အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
📗 Chapter 15
“ရှောင်ရှောင်နဲ့ ချန်းရှန့်တို့၊ ဘာဖြစ်ကြတာလဲ!”
ယဲ့ချန်းယွမ်သည် လူအုပ်ကို တိုးဝှေ့ရင်း နောက်ဆုံးမှ ရောက်လာခဲ့သည်။
ယဲ့ရှောင်ရှောင်က ရှင်းပြလိုက်ပါသည်။
“အစ်ကိုယွမ် ထိုင်ခုံနဲ့ စားပွဲတွေ သိမ်းထားနှင့်လိုက်ပါ၊ စတုတ္ထအစ်ကိုနဲ့ သမီးတို့ ရဲစခန်း ခဏလိုက်သွားရမယ်၊ သမီးတို့ ဘာမှမဖြစ်ပါဘူး၊ သက်သေထွက်ဆိုဖို့ ကူညီပေးရုံပဲ”
ယဲ့ချန်းယွမ်: “အဲ့တာဆို ပစ္စည်းတွေသိမ်းပြီးရင် ငါလိုက်လာခဲ့မယ်နော်”
ယခုလိုအချိန်တွင် ငွေရှာရန်ထက် မိသားစုဘေးကင်းလုံခြုံရေးကသာ ပထမဦးစားပေး မဟုတ်ပါလား။
လုဟန်ချွမ်က မေးသည်။
“ကားနဲ့သွားကြမလား”
ယဲ့ရှောင်ရှောင် တိတ်ဆိတ်သွားခဲ့သည်။
ဟန်ရှင်းကမူ တုန်လှုပ်ချောက်ချားသွားခဲ့ပါသည်။
ဤလူနှစ်ယောက်မှာ မည်သူမည်ဝါများဖြစ်ကြောင်း ယဲ့ရှောင်ရှောင် စဉ်းစားနေဆဲပင်။
ထို့အပြင် ဤခေတ်ကာလတွင် ကားအတူစီးရခြင်းမှာ နေရာကျဉ်းမြောင်းလှသဖြင့် တစ်ဦးနှင့်တစ်ဦး အလွယ်တကူ အကဲခတ်မိနိုင်သည်ဖြစ်ရာ သူမ၏ သရုပ်မှန်ကို သိရှိသွားနိုင်ပါသည်။
“နီးနီးလေးပဲကို၊ လမ်းလျှောက်သွားလို့ရပါတယ်”
ယဲ့ရှောင်ရှောင် ဝေဝေဝါးဝါးပင် ပြန်ဖြေခဲ့သည်။
ထိုကောင်လေးက သူ့ကို ‘အစ်ကိုလု’ဟု ခေါ်ဆိုခဲ့သည်။ စစ်တပ်ဝင်းအတွင်း၌ ‘လု’ဟူသော မျိုးရိုးအမည်မှာ…။
လုဟန်ချွမ် ခေါင်းညိတ်သဘောတူလိုက်သည်။
“ဒါဆို အတူတူလမ်းလျှောက်သွားကြတာပေါ့”
ထို့နောက် ဟန်ရှင်းကို အမိန့်ပေးလိုက်သည်။
“ရှောင်းလီကို သွားပြောလိုက်”
ဟန်ရှင်း: “အဲ… ဟုတ်ပါပြီ”
ဟန်ရှင်းတစ်ယောက် ဇဝေဇဝါဖြစ်စွာ ထွက်သွားလေတော့သည်။
ယဲ့ချန်းရှန့်သည့် ယဲ့ရှောင်ရှောင်ဘေးမှ ကပ်လျှောက်ပြီး ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်ဘေးမှ ကပ်လျှောက်ပါသည်။
သူတို့သုံးယောက် စကားမပြောဘဲ တိတ်တဆိတ် လမ်းလျှောက်ခဲ့ကြသည်။
သူတို့ကို ကူညီပေးခဲ့သည့် ထိုလူမှာ မည်သူမည်ဝါဖြစ်ကြောင်းကို ယဲ့ချန်းရှန့်လည်း စိတ်ဝ်စားနေပါသည်။ သူ့ပုံစံက ရှောင်ရှောင့်ကို သိကျွမ်းပုံရသည်။
ဒါဆို… ဒီလူ ရှောင်ရှောင်ကို ပြန်ခေါ်သွားမှာတော့ မဟုတ်လောက်ပါဘူးနော်…
တစ်ဖက်တွင် ယဲ့ရှောင်ရှောင်ကလည်း မူရင်းဝတ္ထု၏ ဇာတ်လမ်းကို မှတ်မိအောင် အသည်းအသန် စဉ်းစားနေပါသည်။
ယခင်က စာအုပ်တစ်အုပ်လုံးကို မှတ်မိအောင် မဖတ်ခဲ့မိသည်ကိုပင် နောင်တရနေပါပြီ။
ရဲစခန်းသို့ရောက်သောအခါ ပြဿနာက ခပ်မြန်မြန်ပင် ရှင်းလင်းသွားခဲ့သည်။
ကျန်းလောင်ဝူသည် ကျန်းကွေ့မိန်၏ အစ်ကိုဖြစ်ပြီး ယဲ့ရှောင်ရှောင်တို့ မောင်နှမများကို ရည်ရွယ်ချက်ရှိရှိ ပြဿနာ လာရှာခဲ့ခြင်းပင်ဖြစ်သည်။
ဤလုပ်ရပ်မှာ စက်ဆုပ်စရာကောင်းပြီး ရာဇဝတ်မှုနှိမ်နင်းရေးကာလအတွင်း ဖြစ်သည့်အပြင် လုဟန်ချွမ်ကိုယ်တိုင် ပါဝင်ပတ်သတ်နေသဖြင့် ကျန်းလောင်ဝူနှင့် အပေါင်းအပါများ ထောင်နန်းစံရမည်မှာ သေချာသလောက် ရှိနေပါပြီ။
ထို့အပြင် သူတို့သည် အထိုးကြိတ်ခံခဲ့ရသော လူငယ်လေးအတွက် ဆေးဖိုးဝါးခများနှင့် ရှေ့လျှောက် ဆေးကုသမှု ကုန်ကျစရိတ်များကိုပါ ပေးဆောင်ရပါမည်။
ကျန်းကွေ့မိန်တွင်လည်း အပြစ်မကင်းသဖြင့် ထောင်မကျလျှင်ပင် ရက်ပိုင်းလောက် ထိန်းသိမ်းခံရပါလိမ့်မည်။
ဤပြဿနာ၏ ရလဒ်များကို ယဲ့ရှောင်ရှောင် အတန်အသင့် ကျေနပ်မှုရှိပါသည်။
ရဲစခန်းမှ ပြန်ထွက်လာပြီးနောက် လုဟန်ချွမ်အား သူမ ပြောလိုက်သည်။
“ကျွန်မတို့ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်”
တံခါးဝတွင် ဟန်ရှင်းစောင့်နေလေသည်။
သူတို့ထွက်လာသည်ကို မြင်သည်နှင့် ဟန်ရှင်း အနားသို့တိုးလာကာ ယဲ့ရှောင်ရှောင်အား ကြည့်လျက် မေးလိုက်သည်။
“မင်းက ဟောက်ရှောင်ရှောင်မလား၊ တို့ဝင်းထဲကလေ၊ ကျမ့်ဝမ်ပြောပြလို့ မင်းအကြောင်းကြားဖူးပါတယ်၊ ဘာလို့ ဒီလိုနေရာမျိုးကို ရောက်နေတာလဲ”
ဟန်ရှင်း၏ စကားများကြောင့် ယဲ့ရှောင်ရှောင်သည် အရေးကြီးသည့် အချက်အလက်အချို့ကို နားလည်လိုက်ရသည်။
သူမနှင့် ဤလူနှစ်ယောက်တို့မှာ သိကျွမ်းကြသော်လည်း အလွန်တရာ ရင်းနှီးနေခြင်းမဟုတ်ပေ။
ထို့ကြောင့် သူမအနေဖြင့် သူတို့ကို မသိသည့်ပုံစံမျိုး အလွယ်တကူ ဟန်ဆောင်၍ ရနိုင်ပါသည်။
ထိုစဉ် ယဲ့ချန်းယွမ် အပြေးအလွှားရောက်လာသည်။
“ရှောင်ရှောင် အားလုံး ပြီးသွားပြီလား”
ယဲ့ရှောင်ရှောင်: “စတုတ္ထအစ်ကိုနဲ့ အစ်ကိုယွမ်တို့၊ ဒီလူနှစ်ယောက်နဲ့ သမီး စကားပြောစရာရှိလို့”
ယဲ့ချန်းရှန့်: “ဟုတ်ပြီလေ၊ အဲ့တာဆို ငါတို့ ဟိုဘက်မှာ စောင့်နေမယ်”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။
စိတ်လှုပ်ရှားနေသည့် ယဲ့ချန်းယွမ်က ယဲ့ချန်းရှန့်ကို ဘေးသို့ ဆွဲခေါ်ပြီး ဖြစ်ကြောင်းကုန်စင် မေးမြန်းတော့သည်။
အစ်ကိုနှစ်ယောက် မရှိတော့ခါမှ ယဲ့ရှောင်ရှောင်သည် ရှေ့က လူနှစ်ယောက်ကို ကြည့်ရင်း မေးမြန်းလိုက်ပါသည်။
“ရှုကျမ့်ဝမ်ကို ရှင်တို့သိကြတာလား”
သူမကတော့ ရှုကျမ့်ဝမ်ကို ကောင်းကောင်းကြီး သိနေပါသည်။
မူရင်းဝတ္ထု၏ ဇာတ်လိုက်မင်းသားပင် မဟုတ်ပါလား။
ဇာတ်လိုက်မင်းသမီးကို ဗဟိုပြုထားသည့် ဝတ္ထုဖြစ်၍ ဇာတ်လိုက်မင်းသား၏ စရိုက်တွင် မာနကြီးခြင်း အပေါ်ယံသာကြည့်တတ်ခြင်း စသည့် ပြစ်ချက်အချို့ ရှိနေပါသည်။
သို့သော် ဇာတ်လိုက်မင်းသမီးကြောင့် တဖြည်းဖြည်း ပြောင်းလဲလာပြီး နောက်ဆုံးတွင် ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်သွားကြရမည်ဖြစ်သည်။
“အရမ်းရင်းနှီးတဲ့ မိတ်ဆွေတွေတော့ မဟုတ်ပါဘူး…”
ဟန်ရှင်း မေးပွတ်ကာ ဖြေလိုက်သည်။
သူတို့အားလုံးက စစ်တပ်ဝင်းထဲမှ ကလေးများဖြစ်ကြသော်ငြား သူတို့သည် ရှုကျမ့်ဝမ်တို့ အုပ်စုထက် ၂ နှစ် ပိုကြီးသဖြင့် အတွေ့အကြုံများ မတူညီသလို အမြင်လည်း ကွဲပြားကြသည်။ ထို့ကြောင့် အတူတူ သွားလာလေ့ မရှိကြပေ။
ရံဖန်ရံခါ တွေ့ဆုံသောအခါမှသာ စကားပြောတတ်ကြခြင်း ဖြစ်ပါသည်။
ထိုအဖြေကို ကြားပြီးနောက် ယဲ့ရှောင်ရှောင် စိတ်အေးသွားရသည်။
“ကျွန်မ နာမည်က ယဲ့ရှောင်ရှောင်ပါ၊ လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က ကျွန်မအမေနဲ့ သခင်မဟောက်တို့ စစ်ဆေးရုံမှာ ကလေးအတူတူ မွေးခဲ့ကြတာ၊ အဲ့ဒီမှာ မုန်တိုင်းတိုက်တဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး ကလေးချင်း မှားသွားခဲ့တာလေ၊ လွန်ခဲ့တဲ့ တစ်လလောက်က ဟောက်မိသားစုရဲ့ သမီးအရင်းလည်း ပေကျင်းမြို့က ဟောက်မိသားစုဆီကို ပြန်ရောက်သွားပြီ၊ အဲ့တာကြောင့် ကျွန်မလည်း ကျွန်မနဲ့ သက်ဆိုင်တဲ့ အိမ်ကို ပြန်လာရတာပေါ့”
ယဲ့ရှောင်ရှောင် အကျဉ်းချုန်း ရှင်းပြလိုက်လေသည်။
ဟန်ရှင်း မှင်သက်သွားခဲ့ရသည်။ သူ့နားနှင့် ကိုယ်တိုင် နားထောင်နေရခြင်းဖြစ်သော်လည်း မယုံကြည်နိုင် ဖြစ်နေမိသည်။
ရုပ်ရှင်ထဲတွင်ပင် ဤမျှရှုပ်ထွေးသော ဇာတ်လမ်းမျိုး မရှိနိုင်ပေ။
ဟန်ရှင်း နားမလည်နိုင်စွာ ထပ်မေးလိုက်သည်။
“အဲ့တာဆို… မင်းက ပေကျင်းကို မပြန်တော့ဘူးပေါ့၊ ရှုကျမ့်ဝမ်ကိုကော ဘယ်လိုလုပ်မလဲ၊ မင်းက သူ့ရဲ့ သတို့သမီးလောင်းလေ၊ သူက ဘာမှ ဂရုမစိုက်ဘူးလား”
ယဲ့ရှောင်ရှောင် ရင်ထဲ အလွန်ပျော်ရွှင်သွားခဲ့သည်။ ဤအခိုက်အတန့်ကို သူမစောင့်နေခဲ့သည်မှာ ကြာပါပြီ။
ထိုကဲ့သို့မေးခွန်းမျိုး မေးလာပါစေဟု ဆုတောင်းခဲ့သည်။
ဒါအဆက်အသွယ်ဖြတ်ပြီး အားလုံးကို ရှင်းလင်းဖို့ အခွင့်ကောင်းပဲ…!
“အဲ့တာ ဟောက်မိသားစုက ရွေးချယ်ပေးထားတဲ့ သတို့သားလောင်းလေ၊ ဟောက်ယန်ယန်လည်း အိမ်ပြန်ရောက်နေပြီဆိုတော့ အဲ့သတို့သားလောင်းက သူ့အတွက်ဖြစ်သွားပြီ၊ ကျွန်မနဲ့ ဘာမှမသက်ဆိုင်တော့ဘူး”
ယဲ့ရှောင်ရှောင်၏ လေသံမှာ နူးညံ့သိမ်မွေ့ပြီး ကြည်လင်ပြတ်သားပါသည်။
သူမ၏ မျက်ဝန်းများထဲတွင် ပါးနပ်သည့် မြေခွေးမလေးတစ်ကောင်ကဲ့သို့ တောက်ပမှုအချို့ ရှိနေလေသည်။
သူမ၏ မသိသာလှသော အမူအရာများကို လုဟန်ချွမ် သတိထားမိသွားပြီး ဤမိန်းကလေးမှာ ထင်သလောက် မရိုးရှင်းမှန်း ချက်ချင်း နားလည်လိုက်ပါသည်။
သူမပြောခဲ့သည့် စကားများတွင် တစ်ဝက်လောက်က အလိမ်အညာဖြစ်နေလောက်သည်။
ယဲ့ရှောင်ရှောင်၏ ပုံစံက စိတ်မကောင်းဖြစ်နေပုံရသော်လည်း ရင်ထဲတွင် ကြိတ်ပျော်နေလိမ့်မည်ဟု လုဟန်ချွမ် ခံစားမိပါသည်။
“ဒါဆို… မင်း… မင်းက…”
ဟန်ရှင်း ဘာဆက်ပြောရမှန်းပင် မသိတော့ချေ။
သူ့ကို နှစ်သိမ့်ပေးလိုက်ရမလား…
ဒါပေမယ့် သူ့ကြည့်ရတာ ဝမ်းနည်းနေတဲ့ပုံလည်း သိပ်မပေါက်ပါဘူး…
ဒါဆို အကြံဉာဏ်ပေးလိုက်ရမလား…
အကြံဉာဏ်ပေးရအောင်လည်း အဲ့လောက်ရင်းနှီးနေတာမှ မဟုတ်တာ…
“ဘာပဲဖြစ်ဖြစ် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ရှင်တို့နာမည်တွေကိုတောင် မသိရသေးဘူးနော်”
ယဲ့ရှောင်ရှောင် ချိုသာစွာ ပြုံးပြလိုက်ရာ သူမ၏ မျက်ဝန်းလေးများက လခြမ်းသဏ္ဌာန် ကွေးညွှတ်သွားလေသည်။
ဟန်ရှင်းသည် ထိုမိန်းကလေး၏ စူးရှသော အကြည့်များကို ရှက်ကိုးရှက်ကန်း ရှောင်ရှားရင်း မိတ်ဆက်ပေးလိုက်ပါသည်။
“ငါက ဟန်ရှင်း၊ သူက လုဟန်ချွမ်ပါ”
ယဲ့ရှောင်ရှောင် မျက်လုံးများပြူးကျယ်သွားသည်။
ဟန်ရှင်းနဲ့… လုဟန်ချွမ် ဟုတ်လား!
မဖြစ်နိုင်တာ!
ထိုလူနှစ်ယောက်သည် အရေးပါသည့်လူများမဖြစ်နိုင်ဟု ယဲ့ရှောင်ရှောင်ထင်ထားခဲ့သော်လည်း အမှန်တကယ်တော့ အရေးပါရုံဆိုသည်ထက်ပင် သာလွန်သည့် အကျော်အမော်ကြီးများ ဖြစ်နေကြပါသည်။
သူတို့သည် စစ်တပ်ဝင်းအတွင်း၌ ဩဇာအာဏာကြီးမားကြသူများဖြစ်ပြီး ဇာတ်လမ်းထဲတွင် သိပ်မပါသော်လည်း ယဲ့မိသားစုကဲ့သို့ နောက်ခံဇာတ်ရံများနှင့် လားလားမှ မသက်ဆိုင်ပေ။
ဝတ္ထုဇာတ်သိမ်းပိုင်းထိတိုင်အောင် ဇာတ်လိုက်မင်းသားနှင့် မင်းသမီးတို့သည်ပင် ပေကျင်းမြို့၏ အိမ်ခြံမြေသူဌေးကြီး ဖြစ်လာမည့် ဟန်ရှင်းအား စီးပွားရေးလုပ်ငန်းများလက်တွဲဖို့အတွက် ဖားယားနေခဲ့ရသေးသည်။
လုဟန်ချွမ်မှာမူ ပို၍ပင် လျှို့ဝှက်ဆန်းကြယ်လှပါသေးသည်။
သူသည် စစ်တပ်ဝင်းအတွင်း၌ မည်သူမှ မယှဉ်ရဲသော အရှိန်အဝါမျိုးရှိသူဖြစ်ပြီး မောက်မာရိုင်းစိုင်းသော ဒုတိယမျိုးဆက် သူဌေးသားများသည်ပင် သူ့ရှေ့တွင် ဦးညွှတ်ကြရပါသည်။
ဝတ္ထုထဲတွင် သူ့ကို ယန်ဝမ် (ငရဲမင်းကြီး) ဟုပင် အမည်ပြောင်ပေးထားကြလေသည်။
ယဲ့ရှောင်ရှောင်၏ အံ့အားသင့်သွားသော အမူအရာကို လုဟန်ချွမ် သဘောကျသွားပြီး ပြုံးလျက် မေးလိုက်သည်။
“ငါတို့က အဲ့လောက် နာမည်ကြီးလို့လား”
ယဲ့ရှောင်ရှောင် အားတက်သရော ခေါင်းညိတ်လိုက်ပါသည်။
“သိပ်ကြီးတာပေါ့”
ဟန်ရှင်းက သူ့ကိုယ်သူ လှောင်ပြောင်ရယ်မောရင်း ဆိုလိုက်သည်။
“ဟားဟားဟား… ကောင်းသော နာမည်ကြီးခြင်းမျိုးနဲ့တော့ မဟုတ်လောက်ဘူးထင်တယ်”
လုဟန်ချွမ်: “မင်းအခု ဘယ်မှာနေနေလဲ၊ ဘာတွေဆက်လုပ်ဖို့ စီစဉ်ထားလဲ”
အမြင့်ဆုံးနေရာမှ အနိမ့်ဆုံးနေရာသို့ ပြုတ်ကျလာသူတစ်ဦးသည် ဆုံးရှုံးမှုကို မခံစားရဘဲ တည်တည်ငြိမ်ငြိမ် နေနိုင်လိမ့်မည်ဟု လုဟန်ချွမ် မယုံကြည်ပေ။
သို့သော် ယခုအချိန်ထိတော့ ယဲ့ရှောင်ရှောင်မှာ အတော်လေး တည်ငြိမ်နေပါသေးသည်။
“အခု ပိုင်ချွမ်ရွာမှာ ယဲ့မိသားစုနဲ့ အတူတူနေနေတယ်လေ၊ လောလောဆယ်တော့ ပညာရေးကိုပဲ အားစိုက်ထားပြီး နောက်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဖို့ ပြင်ဆင်နေတယ်”
ယဲ့ရှောင်ရှောင် အနည်းငယ် ဇဝေဇဝါဖြစ်သွားရသည်။
ခုနကပြောတော့ မရင်းနှီးကြပါဘူးဆို…
လုဟန်ချွမ်က သူ့အကြောင်းကို ဘာလို့စိတ်ဝင်စားနေတာလဲ…
မူရင်းခန္ဓာကိုယ်ပိုင်ရှင်နဲ့ ဆက်နွယ်မှုတစ်ခုခု ရှိနေလို့လား…
ထိုအတွေးကြောင့် ယဲ့ရှောင်ရှောင် စိုးရိမ်ထိတ်လန့်သွားခဲ့ရသည်။
လုဟန်ချွမ်ကလည်း ဆက်မမေးခဲ့တော့ပေ။
ထို့အစား စာရွက်တစ်ရွက်နှင့် ဖောင်တိန်တစ်ချောင်းတို့ကို ထုတ်လိုက်ပြီး တစ်စုံတစ်ခု ရေးသားကာ သူမကို ကမ်းပေးလိုက်ပါသည်။
ယဲ့ရှောင်ရှောင် စာရွက်ကို ယူကြည့်လိုက်သောအခါ လိပ်စာတစ်ခုနှင့် ဖုန်းနံပါတ်တစ်လုံးတို့ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့ရသည်။
လိပ်စာမှာ ဝေးကွာလှသည့်အပြင် ဤခေတ်ကာလတွင် ဖုန်းဆက်ဖို့ဟူသည်မှာလည်း မလွယ်ကူလှပေ။
မြို့ထဲတွင် စာတိုက်နှင့် သမဝါယမအရောင်းဆိုင်တို့တွင်သာ အများသုံးဖုန်းများ ရှိကြပါသည်။
လုဟန်ချွမ်ကဆိုသည်။
“အကူအညီလိုတာရှိရင် ဖုန်းဆက်လိုက်ပါ”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်ပါသည်။
“ကျေးဇူးတင်ပါတယ်”
လုဟန်ချွမ်နှင့် ဟန်ရှင်းတို့သည် အခြားအလုပ်ကိစ္စများ ရှိကြသဖြင့် စုန့်လင်မြို့တွင် ကြာကြာနေဖို့ စိတ်ကူးမရှိပေ။
ဖုန်းနံပါတ်ပေးပြီးနောက် သူတို့နှစ်ယောက် ကားပေါ်ပြန်တက်ပြီး ထွက်ခွာသွားကြတော့သည်။
ကားပေါ်ရောက်သောအခါမှ ဟန်ရှင်းတစ်ယောက် တစ်ချိန်လုံး မေးမြန်းချင်နေခဲ့သည့် မေးခွန်းကို မေးလိုက်တော့သည်။
“အစ်ကိုလု… မင်းတစ်ခုခု ပုံမှန်မဟုတ်သလိုပဲနော်”
လုဟန်ချွမ်သည် သူ့ကို လျစ်လျူရှုလိုက်ပြီး ယခင်ကကဲ့သို့ အေးစက်တည်ငြိမ်သောပုံစံ ပြန်ဖြစ်သွားခဲ့ပါသည်။
“မင်းကိစ္စမဟုတ်ရင် ပါးစပ်ပိတ်ထားစမ်း၊ မဟုတ်ရင် ပေကျင်းကို ပြန်လွှတ်လိုက်မယ်”
ဟန်ရှင်း: “…”
📗 Chapter 16
ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်ပေးခဲ့သော လိပ်စာနှင့် ဖုန်းနံပါတ် စာရွက်ကို သေချာ သိမ်းဆည်းထားလိုက်သည်။
သို့သော် သူမဘက်မှ သူ့ကို ဆက်သွယ်ရန် အစီအစဉ်မရှိပေ။
မူရင်းခန္ဓာကိုယ်ပိုင်ရှင်နှင့် လုဟန်ချွမ်တို့ ရင်းနှီးကျွမ်းဝင်မှု ရှိနေမည်ကို ယဲ့ရှောင်ရှောင် စိတ်ပူခဲ့ပါသည်။ စကားပြောဆိုနေစဉ်အတွင်း တစ်စုံတစ်ရာအမှားပါသွားပါက ပြဿနာအကြီးအကျယ် တက်သွားနိုင်သည်။
“ရှောင်ရှောင် အဲ့တာ နင့်မိတ်ဆွေတွေလား”
ထိုလူနှစ်ဦး ထွက်ခွာသွားကြသည်ကို မြင်သောအခါ ယဲ့ချန်းယွမ်နှင့် ယဲ့ချန်းရှန့်တို့ အနားပြန်ရောက်လာကြသည်။
ယဲ့ချန်းယွမ် မနာလိုအားကျဖြစ်စွာ ပြောလိုက်ပါသည်။
“အဲ့လောက်ကောင်းတဲ့ ကားမျိုး ငါတစ်ခါမှ မမြင်ဖူးဘူး”
ယဲ့ရှောင်ရှောင်သည် အစပိုင်းတွင် ထူးထူးခြားခြား မစဉ်းစားခဲ့သော်လည်း ယခု သေချာပြန်တွေးကြည့်မှ သူတို့သည် အခွင့်ထူးခံများဖြစ်ကြမှန်း သိသာလှပါသည်။
၁၉၈၀ ခုနှစ်များတွင် ကားမောင်းနိုင်သူဟူသည်မှာ အလွန်ပင် ရှားပါးလှသည် မဟုတ်ပါလား။
“မိတ်ဆွေရယ်လို့တော့ မဟုတ်ပါဘူး၊ အရင်က အိမ်နီးချင်းတွေပါ”
ယဲ့ချန်းယွမ်ကမူ အိမ်နီးချင်းဟူသည်မှာ သူ့မိသားစုနှင့် ဦးလေးဖြစ်သူတို့၏ မိသားစုကဲ့သို့ ရင်းနှီးကြသူများဖြစ်၍ မိတ်ဆွေဟု ခေါ်ဆိုနိုင်သည်ဟု စဉ်းစားသုံးသပ်နေမိပါသည်။
သို့သော်လက်တွေ့တွင် ပေကျင်းမြို့ရှိ စစ်တပ်ဝင်းကြီးက အလွန်ကျယ်ပြောလှပါသည်။
ကျောင်းများ၊ ဆေးရုံများ အစရှိသဖြင့် အဆောက်အအုံများစွာ ရှိကြသည်။
မတူညီသည့် တပ်ဖွဲ့များသည် ၎င်းတို့နှင့် သက်ဆိုင်ရာ နယ်မြေတွင်သာ သီးခြားနေထိုင်ကြသဖြင့် မိမိအသိုင်းအဝိုင်း အပြင်ဘက်မှ အခြားလူများနှင့် တွေ့ဆုံဖို့ဟူသည်မှာ ခဲယဉ်းလှပါသည်။
ယဲ့ချန်းရှန့်ကမူ ထိုကိစ္စနှင့် ပတ်သတ်ပြီး ဘာမှထပ်မမေးခဲ့ပါ။ ထို့အစား အလုပ်ကိစ္စအကြောင်းသာ မေးလိုက်သည်။
“ဈေးကို ပြန်သွားဦးမှာလား”
“မွန်းတည့်ချိန်တောင် မရောက်သေးဘူးလေ၊ သမီးအချိန်မဖြုန်းချင်ဘူး”
ယဲ့ချန်းရှန့်: “ဒါဆိုလည်း ပြန်သွားကြည့်ကြတာပေါ့”
ယနေ့နံနက်ပိုင်း ဝင်ငွေကောင်းခဲ့ပါသည်။
ကျန်းလောင်ဝူနှင့် သူ့အပေါင်းအပါများသာ ပြဿနာ လာမရှာခဲ့လျှင် ယခုချိန်လောက်ဆို ယွမ် ၂၀ ကျော်ခန့်ပင် ရရှိနေလောက်ပြီ ဖြစ်သည်။
ယဲ့ရှောင်ရှောင်တို့ မောင်နှမသုံးယောက် ဈေးထဲသို့ ပြန်လာသောအခါ သူတို့ကို စောင့်နေကြသည့် လူအများအပြား ရှိနေသေးသည်မြင်ပြီး အံ့အားသင့်သွားခဲ့ရသည်။
“ပြန်လာကြပြီလား! အဲ့ဒီလူရမ်းကားတွေ အဖမ်းခံလိုက်ရပြီလား”
ယဲ့ရှောင်ရှောင်: “စိတ်မပူကြပါနဲ့၊ အဲ့ဒီလူရမ်းကားတွေ အဖမ်းခံရရုံတင်မကဘူး ထောင်လည်းကျမှာပါ”
ထိုစကားကြားခါမှ အားလုံး ကျေနပ်သွားခဲ့ကြသည်။
ယဲ့ရှောင်ရှောင်တို့ မောင်နှမသုံးဦး သိမ်းဆည်းထားသည့် စားပွဲများ၊ ထိုင်ခုံများကို ပြန်ခင်းကျင်းလိုက်ပြီး လူနာများကလည်း စနစ်တကျ ပြန်လည်တန်းစီခဲ့ပါသည်။
ကျန်းလောင်ဝူတို့အဖွဲ့ ပြဿနာလာရှာပြီးနောက် ယဲ့ရှောင်ရှောင်၏ ဆိုင်ကလေးမှာ ပို၍ပင် နာမည်ကြီးလာခဲ့လေသည်။
သို့သော် မည်သူမှ မမြင်နိုင်သည့် ခပ်လှမ်းလှမ်းနေရာတစ်ခုတွင် လူတစ်ယောက်သည် ယဲ့ရှောင်ရှောင်၏ ဆိုင်ကလေးကို စူးစူးရှရှ စိုက်ကြည့်နေခဲ့လေသည်။
ညနေ ၃ နာရီခွဲသောအခါ ဈေးထဲတွင် လူပါးသွားသော်လည်း ယဲ့ရှောင်ရှောင်၏ ဆိုင်ကလေးတွင်မူ လူ ၇ ဦး ၈ ဦးခန့် စောင့်ဆိုင်းနေဆဲပင်။
ဤသည်မှာ ယဲ့ရှောင်ရှောင်အတွက် ရောဂါရှာဖွေပေးခြင်းဖြင့် ပထမဆုံး ငွေရှာဖူးခြင်းဖြစ်ကာ ရလဒ်မှာ အလွန် ကောင်းမွန်လှပါသည်။
ယဲ့ရှောင်ရှောင်ထံ ရောက်လာသည့် လူနာအများစုမှာ အသက် ၃၀ နှင့် ၄၀ အကြားရှိသည့် အမျိုးသမီးများဖြစ်ကာ အလုပ်ကြမ်းလုပ်ခြင်းကြောင့် ရရှိလာသော ဒဏ်ရာများကိုသာမက အမျိုးသမီးရောဂါများနှင့် ပတ်သတ်၍လည်း ဆွေးနွေးတိုင်ပင် အကူအညီတောင်းခဲ့ကြပါသည်။
ယဲ့ရှောင်ရှောင်သည် ရောဂါကို ရှာတွေ့တိုင်း အသေးစိတ်ရှင်းပြပေးခဲ့သည်။
ရောဂါပြင်းထန်သည့် လူနာများကိုမူ ဆေးရုံသို့သွား၍ ကုသမှုခံယူရန် အကြံပြုကာ အာနိသင်ကောင်းသော အနောက်တိုင်းဆေးဝါးများကို ညွှန်ကြားပေးလိုက်ပါသည်။
အရေးအကြီးဆုံးမှာ ယဲ့ရှောင်ရှောင်၏ ဖော်ရွေတတ်သော စိတ်ထားသည် ကျန်းမာရေးဌာနနှင့် မြို့နယ်ဆေးရုံရှိ ဆရာဝန်များ၊ သူနာပြုများထက် များစွာ သာလွန်နေသဖြင့် လူအများ၏ ချီးကျူးမှုကို ခံယူရရှိခဲ့ပါသည်။
နောက်ဆုံးလူနာအတွက် ဆေးညွှန်းရေးပေးပြီးနောက် ယဲ့ရှောင်ရှောင် အနားယူနိုင်ခဲ့ပါပြီ။
ယဲ့ရှောင်ရှောင် မတ်တပ်ရပ်ကာ အညောင်းအညာဖြေလိုက်သည်။
ယဲ့ချန်းယွမ်နှင့် ယဲ့ချန်းရှန့်တို့ကတော့ ဆိုင်သိမ်းကာ အိမ်ပြန်ဖို့ ပြင်ဆင်နေကြပါသည်။
“ကလေးမ… ဒီနေ့ ငါ့ဆေးဆိုင်မှာ ဆေးလာဝယ်တဲ့ လူတွေအားလုံးက မင်းညွှန်းပေးလိုက်တဲ့ လူတွေချည့်ပဲ မဟုတ်လား”
တရုတ်တိုင်းရင်းဆေးဆိုင်မှ အဘိုးအိုသည် ယဲ့ရှောင်ရှောင်ရှေ့သို့ ရုတ်တရက် ရောက်ရှိလာပါသည်။
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။
“ဒီမြို့နယ်မှာ တရုတ်တိုင်းရင်းဆေးဆိုင်ဆိုလို့ တစ်ဆိုင်ပဲရှိတာလေ၊ အဲ့တာကြောင့် တိုင်းရင်းဆေးလိုအပ်တဲ့လူတွေကို အဘိုးတို့ဆိုင်မှာ ဝယ်ဖို့ ညွှန်းပေးလိုက်တာပါ”
စုန့်ကွမ်းကျင့်က သူ့မုတ်ဆိတ်ဖြူများကို ပွတ်သပ်ရင်း ပြုံးလိုက်သည်။
“သူတို့ယူလာတဲ့ ဆေးညွှန်းတွေကို ငါအကုန်ဖတ်ပြီးပြီ၊ မင်းက ဆေးပညာမှာ တော်တော်လေး ပါရမီပါတာပဲ၊ ငါ့ဆီမှာ တရုတ်တိုင်းရင်းဆေးပညာ လာသင်ယူဖို့ စိတ်ဝင်စားလား”
ယဲ့ရှောင်ရှောင် ခေါင်းမော့ကြည့်လာသည်။
“အဘိုးက ကျွန်မကို တပည့်အဖြစ် လက်ခံချင်လို့လား၊ ကျွန်မမှာ အဲ့လောက်ထိ အချိန်မရှိဘူးး”
စုန့်ကွမ်းကျင့် ခေါင်းခါလိုက်သည်။
“ငါက မင်းကို ငါ့ရဲ့ ပညာအမွေခံ တပည့်ရင်းအဖြစ် ထားချင်တာပါ”
ယဲ့ရှောင်ရှောင်: “…”
ဒီအဘိုးကြီးက တော်တော် ရှေးဆန်တာပဲ…
စုန့်ကွမ်းကျင့်သည် ယဲ့ရှောင်ရှောင်၏ အမူအရာကိုကြည့်ကာ သူ၏တောင်းဆိုမှုမှာ အနည်းငယ် ရုတ်ခြည်းဆန်သွားသည်ဟု နားလည်လိုက်ပါသည်။
“မင်းအခု ငွေကြေးအခက်အခဲ ရှိနေတယ်မဟုတ်လား၊ ငါ့ဆီမှာ တပည့်လာလုပ်မယ်ဆိုရင် ငါ့နောက်လိုက်ပြီး ဆေးပညာအချို့ နေ့တိုင်း သင်ယူရုံပဲ၊ ငါမင်းကို လစာလည်း ပေးမယ်၊ မင်းက ဉာဏ်ကောင်းပေမယ့် ဆေးပညာမှာ လိုအပ်ချက်တွေ အများကြီး ရှိသေးတယ်”
ထိုကမ်းလှမ်းချက်မှာ အလွန်ထူးဆန်းနေသည်ဟု ယဲ့ရှောင်ရှောင် ခံစားမိပါသည်။
“အဲ့လိုလုပ်တော့ အဘိုးအတွက် ဘာအကျိုးရှိမှာမို့လို့လဲ”
စုန့်ကွမ်းကျင့်: “အမှန်အတိုင်းပြောရရင် ငါတို့ရဲ့ တိုင်းရင်းဆေးပညာရပ်မှာ ဂိုဏ်းခွဲတွေ ရှိခဲ့ဖူးတယ်၊ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ မှေးမှိန်ပျောက်ကွယ်ကုန်ကြတာပေါ့၊ ငါက ငါ့ရဲ့ ပညာတူ ညီအစ်ကိုတွေနဲ့ အလောင်းအစား လုပ်ခဲ့တာ၊ ဘယ်သူ့ရဲ့ ပညာက ပိုသာသလဲဆိုတာ ယှဉ်ပြိုင်ပြီး အနိုင်ရတဲ့လူက ဂိုဏ်းရဲ့ အမည်နာမကို ဆက်ခံရမှာပေါ့”
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါတို့ယှဉ်ပြိုင်ခဲ့ကြပေမယ့် ရလဒ်ကို ဘယ်သူမှ မကျေနပ်လို့ နောက်ထပ် အလောင်းအစားတစ်ခု ထပ်လုပ်ခဲ့ကြတယ်၊ အထူးချွန်ဆုံး တပည့်တစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့သူက ဂိုဏ်းရဲ့အမည်ကို ဆက်ခံရမှာပဲ”
ယဲ့ရှောင်ရှောင် နားလည်သွားခဲ့ပါသည်။
ထိုအမည်ဟူသည်မှာ ‘ထုံရမ့်ထန်’ကဲ့သို့သော အရှိန်အဝါကြီးမားသည့် အမှတ်တံဆိပ်တစ်ခု ဖြစ်ပါလိမ့်မည်။
ယခင်တစ်ခေါက်က သူမ သွားခဲ့သည့် တရုတ်တိုင်းရင်းဆေးဆိုင်တွင် ဆိုင်းဘုတ်ရှိမနေခြင်းမှာ မထူးဆန်းတော့ပေ။
ယဲ့ရှောင်ရှောင် ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်သည်။
“ကျွန်မကို တပည့်အဖြစ်ထားချင်တယ်ဆိုရင် ကျွန်မကလည်း အဘိုးရဲ့ ပညာတွေကို အရင်စမ်းသပ်ရမှာပေါ့”
စုန့်ကွမ်းကျင့်၏ မျက်လုံးများ အရောင်လက်သွားခဲ့သည်။
“ကောင်းပြီ ကလေးမ၊ ဒီနေ့တော့ နည်းနည်းနောက်ကျနေပြီ၊ မနက်ဖြန် ဆေးဆိုင်ကို လာခဲ့ပါ၊ ငါ့ကို ကြိုက်သလောက် စမ်းသပ်လို့ရတယ်”
ယဲ့ရှောင်ရှောင် သဘောတူလိုက်ပါသည်။
သူမသည် ငွေလိုချင်၍ ဤသို့ ဆုံးဖြတ်ရခြင်းမဟုတ်ဘဲ တရုတ်တိုင်းရင်းဆေးပညာကို အမှန်တကယ် စိတ်ဝင်စားခြင်းကြောင့်ပင် ဖြစ်သည်။
ယခင်ဘဝက မိဘများ၏ ဖိအားပေးမှုကြောင့် အနောက်တိုင်းဆေးပညာကို သူမ ရွေးချယ်ခဲ့ရသည်။
သူမကို လွန်စွာ ချစ်မြတ်နိုးခဲ့သည့် အဘိုးဖြစ်သူမှာ သူ့တိုင်းရင်းဆေးပညာများအတွက် ဆက်ခံသူ မရှိတော့မည်ကို တွေးတောရင်း အလွန်ဝမ်းနည်းသွားခဲ့ရပါသည်။
သို့သော် ထိုခေတ်က အနောက်တိုင်းဆေးပညာသည် အလွန်ကျော်ကြားသည့် မေဂျာတစ်ခုပင်ဖြစ်သည်။ မိမိ၏ အနာဂတ်အတွက်ပါ ထည့်တွက်ရင်း မိဘများ၏ သဘောဆန္ဒအတိုင်း အနောက်တိုင်းဆေးပညာကို ယဲ့ရှောင်ရှောင် ရွေးချယ်ခဲ့ရလေသည်။
ယခုသူမတွင် ပြန်လည်ရွေးချယ်ခွင့် ရှိလာခဲ့ပြီဖြစ်၍ ယခင်ဘဝက နောင်တတရားများကို ပြန်လည်ချေဖျက်သင့်ပါသည်။
စုန့်ကွမ်းကျင့်နှင့် သဘောတူညီမှု ယူပြီးနောက် ယဲ့ရှောင်ရှောင်သည် အစ်ကိုနှစ်ယောက်နှင့်အတူ အိမ်ပြန်လာခဲ့ပါသည်။
“ရှောင်ရှောင် နင်အရမ်းတော်တာပဲ! ဘက်စုံကို ထူးချွန်နေတာပဲနော်!”
ယဲ့ချန်းယွမ်၏ မျက်လုံးများတွင် အားကျမှုသာမကဘဲ လေးစားမှုများဖြင့်ပါ ပြည့်နှက်လာခဲ့ပါသည်။
ယဲ့ရှောင်ရှောင် ရှက်ကိုးရှက်ကန်းပြုံးလိုက်သည်။
“ရွှေငွေဥစ္စာတွေထက် ပညာက ပိုတန်ဖိုးရှိတယ်လေ၊ ပြီးတော့ သမီးက ဒီပညာတစ်မျိုးတည်း တတ်တာပါ”
ယဲ့ချန်းယွမ်က လှုပ်လှုပ်ရွရွဖြင့် ဆိုသည်။
“နင့်ကိုယ်နင် အဲ့လောက်ကြီး နှိမ့်မချစမ်းပါနဲ့၊ ငါကြည့်ရသလောက်တော့ နင်က အကုန်တော်နေတာပဲ”
အငြိမ်မနေနိုင်သည့် ယဲ့ချန်းယွမ်ကို ယဲ့ချန်းရှန့် သတိပေးလိုက်ရလေသည်။
“စားပွဲကို ငြိမ်ငြိမ်သယ်စမ်းပါ!”
မနက်က သူတို့ယူဆောင်လာသည့် ပြောင်းဖူးပေါက်ပေါက်များအားလုံးကို အခမဲ့ပေးလိုက်ပြီဖြစ်၍ သူတို့ သယ်စရာဟူ၍ စားပွဲနှင့် ထိုင်ခုံတို့သာ ရှိတော့သည်။
ထို့အပြင် ယဲ့ချန်းရှန့်၏ အိတ်ကပ်ထဲတွင်လည်း ငွေများဖြင့် ဖောင်းကားနေပါသည်။
အိမ်သို့ ပြန်ရောက်သောအခါ အဘိုးမြောင်က ညစာပင် ချက်ထားပြီးလေပြီ။
ယဲ့ချန်းရှန့်သည် သူ့အိတ်ကပ်ထဲရှိ ငွေအားလုံးကို ယဲ့ရှောင်ရှောင်အား ပေးလိုက်ပါသည်။
“ဒီနေ့ ဒီငွေတွေကို နင့်အစွမ်းအစနဲ့နင် ရှာထားတာ၊ ငါတို့ကို ပေးစရာမလိုဘူး”
ယဲ့ချန်းယွမ်လည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။ ယနေ့ သူဘာအကူအညီမှ မဖြစ်ခဲ့ပါ။ ဈေးထဲတွင် အပျော်လျှောက်ကြည့်ခဲ့ရုံသာ ရှိသည်။
ယဲ့ရှောင်ရှောင်သည် ငွေများကို ယူကြည့်လိုက်ရာ ငွေစက္ကူနှင့် အကြွေစေ့အချို့ ပါဝင်ပြီး စုစုပေါင်း ယွမ် ၇၀ - ၈၀ ဝန်းကျင်ခန့် ရှိမည်ဟု ထင်ရပါသည်။
သူမသည် ယွမ် ၁၀ တန်နှစ်ရွက်ကို ထုတ်ယူလျက် အစ်ကိုနှစ်ဦးအား ပေးလိုက်သည်။
“ဒါအစ်ကိုတို့နဲ့ ထိုက်တန်တဲ့ငွေပါ၊ ပင်ပန်းရကျိုးလည်း နပ်တာပေါ့”
ယဲ့ချန်းယွမ် ရယ်မောလိုက်သည်။
“ဟဲဟဲ”
ယဲ့ချန်းရှန့်လည်း မငြင်းဆန်ဘဲ ငွေကို လက်ခံခဲ့ပါသည်။
ညစာစားနေစဉ်အတွင်း ယဲ့ချန်းရှန့်က အကြံပြုသည်။
“မနက်ဖြန် ဈေးမရှိဘူးဆိုတော့ ငါအိမ်ပြန်ချင်တယ်၊ ရှောင်ရှောင်အရင်က ဝယ်ထားတဲ့ ဝါဂွမ်းတွေ၊ ပိတ်စတွေကို အိမ်ကိုပို့ပြီးတာ ကြာပြီဆိုတော့ သူ့အတွက် အဝတ်အစားတွေ ချုပ်ပြီးသွားလောက်ပြီ၊ အပြင်ထွက်ရင် အနွေးထည်ထူထူ ဝတ်လို့ရတာပေါ့”
ယဲ့ရှောင်ရှောင်သည် အိမ်မှထွက်မလာခင် မြောင်စွေ့ဖန်းပေးလိုက်သော အနွေးထည်လေးတစ်ထည်ကိုသာ ဝတ်ဆင်ထားရဆဲပင်။
သို့သော် ဝတ်သားကျနေပြီဖြစ်၍ ပြဿနာမရှိပါ။
သို့သော် အိမ်နှင့် ခွဲခွာနေရသည်မှာ တစ်လကျော်ပြီဖြစ်၍ ယဲ့ချန်းရှန့်တစ်ယောက် အိမ်ကို လွမ်းဆွတ်နေလောက်ပါပြီ။
ထို့ကြောင့် ယဲ့ရှောင်ရှောင် ပြောလိုက်သည်။
“စတုတ္ထအစ်ကို အိမ်ပြန်နှင့်လေ၊ အဖေနဲ့အမေတို့အတွက် ငွေတွေလည်း ယူသွားပေးလိုက်ဦး၊ ပြီးတော့ နှစ်သစ်ကူးမတိုင်ခင် အိမ်မှာ လိုအပ်တာဘာရှိလဲ ကြည့်ပြီး မိသားစုအတွက် ကြိုတင်ပြင်ဆင်ထားလို့ရတာပေါ့၊ သမီးတော့ မနက်ဖြန် မြို့ထဲက တရုတ်တိုင်းရင်းဆေးဆိုင်ဆီ သွားရဦးမှာမို့လို့ အစ်ကိုနဲ့ မလိုက်တော့ဘူး”