← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

📗 Chapter 9

“ဘာဆက်လုပ်ကြမလဲ”

ယဲ့ချန်းယွမ် စိတ်ဖိစီးစွာဖြင့် ဟိုကြည့်ဒီကြည့် ကြည့်နေမိသည်။

“ဈေးကို ‌အော်ရောင်းပေးရမှာပေါ့၊ မဟုတ်ရင် သမီးတို့ ဘာလုပ်နေတာလဲဆိုတာ သူများတွေ ဘယ်လိုသိမှာလဲ”

ယဲ့ရှောင်ရှောင်သည် ယခင်က ဒါမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးသော်လည်း ငွေတစ်ပြားက သူရဲကောင်းတစ်ယောက်ကိုပင် ဒူးထောက်သွားစေနိုင်ပါသည်။

ပိုက်ဆံရှာဖို့အတွက် သူမ ရှက်ကြောက်နေ၍ မဖြစ်ပေ။

“ဒီမှာ…”

ယဲ့ရှောင်ရှောင် အသက်ဝဝ ရှူလိုက်ပြီး သံကော်ဟစ်အော်လေတော့သည်။

“… နေကြာစေ့နဲ့ ပြောင်းဖူးပေါက်ပေါက် ရောင်းတယ်နော်! ရုပ်ရှင်ကြည့်ရင်း စားဖို့ အကောင်းဆုံးပဲနော်!!”

ပတ်ဝန်းကျင်မှာ မှောင်မိုက်နေသဖြင့် အော်ပြောမှသာ သူများတွေ သတိပြုမိပါလိမ့်မည်။

ယဲ့ရှောင်ရှောင်၏ အော်သံက အမှန်တကယ် အလုပ်ဖြစ်ခဲ့ပါသည်။

မကြာမီ လူငယ်စုံတွဲတစ်တွဲရောက်လာပြီး ကောင်လေးက ဘာတွေရောင်းချနေသလဲ မေးခဲ့သည်။

“နေကြာစေ့လှော်နဲ့ ပြောင်းဖူးပေါက်ပေါက်ရောင်းပါတယ်၊ မြို့သားတွေ ရုပ်ရှင်ကြည့်ရင်း စားတတ်ကြတဲ့ သရေစာတွေလေ”

ယဲ့ရှောင်ရှောင်က အထုပ်များကို ဖြည်ကာ ပြသလိုက်သည်။

ကောင်မလေးက ဝင်ထောက်ခံသည်။

“ဟုတ်တယ် ပြီးခဲ့တဲ့အပတ် ကျွန်မ မြို့ထဲသွားတုန်းက ရုပ်ရှင်ရုံမှာ အဲ့တာတွေ ရောင်းနေတာ မြင်ခဲ့တယ်”

ကောင်လေးကမေးသည်။

“ဘယ်လောက်လဲ”

“တစ်ပွဲကို ၁၀ ပြားပါ ချိန်ခွင်မသုံးဘူးနော်၊ ကြွေခွက်နဲ့ အပြည့်တစ်ခွက်ထည့်ပေးမှာ!”

ယဲ့ရှောင်ရှောင် အသံချိုချိုလေးနှင့် ရှင်းပြလိုက်သည်။

ပမာဏက သိပ်အများကြီး မဟုတ်သော်လည်း ဈေးအလွန်ချိုပါသည်။

ကောင်လေးက တွန့်ဆုတ်မနေတော့ဘဲ ဝယ်ယူဖို့ ဆုံးဖြတ်လိုက်တော့သည်။

“နှစ်ပွဲလောက်ယူမယ်”

“ဟုတ်ပါပြီ”

ယဲ့ရှောင်ရှောင်သည် ကြွေခွက်များကို ယူလျက် နေကြာစေ့၊ ပြောင်းဖူးပေါက်ပေါက်တို့ဖြင့် အပြည့်ဖြည့်ရင်း မေးလိုက်သည်။

“ကိုင်ရပြုရအဆင်ပြေအောင် သတင်းစာစက္ကူဘူးလေးနဲ့ ထည့်ပေးလိုက်ရမလား”

ဤကဲ့သို့ သေးငယ်သည့်နေရာမျိုးတွင် ဤမျှလောက် ကောင်းမွန်သည့် ဝန်ဆောင်မှုမျိုးကို တွေ့ရနိုင်မည် မထင်ပါ။

ကောင်မလေးကလည်း ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်လိုက်သည်။

“အဲ့လိုဆို ပိုအဆင်ပြေတာပေါ့”

ယဲ့ရှောင်ရှောင်သည် သတင်းစာစက္ကူများကို အသုံးပြုလျက် ဘူးလေးတစ်ဘူးဖြစ်အောင် ခေါက်လိုက်ပြီး နေကြာစေ့နှင့် ပြောင်းဖူးပေါက်ပေါက်များကို ထုပ်ပိုးပေးလိုက်ပါသည်။

ထိုအခါ စုံတွဲက ပြား ၂၀ ပေးခဲ့သည်။

ယဲ့ချန်းယွမ်မှာ မျက်လုံးများ ပြူးကျယ်သွားရသည်။

“ရှောင်ရှောင်၊ တကယ်ကြီး လာဝယ်သွားကြတာပဲ!”

ယဲ့ရှောင်ရှောင်က ငွေများကို သိမ်းဆည်းရင်း ဆိုသည်။

“ဒါပေါ့၊ စောင့်ကြည့်နေလိုက်စမ်းပါ၊ အခုမှ အစပဲရှိသေးတာ”

‌ဈေးဦးပေါက်ပြီးနောက် အရာရာ ပိုလွယ်ကူသွားခဲ့ပါသည်။

စူးစမ်းချင်ကြသည့် လူအချို့ ရောက်ရှိလာပြီး ဈေးနှုန်းကို မေးမြန်းကြသည်။ အလွန်တန်သည့် ဈေးနှုန်းကို ကြားလိုက်ရပြီးနောက် ငွေကို ချက်ချင်း ထုတ်ပေးခဲ့ကြပါသည်။

အချို့ကမူ ဈေးဆစ်ဖို့ ကြိုးစားကြသေးသည်။

“နေကြာစေ့တစ်မျိုးတည်းကိုပဲ ၅ ပြားနဲ့ မရဘူးလား”

ယဲ့ရှောင်ရှောင် အပြုံးဖြင့် ရှင်းပြလိုက်သည်။

“ကျွန်မတို့က ကြီးကြီးမားမားရောင်းတာမဟုတ်လို့ ခွဲမရောင်းလို့ပါ၊ အခက်တွေ့အောင် မလုပ်ပါနဲ့နော်”

“ကျွန်တော်က ပြောင်းဖူးပေါက်ပေါက် မကြိုက်တတ်လို့ပါ”

“ကျွန်မတို့ဆီက ပြောင်းဖူးပေါက်ပေါက်က သကြားတွေအများကြီး ထည့်ထားတာ၊ အစ်ကိုမကြိုက်ဘူးဆိုရင် အိမ်က မိန်းမနဲ့ ကလေးတွေအတွက် ဝယ်သွားပေးလိုက်ပေါ့၊ သူတို့ သဘောကျမှာပါ”

ထိုစကားကို ကြားသောအခါ ဈေးဆစ်နေသည့်လူက စိတ်မဆိုးသည့်အပြင် ကျေနပ်သွားခဲ့ပါသည်။ မိသားစုကို ပျော်ရွှင်စေဖို့အတွက် ၅ ပြားလောက် ပိုသုံးရမှာ တန်ပါသည်။

ထို့ကြောင့် ၁၀ ပြားထုတ်ပေးပြီး နေကြာစေ့နှင့် ပြောင်းဖူးပေါက်ပေါက်တို့ကို ဝယ်ယူလိုက်တော့သည်။

ထိုလူထွက်သွားပြီးနောက် ယဲ့ချန်းယွမ်က စိတ်ဝင်တစား မေးသည်။

“ရှောင်ရှောင် အဲ့နှစ်မျိုးကို ဘာလို့ ခွဲရောင်းလို့မရတာလဲ”

ယဲ့ရှောင်ရှောင် ငွေသိမ်းရင်း ရှင်းပြလိုက်သည်။

“အဓိက,ကတော့ စာရင်းတွက်ရတာ ပိုလွယ်အောင်လို့ပေါ့၊ ပြီးတော့ လုပ်ငန်းတစ်ခုလုပ်ပြီဆိုရင် စည်းစနစ်ရှိရတယ်၊ စိတ်ရှိတိုင်း ပြောင်းလဲပစ်လိုက်လို့မရဘူး၊ တစ်ယောက်ကို ခွဲရောင်းပေးလိုက်ရင် ကျန်တဲ့လူတွေက အလိမ်ခံလိုက်ရသလို ခံစားသွားရမှာပေါ့၊ အဲ့တာဆို ပြဿနာတွေ ပိုတက်လာနိုင်တယ်လေ”

ယဲ့ချန်းယွမ်: “ရှောင်ရှောင်၊ နင်တော်တော် ပါးနပ်တာပဲ”

အရောင်းသွက်လာသည်နှင့်အမျှ နေကြာစေ့နှင့် ပြောင်းဖူးပေါက်ပေါက်တို့ကို ဝယ်ယူသူတွေလည်း ပိုမို များပြားလာခဲ့ပါသည်။

မုန့်ပဲသရေစာများ စားရင်း ရုပ်ရှင်ကြည့်ရသည်မှာ ဂုဏ်ယူစရာတစ်ခုဟုပင် ခံစားလာကြရသည်။

သရေစာမပါသည့် လူများက အခြားသူတွေစားသောက်နေကြသည်ကို မြင်သောအခါ မနာလိုအားကျဖြစ်ခဲ့ကြပါသည်။ ၁၀ ပြားသာ ပေးရမှန်း ကြားသောအခါ အလွန်တန်သည်ဟု ထင်မိကြသည်။

ကလေးအချို့ကလည်း ပြောင်းဖူးပေါက်ပေါက်စားချင်သည်ဟု ပူဆာနေကြသဖြင့် မိဘများက မတတ်သာဘဲ ဝယ်ကျွေးခဲ့ရပါသည်။

မကြာမီ ယဲ့ရှောင်ရှောင်တို့ ဆိုင်ကလေးတွင် လူများ စုပြုံလာပြီး မောင်နှမသုံးယောက်စလုံး အလုပ်များခဲ့ရတော့သည်။

ယဲ့ချန်းရှန့်က ငွေကို ကိုင်တွယ်ပြီး ယဲ့ရှောင်ရှောင်က စက္ကူဘူးများခေါက်က ပစ္စည်းများကို စောင့်ကြည့်ထားသည်။ ယဲ့ချန်းယွမ်ကတော့ ချိန်ဆဖို့နှင့် ထုပ်ပိုးဖို့ကို တာဝန်ယူထားပါသည်။

နေကြာစေ့ တစ်အိတ်မှာ တစ်ခဏအတွင်း ကုန်သွားသလို ပြောင်းဖူးပေါက်ပေါက်များက ပို၍ပင် အကုန်မြန်ပါသေးသည်။ ပြောင်းဖူးပေါက်ပေါက်များက အရွယ်အစားကြီးမားသဖြင့် အပေါ်ယံတွင် များပြားသည်ဟု ထင်ရသော်လည်း အမှန်တော့ ‌နေကြာစေ့ထက် ပိုနည်းပါသည်။

“ငါတို့ များများ ယူလာခဲ့သင့်တာ…”

ယဲ့ချန်းယွမ် နောင်တအကြီးအကျယ် ရသွားသည်။

ယဲ့ချန်းရှန့်က ဘာမှဝင်မပြောသော်လည်း သူ့မျက်လုံးများကို ကြည့်ခြင်းအားဖြင့် ထပ်တူခံစားနေရမှန်း သိသာပါသည်။

ဒီလောက် အရောင်းသွက်လိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပါ။

“သမီးတို့ရဲ့ ပထမဆုံးရက်ပဲလေ၊ အခုမှ အတွေ့အကြုံယူတုန်းပဲ ရှိသေးတယ်”

ယဲ့ရှောင်ရှောင်သည် ထုံကျင်နေသော ခြေထောက်များကို လှုပ်လှုပ်ရှားရှား ပြုလိုက်သည်။ နောက်ဆုံးတော့ ကြိုးစားအားထုတ်မှု၏ အသီးအပွင့်များကို ခံစားခဲ့ရပါပြီ။

ယဲ့ချန်းယွမ်က စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။

“ဒီလိုအခွင့်အရေးမျိုးနဲ့ ဘယ်တော့ထပ်ကြုံရမှာမို့လို့လဲ၊ နောက် ၁၀ ရက်၊ နှစ်ပတ်လောက်အထိ ကြုံရဦးမှာ မဟုတ်ဘူး”

“အနီးနားက ရွာတွေ သိပ်မဝေးဘူးဆိုရင် သွားလို့ရတာပဲ”

အမှန်ပင်။ ပိုင်ချွမ်ရွာကဲ့သို့ ချောင်ကျဝေးလံသော နေရာမျိုးကိုတော့ ထည့်တွက်ဖို့ပင် မလိုအပ်ပေ။

“ဟုတ်တယ်! ငါတို့ ကောင်တီမြို့ကို သွားလို့ရတယ်၊ ဒီကနေ နှစ်နာရီလောက်ပဲ လမ်းလျှောက်ရမှာ”

ယဲ့ချန်းယွမ် စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။

“ပြီးတော့ အဲ့ဒီမှာဆို နှစ်ရက်သုံးရက်တစ်ခါလောက် ရုပ်ရှင်ပြတာ၊ ဒီ့ထက်လည်း ပိုစည်ကားတယ်!”

ယဲ့ရှောင်ရှောင်: “…”

နှစ်နာရီ ဟူသည်က နီးကပ်သည်ဟု မထင်ရသော်လည်း ပိုင်ချွမ်ရွာထက်တော့ အများကြီး ပိုနီးပါသည်။

သို့သော် ကောင်တီမြို့တွင် သွားရောင်းဖို့ဟူသည်မှာ အကြံကောင်းမဟုတ်ဟု ယဲ့ရှောင်ရှောင် တွေးမိသည်။ မြို့သားများက နေကြာစေ့နှင့် ပြောင်းဖူးပေါက်ပေါက်ထက် ပိုအဆင့်မြင့်သည့် အစားအသောက်များကိုသာ တောင့်တကြပါလိမ့်မည်။

ရုပ်ရှင်တစ်ဝက်ပင် မပြီးသေးဘဲ ယဲ့ရှောင်ရှောင်တို့၏ နေကြာစေ့နှင့် ပြောင်းဖူးပေါက်ပေါက်များ ရောင်းကုန်သွားခဲ့သည်။

ပုံမှန်ဆိုလျှင် ယဲ့ချန်းယွမ်မှာ ရုပ်ရှင်ကြိုက်တတ်သူဖြစ်သော်လည်း ယခုတော့ အိမ်ပြန်ပြီး ငွေသာ ရေတွက်ချင်တော့သည်။

“ဒါဆိုပြန်ကြရအောင်လေ၊ အပြင်မှာ နည်းနည်းအေးလာပြီ”

ယဲ့ရှောင်ရှောင်လည်း ယနေ့ဝင်ငွေများကို ရေတွက်ချင်နေပါပြီ။

အိမ်သို့ပြန်ရောက်သောအခါ မောင်နှမသုံးယောက်သား ဓာတ်မီးတစ်လက်ကို ယူဖွင့်လိုက်ကြသည်။

စုန့်လင်မြို့နယ်တွင် လျှပ်စစ်မီး ရရှိပါသည်။ သို့သော် အိမ်ခြေတိုင်းတော့ မရရှိနိုင်ပေ။ အဘိုးမြောင်တို့ နေထိုင်သည့် ရပ်ကွက်ဆိုလျှင် မည်သည့်အိမ်မှ လျှပ်စစ်မီး အသုံးမပြုနိုင်သေးပါ။

ထို့ကြောင့် ညဘက်တွင် တစ်ရပ်ကွက်လုံး အလွန်မှောင်မိုက်နေတတ်သဖြင့် လမ်းကိုပင် ကြည့်လျှောက်ရပါသည်။

ဓာတ်မီး၏ မှိန်ပျပျ အလင်းရောင်ကို အားကိုးအားထားပြုလျက် မောင်နှမသုံးယောက် ဝင်ငွေများ စတင်ရေတွက်တော့သည်။

ငွေများကို ထုတ်ကာ အပူပေးကုတင်နိမ့်ပေါ်တွင် အရင်ဆုံးတင်လိုက်သည်။ ထို့နောက် ယဲ့ရှောင်ရှောင်က ငွေစက္ကူများကို ရေတွက်ပြီး ယဲ့ချန်းရှန့်က အကြွေစေ့များကို ရေတွက်ခဲ့ပါသည်။

စုစုပေါင်း ငွေစက္ကူ ၁၃ ယွမ် ၅ ပြားနှင့် အကြွေစေ့ ၉ ယွမ် ၈ ပြား၊ အားလုံးပေါင်း ၂၃ ယွမ် ၃ ပြား ရရှိခဲ့ကြပါသည်။

ဤကဲ့သို့ မြို့နယ်လေးတစ်ခုတွင် ထိုပမာဏမှာ စက်ရုံလုပ်သားတစ်ဦး၏ တစ်လစာ ဝင်ငွေနီးပါး ရှိသည်။

ထို့အပြင် သူတို့၏ ပထမဆုံးနေ့သာ ရှိသေးသည်။

“ငါတို့ တစ်ရက်တည်းနဲ့ တစ်နှစ်စာ ကျောင်းစရိတ်ကို ရှာနိုင်ခဲ့တာပဲ…”

ယဲ့ချန်းယွမ်တစ်ယောက် ကမ္ဘာသစ်တစ်ခုကို တွေ့ရှိလိုက်ရသလို ခံစားလိုက်ရပါသည်။

ယဲ့ရှောင်ရှောင်သည် ငွေများကို သိမ်းဆည်းရင်း အစ်ကိုနှစ်ယောက်ကို ပြောလိုက်ပါသည်။

“ဒါ သမီးတို့ရဲ့ အရင်းအနှီးပဲ၊ နှစ်ကုန်ကျရင် ခွဲပေးမယ်၊ အဆင်ပြေရဲ့လား”

ချန်းယွမ်: “ကိစ္စမရှိဘူး ရှောင်ရှောင်၊ နင်ကဆရာကြီးပဲ!”

တစ်ဖက်တွင်မူ ယဲ့ချန်းရှန့်၏ မျက်နှာမှာ ခန့်မှန်းရခက်နေပါသည်။

သူတို့မိသားစုတွင် ငွေကြေးအခက်အခဲရှိနေမှန်း သူနားလည်သည်။ မိဘနှစ်ပါးက ပွင့်ပွင့်လင်းလင်း ထုတ်မပြောသော်လည်း သူတို့ တိတ်တိတ်ကလေး ပြောနေကြသည်များကို ယဲ့ချန်းရှန့် ဟိုတစ်စဒီတစ်စ ကြားခဲ့ဖူးပါသည်။

သူတို့ညီမလေးယန်ယန် အိမ်မှထွက်သွားစဉ်က မိသားစု၏ စုဆောင်းငွေ ယွမ် ၃၀၀ ကို ယူဆောင်သွားခဲ့သည်။

အစပိုင်းတွင် ယန်ယန်ထွက်သွားသည့် ကိစ္စကို ယဲ့ချန်းရှန့် စိုးရိမ်ပူပန်ခဲ့ပါသေးသည်။ ယခုတော့ သူဂရုမစိုက်တော့ပေ။

သူမက ပိုကောင်းမွန်သည့်ဘဝတစ်ခုကို ရှာဖွေလိုခြင်းဆိုလျှင် သူ မတားတော့ပါ။ ယခုချိန်ကစပြီး သူတို့ သူစိမ်းများ ဖြစ်သွားကြပါပြီ။

ယဲ့ချန်းယွမ်: “မနက်ဖြန်လည်း ဒီလိုပဲ ထပ်လုပ်မှာလား”

ယဲ့ရှောင်ရှောင်: “ဒါပေါ့”

“အဲ့တာဆို မနက်ဖြန် ဘယ်နေရာမှာ ရုပ်ရှင်ပြမှာလဲ သွားစုံစမ်းလိုက်ဦးမယ်!”

ယဲ့ချန်ယွမ် တက်တက်ကြွကြွနှင့် အပြင်သို့ ထွက်သွားလေတော့သည်။

ထိုအခါ ယဲ့ရှောင်ရှောင်ကို ကြည့်ရင်း ယဲ့ချန်းရှန့်က မေးလိုက်သည်။

“ပိုက်ဆံကို ဘာလို့အဲ့လောက် သဲကြီးမဲကြီး ရှာချင်နေတာလဲ”

“အဖြေက ရှင်းရှင်းလေးပဲလေ၊ သမီးတို့က မွဲနေလို့ပေါ့၊ ပြေလည်တဲ့ဘဝနဲ့ မနေချင်တဲ့သူဆိုတာ ရှိလို့လား”

ယဲ့မိသားစု၏ ကံဆိုးမိုးမှောင်ကျမှုများအကြောင်း ယဲ့ရှောင်ရှောင် ထုတ်မပြောခဲ့ပါ။ သူတို့၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မည်ဟု ယုံကြည်ထားခြင်းကြောင့်ပင်။

ယဲ့ချန်းရှန့်လည်း ဘာမှ ထပ်မမေးတော့ဘဲ ပစ္စည်းများကို သိမ်းဆည်းရင်း မနက်ဖြန်အတွက် အစီအစဉ် တိတ်တဆိတ် ဆွဲခဲ့တော့သည်။

ယဲ့ချန်းယွမ်က အဘိုးမြောင်နှင့်အတူ ပြန်ရောက်လာပါသည်။ နောက်ထပ် ရုပ်ရှင်ပြမည့်နေရာက တာ့လျိုရှုရွာအနီးတွင် ဖြစ်ကြောင်းကိုလည်း သိခဲ့ရသည်။ ထိုနေရာသို့သွားဖို့ နာရီဝက်သာ လမ်းလျှောက်ရပါမည်။

ယဲ့ချန်းယွမ်: “မနက်ဖြန် ပစ္စည်းတွေ ပိုသယ်သွားကြရအောင်”

ယဲ့ချန်းရှန့်: “ငါတို့အိမ်မှာ နေကြာစေ့သိပ်မရှိတော့ဘူး”

“ကြည့်ရတာ ဒီနေ့တော်တော်ရောင်းကောင်းလာကြတယ်ထင်တယ်၊ နေကြာစေ့ဆိုတာ အိမ်တိုင်းမှာ ပေါပါတယ်၊ မင်းတို့ လိုချင်တယ်ဆိုရင် ရပ်ကွက်ထဲမှာ လိုက်မေးကြည့်လိုက်၊ ဈေးလည်း သိပ်မကြီးလောက်ဘူး”

တက်တက်ကြွကြွနှင့် အလုပ်လုပ်နေကြသည့် ကလေးများကို အဘိုးမြောင် အပြုံးဖြင့်ကြည့်ရင်း လေးလေးနက်နက် အကြံပြုခဲ့ပါသည်။

“အဘိုးပြောတာမှန်တယ်၊ သမီး မနက်ဖြန် လိုက်မေးကြည့်လိုက်ပါ့မယ်”

ယဲ့ရှောင်ရှောင်က တက်ကြွစွာ ဆိုသည်။

“မနက်ဖြန်ကျရင် အိမ်မှာကျန်တဲ့ နေကြာစေ့တွေကို အရင်လှော်လိုက်မယ်၊ အဘိုးလည်း ပင်ပန်းနေပြီ၊ ကူညီပေးလို့ ကျေးဇူးတင်ပါတယ်နော်”

မြောင်ဖုန့်ရှန်းက ရယ်မောသည်။

“မင်းတို့ကလေးတွေ ဒီလောက်တက်ကြွနေတာကို မြင်ရတော့ အဘိုးလည်း တစ်စက်ကလေးတောင် မပင်ပန်းပါဘူး”

📗 Chapter 10

နောက်တစ်နေ့ မနက်စောစောတွင် ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းရှန့်တို့နှစ်ယောက် အိမ်နီးနားချင်းများထံ သွားရောက်ပြီး နေကြာစေ့များ ရောင်းရန်ရှိမရှိ လိုက်လံ မေးမြန်းခဲ့ပါသည်။

မြောင်ဖုန့်ရှန်းသည် မြေးဖြစ်သူတို့ကို လောဘကြီးသည့် ပုဂ္ဂိုလ်များနှင့်မတွေ့ရစေဖို့အတွက် ဖော်ရွေသဘောကောင်းသည့် အိမ်နီးနားချင်းများထံသို့သာ လမ်းညွှန်ပေးလိုက်သည်။

သူတို့ ပထမဆုံး သွားရောက်သည့်အိမ်က အဘွားရွှင်း၏ အိမ်ပင်ဖြစ်သည်။ အဘွားရွှင်းသည် သူမ၏ မြေးမလေးနှင့် နှစ်ယောက်တည်း နေထိုင်ပါသည်။

ယဲ့ရှောင်ရှောင်တို့ နေကြာစေ့ဝယ်ယူဖို့ ရောက်လာသောအခါ အဘွားရွှင်းသည် အိမ်တွင်ရှိသည့် နေကြာစေ့များကို ခပ်မြန်မြန်ပင် ထုတ်ပေးခဲ့သည်။

“ဒီမှာတော့ နှစ်အိတ်ပဲရှိတယ်၊ အဘွားသိမ်းထားတဲ့ အကောင်းဆုံးအစေ့တွေပဲ၊ မင်းတို့အတွက် အဆင်ပြေနိုင်လား စစ်ကြည့်ပါဦး”

အဘွားရွှင်းသည် အသက် ၆၀ ဝန်းကျင်ခန့်ရှိပြီး အလွန်အိုမင်းနေသည်ဟု ထင်ရသည်။ အလုပ်ကြမ်းများ လုပ်ရင်း ရုန်းကန်ခဲ့ရသည့် ဒဏ်များကို သူမ၏ မျက်နှာနှင့် လက်များပေါ်တွင် အထင်အရှား မြင်နေရပါသည်။

ယဲ့ရှောင်ရှောင်လည်း အိတ်ထဲမှ နေကြာစေ့များကို သေချာစစ်ဆေးကြည့်လိုက်ရာ အရည်အသွေးကောင်းပြီး အဆံပြည့်ကြောင်း တွေ့ရပါသည်။

“ဒီနှစ်အိတ်အတွက် သမီးတို့ ဘယ်လောက်ပေးရမလဲ အဘွား”

“အဘွားလည်း ဈေးသိပ်မပြောတတ်ဘူးကွဲ့၊ မင်းတို့ အဆင်ပြေတယ်ထင်သလောက်ပဲ ကြည့်ပေးလိုက်ပါ”

ယဲ့ရှောင်ရှောင်: “အိတ်နှစ်အိတ်က တော်တော်လေးတယ်နော်၊ အစေ့တွေကလည်း အရည်အသွေးကောင်းတော့ သမီး ၅ ယွမ် ပေးပါ့မယ်”

“သေချာရဲ့လား ကလေးမ၊ နေကြာစေ့ဆိုတာ မရှားဘူးနော် နောက်မှ နောင်တရနေပါဦးမယ်”

ဤကလေးများ နောက်မှ နောင်တရပြီး သူမထံ ပြဿနာလာရှာမည်ကို အဘွားရွှင်း စိတ်ပူသဖြင့် ရှင်းရှင်းလင်းလင်း မေးမြန်းထားပါသည်။

“စိတ်မပူပါနဲ့ အဘွားရဲ့၊ သမီးတို့ ငွေချေပြီး နေကြာစေ့တွေကို ချက်ချင်းယူသွားမှာပါ”

ယဲ့ရှောင်ရှောင် ၅ ယွမ် အတိအကျ ထုတ်ပေးလိုက်သည်။

ပထမနေ့တွင် သူတို့ နေကြာစေ့များ သိပ်မစုခဲ့ကြပေ။ အဘွားရွှင်း၏ အိမ်အပြင် အခြား အိမ်နှစ်အိမ်မှ နှစ်အိတ်ခန့် ထပ်ဝယ်ပြီး အိမ်ပြန်လာခဲ့ကြသည်။

“သမီးတို့ သိပ်အများကြီး မဝယ်သင့်ဘူး၊ ဒီလုပ်ငန်းက ရေရှည်အတွက် အဆင်မပြေဘူးလေ၊ အချိန်ကြာလာတာနဲ့အမျှ သမီးတို့ကို တုပပြီး လိုက်ရောင်းမယ့်သူတွေ ပေါ်လာမှာပဲ၊ သမီးတို့က အခွင့်အရေးရတဲ့အချိန်မှာ အပြည့်အဝ အသုံးချပြီး ငွေကို ရအောင် ရှာထားဖို့ပဲ လိုတာ”

အစ်ကိုဖြစ်သူတို့ကို ယဲ့ရှောင်ရှောင် ရှင်းပြလိုက်သည်။

နေကြာစေ့လှော်ခြင်းနှင့် ပြောင်းဖူးပေါက်ပေါက်ဖောက်ခြင်းတို့မှာ မခက်ခဲလှပါ။ ဤသို့ အကျိုးအမြတ်ရှာနိုင်ကြောင်း အခြားသူတွေ သိသွားသည့်အခါ ကျိန်းသေပေါက် အတုခိုးကြပါလိမ့်မည်။

“ရှောင်ရှောင် ပြောတာ မှန်တယ်”

ယဲ့ချန်းရှန့်က ထောက်ခံသည်။ ထို့အပြင် ကျောင်းပြန်ဖွင့်လျှင်လည်း ဤအလုပ်တွေကို သူတို့ ဆက်လုပ်နိုင်တော့မှာ မဟုတ်ပါ။

ယဲ့ချန်းယွမ်ကမူ အနည်းငယ် စိတ်ပျက်သွားခဲ့ပါသည်။ သူသည် ပညာရေးတွင် သိပ်မထူးချွန်ဘဲ ကျောင်းနေလည်း မပျော်ပေ။

နေကြာစေ့ရောင်းခြင်းကို ကြီးကြီးမားမား လုပ်ငန်းကြီးတစ်ခုဟု သူထင်ထားခဲ့သော်လည်း လက်တွေ့မှာတော့ ယာယီသာ ဖြစ်နေပါသည်။

သို့သော် တတ်နိုင်သမျှ ငွေများများ ရှာထားဖို့သာ ဆုံးဖြတ်ခဲ့သည်။ နှစ်သစ်ကူးတွင် မိသားစုအတွက် လက်ဆောင်ပစ္စည်းအချို့ ဝယ်ပေးချင်ပါသေးသည်။ ထိုအခါမှသာ အမှန်တကယ် ပျော်ရွှင်ရလိမ့်မည်။

အိမ်ပြန်ရောက်သောအခါ ယဲ့ရှောင်ရှောင်နှင့် အဘိုးမြောင်တို့ နေကြာစေ့လှော်ခဲ့ကြသည်။ ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့ကတော့ ပြောင်းဖူးပေါက်ပေါက်ဖောက်သည့် အဘိုးကြီးထံ သွားခဲ့ကြပါသည်။

နေ့လယ် ၃ နာရီထိတိုင်အောင် သူတို့ အလုပ်လုပ်ခဲ့ကြပြီး နေကြာစေ့နှင့် ပြောင်းဖူးပေါက်ပေါက်တို့ကို ယူဆောင်ကာ တာ့လျိုရှုရွာသို့ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြသည်။

မောင်နှမသုံးယောက်တွင် သယ်စရာ အလွန်များပြားနေပြီး မြောင်ဖုန့်ရှန်းကလည်း မြေးဖြစ်သူများအတွက် စိတ်ပူနေပါသည်။

သို့သော် သူ့ခြေထောက်များက မသန်သဖြင့် လမ်းပင်ကောင်းကောင်းမလျှောက်နိုင်ဘဲ အကူအညီသိပ်ပေးနိုင်မှာ မဟုတ်ပါ။

မြောင်ဖုန့်ရှန်း: “ဒီလို လုပ်ကြပါလား၊ မင်းတို့ ဦးလေး လီဟယ့်ကို အဘိုးသွားပြောပေးမယ်၊ သူ့အိမ်မှာ မြည်းလှည်းတစ်စီး ရှိတယ်လေ၊ မင်းတို့ကို လိုက်ပို့ပေးနိုင်ရင် အဆင်ပြေတာပေါ့”

ယဲ့ရှောင်ရှောင် မျက်လုံးများ အရောင်လက်သွားခဲ့သည်။

ကုန်ပစ္စည်းများ သယ်ယူဖို့အတွက် မြည်းလှည်းအသုံးပြုနိုင်သည်ဟု သူမ မစဉ်းစားခဲ့မိပါ။

“အဘိုး၊ သမီးတို့ကို တစ်လလောက် လိုက်ပို့ပေးလို့ရမလားလို့ ဦးလေးလီဟယ့်ကို မေးခဲ့ပေးပါလား၊ သမီးတို့ ပိုက်ဆံပေးမှာပါ”

ထိုအခါ လမ်းလျှောက်ရခြင်းထက် အများကြီး ပိုသက်သာနိုင်ပါသည်။

မြောင်ဖုန့်ရှန်း: “အခုက စိုက်ပျိုးရာသီမဟုတ်တော့ လှည်းလည်း အားနေမှာပေါ့၊ အဘိုး သွားမေးပေးပါ့မယ်”

ဦးလေးလီဟယ့်ကလည်း သဘောကောင်းပါသည်။ သူနှင့် ယဲ့ရှောင်ရှောင်တို့ ညှိနှိုင်းခဲ့ကြသည်။

ခရီးတစ်ခေါက်လျှင် ပြား ၅၀ ကုန်ကျမည်ဖြစ်ပြီး တစ်လဆိုလျှင် ဦးလေးလီဟယ့်က ၁၅ ယွမ် ရရှိပါလိမ့်မည်။

အားလုံး သဘောတူညီမှု ရရှိပြီးသောအခါ လုပ်ငန်းကို အားကြိုးမာန်တက် စတင်ခဲ့ကြတော့သည်။

ယဲ့ရှောင်ရှောင်တို့၏ ရောင်းချမှုပုံစံက ဆန်းသစ်နေသဖြင့် အစပိုင်းတွင် အလွန်ရောင်းအားကောင်းခဲ့ပါသည်။ နေ့စဉ် ယူသွားသမျှ နေကြာစေ့နှင့် ပြောင်းဖူးပေါက်ပေါက်တို့ အားလုံး ရောင်းကုန်ခဲ့သည်။

ပထမ လဝက်အတွင်းတွင် တစ်ရက်ကို ၃၅ ယွမ်အထိ ရရှိနိုင်ခဲ့ကြသော်လည်း ယဲ့ရှောင်ရှောင် ခန့်မှန်းထားခဲ့သလိုပင် အခြားသူများက သူမတို့ကို အတုခိုးလာကြသဖြင့် ဝင်ငွေများက တဖြည်းဖြည်း ကျဆင်းလာခဲ့ပါသည်။

သို့သော် သူမတို့၏ ကြိုးစားအားထုတ်မှုကြောင့် တစ်ရက်လျှင် အနည်းဆုံးတော့ ၁၀ ယွမ်အထိ ရရှိခဲ့ကြသေးသည်။

မောင်နှမသုံးယောက်သား တစ်လလုံးလုံး ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ကြသည်။ မိသားစုဝင်များ စိတ်ပူနေမည်စိုးသဖြင့် ယဲ့ချန်းယွမ် အိမ်တစ်ခေါက်ပြန်ပြီး အကြောင်းကြားခဲ့ပါသေးသည်။

ကျန်အချိန်များတွင်တော့ ရုပ်ရှင်ပြသည့်နေရာများနောက်ကိုသာ တကောက်ကောက် လိုက်ခဲ့ကြလေသည်။

ရွာတစ်ရွာတွင် ဒုတိယအကြိမ် ရုပ်ရှင်လာပြမည့်နေ့သို့ ရောက်ရှိလာခဲ့သည်။

ထို့နေ့ နေ့လယ်ခင်းက ယဲ့ရှောင်ရှောင်တို့ ထွက်ဖို့ အသင့်ဖြစ်နေကြစဉ် ဦးလေးလီဟယ့် အသည်းအသန် ရောက်ရှိလာပြီး ပြောခဲ့သည်။

“ရှောင်ရှောင် ဒီနေ့ အရေးကြီးကိစ္စတစ်ခု ပေါ်လာလို့ ဦးလေးလိုက်ပို့ပေးနိုင်မှာ မဟုတ်ဘူး”

ယဲ့ချန်းယွမ်: “ဦးလေးလီဟယ့် ဘာတွေ လောနေတာလဲ”

လီဟယ့်: “အိမ်မှာပြဿနာတစ်ခုခု တက်လို့ပါကွာ”

“သမီးတို့အတွက် စိတ်မပူပါနဲ့၊ သမီးလည်း ဒီနေ့ကို နေကြာစေ့ရောင်းမယ့် နောက်ဆုံးနေ့လို့ သတ်မှတ်ထားတာ၊ ဦးလေး မအားဘူးဆိုတော့လည်း သမီးတို့ မသွားတော့ပါဘူးး”

ယဲ့ရှောင်ရှောင်က နားလည်မှုဖြင့် ဆိုလိုက်ပါသည်။

“အဲ့တာဆို ဒီလအတွက် ဦးလေးကို ငွေရှင်းပေးမယ်နော်၊ စုစုပေါင်း ၁၆ ယွမ်နဲ့ ၅၀ ပြားပါ”

ထိုစကားကို ကြားသောအခါ ဦးလေးလီဟယ့် စိတ်မသက်မသာဖြစ်သွားပုံရသည်။

“ဒီလောက်ကောင်းတဲ့ အလုပ်ကို ဘာလို့ ဆက်မလုပ်တော့တာလဲ ရှောင်ရှောင်”

“နှစ်သစ်ကူး ရောက်ခါနီးပြီလေ၊ အိမ်ကလူတွေကလည်း သမီးတို့ပြန်လာမှာကို မျှော်နေကြပြီ”

ယဲ့ရှောင်ရှောင် အကြောင်းပြချက်ကောင်းကောင်းပေးလိုက်ပါသည်။

“ဟုတ်ပါပြီ၊ ဒါဆို ဦးလေး ပိုက်ဆံယူသွားတော့မယ်နော်၊ နောက်လည်း မြည်းလှည်းစီးဖို့ လိုအပ်ရင် ဦးလေးဖုန့်ရှန်းကိုသာ ခေါ်ခိုင်းလိုက်”

ဦးလေးလီဟယ့်မှာ ငွေကို ယူပြီး သုတ်သုတ်ပျာပျာ ထွက်သွားလေတော့သည်။

“ငါတို့ အိမ်ပြန်ကြတော့မှာလား ရှောင်ရှောင်”

ယဲ့ချန်းယွမ် ခေါင်းကုတ်ရင်း ဇဝေဇဝါဖြစ်စွာ မေးလိုက်ပါသည်။

အိမ်က မိသားစုစိတ်မပူစေဖို့အတွက် ယခင်တစ်ခေါက်က ယဲ့ချန်းယွမ်အိမ်ပြန်ပြီး နေကြာစေ့ရောင်းနေသည့် အကြောင်းကို ထုတ်မပြောခဲ့ဘဲ အဘိုးမြောင် ခြေထောက်များ မသက်သာသဖြင့် မောင်နှမများ ပြုစုပေးနေရသည်ဟုသာ ဆင်ခြေ ပေးခဲ့သည်။

နှစ်သစ်ကူးသို့ရောက်သောအခါ သူတို့ ရရှိထားသည့် ငွေကိုအသုံးပြုပြီး နှစ်သစ်ကူးလက်ဆောင်များ ဝယ်ယူပြီးမှ ပိုင်ချွမ်ရွာသို့ အတူတူပြန်ကြမည်ဟု သဘောတူထားခဲ့ပါသည်။

“ငတုံးတောင်… မင်းမရိပ်မိဘူးလား၊ ဦးလေးလီဟယ့်မှာ ဘာမိသားစုပြဿနာမှ ရှိနေလို့မဟုတ်ဘူး၊ နေကြာစေ့ရောင်းတဲ့ တခြားလူတွေကို လိုက်ပို့ပေးဖို့ ရှိနေလို့ ငါတို့ကို ပစ်သွားတာပဲဖြစ်မှာ”

ယဲ့ချန်းရှန့်က အားလုံးကို နားလည်နေဟန်ဖြင့် ဝင်ပြောလိုက်သည်။

ယဲ့ချန်းယွမ်: “ဘာကွ!”

ယဲ့ချန်းရှန့်: “ခုတလော ရုပ်ရှင်ပြတဲ့နေရာတွင်မှာ နေကြာစေ့နဲ့ ပြောင်းဖူးပေါက်ပေါက် ရောင်းတဲ့သူတွေ ပိုပိုများလာတယ်လေ၊ မနေ့ကတောင် ငါတို့ရောင်းမကုန်ဘဲ အများကြီး ကျန်နေတာမလား”

“ဟုတ်တယ်၊ သမီးတို့အတွက်တော့ ဒီလုပ်ငန်းက အဆုံးသတ်သွားပါပြီ”

ယဲ့ရှောင်ရှောင်လည်း ခေါင်းညိတ်ထောက်ခံလိုက်ပါသည်။

“အဲ့တာဆို ဒီနေကြာစေ့နဲ့ ပြောင်းဖူပေါက်ပေါက်တွေကို ဒီနေ့ မရောင်းရတော့ဘူးပေါ့”

သူတို့ ပြင်ဆင်ထားသည့် ပစ္စည်းများကို ယဲ့ချန်းယွမ် မအီမသာ လှည်ကြည့်လိုက်ပါသည်။ ကံကောင်းစွာဖြင့် အများကြီးတော့ မရှိပေ။

နေကြာစေ့များက သိမ်းဆည်းထား၍ ရနိုင်သော်လည်း ပြောင်းဖူးပေါက်ပေါက်များကတော့ နှစ်ရက်လောက်ကြာလျှင် ပျော့အိသွားပြီး စားကောင်းတော့မှာ မဟုတ်ပါ။

ယဲ့ရှောင်ရှောင်က မေးသည်။

“မနက်ဖြန် မြို့ထဲမှာ ဈေးကြီးဖွင့်မယ့်နေ့မလား”

ယဲ့ချန်းယွမ်: “ဟုတ်တယ်လေ”

“အဲ့တာဆို နေကြာစေ့တွေကိုတော့ သမီးတို့ပဲ သိမ်းထားမယ်၊ ပြောင်းဖူးပေါက်ပေါက်တွေကို မနက်ဖြန် ဈေးကြီးမှာ သွားရောင်းကြမယ်”

သူမတို့ကို ယနေ့ ဦးလေးလီဟယ့် လိုက်ပို့မပေးနိုင်ရသည့်အကြောင်းအရင်းမှာ တစ်စုံတစ်ယောက်က သူမတို့ထက် ပိုသာသည့် ဈေးကို ကမ်းလှမ်းခဲ့ခြင်းကြောင့် သို့မဟုတ် သူ့မိသားစုကိုယ်တိုင်က နေကြာစေ့ရောင်းသည့် လုပ်ငန်းကို စတင် လုပ်ကိုင်နေခြင်းကြောင့်ဟု ယဲ့ရှောင်ရှောင် ခန့်မှန်းခဲ့ပါသည်။

လမ်းဘေးက ဖိနပ်တိုက်သူပင် မည်သည့်ရှယ်ယာကို ဝယ်ယူရမည်ဟူ၍ သိနေပြီဆိုလျှင် ထိုရှယ်ယာကို ပြန်ရောင်းဖို့ အချိန်တန်ပါပြီ။

ထို့ကြောင့် နေကြာစေ့လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ဖို့ဟူသည်မှာ မဖြစ်နိုင်တော့ပေ။

“သွားပါပြီ… မနက်ဖြန်တော့ လုံးဝရောင်းရမှာ မဟုတ်တော့ဘူး”

ယဲ့ချန်းယွမ် ခေါင်းတခါခါဖြင့် ဆိုလိုက်သည်။ သူ့နှုတ်ခမ်းပေါ်တွင်လည်း ခါးခါးသီးသီးအပြုံးတစ်ခု ရှိနေလေသည်။

ဈေးကြီးတွင် ပြောင်းဖူးပေါက်ပေါက်ရောင်းသည့်ဆိုင်များ အလွန်များပြားပါသည်။

“အိမ်ပြန်ပြီး ဒီလဘယ်လောက်စုမိထားလဲဆိုတာပဲ အရင်တွက်ကြည့်ရအောင်”

ယဲ့ရှောင်ရှောင် အကြုံပြုလိုက်သည်။

ယဲ့ချန်းယွမ်: “ဟုတ်ပြီ!”

သူ့မျက်နှာ တောက်ပသွားပြီး စိုးရိမ်ပူပန်မှုများ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားပါသည်။

အိမ်ပြန်ရောက်သောအခါ ယဲ့ရှောင်ရှောင်သည် အဘိုးဖြစ်သူ ပေးထားသည့် စုဘူးလေးကို ဖွင့်လိုက်ပါသည်။ ထိုစုဘူးထဲတွင် သူမတို့မောင်နှမသုံးယောက် တစ်လတာ စုဆောင်းထားသည့် ငွေများ ရှိနေလေသည်။

ယဲ့ချန်းယွမ် စိတ်ဖိစီးသွားသည်။

“ငါတို့ အိမ်တံခါးကို လော့ခ်ချမထားသင့်ဘူးလား

မြောင်ဖုန့်ရှန်းက ခေါင်းခါသည်။

“မင်းတို့ပဲ ရေလိုက်ပါ၊ အဘိုး တံခါးဝမှာ စောင့်ကြည့်ပေးထားမယ်”

“အဘိုးလည်း သမီးတို့နဲ့အတူတူ လာရေပေးပါ”

ယဲ့ရှောင်ရှောင်က စုဘူးထဲမှ ပိုက်ဆံများကို အကုန်သွန်ချပစ်လိုက်သည်။

ထိုအခါ အပူပေးကုတင်နိမ့်ပေါ်တွင် အကြွေစေ့များနှင့် ငွေစက္ကူများ ပြန့်ကျဲသွားခဲ့ပါသည်။ ပမာဏက မများပြားသော်လည်း မြင်ရသည်မှာ ရင်သပ်ရှုမောဖွယ်‌ ကောင်းလှပေသည်။

All Chapters