← Chapters

အခန်း ၃၁၅

Vol. 32 Ch. 315

အခန်း ၃၁၅

Vol. 32 Ch. 315

📗 Chapter 315

ယဲ့ရှောင်ရှောင်မှာ နဂိုကတည်းက နားပါးသူဖြစ်သည့်အပြင် မနက်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များနှင့် ပတ်ဝန်းကျင်ကလည်း အနည်းငယ် စိမ်းသက်နေသဖြင့် ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ပေ။

ထို့ကြောင့် တံခါးရှေ့မှ ခြေသံဖွဖွ ကြားလိုက်ရသည်နှင့် သူမ အိပ်ရာနိုးလာခဲ့ပါသည်။

လုဟန်ချွမ်က ကုတင်ဘေးသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး သူမ၏ ဆံနွယ်လေးများကို အသာအယာ သပ်တင်ပေးလိုက်သည်။

“ဘာရယ်မဟုတ်ပါဘူး၊ ဒီတိုင်း အိမ်ပြန်လာချင်စိတ်ပေါ်လာလို့၊ လန့်သွားလား”

ယဲ့ရှောင်ရှောင်: “မလန့်ပါဘူး၊ အမေလို့ ထင်လိုက်တာ”

လုအိမ်တော်ထဲသို့ သူခိုးဓားပြ ဖောက်ထွင်းဝင်ရောက်နိုင်ခြေက အလွန်နည်းပါးလှသဖြင့် ကြောက်စရာမလိုဘဲ လူကြီးသူမတစ်ဦးဦးဟုသာ ယဲ့ရှောင်ရှောင် ထင်လိုက်ခြင်းဖြစ်သည်။

“ပြန်အိပ်လိုက်ဦးနော်၊ ကိုယ် ရေသွားချိုးလိုက်ဦးမယ်”

ယဲ့ရှောင်ရှောင် ကုတင်ပေါ်တွင် ပြန်လှဲလျောင်းလိုက်သော်လည်း အိပ်ချင်စိတ်တော့ မရှိတော့ပေ။

လုဟန်ချွမ် ရေချိုးပြီး ပြန်ထွက်လာချိန်တွင် ယဲ့ရှောင်ရှောင်၏ မျက်လုံးလေးများက အဝိုင်းသားရှိနေသေးပြီး သူ့ကို စိုက်ကြည့်နေလေသည်။

“ဆံပင်ကို ခြောက်အောင်သုတ်ပြီးမှ အိပ်နော်”

“အင်းပါ”

နွေရာသီလည်းဖြစ်၊ လုဟန်ချွမ်၏ ဆံပင်ကလည်း တိုသဖြင့် ခပ်မြန်မြန်ပင် ရေခြောက်သွားခဲ့သည်။

ယဲ့ရှောင်ရှောင်သည် ကုတင်ပေါ်တွင် လုဟန်ချွမ်အတွက် နေရာအနည်းငယ် ဖယ်ပေးလိုက်ပါသည်။

ညအိပ်မီးအိမ်လေး၏ နွေးထွေးသော အလင်းရောင်မှိန်မှိန်လေးအောက်တွင် ယဲ့ရှောင်ရှောင်မှာ သူမ၏ ပန်းရောင်ညအိပ်ဝတ်စုံလေးနှင့် အလွန်ဆွဲဆောင်မှု ရှိနေပါသည်။

လုဟန်ချွမ်က ဘေးတွင်ဝင်လှဲလိုက်ပြီး သူမကို ပွေ့ဖက်ထားလိုက်သည်။

လုဟန်ချွမ် ရုတ်တရက် အိမ်ပြန်လာခြင်းက တစ်စုံတစ်ခုကို သိရှိသွားခြင်းကြောင့်သာ ဖြစ်နိုင်မှန်း ယဲ့ရှောင်ရှောင် နားလည်သည်။

“ရှင်သိသွားပြီမလား… အမေပြောလိုက်တာလား”

လုဟန်ချွမ်က “အင်း”တစ်လုံးတည်းသာ တိုးညှင်းစွာ ပြန်ပြောလိုက်သည်။

သူ့စိတ်အခြေအနေ မကောင်းမှန်း သိသာလှပေသည်။

ယဲ့ရှောင်ရှောင်သည် ခန္ဓာကိုယ်ကို အနည်းငယ်မတ်လိုက်ပြီး သူ့အား မော့ကြည့်လိုက်ပါသည်။ သူတို့နှစ်ဦး မျက်လုံးချင်း ဆုံသွားသည့်အခါ တစ်ဦး၏ မျက်ဝန်းထဲတွင် တစ်ဦး၏ ပုံရိပ်များ ထင်ဟပ်နေသည်ကို မြင်တွေ့လိုက်ရသည်။

“ကျွန်မ မကြောက်ပါဘူး၊ ဘာမှမဖြစ်ခဲ့ဘူးဆိုပေမယ့် ကျွန်မကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့လူကိုလည်း အလွတ်‌ပေးမှာ မဟုတ်ဘူး”

လုဟန်ချွမ်: “ဘာမှမဖြစ်ဘူး၊ အဲ့ကိစ္စကို ကိုယ်ရှင်းလိုက်မယ်”

အမေဖြစ်သူထံမှ ဖုန်းလက်ခံရရှိစဉ်က လုဟန်ချွမ် နှလုံးရပ်မတတ် ထိတ်လန့်သွားခဲ့ရသည်။‌

ချစ်မြတ်နိုးရသည့် မိန်းကလေးနှင့် သက်ဆုံးတိုင် အတူတူ မအိုမင်းနိုင်ခဲ့လျှင် ထိုနာကျင်မှုဝေဒနာကို သူလုံးဝ ခံစားနိုင်လိမ့်မည် မဟုတ်ပေ။

ယဲ့ရှောင်ရှောင်လည်း ဘာမှထပ်မပြောတော့ဘဲ သူ့ရင်ခွင်ထဲ တိုးဝှေ့မှေးစက်ရင်း တဖြည်းဖြည်း အိပ်ငိုက်လာခဲ့တော့သည်။

“အိပ်ချင်လာပြီ…”

လုဟန်ချွမ်က သူမ၏ ကျောပြင်လေးကို စည်းချက်မှန်မှန် အသာအယာ ပုတ်ပေးနေခဲ့ပြီး မကြာမီမှာပင် တစ်ဦးကိုတစ်ဦး တင်းကျစ်စွာ ပွေ့ဖက်ရင်း အိပ်မောကျသွားကြတော့သည်။

--- --- ---

မြို့တော် ပြည်သူ့လုံခြုံရေးဌာနက အလွန်အစွမ်းအစ ရှိသည့်အပြင် လုဟန်ချွမ်ကလည်း အတွင်းဘက်မှ လှုံ့ဆော်ပေးနေသဖြင့် ယဲ့ရှောင်ရှောင်အား ကားဖြင့်တိုက်သတ်ဖို့ လီသဲ့ရှုကို စေခိုင်းခဲ့သည့် နောက်ကွယ်မှ ကြိုးကိုင်သူအား သုံးရက်မြောက်နေ့တွင် ဖမ်းဆီးရရှိခဲ့ပါသည်။

တရားခံမှာ ဟယ်ကျင်းဟုံဟု အမည်ရသည်။

ထိုသတင်းကို ကြားပြီးနောက် လုဟန်ချွမ်နှင့် ယဲ့ရှောင်ရှောင်တို့ နှစ်ဦးစလုံး မှင်သက်သွားခဲ့ရသည်။

“ဟယ်ကျင်းဟုံ ဟုတ်လား”

ယဲ့ရှောင်ရှောင် မနက်စာ စားနေရင်း ရေရွတ်လိုက်မိသည်။

“အဲ့တာ အရင်က ကျွန်မရဲ့ ဝမ်းကွဲအစ်ကိုပဲ”

လွန်ခဲ့သည့် ၂ ရက်တာလုံး လုအိမ်တော်တွင်သာ ယဲ့ရှောင်ရှောင် နေထိုင်ခဲ့ပြီး အဘိုးအဘွားများကလည်း သူမကို ရတနာလေးတစ်ခုပမာ အမြတ်တနိုး တန်ဖိုးထားကြကာ တစ်နေ့လျှင် အစားအသောက်ကို လေးငါးနပ်အထိ အတင်းကျွေးချင်နေကြပါသည်။

ဟယ်ကျင်းဟုံဆိုသည်မှာ မူရင်းဝတ္ထု၏ နောက်ပိုင်းအခန်းများတွင် အရေးပါလာမည့် ဇာတ်ကောင်တစ်ကောင် ဖြစ်သည်။

သူသည် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်နိုင်ခဲ့ပြီး ဟောက်ယန်ယန်နှင့်အတူ ပူးပေါင်းခဲ့သူလည်းဖြစ်ပါသည်။

မူလက ကျေးလက်တောရွာမှ လာခဲ့သည့် ဟောက်ယန်ယန်အား အထင်သေးခဲ့သော်လည်း နောက်ပိုင်းတွင်မူ သူမ ပြောသမျှကို တသွေမတိမ်း နားထောင်တတ်သူဖြစ်လာခဲ့ရာ ဟောက်ယန်ယန်၏ ဇာတ်လိုက်မင်းသမီးရောင်ဝါ မည်မျှ အစွမ်းထက်မှန်း သက်သေပြနေခြင်းပင်။

လုဟန်ချွမ်၏ မျက်နှာမှာ ရေခဲတမျှ အေးစက်သွားရသည်။

“ဒါဆို ဟယ်မိသားစုရဲ့ လက်ချက်ပေါ့၊ ကိုယ်တို့ မင်္ဂလာကိစ္စကိုကြားပြီး ဒီတိုင်း မနေနိုင်ကြဘူးထင်တယ်”

အခြားမည်သည့်အကြောင်းအရင်းကြောင့် ဤသို့ မိုက်မဲစွာ ကြံစည်ခဲ့ရမှန်း လုဟန်ချွမ် မသိနိုင်သော်လည်း ဟယ်မိသားစု ဘဝပျက်တော့မည်ဖြစ်ကြောင်းကိုတော့ သိရှိထားသည်။

ယဲ့ရှောင်ရှောင်ကလည်း ခန့်မှန်းကြည့်လိုက်သည်။

“သူက ဓားစာခံသက်သက်လည်းဖြစ်နိုင်တယ်၊ ခဏနေရင် လုံခြုံရေးဌာနကို သွားကြည့်ကြရအောင်”

--- --- ---

ဟောက်အိမ်တော်၌…

ဟယ်ချောင်းရှန့်၏ အစ်ကိုအကြီးဆုံး ဟယ်ဝမ်ချန့်နှင့် ယောင်းမဖြစ်သူ ဟန်ကျစ်ယင်တို့သည် ဧည့်ခန်းထဲတွင် ပူဆွေးသောကရောက်စွာ ထိုင်နေကြပါသည်။

ဟန်ကျစ်ယင်က တောင်းတောင်းပန်ပန် ပြောလိုက်လေသည်။

“ရှန့်ရှန့်ရယ်၊ ငါတို့ကို ကူညီပေးပါဦး၊ ဘာကြောင့်မှန်းမသိဘဲ ကျင်းဟုံကို လုံခြုံရေးဌာနမှာ ဖမ်းချုပ်ထားကြတယ်”

ဟယ်ချောင်းရှန့် အနည်းငယ် စိတ်ကသိကအောက်ဖြစ်မိသည်။ ဟယ်ကျင်းဟုံသာ အမှန်တကယ် ဥပဒေလိုက်နာသည့် သာမန် နိုင်ငံသားကောင်းတစ်ယောက်ဆိုလျှင် အလကားနေရင်း အဖမ်းခံရစရာအကြောင်း မရှိပေ။

အလွန်မိုက်မဲသည့် အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့မိခြင်းကြောင့်သာ ဖြစ်ပါလိမ့်မည်။ ယခုမှ သူမကို သူတို့ပြုလုပ်ထားသည့် အရှုပ်လာရှင်းခိုင်းနေခြင်းက စိတ်ပျက်စရာကောင်းလှသည်။

လွန်ခဲ့သည် ဆယ်စုနှစ် နှစ်စုကျော်က ဟယ်မိသားစုမှာ အလွန်ချမ်းသာကြွယ်ဝကြသူများဖြစ်ခဲ့ကြဖူးသည်။ သို့သော် ခေတ်ကာလများ ပြောင်းလဲလာသည်နှင့်အမျှ ပေကျင်းမြို့ရှိ သူတို့မိသားစု၏ အဆင့်အတန်းမှာလည်း တဖြည်းဖြည်း ကျဆင်းသွားခဲ့ရပါသည်။

ယခုအခါတွင်မူ ဟောက်မိသားစုကိုသာ မှီခိုအားထားရင်း အသက်ဆက်နေကြရသည်။

ဟယ်ချောင်းရှန့် စိတ်ဆိုးဒေါသထွက်မိသော်လည်း တူအရင်းဖြစ်သူကို ဤအတိုင်း စွန့်ပစ်လိုက်၍ မရပေ။

သူမ၏ အစ်ကိုအကြီးဆုံးက ချမ်းသာကြွယ်ဝနေဆဲဖြစ်ပြီး အားလပ်ရက်၊ ပွဲတော်ရက်များတွင် သူမထံသို့ ငွေကြေးနှင့် အမြတ်ငွေစု အမြောက်အများကို ထောက်ပံ့ပေးနိုင်ခြင်းကြောင့်ပင်။

“အစ်ကိုကြီးနဲ့ ယောင်းမတို့… ကျွန်မကို အမှန်အတိုင်းပြောပါ ပြောပါ၊ ကျင်းဟုံက ဘာပြစ်မှုတွေ ကျူးလွန်ထားတာလဲ”

ဟယ်ဝမ်ချန့်က စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်။

“ငါတို့လည်း မသိဘူး! ပြည်သူ့လုံခြုံရေးဌာနက ဘာအချက်အလက်မှလည်း မထုတ်ပြန်ဘူး”

ဟယ်ချောင်းရှန့် မျက်မှောင်ကြုတ်မိသွားသည်။

“ကျွန်မ ဖုန်းနည်းနည်းဆက်ကြည့်ပါဦးမယ်”

ပေကျင်းမြို့တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်သည့်အလျောက် ဟယ်ချောင်းရှန့်တွင် အဆက်အသွယ်များစွာ ရှိနေပါသည်။

ပုံမှန်အားဖြင့် ဤကဲ့သို့ကိစ္စမျိုးအတွက် အကူအညီအနည်းငယ်တောင်းလိုက်သည်နှင့် မိတ်ဆွေများက လိုလိုလားလား ကူညီပေးကြပါလိမ့်မည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူမ၏ တူအကြောင်း ထုတ်ပြောလိုက်သည်နှင့် အဆက်အသွယ်များက ဘာမှ မသိရှိကြောင်း ပြောဆိုကာ စကားကို ရှောင်လွှဲသွားကြတော့သည်။

လုံခြုံရေးဌာန၌ အလုပ်လုပ်နေကြသော မိတ်ဆွေများကပင် ဘာမှမသိကြောင်း ငြင်းဆန်နေကြလေသည်။

ဘေးနားတွင် သောကများနေသည့် အစ်ကိုကြီးနှင့် ယောင်းမဖြစ်သူတို့ကို ကြည့်ရင်း ဟယ်ချောင်းရှန့်လည်း မျက်နှာပျက်ရကာ ဒေါသထွက်သွားမိသည်။

“အစ်ကိုကျိုး၊ ကျွန်မကို အမှန်အတိုင်းပြောပြစမ်းပါ၊ ဘာတွေဖြစ်နေတာလဲ!”

ဖုန်းတစ်ဖက်မှ အလွန်လေးလံသော အသံတစ်သံထွက်ပေါ်လာသည်။

“ကျုပ်မကူညီပေးချင်လို့ မဟုတ်ပါဘူး၊ အမှန်အတိုင်းပြောရရင် ဒီအမှုကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေ များတယ်၊ သက်ညှာခွင့်ရဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး၊ အခုကတည်းက စိတ်ကို ကြိုတင်ပြင်ဆင်ထားတာပိုကောင်းမယ်၊ ပြီးတော့ ခင်ဗျားလည်း ဒီကိစ္စမှာ ဝင်မပါပါနဲ့လို့ ကျုပ်အကြံပြုချင်တယ်၊ မဟုတ်ရင် ခင်ဗျားကိုခင်ဗျားတောင် မကယ်နိုင် ဖြစ်သွားလိမ့်မယ်နော်”

ထိုသို့ပြောပြီးသည်နှင့် တစ်ဖက်လူမှာ ဖုန်းကို ချက်ချင်း ချပစ်လိုက်တော့သည်။

ဟယ်ချောင်းရှန့်မှာ ဖုန်းထဲမှ တတီတီမြည်သံကို နားထောင်ရင်း ဆွံ့အသွားခဲ့ရသည်။

အတန်ကြာမှ အသိစိတ်ပြန်ကပ်သွားခဲ့ပြီး အစ်ကိုကြီးနှင့် ယောင်းမဖြစ်သူတို့ကို လှည့်ကြည့်ကာ ဒေါကြီးမောကြီး မေးမြန်းလိုက်ပါသည်။

“ကျွန်မကို အခုချက်ချင်း အမှန်အတိုင်း ပြောပြနော်၊ ဟယ်ကျင်းဟုံ ဘာတွေလုပ်ခဲ့တာလဲ၊ သူ့ကို အထက်လူကြီးတွေက ပစ်မှတ်ထားနေတဲ့ပုံပဲ၊ သက်သေခံပေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး”

ဟယ်ဝမ်ချန့်က လက်မခံနိုင်ပေ။

“မဖြစ်နိုင်တာ! ဒီရက်ပိုင်းထဲ သူ့အလုပ်သူလုပ်တာကလွဲပြီး ဥပဒေနဲ့ မကိုက်ညီတဲ့အလုပ်တွေ ဘာမှ မလုပ်ထားပါဘူး”

ဟန်ကျစ်ယင်မှာ ချက်ချင်းပင် ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

“ရှန့်ရှန့်၊ အဲ့တာ နင့်တူအရင်းခေါက်ခေါက်ပါ၊ ဒီတိုင်းလက်လျှော့လိုက်လို့မဖြစ်ဘူးနော်! အရင်က နင့်ကို သခင်မဟောက် ဖြစ်လာအောင် မိသားစုက ဘယ်လောက်တောင် ကူညီထောက်ပံ့ပေးခဲ့ရလဲဆိုတာ မေ့သွားပြီလား၊ မဟုတ်ရင် ဟောက်ချန်းပင်ကို နင်လက်ထပ်နိုင်ခဲ့မှာတဲ့လား၊ ပြီးတော့ ဒီနှစ်တွေတစ်လျှောက်လုံးမှာလည်း မိသားစုက နင့်ဆီကို အရင်းအနှီးတွေ၊ လက်ဆောင်ပစ္စည်းတွေ အများကြီး ထောက်ပံ့ပေးခဲ့ရတာ မဟုတ်ဘူးလား”

ယောင်းမဖြစ်သူ၏ စကားကိုကြားပြီး ဟယ်ချောင်းရှန့် ခေါင်းကိုက်သွားခဲ့သည်။

“အဲ့တာ ဘာကိုဆိုလိုတာလဲ ယောင်းမ၊ မသိရင် ကျွန်မက မိသားစုအပေါ် အကြွေးတင်နေတဲ့ပုံစံမျိုးနဲ့၊ တကယ် အကြွေးတင်နေတယ်ဆိုရင်တောင် အဲ့အကြွေးကို အဆပေါင်း တစ်ထောင်လောက် ပြန်ဆပ်ပြီးသွားပြီ မဟုတ်ဘူးလား”

အမျိုးသမီးနှစ်ယောက် စကားများရန်ဖြစ်တော့မည်ကို မြင်သောအခါ ဟယ်ဝမ်ချန့်က အမြန်ဝင်တားလိုက်ပါသည်။

“ရန်ဖြစ်မနေကြစမ်းပါနဲ့! အခုက စကားများရမယ့်အချိန်လား! ကျင်းဟုံကို အချုပ်ထဲက အမြန်ထုတ်လို့ရအောင် နည်းလမ်းရှာကြစမ်းပါ!”

ဟယ်ချောင်းရှန့် မျက်လုံးများကို တင်းတင်းကျပ်ကျပ် မှိတ်ကာ စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်။

“ပိုက်ဆံနည်းနည်းယူပြီး လုံခြုံရေးဌာနက ဝန်ထမ်းတွေနဲ့ သွားညှိနှိုင်းလိုက်၊ အနည်းဆုံးတော့ ကျင့်ဟုံနဲ့ ခဏလောက် တွေ့ခွင့်ရအောင် လုပ်ပြီး ဘာတွေဖြစ်ခဲ့တာလဲဆိုတာ သိအောင် မေးရမယ်၊ ကျွန်မလည်း ဖုန်းနည်းနည်းလောက် ထပ်ဆက်ပြီး ဘယ်သူက ပစ်မှတ်ထားနေတာလဲဆိုတာ သိအောင် စုံစမ်းလိုက်ဦးမယ်”

ဟယ်ဝမ်ချန့်က အထပ်ထပ်အခါခါ ခေါင်းညိတ်လိုက်ပါသည်။

“ဟုတ်ပြီ ဟုတ်ပြီ၊ အားကိုးပါတယ် ရှန့်ရှန့်”

ဟယ်ဝမ်ချန့်သည် မူလက ငွေရှိလျှင် အရာရာအဆင်ပြေလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း အရှိန်အဝါကြီးသော အထက်လူကြီးအချို့ထံ ချဉ်းကပ်ကြည့်သည့်အခါတွင်မူ လူတိုင်းက ဤကိစ္စနှင့် လုံးဝ မပတ်သက်ရဲကြောင်း အတိအလင်း ငြင်းဆန်ခဲ့ကြသည်။

နောက်ဆုံးတွင်တော့ ပြည်သူ့လုံခြုံရေးဌာန၌ အလုပ်လုပ်ကိုင်နေသော သူ၏ အတန်းဖော်ဟောင်းတစ်ဦးက ငယ်သူငယ်ချင်း သံယောဇဉ်ကို ထောက်ထား၍ ဟယ်ကျင်းဟုံနှင့် မိနစ်အနည်းငယ် တွေ့ဆုံခွင့် ပေးခဲ့လေသည်။

အတန်းဖော်ဟောင်းကို ကျေးဇူးအကြိမ်ကြိမ် တင်ပြီးနောက် ဟယ်ဝမ်ချန့်မှာ သားဖြစ်သူကို အသည်းအသန် သွားတွေ့ခဲ့တော့သည်။

သားဖြစ်သူကို တွေ့လိုက်ရသည်နှင့် ပါးကို ဖြောင်းခနဲမြည်အောင် ရိုက်ပစ်လိုက်ပါသည်။

“ခွေးထက်မိုက်တဲ့ကောင်! မင်းဘာတွေလုပ်ထားတာလဲ၊ အခုချက်ချင်း အကုန်လုံး ရှင်းပြစမ်း!”

တစ်ရက်နှင့်တစ်ညတာလုံး အချုပ်ထဲတွင် ပိတ်လှောင်ခံထားရသဖြင့် ဟယ်ကျင်းဟုံမှာ အလွန်ပင်ပန်းနွမ်းနယ်ကာ စိတ်ဓာတ်ကျနေခဲ့ရပါသည်။

အဖေဖြစ်သူ ရောက်ရှိလာသည်ကို မြင်၍ အားတက်သွားသော်လည်း တွေ့တွေ့ချင်း ပါးရိုက်ခံရလိမ့်မည်ဟုတော့ လုံးဝ ထင်မှတ်မထားခဲ့ချေ။

“အဖေ! ကျွန်တော့်ကို ဘာလို့ရိုက်တာလဲ! ကျွန်တော့်ကို ဒီကနေ မြန်မြန်ထုတ်ပေးဖို့သာ နည်းလမ်းရှာစမ်းပါ၊ ဒီလိုအစုတ်အပြတ် နေရာကြီးမှာ တစ်ရက်လေးတောင် ထပ်မနေနိုင်တော့ဘူး!”

ဟယ်ကျင်းဟုံမှာ ယခုချိန်ထိ အခြေအနေ၏ ပြင်းထန်မှုကို သဘောမပေါက်သေးပေ။

သူသည် တစ်စုံတစ်ယောက်၏ အကူအညီတောင်းခံမှုကြောင့် ကူညီပေးခဲ့ရုံသာဖြစ်ပြီး ထိုကိစ္စကိုလည်း အလွန်လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့သည်ဟု ယုံကြည်နေဆဲပင်။

ထို့အပြင် သူ့မိသားစုက ချမ်းသာကြွယ်ဝပြီး အရှိန်အဝါကြီးသည့်အပြင် လီသဲ့ရှုဟူသည့် ထိုလူကလည်း အရူးတစ်ယောက်သာဖြစ်သည်။ အရူးတစ်ယောက်၏ ထွက်ဆိုချက်ကို မည်သူကမှ သက်သေအဖြစ် အသုံးပြုနိုင်မည် မဟုတ်ပေ။

ဟယ်ဝမ်ချန့်မှာ သားဖြစ်သူ၏ မိုက်မဲမှုကြောင့် သွေးတက်ပြီး သတိလစ်လုနီးပါးပင် ဖြစ်သွားခဲ့သည်။

“မင်းကိုယ်မင်း ဘယ်နေရာရောက်နေလဲဆိုတာ သိရဲ့လား! ဒါမြို့တော်လုံခြုံရေးဌာနကွ! မင်းမိသားစုပိုင်တဲ့ စတိုးဆိုင် ထင်နေလား၊ မင်းဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရမယ့် နေရာလား!”

All Chapters