်ပါသည်။
“ဒေါ်လေးမြောင်၊ ကျွန်တော် ရှောင်ရှောင့်ကို တကယ်သဘောကျတာပါ၊ ရှောင်ရှောင်က ပေကျင်းမြို့မှာ တက္ကသိုလ်သွားတက်ဖို့ ရည်ရွယ်ထားတာမလား၊ အဲ့ဒီအချိန်ကျရင် ကျွန်တော်သူ့ကို စောင့်ရှောက်ပေးပါ့မယ်လို့ ကတိပေးပါတယ်”
မြောင်စွေ့ဖန်းသည် လုဟန်ချွမ်ကို ယခင်ကနှင့် မတူညီသော စိတ်နေစိတ်ထားဖြင့် အကဲခတ်လိုက်ပါသည်။
ဤကောင်လေးမှာ ဖြောင့်မတ်သော ရုပ်ရည်ရှိပြီး ချောမောခံ့ညားသည်။ အခြေခိုင်သော အလုပ်အကိုင်ရှိသည့် စစ်သားတစ်ဦးဖြစ်သည်။ ယဉ်ကျေးပျူငှာစွာ ပြောဆိုတတ်ပြီး မာနမကြီးဘဲ ရင့်ကျက်တည်ငြိမ်သည်။
သူသည် မိန်းကလေးတစ်ဦးအတွက် အမှန်တကယ်ပင် သင့်တော်သော လက်တွဲဖော်တစ်ဦးပင် ဖြစ်ပေသည်။
အကဲခတ်နေရင်းနှင့်ပင် မြောင်စွေ့ဖန်းမှာ သားမက်ကောင်းတစ်ယောက်ကို တွေ့ရလိုက်သော ယောက္ခမတစ်ဦးပမာ ခံစားလာရပါသည်။
“ဗိုလ်မှူးလု၊ ကျေးဇူးပြုပြီး ထိုင်ပါဦး၊ မင်းနဲ့ ရှောင်ရှောင်တို့ရဲ့ကိစ္စက အရမ်းကို ရုတ်တရက်ဆန်လွန်းတော့ မိသားစုကဘာမှ ပြင်ဆင်မထားမိဘူး”
မြောင်စွေ့ဖန်းသည် လုဟန်ချွမ်၏မိသားစုအခြေအနေကို မေးမြန်းဖို့အတွက် စကားလုံးများ ချင့်ချိန်ရှာဖွေနေမိသည်။
ထိုအချိန်တွင် အိမ်ရှေ့ဝင်းထဲမှ ဆူညံသံများကို ကြားလိုက်ရသည်။ ယဲ့ကျန်းကော်နှင့် သားနှစ်ယောက် ပြန်လာကြလေပြီ။