← Chapters

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း ၁၈၅

Vol. 19 Ch. 185

📗 Chapter 185

ဤခေတ်အခါက မြို့ပြများ၌ပင် လမ်းမီးတိုင်များ ပေါပေါများများ မရှိသေးသဖြင့် အဝေးသို့ လှမ်းကြည့်လိုက်လျှင် လမ်းမကြီးများမှာ ပိန်းပိတ်အောင် မှောင်မိုက်နေပါသည်။

အမှောင်ထုလွှမ်းခြုံနေသော လမ်းမရှည်ကြီး၏ အစွန်းတစ်ဖက်မှ ဂျစ်ကားတစ်စီးသည် ဖြည်းညှင်းစွာ မောင်းနှင်ဝင်ရောက်လာပြီး ကပွဲခန်းမဝင်ပေါက်ရှေ့တည့်တည့်၌ ဆိုက်ရပ်လိုက်ပါသည်။

သွားရေးလာရေးအတွက် စက်ဘီးများကိုသာ အဓိကထားအသုံးပြုကြသည့် ဤခေတ်တွင် ထိုကဲ့သို့ ဂျစ်ကားတစ်စီးဖြင့် ပေါ်ထွက်လာခြင်းမှာ အလွန်ပင် မျက်စိကျစရာကောင်းသော မြင်ကွင်းတစ်ခုပင်။

“သူဌေးတွေတောင် ကပွဲခန်းမကို လာကြတာပဲ!”

ရှားလီတစ်ယောက် အအေးကို ပိုက်ဖြင့်စုပ်သောက်ရင်း မှတ်ချက်ပြုလိုက်သည်။

ထိုစဉ် ဂျစ်ကား၏ ပြူတင်းပေါက်မှန် နိမ့်ဆင်းသွားပြီး ခန့်ညားထက်မြက်သည့် မျက်ခုံးအစုံနှင့် တောက်ပသော မျက်ဝန်းများကို ပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုအပြည့်ရှိသော ယောက်ျားတစ်ဦး၏ ရုပ်သွင်ကို သူတို့အားလုံး မြင်လိုက်ကြရသည်။

‘ဟင်!’

ရှားလီ၏ ပါးစပ်ထဲမှ ပိုက်ကလေးပင် အောက်သို့ လွတ်ကျသွားရသည်။

တစ်ချိန်တည်းမှာပင် ကားထဲမှ နက်ရှိုင်းပြီး ဩဇာညောင်းလှသော အသံတစ်သံ ထွက်ပေါ်လာသည်။

“အိမ်ပြန်တော့မှာလား”

ယဲ့ရှောင်ရှောင်သည် မူလက လမ်းဘေးပလက်ဖောင်းပေါ်တွင် ထိုင်နေခြင်းဖြစ်သော်လည်း လုဟန်ချွမ်ကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် ထိတ်လန့်တကြား မတ်တပ်ထရပ်လိုက်မိသည်။

‘ဘုရားရေ၊ သူငါ့ကို ဘယ်လိုတောင်ခြေရာခံပြီး လိုက်လာတာလဲ!’

ထို့နောက် အခန်းဖော်များအား ယဲ့‌ရှောင်ရှောင်လှည့်ပြောလိုက်သည်။

“ငါသွားနှင့်တော့မယ်နော်၊ ရှို့ရှို့ကို ငါ့ကိုယ်စား ပြောပေးပါဦး”

ရှားလီကမူ ကြောင်အမ်းအမ်းနှင့် မှင်သက်နေဆဲပင်။

“ဪ… အေးအေး”

ယဲ့ရှောင်ရှောင်သည် အခန်းဖော်များကို နှုတ်ဆက်ပြီးနောက် ကားတံခါးဖွင့်လျက် ကားပေါ်တက်သွားခဲ့သည်။

လုဟန်ချွမ်ကမေးသည်။

“ကိုယ် သူတို့ကို သွားနှုတ်ဆက်စရာလိုသေးလား”

ယဲ့ရှောင်ရှောင် အမြန်ပြောလိုက်သည်။

“နောက်မှပဲ နှုတ်ဆက်လိုက်ပါတော့၊ ကျွန်မကို ဘယ်လိုရှာတွေ့တာလဲ”

ယနေ့ည သူငယ်ချင်းများနှင့်အတူ ညစာသွားစားမည်ဟု သူ့ကို ကြိုတင်အသိပေးထားသော်လည်း လုဟန်ချွမ် ကိုယ်တိုင် ကိုယ်ကျ လာကြိုလိမ့်မည်ဟု ယဲ့ရှောင်ရှောင် ထင်မထားခဲ့ပေ။

“မင်းကို ရှာဖို့ခက်လို့လား၊ တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့ တန်းမြင်တာပဲ”

လှလှပပဝတ်ဆင်ထားသည့် ကောင်မလေးသုံးဦး လမ်းဘေးတွင်အတူတူထိုင်နေကြသည်မှာ လွဲနိုင်စရာမရှိသည့် မြင်ကွင်းတစ်ခုပင်။

“ရှင် အရမ်းတော်တာပဲနော်”

“စကားလမ်းကြောင်း လွှဲဖို့ ကြံနေတာလား ရှောင်ရှောင်”

ယဲ့ရှောင်ရှောင်မှာ အပြုံးကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ရပါသည်။

သူမသည် ရှေ့သို့တည့်တည့် မျက်နှာမူကာ ခြေထောက်နှစ်ဖက်ကို စေ့လျက်၊ လက်ဝါးနှစ်ဖက်ကို ဒူးပေါ်တင်ပြီး အလွန်လိမ္မာယဉ်ကျေးသည့် မူလတန်းကျောင်းသူလေးတစ်ဦးပမာ ပုံစံဖမ်းလိုက်သည်။

“ဒီနေ့ည လမင်းကြီး အရမ်းလှနေတာပဲနော်”

လုဟန်ချွမ်လည်း ရွေးချယ်စရာမရှိဘဲ ပို၍ တဲ့တိုးဆန်ဆန် မေးလိုက်ရတော့သည်။

“ကပွဲခန်းမက ပျော်စရာကောင်းရဲ့လားလို့”

ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်အား လှည့်ကြည့်လိုက်သည်။ မူလက သူ့မေးခွန်းကို အတည်ပေါက် ပြန်ဖြေဖို့ ကြံရွယ်ထားသော်လည်း သူမနှုတ်မှ လွှတ်ခနဲထွက်လာသည့် စကားလုံးများက တခြားစီ ဖြစ်နေခဲ့ရသည်။

“ရှင့်မျက်တောင်တွေက အရှည်ကြီးပဲနော်”

“…”

“အဲ… ဒီတစ်ခါပဲ လာဖူးတာပါ၊ ကျွန်မ စာမလုပ်ဘဲ အလေလိုက်နေတယ်လို့ မထင်လိုက်ပါနဲ့”

သူမဘက်မှ အမှားကျူးလွန်မိထားမှန်း ယဲ့ရှောင်ရှောင်သိပါသည်။ လုဟန်ချွမ်အား ညစာသွားစားမည်ဟုသာ ပြောခဲ့ပြီး ကပွဲခန်းမသို့ သွားကြမည့်အကြောင်းကိုမူ ထိမ်ချန်ထားခဲ့မိသည်။

လုဟန်ချွမ် စကားပြန်မပြောဘဲ တိတ်ဆိတ်နေသည်ကို မြင်ပြီး ယဲ့ရှောင်ရှောင် အနားတိုးလိုက်သည်။

“ရှင်ကော အရင်က အဲ့လိုနေရာတွေ သွားဖူးလား”

လုဟန်ချွမ်: “တစ်ခါမှ မသွားဖူးဘူး”

“ဒါဆို နောက်တစ်ခါ တူတူသွားကြရအောင်လေ”

“ဟား”

လုဟန်ချွမ်သည် ကျောင်းပိတ်ရက်များစတင်ပြီဖြစ်၍ ယဲ့ရှောင်ရှောင် အကူအညီလိုအပ်သည်ရှိသော် ကူညီပေးရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။

မျှော်လင့်မထားသည့် အခြေအနေကို မြင်လိုက်ရသဖြင့် သူအမှန်တကယ် အံ့အားသင့်ခဲ့ရသော်လည်း သူမ၏ ချွဲနွဲ့ပြီး ကျီစယ်တတ်သော အမူအရာလေးကို မြင်သောအခါ သူ့ရင်ထဲရှိ စိတ်အလိုမကျမှု အငွေ့အသက်များ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့ရသည်။

ကျောင်းသားကျောင်းသူများသည် နေရပ်အသီးသီးသို့ ပြန်ကြတော့မည်ဖြစ်ရာ အဆောင်တွင်လည်း ပုံမှန်ကဲ့သို့ အဝင် အထွက် စစ်ဆေးခြင်းမျိုး တင်းတင်းကျပ်ကျပ် မပြုလုပ်တော့ပေ။

ယဲ့ရှောင်ရှောင်တွင် အထုပ်အပိုးများများစားစား သိမ်းဆည်းစရာမရှိသဖြင့် နွေရာသီအဝတ်အစားအချို့ကိုသာ ယူဆောင်ပြီး ဗီရိုကို သော့ခတ်ခဲ့ကာ လုဟန်ချွမ်နှင့်အတူ ထွက်လာခဲ့တော့သည်။

သူမကောင်လေး စိတ်ဆိုးနေသေးလား မသေချာသော်လည်း သူမကိုယ်တိုင်ကမူ မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့်ကိစ္စကို မေ့မေ့ပျောက်ပျောက်ပင် ဖြစ်နေပါပြီ။

ရှားလီနှင့် လီမိန့်ရူတို့သည် သူမတို့၏ အခန်းဖော်လေးက ပင်ပန်းနွမ်းနယ်နေသော ငှက်ကလေးတစ်ကောင် တောအုပ်ထဲသို့ နားခိုရန် ပျံသန်းသွားသည့်အလား ထိုခန့်ညားသော အမျိုးသားရင်ခွင်ထဲသို့ ပြေးဝင်သွားပြီး ကားပေါ်တက်ကာ နောက်ပင်တစ်ချက် ပြန်လှည့်မကြည့်ဘဲ ထွက်သွားကြသည်ကို ငေးကြည့်နေခဲ့ရသည်။

ထို့နောက် သူမတို့နှစ်ဦး တစ်ယောက်မျက်နှာတစ်ယောက် မှင်သက်စွာ ကြည့်လိုက်ကြသည်။

“အဲ့တာ ရှောင်ရှောင်ရဲ့ကောင်လေးလား!”

လီမိန့်ရူလည်း ဆွံ့အလျက် ခေါင်းညိတ်ပြလိုက်ပါသည်။

ရှားလီ “အရမ်းမိုက်တာပဲ! ငါလည်း အဲ့လိုကောင်လေးမျိုးတစ်ယောက်လောက် ရှာတွဲရမယ်!”

ကပွဲခန်းမထဲမှ အတွဲသုံးတွဲ ပြန်ထွက်လာကြသောအခါ ယဲ့ရှောင်ရှောင် ပျောက်နေသည်ကို မြင်သွားပြီး မေးမြန်းခဲ့ကြသည်။

ရှားလီက စိတ်လှုပ်ရှားစွာ ရှင်းပြလိုက်ပါသည်။

“သူ့ကောင်လေး လာခေါ်လို့ လိုက်သွားတာလေ! သူ့ကောင်လေးက အရမ်းချောတာပဲသိလား!”

ထန်ရှို့ရှို့ကမူ ဤအခြေအနေနှင့် ရင်းနှီးပြီးသားဖြစ်သည်။

“သူ အန္တရာယ်မရှိရင် ပြီးတာပါပဲ”

ယနေ့ညသည် သူတို့အားလုံးအတွက် ပျော်စရာညလေးတစ်ညဖြစ်ခဲ့ပါသည်။ ကပွဲခန်းမထဲမှ ထွက်လာပြီးနောက် ထန်ရှို့ရှို့သည် သူမ၏ အခန်းဖော်များနှင့်အတူ အဆောင်သို့ ချက်ချင်း မပြန်သေးပေ။

ထန်ရှို့ရှို့သည် လမ်းလျှောက်နေရင်း ကောက်လင်းအား ရှင်းပြလိုက်ပါသည်။

“ဒီနေ့ စားသောက်ဆိုင်မှာ တွေ့ခဲ့တဲ့ အစ်မက ကျွန်မနဲ့ငယ်ငယ်လေးကတည်းက အတူတူကြီးပြင်းလာတဲ့ အိမ်နီးချင်းတွေပါ၊ သူက စကားပြောရင် မဆင်မခြင်ပြောတတ်လို့ စိတ်ထဲမထားနဲ့နော်”

ကောက်လင်းက တောက်ပစွာ ပြုံးလိုက်သည်။

“ဘာမှစိတ်ထဲမထားပါဘူး၊ ရှို့ရှို့ကို မကောင်းမပြောရင် ပြီးတာပဲ”

ထန်ရှို့ရှို့ “သူက အရမ်းစိတ်ရှုပ်ဖို့ကောင်းပေမယ့် ကျွန်မကလည်း ဒီတိုင်းအနိုင်ကျင့်ခံမှာ မဟုတ်ဘူး၊ ကျွန်မကို ဒုက္ခပေးဖို့ ကြိုးစားလာရင် ကျိန်းသေပေါက် လက်တုံ့ပြန်မှာပဲ”

သူမသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကကဲ့သို့ ပျော့ညံ့သည့် မိန်းကလေးမျိုး မဟုတ်တော့ပါ။ မတရားဆက်ဆံခံရသည်ကို ငြိမ်ခံနေစရာအကြောင်းမရှိပေ။

ကောက်လင်းသည် ထန်ရှို့ရှို့၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

“သိပ်မှန်တာပေါ့”

တစ်ဖက်တွင်မူ ဝမ်ကျောင်းတို့ သမီးရည်းစားနှစ်ဦး လမ်းလယ်ခေါင်တွင် အချေအတင် စကားများရန်ဖြစ်နေကြလေသည်။

“နင် ခုနက တခြားကောင်မကို ကြည့်နေတာမလား!”

ဖန့်ခိုင်ရွှမ်က အသည်းအသန် ကာကွယ်ပြောဆိုလိုက်သည်။

“မကြည့်ရဲပါဘူးဟာ! ငါ့မျက်လုံးတွေက တစ်ချိန်လုံး နင့်ဆီမှာပဲရှိနေတာ”

ဝမ်ကျောင်းက နှုတ်ခမ်းစူလျက် ပြောသည်။

“လုံးဝ မယုံဘူး၊ ငါသေချာ မြင်လိုက်တာ၊ ဂျင်းဘောင်းဘီဝတ်ထားတဲ့ အဲ့မိန်းမကို နင်လိုက်ကြည့်နေတာ တစ်ကြိမ်မကဘူး၊ သူ့ခန္ဓာကိုယ်က ဆွဲဆောင်မှုရှိတယ်လို့ထင်လို့လား ဟုတ်လား”

ဖန့်ခိုင်ရွှမ်မှာ ထိုသို့မဟုတ်ကြောင်း ထပ်ခါတလဲလဲ ရှင်းပြခဲ့သော်လည်း အသုံးမဝင်ပေ။

ဝမ်ကျောင်း “အဲ့တာဆို ကျိန်ပြ!”

ဖန့်ခိုင်ရွှမ် အလွန်စိတ်ပင်ပန်းလာသည်။

“ကျောင်းကျောင်း၊ ငါတကယ် ဘာမှမလုပ်ဘူး၊ ဘာမှမဟုတ်တာကို ပြဿနာမရှာစမ်းပါနဲ့”

ဝမ်ကျောင်းက သူ့လက်ကို ခါထုတ်ပစ်လိုက်သည်။

“ဘာမှမဟုတ်တာကို ပြဿနာရှာတယ်ပါ့ ဟုတ်လား၊ နင်ငါ့ကို စိတ်မရှည်တော့ဘူးမလား၊ အဲ့တာဆိုလည်း လမ်းခွဲကြတာပေါ့!”

ထိုသို့ပြောပြီးနောက် ဖန့်ခိုင်ရွှမ်ကို လမ်းပေါ်တွင် ပစ်ထားခဲ့ပြီး သူမတစ်ဦးတည်း ရှေ့သို့ ဆောင့်ကြီးအောင့်ကြီး ထွက်သွားလေတော့သည်။

ယခုလောလောဆယ်တွင် သူတို့နှစ်ဦးမှာ အခြားသူများနှင့် အတော်လေး အလှမ်းဝေးသော နေရာသို့ ရောက်ရှိနေသည်။ ရှေ့မှ လမ်းများမှာလည်း မှောင်အတိကျနေသဖြင့် ညအချိန်မတော် မိန်းကလေးတစ်ဦးတည်း လမ်းလျှောက်သွားနေခြင်းမှာ အန္တရာယ်များလှပေသည်။

ဖန့်ခိုင်ရွှမ် စိတ်တိုမိသော်လည်း သူမကို အမှောင်ထဲတွင် တစ်ယောက်တည်းသွားခွင့် မပြုနိုင်ပေ။ ထို့ကြောင့် အနောက်မှ အမြန်ပြေးလိုက်သွားရသည်။

ဝမ်ကျောင်းက သူ့ကို အားဖြင့်တွန်းထုတ်လိုက်ပြီး ရှေ့သို့ ခပ်မြန်မြန် ဆက်လျှောက်သွားသည်။

ဖန့်ခိုင်ရွှမ်မှာ ဟန်ချက်ပျက်ကာ မတော်တဆ လဲကျသွားရပြီး မတ်တပ်ပြန်ရပ်လိုက်ချိန်တွင် ဝမ်ကျောင်းတစ်ယောက် အလွန်ဝေးကွာသော နေရာသို့ ရောက်ရှိနေပါပြီ။

“ကျောင်းကျောင်း!”

ဖန့်ခိုင်ရွှမ် လှမ်းအော်ခေါ်လိုက်သော်လည်း တစ်ဖက်မှ တုံ့ပြန်မှုမရှိပေ။

ဝမ်ကျောင်းသည် မူလက အလွန်လျင်မြန်စွာ လမ်းလျှောက်နေသော်လည်း ပတ်ဝန်းကျင်အခြေအနေကြောင့် သူမ၏ ခြေလှမ်းများ စက္ကန့်နှင့်အမျှ နှေးကွေးလာရသည်။

တက္ကသိုလ်အနီးရှိ လမ်းကြားလေးတစ်ခုထဲသို့ ရောက်ရှိသွားသောအခါ သူမ အသိစိတ်ပြန်ကပ်လာပြီး ကြောက်စိတ်ဝင်လာခဲ့သည်။

‘အဲ့ဒီအရူးကောင် ဖန့်ခိုင်ရွှမ် ငါ့နောက် တကယ်ကြီး လိုက်မလာဘူးကြည့်စမ်း! ကျောင်းပြန်ရောက်တာနဲ့ ဒင်းကို ကျိန်းသေပေါက် လမ်းခွဲပစ်မယ်!’

ဒုတ်!

ထိုစဉ် လမ်းကြားထဲမှ ထူးထူးဆန်းဆန်း အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

ရှေ့မှ လူရိပ်ကြီးတစ်ခု ချဉ်းကပ်လာသည်ကို မြင်သောအခါ ဝမ်ကျောင်းတစ်ယောက် ကြောက်ရွံ့မှုဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားရတော့သည်။

“အား!!!”

ဖန့်ခိုင်ရွှမ်သည် ဝမ်ကျောင်းမည်သည့်နေရာသို့ ပျောက်သွားမှန်း အစရှာမရ ဖြစ်နေပါသည်။ လမ်းမကြီးပေါ်တွင် သူမကို လုံးဝ အရိပ်အယောင်ရှာမရတော့ပေ။

လုဟန်ချွမ်နှင့် ယဲ့ရှောင်ရှောင်တို့လည်း ယခုမှ ကျောင်းဝင်းထဲမှ ပြန်ထွက်လာကြသည်။ ယဲ့ရှောင်ရှောင်သည် ကားထဲမှနေ၍ လမ်းမပေါ်တစ်ဦးတည်းရပ်နေပြီး တစ်စုံတရာကို အသည်းအသန်ရှာဖွေနေသည့် ဖန့်ခိုင်ရွှမ်အား မြင်လိုက်ရပါသည်။

လုဟန်ချွမ်ကို ကားရပ်ခိုင်းကာ သူမ လှမ်းမေးလိုက်သည်။

“နင်တစ်ယောက်တည်း ဘာလုပ်နေတာလဲ၊ ဝမ်ကျောင်းနဲ့ အတူတူရှိနေရမှာ မဟုတ်ဘူးလား”

ဖန့်ခိုင်ရွှမ်မှာ သောကစိတ်ကြောင့် ချွေးများစိုရွှဲနေပါပြီ။

“ကျောင်းကျောင်းကို ရှာမတွေ့တော့ဘူး”

“ဘာ”

ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး ကားထဲမှထွက်ကာ ဖန့်ခိုင်ရွှမ်ကို ကူညီပေးလိုက်ကြသည်။

မကြာသေးခင်ကမှ ဝမ်ကျောင်းထွက်ပြေးသွားခြင်းဖြစ်မှန်း ဖန့်ခိုင်ရွှမ် ရှင်းပြလိုက်သောအခါ လုဟန်ချွမ်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်ပါသည်။

“သူဒီနားတဝိုက်မှာပဲ ရှိနေလိမ့်မယ်၊ အဝေးကြီးမသွားနိုင်ပါဘူး”

ကောင်မလေးတစ်ယောက် ကလေးဆိုးဆိုးကာ စိတ်ကောက်နေခြင်းသာဖြစ်၍ စိတ်ပူစရာမလိုပေ။

ထို့နောက် ဖန့်ခိုင်ရွှမ်ကိုလည်း စူးရှပြီး အထင်အမြင်သေးသော အကြည့်မျိုးဖြင့် လုဟန်ချွမ် ကြည့်လိုက်သည်။

‘ကိုယ့်ကောင်မလေးကိုတောင် သေချာ မစောင့်ရှောက်နိုင်ဘူးလား’

“ဒါဆို လူစုခွဲပြီး ရှာကြရအောင်”

ယဲ့ရှောင်ရှောင် တစ်ယောက်တည်း ကပျာကယာ ပြေးထွက်သွားဖို့ ကြံလိုက်စဉ် လုဟန်ချွမ်က သူမခါးကို မြဲမြဲဖက်ကာ ဆွဲထိန်းထားလိုက်သည်။

ထို့နောက် ဖန့်ခိုင်ရွှမ်အား လှည့်ပြောလိုက်ပါသည်။

“မင်းက အနောက်ဘက်မှာ လိုက်ရှာ၊ ငါတို့ အရှေ့ဘက်ကို ရှာလိုက်မယ်၊ နာရီဝက်နေရင် ဒီမှာ ပြန်ဆုံကြမယ်၊ အဲ့အချိန်ထိ သူ့ကို ရှာလို့မတွေ့သေးရင်တော့ အဆောင်ပြန်ပြီး စစ်ဆေးကြတာပေါ့”

လက်ရှိအချိန် အားလုံးထဲတွင် လုဟန်ချွမ်မှာ စိတ်အတည်ငြိမ်ဆုံးလူဖြစ်သည်ဟု ဆိုနိုင်သည်။ ဖန့်ခိုင်ရွှမ်လည်း အသည်းအသန်ခေါင်းညိတ်ရင်း ချက်ချင်း ထွက်သွားတော့သည်။

ထို့နောက် မြင်းရိုင်းတစ်ကောင်ပမာ တဟုန်ထိုးပြေးဖို့ ကြံနေသည့် သူ့ကောင်မလေးကို လုဟန်ချွမ် ထိန်းချုပ်ကာ ဆုံးမလိုက်ပါသည်။

“မင်းက ဘယ်ကိုသွားမလို့လဲ၊ ကိုယ့်နားမှာပဲ ငြိမ်ငြိမ် နေစမ်းပါ၊ တော်ကြာနေ မင်းပါပျောက်သွားလို့ ရှာစရာလူ ထပ်တိုးသွားဦးမယ်”

ယဲ့ရှောင်ရှောင်လည်း ချက်ချင်းပင် စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ရတော့သည်။

လုဟန်ချွမ်သည် ကားထဲမှ ဓာတ်မီးတစ်လက်သွားယူကာ ယဲ့ရှောင်ရှောင်၏ လက်ကိုတွဲလျက် ဝမ်ကျောင်းကို ရှာဖွေဖို့ ထွက်လာခဲ့ပါသည်။

လမ်းမကြီးပေါ်တွင် လမ်းသွားလမ်းလာများကို တွေ့ရသော်လည်း ဝမ်ကျောင်းတော့ ဟုတ်မနေပေ။

တက္ကသိုလ်အနီးရှိ လမ်းကြားလေးအနီးသို့ ရောက်ခါမှ မိန်းကလေးတစ်ဦး၏ စူးစူးရှရှ အော်သံတစ်သံကို ကြားလိုက်ရပါသည်။

“ဝမ်ကျောင်းလား!”

အသံက အလွန်စူးရှလွန်းသဖြင့် အသံပိုင်ရှင်ကို ယဲ့ရှောင်ရှောင် အတိအလင်း ကောက်ချက်မချနိုင်ပေ။ သို့သော် မိန်းကလေးတစ်ဦး ဤမျှစူစူးဝါးဝါး အော်ဟစ်နေခြင်းက ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရခြင်းကြောင့်သာ ဖြစ်ပါလိမ့်မည်။

လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်၏ လက်ကို လုံးဝ မလွှတ်ဘဲ လမ်းကြားထဲသို့ ပြေးဝင်သွားကာ ဓာတ်မီးဖွင့်၍ လှမ်းထိုးကြည့်လိုက်ပါသည်။

ဓာတ်မီးရောင်အောက်တွင် အမှောင်ထဲမှ လူတစ်ဦး၏ ပုံရိပ်ထွက်ပေါ်လာပြီး ထိုလူသည် ဒေါသတကြီးဆဲဆိုကြိမ်းမောင်းလျက် သူဆွဲခေါ်နေသည့်လူအား မြေပေါ်ပစ်ချကာ အမှောင်ထုထဲသို့ သုတ်ခြေတင် ထွက်ပြေးသွားလေတော့သည်။

All Chapters