← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

📗 Chapter 11

“တစ်ယွမ်… ဆယ်ယွမ်…”

“ယွမ် တစ်ရာ!”

“ယွမ် နှစ်ရာ!”

“ယွမ် ငါးရာ!”

ငွေအားလုံးကို ရေတွက်ဖို့ တစ်နာရီကျော် ကြာသွားခဲ့သည်။

ငွေစက္ကူများနှင့် အကြွေစေ့များကို သေသေသပ်သပ်စီရီပြီးနောက် တိကျသည့် ပမာဏတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။

စုစုပေါင်း ၉၆၀ ယွမ်နဲ့ ၅၀ ပြား!

ယဲ့ချန်းယွမ်: “အဲ့… အဲ့လောက်တောင် များတာလား!”

ယဲ့ချန်းရှန့်: “ဒါတောင် အရင်းတွေနှုတ်ထားတဲ့ အသားတင်အမြတ်နော်”

ယဲ့ချန်းရှန့်ပင် အနည်းငယ် စိတ်လှုပ်ရှားနေမိပါသည်။

ယဲ့ရှောင်ရှောင်က ယွမ် ၉၀၀ ကို ယူလိုက်သည်။

“ယွမ် ၉၀၀ ထဲကနေ သမီးတို့ တစ်ယောက်ကို ၃၀၀ စီ ခွဲယူပြီး ပိုတာ အဘိုးကို ပေးလိုက်အောင်”

လွန်ခဲ့သည့် တစ်လလုံးလုံး မြောင်ဖုန့်ရှန်းမှာ‌ တစ်ရက်ပင်မနားဘဲ နေကြာစေ့များ လှော်ပေးရပြီး ကလေးများအတွက် ချက်ပြုတ်ပေးကာ နေ့စဉ် လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးခဲ့ရသည်။ သူ့ကျေးဇူးများကို ပြန်ဆပ်ဖို့အတွက် ဤပမာဏနှင့်ပင် မလုံလောက်ဟု ခံစားရပါသည်။

မည်သူမှ မကန့်ကွက်ကြသော်လည်း မြောင်ဖုန့်ရှန်းတစ်ယောက်တည်းကသာ ကန့်ကွက်ခဲ့ပါသည်။

“အဘိုးလက်မခံဘူးနော်၊ မင်းတို့ ကြိုးစားပမ်းစား ရှာထားတဲ့ ငွေတွေကို အဘိုးမယူရက်ပါဘူး”

“ယူလိုက်ပါ အဘိုးရဲ့၊ နောက်ထပ် အများကြီး ရှာနိုင်တဲ့အခါကျရင်လည်း အဘိုးကို ဒီ့ထက် ပိုပေးဦးမှာ”

ယဲ့ရှောင်ရှောင်သည် အဘိုးဖြစ်သူလက်ထဲ ငွေတွေကို အတင်းထိုးထည့်ပေးလိုက်သည်။

“ဒါဆိုလည်း အဘိုးစုထားလိုက်ပါ့မယ်၊ မင်းတို့ကို အစားကောင်းအသောက်ကောင်းတွေ ချက်ကျွေးဖို့ပေါ့”

မြောင်ဖုန့်ရှန်းလည်း မငြင်းဆန်တော့ပေ။

ဤမြေးမလေးက အတော်လေး အမြော်အမြင်ရှိပါသည်။ မိသားစုကို ကြီးပွားတိုးတက်စေမည့် မျှော်လင့်ချက် အလင်းရောင်ငယ်လေးတစ်ခုဟုပင် အဘိုးမြောင် မြင်နေမိပါပြီ။

ယဲ့ချန်းယွမ်ကမူ ပိုက်ဆံများကို ကိုင်ထားရင်း ဝေခွဲမရဖြစ်နေလေသည်။

“ရှောင်ရှောင်၊ ဒီပမာဏက ငါ့အတွက် များလွန်းတယ် မထင်ဘူးလား”

လုပ်ငန်းတွင်လည်း သူများများစားစား ကူညီမပေးခဲ့ရပါ။

ယခင် ဆောင်းရာသီ အားလပ်ရက်များတွင် ယဲ့ချန်းယွမ်သည် ပိုက်ဆံရှာဖို့ကို မဆိုဦးနှင့် အကျိုးရှိသည့်အလုပ်ကိုပင် ဘာဆိုဘာမှမလုပ်ခဲ့ဘဲ အချိန်ဖြုန်းနေတတ်ပါသည်။

ထို့ကြောင့် တစ်ချိန်ချိန်တွင် ဤကဲ့သို့ ငွေပမာဏမျိုးကို ကိုင်ရလိမ့်မည်ဟု သူစိတ်ကူးပင် မယဉ်ခဲ့မိချေ။

“ဒီငွေက အစ်ကိုယွမ်နဲ့ ထိုက်တန်တဲ့ငွေပါ၊ ပြီးတော့… အစ်ကိုက ပိုက်ဆံကို အလကားသက်သက် ဖြုန်းတီးပစ်မယ့်လူမျိုး မဟုတ်ဘူးဆိုတာလည်း သမီးယုံကြည်တယ်၊ ဦးလေးနဲ့ ဒေါ်လေးတို့လက်ထဲ ကျိန်းသေပေါက် ပြန်အပ်ပြီး စုခိုင်းထားမှာ မဟုတ်လား”

ယဲ့ချန်းယွမ်: “ဒါပေါ့! ငါ့မိသားစုကိုပဲ ပြန်ပေးမှာ”

ယဲ့ချန်းရှန့်: “…”

ယဲ့ရှောင်ရှောင်သည် သူမ၏ ဝေစုဖြစ်သော ယွမ် ၃၀၀ ကိုပါ ယဲ့ချန်းရှန့် လက်ထဲ ထည့်ပေးလိုက်ပါသည်။

“စတုတ္ထအစ်ကို ဒီငွေတွေကို ခဏသိမ်းထားပြီး နောက်ကျရင် အဖေနဲ့အမေတို့လက်ထဲ ထည့်ပေးဖို့ ကူညီပါဦး၊ ခုတလော သူတို့ တော်တော်ခက်ခဲနေရှာမှာ”

ယဲ့ရှောင်ရှောင် ဤသို့ လုပ်လိုက်ရခြင်းမှာ ယဲ့ချန်းရှန့်သည် မိသားစုအခြေအနေကို နားလည်သူတစ်ယောက်ဖြစ်မှန်း သိနေခြင်းကြောင့် ဖြစ်ပါသည်။

ထို့အတွက်ကြောင့်ပင် မူရင်းဝတ္ထုထဲတွင် ဟောက်ယန်ယန်ကို ယဲ့မိသားစုဝင်များအနက် ယဲ့ချန်းရှန့်က အမုန်းတီးဆုံး ဖြစ်ခဲ့ရလေသည်။

ဒုက္ခိတဖြစ်သွားခဲ့ရခြင်းကြောင့် ဝတ္ထုထဲမှ ယဲ့ချန်းရှန့်၏ စရိုက်မှာ အလွန်ခါးသီးပြီး အေးစက်တည်ငြိမ်လှသည်။ ယဲ့မိသားစုကို ကပ်ဆိုက်စေခဲ့သည့် ဇာတ်လိုက်မင်းသမီး(ဟောက်ယန်ယန်)နှင့် မူရင်းခန္ဓာကိုယ်ပိုင်ရှင်(ယဲ့ရှောင်ရှောင်)တို့ နှစ်ယောက်စလုံးကို သူစက်ဆုပ်မုန်းတီးခဲ့ပါသည်။

ယဲ့ရှောင်ရှောင်ကို ယဲ့ချန်းရှန့် လှည့်ကြည့်လိုက်သည်။

‘ငါတို့မိသားစုငွေတွေကို ယန်ယန် အကုန်ယူသွားတဲ့အကြောင်း သူသိထားတာလား’

ယဲ့ရှောင်ရှောင်ကို ထိုအကြောင်း မည်သူပြောပြခဲ့မှန်း ယဲ့ချန်းရှန့် မသိပါ။ သို့သော် သူမ၏ လက်ရှိလုပ်ရပ်များကိုတော့ သူအတော်လေး သဘောကျမိပါသည်။

“နင်ကိုယ်တိုင် ပေးလို့မရဘူးလား”

“သမီးရှက်လို့လေ”

ယဲ့ရှောင်ရှောင် မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး အပြောင်အပျက် မျက်နှာဖြင့် ဆိုလိုက်သည်။

အပြင်တွင် အလုပ်လုပ်ရသဖြင့် ရာသီဥတုဒဏ်ကို ခံထားရသော်လည်း ယဲ့ရှောင်ရှောင်၏ အသားအရေမှာ နူးညံ့ ချောမွေ့နေဆဲပင်။ ရွာက ကလေးများနှင့် သိသိသာသာ ခြားနားပါသည်။

သူမသည် လှပသည်။ မျက်နှာကို ပုံဆိုးပန်းဆိုးဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ပြနေလျှင်ပင် ရုပ်ဆိုးမသွားစေဘဲ ချစ်ဖို့ ပိုကောင်းသွားစေပါသည်။

ယဲ့ချန်းရှန့်က ငွေများကို သိမ်းဆည်းရင်း ဆိုလိုက်သည်။

“ဒီငွေတွေအကုန် နင်ရှာထားတာလို့ အဖေနဲ့အမေ့ကို ပြောလိုက်မယ်”

ယဲ့ရှောင်ရှောင် ပခုံးတွန့်ပြလိုက်သည်။

ငွေများကို ဝေစုခွဲပြီးသည်နှင့် မောင်နှမသုံးယောက် အနားယူနိုင်ခဲ့ပါပြီ။

လွန်ခဲ့သည့် ရက်များက အေးစက်နေသည့် ရာသီဥတုထဲ ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ရသည့် မြေးများအတွက် မြောင်ဖုန့်ရှန်း သနားသွားခဲ့သည်။

“မင်းတို့တွေ အိမ်မှာ နားနားနေနေ နေလိုက်ကြဦး၊ အဘိုး အသားငါးတွေ သွားဝယ်လိုက်ဦးမယ်၊ ဒီနေ့ညတော့ ညစာကောင်းကောင်း ချက်စားကြတာပေါ့”

“ကျွန်တော်လိုက်ခဲ့မယ် အဘိုး”

ယဲ့ချန်းရှန့် မတ်တပ်ရပ်ကာ ပြောလိုက်သည်။

“မလိုပါဘူး အိမ်မှာပဲ နေခဲ့”

မြေးများအားလုံးအနက် အငယ်ဆုံး၊ ဉာဏ်အကောင်းဆုံးနှင့် အနုနယ်ဆုံးဖြစ်သည့် စတုတ္ထမြေးကို မြောင်ဖုန့်ရှန်း အချစ်ဆုံးပင်ဖြစ်သည်။

တစ်လနီးပါး အလုပ်လုပ်ခဲ့ရသဖြင့် ပင်ပန်းနေသည့် ကလေးများကို ထပ်ပြီး ဒုက္ခမပေးချင်တော့ပါ။

“ကျွန်တော်မပင်ပန်းပါဘူး အဘိုးရဲ့”

ယဲ့ချန်းရှန့် ဖိနပ်အမြန်စီးလိုက်ပြီး မြောင်ဖုန့်ရှန်းနှင့်အတူ ခေါင်းမာစွာ လိုက်သွားလေတော့သည်။

တစ်ဖက်တွင်မူ ယဲ့ချန်းယွမ်က ပိုးမသေနိုင်သေးဘဲ တက်ကြွနေဆဲဖြစ်သည်။

“ရှောင်ရှောင်… ပိုက်ဆံရှာရတာ ဒီလောက် လွယ်မယ်လို့ ငါထင်မထားခဲ့ဘူး”

“ငွေရှာရတာက မလွယ်ပါဘူး၊ သမီးတို့ ကံကောင်းသွားလို့သာ ဒီလောက်ရခဲ့တာ”

ယဲ့ရှောင်ရှောင်ကတော့ အတော်လေး တည်ငြိမ်နေခဲ့သည်။

၁၉၈၀ ခုနှစ်များတွင် အပြင်လောက၌ အခွင့်အလမ်းများ၊ သန်းကြွယ်သူဌေးများစွာ ရှိနေသော်လည်း လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဟူသည်မှာ များသောအားဖြင့် ကံနှင့်သာ သက်ဆိုင်လေ့ရှိပါသည်။

သူမသည် ဆေးကျောင်းသူတစ်ယောက်ဖြစ်ခဲ့သည့်အလျောက် စီးပွားရေးကြီးကြီးမားမားလုပ်ဖို့အတွက် လုံလောက်သည့် အတွေ့အကြုံနှင့် ပညာတို့ ရှိမနေပေ။

ယဲ့ရှောင်ရှောင်သည် မိမိအခြေအနေကိုမိမိ နားလည်ပါသည်။

ယဲ့ချန်းယွမ်: “ဟုတ်ပါတယ် ရှောင်ရှောင်ရဲ့၊ ဒါပေမယ့် နင့်ကြောင့်သာမဟုတ်ရင် ငါတို့ ဒီလောက်အများကြီးရခဲ့မှာမဟုတ်ဘူးလေ”

ယဲ့ရှောင်ရှောင် အတွေးလွန်နေစဉ် ယဲ့ချန်းယွမ်၏ စကားကို ကြားပြီး ခေါင်းလှည့်လာခဲ့ပါသည်။

မူရင်းဝတ္ထုထဲတွင် ယဲ့ချန်းယွမ်၏ မိသားစုက အရေးမပါသည့် ဇာတ်ကောင်များဖြစ်ကြသဖြင့် သူတို့အကြောင်း အကျယ်ဖွဲ့ ရေးသားထားခြင်းမရှိပါ။

သို့သော် မူရင်းဝတ္ထုဇာတ်လမ်းအရဆိုလျှင် ဇာတ်လိုက်များ၏ မင်္ဂလာပွဲသို့ ယဲ့မိသားစုဝင်တစ်ဦးတစ်ယောက်မှ တက်ရောက်မလာခဲ့ပေ။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ယဲ့ချန်းယွမ်တို့ မိသားစုလည်း ဇာတ်သိမ်းကောင်းခဲ့ပုံမပေါ်ပါ။

ထို့ကြောင့် သူ့ကို ယဲ့ရှောင်ရှောင် စိတ်ရင်းဖြင့် သတိပေးလိုက်သည်။

“အစ်ကိုယွမ် စာကြိုးစားရမယ်နော်၊ သမီးတို့ အခုရထားတဲ့ငွေနဲ့ဆို တစ်နှစ်လောက်ပဲ ဖူလုံနိုင်မှာ”

ယဲ့ချန်းယွမ် သက်ပြင်းချမိသည်။

“ဒါပေမယ့် ငါက ချန်းရှန့်လောက်မှ စာမတော်တာ၊ ငါ့မှာအစီအစဉ်တစ်ခုတော့ ရှိပါတယ်၊ နောက်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမအောင်ခဲ့ရင် စစ်တပ်ထဲ ဝင်တော့မယ်”

သို့သော် ယခုခေတ်တွင် စစ်တပ်ထဲဝင်ဖို့ဟူသည်မှာလည်း ယခင်ကလောက် မလွယ်ကူတော့ပေ။ အရာရှိကြီးများ၏ လူတွေ့ စစ်ဆေးမှုကို အောင်မြင်ဖို့ လိုအပ်ပါသည်။

ယဲ့ရှောင်ရှောင်က အားပေးသည်။

“အစ်ကိုယွမ်က အရပ်လည်းရှည်တယ်၊ ခါးကုန်းတာတွေ ခြေခွင်တာတွေလည်း မရှိဘူး၊ စစ်တပ်ထဲဝင်ဖို့ ပြဿနာ မရှိလောက်ပါဘူး”

စစ်တပ်ထဲဝင်ခြင်းက ယဲ့ချန်းယွမ် ရွေးချယ်နိုင်သည့် မည်သည့်အရာထက်မဆို ပိုကောင်းပါသည်။

တစ်လတာ အတူတူဖြတ်သန်းပြီးနောက် ယဲ့ချန်းယွမ်၏ ပေါ့ပါးပြီး ရိုးအသည့် စရိုက်သည် စီးပွားရေးလောကတွင် ပစ်မှတ်ထားဖို့ လွယ်ကူသည့် စရိုက်တစ်ခုဖြစ်မှန်း ယဲ့ရှောင်ရှောင် နားလည်ခဲ့ရပါသည်။

ယဲ့ရှောင်ရှောင်၏ စကားများကြောင့် ယဲ့ချန်းယွမ်လည်း လွန်စွာ အားတက်သွားခဲ့ရပြီး စစ်တပ်ထဲဝင်ဖို့ ဆုံးဖြတ်ချက် ပိုမိုခိုင်မာသွားခဲ့ရတော့သည်။

မြောင်ဖုန့်ရှန်းနှင့် ယဲ့ချန်းရှန့်တို့ မြေးအဘိုးနှစ်ယောက် ဝက်သား နှစ်ပေါင်နှင့် ဂျုံတစ်အိတ်တို့ကို သယ်ဆောင်ရင်း အိမ်ပြန်ရောက်လာခဲ့ကြသည်။

“ဒီနေ့ မင်းတို့ကို အဘိုး ဝက်သားဖက်ထုပ်လုပ်ကျွေးမယ်”

ထိုကဲ့သို့ အစားအသောက်မျိုးကို ပုံမှန်အားဖြင့် နှစ်သစ်ကူးကဲ့သို့ နေ့ထူးနေ့မြတ်များတွင်သာ စားရလေ့ရှိပါသည်။

အပူပေးကုတင်နိမ့်ပေါ်တွင် ထိုင်နေသည့် ယဲ့ချန်းယွမ်တစ်ယောက် မျက်လုံးများ အရောင်လက်သွားသည်။

“အဘိုးက အရမ်းမိုက်တာပဲ!”

ခဏအကြာတွင် အဘိုးမြောင်၏ အိမ်ကလေးထဲ အသားခုတ်ထစ်သံများ ဂျုံနယ်သံများဖြင့် စီစီညံသွားတော့သည်။

ဖက်ထုပ်ထဲထည့်မည့် ဝက်သားကို ဦးစွာနုပ်နုပ်စဉ်းရသည်။ ဂေါ်ဖီထုပ်တစ်လုံးကိုလည်း နုပ်နုပ်စဉ်းပြီး အသားနှင့် ရောကာ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်၊ နှမ်းဆီ၊ အမွှေးအကြိုင်မှုန့် စသည်တို့ဖြင့် နယ်ရပါသည်။

ဖက်ထုပ်မလုပ်ရသေးခင်မှာပင် ပန်းကန်လုံးထဲရှိ အစာများကို ကြည့်ရုံနှင့် သွားရည်ကျစရာကောင်းလှပါသည်။

အဘိုးမြောင်က ဂျုံကိုလည်း ကျွမ်းကျွမ်းကျင်ကျင် နယ်ပြခဲ့သည်။

ယဲ့ရှောင်ရှောင် ဝင်ကူညီပေးချင်ခဲ့သော်လည်း အခြေအနေကို အကဲခတ်ပြီးနောက် သူမ ကူညီပေးနိုင်သည့်နေရာ သိပ်မရှိကြောင်း နားလည်ခဲ့ရသည်။

မြောင်ဖုန့်ရှန်းကလည်း ကလေးများကို ကူညီပေးခွင့်မပြုပါ။ တစ်ဦးတည်း အလုပ်လုပ်ရသည်ကို အသားကျနေသူတစ်ယောက် ဖြစ်သည့်အလျောက် အခြားသူများပါလာလျှင် သူ့အတွက် အနှောင့်အယှက်ဖြစ်ရုံသာ ရှိပါလိမ့်မည်။

ထို့ကြောင့် ယဲ့ရှောင်ရှောင်တို့ မောင်နှမသုံးယောက် အပူပေးကုတင်နိမ့်ပေါ်တွင်သာ ထိုင်စောင့်နေခဲ့ကြသည်။

ယဲ့ချန်းရှန့်သည် အနည်းငယ် ပျင်းရိလာသဖြင့် မြောင်ဖုန့်ရှန်း စုဆောင်းထားသည့် စာအုပ်အချို့ကို ယူကာ ဖတ်ရှုနေခဲ့ပါသည်။

အဘိုးမြောင်၏ အိမ်တွင် စာအုပ်များစွာ ရှိသည်။ အထက်တန်းအဆင့်ရှိသည့် စာအုပ်များလည်း ပါဝင်ပါသည်။

ယဲ့ရှောင်ရှောင်ကို ယဲ့ချန်းရှန့် မေးကြည့်လိုက်သည်။

“ကျောင်းမှာ နင်ဘယ်နှတန်းရောက်ပြီလဲ”

ယဲ့ရှောင်ရှောင်က ပြန်ဖြေသည်။

“အစ်ကိုနဲ့အတူတူပဲ၊ နောက်နှစ်ဆို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေရတော့မှာ”

“အဆင့်တွေကော ဘယ်လိုရှိလဲ”

“မဆိုးဘူးလို့ထင်တာပဲ”

ယခင်ဘဝက ယဲ့ရှောင်ရှောင်သည် စာတော်သူတစ်ယောက်ဖြစ်သော်လည်း ယခု တက္ကသိုလ်ကျောင်းသူဘဝကို အစက ပြန်စရမည်ဖြစ်၍ ယုံကြည်ချက် သိပ်မရှိလှပါ။

ယုံကြည်ချက် သိပ်မရှိသည့် ယဲ့ရှောင်ရှောင်၏ ပုံစံကိုကြည့်ရင်း သူမ ဟန်လုပ်နေခြင်းဖြစ်မည်ဟု ယဲ့ချန်းရှန့် ထင်သွားပါသည်။

သူမလည်း ဟောက်ယန်ယန်လိုပင် စာညံ့လောက်သည်။

ယဲ့ရှောင်ရှောင်သည် စားပွဲပေါ်မှ သင်္ချာစာအုပ်တစ်အုပ်ကိုယူကာ ဖွင့်ဖတ်ကြည့်လိုက်ပါသည်။ အနည်းဆုံးတော့ သူမ သိထားသည့် အချက်အချို့ကို ပြန်နွှေးဖို့ လိုအပ်သည်။

စာအုပ်တစ်အုပ်လုံးကို ခပ်မြန်မြန်လှန်ကြည့်လိုက်ရာ ၁၉၈၀ ခုနှစ်များ၏ ဖတ်စာအုပ်များက ခေတ်သစ်၏ ဖတ်စာအုပ်များနှင့် မတူညီသော်လည်း အဓိကကျသည့် အချက်များမှာမူ အတူတူပင်ဖြစ်သည်ကို သူမ နားလည်ခဲ့ရသည်။

ထို့ကြောင့် တစ်ချက်လောက်ကြည့်လိုက်ရုံနှင့် ယဲ့ရှောင်ရှောင် အားလုံးကို မှတ်မိသွားခဲ့သည်။

သင်္ချာစာအုပ်ကို ဖတ်ရှုပြီးနောက် အင်္ဂလိပ်စာဖတ်စာအုပ်တစ်အုပ်ကို ယဲ့ရှောင်ရှောင် တွေ့သွားသည်။

အကြောင်းအရာက အခြေခံကျပါသည်။ ရိုးရှင်းသည့် ဝေါဟာရအချို့နှင့် စကားပြောအချို့သာ ပါဝင်သည်။

ယဲ့ရှောင်ရှောင်၏ ဆူဆူညံညံ ဖတ်စာအုပ်လှန်သံများကြောင့် ဘေးနားတွင် ပုစ္ဆာတွက်နေသည့် ယဲ့ချန်းရှန့် စိတ်အနှောင့်အယှက်ဖြစ်သွားလေသည်။

ယဲ့ချန်းရှန့် ခေါင်းမော့ကြည့်လိုက်ရာ လွန်ခဲ့သည့် နှစ်မိနစ်ခန့်ကမှ သင်္ချာစာအုပ်လှန်ဖတ်နေသူက ယခုတော့ အင်္ဂလိပ်စာအုပ်ကို ပြောင်းကိုင်ထားမှန်း မြင်လိုက်ရပါသည်။

သူမျက်မှောင်ကြုတ်သွားခဲ့သည်။

“ဘာလဲဟ… Cosine တွေ Sine တွေရဲ့ အဓိပ္ပာယ်ကိုတောင် မသိတော့ဘူးလား”

📗 Chapter 12

ယဲ့ရှောင်ရှောင် မျက်လုံးပြူးသွားခဲ့သည်။

‘ယဲ့ချန်းရှန့်က တော်တော်နောက်တတ်ပါလား!’

“သမီး အဲ့စာလုံးတွေရဲ့ အဓိပ္ပာယ်လိုက်ရှာနေတာ မဟုတ်ဘူး၊ ဒီတိုင်း စာအုပ်ဖတ်နေတာပါ”

“ဪ… လုပ်ချင်တာသာလုပ်”

ယဲ့ရှောင်ရှောင်: “…”

ဘာလဲဟ… စိတ်ရှုပ်ဖို့ကောင်းလိုက်တာ!

မကြာမီ အဘိုးမြောင်၏ တာဝန်များ ပြီးဆုံးသွားခဲ့ပါသည်။ စာအုပ်အနည်းငယ် ဖတ်ရှုပြီးနောက် ဂျုံနှင့် အသားများ အဆင်သင့်ဖြစ်သည်နှင့် ယဲ့ရှောင်ရှောင်တို့ မောင်နှမသုံးယောက် ဖက်ထုပ်ထုပ်ဖို့နှင့် ရေနွေးကျိုဖို့ ကူညီပေးခဲ့ကြသည်။

ယဲ့ရှောင်ရှောင်သည် ဖက်ထုပ်ထုပ်သည့်နေရာတွင် အတော်လေး ညံ့ဖျင်းပါသည်။ အခြားသူတို့၏ ဖက်ထုပ်များက ညီညီညာညာနှင့် လှပသော်လည်း ယဲ့ရှောင်ရှောင်၏ ဖက်ထုပ်များကမူ ပဲ့ရွဲ့စွေစောင်းနေခဲ့ပါသည်။

အဘိုးမြောင် အားရပါးရ ရယ်မောလိုက်ပြီး ယဲ့ရှောင်ရှောင်ကို ဖက်ထုပ်ထုပ်နည်း သင်ပေးခဲ့သည်။

နောက်ဆုံးတွင် ယဲ့ရှောင်ရှောင်သည် ဖက်ထုပ်များကို တရုတ်ငွေတုံးကလေးများနှင့် တူအောင်ပင် လှလှပပလေး ထုပ်နိုင်ခဲ့လေသည်။

ယဲ့ရှောင်ရှောင် အလွန်ကျေနပ်သွားခဲ့၏။

ယခင်ဘဝကဆိုလျှင် အိမ်တွင် အိမ်စေအဒေါ်ကြီးကသာ အရာရာ ချက်ပြုတ်ပေးရပြီး သူမ၏ မိသားစုဝင်များက အလုပ်များကြသူများဖြစ်၍ မီးဖိုချောင်ထဲ တစ်ခါမှ မဝင်ကြပေ။

ထို့ကြောင့် ယခုတစ်ခါက သူမအတွက် အတွေ့အကြုံသစ်တစ်ခုရရှိလိုက်သလိုပင်။

အိုးကြီးထဲရှိ ရေနွေးများ ပွက်ပွက်ဆူလာသောအခါ မြောင်ဖုန့်ရှန်းက ဖက်ထုပ်များကို စတင်ထည့်တော့သည်။ ဖက်ထုပ်ကလေးများ ရေပေါ်သို့ ပေါလောပေါ်လာသောအခါ ဆယ်ယူဖို့ အသင့်ဖြစ်ပါပြီ။

မြောင်ဖုန့်ရှန်းသည် အသင့်ဖြစ်နေသည့် ဖက်ထုပ်များကို ပန်းကန်လုံးများ၊ ပန်းကန်ပြားများဖြင့် ထည့်ကာ အိမ်လုပ်အချဉ်များနှင့်အတူ တည်ခင်းပေးခဲ့သည်။

ကျေးရွာဘက်တွငင် ဖက်ထုပ်များအတွက် အရံအစားအစာ များများစားစား မလိုအပ်ပါ။ ထို့အပြင် အဘိုးမြောင်၏ အိမ်တွင် အိုးကြီးတစ်လုံးသာ ရှိသည်မို့ ဖက်ထုပ်ပြုတ်ပြီးမှ ဟင်းထပ်ချက်ရသည်ကလည်း အလုပ်ရှုပ်လှပါသည်။

အားလုံးက ဖက်ထုပ်တစ်မျိုးတည်းနှင့်ပင် ကျေနပ်နေကြပါပြီ။

ညစာစားပြီးနောက် မိုးလည်း ချုပ်ခဲ့လေပြီ။

အခြားလုပ်စရာမရှိတော့သဖြင့် အားလုံး အိပ်ရာစောစောဝင်ခဲ့ကြသည်။

သို့သော် ယနေ့က အားလုံးအတွက် စိတ်လှုပ်ရှားစရာကောင်းသည့် နေ့လေးဖြစ်၍ ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ကြပေ။

ယဲ့ချန်းရှန့်တစ်ယောက် မီးအိမ်ဘေးတွင် စာဖတ်နေပါသည်။

ယဲ့ရှောင်ရှောင်က စာမဖတ်ဘဲ ယဲ့ချန်းရှန့်ကို ပြောလိုက်သည်။

“အမှောင်ထဲမှာ အဲ့လိုစာဖတ်ရင် မျက်လုံးပျက်တတ်တယ်နော်”

“သူများတွေလည်း ဒီလိုပဲ လေ့လာရတာပဲ”

မျက်လုံးအတွက် မကောင်းမှန်း ယဲ့ချန်းရှန့် သိသော်ငြား ဘာမှ မတတ်နိုင်ပေ။

သူတို့ဆီမှ ပညာရေးအဆင့်အတန်းသည် နဂိုကတည်းက နောက်ကျနေသည်ဖြစ်၍ တစ်နိုင်ငံလုံးက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုသူများနှင့် ယှဉ်လိုက်လျှင် အလွန်အားနည်းနေပါသည်။ ထို့ကြောင့် အခွင့်ထူးခံမဟုတ်သည့် သူတို့က ပိုပြီး ကြိုးစားသင့်ပေသည်။

“နောက်ရက်ကျရင် စာတိုက်ကို သွားကြည့်ရအောင်၊ သမီးအတွက် စာတွေဘာတွေရောက်နေလား မသိဘူး”

အချိန်ကို တွက်ချက်ကြည့်သောအခါ သွမ်လဲ့တစ်ယောက် ပေကျင်းမြို့သို့ ပြန်ရောက်ပြီး စာများ ပို့ထားလောက်ပြီ ဖြစ်သည်။

တစ်လပင် ကြာပြီဖြစ်၍ ဦးလေးသွမ်က သူ့ကို အိမ်ထဲမှအိမ်အပြင် မထွက်ခိုင်းဘဲ အပြစ်ပေးခဲ့မည် ဆိုလျှင်တောင် ယခုလောက်ဆို လွတ်မြောက်နေလောက်ပါပြီ။

ယဲ့ချန်းရှန့်: “အေးပါ”

“မြောင်ဖုန့်ရှန်း! ထွက်လာခဲ့စမ်း!!”

ရုတ်တရက်ဆိုသလိုပင် အပြင်ဘက်မှ စူးစူးရှရှ အော်သံတစ်သံ ထွက်ပေါ်လာသဖြင့် အိမ်ငယ်ကလေး၏ တိတ်ဆိတ်ငြိမ်သက်မှုများ ပျက်စီးသွားရသည်။

ထိုအသံတွင် ဒေါသများ အပြည့်ပါနေသဖြင့် ပြဿနာရှာဖို့ ရောက်လာသည့်လူတစ်ယောက်ဖြစ်မှန်း သေချာနေပါပြီ။

ကံမကောင်းစွာဖြင့် အပြင်တွင် အလွန်မှောင်မိုက်နေ၍ မည်သူမည်ဝါဖြစ်မှန်း ခန့်မှန်းရခက်လှသည်။

မြောင်ဖုန့်ရှန်းလည်း ထို့နည်းတူစွာ ဇဝေဇဝါဖြစ်မိပါသည်။

ဤအချိန်ကြီး ရောက်ရှိလာသူက မည်သူဖြစ်ကြောင်း သိရဖို့အတွက် အိမ်တံခါးကိုဖွင့်ကာ အပြင်ထွက်လာခဲ့သည်။

ယဲ့ရှောင်ရှောင်တို့ မောင်နှမတွေလည်း အဘိုးဖြစ်သူ အနိုင်ကျင့်ခံရမည်စိုးသဖြင့် အပူပေးကုတင်နိမ့်ပေါ်မှ အမြန်ဆင်းကာ လိုက်လာခဲ့ကြသည်။

ခြံတံခါးဝရှေ့တွင် လီဟယ့်သည် ဒေါသထွက်နေသည့် မိန်းမတစ်ယောက်ကို အသည်းအသန် တားဆီးဖို့ ကြိုးစားနေပါသည်။

“တော်တော့လို့! ဒီကိစ္စက ဦးလေးဖုန့်ရှန်းနဲ့ ဘာမှမဆိုင်ဘူးကွ! ပြဿနာ သွားမရှာစမ်းပါနဲ့!”

ထိုမိန်းမက လီဟယ့်ကို တွန်းထုတ်ပြီး ပြန်ငေါက်လိုက်သည်။

“ဘာလို့မဆိုင်ရမှာလဲ! ဒီအလုပ်ကိုစလုပ်တာ သူတို့မိသားစုလေ၊ အခုကျမှ သူတို့က လှည့်ထွက်သွားတော့ ကျွန်မတို့ ဒုက္ခရောက်တာပေါ့!”

မြောင်ဖုန့်ရှန်း ဓာတ်မီးတစ်လက်ကိုင်ရင်း အိမ်ပြင်ထွက်လာသောအခါ အိမ်ရှေ့တွင် ဆူညံနေသူများက လီဟယ့်နှင့် သူ့ဇနီး ကျန်းကွေ့မိန်တို့ဖြစ်ကြမှန်း သိလိုက်ရပါသည်။

“မင်းတို့နှစ်ယောက်ပါလား၊ ဘာတွေဖြစ်လို့လဲ… ဒီနေ့ ငါ့မြေးတွေ မြည်းလှည်းခ ရှင်းပေးခဲ့တာ အဆင်မပြေလို့လား”

အမှောင်ထဲတွင် လီဟယ့် အလွန်အရှက်ရသွားပြီး တီးတိုး ပြန်ဖြေလိုက်ပါသည်။

“လှည်းခက ပြဿနာမရှိပါဘူး ဦးလေး…”

နှစ်ယောက်စလုံးကို မြောင်ဖုန့်ရှန်း သေချာအကဲခတ်လိုက်သည်။

“ဒါဆို ဘာက ပြဿနာရှိတာတုန်း”

ကျန်းကွေ့မိန်သည် လီဟယ့်ကို ဘေးသို့ တွန်းထုတ်ပြီး ရှေ့ဆက်တိုးလာခဲ့ပါသည်။

“ကျွန်မပြောတာ နားထောင် ဦးလေး! ရုပ်ရှင်ပြတဲ့နေရာတွေမှာ နေကြာစေ့ရောင်းတဲ့ဇာတ်လမ်းကို စခဲ့တာ ဦးလေးတို့ မိသားစု မဟုတ်ဘူးလား၊ အခု ဦးလေးတို့မိသားစုက ပိုက်ဆံရှာတာဝသွားလို့ ဒီတိုင်းထွက်သွားတော့ ကျွန်မတို့က နေကြာစေ့တွေ အပုံလိုက်နဲ့ ကျန်ခဲ့ပြီလေ! ကဲ အဲ့တော့ ကျွန်မတို့ ဘာဆက်လုပ်ရမလဲ၊ ဦးလေးတို့မိသားစု တာဝန် မယူသင့်ဘူးလား၊ ဦးလေးတို့မှာ တာဝန်မရှိဘူးလား!”

ယဲ့ရှောင်ရှောင် အပြင်ထွက်လာသောအခါ ထိုစကားလုံးများကို ကြားလိုက်ရပြီး ထိုမိန်းမ၏ အရှက်မရှိပုံကို အလွန်အံ့အားသင့်သွားခဲ့ရပါသည်။

မြောင်ဖုန့်ရှန်း အရှုံးပေးလိုက်မည်စိုးသဖြင့် ယဲ့ရှောင်ရှောင် အမြန်ဝင်ပြောလိုက်သည်။

“ဒေါ်လေး၊ ဒေါ်လေးရဲ့ မျက်နှာကို ရှေ့တန်းမှာ ကျည်ကာအင်္ကျီအဖြစ် သုံးလိုက်ရင် နိုင်ငံတော်အတွက် တော်တော် အကျိုးရှိသွားမှာ”

ယဲ့ချန်းရှန့် စိတ်မထိန်းနိုင်ဘဲ ခိုးရယ်လိုက်မိသည်။

“ဟားဟားဟား”

ကျန်းကွေ့မိန် အလွန်ဒေါသထွက်သွားပါသည်။

“နင်ဘာစကားပြောတာလဲ!”

ယဲ့ရှောင်ရှောင်၏ အကြည့်သည် ကျန်းကွေ့မိန်၏ အနောက်ဘက်ရှိ နေကြာစေ့အိတ်များဟုထင်ရသော အိတ်ကြီးများနှင့် ပြည့်နှက်နေသည့် မြည်းလှည်းထံသို့ ရောက်ရှိသွားခဲ့ပါသည်။

အောင်မယ်လေး…

သူတို့တော်တော် ဝယ်ထားကြတာပဲ…

အဲ့တာကြောင့်လည်း ဒီလောက် အသည်းအသန်ဖြစ်နေကြတာနေမှာ

ယဲ့ရှောင်ရှောင် ပခုံးတွန့်ပြကာ ဆိုလိုက်သည်။

“ကျွန်မပြောချင်တာက ကျွန်မတို့နေကြာစေ့ရောင်းတာကို ရှင်တို့ဖာသာ လိုက်အတုခိုးပြီးရောင်းတာ ကျွန်မတို့နဲ့ ဘာမှမဆိုင်ဘူး၊ ဒီလုပ်ငန်းကို ဆက်လုပ်ချင်တယ်ဆိုရင် ကျွန်မတို့ရဲ့ အကြံဉာဏ်အတွက် အဖိုးအခတောင် ပေးသင့်တာ”

“နင်… နင် ငါတို့ကို နေကြာစေ့တွေ ဒီနေ့ရောင်းကုန်အောင် ကူညီမပေးဘူးဆိုရင် ငါမပြန်ဘူး!”

ကျန်းကွေ့မိန်မှာ ရိုးအသည့် ယောက်ျားဖြစ်သူနှင့်မတူဘဲ ပြဿနာအလွန်ရှာတတ်ပြီး သူတပါးကို အမြဲတမ်း အနိုင်ကျင့်လေ့ရှိပါသည်။

သူမ၏ အရှက်မဲ့လှသော လုပ်ရပ်ကို မြင်ပြီး မြောင်ဖုန့်ရှန်း၏ မျက်နှာ ခက်ထန်သွားခဲ့သည်။

“လီဟယ့်၊ မင်းမိန်းမရဲ့လုပ်ရပ်ကို မင်းလက်ခံနိုင်လား”

“ကျွန်တော်တောင်းပန်ပါတယ် ဦးလေးဖုန့်ရှန်းရယ်၊ သူ့ကို ခေါ်ထုတ်သွားပေးပါ့မယ်”

လီဟယ့်သည် မကောင်းမှန်းသိသော်လည်း ကျန်းကွေ့မိန်ကို မထိန်းချုပ်နိုင်ခဲ့ပါ။

လီဟယ့် ဆွဲမခေါ်နိုင်ခင် ကျန်းကွေ့မိန်မှာ အာခေါင်ခြစ်လျက် အော်ဟစ်လေတော့သည်။

“မတရားဘူးဟေ့! ငါ့ယောက်ျားကတောင် ငါ့ဘက်ကမပါဘဲ သူစိမ်းတွေဘက်ကနေပြီး ငါ့ကို အနိုင်ကျင့်နေတယ်! ငါ့ယောက်ျားကို ဘယ်လိုမြေခွေးတွေက ပြုစားထားတာလဲ!”

တိတ်ဆိတ်နေသည့် ညအချိန်တွင် နံရံတစ်ဖက်မှ ခွေးဟောင်သံကိုပင် အလွယ်တကူကြားနိုင်ပါသည်။

ထို့ကြောင့် ကျန်းကွေ့မိန်၏ အော်သံကြောင့် အိမ်နီးချင်းများပါ နိုးလာတော့မည့် အခြေအနေကို ရောက်ရှိနေလေပြီ။

“ခင်ဗျားဘာတွေ လျှောက်အော်နေတာလဲ!”

နဂိုကတည်းက ဒေါသထွက်နေသည့် ယဲ့ချန်းယွမ်မှာ မဟုတ်မမှန် စွပ်စွဲစကားများကို ကြားပြီး ကျန်းကွေ့မိန်ကို ရိုက်နှက်ဖို့ ပြေးထွက်လာခဲ့သည်။

သို့သော် သူစိမ်းများရှေ့တွင် မိန်းမဖြစ်သူကို ကာကွယ်ပေးဖို့ တာဝန်ရှိသဖြင့် ယဲ့ချန်းယွမ်ကို လီဟယ့် အမြန်တားလိုက်ပါသည်။

“ချန်းယွမ် ဒေါသမထွက်ပါနဲ့ကွာ၊ ဦးလေး ရှင်းလိုက်ပါ့မယ်၊ မင်းဒေါ်လေးကို အခုပြန်ခေါ်သွားပေးမယ်နော်”

ယဲ့ချန်းယွမ်ကို သူတားဆီးနိုင်ခဲ့သော်လည်း ယဲ့ရှောင်ရှောင်ကတော့ ခြားနားပါသည်။

ကျန်းကွေ့မိန် မဟုတ်မမှန်စကားများ အော်ဟစ်ပြောဆိုလာသောအခါ ယဲ့ရှောင်ရှောင် ဝုန်းခနဲ ပြေးထွက်လာပြီး သူမဆံပင်ကို ဆောင့်ဆွဲလျက် ပါးဖြတ်ရိုက်ပစ်လိုက်တော့သည်။

သူမ၏ ပထမဆုံး ရန်ပွဲဖြစ်သဖြင့် ယဲ့ရှောင်ရှောင်သည် အားကုန်ထုတ်သုံးခဲ့ပါသည်။ တစ်ကိုယ်လုံးက အားကို စုစည်းလျက် လက်ကို ဝှေ့ယမ်းပစ်ခဲ့သည်။

“အဒေါ်ကြီး! ရှင်က ကျွန်မတို့အိမ်အထိ ပြဿနာလာရှာပြီး ငွေညှစ်ချင်တယ်ပေါ့ ဟုတ်လား၊ ရဲစခန်းကို သွားကြရအောင်လေ၊ ရဲတွေက ဘယ်လိုဖြေရှင်းပေးမလဲ ကြည့်ကြသေးတာပေါ့၊ သတိတော့ပေးထားမယ်နော်၊ သူများကို မဟုတ်မမှန်စွပ်စွဲပြီး အသရေဖျက်တာက ထောင်ချပစ်လို့ရတယ်!”

ယဲ့ရှောင်ရှောင်သည် ကျန်းကွေ့မိန်၏ ဆံပင်ကို ဆွဲထားဆဲဖြစ်သည်။ သူမက ပုပုကွကွ ထိုမိန်းမထက် အရပ်ပိုရှည်သဖြင့် အားသာချက်ရရှိထားပါသည်။

ကျန်းကွေ့မိန်တစ်ယောက် ဘာမှမတတ်နိုင်ဘဲ စူးစူးဝါးဝါး အော်ဟစ်လေသည်။

“အား!!! လီဟယ့်… လီဟယ့်! ရှင့်မိန်းမကို သူများ အနိုင်ကျင့်နေတာ ဒီတိုင်း ရပ်ကြည့်နေမှာလား!”

လီဟယ့် ကြက်သေသေသွားရသည်။ ယဲ့ချန်းယွမ်ကို သူချုပ်ထားရဆဲဖြစ်သဖြင့် သွားကူညီပေးဖို့ လက်မအားလှပါ။ ထို့အပြင် ယဲ့ချန်းယွမ်ကလည်း အလွန်အားကြီးသူတစ်ယောက်ဖြစ်သည်။

သို့သော် သူတစ်လလုံး ရင်းနှီးလာခဲ့သည့် ယဲ့ရှောင်ရှောင်မှာ နုနုနယ်နယ် ပုံစံကလေးဖြစ်ကာ အိမ်တွင် အလုပ်ကြမ်းပင် မလုပ်ရသည့် အသွင်မျိုးရှိသည်။

ယခုတော့ အိမ်တွင် လူကြမ်းကြီးလုပ်နေကျ သူ့မိန်းမသည် ထိုကောင်မလေး၏ လက်ထဲတွင် ရိုက်နှက်ခံနေရပြီး အော်ဟစ်အကူအညီတောင်းနေရပါသည်။

ရှက်စရာကောင်းလိုက်တာ!

တော်တော်ရှက်စရာကောင်းတာပဲ!

ယဲ့ချန်းရှန့်လည်း ယဲ့ရှောင်ရှောင်ကို ပြေးဆွဲပါသည်။ သို့သော် အခွင့်အရေးကိုအရယူပြီး ကျန်းကွေ့မိန်၏ ခြေထောက်အား အကြိမ်ကြိမ် တက်နင်းခဲ့သေးသည်။

မြောင်ဖုန့်ရှန်း: “သွားကြစမ်း! ငါ့အိမ်ထဲက ထွက်သွားကြ! ပြဿနာ ထပ်လာရှာရင် ငါတို့ ရဲခေါ်ပစ်မှာနော်!”

လီဟယ့်လည်း ဇနီးဖြစ်သူကို သုတ်သုတ်ပျာပျာ ပြန်ဆွဲခေါ်လိုက်ရတော့သည်။

လမ်းမပေါ်က မြည်းလှည်းသံ ပျောက်ကွယ်သွားသည့်အခါမှ ခြံထဲက လေးယောက်သား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ရင်း ပြုံးမိကြပါသည်။

ယဲ့ချန်းယွမ်: “ရှောင်ရှောင် နင်အဲ့လောက် လက်ရဲဇက်ရဲနိုင်မယ် ထင်မထားဘူး၊ သူများကို တကယ်သွားရိုက်တာပဲ”

ယဲ့ရှောင်ရှောင်က ရှက်ကိုးရှက်ကန်းဖြင့် ဆိုသည်။

“သမီး ပထမဆုံးအကြိမ် ရန်ဖြစ်ဖူးတာပါ၊ ဒေါသမထိန်းနိုင်လို့ စိတ်လိုက်မာန်ပါလုပ်လိုက်မိတာ ထင်တာပဲ”

မြောင်ဖုန့်ရှန်းက စိုးရိမ်ပူပန်စွာ မေးသည်။

“ခုနက ထိခိုက်သွားသေးလား၊ အဲ့ဒီမိန်းမက မလွယ်ဘူးနော်၊ နောက်နောင် အပြင်ထွက်ရင် အဲ့ဒီမိန်းမနဲ့ ဝေးရာကို ရှောင်သွား ကြားလား”

ယဲ့ရှောင်ရှောင်: “သမီးဘာမှမဖြစ်ပါဘူး၊ ဒါပေမယ့် နောက်ပိုင်း အဘိုးကို သူပြဿနာထပ်လာရှာရင် ဘယ်လိုလုပ်မလဲ”

မြောင်ဖုန့်ရှန်း: “အဘိုး သူ့ကိုမကြောက်ပါဘူး၊ ပြဿနာထပ်လာရှာရင် စာရင်းရှင်းဖို့ အဘိုးမှာ နည်းလမ်းတွေ အများကြီး ရှိတယ်”

မြောင်ဖုန့်ရှန်းသည် စုန့်လင်မြို့နယ်တွင် ကျောင်းဆရာအဖြစ် နှစ်ပေါင်းများစွာ ပညာသင်ကြားပေးခဲ့သူဖြစ်ကာ အဆက်အသွယ်လည်း ပေါများပါသည်။ ထို့ကြောင့် ကျန်းကွေ့မိန်ကို သူ မကြောက်ရွံ့ပေ။

ယဲ့ရှောင်ရှောင်: “အဘိုးကတစ်ခုခုတော့ တစ်ခုခုပဲ”

မြောင်ဖုန့်ရှန်း: “ဟားဟားဟားဟာား”

ခြံဝင်းလေးထဲမှ ရယ်သံများ ပျံ့လွင့်လာခဲ့ပါသည်။

ယဲ့ချန်းရှန့်သည် အဘိုးဖြစ်သူ ဘာကြောင့်ဒီလောက်ထိ ပေါ့ပျက်ပျက်နိုင်လာရသလဲဟု စဉ်းစားရင်း ခေါင်းတခါခါ ဖြစ်နေတော့သည်။

သို့သော် ယခုကဲ့သို့ ပျော်စရာကောင်းသည့် အခြေအနေကိုတော့ သူသဘောကျမိပါသည်။

ဤဖြစ်ရပ်အပြီးတွင် အားလုံး၏ ဆက်ဆံရေးမှာ ပိုမို ခိုင်မြဲသွားသလို ခံစားလိုက်ရလေတော့သည်။

All Chapters