အခန်း (၅-၆)
Vol. 1 Ch. 5-6
📗 Chapter 5
နောက်တစ်နေ့ မနက်စောစောတွင် ယဲ့ရှောင်ရှောင် နိုးလာခဲ့သည်။
နေရာပြောင်း၍ အိပ်စက်ရခြင်းကြောင့် သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခဲ့ပေ။ ညည့်နက်လာသည်နှင့်အမျှ အခန်းကလည်း အေးစိမ့်လာခဲ့ပါသည်။
ဆင်းရဲခြင်းနှင့် အအေးဒဏ်တို့သည် ဒွန်တွဲနေသည်ဟု ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ယဲ့ရှောင်ရှောင် နားလည်ခဲ့ရသည်။ ဆင်းရဲလေလေ အအေးဒဏ်ကို ပိုမိုခံစားရလေလေပင်။
၁၉၈၀ ခုနှစ်ဖြစ်၍ နေရာတိုင်းတွင် အခွင့်အလမ်းများရှိနေသည်ဟု ထင်မှတ်ရသည့် ခေတ်ကာလတစ်ခုဖြစ်သော်ငြား တိုးတက်ပြောင်းလဲခြင်း လေပြည်များက စုန့်လင်မြို့နယ်ထံကိုတော့ ရောက်ရှိလာသေးပုံမရပါ။
ကျယ်ပြောသည့် လွင်ပြင်များလည်းမရှိ၊ စည်ကားလှသည့် သံမဏိစက်ရုံကြီးများလည်းမရှိ၊ ကမ်းရိုးတမ်းဒေသများကဲ့သို့ ပွင့်လင်းသည့် ပတ်ဝန်းကျင်ဟူသည်လည်း မရှိပေ။
ရွာသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေသည့် သစ်ထုတ်လုပ်ရေး လုပ်ငန်းမှာပင် ပတ်ဝန်း ကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ပိတ်သိမ်းခံရလုနီးပါး ဖြစ်နေပါပြီ။
ပိုက်ဆံတွေ၊ ပိုက်ဆံတွေ၊ ပိုက်ဆံတွေ… ဘယ်နေရာကပဲဖြစ်ဖြစ် ငါ့ပေါင်ပေါ် တန်းတန်းမတ်မတ် ကျလာပါစေ…
ထိုဂါထာကို စိတ်ထဲမှ ရွတ်ဆိုပြီးနောက် ယဲ့ရှောင်ရှောင်သည် အိပ်ရာထဖို့ အားတင်းရတော့သည်။
သို့သော် အေးစက်သည့် လေက သူမအသားကို လာရောက်ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်တည်း တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများထကာ စောင်ကို အမြန်ပြန်ဆွဲခြုံလိုက်ရပါသည်။
ဤကဲ့သို့ ကြမ်းတမ်းသည့် အခြေအနေများတွင်သာ သံမဏိစိတ်ဓာတ်များ ပေါက်ဖွားလာတတ်ခြင်းဖြစ်မည်ဟု ယဲ့ရှောင်ရှောင်း တွေးမိတော့သည်။
ယဲ့ကျန်းကော်နှင့် ယဲ့ချန်းချင်တို့က သူမထက်ပင် စောစော ထခဲ့ကြသည်။
ယဲ့ချန်းရှန့်၏ အခြေအနေမှာ အတော်လေး ကောင်းမွန်နေပြီဖြစ်မှန်းမြင်သောအခါ သားအဖနှစ်ယောက် မည်သူမှ မသိအောင် ခိုးပြန်ဖို့ ကြိုးစားကြသော်လည်း မြောင်ဖုန့်ရှန်းက တားဆီးခဲ့ကာ စားနပ်ရိက္ခာများအပြည့်ထည့်ပေးပြီးမှ သွားခွင့်ပြုခဲ့ပါသည်။
မသွားခင် ညီဖြစ်သူနှင့် ညီမဖြစ်သူတို့ကို စောင့်ရှောက်ဖို့နှင့် ရာသီဥတုသာယာသည်နှင့်တစ်ပြိုင်နက် အိမ်ကို ပြန်လာဖို့ ယဲ့ချန်းယွမ်အား ယဲ့ကျန်းကော် မှာကြားခဲ့ပါသည်။
ယဲ့ချန်းယွမ်လည်း ခေါင်းညိတ်နာခံခဲ့သည်။
ယဲ့ရှောင်ရှောင် အခန်းတံခါးဖွင့်လိုက်ချိန်တွင် ယဲ့ကျန်းကော်နှင့် ယဲ့ချန်းချင်တို့ မရှိကြတော့ပေ။
ယဲ့ချန်းရှန့်သည်လည်း အလွန်သက်သာနေပြီဖြစ်ကာ မနေ့ကကဲ့သို့ ဖြူဖျော့မနေတော့ပေ။ အပူပေးကုတင်နိမ့်ပေါ်တွင် စားပွဲတစ်လုံးရှေ့ထိုင်ရင်း စာအုပ်တစ်အုပ်ဖတ်နေပါသည်။
သူသည် အထက်တန်းနောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်မှန်း ယဲ့ရှောင်ရှောင် မှတ်မိသွားခဲ့သည်။
လွန်ခဲ့သည့် နှစ်နှစ်အတွင်း နိုင်ငံတော်၏ ပညာရေးပြုပြင်ပြောင်းလဲမှုများကြောင့် အထက်တန်းကျောင်းစနစ်အား နှစ်နှစ်မှ သုံးနှစ်အထိ တိုးမြှင့်ခဲ့ပါသည်။
ထိုပြောင်းလဲမှုကြောင့် ဆင်းရဲနွမ်းပါးသည့် ဒေသမှ ကလေးများ ဒုက္ခရောက်ခဲ့ရသည်။ ကျောင်းတစ်နှစ် ထပ်တက်ရဖို့ ဟူသည်မှာ အချို့မိသားစုများအတွက် အလွန်လေးလံသည့် ဝန်ထုပ်ဝန်ပိုးတစ်ခုကို ထပ်မံ ထမ်းပိုးထားလိုက်ရသလိုပင်။
“ဆောင်းရာသီ ကျောင်းပိတ်ရက်မဟုတ်ဘူးလား၊ ဘာလို့ စာတွေကြည့်နေတာလဲ”
ယဲ့ရှောင်ရှောင်သည် စကားစဖို့ ကြိုးစားရင်း အပူပေးကုတင်နိမ့်ဘေးတွင် ဝင်ထိုင်လိုက်ပါသည်။
ယဲ့ချန်းရှန့် ဘာမှပြန်မပြောခဲ့ဘဲ အဘိုးဖြစ်သူ ချန်ထားခဲ့သည့် စာအုပ်များကိုသာ လေးလေးနက်နက် ဖတ်ရှုနေလေသည်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုဖို့အတွက် ခြောက်လခန့်သာ လိုတော့သဖြင့် သူ၏ ယုံကြည်မှုမှာ ယိမ်းယိုင်သထက် ယိမ်းယိုင်လာခဲ့ရပါသည်။
ယဲ့မိသားစုသည် ပညာရေးကို တန်ဖိုးထားကြသော်လည်း သူ့အစ်ကိုတစ်ယောက်မှ တက္ကသိုလ်မတက်နိုင်ခဲ့ကြပေ။
ယဲ့ချန်းရှန့်ကဆိုသည်။
“နင်ငါတို့အိမ်ကနေ ထွက်သွားချင်နေတာ မဟုတ်ဘူးလား၊ အခုနင့်ကို တားမယ့်သူမရှိဘူး၊ သွားချင်တဲ့နေရာသာသွား”
ယဲ့ရှောင်ရှောင် တခစ်ခစ်ရယ်မောကာ ပြန်ပြောလိုက်သည်။
“ဒါပေမယ့် အဖေနဲ့အမေက သမီးကို မသွားစေချင်ဘူးလေ၊ အခုချိန်ကစပြီး အားလုံးနဲ့အတူတူ နေတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီ”
ယဲ့မိသားစုက သူမကို မောင်းထုတ်လျှင်ပင် ပေကျင်းမြို့သို့ ပြန်သွားဖို့ အစီအစဉ်မရှိတော့ပါ။
မူရင်းဝတ္ထုထဲတွင် ယဲ့ရှောင်ရှောင်သည် မြို့တော်သို့ ပြန်ရောက်လာသောအခါ အိမ်ဝင်းထဲမှ ကလေးအတော်များများက သူမကို ကာကွယ်ပေးပြီး ဟောက်ယန်ယန်ကို အနိုင်ကျင့်ဖို့အတွက် ကူညီပေးခဲ့ကြသည်။
သို့သော် နောက်ပိုင်း ဇာတ်လိုက်မင်းသမီးတစ်ယောက်၏ ရောင်ဝါကြောင့် ဟောက်ယန်ယန်အပေါ်ထားသည့် ရန်လိုမှုများက သူမဘက်သို့ မြှားဦးလှည့်လာခဲ့ပါသည်။
တစ်ချိန်က လူတကာ၏ လရောင်ဖြူလေးဖြစ်ခဲ့ရသော ယဲ့ရှောင်ရှောင်မှာ ဂုဏ်သရေတို့ ပျက်သုဉ်း၍ ရွှံ့ဗွက်ထဲထိ ပြုတ်ကျခဲ့ရပြီး ကြေကွဲစရာကောင်းသည့် ဘဝနှင့် အဆုံးသတ်ခဲ့ရသည်။
သူမ၏ ကံကြမ္မာကို ပြောင်းလဲနိုင်ဖို့အတွက် ဇာတ်လိုက်မင်းသမီးနှင့် ဝေးရာတွင်နေထိုင်ပြီး မိမိဘဝကိုသာမိမိ ကောင်းမွန်စွာနေထိုင်ဖို့ လိုအပ်ပါသည်။
ယဲ့ချန်းရှန့်: “နင့်ဟာနင် လုပ်ချင်သလိုသာလုပ်၊ ဒါပေမယ့် ဒီကဘဝတွေက ခက်ခဲတယ်၊ နင်ခံနိုင်ရည်ရှိမယ်မထင်ဘူး”
ယဲ့ရှောင်ရှောင်: “စောင့်ကြည့်ကြတာပေါ့”
ယဲ့ချန်းရှန့်: “…”
အဘိုးမြောင်၏ အိမ်တွင် မနက်စာစားသုံးပြီးနောက် ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းရှန့်အား ဆေးတစ်လုံး ထပ်ထိုးပေးခဲ့ပါသည်။ သည်တစ်ခါတော့ ယဲ့ချန်းရှန့် မရုန်းကန်တော့ဘဲ အသာတကြည် အထိုးခံခဲ့သည်။
နေ့လယ်စာစားပြီးနောက် မြောင်ဖုန့်ရှန်း၏ ဘယ်ဘက်ခြေထောက်သည် ထော့နဲ့ထော့နဲ့ဖြစ်နေသည်ကို ယဲ့ရှောင်ရှောင် သတိပြုမိသွားပါသည်။
ထို့ကြောင့် အပူပေးကုတင်နိမ့်ပေါ်တွင်ထိုင်ကာ သူ့သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်သည်။
“အဘိုးရဲ့ ဘယ်ဘက်ခြေထောက်မှာ ဒဏ်ရာဟောင်းရှိတယ်မလား၊ ရာသီဥတုအေးလာတော့ ပြန်နာလာတာပေါ့”
မြောင်ဖုန့်ရှန်းက ခေါင်းညိတ်သည်။
“ဒဏ်ရာဟောင်းတစ်ခုပါပဲ၊ ဘာမှကြီးကြီးမားမား မဟုတ်ဘူး”
ယဲ့ရှောင်ရှောင် ဘာမှပြန်မပြောခဲ့သော်လည်း ရင်ထဲတွင်တော့ ဆုံးဖြတ်ချက်တစ်ခုကို တိတ်တဆိတ် ချလိုက်ပါပြီ။
နေ့ဘက်တွင် ဘာမှလုပ်စရာမရှိသဖြင့် ယဲ့ချန်းယွမ်နှင့်အတူ အပြင်သွားဖို့ ယဲ့ရှောင်ရှောင် ဆုံးဖြတ်ခဲ့သည်။
“သမီးအဝတ်အစားတွေ လုံလုံလောက်လောက် ယူမလာမိဘူး၊ ပြီးတော့ အသုံးအဆောင်ပစ္စည်းတချို့လည်း ဝယ်ဖို့ လိုသေးတယ်”
ထိုစကားက အမှန်တရားပင်။
ယဲ့ချန်းယွမ်က ခေါင်းကုတ်လျက် ဆိုသည်။
“ပိတ်စနဲ့ ဝါဂွမ်းနည်းနည်းလောက်ပဲ ဝယ်လိုက်ပါ၊ အိမ်ပြန်ရောက်ရင် ဒေါ်လေးက အင်္ကျီချုပ်ပေးလိမ့်မယ်၊ သူက အရမ်းတော်တာ”
“ဟုတ်ပြီ”
သူတို့နှစ်ယောက် ထွက်သွားဖို့ ပြင်လိုက်စဉ် ယဲ့ချန်းရှန့်က လှမ်းတားလိုက်သည်။
သူတို့ပြဿနာတက်မည်ဆိုးသဖြင့် သူပါလိုက်ချင်သည်ဟု ဆိုခဲ့ပါသည်။
ယဲ့ရှောင်ရှောင်သည်လည်း မကောင်းသည့်အရာလုပ်ဖို့ သွားခြင်းမဟုတ်သဖြင့် သူ့ကို လိုက်လာခွင့်ပြုလိုက်သည်။
သူတို့သုံးဦး သမဝါယမအရောင်းဆိုင်အနီးသို့ ရောက်ရှိလာခဲ့သည်။ မြို့ထဲရှိ သမဝါယမအရောင်းဆိုင်က မကြီးမားသော်လည်း လိုအပ်သမျှကို ရရှိနိုင်ပါသည်။
သို့သော် အထဲသို့ရောက်သောအခါ သူမတွင် ရိက္ခာကူပွန်များ မရှိသည်ကို ယဲ့ရှောင်ရှောင် သိလိုက်ရသည်။
၁၉၈၀ ခုနှစ်များတွင် တရုတ်နိုင်ငံ၌ ရိက္ခာပစ္စည်းရှားပါးမှုပြဿနာများနှင့် ရင်ဆိုင်နေရခြင်းဖြစ်၍ တစ်စုံတစ်ရာ ဝယ်ယူဖို့ဆိုလျှင် ငွေကော၊ ရိက္ခာကူပွန်ကော လိုအပ်ပါသည်။
“ကျွန်မမှာ ကူပွန်မရှိဘူး”
အရောင်းဆိုင်ထဲတွင် ယဲ့ရှောင်ရှောင် ရှက်ကိုးရှက်ကန်းဖြင့် ဆိုလိုက်ပါသည်။ ငွေရှိရုံနှင့် မလုံလောက်သော အခြေအနေတစ်ခုကို သူမတစ်ခါမှ မကြုံဖူးခဲ့ပေ။
“အ,လိုက်တာ”
ယဲ့ချန်းရှန့် အထင်အမြင်သေးစွာ ပြောလိုက်သည်။ ထို့နောက် လက်ဖြန့်ကာ “ငါ့ကို ပိုက်ဆံပေး”
ယဲ့ရှောင်ရှောင်လည်း အတန်ကြီးကြီးနှစ်ရွက် ထုတ်ပေးလိုက်သည်။
ထိုပမမာဏက လုပ်သားတစ်ဦး၏ တစ်လစာဝင်ငွေလောက်ရှိ၍ ပစ္စည်းအမြောက်အများကို ဝယ်ယူနိုင်ပါသည်။
ယဲ့ချန်းရှန့်သည် ငွေကိုယူကာ ဝန်ထမ်းအား စကားသွားပြောလိုက်သည်။ သိပ်မကြာလိုက်ဘဲ ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းယွမ်တို့ကိုပါ လှမ်းခေါ်လိုက်ပါသည်။
အရောင်းဝန်ထမ်းတွင် ကူပွန်အပိုများရှိ၍ သူတို့ကို ရောင်းပေးနိုင်သည်။ ဈေးစကား အနည်းငယ်ပြောပြီးသည့်နောက်တွင် မောင်နှမသုံးယောက် ပိတ်စအချို့နှင့် တစ်နေ့တာအသုံးအဆောင်ပစ္စည်း အချို့ကို ဝယ်ယူနိုင်ခဲ့ပါသည်။
သူတို့ ပြန်ဖို့ ပြင်လိုက်ကြစဉ် ယဲ့ရှောင်ရှောင်က ရုတ်တရက် မေးသည်။
“သမီးတို့ စားနပ်ရိက္ခာတွေနည်းနေပြီ မဟုတ်ဘူးလား၊ သူ့မှာ ဆန်ကူပွန်တွေကောရှိလား မေးကြည့်ပါဦး”
ယဲ့ရှောင်ရှောင်သည် ပိတ်စ ၇ ပေ၊ ဝါဂွမ်း ၅ ပေါင်နှင့် မျက်နှာသုတ်ပဝါ၊ သွားတိုက်တံ အစရှိသော နေ့စဉ်သုံး ပစ္စည်းများကိုလည်း ဝယ်ယူခဲ့ပါသည်။
မူရင်းခန္ဓာကိုယ်ပိုင်ရှင်က ပစ္စည်းပစ္စယများများစားစား ယူဆောင်လာခြင်းမရှိသဖြင့် ယဲ့မိသားစုနှင့် အချိန်အကြာကြီး နေထိုင်ဖို့ဆိုလျှင် သူမပစ္စည်းများစွာ စုဆောင်းထားဖို့ လိုအပ်ပါသည်။
အနည်းဆုံးတော့ အသားပတ်ခြင်းကို သက်သာစေမည့် မျက်နှာအစိုဓာတ်ဖြည့်ခရင်မ်နှင့် လက်လိမ်းခရင်မ်တို့ကို လိုအပ်ပါသည်။ ယဲ့ရှောင်ရှောင် အပြင်ထွက်လာသည်မှာ သိပ်မကြာသေးသော်လည်း လေဒဏ်ကြောင့် မျက်နှာက စပ်ဖျဉ်းဖျဉ်းဖြစ်နေလေပြီ။
“နင် ဘာတွေလုပ်နေတာလဲ… ငါတို့ နင့်ပိုက်ဆံကို မလိုဘူး”
တခြားသူတစ်ယောက် ပိုက်ဆံကိုရေလိုသုံးစွဲနေသည်ကိုမြင်ရသောအခါ ယဲ့ချန်းရှန့် ရင်ထဲ အနည်းငယ် ခံရခက်မိပါသည်။ သူတို့ ဆိုင်ထဲမှ ပြန်ထွက်ဖို့ ပြင်နေစဉ်မှာပင် ဝယ်စရာရှိသေးသည်ဟု ယဲ့ရှောင်ရှောင်က ဆိုပြန်သည်။ ယဲ့ချန်းရှန့် နားမလည်နိုင်တော့ပေ။
“အစ်ကိုကြီးတို့အတွက် ဝယ်တာမဟုတ်ဘူး၊ သမီးဖာသာ အစားကောင်းကောင်း စားချင်လို့”
ယဲ့ရှောင်ရှောင် နှုတ်ခမ်းစူကာ ဆိုလိုက်သည်။
ယဲ့ချန်းယွမ်: “ဆန်ဝယ်ချင်တာဆိုရင် ပိုကောင်းတဲ့နေရာတစ်ခု ငါ သိတယ်၊ သာမန်ဆန်ဆိုင်ထက် ဈေးနည်းနည်း ပိုကြီးပေမယ့် ကူပွန်တွေ မလိုဘူးလေ”
ပိုင်ချွမ်ရွာသားများတွင် ဆန်စပါးများဝယ်ယူဖို့ ကိုယ်ပိုင်နည်းလမ်းများ ရှိတတ်ကြပါသည်။
ယဲ့ရှောင်ရှောင်: “ဘယ်နားမှာလဲ”
ယဲ့ချန်းယွမ် တွန့်ဆုတ်သွားသည်။
မည်သည့်နေရာဖြစ်မှန်း သိနေသည့် ယဲ့ချန်းရှန့်က ဝင်ပြောလိုက်ပါသည်။
“အဲ့တာ နင်သွားလို့ကောင်းတဲ့နေရာမဟုတ်ဘူး၊ နင်တကယ် ဆန်ဝယ်ချင်တာဆိုရင် မိုးချုပ်တဲ့အချိန်ထိစောင့်၊ အဲ့အခါကျမှ ငါတို့နှစ်ယောက် ကံသွားစမ်းလို့ရမယ်၊ ဒါပေမယ့် ကြိုပြောထားမယ်နော်၊ ရိုးရိုးဆန်ဆိုင်တွေမှာ တစ်ပေါင်ကို ၃၀ ပြားပေးရရင် အဲ့ဒီမှာ ၅၀ ပြားပဲ၊ အခုက နှစ်ကုန်ခါနီးဆိုတော့ ဈေးက ကျိန်းသေပေါက် ပိုတက်မှာ”
သူတို့ညီအစ်ကိုနှစ်ယောက် မှောင်ခိုဈေးသို့ သွားဖို့ကြံနေကြခြင်းဖြစ်မှန်း ယဲ့ရှောင်ရှောင်သိပါသည်။ ခေတ္တစဉ်းစားပြီးနောက် သူမ သဘောတူလိုက်သည်။
မောင်နှမသုံးယောက်သား သမဝါယမအရောင်းဆိုင်ထဲမှ ပြန်ထွက်လာခဲ့ကြသည်။ ယဲ့ချန်းယွမ်က ပစ္စည်းအားလုံးကို သယ်ပေးထားပါသည်။
လမ်းတစ်ဝက်တွင် ယဲ့ရှောင်ရှောင် ခြေလှမ်းရပ်သွားပြန်သည်။
ယဲ့ချန်းရှန့်: “ဘာဖြစ်ပြန်ပြီလဲ…”’
“တရုတ်တိုင်းရင်းဆေးတွေ ဘယ်မှာဝယ်လို့ရလဲ၊ အဘိုးအတွက် ဆေးနည်းနည်းလောက် ဝယ်သွားချင်လို့”
ယဲ့ရှောင်ရှောင်သည် ဆေးပညာအသိုင်းအဝိုင်းမှ ဆင်းသက်လာသူဖြစ်သည့်အလျောက် အဘိုးဖြစ်သူမှာ တရုတ်တိုင်းရင်းဆေးဆရာကြီး ဖြစ်ကာ အဘွားဖြစ်သူက အနောက်တိုင်းဆရာဝန်တစ်ယောက်ဖြစ်သည်။
မိသားစု၏လွှမ်းမိုးမှုကြောင့် တက္ကသိုလ်တွင် အနောက်တိုင်း ဆေးပညာကို သင်ယူခဲ့ရသော်လည်း အမှန်တကယ်တော့ ယဲ့ရှောင်ရှောင်သည် တိုင်းရင်းဆေးပညာဘက်မှာပါ တက်ကျွမ်းမှု ရှိပါသည်။
ယဲ့ချန်းရှန့် ပါးစပ်ပိတ်သွားခဲ့ရသည်။
အရှုံးပေးလိုက်ရသည့် သူ့ပုံစံကို ကြည့်ပြီး ယဲ့ရှောင်ရှောင် ဘဝင်အနည်းငယ် ခိုက်မိသည်။
‘ထင်မထားဘူးမလား၊ ကျွန်မက အရင်ယဲ့ရှောင်ရှောင် မဟုတ်တော့ဘူး’
ပေါ့ပေါ့ပါးပါး နေတတ်သည့် ယဲ့ချန်းယွမ်ကပဲ လမ်းညွှန်ပေးလိုက်ရသည်။
“ဟိုဘက်မှာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကဖွင့်ထားတဲ့ တရုတ်တိုင်းရင်းဆေးခန်းတစ်ခုရှိတယ်၊ ဘယ်ကရောက်လာမှန်းမသိတဲ့ အဘိုးကြီးတစ်ယောက် ဖွင့်ထားတာလေ၊ စိတ်ကလည်း တိုတတ်သလား မမေးနဲ့၊ အဲ့တာကြောင့် သူ့ဆီမှာ ဆေးလာကုတဲ့သူဆိုတာ မရှိသလောက်ပဲ”
📗 Chapter 6
အကွာအဝေးက အမှန်တကယ် မဝေးလှပေ။
ရှေ့နားက လမ်းဆုံကို ကျော်လိုက်သည်နှင့် ထိုတိုင်ရင်းဆေးခန်းကို မြင်ရပါသည်။
ဤတိုင်းရင်းဆေးခန်းမှာ မြို့နယ်ဆေးခန်းထက်ပင် ပိုမိုဟောင်းနွမ်းနေပြီး တံခါးပေါ်တွင်လည်း အရောင်လွင့်နေသည့် နှစ်သစ်ကူးဆုတောင်းစာကို ကပ်ထားသည်။
“ကျွန်ုပ်တို့ဆိုင်က ဆေးဝါးတွေ ဖုန်တက်ကျန်ခဲ့ရမယ်ဆိုရင်တောင် တစ်ကမ္ဘာလုံး အဖျားရောဂါကင်းဝေးပြီး ကျန်းမာကြပါစေ”
တံခါးကိုတွန်းဖွင့်လိုက်သောအခါ အတွင်းပိုင်းမှာ ထင်ထားသည်ထက် ပိုပြီး သပ်သပ်ရပ်ရပ်ရှိနေသည်ကို မြင်လိုက်ကြရသည်။ အခန်းကျဉ်းလေးထဲတွင် တရုတ်တိုင်းရင်းဆေးများဖြင့် အပြည့်ဖြည့်ထားသည့် ဗီရိုကြီးတစ်လုံး ရှိနေပါသည်။
မုတ်ဆိတ်ဖြူအဘိုးကြီးတစ်ဦးသည် သစ်သားစားပွဲတစ်လုံးတွင်ထိုင်ရင်း အိပ်ငိုက်နေလေသည်။
ယဲ့ရှောင်ရှောင်တို့ သုံးဦး ဝင်လာသည့်အသံကိုပင် သူ မကြားနိုင်ပေ။
“ဆရာကြီး ထပါဦး!”
ယဲ့ချန်းယွမ်က အနားသွားကာ စားပွဲကိုခေါက်လိုက်သည်။
“ဟမ်…အင်း အဲ… ဘယ်သူဖျားလို့လဲ၊ ငါစစ်ကြည့်ပေးမယ် ထိုင်ကြထိုင်ကြ….”
မုတ်ဆိတ်ဖြူအဘိုးအိုမှာ အိပ်ချင်မူးတူးနှင့် နိုးလာပြီး မျက်မှန်ကို စမ်းတဝါးဝါးရှာဖွေရင်း ဆိုလိုက်ပါသည်။
“ကျွန်မတို့ ဆေးလာဝယ်တာမဟုတ်ပါဘူး၊ ဆေးတချို့ လာရှာတာပါ”
ယဲ့ရှောင်ရှောင်သည် ပြင်ဆင်ထားသော ဆေးညွှန်းကို အိတ်ကပ်ထဲမှထုတ်ကာ အဘိုးအိုအား ပေးလိုက်ပါသည်။
“ကြည့်ရအောင်… မျှော့ရယ်၊ ပိုးစာသီးဖြူရယ်၊ မုရန်ရယ်၊ လောဗန်ရယ်…”
ဆေးညွှန်းကို ဖတ်ရှုပြီးနောက် စုန့်ကွမ်းကျင့်က ပြုံးကာ ဆိုသည်။
“ဆေးညွှန်းက တော်တော်ကောင်းတာပဲ၊ ဘယ်သမားတော်က ပေးလိုက်တာလဲ”
“ပြဿနာတစ်ခုခုရှိလို့လား ဆရာကြီး”
ယဲ့ချန်းရှန့်က စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
စုန့်ကွမ်းကျင့်: “ဆေးညွှန်းက ပြဿနာမရှိပါဘူး၊ အရိုးဒဏ်ရာကို ကုသပေးဖို့ကောင်းတဲ့ဆေးတွေပဲ၊ ဒါပေမယ့် ဆေးပမာဏကို သုံးနှုန်းထားတာကတော့ တော်တော်လေးရဲတင်းတယ်၊ ဝါရင့်သမားတော်တစ်ယောက်ကသာ ဒီလိုမျိုး ညွှန်းပေးရဲမှာ”
“ကျွန်မ ညွှန်းထားတာပါ ဆရာကြီး”
ထိုအဘိုးအိုမှာ သူမရေးသားထားသည့် ဆေးညွှန်း၏ အနှစ်သာရကို နားလည်သည့် ပညာရှင်တစ်ယောက်ဖြစ်မှန်း သိလိုက်ရသဖြင့် ယဲ့ရှောင်ရှောင်လည်း ဖုံးကွယ်မထားတော့ဘဲ အမှန်အတိုင်း ပြောပြလိုက်ပါသည်။
သည်တစ်ခါတော့ စုန့်ကွမ်းကျင့် အမှန်တကယ် အံ့အားသင့်သွားခဲ့ရသည်။
ဤဆေးညွှန်းကို ရေးသားခဲ့သူမှာ ကလေးမလေးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူထင်မထားခဲ့ပေ။
“ဆေးပညာကို သင်ယူနေတာ ဘယ်လောက်ကြာပြီလဲ”
ယဲ့ရှောင်ရှောင်: “ကျွန်မ စာမဖတ်တတ်ခင်ကတည်းက ဆေးပညာကို လေ့လာခဲ့တာပါ၊ အခုလောက်ဆို အတွေ့အကြုံ ၁၀ နှစ်လောက် ရှိပြီထင်တာပဲ”
စုန့်ကွမ်းကျင့် ခေါင်းညိတ်လိုက်သည်။ ဤမြို့ငယ်လေးမှ မိန်းကလေးမှာ အရည်အချင်းမရှိသည့် သမားတော်များ ဆယ်စုနှစ်ချီအောင် လေ့ကျင့်ပေးထားသည့် တပည့်များထက် အများကြီး ပိုသာလွန်ပါသည်။
ထို့ကြောင့် သူမကို စုန့်ကွမ်းကျင့် ရက်ရက်ရောရာ ချီးကျူးလိုက်သည်။
“မဆိုးပါဘူး မဆိုးပါဘူး၊ ဒီမှာခဏစောင့်၊ ဆေးညွှန်းထဲက ဆေးတွေ သွားယူပေးမယ်”
အဘိုးအိုသည် ဆေးများကို ကျွမ်းကျွမ်းကျင်ကျင်နှင့် လျှင်လျှင်မြန်မြန် ပြင်ဆင်ပေးခဲ့ပါသည်။ မှောင်ရိပ်ကျနေသည့် အခန်းတွင်းမှာပင် မှန်ကန်သည့် အံဆွဲများကို တိတိကျကျ ဆွဲဖွင့်နိုင်သည်။
အခြားဆေးဆိုင်များသာဆိုလျှင် ဆေးတွေကို တစ်ခုချင်း ချိန်တွယ်နေရတတ်သော်လည်း အဘိုးအိုမှာမူ ဆေးအားလုံးကို ထုတ်ယူပြီးနောက် ချိန်ခွင်ပေါ် တန်းတင်လိုက်ပါသည်။
ပမာဏနှင့် အလေးချိန်မှာ အပိုအလိုမရှိအောင် ကွက်တိကျနေလေသည်။
စုန့်ကျွမ်းကျင့်: “ဆေး ၅ ထုပ်ဆိုတော့ စုစုပေါင်း ၅ ယွမ်နဲ့ ၇၅ ပြားကျပါတယ်”
ယဲ့ရှောင်ရှောင် ငွေရှင်းပေးပြီးနောက် ဆေးထုပ်များကို ယူလိုက်ပါသည်။
စုန့်ကွမ်းကျင့်က မေးသည်။
“ကလေးမ၊ မင်းကို ဆေးပညာ ဘယ်သူသင်ပေးခဲ့တာလဲ”
ယဲ့ရှောင်ရှောင်: “ကျွန်မ ဆရာက သူများတွေကို မပြောဖို့ မှာထားလို့”
စုန့်ကွမ်းကျင့်လည်း ကလေးမလေးကို ဖိအားထပ်မပေးတော့ဘဲ နှုတ်ဆက်လိုက်ပါသည်။
“ဒီဘက်ကို မကြာခဏ လာလည်ဦးနော်၊ ငါ့ဆေးခန်းက မင်းကိုအမြဲတမ်း ကြိုဆိုနေမှာ”
ယဲ့ရှောင်ရှောင်: “ကျေးဇူးတင်ပါတယ်”
ဆေးခန်းအပြင်ဘက်ကို ရောက်ခါမှ ယဲ့ချန်းယွမ် ပွစိပွစိ ပြောလိုက်ပါသည်။
“အဲ့ဒီအဘိုးကြီးက ကြောင်တောင်တောင်နိုင်လိုက်တာ၊ ဘယ်သူက ဆေးခန်းကို အပျော်လာလည်မှာလဲ”
ယဲ့ရှောင်ရှောင်ကတော့ ပြုံးသာပြုံးပြီး ဘာမှ ပြန်မပြောခဲ့ပေ။ အဘိုးအိုဆိုလိုသည့်သဘောက ထိုသို့မဟုတ်မှန်း သူမနားလည်ပါသည်။
အိမ်ပြန်လမ်းတွင် မြို့နယ်ဆေးခန်းအနားမှ သူတို့ ဖြတ်သွားရသေးသည်။ သို့သော် ယဲ့ချန်းရှန့် နေပြန်ကောင်းနေပြီဖြစ်၍ ဆေးခန်းသို့ ဝင်ဖို့ မလိုအပ်တော့ပေ။
ထို့အပြင် ယဲ့ရှောင်ရှောင် ဝယ်ယူထားသည့် ဆေးဝါးများကလည်း မကုန်သေးပါ။
မြို့နယ်ဆေးခန်းအနားမှ ဖြတ်သွားစဉ် ဆူညံသံအချို့ကို ကြားလိုက်ရပါသည်။ လူတစ်စုက ဆေးခန်းရှေ့တွင် အုံအုံကြွကြွနှင့် ဆဲဆိုသောင်းကျန်းနေလေသည်။
ယဲ့ချန်းယွမ်: “ဘာတွေဖြစ်နေတာလဲ၊ ရန်ဖြစ်နေကြတာာလး”
ယဲ့ရှောင်ရှောင်လည်း လှမ်းကြည့်လိုက်သောအခါ ဆေးကုသမှုအမှားအယွင်းကြောင့် ဖြစ်လာသည့် ရန်ပွဲဖြစ်မှန်း နားလည်လိုက်ပါသည်။
ယဲ့ချန်းရှန့်ကမူ သူများ၏ ပြဿနာထဲ ဝင်မပါချင်သဖြင့် ခပ်ပြတ်ပြတ် ပြောလိုက်သည်။
“ငါတို့နဲ့မဆိုင်ဘူး၊ အိမ်မြန်မြန်ပြကြစို့၊ အဘိုးစိတ်ပူနေဦးမယ်”
ယဲ့ချန်းယွမ်သည် ယဲ့ချန်းရှန့်ထက် တစ်နှစ်ပိုကြီးသော်လည်း ဝမ်းကွဲညီဖြစ်သူလောက် မတည်ငြိမ်ပါ။ ထို့ကြောင့် သူ့လက်ထဲရှိ ပစ္စည်းများကို ယဲ့ချန်းရှန့်လက်ထဲ ထိုးထည့်ပေးခဲ့ပြီး ပွဲကြည့်ဖို့ ထွက်သွားခဲ့လေသည်။
ခေတ္တကြာသောအခါ ယဲ့ချန်းယွမ် အပြေးအလွှားပြန်ရောက်လာခဲ့သည်။
ထို့နောက် လက်ကို အသည်းအသန် ယမ်းပြရင်း ရှင်းပြလေတော့သည်။
“ဘာဖြစ်တာလဲသိလား၊ ဒီဆေးခန်းမှာ ကလေးတစ်ယောက်ကို ဆေးထိုးပေးလိုက်တာ အောက်ပိုင်းသေသွားလို့တဲ့၊ အခု အဲ့ဒီကလေးက လမ်းမလျှောက်နိုင်တော့ဘဲ အိပ်ရာထဲမှာပဲ လဲနေပြီ”
ယဲ့ရှောင်ရှောင် မျက်နှာအနည်းငယ် ပျက်သွားခဲ့သည်။
‘အဲ့လိုအဖြစ်မျိုးက ယဲ့ချန်းရှန့်တစ်ယောက်တည်း ကြုံခဲ့ရတာ မဟုတ်ဘူးပေါ့…’
ရက်စက်သည့် လက်တွေ့ကမ္ဘာက စာအုပ်ထဲတွင် သူမ ဖတ်ခဲ့ဖူးသမျှထက် ပိုမိုအန္တရာယ်များလှသည်ကို ယဲ့ရှောင်ရှောင် နားလည်စ ပြုလာခဲ့ပါပြီ။
ဤသည်မှာ ဝတ္ထုစာအုပ်တစ်အုပ်မဟုတ်ပေ။ ရက်စက်ကြမ်းကြုတ်သည့် လက်တွေ့ကမ္ဘာသာ။
ယဲ့ချန်းယွမ်က ဆက်ပြောသည်။
“မင်းဒီမှာ ဆေးမထိုးခဲ့တာ ကံကောင်းတယ် ချန့်ရှန်း၊ ဆရာဝန်က တော်တော်အသုံးမကျတာ”
ယဲ့ချန်းရှန့်က ပြန်ချေပသည်။
“လူတိုင်း အဲ့လိုဖြစ်နေတာတော့ မဟုတ်ပါဘူးကွာ…”
သို့သော် ဘာမှဆက်မငြင်းခုံခဲ့တော့ဘဲ အိမ်သို့သာ တိတ်တ ဆိတ်ပြန်လာခဲ့တော့သည်။
မောင်နှမသုံးယောက်ထဲ ယဲ့ချန်းယွမ်တစ်ယောက်တည်းသာ ဂနာမငြိမ်ဖြစ်နေပါသည်။
အိမ်သို့ပြန်ရောက်သောအခါ ယဲ့ရှောင်ရှောင်သည် အိတ်ထဲမှ ယွမ် ၅၀ ထုတ်ကာ ယဲ့ချန်းရှန့်အား ပေးလိုက်သည်။
“ဒါဆန်နဲ့ တခြားပစ္စည်းတွေဝယ်ဖို့ပါ၊ အစ်ကိုကြီးတို့ပဲ စီစဉ်လိုက်ကြနော်”
ယဲ့ချန်းယွမ်နှင့် ယဲ့ချန်းရှန့်တို့မှာ ဆယ်ကျော်သက်အရွယ်သာ ရှိသေးပြီး အိမ်တွင် လူကြီးများကသာ ငွေကိုင်ရပါသည်။ ထို့ကြောင့် ဤမျှလောက် များပြားသည့် ငွေပမာဏမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ပါချေ။
“ရှောင်ရှောင်… နင့်ပိုက်ဆံတွေ အကုန်သုံးပစ်နေတာလား! ပေကျင်းကို ပြန်လို့ရတော့မှာ မဟုတ်ဘူးနော်”
ယဲ့ချန်းယွမ် မျက်လုံးများ ပြူးကျယ်နေပါပြီ။ သူ့အဒေါ်ဘက်မှ ဝမ်းကွဲညီမလေးမှာ ပေကျင်းမြို့မှ ရောက်လာသူဖြစ်ပြီး မြို့တော်ကို အချိန်မရွေးပြန်သွားနိုင်သည်ဟု သူ့မိဘများက ပြောပြဖူးပါသည်။ (ယဲ့ချန်းယွမ်က ဝမ်းကွဲအစ်ကိုပါ)
ယဲ့ရှောင်ရှောင် အော်ပြောလိုက်သည်။
“မပြန်တော့ပါဘူး ဆိုနေမှ!”
ယဲ့ချန်းယွမ်: “အဲ… ဟုတ်ပါပြီ”
ယဲ့ချန်းရှန့်ကမူ ပါးစပ်သာပိတ်ထားပြီး ဘာမှဝင်မပြောခဲ့ပေ။
သူတို့မိသားစုတွင် ဆန်နှင့် ဂျုံပြတ်လပ်နေပြီဖြစ်မှန်း သိ၍ ငွေကိုငြင်းဆန်ဖို့အတွက် ယဲ့ချန်းရှန့်မှာ ယုံကြည်ချက်မရှိပါ။ သို့သော် တစ်နေ့နေ့တစ်ချိန်ချိန် သူငွေရှာနိုင်သည့်အခါ ယဲ့ရှောင်ရှောင်ကို အကြွေးပြန်ဆပ်မည်ဟု တိတ်တဆိတ် သန္နိဋ္ဌာန် ချခဲ့ပါသည်။
ပစ္စည်းများစွာကို သယ်ဆောင်ပြီး ပြန်ရောက်လာသည့် မောင်နှမသုံးယောက်ကိုမြင်သောအခါ မြောင်ဖုန့်ရှန်း ထိတ်လန့်သွားရသည်။
အကြောင်းစုံကို နားထောင်ပြီးနောက် မြောင်ဖုန့်ရှန်းက ဆိုသည်။
“ရှောင်ရှောင်ရဲ့ အဝတ်အစားတွေက ပါးပါးလေးတွေနော်၊ အနွေးထည် အသစ်တစ်ထည်လောက်လိုနေပြီ၊ အဘိုးစုထားတဲ့ ငွေတွေရှိတယ်၊ လိုအပ်ရင် လာသာပြော ကြားလား”
“လောလောဆယ်တော့ သမီးမှာရှိပါသေးတယ် အဘိုးရဲ့”
လတ်တလောတွင် ယဲ့ရှောင်ရှောင်သည် ငွေမလိုအပ်သေးသော်လည်း ငွေရှာဖို့တော့ လိုအပ်သည်။
သူမတွင် ရှိနေသည့် ငွေပမာဏလောက်နှင့် ယဲ့မိသားစုကို ကြာကြာကူညီပေးနိုင်မှာ မဟုတ်ပါ။
“အဘိုးအိမ်မှာ ဆေးကျိုတဲ့အိုးတွေဘာတွေရှိလား၊ သမီးဆေးကျိုချင်လို့၊ ခြေထောက်နာသက်သာစေမယ့် ဆေးပါ”
မြောင်ဖုန့်ရှန်း: “ငွေတွေကို မလိုအပ်ဘဲ မသုံးနဲ့လေ၊ အဘိုးခြေထောက်က မနာတော့ပါဘူး”
အဘိုးအို၏ ဆန့်ကျင်မှုများကို လျစ်လျူရှုလိုက်ပြီး ဆေးအိုးတစ်လုံး အတင်းတောင်းယူကာ မီးဖိုပေါ်တွင် တင်လျက် တိုင်းရင်းဆေးကို စတင်ကျိုချက်တော့သည်။
မိုးချုပ်သောအခါ ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့ ဆန်အဝယ်ထွက်ဖို့ ပြင်ကြလေသည်။
ယဲ့ရှောင်ရှောင်က စိတ်ပူစွာ သတိပေးလိုက်သည်။
“သတိထားကြနော်၊ ဈေးတွေ အရမ်းမြင့်နေလည်း ကိစ္စမရှိပါဘူး၊ ရန်တော့မဖြစ်ကြနဲ့နော်…”
မှောင်ခိုဈေးတွင် လူပေါင်းစုံ စရိုက်ပေါင်းစုံရှိပါသည်။ လူမိုက်ဂိုဏ်းများကလည်း မျက်နှာစိမ်းများကို ပစ်မှတ်ပိုထားလေ့ ရှိသည်။
ဆန်အချို့အတွက်နှင့် သူတို့ခိုက်ရန်ဖြစ်ပွားမှာကို ယဲ့ရှောင်ရှောင် မလိုလားပါ။
ယဲ့ချန်းရှန့်: “ဘာလို့ အဲ့လောက်ပိုပိုကဲကဲဖြစ်နေတာလဲ၊ ငါတို့ ဘာမှမဖြစ်ဘူး၊ သွားတော့မယ်”
ယဲ့ရှောင်ရှောင်: “…”
‘ဒီသောက်ကလေးကတော့… ကောင်းစေချင်လို့ ပြောတာကို’
ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့ မှောင်ခိုဈေးသို့ ထွက်သွားခဲ့ပြီး ယဲ့ရှောင်ရှောင် ဆေးကျိုပြီးသည့်အချိန်အထိ ပြန်ရောက်မလာကြသေးပေ။
“အဘိုး ဆေးသောက်လိုက်ဦးနော်”
မြောင့်ဖုန့်ရှန်းအား ဆေးတိုက်ပြီးနောက် ယဲ့ရှောင်ရှောင် အိမ်ပြင်ထွက်လာပြီး ခြံအပြင်ဘက်သို့ ချောင်းကြည့်လိုက်ပါသည်။
အိမ်ရှေ့နှင့် အိမ်နောက်တို့တွင် ရွှံ့အိမ်တန်းလေးများက ဝန်းရံထားသဖြင့် လမ်းကြားလေးတစ်ခုသဖွယ်ဖြစ်နေကာ ညမိုးချုပ်သည့်အချိန်အတွင် အရာအားလုံးက ပိန်းပိတ်အောင် မှောင်မိုက်နေပါသည်။
ယဲ့ရှောင်ရှောင်သည် လမ်းကြားထိပ်ထိ သွားကြည့်ခဲ့သော် လည်း လူရိပ်မမြင်ခဲ့ရပေ။
လေအေးတစ်ချက် တိုးဝှေ့လာသောအခါ သူမ၏အနွေး ထည်ကပင် ကာကွယ်မပေးနိုင်ခဲ့ဘဲ အရိုးထဲထိစိမ့်အောင် အေးသွားခဲ့ပါသည်။
ယဲ့ရှောင်ရှောင် လှည့်ပြန်ဖို့ ကြံလိုက်စဉ်တွင် တစ်စုံတစ် ယောက်က သူမပါးစပ်ကို အနောက်မှ လှမ်းအုပ်လိုက်လေသည်။
ယဲ့ရှောင်ရှောင်လည်း အသံမထွက်နိုင်တော့ဘဲ ခန္ဓာကိုယ်ကိုသာ အားကုန်ထုတ်သုံးလျက် ရုန်းကန်ရတော့သည်။