အခန်း (၁၃-၁၄)
Vol. 2 Ch. 13-14
📗 Chapter 13
နောက်တစ်နေ့ မနက်စာ စားသောက်ပြီးသောအခါ ယဲ့ရှောင်ရှောင်သည့် စာရွက်နှင့် ဘောပင်တို့ကို ထုတ်ယူလျက် အဘိုးဖြစ်သူအား စာအချို့ရေးသားပေးရန် အကူအညီတောင်းလေသည်။
မြောင်ဖုန့်ရှန်းက ရယ်ရယ်မောမောနှင့် မေးသည်။
“အဘိုးက ဘာရေးပေးရမှာတုန်း”
ယဲ့ရှောင်ရှောင်က ဆိုသည်။
“ဆိုင်းဘုတ်တစ်ခုလုပ်ချင်လို့ အဘိုးကူညီပေးပါဦး၊ ‘ရောဂါရှာဖွေပေးရုံသာ၊ ဆေးဝါးမရောင်းပါ၊ ရောဂါမမှန်လျှင် ငွေမယူပါ၊ တစ်ကြိမ်ပြသလျှင် တစ်ယွမ်’ လို့ ရေးပေးပါအဘိုး”
ယနေ့ စုန့်လင်မြို့ဈေးကြီးတွင် ရောဂါရှာဖွေပေးသည့် အလုပ်ဖြင့် ငွေရှာရန် ယဲ့ရှောင်ရှောင် စီစဉ်ထားသည်။
အရင်းအနှီး မလိုအပ်သည့် လုပ်ငန်းတစ်ခုဖြစ်ကာ ရောဂါရှာဖွေ၊ ဆေးညွှန်းပေးပြီးလျှင် လူနာများ မည်သည့်နေရာမှ ဆေးဝါးဝယ်ယူရမည်ကိုပင် သူမ ဂရုစိုက်ရန် မလိုအပ်ပေ။
ယခင်ဘဝက ယဲ့ရှောင်ရှောင်သည် အခမဲ့ ဆေးကုသမှုများဖြင့် ကုသိုလ်ယူခဲ့ဖူးသော်လည်း ယခုတွင်မူ ရွေးချယ်စရာမရှိဘဲ ထိုပညာကို အသုံးပြုကာ ငွေရှာရပါတော့မည်။
အခန်းထဲတွင် ပြောင်းဖူးပေါက်ပေါက်စားနေသည့် ယဲ့ချန်းယွမ်က လှမ်းပြောသည်။
“ငါတို့ လူလိမ်တွေနဲ့ တူမနေလောက်ပါဘူးနော်”
ယဲ့ချန်းရှန့်က ခေါင်းခါသည်။
“မတူလောက်ပါဘူး…”
မြောင်ဖုန့်ရှန်း၏ လက်ရေးက အလွန်လှပပြီး ခံ့ညားထည်ဝါလှပေသည်။
သူသည် ရေးသားပြီးသော စာရွက်ကို သစ်သားပြားတစ်ခုပေါ်တွင် ကပ်ကာ ဆိုင်းဘုတ်တစ်ခုအဖြစ် ပြောင်းလဲလိုက်တော့သည်။
ယဲ့ရှောင်ရှောင်သည် ထိုဆိုင်းဘုတ်နှင့် အဘိုးမြောင်၏ စုတ်တံ၊ မင်အိုးတို့ကို ယူဆောင်လာသည်။ ယဲ့ချန်းယွမ်က အိမ်မှ ထိုင်ခုံများနှင့် တစ်ယောက်ထိုင် စားပွဲများကို သယ်လာခဲ့သည်။ ယဲ့ချန်းရှန့်ကမူ မနေ့ကကျန်သည့် ပြောင်းဖူးပေါက်ပေါက်များကို သယ်ဆောင်လာခဲ့ပါသည်။
မောင်နှမသုံးယောက်သား စုန့်လင်မြို့အရှေ့ဘက်ရှိ ဈေးကြီးထံသို့ ချီတက်လာခဲ့ကြသည်။
ဤနေရာတွင် တစ်လလျှင် ဈေးငယ်ငါးကြိမ်နှင့် ဈေးကြီးတစ်ကြိမ် ဖွင့်လှစ်လေ့ရှိသည်။
ယနေ့က ဈေးကြီးဖွင့်လှစ်ရမည့် နေ့ဖြစ်ပါသည်။
ထိုစနစ်ကို စတင်ကျင့်သုံးစဉ်က လူအများစုမှာ အမှားအယွင်းဖြစ်မည်စိုးသဖြင့် တွန့်ဆုတ်ခဲ့ကြသေးသည်။
သို့သော် နှစ်နှစ်ခန့်ကြာပြီးနောက် ထိုဈေးကြီးမှ ရရှိနိုင်သော အကျိုးအမြတ်များကို စတင်အသိအမှတ်ပြုလာခဲ့ကြပြီး တိုက်တွန်းစရာပင် မလိုအပ်ဘဲ အချိန်မီ ရောက်ရှိလာတတ်ကြပါသည်။
ယဲ့ရှောင်ရှောင်တို့ မောင်နှမသုံးယောက် ခပ်စောစော ရောက်ရှိလာကြသဖြင့် ဈေးကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
သူမတို့သည် နေရာကောင်းကောင်းတစ်ခုကို ရှာဖွေပြီး ဆိုင်ကို ခင်းကျင်းလိုက်ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ဈေးသည်များ ပိုမိုများပြားလာပြီး ကုန်ပစ္စည်း အမျိုးအမည်များကလည်း စုံလင်လာတော့သည်။
ဟင်းခတ်အမွှေးအကြိုင်၊ ကြက်ငှက်၊ ကောက်ပဲသီးနှံများ၊ ကြက်ဥ၊ ထန်ဟူလူ အစရှိသည်တို့ကို ရောင်းချသော ဆိုင်များရှိသကဲ့သို့ ဆံပင်ညှပ်ဆိုင်၊ စာအုပ်အငှားဆိုင်၊ ဓာတ်ပုံရိုက်ပေးသည့် ဆိုင်များပင် ရှိသေးသည်။
ကောက်ပဲသီးနှံများစွာ ရှိနေသော်လည်း အရည်အသွေးကမူ ကွဲပြားလှပါသည်။ လူအများစုက အိမ်တွင်မစားနိုင်သောအရာများကိုသာ ရောင်းချလေ့ရှိသဖြင့် ဆန်နှင့် ဂျုံတို့ကဲ့သို့ ပစ္စည်းများက ရှားပါးသည်။
ဈေးထဲတွင် ရောင်းသူထက် ဝယ်သူက ပိုမိုများပြားလှရာ အဝေးမှကြည့်လျှင် မည်းမှောင်သော တိမ်တိုက်ကြီးတစ်ခု ကိန်းဝပ်နေသကဲ့သို့ပင် ထင်ရသည်။
ဈေးတစ်ခုလုံးတွင် ဈေးသည်များ၏ အော်ဟစ်သံများ၊ ရယ်မောသံများက ရောယှက်ကာ စီစီညံနေတော့သည်။
လုပ်ငန်းအသေးအဖွဲလေးများကို လုပ်ကိုင်နေကြသည့် ဈေးဆိုင်ချင်းအတူတူ ယဲ့ရှောင်ရှောင်၏ ဆိုင်ကလေးမှာမူ အခြားဆိုင်များထက် လူသတိမထားမိစရာ ပိုဖြစ်နေပါသည်။
လူအတော်များများမှာ ဆိုင်ကို တစ်ချက်ကြည့်လိုက်ပြီး ဆိုင်းဘုတ်ကိုပင် ဖတ်မကြည့်ဘဲ ကျော်သွားတတ်ကြသည်။
မတ်တပ်ရပ်နေရသည်မှာ အတော်ကြာပြီဖြစ်သည့် ယဲ့ချန်းယွမ်တစ်ယောက် ပျင်းရိလာခဲ့ပါသည်။
“ဟိုဘက်မှာ စည်ကားနေတာပဲ၊ ဘာတွေရောင်းနေကြတာလဲ သွားကြည့်လိုက်ဦးမယ်”
လူငယ်တစ်ဦးဖြစ်သည့်အလျှောက် ခြေမငြိမ်သည်ကို အပြစ်တင်၍ မရပေ။ ထို့ကြောင့် ယဲ့ရှောင်ရှောင် မတားခဲ့ပါ။
ယဲ့ချန်းရှန့်ကမူ ယဲ့ရှောင်ရှောင်နှင့်အတူ ဝယ်သူများရောက်လာမည့်အချိန်ကိုသာ ဆက်စောင့်နေခဲ့သည်။
ထိုစဉ် ယဲ့ရှောင်ရှောင်သည် မနေ့က ကျန်နေသည့် ပြောင်းဖူးပေါက်ပေါက်များကိုထုတ်ကာ ရုတ်တရက် အော်လိုက်သည်။
“ပြောင်းဖူးပေါက်ပေါက်တွေ အခမဲ့ရမယ်နော်!”
လူတိုင်းက ‘အခမဲ့’ဟူသည့် စကားလုံးကိုသာ ကြားပုံရသည်။
အားလုံးနီးပါး ဆတ်ခနဲ လှည့်ကြည့်ကုန်ကြပါသည်။
“ဘာက အခမဲ့လို့ ပြောလိုက်တာလဲ ကလေးမ”
ဆိုင်ရှေ့တွင်ရပ်နေသည့် အမျိုးသမီးတစ်ဦးက စိတ်ဝင်တစားမေးလိုက်သည်။
“ပြောင်းဖူးပေါက်ပေါက်တွေ အခမဲ့ ရမယ်လို့ပြောတာ၊ ဒါပေမယ့် ဒီနားမှာ ရပ်ပြီး ကျွန်မတို့ဆိုင်းဘုတ်ကို သုံးခါလောက် အော်ဖတ်ပေးရမယ်”
အဘိုးမြောင် ရေးပေးထားသည့် ဆိုင်းဘုတ်ကို ယဲ့ရှောင်ရှောင် လက်ညှိုးထိုးပြလိုက်သည်။
“အဲ… အစ်မက စာမဖတ်တတ်ဘူး ကလေးမရဲ့”
“ကိစ္စမရှိပါဘူး၊ ကျွန်မသင်ပေးမယ် နောက်ကလိုက်ဆို ‘ရောဂါရှာဖွေပေးရုံသာ၊ ဆေးမရောင်းပါ…’၊”
အမျိုးသမီး: “ရောဂါရှာဖွေပေးရုံသာ၊ ဆေးမရောင်းပါ…”
ဆိုင်းဘုတ်ကို သုံးကြိမ်သုံးခါလောက် ဖတ်ရှုပြီးနောက် အမျိုးသမီး နားလည်သွားခဲ့သည်။
“ကလေးမ၊ နင်က တကယ်ရောဂါ ရှာဖွေပေးနိုင်တာလား၊ ဒါဆို အစ်မကို စစ်ကြည့်ပေးစမ်းပါ၊ ဘာရောဂါတွေ ရှိနေသလဲ သိချင်လို့”
အမျိုးသမီးသည် ပြောင်းဖူးပေါက်ပေါက် အလကားစားရဖို့ စိတ်မဝင်စားသော်လည်း ခုတလော နေထိုင်မကောင်းဖြစ်နေပြီး ဆေးရုံလည်း မသွားနိုင်သေးပေ။
ယဲ့ရှောင်ရှောင်: “ထိုင်ပါ အစ်မ၊ ကျွန်မ သွေးခုန်နှုန်းစမ်းပေးမယ်”
အမျိုးသမီး မျက်လုံးပြူးသွားသည်။
“နင်က တကယ့် ဆရာဝန်လား၊ လာမနောက်နဲ့နော်”
“ဟုတ်ပါတယ်ဆို! ခုနလေးတင် ဆိုင်းဘုတ်ကို ဖတ်ပြီးပြီမဟုတ်ဘူးလား၊ ကျွန်မပြောတာတွေမှားရင် တစ်ပြားမှ ပေးစရာမလိုဘူး”
ဆိုင်းဘုတ်ပေါ်က စာသားများကို ယဲ့ရှောင်ရှောင် လက်ညှိုးထိုးပြလိုက်သည်။
အမျိုးသမီးမှာ ယုံတစ်ဝက်မယုံတစ်ဝက်နှင့် ထိုင်လိုက်ပြီး လက်ကို ဆန့်တန်းပေးလိုက်ပါသည်။
ယဲ့ရှောင်ရှောင်သည် သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်ပြီး လျှာထုတ်ခိုင်းကာ စစ်ဆေးကြည့်လိုက်သည်။
“အစ်မက ညဘက်တွေမှာ ချွေးထွက်များတယ်၊ အိပ်မက်တွေအများကြီးမက်လို့ ခဏခဏအိပ်ရာနိုးပြီး ကောင်းကောင်း မအိပ်နိုင်ဘူး၊ အဲ့တာကြောင့် နေ့ဘက်တွေမှာ ပင်ပန်းနွမ်းနယ်သလို ခံစားနေရတယ်၊ ဟုတ်တယ်မလား”
အမျိုးသမီးက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ် ဟုတ်တယ်”
“ကျွန်မ ဆေးညွှန်းရေးပေးလိုက်မယ်၊ ဆေးဆိုင်တစ်ဆိုင်သွားပြီး ဒီထဲကအတိုင်း ဆေးတွေ ဝယ်လိုက်၊ ဒီမြို့ထဲမှာ တရုတ်တိုင်းရင်းဆေးဆိုင်တစ်ဆိုင်ရှိတယ်၊ ဂန္ဓမာဂျင်ဆင်း နှစ်ကျပ်သားလောက်ဝယ်ပြီး အိမ်မှာ ကျိုသောက်လိုက်ပါ”
ယဲ့ရှောင်ရှောင် စုတ်တံကို လှမ်းယူလိုက်ပြီး မင်တို့ကာ ဆေးညွှန်းရေးပေးလိုက်သည်။
အလွန်လှပသည့် ယဲ့ရှောင်ရှောင်၏ လက်ရေးလက်သားကို မြင်ပြီး ဘေးနားမှ ယဲ့ချန်းရှန့် အံ့အားသင့်သွားခဲ့ရသည်။
ယဲ့မိသားစုရှိ ကလေးများအားလုံးကို မြောင်ဖုန့်ရှန်းနှင့် မြောင်စွေ့ဖန်းတို့က လက်ရေးလက်သား သင်ကြားပေးခဲ့ပါသည်။ ကလေးတိုင်းသည် အသက် ၃ နှစ်အရွယ်မှစတင်၍ သင်ကြားရသည်။
စုတ်တံကိုင်ရသည်ကို မုန်းတီးသည့် ဟောက်ယန်ယန်မှအပ ယဲ့မိသားစုရှိ ကလေးတိုင်းသည် လက်ရေးလက်သား လှပကြပါသည်။
ထို့ကြောင့် အခြားနေရာတစ်ခု၌ ကြီးပြင်းလာသည့် ရှောင်ရှောင်တွင် ဤကဲ့သို့ စွမ်းရည်မျိုး ရှိနေသည်မှာ အံ့အားသင့်စရာ ကောင်းလှသည်။
“ဟုတ်ပါပြီ၊ ဆရာမလေးကို ယုံကြည်ပြီး စမ်းကြည့်ရတာပေါ့”
အမျိုးသမီးသည် ဆေးညွှန်းကို သိမ်းဆည်းပြီးနောက် ငွေထုတ်ပေးရန် ပြင်လေသည်။
“ဆရာမလေးပြောတာ အကုန်မှန်တယ်ဆိုတော့ အစ်မငွေပေးရမှာပေါ့”
ယဲ့ရှောင်ရှောင်သည် သူမ၏ တောက်တောက်ပပ မျက်လုံးများကို တဖျပ်ဖျပ်ခတ်လျက် ဆိုလိုက်သည်။
“အစ်မက ကျွန်မတို့ရဲ့ ပထမဦးဆုံးဖောက်သည်ဆိုတော့ ငွေမတောင်းတော့ပါဘူး၊ ဒါပေမယ့် ကျွန်မတို့ဆိုင်အကြောင်း တခြားသူတွေကို ပြောပြပေးရမယ်နော်”
အမျိုးသမီး: “ဘယ်လိုပြောပြပေးရမှာလဲ”
ယဲ့ရှောင်ရှောင်: “ကျွန်မ ရောဂါရှာပေးတာ အရမ်းတိကျတယ်လို့သာ ပြောပေးပါ”
အမျိုးသမီးက ဒူးကိုပုတ်လျက်ဆိုသည်။
“အဲ့တာလေးများ လွယ်ပါတယ်အေ၊ ငါအခုပဲ လိုက်ပြောပေးပါ့မယ်”
ထိုအမျိုးသမီး ထွက်သွားပြီးနောက် ကလေးတချို့ ရောက်လာပြီး ပြောင်းဖူးပေါက်ပေါက်များ တစ်ယောက်ပြီးတစ်ယောက် ယူခဲ့ကြသည်။
ကလေးများ၏ အသံက စူးရှကျယ်လောင်သဖြင့် ကြော်ငြာအာနိသင် အလွန်မြင့်ခဲ့ပါသည်။ အော်ဟစ်ပြီးနောက် ထွက်မသွားကြသေးဘဲ ထိုနေရာမှာပင် ဆော့ကစားနေကြသဖြင့် လူအုပ်ကြီးမှာ ပိုပိုပြီး စုရုံးလာခဲ့လေသည်။
အချို့က လာရောက်ကြည့်ရှုရုံသာဖြစ်ပြီး အချို့မှာမူ အမှန်တကယ် စမ်းသပ်ခံဖို့ ရောက်ရှိလာကြခြင်းပင်။
ထိုအမျိုးသမီးက အမှန်တကယ် လိုက်လံကြေညာပေးခဲ့ပုံရသည်။ ရောက်ရှိလာကြသည့် လူနာအတော်များများက ထိုအမျိုးသမီး၏ ညွှန်းဆိုပေးမှုကြောင့် ရောက်ရှိလာသည့် လူများဖြစ်နေကြပါသည်။
ဆိုင်းဘုတ်ပေါ်တွင်လည်း ‘ရောဂါမမှန်လျှင် ငွေမယူပါ’ဟု ရေးသားထားသဖြင့် အများစုက စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
ရှေ့သို့ရောက်ရှိလာသည့် လူနာက မည်သူပဲဖြစ်နေပါစေ ယဲ့ရှောင်ရှောင်သည် ပြုံးသာပြုံးပြပြီး သူတို့၏ ရောဂါ လက္ခဏာများကို တိတိကျကျ ဖော်ပြကာ ဆေးညွှန်းများရေးသားပေးခဲ့ပါသည်။
တဖြည်းဖြည်းနှင့် လူအုပ်ကြီးသည် ထိုကလေးမလေး၏ စွမ်းဆောင်ရည်မှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် တိကျမှန်ကန်မှုရှိကြောင်း သတိပြုမိလာကြလေသည်။
အနီးနားရှိ မိုးမခပင်ရွာမှ အဘိုးကျန်းဆိုသူ၏ နှစ်ရှည်လများ ခံစားနေခဲ့ရသည့် နာတာရှည်ရောဂါဝေဒနာကို ယဲ့ရှောင်ရှောင် အတိအကျ ပြောပြနိုင်ခဲ့ပါသည်။
သူမသည် စကားကို လှအောင်ပင် မပြောခဲ့ဘဲ သက်သာဖို့ဆိုလျှင် အနားယူဖို့ လိုအပ်ကြောင်းနှင့်၊ ဆေးရုံကြီးတွင် သွားရောက်မခွဲစိတ်ဘဲ အရှင်းပျောက်ကင်းဖို့ မဖြစ်နိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။
သို့သော် သူ့အသက်အရွယ်နှင့် ကျန်းမာရေးတို့ကြောင့် ခွဲစိတ်လျှင် အန္တရာယ်များနိုင်သဖြင့် အနားယူလိုက်ခြင်းကသာ ပိုကောင်းပါလိမ့်မည်။
လူအုပ်ကြီးထံမှ တီးတိုးပြောသံများ စတင်ထွက်ပေါ်လာခဲ့သည်။
“ဒီကလေးမက တကယ်ကျွမ်းကျင်တာပဲ၊ အဘိုးကျန်းက သူငှားထားတဲ့သရုပ်ဆောင်မဟုတ်ဘူး၊ ငါတို့ရွာကလူအစစ်ပဲ”
“သူ့ပုံစံကို ကြည့်ပါဦး၊ ဒီနားတဝိုက်မှာ နေတဲ့ပုံစံမဟုတ်ဘူးနော်၊ မြို့ကြီးတစ်မြို့က ရောက်လာတဲ့ ဆရာဝန်တစ်ယောက်ပဲ နေမှာ”
“ဒီလိုအခွင့်အရေးမျိုးဆိုတာ တွေ့ရခဲတယ်နော်”
“အမှန်ပဲ၊ ငါ့အမေကို သွားခေါ်ပြီး စစ်ကြည့်ခိုင်းဦးမှပဲ၊ သူခုတလော ခေါင်းတွေအရမ်းကိုက်နေတာ”
သတင်းများပျံ့နှံ့သွားသောအခါ ယဲ့ရှောင်ရှောင်သည် ဆေးရုံကြီးတစ်ခုမှ ရောက်လာသည့် ဆရာဝန်တစ်ယောက်ဖြစ်သည်ဟု အားလုံး ထင်မှတ်ကုန်ကြလေသည်။
သိပ်မကြာလိုက်ဘဲ ယဲ့ရှောင်ရှောင်တို့၏ ဆိုင်ရှေ့တွင် လူတန်းရှည်ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
ယဲ့ချန်းရှန့်မှာ ငွေများကို တက်တက်ကြွကြွ သိမ်းဆည်းနေရလေသည်။
ယဲ့ရှောင်ရှောင် အလုပ်များနေစဉ် လမ်းမကြီးပေါ်တွင် ဂျစ်ကားတစ်စီးသည် စုန့်လင်မြို့ဈေးကို ဖြတ်သွားလေသည်။
ဈေးကြီးကို လမ်းမကြီးဘေးရှိ လယ်ကွင်းတစ်ခုထဲတွင် ခင်းကျင်းထားပါသည်။ ဆောင်းရာသီတွင် သီးနှံစိုက်ပျိုးခြင်း မရှိသဖြင့် လယ်ကွင်းမှာ အလွန်ကျယ်ဝန်းကာ လမ်းမကြီးကိုလည်း ပိတ်ဆို့ရာမကျပေ။
“အစ်ကိုလု… ဒီနေရာက တော်တော်လေး စည်ကားနေတာပဲ”
ဂျစ်ကား၏ နောက်ခန်းတွင် အမျိုးသားနှစ်ဦးထိုင်နေကြသည်။ သားရေဂျာကင်ကို ဝတ်ဆင်ထားပြီး ဆံပင်ကို နောက်သို့ လှန်ဖြီးထားသည့် တောက်တောက်ပြောင်ပြောင်ပုံစံနှင့် အမျိုးသားက ကားပြူတင်းမှန်ကိုချပြီး အပြင်ဘက်ရှိ ဈေးကြီးကို စိတ်ဝင်တစား အကဲခတ်နေပါသည်။
ကျန်တစ်ဦးမှာမူ စစ်သုံးကုတ်အင်္ကျီအစိမ်းကို ဝတ်ဆင်လျက် မျက်လုံးများကို အသာမှိတ်ထားပြီး ခြေချိတ်ကာ အေးအေးလူလူ မှီထိုင်နေလသည်။
ဆူညံသံများကို ကြားသောအခါ ထိုလူသည် မျက်လုံးပွင့်လာပြီး ဘေးမှာထိုင်နေသည့် သားရေဂျာကင်နှင့်လူကို လှည့်ကြည့်လိုက်သည်။
ထိုလူသည် အရပ်ရှည်ရှည်နှင့် ကြံ့ခိုင်သောခန္ဓာကိုယ်ရှိပြီး ဆံပင်ကိုတိုတိုပါးပါး ညှပ်ထားသဖြင့် သူ့မျက်နှာကို ပိုမို ထင်ပေါ်စေသည်။ ထက်ရှသော မျက်ခုံးများ၊ တောက်ပသော မျက်ဝန်းများရှိကာ သူ့ထံမှ သူရဲကောင်းဆန်သော အရှိန်အဝါများ ဖြာထွက်နေပါသည်။
သူ့အကြည့်က ဩဇာညောင်းလှသဖြင့် သားရေဂျာကင်ဝတ်ထားသော အမျိုးသားမှာ မဝံ့မရဲ ရယ်မောလျက် အေးစက်သော လေပြည်များ ဝင်ရောက်နေသည့် ကားပြူတင်းမှန်ကို အလျှင်အမြန် ပြန်ပိတ်လိုက်ရတော့သည်။
📗 Chapter 14
“ဘေးဖယ်ကြ ဘေးဖယ်ကြ…”
အသက်သုံးဆယ်ဝန်းကျင်ရှိသော ယောက်ျားကြီးအချို့သည် ယဲ့ရှောင်ရှောင်၏ ဆိုင်အတွင်းသို့ ရုတ်တရက် သောင်းကျန်း ဝင်ရောက်လာကြလေသည်။
ယဲ့ရှောင်ရှောင် မျက်မှောင်ကြုတ်လျက် သတိပေးလိုက်သည်။
“ရဲဘော်တို့… ရောဂါစစ်ချင်ရင် ကျေးဇူးပြုပြီး တန်းစီပေးပါ”
“ဟားဟားဟားဟား…”
အမျိုးသားတစ်ဦးက အော်ရယ်လိုက်လေသည်။
“မင်းသေချာစုံစမ်းကြည့်လိုက်ဦး ညီမလေး၊ ဒီနားတဝိုက်မှာ ကျန်းလောင်ဝူဆိုတဲ့ ငါ့ကို တန်းစီခိုင်းရဲတဲ့ကောင်ဆိုတာ မရှိဘူး!”
ဘေးနားရှိ သူ့နောက်လိုက်များကလည်း သံယောင်လိုက်ကာ ရယ်မောရင်း ယဲ့ရှောင်ရှောင်ကို မနှစ့်မြို့စရာအကြည့်များဖြင့် ကြည့်နေကြပါသည်။
သူတို့၏ အကြည့်များက အတော်လေး စက်ဆုပ်စရာကောင်းလှသည်။
ကျန်းလောင်ဝူသည် လူတန်းရှည်ကြီးရှေ့တွင် ကြားဖြတ်လိုက်ရုံသာမကဘဲ သူ့တပည့်များကလည်း တန်းစီနေသည့် လူနာများကို အတင်းအဓမ္မ တွန်းထုတ်ပစ်ကြလေသည်။
“ဘေးဖယ်ကြစမ်းကွာ! ငါတို့ဘော့စ်က ဒီကောင်မလေးနဲ့ စကားနည်းနည်းပြောချင်လို့တဲ့”
“သွားခိုင်းတုန်းမသွားရင် အကုန်နာမယ်နော်!”
တန်းစီနေကြသည့်လူများ အလွန်ဒေါသထွက်ကုန်ကြသည်။
“မင်းတို့ ရိုင်းစိုင်းလှချည်လား”
“ကျန်းလောင်ဝူ! မင်း ရောဂါပြဖို့ လာတာမဟုတ်ရင် နောက်ဆုတ်နေစမ်းပါ၊ ဘာလို့ ကလေးမလေးတစ်ယောက်ကို ပြဿနာရှာနေရတာလဲ”
ရောဂါပြရန် တန်းစီနေသည့် လူငယ်တစ်ဦးက အရဲတဝံ့ဆိုလိုက်သော်လည်း ဒေါသအလွန်ကြီးသည့် ကျန်းလောင်ဝူက ထိုလူငယ်အား ချက်ချင်း ဆွဲထိုးပစ်လိုက်သည်။
ထိုလူငယ်ကလည်း ငြိမ်ခံမနေဘဲ ကျန်းလောင်ဝူကို ပြန်ထိုးရာ ရန်ပွဲမှာ ပိုမိုပြင်းထန်သွားခဲ့ပါသည်။
ယနေ့ဖြစ်ရပ်သည် တိုက်ဆိုင်မှုမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ပြဿနာရှာခြင်းဖြစ်ကြောင်း ယဲ့ရှောင်ရှောင် ရိပ်မိလိုက်ပါသည်။
အချို့က ရန်ပွဲကို ဝင်ရောက်တားဆီးကြသော်လည်း အချို့မှာမူ ဘေးကသာ ရပ်ကြည့်နေကြသဖြင့် ဈေးထဲတွင် လူအစည်ကားဆုံးနေရာ ဖြစ်သွားခဲ့တော့သည်။
“စတုတ္ထအစ်ကို ရဲသွားခေါ်လိုက်ပါ”
ယဲ့ချန်းရှန့်ကို ယဲ့ရှောင်ရှောင် ပြောလိုက်သည်။
“ငါမသွားဘူး၊ နင်သွားလိုက်”
ယဲ့ချန်းရှန့်သည် ဤနေရာတွင် ယဲ့ရှောင်ရှောင်ကို တစ်ယောက်တည်း ထားခဲ့ဖို့ စိတ်မချပေ။
ယဲ့ရှောင်ရှောင်က ဆိုသည်။
“ရဲစခန်းက ဘယ်နားမှာလဲ သမီးမှမသိတာ”
ရန်ပွဲပိုမိုကြီးမားလာစဉ် စောစောက ဂျစ်ကားမှာ ထိုနေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသည်။
လူအုပ်ကြီးကြောင့် ကားကို ဖြည်းညှင်းစွာ မောင်းနှင်နေရပါသည်။
ဒရိုင်ဘာ ရှောင်းလီက ရုတ်တရက်ဆိုသည်။
“ရှေ့မှာ ရန်ဖြစ်နေကြတယ်ထင်တယ် တပ်ရင်းမှူး”
“ဟုတ်လား…”
ဟန်ရှင်းသည် ကားမှန်ကို ထပ်ချလိုက်ပြန်သည်။
ဈေးကြီးထဲတွင် ပြာပြာနက်နက် ဝါဂွမ်းအင်္ကျီထူထူများကို ဝတ်ဆင်ထားကြသည့် ဒေသခံများနှင့် ပြည့်နှက်နေသော်လည်း လူတစ်ဦးမှာမူ သူ့အတွက် အလွန်ထင်ရှားနေခဲ့ပါသည်။
ဟန်ရှင်း မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။
“ငါအမြင်မှားနေတာလား၊ အဲ့တာ ရှုကျမ့်ဝမ်နဲ့ စေ့စပ်ထားတဲ့ သတို့သမီးလောင်းလေးနဲ့ တော်တော်တူသလိုပဲ…”
“ဘုရားရေ! သူပြန်ပေးဆွဲခံထားရတာတော့ မဟုတ်လောက်ပါဘူးနော်”
“ကားကိုရပ်! ကားကိုမြန်မြန်ရပ်!”
ရှောင်လီ၏ ပခုံးကို ဟန်ရှင်း အသည်းအသန်ပုတ်ကာ အမိန့်ပေးလိုက်သည်။
လုဟန်ချွမ်သည် ဟန်ရှင်း မည်သူ့ကို ဆိုလိုနေမှန်း မသိသော်ငြား ပြူတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပါသည်။
သို့သော် သူ့မျက်လုံးများက လူအုပ်ကြီးထဲရှိ ကောင်မလေးတစ်ယောက်ထံကိုသာ ထူးထူးခြားခြား ချက်ချင်း ရောက်ရှိသွားခဲ့သည်။
သူမသည် ရိုးရှင်းသော သာမန်အဝတ်အစားများနှင့် အကျည်းတန်သော ဦးထုပ်လေးတစ်လုံးကိုသာ ဆောင်းထားသော်လည်း သူမ၏ မျက်နှာက အလွန်သန့်ရှင်းသပ်ရပ်နေသဖြင့် ပတ်ဝန်းကျင်ရှိ လူများအကြားတွင် ထူးခြားစွာ ပေါ်လွင်နေခဲ့ပါသည်။
ဟန်ရှင်းဘာပြောလိုက်တာ…
ရှုကျမ့်ဝမ်ရဲ့ သတို့သမီးလောင်း ဟုတ်လား…
လုဟန်ချွမ်သည် ထိုသတို့သမီးလောင်းဟူသည်ကို တစ်ခါမှ မတွေ့ဖူသကဲ့သို့ ရှုကျမ့်ဝမ်နှင့်လည်း သိပ်မရင်းနှီးလှပေ။
သို့သော် ရှုကျမ့်ဝမ်သည် မိဘများ စီစဉ်ပေးထားသော မင်္ဂလာပွဲအတွက် အလွန်မကျေမနပ်ဖြစ်မိကြောင်းကို သူတက်ရောက်ဖူးသည့် တွေ့ဆုံပွဲအချို့တွင် ထုတ်ပြောဖူးပါသည်။
သူ့မိတ်ဆွေအားလုံးကလည်း သူ့အတွက် စိတ်မကောင်းဖြစ်ကာ နှစ်သိမ့်စကားပင် ဆိုခဲ့ကြသေးသည်။
“ဘယ်လိုလုပ်ကြမလဲ… ငါတို့ ဆင်းကြည့်သင့်သလား”
ဟန်ရှင်း တွန့်ဆုတ်နေဆဲပင်။
သူသည် ထိုမိန်းကလေးကို စစ်တပ်ဝင်းမှာရှိစဉ်က အဝေးမှ တစ်ကြိမ်နှစ်ကြိမ်သာ မြင်ဖူးသော်လည်း သူမ ဖြစ်မှန်း သေချာသလောက်ရှိပါသည်။
သူမ၏ ထူးခြားသော အလှတရားက ပြိုင်ဘက်ကင်းလှသည်။
ဂျောက်!
ဟန်ရှင်း တွေဝေနေစဉ် ကားတံခါး ရုတ်တရက်ပွင့်သွားလေသည်။
ဟန်ရှင်း ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် ဘေး၌ လုဟန်ချွမ် မရှိတော့ချေ။
ကျောက်လောင်ဝူသည် နောက်လိုက် ၇ ဦး ၈ ဦးခန့်ကို ခေါ်လာသဖြင့် သူရဲကောင်းလုပ်ချင်သည့် လူငယ်မှာ အားလုံးကို မယှဉ်နိုင်ဘဲ မြေပေါ်လှဲချခံလိုက်ရပါသည်။
ရန်ပွဲတစ်ခုလုံး ၅ မိနစ်အတွင်း ပြီးဆုံးသွားခဲ့သည်။
ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းရှန့်တို့နှစ်ယောက် ထွက်မသွားကြသေးသော်လည်း ဖော်ရွေသည့် ဦးလေးကြီးတစ်ယောက်ကို ရဲခေါ်ပေးဖို့ အကူအညီတောင်းခဲ့ပြီးပါပြီ။
ထိုဦးလေးကြီးသည် ချက်ချင်းပင် အပြေးအလွှားထွက်သွားခဲ့သော်လည်း ရဲတွေရောက်ရှိလာဖို့ဆိုလျှင် အနည်းဆုံး ၁၀ မိနစ်ခန့် လိုအပ်ပါလိမ့်မည်။
ထိုစဉ် ယဲ့ရှောင်ရှောင်အနားသို့ ကျန်းလောင်ဝူ ကပ်လာခဲ့သည်။
“ညီမလေး၊ တိတ်တိတ်ဆိတ်ဆိတ် ရှိတဲ့နေရာတစ်ခုမှာ စကားသွားပြောကြရအောင်လေ၊ ကိုကြီးက… ကိုယ်ရေးကိုယ်တာကိစ္စလေးနည်းနည်း ပြောစရာရှိလို့ပါ…”
ပြောပြောဆိုဆိုနှင့် ယဲ့ရှောင်ရှောင်ကို သူအသားယူဖို့ ကြိုးစားသည်။
သို့သော် ယဲ့ချန်းရှန့်က အရှေ့တွင် ပိတ်ရပ်ကာ သတိပေးလိုက်သည်။
“နောက်ဆုတ်စမ်း ကျန်းလောင်ဝူ!”
“ဒီခွေးကောင်က ဘယ်ကရောက်လာတာလဲ၊ ကိုယ့်နေရာကိုယ် သိသွားအောင် လုပ်ပေးလိုက်လို့ သေဦးမယ်…!”
ယဲ့ချန်းရှန့်ကို ဘေးသို့ဆွဲဖယ်ဖို့ ကျန်းလောင်ဝူ လက်လှမ်းလိုက်သည်။
မူလက သူ့အစီအစဉ်မှာ သူ့ညီမကို အနိုင်ကျင့်ခဲ့သည့် ဤကလေးစုတ်များအား ပညာပေးဖို့ဖြစ်သော်လည်း ယဲ့ရှောင်ရှောင်ကို မြင်လိုက်ရသည်နှင့် သူစိတ်ပြောင်းသွားခဲ့ပါသည်။
ထိုကောင်မလေးက မှင်သက်စရာကောင်းလွန်းသည်။
လူရှင်းသည့်နေရာတစ်ခုသို့ ခေါ်သွားပြီး သူမနှင့် ရင်းနှီးအောင်လုပ်နိုင်လျှင် ပိုကောင်းပါလိမ့်မည်။
ကျန်းလောင်ဝူတစ်ယောက် စိတ်ကူးယဉ်နေစဉ်မှာပင် သူ့လက်ကို တစ်စုံတစ်ယောက်က ကြမ်းတမ်းစွာ ဆုပ်ကိုင်လိုက်လေသည်။
လုဟန်ချွမ်၏ မျက်နှာမှာ အလွန်တင်းမာနေပြီး သူ၏ ဩဇာညောင်းသော အရှိန်အဝါက တစ်ဖက်လူကို ဖိန့်ဖိန့်တုန်သွားစေသည်။
သူသည် လက်ကောက်ဝတ်ကို အနည်းငယ် လိမ်ချိုးလိုက်ရာ ကျန်းလောင်ဝူမှာ နာကျင်လွန်းသဖြင့် အော်ဟစ်ရတော့သည်။
“ဘာလဲဟ! မင်းနဲ့ ဘာဆိုင်လို့ ဝင်ပါတာလဲ!”
“အခုတလော နိုင်ငံတော်က ရာဇဝတ်မှုတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းနေတာ မင်းလည်း သိမှာပါ၊ မင်းရဲ့လုပ်ရပ်တွေက နိုင်ငံတော် လုံခြုံရေးစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရာကျတယ်၊ ထောင်နန်းစံဖို့သာ အသင့်ပြင်ထားလိုက်တော့”
လုဟန်ချွမ် အေးစက်စွာ ဆိုလိုက်သည်။
ကျန်းလောင်ဝူ တစ်ခွန်းမှ ထပ်မပြောနိုင်ခင် လုဟန်ချွမ်သည် သူ့ကို လမ်းဘေးရှိ နှင်းပုံထဲသို့ ကန်ထုတ်ပစ်လိုက်တော့သည်။
ကန်ချက်က အားကောင်းလွန်းသဖြင့် ကျန်းလောင်ဝူ ပြန်ထမလာတော့ပေ။
“ငါတို့ဘော့စ်ကို မင်းလက်ပါရဲတယ်ပေါ့၊ ဟေ့ကောင်တွေ ဝိုင်းကြစမ်း!”
ကျန်းလောင်ဝူ၏ နောက်လိုက်များက သံကုန်ဟစ်ကာ ပြေးလွှားလာကြသော်လည်း ၁၀ စက္ကန့်ကြပြီးနောက် မြေပေါ်တွင် အားလုံးမှောက်ကုန်ကြပါသည်။
နှင်းပုံထဲ ခေါင်းစိုက်နေသည့် ကျန်းလောင်ဝူလိုပင် သူတို့သည်လည်း အလွတ်စုတ်ပြတ်သွားခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ်သွားခဲ့လေသည်။
ယဲ့ချန်းရှန့်: “ကျေးဇူးတင်ပါတယ်ဆရာ”
လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်ကို လှည့်ကြည့်ကာ မေးလိုက်သည်။
“မင်းဒီမှာ ဘာလုပ်နေတာလဲ”
ယဲ့ရှောင်ရှောင်လည်း သူ့ကို ပြန်စိုက်ကြည့်ရင်း ရင်တုန်သွားခဲ့သည်။
သူမ သိနေရမယ့် လူတစ်ယောက်လား…
ဘယ်သူများလဲ…
ဇာတ်လိုက်မင်းသားများ ဖြစ်နေမလား…
သို့သော် မူရင်းဝတ္ထုအရဆိုလျှင် ဇာတ်လိုက်မင်းသားက နူးညံ့သိမ်မွေ့ပြီး၊ သဘောမနောကောင်းကာ အလွန် တည်ငြိမ်သူဟု ဆိုထားပါသည်။
ကြမ်းတမ်းလှသည့် သူမရှေ့က လူကတော့ ထိုဖော်ပြချက်နှင့် မကိုက်ညီလှပေ။
“အစ်ကိုလု ခဏစောင့်ပါဦး!”
ဟန်ရှင်းသည် အမောတကော ပြေးလာခဲ့ပြီး မြေပြင်ပေါ် လဲကျနေသူများကို ကြည့်ကာ သက်ပြင်းချမိသည်။
လုဟန်ချွမ်နှင့် လာဆုံမိခြင်းမှာ ဤလူများအတွက် ကံဆိုးမိုးမှောင်ကျခြင်းပင်။
ယဲ့ရှောင်ရှောင် တစ်စုံတစ်ရာ မပြောနိုင်ခင်မှာပင် ရဲခေါ်ဖို့ ထွက်သွားသည့် ဦးလေးကြီးမှာ ရဲအရာရှိအချို့နှင့်အတူ ပြန်ရောက်လာခဲ့ပါသည်။
“ဘယ်သူ ပြဿနာရှာတာလဲကွ”
“ဆိုးရွားလိုက်တာ! ဘယ်သူက လူတွေကို ဒီလောက်တောင် ထိုးကြိတ်ထားတာလဲ”
မြေပေါ်တွင် ဒဏ်ရာဒဏ်ချက်များဖြင့် ညည်းတွားနေကြသည့် လူများကိုကြည့်ရင်း သက်လတ်ပိုင်း ရဲအရာရှိတစ်ဦးက ဒေါသထောင်းခနဲ ထွက်သွားခဲံပါသည်။
ရာဇဝတ်မှုနှိမ်နင်းရေး ကာလအတွင်း ဤကဲ့သို့ ဖြစ်ရပ်မျိုး ဖြစ်လာခြင်းမှာ စုန့်လင်မြို့ ရဲတပ်ဖွဲ့ကို စော်ကားလိုက်ခြင်းပင်။
“အရာရှိ၊ ဟိုလူတွေ ပြဿနာအရင်လာရှာပြီး ဈေးထဲကလူတွေကို တိုက်ခိုက်ခဲ့တာပါ”
ယဲ့ချန်းရှန့်သည် လူအုပ်များအကြားမှ အထိုးခံထားရသည့် လူငယ်လေးကို လက်ညှိုးထိုးပြရင်း အမြန်ရှင်းပြလိုက်ပါသည်။
အသက်ကြီးကြီး အရာရှိတစ်ဦးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဘယ်လိုဖြစ်ကြတာတုန်း”
ယဲ့ချန်းရှန့် တွန့်ဆုတ်သွားပြီး ဘယ်လိုပြန်ပြောရမှန်း မသိတော့ချေ။
“ကျုပ်လုပ်ခဲ့တာ”
လုဟန်ချွမ်သည် သူ့အထောက်အထားကတ်ကို ထုတ်ယူလျက် ရဲအရာရှိတစ်ဦးထံသို့ ပစ်ပေးလိုက်သည်။
“ဒီလူတွေက ဈေးထဲမှာ ပြဿနာလာရှာပြီး ကလေးတွေကိုပါ ကြောက်အောင်လုပ်နေတာ၊ ဒေသတွင်း ရာဇဝတ်မှုတစ်ခုအဖြစ် သတ်မှတ်သင့်တယ်၊ ကျုပ်သာရောက်မလာရင် ဘာတွေဆက်ဖြစ်သွားမလဲ မသိနိုင်ဘူး”
အထောက်အထားကတ်ကို ရရှိလိုက်သည့် ရဲအရာရှိမှာ အချက်အလက်များကို ဖတ်ရှုပြီးနောက် မျက်လုံးများပြူးကျယ်သွားခဲ့သည်။
“စိတ်ချပါဆရာ! ဒီကိစ္စကို သေချာ ကိုင်တွယ်ဖြေရှင်းလိုက်ပါ့မယ်!”
“ဒီလူတွေကို စခန်းခေါ်သွားကြစမ်း!”
“ဟုတ်ကဲ့ပါ ဒုစခန်းမှူးကျောက်”
အသက်လေးဆယ်ဝန်းကျင် ရဲအရာရှိသည် စုန့်လင်မြို့ရဲစခန်း၏ ဒုစခန်းမှူးဖြစ်သည်။
မြို့ထဲတွင် ရဲအင်အားများစွာ မရှိသော်လည်း အရာရှိဟူသည်မှာ အရာရှိတစ်ဦး၏ အရှိန်အဝါတော့ ရှိစမြဲပေ။
ထို့ကြောင့် လူမိုက်များနှင့် အထိုးခံထားရသော လူငယ်လေးတို့ ရဲစခန်းတို့ လိုက်ပါသွားရတော့သည်။
ပြဿနာထဲ ရောပါလာသည့် ယဲ့ရှောင်ရှောင်နှင့် အခြားသူများလည်း သက်သေအဖြစ် ထွက်ဆိုပေးရန် စခန်းသို့ လိုက်ပါသွားကြရပါသည်။
ဟန်ရှင်းကမူ လုဟန်ချွမ်သည် ဤကဲ့သို့ ကိစ္စမျိုးတွင် ဝင်ပါလိမ့်မည်မဟုတ်ဟု ထင်မှတ်ထားသော်လည်း လုဟန်ချွမ်က အံ့ဩဖွယ် ကောင်းလောက်အောင် သဘောတူလိုက်လေသည်။
ရဲအရာရှိက မေးမြန်းလိုက်သည်နှင့် လုဟန်ချွမ် ချက်ချင်း ခေါင်းညိတ်လိုက်ခြင်းပင်။
ဤအဖြစ်မှာ အနောက်အရပ်မှ နေထွက်လာသကဲ့သို့ ဆန်းကြယ်လှပေသည်။
ပေကျင်းမြို့မှ အရာရှိကြီးများပင်လျှင် လုဟန်ချွမ်အား ဤမျှအထိ ခေါင်းညိတ်အောင် လုပ်နိုင်စွမ်း မရှိကြပေ။