အခန်း ၁၃၄
Vol. 14 Ch. 134
📗 Chapter 134
ရှားလီက ယဲ့ရှောင်ရှောင်၏ ဂျာကင်လေးကို အားကျစွာ ကိုင်ကြည့်လိုက်သည်။
“ဟုတ်ပါတယ်လေ၊ ထားလိုက်ပါတော့၊ ငါ့မှာ သားရေဂျာကင်တစ်ထည်ဝယ်ဖို့တောင် ပိုက်ဆံမရှိသေးဘူး၊ ဒီဂျာကင်ကို ကြည့်ရတာ ဈေးတော်တော်ကြီးမယ့်ပုံပဲ”
ယဲ့ရှောင်ရှောင်လည်း အစောပိုင်းက သေသေချာချာ မကြည့်မိခဲ့ပါ။
တစ်ကြိမ် စမ်းဝတ်ကြည့်ပြီး ပြန်ချွတ်လိုက်ခါမှ ဤဂျာကင်သည် နောင်ဆယ်စုနှစ် တစ်စုစာလောက် ကြာသည်အထိ ရေးပန်းစားသွားမည့် နိုင်ငံခြားဘရန်းတစ်ခုဖြစ်သည်ကို သတိထားမိသွားပါသည်။
ဤဂျာကင်ကိုတော့ ပြည်တွင်းတွင် ထုတ်လုပ်ထားပုံရသော်လည်း ဈေးနှုန်းက နိမ့်မည်မထင်ပါ။
ရှားလီ၏စကားကိုကြားပြီး ဝမ်ကျောင်းက လှမ်းပြောလိုက်သည်။
“နင်တော်တော် သွေးမရှိပါလား၊ ဂျာကင်တစ်ထည်ဝယ်ဖို့ ဘာခက်လို့လဲ၊ ရှော့ပင်းမောတွေမှာ ဝယ်လည်း ရတာပဲ၊ စတိုင်တွေကတော့ တောင်ပိုင်းက အထည်တွေလောက် မဆန်းသစ်ဘူးပေါ့”
ရှားလီက ဒေါသမထွက်ဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါသည်။
“ဟုတ်ပါတယ် ငါ့မိသားစုက နင့်မိသားစုလောက်မှ မချမ်းသာတာ”
ဝမ်ကျောင်း: “အဝတ်အစားတစ်ထည်က ဘယ်လောက် ဈေးကြီးမှာမို့လို့လဲ”
ထိုစကားကိုကြားပြီး ရှားလီ အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။ ဝမ်ကျောင်း၏ စိတ်ကြီးဝင်နေသော ပုံစံကို သူမ အနည်းငယ် သည်းမခံနိုင် ဖြစ်လာပါပြီ။
သူမတို့နှစ်ဦးစလုံးက အလုပ်သမားလူတန်စား မိသားစုများမှ လာခဲ့ကြခြင်းဖြစ်မှန်း သိသာသော်လည်း ဝမ်ကျောင်းကမူ သူဌေးသမီးတစ်ယောက်ပမာ အမြဲတမ်း မာနထောင်လွှားနေတတ်သည်။
သူမတို့နှစ်ယောက် အမှန်တကယ် ရန်ဖြစ်ကြမည်စိုးသဖြင့် ယဲ့ရှောင်ရှောင် ရှားလီကို ဆွဲခေါ်လိုက်ပါသည်။
“နောက်တစ်ခါကျရင် ငါသားရေဂျာကင်ဈေးတွေ မေးကြည့်ခဲ့ပေးပါ့မယ်၊ နင့်ဖာသာနင် ဈေးနှုန်းသင့်တာ ရွေးဝယ်လို့ ရတာပေါ့”
ယဲ့ရှောင်ရှောင် ရည်ရွယ်ချက်ရှိရှိ စကားလမ်းကြောင်းလွှဲနေခြင်းဖြစ်မှန်း ရှားလီ သိသော်လည်း ပျော်ရွှင်စွာ ပြောလိုက်သည်။
“အားကိုးပါတယ် ရှောင်ရှောင်”
အခြားအခန်းဖော်များလည်း ပြန်ရောက်လာကြပြီ ဖြစ်၍ ရန်ပွဲအတွက် ယဲ့ရှောင်ရှောင် စိတ်ပူစရာ မလိုတော့ပါ။
ထို့ကြောင့် ယဲ့ရှောင်ရှောင် စာအုပ်ကို စိတ်အေးလက်အေးဖြင့် ဆက်လက်ဖတ်ရှုနေခဲ့သည်။
သူမ စားပွဲပေါ်ရှိ ဆေးစာအုပ်များ တစ်အုပ်ပြီးတစ်အုပ် ပြောင်းလဲလာသည်နှင့်အမျှ တရုတ်တိုင်းရင်းဆေးပညာအပေါ် ယဲ့ရှောင်ရှောင်၏ နားလည်တတ်ကျွမ်းမှုမှာလည်း စဉ်ဆက်မပြတ် ပိုမိုနက်ရှိုင်းလာခဲ့ပါသည်။
သူမသည် စာသင်နှစ်ကုန် စာမေးပွဲများအတွက် စိုးရိမ်ပူပန်မှုမရှိပေ။
ကျောင်းသား၊ ကျောင်းသူများက တစ်ဦးနှင့်တစ်ဦး မည်မျှပင် ပြိုင်ဆိုင်လိုစိတ် ပြင်းထန်နေကြပါစေ ဆရာ၊ ဆရာမများသည် ပြဌာန်းစာအုပ်များတွင်ပါဝင်သည့် အကြောင်းအရာများကိုသာ စစ်ဆေးရမည်ဖြစ်သောကြောင့်ပင်။
စာသစ်နှစ်ကုန် စာမေးပွဲကို ၃ ရက်တိုင်တိုင် ကျင်းပခဲ့သည်။
စာမေးပွဲများ ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် ကျောင်းပိတ်ရက် ချက်ချင်း စတင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများလည်း ကျောင်းမှ ထွက်ခွာနိုင်ကြပါပြီ။
ယဲ့ရှောင်ရှောင် စာမေးပွဲဖြေပြီးသောအခါ သူမ၏ အခန်းဖော်များက အိမ်သို့ အလျင်အမြန် ပြန်လိုစိတ် မရှိကြသည်ကို တွေ့လိုက်ရသည်။
အားလုံးထဲတွင် ပေကျင်းမြို့ခံများဖြစ်ကြသော ထန်ရှို့ရှို့နှင့် ဝမ်ကျောင်းတို့က အရင်ဆုံး ပြန်သွားကြပါသည်။ လီမိန့်ရူကတော့ ပိတ်ရက်တွင် ကျောင်း၌သာ ဆက်နေဖို့ ဆုံးဖြတ်ထားပြီးပြီဖြစ်သည်။
ယဲ့ရှောင်ရှောင် အထုပ်အပိုးများကို ပြင်ဆင်ရင်း အခန်းဖော်များကို လှမ်းမေးလိုက်သည်။
“နင်တို့ အိမ်ပြန်ရမှာ စိတ်မလှုပ်ရှားကြဘူးလား”
ရှားလီက ဖြေသည်။
“ငါတို့ ရထားလက်မှတ်တွေတောင် မဝယ်ရသေးဘူး၊ မနက်ဖြန်ကျမှ ဘူတာရုံမှာ သွားတန်းစီပြီး ဝယ်ရမှာ၊ ဝယ်ဖို့ ကျန်ပါစေလို့ပဲ ဆုတောင်းရမှာပေါ့”
ထိုအခါမှသာ ယခုခေတ်အခါတွင် အွန်လိုင်းမှ ဝယ်ယူနိုင်ခြင်း မရှိသေးကြောင်း ယဲ့ရှောင်ရှောင် သတိရသွားခဲ့သည်။ ထို့ကြောင့် ရထားလက်မှတ်များ ဝယ်ယူဖို့ ဟူသည်မှာ အလွန်ပင်ခက်ခဲလှပါသည်။
အထူးသဖြင့် ယခုကဲ့သို့ နှစ်သစ်ကူး ကာလမျိုးတွင် ပိုမိုခက်ခဲလေ့ရှိသည်။ ထို့ကြောင့်လည်း လုဟန်ချွမ်က ရထားလက်မှတ်များ ကြိုဖြတ်ပေးထားမည်ဟု ပြောခဲ့ခြင်းဖြစ်ပါလိမ့်မည်။
သူ့အကူအညီကို ကျိန်းသေပေါက် လိုအပ်သည်။
ယဲ့ရှောင်ရှောင်: “ဒါဆို ငါသွားနှင့်တော့မယ်နော်၊ ငါ့တတိယအစ်ကို ဘာအကူအညီလိုသေးလဲ သွားကြည့်လိုက်ဦးမယ်”
ရှားလီ: “ဟုတ်ပြီ၊ လမ်းမှာ ဂရုစိုက်ဦးနော်”
ယဲ့ရှောင်ရှောင်သည် စားပွဲနှင့် ကုတင်တို့ကို သေချာရှင်းလင်းခဲ့ပြီး သူမ၏ ပစ္စည်းများကို ဗီရိုထဲတွင် သော့ခတ် သိမ်းဆည်းထားခဲ့ပါသည်။
အခန်းဖော်များကို နှုတ်ဆက်ပြီးနောက် ခရီးဆောင်အိတ်တစ်လုံးဖြင့် ထွက်လာခဲ့တော့သည်။
ထို့နောက် ဆရာ၊ ဆရာမ အိမ်ရာဝင်းထဲမှ သူမ၏ တိုက်ခန်းလေးထံသို့ အရင်ဆုံး သွားရောက်ခဲ့သည်။ သူမ၏ ကိုယ်ပိုင်ပစ္စည်းအချို့ကို အခန်းထဲ၌ စနစ်တကျ နေရာချထားလိုက်ရာ တိုက်ခန်းလေးမှာ အမှန်တကယ် လူနေထိုင်သော အငွေ့အသက်မျိုး ရရှိသွားခဲ့ပါသည်။
နောက်တစ်နေ့ မနက်စောစော ယဲ့ရှောင်ရှောင် မနက်စာစားပြီးနောက် စက်ဘီးစီးလျက် ယဲ့ချန်းနင် ပေးခဲ့သည့် လိပ်စာအတိုင်း လိုက်လာခဲ့သည်။
သူမ နောက်ကျသွားခြင်းကြောင့်လားမသိသော်လည်း ထိုနေရာသို့ ရောက်ရှိသွားသောအခါ ယွီကန်းကိုသာ တွေ့ခဲ့ရသည်။
“သမီးတတိယအစ်ကို ဘယ်သွားတာလဲ”
“နင့်အစ်ကို ချန်းနင်က ငါ့ကို ပစ္စည်းတွေ စောင့်ကြည့်ထားဖို့ နေခိုင်းခဲ့တာ၊ သူနဲ့ ရှန်းကျစ်တို့ အထည်ရောင်းဖို့ ထွက်သွားကြပြီ”
ယဲ့ရှောင်ရှောင်ကမေးသည်။
“ဒီတစ်ခေါက် ဝမ်ရှန်းလည်း လိုက်လာခဲ့တာလား”
ယွီကန်းက အမှန်အတိုင်းပင် ရှင်းပြလိုက်သည်။
“ရှန်းကျစ်က ကားမောင်းပေးရတယ်လေ”
ထိုအခါမှသာ တတိယအစ်ကို ငှားလာသည့် ကုန်တင်ကားမှာ ဝမ်ရှန်း၏ သူဌေးပိုင်ဆိုင်သည့် ကားဖြစ်မှန်း ယဲ့ရှောင်ရှောင် နားလည်သွားခဲ့ရပါသည်။ ထို့ကြောင့် ဝမ်ရှန်းက ကုန်တင်ကားကိုမောင်းရင်း ယဲ့ချန်းနင်တို့ကို လိုက်ပို့ပေးခဲ့ခြင်း ဖြစ်မည်။
ယဲ့ရှောင်ရှောင် ထပ်မေးလိုက်သည်။
“အဲ့တာဆို သူတို့ဒီနေ့ ဘယ်မှာသွားရောင်းကြတာလဲ အစ်ကိုသိလား၊ သမီးလိုက်သွားချင်လို့ပါ”
ဤအနီးနားရှိ အိမ်ရာဝင်းတစ်ခုရှေ့တွင် ရှိနေလိမ့်မည်ဟု ယွီကန်းက ပြောခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုနေရာတွင် အထည်များက အရောင်းသွက်နေဆဲဖြစ်၍ ခပ်ဝေးဝေးသို့ သွားကြဦးမည် မဟုတ်ဟု ဆိုသည်။
ယဲ့ရှောင်ရှောင် ခေါင်းညိတ်ကာ ကျေးဇူးတင်လိုက်ပါသည်။
“အဲ့တာဆို သမီးလိုက်သွားလိုက်ဦးမယ်နော်”
ယဲ့ရှောင်ရှောင်သည် ဤနေရာသို့ရောက်အောင် တစ်နာရီခန့် စက်ဘီးစီးလာခဲ့ရသည်။ ကံကောင်းစွာဖြင့် ယနေ့ ရာသီဥတု အလွန်သာယာနေပြီး လေတိုက်ခြင်း သို့မဟုတ် နှင်းချခြင်းမျိုး လုံးဝ မရှိပေ။
ယဲ့ချန်းနင်ကိုရှာဖွေဖို့ နောက်ထပ် တစ်နာရီခန့် အချိန်ယူရဦးမည်ဆိုလျှင် သူမအလွန် စိတ်ပင်ပန်းရပါလိမ့်မည်။
ယွီကန်းက တစ်ခုခုပြောချင်ခဲ့သော်လည်း ယဲ့ရှောင်ရှောင် ထွက်သွားခဲ့လေပြီ။
ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းနင်ကို ရင်ပြင်ငယ်တစ်ခု၏ ရှေ့တွင် ရှာတွေ့ခဲ့သည်။
သူတို့၏ ကုန်တင်ကားပတ်ပတ်လည်တွင် ဝယ်သူများမှာ အတုန်းအရုန်း ကြိတ်ကြိတ်တိုးနေကြရာ ယခုတစ်ခေါက် အထည်များ မည်မျှရောင်းကောင်းနေမှန်း မြင်သာပါသည်။
ယဲ့ရှောင်ရှောင်လည်း လူအုပ်ကြားထဲ တိုးဝှေ့ရင်း ယဲ့ချန်းနင်ကို လှမ်းခေါ်လိုက်သည်။
“တတိယအစ်ကို!”
ယဲ့ချန်းနင်မှာ ဝယ်သူတစ်ယောက်ကို အကြွေပြန်အမ်းပေးဖို့ ပြင်နေစဉ် ယဲ့ရှောင်ရှောင်၏ ခေါ်သံကိုကြား၍ ငုံ့ကြည့်လိုက်ပါသည်။
“ရှောင်ရှောင်၊ နင် ဘယ်လိုရောက်လာတာတုန်း၊ ရောက်လာတာနဲ့ အတော်ပဲ၊ လာစမ်း၊ ငါ့ကို ငွေကူတွက်ပေးစမ်းပါ”
ယဲ့ချန်းနင်က ယဲ့ရှောင်ရှောင်ကို ကုန်တင်ကားပေါ်သို့ ဆွဲခေါ်လိုက်ပါသည်။
“ဆွယ်တာတစ်ထည်ကို ၅ ယွမ်၊ ဂွမ်းခံအနွေးထည်တစ်ထည်ကို ၈ ယွမ်၊ သူတို့က ယွမ် ၂၀ ပေးထားတာ”
ယဲ့ရှောင်ရှောင် ၇ ယွမ် အတိအကျ ထုတ်ကာ ပြန်အမ်းပေးလိုက်သည်။
“၇ ယွမ်ပါ”
ယဲ့ချန်းနင်: “ကျေးဇူးကြီးမားလှပါတယ် ရှောင်ရှောင်”
ဤသို့ဖြင့် ယဲ့ရှောင်ရှောင်သည် တစ်နေကုန်နီးပါး အထည်ကူရောင်းပေးခဲ့ရသည်။ နေ့လယ်စာ စားချိန်ပင် မရှိခဲ့ပါ။
နေ့လယ် ၃ နာရီ ထိုးခါမှ ယဲ့ချန်းနင်က ပန်ကိတ်နှစ်လုံးဝယ်ကာ ယဲ့ရှောင်ရှောင်အားပေးလိုက်သည်။
“၅ နာရီထိုးလို့ နေ့ပိုင်းအလုပ်သမားတွေ အလုပ်ဆင်းတဲ့အချိန်ကျရင် လာဝယ်တဲ့လူတွေ ပိုတောင် များဦးမယ်”
ယဲ့ရှောင်ရှောင်က မေးသည်။
“တတိယအစ်ကို၊ ဆွယ်တာနဲ့ ဂွမ်းခံအနွေးထည်တွေက အရင်တစ်ခေါက်က ဂျင်းအထည်တွေထက် ဘာလို့ ဈေးပိုသက်သာတာလဲဟင်”
ယဲ့ချန်းနင်က ပန်ကိတ်စားရင်း ရှင်းပြလိုက်သည်။
“ဒီဆွယ်တာက ကုန်ကြမ်းအသစ်နဲ့ လုပ်ထားတာ မဟုတ်ဘူးလေ၊ ပြီးတော့ ချည်ကလည်း အကောင်းဆုံး အမျိုးအစား မဟုတ်ဘူး၊ ဘယ်သူမဆို ဆွယ်တာတစ်ထည်ကို ကိုယ်တိုင်လုပ်ဝတ်နိုင်တာပဲ၊ အဲ့တာကို ဈေးကြီးကြီးနဲ့ ရောင်းမယ် ဆိုရင် ဘယ်သူမှ လာဝယ်မှာမဟုတ်ဘူး၊ ဂွမ်းခံအနွေးထည်တွေကိုလည်း ကိုင်ကြည့်လိုက်ဦး၊ အဲ့တာက တောင်ပိုင်းကလာတဲ့ ပစ္စည်းအသစ်ပဲ၊ ဂွမ်းအစစ်လည်းမဟုတ်၊ အပူထိန်းဂျာကင်လည်း မဟုတ်ဘူး၊ အကောင်းဆုံး အားသာချက်ကတော့ ဈေးပေါပေါနဲ့ နွေးနွေးထွေးထွေးရှိတာပဲ၊ ငါတို့ဆီမှာ အပူထိန်းဂျာကင်ကောင်းကောင်းတွေလည်း ရှိပါတယ်၊ ဒါပေမယ့် အဲ့တာတွေက ရောင်းအားသိပ်မကောင်းဘူး၊ အဲ့တာကြောင့် နောက်ဆုံးကျမှ လျှော့ဈေးနဲ့ ပြန်ရောင်းမလို့”
ယဲ့ရှောင်ရှောင်သည် ကုန်တင်ကားပေါ်ရှိ အထည်များကို ကိုင်ကြည့်လိုက်သည်။ အတွင်းဘက်ရှိ အသားမှာ ဂွမ်းထက် ပိုမို နူးညံ့ပြီး ပေါ်လီအက်စတာဖိုက်ဘာအထည်နှင့် အနည်းငယ် ဆင်တူပါသည်။
ဤအထည်များကို ထုတ်လုပ်ရာတွင် ဂွမ်းအထည်များထက် ပိုမို ဈေးသက်သာပြီး နွေးထွေးမှုမှာလည်း အဆိုးကြီး မဟုတ်ချေ။ သို့သော် လေဝင်လေထွက်တော့ အနည်းငယ် ညံ့ဖျင်းမှုရှိပါသည်။
ယဲ့ရှောင်ရှောင်က ပန်ကိတ်ကိုမစားသေးဘဲ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။
ယဲ့ချန်းနင်: “ဘာတွေလိုက်ရှာနေတာတုန်း”
“ဒီတစ်ခေါက် အစ်ကို့သူငယ်ချင်း ဝမ်ရှန်းလည်း ပါလာတယ်လို့ ယွီကန်းက ပြောတယ်၊ သူ့ကို မတွေ့မိပါလား”
ယဲ့ချန်းနင်: “ရှန်းကျစ်က ဒီတိုင်း ကားပဲလိုက်မောင်းပေးတာလေ၊ ငါတို့ကို အထည်ကူရောင်းပေးတာမှ မဟုတ်တာ၊ တစ်နေရာရာမှာ သွားနားနေတာ နေမှာပေါ့၊ ညနေရောင်းပြီးရင် ငါတို့ကို ပြန်လိုက်ပို့ပေးဖို့ ပြန်လာလိမ့်မယ်”
ညနေ ၅ နာရီခွဲဝန်းကျင်တွင် ဝယ်သူများ အမှန်တကယ် စုပြုံလာပြန်ပါသည်။ ကုန်တင်ကားပေါ်ရှိ အထည် တစ်ဝက်လောက် ရောင်းကုန်သွားခဲ့သည်။
ယဲ့ရှောင်ရှောင် အကြမ်းဖျင်းတွက်ချက်ကြည့်လိုက်ရာ ယနေ့ တစ်ရက်တည်းနှင့် ရရှိလိုက်သော ရောင်းရငွေ စုစုပေါင်းမှာ ယွမ် ၃,၀၀၀ ကျော်ရှိခဲ့ပါသည်။
သူတို့ ဆိုင်သိမ်းဖို့ ပြင်ဆင်နေစဉ် ဝမ်ရှန်း ပြန်ရောက်လာသည်။
ယဲ့ရှောင်ရှောင်ကို မြင်သောအခါ ဝမ်ရှန်း အံ့အားသင့်သွားခဲ့ပါသည်။
“ချန်းနင်၊ ဒီလောက်လှတဲ့ ကောင်မလေးကို ဘယ်ကရှာထားတာလဲ”
ယဲ့ချန်းနင်: “ပေါက်ကရတွေ လာမပြောနဲ့၊ ဒါငါ့ညီမလေးကွ”
ဝမ်ရှန်းက မယုံကြည်ပေ။
“မဖြစ်နိုင်တာ၊ မင်း ညီမကို ငါမြင်ဖူးသားပဲ၊ ဒီလိုပုံစံမျိုးမှ မဟုတ်တာ”
ယဲ့မိသားစု၏ သမီးချင်း ဖလှယ်ထားသည့် ကိစ္စကို ယဲ့မိသားစုတစ်စုလုံးနှင့် အနီးနားပတ်ဝန်းကျင်တစ်ခုလုံးက သိရှိပြီးကြပြီ ဖြစ်သော်လည်း ဝမ်ရှန်းမှာမူ အမြဲတမ်း အပြင်ဘက်တွင်သာ အလေလိုက်နေတတ်သဖြင့် ရွာအတွင်းရှိ သတင်းထူးများကို ကြားသိထားပုံမပေါ်ပါ။
ယဲ့ချန်းနင်က ငေါက်လိုက်သည်။
“ဘာတွေလာပြောနေတာလဲ၊ ဒါ ငါ့ ညီမပါဆို၊ ကားစက်သာ သွားနှိုးစမ်းပါ၊ မြန်မြန်ပြန်မယ်!”
ဝမ်ရှန်းလည်း မတတ်သာတော့ဘဲ ကားစက်သွားနှိုးလိုက်ရတော့သည်။
ကုန်တင်ကား၏နောက်တွဲယာဉ်ပုံးတံခါးကို လာပိတ်သည့်အခါတွင် ဝမ်ရှန်း မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။
“ချန်းနင်၊ မင်းအထည်တွေ အဲ့လောက်မြန်မြန်ရောင်းထွက်သွားတာလား! ပိုက်ဆံတွေ ဘယ်လောက်တောင် ရနေပြီလဲ!”
ယဲ့ချန်းနင်က မေးသည်။
“ဘာလဲ၊ ငါနဲ့ လက်မတွဲခဲ့လို့ နောင်တရနေပြီလား”
ဝမ်ရှန်း မကျေမနပ်ပြောလိုက်သည်။
“မင်းအလုပ်က မသေချာမရေရာတဲ့ အလုပ်ကြီးပါကွာ၊ နောက်တစ်ခါဆို ဒီလောက်ရောင်းကောင်းချင်မှ ရောင်းကောင်းမှာ၊ ငါ့ ကားမောင်းတဲ့အလုပ်ကတော့ စိတ်ချရတယ်၊ အနည်းဆုံးတော့ အခြေတစ်ဝက်ခိုင်တဲ့ အလုပ်လို့ သတ်မှတ်လို့ရတယ်”
သူဌေးဖြစ်သူနှင့် ချုပ်ဆိုထားသည့် စာချုပ်သက်တန်းမှာ ၁၀ နှစ်သာဖြစ်၍ အခြေတစ်ဝက်သာ ခိုင်သေးသည်ဟု ပြောနိုင်ခြင်းဖြစ်ပါလိမ့်မည်။
သို့သော် ဝမ်ရှန်း၏အမြင်တွင်မူ ဤအလုပ်သည် ဝင်ငွေကောင်းပြီး ဖိအားလည်းမများသဖြင့် ရွာကလူငယ်များ အားအကျရဆုံးအလုပ်ပင်။