← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

📗 Chapter 7

“ရှောင်ရှောင် ငါပါ! ငါ့ကို မမှတ်မိဘူးလား”

ထိုအသံကို ရင်းနှီးနေသယောင်ယောင် ရှိသော်လည်း ယဲ့ရှောင်ရှောင် သေချာမမှတ်မိသဖြင့် ဆက်လက် ရုန်းကန်နေခဲ့ပါသည်။

ထို့အပြင် သူမက ကူးပြောင်းလာသူဖြစ်ရာ သူမတွင် မူရင်းခန္ဓာကိုယ်ပိုင်ရှင်၏မှတ်ဉာဏ်များ ရှိမနေပေ။

သူမ ရင်းနှီးနေသည့် တစ်စုံတစ်ယောက်ဖြစ်နေလျှင်တောင် မှတ်မိနိုင်မည် မဟုတ်ပါ။

“ငါ့ကို လွှတ်!”

တစ်ဖက်လူ၏ခြေထောက်ကို ယဲ့ရှောင်ရှောင် ဆောင့်နင်းပစ်လိုက်မှ အချုပ်အနှောင်မှ လွတ်မြောက်သွားခဲ့ပါသည်။

“အား!! ရှောင်ရှောင် နင်ဘာလုပ်တာလဲ၊ ငါ နင့်ကို ကောင်တီမြို့မှာ စောင့်နေတာကြာလှပြီ၊ နင် ရောက်မလာလို့ ဒီအထိ လာရှာတာလေ… ရှာတွေ့တော့လည်း ငါ့ကို ချတယ်…”

သူ့အသံတွင် ဝမ်းနည်းကြေကွဲမှုများ အပြည့်ပါနေသယောင်ပင်။

ယဲ့ရှောင်ရှောင်: “နင်က ဘယ်သူလဲ”

လူရိပ်ကြီး: “ငါ့ပါ သွမ်လဲ့လေ!”

ယဲ့ရှောင်ရှောင်: “…”

‘ဪ… မူရင်းခန္ဓာကိုယ်ပိုင်ရှင်ရဲ့ နောက်လိုက်ကောင်ပဲ…’

သွမ်လဲ့သည်လည်း ပေကျင်းမြို့ရှိ စစ်တပ်ဝင်းမှ ကလေးတစ်ယောက်ဖြစ်ကာ သူ့မိဘများက ဟောက်ယန်ယန်၏ အဖေထက်ပင် ရာထူးပိုကြီးမားခြင်းကြောင့် သွမ်လဲ့မှာ စစ်တပ်ဝင်းထဲတွင် ပြဿနာအမြဲရှာလေ့ရှိသည်။

ပိုင်ချွမ်ရွာသို့ ယဲ့ရှောင်ရှောင် ပြန်သွားဖို့ ဆုံးဖြတ်ခဲ့စဉ်က သွမ်လဲ့ စိတ်မချဘဲ နောက်မှလိုက်လာခဲ့ပါသည်။

သို့သော် မြို့ကိုရောက်ရှိသောအခါ ယဲ့ရှောင်ရှောင်သည် သူ့ကို ဆက်လိုက်ခွင့်မပြုတော့ဘဲ ထိုနေရာမှာသာ စောင့်နေဖို့ မှာခဲ့သည်။

မူရင်းဝတ္ထုထဲတွင် ပိုင်ချွမ်ရွာမှ ယဲ့ရှောင်ရှောင် ပြန်ထွက်လာပြီးနောက် သွမ်လဲ့နှင့်အတူ ပေကျင်းမြို့သို့ပြန်သွားခဲ့သည်။

ဟောက်မိသားစုကလည်း သူမကို နွေးနွေးထွေးထွေးကြိုဆိုခဲ့ပြီး ဟောက်ယန်ယန်နှင့် တန်းတူဆက်ဆံပေးပါမည်ဟု ကတိပြုခဲ့ပါသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဟောက်ယန်ယန်မှာ ပိုပိုပြီးထူးချွန်လာခဲ့သည်။ တစ်ဖက်တွင် ယဲ့ရှောင်ရှောင်ကမူ အမှားတွေသာ ပိုပိုပြီးကျူးလွန်ခဲ့သဖြင့် မိသားစု၏အရေးပေးမှုက ပြောင်းလဲလာခဲ့ပါသည်။

မူရင်းခန္ဓာကိုယ်ပိုင်ရှင်ကို အားလုံးကျောခိုင်းသွားချိန်တွင် သူမဘေး၌ သွမ်လဲ့တစ်ယောက်တည်းသာ ကျန်ခဲ့သည်။

သို့သော် သွမ်လဲ့သည်လည်း ဇာတ်သိမ်းမလှပေ။ ဇာတ်လိုက်မင်းသားနှင့် မင်းသမီးတို့ကို တိုက်ခိုက်မိကာ ရာဇဝတ်မှုတစ်ခု ကျူးလွန်ပြီးနောက် တောထဲထွက်ပြေးခဲ့ရသည်။ ထိုအခါ တောထဲတွင် သားရဲတိရိစ္ဆာန်များ၏သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။

သူ့ကို ပြန်ရှာတွေ့သောအခါ အလောင်းမှာ တစ်စစီပင်ဖြစ်နေလေပြီ။

မည်သူမည်ဝါဖြစ်မှန်း သိလိုက်ရပြီးနောက် ယဲ့ရှောင်ရှောင် စိတ်တည်ငြိမ်သွားခဲ့ပါသည်။

“နင့်ကို မြို့ထဲမှာပဲစောင့်နေလို့ပြောထားတာ မဟုတ်ဘူးလား၊ ဘာလို့ လိုက်လာတာလဲ”

“ငါနင့်ကို စောင့်နေတာ ၄ ရက် ၅ ရက်လောက် ရှိပြီလေ၊ အဲ့ထက်သာ ထပ်ကြာရင်တော့ ရဲခေါ်ပြီး နင့်ကို အဲ့ဒီရွာထဲက ဆွဲထုတ်ပေးမလို့တောင် စဉ်းစားနေတာ!”

သွမ်လဲ့၏လေသံမှာ အတော်လေး စိတ်မရှည်ပုံရပါသည်။

ယဲ့ရှောင်ရှောင်: “ငါ ဘာမှမဖြစ်ဘူး”

သွမ်လဲ့: “အဲ့တာဆို ငါတို့ ဘယ်တော့ပြန်ကြမှာလဲ၊ ဒီနေရာကြီးမှာ နောက်တစ်ရက်တောင် မနေနိုင်တော့ဘူး၊ ငါ့တစ် သက်နဲ့တစ်ကိုယ် ဒီလောက်ဆင်းရဲတဲ့နေရာမျိုး တစ်ခါမှမမြင်ဖူးဘူး”

ယဲ့ရှောင်ရှောင် ရိုးရိုးသားသား ပြောလိုက်သည်။

“ငါတော့ ဒီနေရာက အဆင်ပြေတယ်လို့ထင်မိတယ်၊ ငါမပြန်တော့ဘူး”

“ဘာ! ဒီအမှိုက်ပုံကြီးက ဘာများ ကောင်းနေလို့လဲ! အထဲမှာလည်း အေးစက်နေတာပဲ၊ ပြီးတော့ တစ်ခုခု ဝယ်ချင်ရင် မိုင်ဆယ်ချီပြီး လမ်းလျှောက်နေရတယ်! ပြီးတော့ စားသောက် ဆိုင်တွေလည်းမရှိ၊ စတိုးဆိုင်တွေလည်းမရှိ၊ ဘာဆိုဘာမှကို မရှိဘူး!”

အအေးဒဏ်ကို အချိန်အတော်ကြာအောင် အံတုပြီး စောင့်ခဲ့ရသော်လည်း ယဲ့ရှောင်ရှောင်ထံမှ ဒီလိုအဖြေမျိုး ကြားရလိမ့်မည်ဟု သွမ်လဲ့ ထင်မထားခဲ့ပါ။

“စိတ်အေးအေးထားစမ်းပါ”

သွမ်လဲ့၏ပါးစပ်ကို ယဲ့ရှောင်ရှောင် အမြန်ပိတ်ပေးလိုက်ရသည်။ သူ့အသံကျယ်ကျယ်ကြောင့် အများကြားလျှင် ရန်ဖြစ်နေသည်ဟုပင် ထင်သွားကြလောက်သည်။

“ငါဘယ်လို စိတ်အေးအေးထားရမှာလဲ… လွှတ်စမ်းပါ… လခွီးပဲ!”

ယဲ့ရှောင်ရှောင်လက်မှ သွမ်လဲ့ ရုန်းထွက်ဖို့ ကြိုးစားနေစဉ် အနောက်မှ တစ်စုံတစ်ယောက်က သူ့ကို ဆွဲဆောင့်လိုက်လေသည်။

“ငါ့ညီမကို မင်းအနိုင်ကျင့်တယ်ပေါ့!”

သွမ်လဲ့၏မျက်နှာအား ယဲ့ချန်းယွမ် ဆွဲထိုးပစ်လိုက်သည်။

“ဘာလဲကွ… ဒီခွေးကောင်တော့!”

သွမ်လဲ့ကလည်း တိုက်ရည်ခိုက်ရည်ရှိသူဖြစ်၍ ချက်ချင်းပြန်တိုက်ခိုက်လေသည်။

သူတို့နှစ်ယောက်သား နေရာမှာပင် လုံးထွေးသတ်ပုတ်ကြတော့သည်။

“နင် ဘာဖြစ်သွားသေးလဲ”

ယဲ့ချန်းရှန့် အပြေးရောက်လာပြီး ယဲ့ရှောင်ရှောင်အား မေးလိုက်သည်။

သူနှင့် ယဲ့ချန်းယွမ်တို့ မှောင်ခိုဈေးမှ ပြန်လာစဉ် ယဲ့ရှောင်ရှောင်အား ဆွဲလားရမ်းလားလုပ်နေသည့် အကောင်တစ်ကောင်ကိုမြင်ကာ လူဆိုးတစ်ယောက်ဟု ထင်သွားခဲ့ကြပါသည်။

“တော်ကြပါတော့! သူက သမီးသူငယ်ချင်းပါ!”

ယဲ့ရှောင်ရှောင် ဆက်ရှင်းပြဖို့ပင် အချိန်မရှိတော့ဘဲ သူတို့နှစ်ယောက်ကို အမြန်သွားဆွဲခွာရတော့သည်။

သွမ်လဲ့ မျက်လုံးတစ်ဖက် ညိုမည်းသွားပြီး ယဲ့ချန်းယွမ်ကတော့ နှုတ်ခမ်းပေါက်သွားပါသည်။

နှစ်ယောက်စလုံး မောဟိုက်နေကြပြီး အရှုံးမပေးချင်သေးဘဲ ဆက်လက်တိုက်ခိုက်ချင်ကြသေးသည်။

“စတုတ္ထအစ်ကိုနဲ့ အစ်ကိုယွမ်တို့၊ ဒါသွမ်လဲ့လေ၊ ပေကျင်းက သမီးသူငယ်ချင်းတစ်ယောက်ပါ”

ယဲ့ချန်းယွမ် ဆွံ့အသွားခဲ့သည်။

ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့နှစ်ယောက် မြေပေါ်ပြုတ်ကျသွားသော ဆန်အိတ်များကို ပြန်သယ်ရင်း လေးယောက်အတူတူ အိမ်ပြန်လာခဲ့ကြတော့သည်။

အိမ်ထဲတွင် မှိန်ပျပျ မီးအိမ်အလင်းရောင်က သူတို့၏ ဒဏ်ရာဒဏ်ချက်များကို ဖုံးကွယ်ပေးထားပါသည်။

“မင်းတို့ဘာတွေလုပ်နေကြတာတုန်း၊ ညစာအဆင်သင့်ဖြစ်နေပြီ၊ မင်းတို့လုပ်ပုံနဲ့ ရှောင်ရှောင် ဗိုက်ဆာနေတော့မှာပဲ”

လူပိုတစ်ယောက်ပါလာသည်ကို မြောင်ဖုန့်ရှန်း သတိထားမိသော်လည်း သူတို့သူငယ်ချင်းဖြစ်မည်ဟု တွေးလျက် ဘာမှ မမေးခဲ့ပါ။

အိမ်ထဲသို့ ဝင်လာသောအခါ သွမ်လဲ့၏ မျက်နှာမှာ အထင်သေးစက်ဆုပ်မှုတို့ဖြင့် ရှုံ့တွသွားခဲ့ရသည်။

ပေကျင်းမြို့ကိုစွန့်ပယ်ပြီး ဤကဲ့သို့နေရာမျိုးကို ယဲ့ရှောင်ရှောင် ဘာကြောင့်ရွေးလိုက်ရမှန်း သူနားမလည်နိုင်ခဲ့ပါ။

“ဒီနေရာကြီးကိုကြည့်ပါဦး… လျှပ်စစ်မီးလည်းမရှိဘူး ဘာဆိုဘာမှမရှိဘူး”

ညစာများ ကူညီတည်ခင်းပေးနေသည့် ယဲ့ရှောင်ရှောင်က သွမ်လဲ့ကို လှမ်းငေါက်သည်။

“စားစရာရှိတာ စား၊ နောက်မှ စကားပြောမယ်!”

“ဒီမှာ စားရမယ်ဟုတ်လား၊ မှောင်လွန်းလို့ တူတောင် မမြင်ရဘူး!”

“အဲ့တာဆို ထွက်သွားလိုက်တော့”

သွမ်လဲ့: “…”

ယနေ့ညအတွက် ညစာသည် ယနေ့က ယုန်သားစွပ်ပြုတ်ထဲ အာလူးထည့်ချက်ထားခြင်းဖြစ်သည်။ အသားဖတ်များ မကျန်တော့သော်လည်း မွှေးတော့မွှေးပျံ့နေပါသေးသည်။

သွမ်လဲ့တစ်ယောက်တည်းသာ မကျေမနပ်ဖြစ်စွာ ပြောလိုက်သည်။

“ဒီဟာတွေ စားမယ့်အစား အငတ်ပဲခံလိုက်မယ်”

သူ့ကို ဘယ်သူမှ အဖတ်မလုပ်ခဲ့ကြပေ။ မြောင်ဖုန့်ရှန်းကလည်း နားလည်မှုဖြင့် ပြုံးသာပြုံးလိုက်ပါသည်။

အတန်ကြာသောအခါ သွမ်လဲ့လည်း မနေနိုင်တော့ဘဲ ပန်းကန်ကိုယူပြီး တစ်လုတ်လောက် မြည်းကြည့်လိုက်တော့သည်။

အင်း… အနံ့ကတော့ မွှေးသားပဲ

စားသောက်ပြီးနောက် အဘိုးဖြစ်သူတို့ စားပွဲရှင်းနေစဉ် ယဲ့ရှောင်ရှောင်သည် သွမ်လဲ့ကို အဝေးသို့ခေါ်ထုတ်လာပြီး စကားပြောခဲ့ပါသည်။

“ခုနက ငါပြောတာ စကားမပြတ်သေးဘူး၊ ငါပေကျင်းကို လုံးဝမပြန်တော့မှာ မဟုတ်ဘူး၊ နောက်နှစ်မှ ပြန်မယ်လို့ စဉ်းစားထားတာ”

“ဘာလို့တုန်း”

ယဲ့ရှောင်ရှောင် ပြတ်ပြတ်သားသားဆိုလိုက်သည်။

“ငါက ဟောက်မိသားစုရဲ့ သမီးအရင်းမဟုတ်ဘူး၊ တက္ကသိုလ်မတက်ရဘဲ ဒီတိုင်းပြန်သွားရင် ရှက်စရာအရမ်းကောင်းလိမ့်မမယ်၊ ငါ့ကို အထင်ဝိုင်သေးကြမှာစိုးလို့ နင်တို့အားလုံးကို ငါမျက်နှာချင်းဆိုင်ရဲမှာမဟုတ်ဘူး”

သွမ်လဲ့ မယုံကြည်နိုင်ဖြစ်သွားသည်။

“အဲ့လိုဖြစ်စရာလား! ငါတို့က နင့်မိသားစုကြောင့် သူငယ် ချင်းဖြစ်နေကြတာမဟုတ်ဘူးလေ၊ နင့်မိသားစုက ဘာပဲဖြစ်ဖြစ် ငါတို့က သူငယ်ချင်းတွေဆိုတာ ပြောင်းလဲမသွားဘူး!”

ယဲ့ရှောင်ရှောင် စိတ်ထဲမှ တွေးလိုက်သည်။

‘လူတိုင်းက နင့်လို ရိုးအနေတာ မဟုတ်ဘူး’

ထို့နောက် နာကျင်သွားသော မျက်နှာထားဖြင့် ယဲ့ရှောင်ရှောင် ပြောလိုက်ပါသည်။

“ဒါပေမယ့် ငါ့မိဘတွေကို သွားမတွေ့ရဲဘူး၊ ငါစာကြိုးစားပြီး ပေကျင်းက တက္ကသိုလ်ကောင်းကောင်းတစ်ခုကို တက်ခွင့်ရအောင်လုပ်ပြီးတော့မှ ငါ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ သူတို့ကို ကျေးဇူးပြန်ဆပ်ချင်တယ်”

အမှန်လည်း ယဲ့ရှောင်ရှောင် တက္ကသိုလ်တက်ဖို့ စိတ်ကူးရှိပါသည်။ သို့သော် ပေကျင်းမြို့တွင် တက်ဖို့တော့ စိတ်ကူးမရှိပေ။ ပြဿနာနှင့်အဝေးဆုံးတွင်သာ သူမ နေထိုင်ချင်သည်။

သို့သော် လောလောဆယ်တော့ သွမ်လဲ့ကို စိတ်အေးသွားအောင် ထိုသို့ ပြောလိုက်ရပါသည်။

သွမ်လဲ့နားလည်သွားသယောင်ယောင် ရှိသော်လည်း သေချာပြန်စဉ်းစားပြီးနောက် တစ်ခုခုလွဲနေသည်ဟု ခံစားလိုက်ရသည်။

“ဒီလိုနေရာမှာနေတဲ့ ဘယ်သူက တက္ကသိုလ်တက်နိုင်လို့လဲ၊ အချိန်ကလည်း ခြောက်လပဲကျန်တော့တယ်၊ ဆရာမရှိ ဘာမရှိနဲ့ နင်စာမေးပွဲအောင်နိုင်မှာ သေချာရဲ့လား”

ယဲ့ရှောင်ရှောင် မျက်ရည်များဝဲလျက် ဆိုလိုက်သည်။

“နင့်ကိုပဲ အားကိုးရတော့မှာပေါ့၊ ပေကျင်းကိုပြန်ပြီး စာကောင်းကောင်းကြိုးစား၊ ပြီးရင် ငါ့ဆီကို လေ့လာစရာစာတွေ ပုံမှန် ပို့ပေး၊ ဒါမှ ငါတို့နှစ်ယောက် တက္ကသိုလ်တစ်ခုတည်းမှာ ပြန်ဆုံနိုင်မှာပေါ့”

သွမ်လဲ့မှာ ရုတ်တရက် အလွန်အရေးပါသည့် တာဝန်ကြီးတစ်ခုကို ထမ်းဆောင်လိုက်ရသလို ခံစားလိုက်ရတော့သည်။

“ကိစ္စမရှိဘူး၊ ငါ ကျိန်းသေပေါက် ကူညီပေးမယ်!”

သူကိုယ်တိုင်ကလည်း ထူးချွန်သည့် ကျောင်းသားတစ်ယောက်မဟုတ်မှန်း သွမ်လဲ့ မေ့လျော့သွားခဲ့သည်။

ယဲ့ရှောင်ရှောင် အလွန်ဝမ်းသာသွားသည့်ပုံစံနှင့် အခွင့်အရေးကို အရယူကာ သေချာမှာကြားလိုက်ရသည်။

“ပေကျင်းကို ပြန်ရောက်ရင် စာကြိုးစားနော်၊ ရန်လည်းမဖြစ်နဲ့၊ ပြီးတော့ ဟောက်ယန်ယန်ကိုလည်း ပြဿနာ သွားမရှာနဲ့”

ကံဆိုးလှသည့် ဤကောင်လေးမှာ ဇာတ်လိုက်မင်းသမီးကို ရန်သွားစရာမှ လမ်းလွဲသွားခဲ့ခြင်းဖြစ်၍ သူ့ကို လမ်းမှန်ပြန်ရောက်အောင် ယဲ့ရှောင်ရှောင် ကူညီပေးရပါမည်။

“နင်ကိုယ်တိုင် ပြောနေတာဆိုတော့လည်း ငါသူ့ကို လွှတ်ပေးလိုက်ပါ့မယ်”

မူလက ပေကျင်းမြို့သို့ ပြန်ရောက်လျှင် ရှောင်ရှောင်၏ မိဘများကိုလုယူသွားခဲ့သော ဟောက်ယန်ယန်အား ပညာကောင်း ကောင်းပေးဖို့ သွမ်လဲ့ စိတ်ကူးထားပါသည်။

သို့သော် ယခုတော့ ထိုအတွေးများကို ဖျောက်ပစ်လိုက်ရလေပြီ။

သူ့ခေါင်းထဲတွင် မည်သည့်ဆရာထံမှ စာများ သွားတောင်းရမည်ဆိုသည်ကိုသာ စဉ်းစားနေခဲ့ပါသည်။ သူစာညံ့ကြောင်းကို ရှောင်ရှောင်သိသွားလျှင် သူ့ကို စိတ်ပျက်သွားလောက်သည်။ ရှောင်ရှောင့်ကို စိတ်ပျက်သွားခွင့် မပြုနိုင်ပါ။

သွမ်လဲ့သည် အဘိုးမြောင်၏အိမ်တွင် တစ်ညအိပ်ခဲ့ပြီး နောက်တစ်နေ့မနက်စောစော ယဲ့ရှောင်ရှောင်ကို နှုတ်ဆက်ခဲ့ပါသည်။

“ရှောင်ရှောင် ငါ ပေကျင်းကို အမြန်ပြန်ရတော့မယ်၊ ပြန်ရောက်တာနဲ့ ငါစာတွေ ပို့ပေးလိုက်မယ်၊ ငါ့အိမ်ဖုန်းနံပါတ်ကို မှတ်ထားလိုက်၊ ပြဿနာတစ်ခုခုရှိရင် ဖုန်းသာဆက်လိုက်”

“မသွားခင် မနက်စာ စားသွားပါဦးလား”

“မစားတော့ပါဘူး၊ ကောင်တီမြို့ကို သွားတဲ့ဘတ်စ်ကားက တစ်စီးပဲရှိတာ၊ အဲ့တာလွတ်သွားရင် ပြန်ဖို့ ခက်လိမ့်မယ်”

ယဲ့ရှောင်ရှောင်: “ဟုတ်ပါပြီ၊ မျက်နှာကို ဆေးလေးဘာလေး လိမ်းဖို့ မမေ့နဲ့ဦး”

သွမ်လဲ့၏ မျက်နှာပေါ်မှ လက်သီးဒဏ်ရာများက ညတွင်းချင်း ပိုဆိုးလာပါသည်။

တစ်ချိန်က ရုပ်ရည်ပြေပြစ်သည့် သူ့မျက်နှာမှာ ယခုတော့ ရယ်ချင်စရာ ကောင်းလှသည်။

“ဘာမှမဖြစ်… အောင်မယ်လေး…”

သူ့မျက်နှာသူ ကိုင်ပြဖို့ ကြိုးစားသော်လည်း ထိတွေ့လိုက်သည်နှင့် စူးစူးရှရှ နာကျင်သွားပါသည်။

‘ဟိုကောင်တော်တော် လက်သံပြောင်တာပဲ… ရှောင်ရှောင်ရဲ့အစ်ကို ဖြစ်နေလို့ပေါ့ကွာ…’

ယဲ့ရှောင်ရှောင်၏ စိုးရိမ်ပူပန်နေသော အကြည့်ကိုမြင်ပြီး ဒဏ်ရာများ သက်သာသွားသလို သွမ်လဲ့ ခံစားလိုက်ရသည်။

ထို့နောက် သူ့အိတ်ကပ်ထဲမှ ငွေတချို့ထုတ်ကာ ယဲ့ရှောင်ရှောင်အား ပေးလိုက်သည်။

“ပိုက်ဆံနည်းနည်းယူထားလိုက်၊ အများကြီးတော့ မဟုတ်ပါဘူး၊ ငါ ပေကျင်းရောက်တာနဲ့ ထပ်ပို့ပေးလိုက်မယ်”

“မလိုချင်ဘူး”

“ဘာတွေ အားနာနေတာလဲ၊ ငါတို့ငယ်ငယ်လေးကတည်းက ခင်လာကြတာ မဟုတ်ဘူးလား၊ နင်ဒီမှာ ငတ်နေမှာကို ငါမကြည့်ရက်ဘူး”

နောက်တစ်ခွန်းမဆိုတော့ဘဲ ယဲ့ရှောင်ရှောင်လက်ထဲ ငွေများကို အတင်းထိုးထည့်ပေးလိုက်ပြီး သွမ်လဲ့ ထွက်ပြေးသွားတော့သည်။

“အေးပါ အေးပါ ငါ ယူထားလိုက်ပါ့မယ်၊ လမ်းမှာဂရုစိုက်ဦးနော်”

သူ့ကို တံခါးဝထိရောက်အောင် ယဲ့ရှောင်ရှောင် လိုက်ပို့ပေးလိုက်သည်။ လမ်းကြားလေးထဲ သွမ်လဲ့ ပျောက်ကွယ်သွားသည့်အခါမှ အိမ်ထဲ ပြန်ဝင်လာခဲ့ပါသည်။

ယခု သွမ်လဲ့တစ်ယောက် ပေကျင်းသို့ ပြန်သွားပြီဖြစ်ကာ ယဲ့ချန်းရှန့်လည်း ကျန်းမာရေးကောင်းမွန်နေပြီဖြစ်၍ ငွေရှာဖို့ နည်းလမ်းတစ်ခုခု စဉ်းစားရပါတော့မည်။

📗 Chapter 8

သွမ်လဲ့ပေးခဲ့သည့် ပိုက်ဆံက စုစုပေါင်း ၁၅၆ ယွမ် ရှိသည်။

သွမ်လဲ့သည် အိမ်တွင် မုန့်ဖိုးပုံမှန်ရတတ်သော်လည်း မစုဆောင်းတတ်ပေ။ ဤခရီးကို သူတို့နှစ်ယောက် ရုတ်တရက် ဆုံးဖြတ်ပြီး ထွက်လာခဲ့ကြခြင်းဖြစ်၍ ငွေများများစားစား ယူမလာခဲ့ကြပါ။

ခရီးသွားစရိတ်များကို ဖယ်ထုတ်ပြီးနောက် သူ့မှာကျန်သမျှကို အကုန်ပေးခဲ့ခြင်းပင်။

ယဲ့ရှောင်ရှောင်သည် သူမတွင် ကျန်ရှိနေသေးသည့် ငွေများနှင့် ပေါင်းကြည့်လိုက်သောအခါ စုစုပေါင်း ၃၅၄ ယွမ် ပိုင်ဆိုင်သွားပါပြီ။

ထိုငွေက သူမ၏ အရင်းအနှီးငွေဖြစ်၍ အကျိုးရှိအောင် အသုံးချရပါတော့မည်။

“နင်ဘယ်သွားမလို့လဲ၊ ဒီနေ့ ငါတို့ရွာကို ပြန်ရမှာနော်”

ဝယ်စရာရှိသည်များကို ဝယ်ပြီးပြီဖြစ်ကာ ရွာသို့ အမြန်ဆုံးပြန်သင့်ပြီဟု ယဲ့ချန်းရှန့် တွေးထားခဲ့သည်။

ထို့အပြင် ယဲ့ရှောင်ရှောင်၏ ဂွမ်းဖိနပ်၊ ဂွမ်းခံအနွေးထည်နှင့် ဂွမ်းခံဘောင်းဘီတို့ကို အလျှင်အမြန် ပြုလုပ်ဖို့လိုအပ်နေပါပြီ။ ထိုအခါမှသာ ရာသီဥတုဒဏ်ပြင်းထန်လာခဲ့လျှင် ယဲ့ရှောင်ရှောင် ဒုက္ခမရောက်မည်ဖြစ်သည်။

သို့သော် ယဲ့ရှောင်ရှောင်က လက်ခါပြကာ ဆိုသည်။

“ရွာပြန်ဖို့က ခဏစောင့်လို့ရတယ်၊ အခုအရေးတကြီးလုပ်စရာတစ်ခု ရှိလို့”

“နင်က ဘယ်လိုအရေးတကြီးလုပ်စရာတွေ ရှိနေလို့လဲ”

ယဲ့ချန်းရှန့်က မယုံသင်္ကာနှင့် မေးသည်။

“ဈေးကွက်အကြောင်း လေ့လာမလို့လေ”

နွေဦးပွဲတော်သို့ ရောက်ရှိဖို့ နှစ်လပင် မလိုတော့ပေ။ စာသင်နှစ်ဝက်ပြန်စဖို့လည်း ၂ လခွဲခန့်သာ ကျန်ပါတော့သည်။

ကျန်ရှိနေသေးသည့် အားလပ်ချိန်အတွင်း တစ်နေ့တာအသုံးစရိတ်များနှင့် ယဲ့မိသားစုကလေးများ၏ ကျောင်းစရိတ်များအတွက် လုံလောက်အောင် ရှာဖွေပေးဖို့ ယဲ့ရှောင်ရှောင် ရည်ရွယ်ထားပါသည်။

ထို့အပြင် ဟောက်ယန်ယန် ယူဆောင်သွားသည့် ငွေပမာဏကို ပြန်လည် ရရှိဖို့လည်း မျှော်လင့်ထားသည်။

ထိုအခါ အစ်ကိုအကြီးဆုံးလည်း မိသားစုအတွက်နှင့် လုံခြုံရေးညံ့ဖျင်းသည့် မိုင်တွင်းထဲတွင် အသက်နှင့်ရင်းပြီး အလုပ်လုပ်စရာ လိုမှာ မဟုတ်တော့ပေ။ မတော်တဆမှုဖြစ်ပြီး အသက်ဆုံးရှုံးစရာအကြောင်းလည်း မရှိတော့ပါ။။

မူရင်းဝတ္ထုထဲတွင် ထိုအချိန်၌ ယဲ့ကျန်းကော်သည် တောင်ပေါ်မှပြုတ်ကျကာ သေဆုံးသွားပြီဖြစ်ပြီး ယဲ့ချန်းရှန့်သည်လည်း လေဖြတ်ကာ အိပ်ရာထဲ လဲနေခဲ့ပါပြီ။ သို့သော် ပြန်လည်ကောင်းမွန်လာဖို့ အခွင့်အရေး ရှိသေးသည်။

မိသားစု၏ စရိတ်စကများကို ပခုံးထမ်းတင်ထားရသည့် ယဲ့ချန်းချင့်မှာ ဘေးကင်းလုံခြုံမှုမရှိမှန်းသိသော်ငြား ငွေရှာဖို့အတွက် မိုင်းတွင်းသို့ သွားရောက်အလုပ်လုပ်ခဲ့ရပါသည်။

သို့သော် ကံတရားက သူ့ဘက်တွင် ရှိမနေခဲ့ဘဲ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားခဲ့ရသည်။

ယဲ့ချန်းချင့် သေဆုံးသွားပြီးနောက် သူမ၏ ယောက်မဖြစ်သူ ကျန်းရွှယ်မှာ စိတ်ဓာတ်ပြိုလဲသွားပြီး နေ့စဉ်နေ့တိုင်း ငိုကြွေးနေခဲ့ရသည်။

ကုမ္ပဏီက လျော်ကြေးပေးဖို့ ငြင်းဆန်ခဲ့ပြီး အလုပ်သမားများ၏ လုံခြုံရေးစည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုကြောင့်သာ မတော်တဆမှုဖြစ်ခဲ့ရသည်ဟု အပြစ်ပုံချခဲ့ပါသည်။

ဦးလေးမိသားစုက တရားစွဲဖို့ ကူညီပေးခဲ့သော်လည်း မြောင်စွေ့ဖန်းမှာ ဝမ်းနည်းပူဆွေးမှုနှင့်၊ ပင်ပန်းနွမ်းနယ်မှုများကြောင့် အိပ်ရာထဲ ဗုံးဗုံးလဲသွားခဲ့ရတော့သည်။

မိသားစုတစ်စုလုံး ဒုက္ခရောက်နေစဉ် ကလေးနှစ်ယောက်ဖြစ်သည့် ယဲ့ပေါင်ချန့်နှင့် ယဲ့ပေါင်ယွမ်တို့သည်လည်း အိမ်ရှေ့တွင် ကစားနေကြစဉ် လူကုန်ကူးသမားများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး မည်သည့်အခါမှ ပြန်မတွေ့ခဲ့ရတော့ပေ။

အလွန် ဆိုးရွားပြီး ကြေကွဲစရာကောင်းသည့် ကံကြမ္မာတစ်ခုပင်။

မူရင်းဝတ္ထုတွင် ဤမိသားစုလေးမှာ အရေးမပါလှဘဲ သူတို့၏ ဇာတ်လမ်းကို စာကြောင်းအနည်းငယ်ဖြင့်သာ အကျဉ်းချုပ်ဖော်ပြထားပါသည်။

သို့သော် ယခုတော့ ယဲ့ရှောင်ရှောင်မှာ ယဲ့မိသားစုကို ထိုဇာတ်လမ်းအတိုင်း ဇာတ်သိမ်းသွားခွင့် မပေးနိုင်တော့ပါ။ ယဲ့မိသားစု၏ ကံကြမ္မာအား ကျိန်းသေပေါက် ပြောင်းလဲပေးဖို့ သူမ စိတ်ပိုင်းဖြတ်ထားပါသည်။

ယဲ့ချန်းရှန့်၏ ဆန့်ကျင်မှုကို လျစ်လျူရှုလိုက်ပြီး သူ့ကိုကော ယဲ့ချန်းယွမ်ကိုပါ ယဲ့ရှောင်ရှောင် အပြင်ခေါ်ထုတ်လာခဲ့သည်။

ယဲ့ရှောင်ရှောင်: “ဒီမှာ လူအစည်ကားဆုံးနေရာက ဘယ်နေရာလဲ”

ယဲ့ချန်းယွမ်: “ဒီမှာဆိုရင်တော့ ဈေးကြီးပဲရှိမှာပေါ့၊ ဒါပေမယ့် သောကြာနေ့အထိ စောင့်ရမယ်၊ ဒီနေ့တော့ အဲ့မှာ ဘာမှမရှိဘူး”

အစိုးရကိုယ်တိုင် အားပေးထားသည့် ထိုဈေးကြီးမှာ စည်းစနစ်ရှိသည့် ပွဲတော်တစ်ခုလိုပင်ဖြစ်သည်။ ကျေးလက်ဒေသများတွင် ကုန်ရောင်းဝယ်ခြင်းဖြင့် ငွေရှာလိုသည့် သာမန်ရွာသားများက ထိုနေရာသို့သာ လာရောက်လေ့ရှိပါသည်။

ယဲ့ရှောင်ရှောင်: “အဲ့ဒီဈေးမှာ ဘာတွေရောင်းကြတာလဲ”

ယဲ့ချန်းယွမ်: “အစုံအလင်ပဲ၊ ဈေးတွေကလည်း သမဝါယမအရောင်းဆိုင်တွေထက် ပိုသက်သာတယ်”

ယဲ့ရှောင်ရှောင် ဝမ်းသာလုံးဆို့သွားသည်။

“အဲ့တာဆို သမီးတို့ကော အဲ့ဒီမှာ ရောင်းလို့ရလား”

ယဲ့ချန်းယွမ်: “ငါတို့မှာ ဘာရောင်းစရာရှိလို့လဲ…”

ယဲ့ရှောင်ရှောင် ဆွံ့အသွားလေသည်။

ယခင်ဘဝက မြို့ပေါ်တွင်သာနေထိုင်ခဲ့သည့် ဆေးကျောင်းသူလေးတစ်ယောက် ဖြစ်သည့်အလျောက် စီးပွာရေးအကြောင်းကို ယဲ့ရှောင်ရှောင် သိပ်နားမလည်ပါ။

ယဲ့ချန်းရှန့်ကမူ သူမ၏ အကြံကို ရိပ်မိသွားပုံရသည်။

“ငါတို့အိမ်မှာရှိတဲ့ ပစ္စည်းတွေက ဘာမှထူးထူးခြားခြား မဟုတ်ဘူးလေ၊ တခြားအိမ်တွေမှာလည်းရှိနေတာပဲ၊ ငါတို့ဆီကမှ ဘာလို့ တကူးတက လာဝယ်ရမှာလဲ”

ယဲ့ရှောင်ရှောင်: “… အဲ့တာတော့ ဟုတ်ပါတယ်”

မောင်နှမသုံးယောက်သား ဘယ်သွားရမှန်းမသိဘဲ ကြောင်အမ်းအမ်း ရပ်နေကြစဉ် လမ်းကြောင်းတစ်ခုတည်းကို ဦးတည်နေကြသည့် လူအုပ်ကြီးအား သတိပြုမိသွားခဲ့ပါသည်။

အသက်ကြီးရင့်ဆိုအချို့ဆိုလျှင် ခုံပုကလေးများကိုပါ ယူဆောင်သွားကြလေသည်။

ယဲ့ချန်းယွမ်: “ဟ… ဒီ‌နေ့ ရုပ်ရှင်ပြမှာလား၊ အားလုံးက နေရာဦးဖို့သွားနေကြတာ”

ယဉ်ကျေးမှုနှင့်အနုပညာဌာနရှိ ရုပ်ရှင်ပြစက်သမားများသည် မြို့နယ်ကျေးရွာများကို ပုံမှန်လှည့်လည်ပြီး တစ်လလျှင် တစ်ကြိမ်နှစ်ကြိမ်ခန့် ရုပ်ရှင်ပြလေ့ရှိပါသည်။

စိတ်အပန်းဖြေစရာနည်းလမ်းများ သိပ်မရှိသည့် လူတွေအတွက်တော့ ဤသည်မှာ တစ်လတာ၏ အကြီးကျယ်ဆုံး ပွဲတော်တစ်ခုလိုပင် ဖြစ်သည်။

ယဲ့ရှောင်ရှောင် မျက်လုံးများ ဝင်းလက်သွားခဲ့ရသည်။

ရုပ်ရှင်တဲ့!

ရုပ်ရှင်ရုံတွင် ဘာရောင်းသင့်သလဲ သူမ ကောင်းကောင်းသိပါသည်။

ထို့ကြောင့် အစ်ကိုဖြစ်သူတို့ကို ပြောလိုက်သည်။

“သမီးတို့ နေကြာစေ့ ရောင်းကြမလား”

သူမ၏ အကြံက မဖြစ်နိုင်ဟု ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့ တွေးလိုက်မိကြသည်။ ရွာတွင်ပင် လူတိုင်းက နေကြာပင်စိုက်ကြသဖြင့် အိမ်တိုင်းတွင် နေကြာစေ့များ အိတ်လိုက် ရှိနေတတ်ပါသည်။

မည်သူက သူများထံမှ ပိုက်ဆံပေးပြီး ဝယ်စားမည်နည်း။

ယဲ့ရှောင်ရှောင်: “နေကြာစေ့တစ်ခုတည်း ရောင်းမှာမဟုတ်ဘူး၊ ဒီနားမှာ ပြောင်းဖူးပေါက်ပေါက်ရောင်းတဲ့လူ ရှိလား၊ နေကြာစေ့နဲ့ ပြောင်းဖူးပေါက်ပေါက်ကို နှစ်ခုတွဲပြီး ရောင်းလို့ရတယ်”

“အဘိုးတို့နေတဲ့ လမ်းကြားမှာ ပြောင်းဖူးပေါက်ပေါက် ဖောက်တတ်တဲ့ လူတစ်ယောက်ရှိတယ်၊ ပြောင်းဖူးနဲ့ သကြား ယူသွားမယ်ဆိုရင် တစ်ခါဖောက် ၁၀ ပြားပဲ”

ယဲ့ချန်းယွမ်က ထိုပေါက်ပေါက်ဖောက်သူနှင့် ရင်းနှီးပါသည်။

“အဲ့တာဆို သွားကြစို့၊ ယူစရာရှိတာ အရင်သွားယူကြမယ်”

ယဲ့ရှောင်ရှောင်သည် ရုတ်တရက်ဆိုသလို ယုံကြည်ချက်များ ပြည့်ဝသွားခဲ့သည်။

မောင်နှမသုံးယောက် သမဝါယမအရောင်းဆိုင်သို့ ပြန်လာခဲ့ကြပါသည်။ ထို့နောက် လိုအပ်သည့်အရာမှန်သမျှကို ဝယ်ယူဖို့ ယဲ့ရှောင်ရှောင် ပြင်လိုက်သည်။

ငွေကို ရေလိုဖြုန်းတော့မည့် ယဲ့ရှောင်ရှောင်အား ယဲ့ချန်းရှန့် အမြန်တားလိုက်လေသည်။

“အဘိုးအိမ်မှာ နေကြာစေ့နဲ့ ပြောင်းဖူးရှိပြီးသားပဲ၊ သကြားဝယ်ဖို့ပဲလိုတာ၊ ဒီတိုင်း အစမ်းသဘောရောင်းကြည့်မှာမလား၊ မရောင်းရလည်း အရှုံးသိပ်မရှိတော့ဘူးပေါ့”

“ဟုတ်ပြီ”

စာတော်သည့်လူတွေက အရာရာတွင် ပါးနပ်ပြီး အချိတ်အဆက်မိစွာ စဉ်းစားတတ်သည်ဟု ယဲ့ရှောင်ရှောင် တွေးလိုက်မိပါသည်။

သကြားဝယ်ယူပြီးနောက် မောင်နှမသုံးယောက် တာဝန်ကိုယ်စီယူကာ ပြင်ဆင်ကြတော့သည်။

ယဲ့ရှောင်ရှောင်က အဘိုးမြောင်ကို အိမ်တွင် နေကြာစေ့လှော်ပေးဖို့ ပူဆာခဲ့ပြီး ယဲ့ချန်းယွမ်နှင့် ယဲ့ချန်းရှန့်တို့ကတော့ ပြောင်းဖူးနှင့် သကြားတို့ကို ယူဆောင်ကာ ပြောင်းဖူးပေါက်ပေါက်ဖောက်သူထံ သွားရောက်ခဲ့ကြပါသည်။

ဤကလေးတစ်သိုက် ဘာတွေကြံနေသလဲ မြောင်ဖုန့်ရှန်း မသိသော်လည်း မြေးများကို ချစ်မြတ်နိုးသဖြင့် ခိုင်းသည့်အတိုင်း လုပ်ပေးခဲ့လေသည်။

အိမ်တွင် သိုလှောင်ထားသည့် နေကြာစေ့နှစ်အိတ်ကို မြောင်ဖုန့်ရှန်း ထုတ်လိုက်ပါသည်။

ယဲ့ရှောင်ရှောင်သည် ဘေးမှ မီးကူထိုးပေးခဲ့ပြီး မြောင်ဖုန့်ရှန်းကမူ ဒယ်အိုးထဲက နေကြာစေ့များကို ယောင်းမနှင့် အားသွန်ခွန်စိုက် မွှေပေးနေပါသည်။

နေကြာစေ့လှော်ခြင်းသည်လည်း အတတ်ပညာတစ်ခုပင်။ အပူချိန်မှန်ကန်ဖို့ လိုအပ်ပါသည်။

အပူနည်းလွန်းလျှင် မမွှေးသလို အပူများလွန်းလျှင်လည်း တူးချိတ်သွားတတ်သည်။

မြောင်ဖုန့်ရှန်းကတော့ အပူချိန်ကို တိတိကျကျ သတ်မှတ်ကာ လှော်ပေးနိုင်ခဲ့ပါသည်။

ထို့နောက် ယဲ့ရှောင်ရှောင်သည် လှော်ထားသည့် နေကြာစေ့များကို အိတ်တွေထဲ ခွဲထည့်ခဲ့သည်။

မြေးအဘိုးနှစ်ယောက် ပင်ပင်ပန်းပန်း အလုပ်လုပ်နေရသဖြင့် ချွေးတွေစိုရွှဲနေကြပါပြီ။

“အဘိုး အိမ်မှာ အသုံးမလိုတဲ့ သတင်းစာစက္ကူဟောင်းတွေဘာတွေရှိလား”

ဝယ်သူများအတွက် အဆင်ပြေစေရန် ပစ္စည်းများကို ထုပ်ပိုးပေးဖို့ ယဲ့ရှောင်ရှောင် စိတ်ကူးထားပါသည်။

“အများကြီး ရှိတာပေါ့”

မြောင်ဖုန့်ရှန်းသည် မြို့အတွက် စာရေးစာချီလုပ်ငန်းများကို မကြာခဏ ကူညီပေးလေ့ရှိပြီး ယခင်နှစ်များက သတင်းစာဟောင်းများကို အိမ်ပြန်ယူလာလေ့ရှိပါသည်။

သတင်းစာထဲတွင် အရေးကြီးပုဂ္ဂိုလ်များ၏ အမည်များ ပါဝင်နေသဖြင့် မလွှင့်ပစ်ရဲခဲ့ဘဲ လက်ရေးအလှ လေ့ကျင့်ဖို့သာ သိမ်းဆည်းထားခဲ့သည်။

ယခုလို အသုံးဝင်လာတော့လည်း အမှန်တကယ် အဆင်ပြေသွားခဲ့ပါသည်။

ယဲ့ရှောင်ရှောင်ကဆိုသည်။

“ကျေးဇူးတင်ပါတယ် အဘိုး”

မြောင်ဖုန့်ရှန်းက မေးလိုက်သည်။

“အဘိုးဘာကူညီပေးရဦးမလဲ ရှောင်ရှောင်”

“မလိုတော့ဘူး အဘိုး၊ အဘိုးက ဒီနေ့ည ရုပ်ရှင်ပဲ အေးအေးလူလူကြည့်ပါ၊ အစ်ကိုနှစ်ယောက်က သမီးကို ကူညီပေးလိမ့်မယ်”

မှောင်ရီပျိုးလာသည်နှင့် မောင်နှမသုံးယောက်သား နေကြာစေ့ထုပ်များနှင့် ပြောင်းဖူးပေါက်ပေါက်နှစ်အိတ်ကို သယ်ပြီး ထွက်လာခဲ့ကြပါသည်။

ယဲ့ချန်းယွမ် အလွန်စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“ရှောင်ရှောင် ငါတို့ ချိန်ခွင်တွေ ဘာတွေတောင် ယူမလာမိဘူးနော်”

“ရတယ် မလိုဘူး၊ သမီးမှာ ကြွေခွက်နှစ်ခွက်ပါလာတယ်၊ နေကြာစေ့တစ်ခွက်နဲ့ ပြောင်းဖူးပေါက်ပေါက်တစ်ခွက်ကို ၁၀ ပြားပဲ၊ အဲ့လိုတွက်ချက်တာ ပိုလွယ်ပြီး ပိုမြန်တယ်”

ကြွေခွက်များက သေးငယ်သော်လည်း ပြောင်းဖူးပေါက်ပေါက်ထက် နေကြာစေ့က ပိုဆံ့သဖြင့် ဤသို့ အတွဲလိုက်ရောင်းခြင်းမှာ အမှန်တကယ် တွက်ခြေကိုက်ပါသည်။

ထို့အပြင် ၁၀ ပြားဟူသည်မှာလည်း လူတိုင်းအတွက် ချိုသာသည့် ဈေးနှုန်းဖြစ်၍ သုံးလိုက်ရသည်ကို နှမြောမိကြမည် မထင်ပါ။

ယဲ့ချန်းယွမ်က ဆိုသည်။

“ဈေးပေါပေမယ့် ဝယ်တဲ့သူရှိပါ့မလားမသိဘူးနော်”

ယဲ့ချန်းရှန့်လည်း ယုံကြည်ချက် သိပ်မရှိပါ။

သူတို့ ဘယ်လောက်ပဲ ပါးနပ်နေကြပါစေ တောင်ပေါ်ရွာလေးတစ်ရွာတွင် နေထိုင်ကြသည့် ကောင်ကလေးများဖြစ်နေကြဆဲပင်။ တစ်ခါတစ်ရံတွင် လူတစ်ဦးကို ပိတ်လှောင်ထားသည်မှာ တည်နေရာမဟုတ်ဘဲ ကိုယ်ပိုင်အတွေးအခေါ်သာ ဖြစ်နေတတ်ပါသည်။

ရုပ်ရှင်ပြမည့် ကွင်းပြင်ထဲတွင် လူများ ပြည့်နှက်နေကြပြီး ရုပ်ရှင်ပြစက်ကိုလည်း အသင့်ပြင်ဆင်ထားပြီးပါပြီ။

ကလေးများက ပြေးလွှားကစားနေကြသလို လူပျို အပျိုများကလည်း အတူတူ လမ်းလျှောက်နေကြသည်။

ကွင်းပြင်ဘေးတွင် ရပ်နေကြသည့် မောင်နှမသုံးယောက်ကို ဖြတ်သွားဖြတ်လာများက သတိမပြုမိခဲ့ကြပေ။

သူတို့၏ အရောင်းဆိုင်လေးမှာ တိတ်ဆိတ်ပြီး လူသူကင်းမဲ့နေလေတော့သည်။

All Chapters